← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃) မင်းရဲ့ ဆွေမျိုးတစ်သိုက်လုံးကို သတ်ပစ်မယ်

ထိုမျှလောက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့သည်တိုင်အောင် ဝင်တိုက်သွားခဲ့သေးသည်။

ခွမ်းကျိရန်သည် တစ်စစီ ကျိုးပဲ့သွားသော နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။ အကယ်၍ ဤမှန်သာ ကျည်ဆန်လမ်းကြောင်းကို မလွှဲဖယ်ပေးခဲ့လျှင် သူ၏ ခေါင်းကို သေချာပေါက် အပစ်ခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်သည်။

'ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ပစ်ခတ်မှုစွမ်းရည်မျိုးကို ဘယ်လိုများ ရခဲ့တာလဲ'

"သောက်ခွေးကောင်"

ချန်ရှောက်ရယ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ကားကို မောင်းနှင်၍ နောက်မှ လိုက်ရန် ပြင်လိုက်သည်။

"ကားရပ်လိုက်စမ်းပါ"

ရှန်ကျိုတီက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ချန်ရှောက်ရယ်ကို အားကုန် တွန်းထုတ်လိုက်သည်။ သူမသည် အတင်းအကျပ် အင်ဂျင်ကို ပိတ်လိုက်ပြီး ကုန်တင်ကား လုံးဝ ရပ်တန့်သွားသည်အထိပင် မစောင့်နိုင်တော့ဘဲ အပြင်သို့ ခုန်ထွက်ကာ လော့ရှောင်ရှောင်ထံသို့ အပြေးအလွှား သွားတော့သည်။

အလွန် ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် ထိုနေရာတွင် ရှိနေသူအားလုံးမှာ ရေခဲပမာ အေးခဲသွားကြသည်။ လမ်းလယ်ခေါင်တွင် ပြန့်ကျဲနေသော လတ်ဆတ်သည့် သွေးအိုင်ကြီးနှင့် ထိုသွေးအိုင်ထဲတွင် လဲကျနေသော သေးငယ်သည့် ခန္ဓာကိုယ်လေး။ အလွန်တရာ အားကိုးရာမဲ့ပြီး နာကျင်စရာကောင်းသော ထိုမြင်ကွင်းကြောင့် လူတိုင်း အသက်ရှူမှားသွားကြသည်။ ကားလမ်းမကြီး တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဟယ်ဖေးယွမ်သည် မယုံကြည်နိုင်သော မျက်နှာဖြင့် လဲကျနေသော လော့ရှောင်ရှောင်ကို ကြည့်နေသည်။ ဤစစ်မှုထမ်းဟောင်း၏ ရင်ထဲတွင် အတိုင်းအဆမရှိသော နောင်တတရားများက တရိပ်ရိပ် တက်လာသည်။ ခွမ်းကျိရန်ကဲ့သို့သော လူမျိုးကို သူတို့နှင့်အတူ ခေါ်မလာသင့်ခဲ့ပေ။

လုဟုန်ရှန်းမှာလည်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေလေသည်။

‘ဘာကြောင့်လဲ.. ဘာကြောင့် ခွမ်းကျိရန်က ဒီလို ရူးမိုက်တဲ့ အလုပ်ကို လုပ်ခဲ့တာလဲ.. သူမက ကလေးလေးပဲ ရှိသေးတာလေ’

ကျန်းဇို၏ မျက်လုံးများမှာ သွေးများကဲ့သို့ နီရဲနေသည်။ သူနှင့် သူ၏ ဇနီးကို ကာကွယ်ရန်အတွက် ရှေ့မှ ရပ်တည်ပေးခဲ့သော လော့ရှောင်ရှောင်မှာ ခွမ်းကျိရန်၏ ကားတိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက ထိုမျှ ကြီးမားသော Land Rover ကားကြီးနှင့် ဝင်တိုက်ခံရပြီးနောက် အသက်ရှင်နိုင်ဖို့ အကြောင်းမရှိတော့ပေ။ အကယ်၍ ဤမိန်းကလေးငယ် တစ်စုံတစ်ရာ ဖြစ်သွားပါက သူသည် တစ်သက်လုံး သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

"ရှောင်ရှောင်...လော့ရှောင်ရှောင်"

ရှန်ကျိုတီမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် လော့ရှောင်ရှောင်၏ ဘေးတွင် ဒူးထောက်ချလိုက်ပြီး တဆတ်ဆတ် တုန်ရီနေတော့သည်။

“ဘယ်လိုလုပ်ရမလဲ... ငါ ဘယ်လိုလုပ်ရမလဲ”

ရှန်ကျိုတီ၏ နာကျင်ဖွယ် အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များမှာ အလိုအလျောက်ပင် ချူဟန်၏ ကျောပြင်ဆီသို့ ရောက်ရှိသွားကြသည်။ လူတိုင်းက သူ၏ အံ့မခန်း တိုက်ခိုက်ရေးစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ယခုအခါတွင် သူ၏ အဖော်မှာ ကားတိုက်ခံလိုက်ရပြီ။ ၎င်းမှာလည်း တူညီသော အဖွဲ့သား တစ်ဦး၏ လက်ချက်ပင်။ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဤလူကြမ်းကြီးက မည်သို့ တုံ့ပြန်မည်နည်း။

လှည့်ကြည့်လာသော ချူဟန်၏ မျက်နှာအမူအရာကို ဖတ်ရှု၍ မရနိုင်ပေ။ အနောက်ဘက်မှ ဖြာကျနေသော နေဝင်ဆည်းဆာရောင်ခြည်က သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော အရိပ်များကို ကျရောက်နေစေသောကြောင့် ဖြစ်သည်။ သို့သော် အရိပ်ထဲမှ ထွက်ပေါ်နေသော သူ၏ မျက်လုံးအစုံက မြင်ရသူတိုင်းကို တုန်လှုပ်သွားစေလောက်အောင် အေးစက်လှသော အလင်းရောင်များ တောက်ပနေသည်။ သူ၏ အကြည့်များက ရှေ့တွင် ပြန့်ကျဲနေသော အနီရောင် သွေးများပေါ်တွင် စူးစိုက်နေသည်။ လော့ရှောင်ရှောင်၏ သေးငယ်သော ခန္ဓာကိုယ်လေး တုန်ခါသွားတိုင်း မြေပြင်ပေါ်ရှိ သွေးအိုင်မှာ ပို၍ ကျယ်ပြန့်လာတော့သည်။

ဝုန်း...

ရုတ်တရက် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ ချူဟန်၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း ပတ်ဝန်းကျင်ရှိ လူများက သူ၏ ကြမ်းကြုတ်ရက်စက်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိနေကြသည်။ ၎င်းမှာ သံကြိုးဖြုတ်ခံလိုက်ရသော ရက်စက်သည့် သားရဲတစ်ကောင်နှင့် တူလှပေသည်။

တစ်ဖက်တွင်မူ Land Rover၏ အရှိန်မှာ ပို၍ မြန်ဆန်လာလေသည်။ ခွမ်းကျိရန်သည် ကားကို တည့်တည့် မောင်းနှင်နေသည်။ သူ၏ ရှေ့တွင်ကား ချူဟန်က မလှုပ်မယှက် ရပ်နေသည်။

ရုတ်တရက် ခွမ်းကျိရန်မှာ ချူဟန်နှင့် မျက်လုံးချင်း ဆုံရမည်ကို ကြောက်ရွံ့လာသည်။ သူသည် ကြီးမားသော လမ်းကြမ်းသုံးကားကို စီးနင်းကာ အလွန် မြန်ဆန်သော အရှိန်ဖြင့် မောင်းနှင်နေသည်။ ချူဟန်က သာမန်လူ တစ်ယောက်အနေဖြင့် ရပ်နေရုံမျှသာ။ ထိုသို့ဖြစ်သော်လည်း ခွမ်းကျိရန်မှာ သူ့ကို ရင်တွင်းအသည်းထဲမှ ကြောက်ရွံ့နေမိသည်။

'ဒီအတိုင်း ဝင်တိုက်လိုက်ရင် သေမှာက... ဒီကောင် မဟုတ်ဘူး။ ငါပဲ ဖြစ်လိမ့်မယ်'

သူ၏ အသိစိတ်က အလိုအလျောက် သတိပေးလိုက်သည်။

ကျွီ...

စတီယာရင်ကို အပြင်းအထန် ချိုးလိုက်ကာ ခွမ်းကျိရန်သည် ကား၏ ဦးတည်ရာကို အတင်းပြောင်းလိုက်သည်။ ထို့နောက် အကာအကွယ်တန်းကို အပြင်းအထန် တိုက်ချိုးကာ ဘေးဘက်ရှိ သစ်တောထဲသို့ ထိုးဝင်သွားတော့သည်။

"အဲ့ဒီကောင်ကို တားစမ်း"

ချန်ရှောက်ရယ်က အော်ဟစ်လိုက်သည်။

လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့လည်း သတိဝင်လာကာ ကားပေါ်တက်၍ နောက်မှ လိုက်ရန် ပြင်လိုက်ကြသည်။ ထိုအချိန်မှာပင်...

ဝှစ်...

အနက်ရောင် အရိပ်တစ်ခုက ရုတ်တရက် ခုန်တက်သွားပြီး စွန့်ပစ်ထားသော ကားပျက်တစ်စီး၏ ခေါင်မိုးပေါ်မှ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားတော့သည်။

ဂုန်း...ဂုန်း... ဂုန်း...

ကျယ်လောင်သော အသံများနှင့်အတူ နင်းဖြတ်သွားသော ကားခေါင်မိုးများမှာ အတန်းလိုက် ချိုင့်ဝင်သွားပြီး အချို့မှာ လုံးဝ ကွဲအက်သွားသည်အထိပင် ဖြစ်သွားသည်။

၎င်းမှာ ချူဟန်ပင် ဖြစ်သည်။

သူ၏ မျက်လုံးများမှာ ပြင်းထန်သော ဒေါသမီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ ဇွန်ဘီများကို သတ်ဖြတ်စဉ်ကနှင့် လုံးဝ မတူညီသော စစ်မှန်သည့် သတ်ဖြတ်လိုစိတ်များပင် ဖြစ်သည်။ ဒုတိယအကြိမ် ဘဝကို ဖြတ်သန်းနေရသော သူ၏ အကြီးမားဆုံး ဆန္ဒမှာ နောင်တ မကျန်ရစ်စေရန်ပင် ဖြစ်သည်။ လော့ရှောင်ရှောင်နှင့် တွေ့ဆုံခဲ့သည်မှာ တစ်လကျော်မျှသာ ရှိသေးသည်။ သို့သော် ထိုမိန်းကလေးငယ်မှာ ချူဟန်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ထားရှိလေသည်။ ရာခိုင်နှုန်း ကိုးဆယ်ကျော်သော သစ္စာရှိမှုနှင့် ဖြူစင်မှုများကြောင့် ချူဟန်သည် သူမကို ညီမအရင်းတစ်ယောက်ပမာ သဘောထားလာခဲ့မိသည်။

လော့ရှောင်ရှောင်၏ နောက်ခံအဆင့်အတန်းက အရေးမကြီးပေ။ စစ်တပ်၏ အင်အားဖြစ်စေ၊ အနာဂတ်၏ ရည်မှန်းချက်များဖြစ်စေ အရေးမပါချေ။ မိမိ၏ အရေးပါသော လူများကို နာကျင်စေခြင်းကိုမူ အနည်းငယ်မျှပင် ခွင့်လွှတ်ပေးမည် မဟုတ်ပေ။

'ငါ့အဖွဲ့သားကို ထိရဲတယ်ပေါ့လေ'

'မင်းရဲ့ ဆွေမျိုးတစ်သိုက်လုံးကို သတ်ပစ်မယ်'

ဝှစ်...

သူ၏ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းမှာ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ လူအများစု၏ သာမန် မျက်စိဖြင့် ချူဟန်၏ ပုံရိပ်ကိုပင် မမြင်နိုင်တော့ပေ။ ၎င်းမှာ လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး သာမန် စဉ်းစားဉာဏ်ဖြင့် မှန်းဆ၍ မရနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ရှေ့မှ မောင်းနှင်နေသော Land Rover မှာလည်း မြန်ဆန်လှသည်။ ရှုပ်ထွေးသော သစ်တောထဲရှိ သစ်ပင်ခြောက်များကို တိုက်ချိုးကာ ဆက်လက် မောင်းနှင်နေသည်။ မရေမတွက်နိုင်သော သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များက အရှေ့မှ လွင့်စင်လာသဖြင့် ချူဟန်၏ လိုက်လံဖမ်းဆီးမှုကို အပြင်းအထန် နှောင့်ယှက်နေလေသည်။ ကားတစ်စီးနှင့် လူတစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဖွဲ့နှင့် ဝေးကွာသွားပြီး အန္တရာယ်များသော သစ်တော၏ နက်ရှိုင်းရာသို့ ပျောက်ကွယ်သွားကြတော့သည်။

ချူဟန်သည် အသေအလဲ လိုက်လံပြေးလွှားနေပြီး သူ၏ အမြန်နှုန်းကို အမြင့်ဆုံးအထိ တင်ထားလိုက်သည်။ သို့သော် ရှေ့မှ လမ်းကြမ်းသုံးကားမှာလည်း အညှာအတာမဲ့စွာ အရှိန်မြှင့်နေသည်။ တစ်ဖက်လူမှာ မည်သို့ပင်ဖြစ်စေ ကားတစ်စီး ဖြစ်သည်။ ဤအတိုင်းဆိုလျှင် အနောက်တွင် ကျန်ရစ်ခဲ့တော့မည်။

လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သံပုဆိန်ကြီးမှာ တဆတ်ဆတ် တုန်ခါနေပြီး နာကျင်စွာ ညည်းတွားနေသည့်အလား မြည်ဟီးနေသည်။

" ငါ့ကောင်ကြီး..."

ချူဟန်က ဒေါသကို မြိုသိပ်ထားသော အသံဖြင့် ရေရွတ်လိုက်ပြီး သံပုဆိန်ကို ကိုင်ထားသော လက်ကို အစွမ်းကုန် အားစိုက်လိုက်သည်။

"ငါ့ကိုယ်စား သူ့ကို သတ်ပစ်လိုက်စမ်း"

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် သံပုဆိန်ကြီးကို ပစ်လွှတ်လိုက်သည်။ အေးစက်သော အလင်းရောင်များ တောက်ပနေသည့် ပုဆိန်သွားမှာ ရှေ့မှ Land Rover ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားတော့သည်။ အမြောက်ဆံတစ်လုံးကဲ့သို့သော အမြန်နှုန်းနှင့် အစွမ်းသတ္တိ။ ၎င်းမှာ နောက်ဘက်မှန်ကို ခွဲပစ်ကာ ခွမ်းကျိရန်၏ ခေါင်းကို ဖြတ်တောက်ပစ်တော့မည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင်..

ဝုန်း...

ဇွန်ဘီတစ်ကောင်က ရုတ်တရက် ခုန်ထွက်လာပြီး Land Roverနှင့် ဝင်တိုက်မိသွားသည်။ ထိုအရှိန်ကြောင့် ကား၏ လမ်းကြောင်းမှာ အနည်းငယ် လွဲချော်သွားသည်။

ထို့နောက်..

ခွမ်း...

လမ်းကြမ်းသုံးကား၏ မှန်များ တစ်စစီ ကွဲကြေသွားတော့သည်။ သို့သော် ကားကိုယ်ထည်မှာ အကြီးအကျယ် ယိမ်းယိုင်သွားသော်လည်း ချက်ချင်းပင် အရှိန်မြှင့်ကာ ရှေ့သို့ ဆက်လက် မောင်းနှင်သွားတော့သည်။

"အား... ငါ့လက်.. ငါ့လက်ကြီး"

ခွမ်းကျိရန်၏ စူးစူးဝါးဝါး အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။

သူ၏ ထိုင်ခုံဘေးတွင် ကြီးမားသော ပုဆိန်သွားကြီးက နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ အကြိမ်ကြိမ် ဝင်တိုက်မိသော အရှိန်ကြောင့် ပုဆိန်ရိုးမှာ ကျွတ်ထွက်သွားပြီး လုံးဝ အသုံးမဝင်တော့ပေ။ ကြီးမားသော ပုဆိန်သွားကြီးသာလျှင် ထိုင်ခုံတွင် စိုက်ဝင်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ခွမ်းကျိရန်၏ ဘယ်ဘက်လက်မှာ လက်ကောက်ဝတ်မှနေ၍ ပြတ်ထွက်သွားပြီ ဖြစ်သည်။ သူ၏ ခြေရင်းတွင် ကျနေသော ဘယ်ဘက်လက်။ ပြတ်တောက်သွားသော လက်ကောက်ဝတ်မှနေ၍ ရေပန်းတစ်ခုပမာ လတ်ဆတ်သော သွေးများက ပန်းထွက်နေပြီး ကားအတွင်းပိုင်းကို အနီရောင်အဖြစ် ပြောင်းလဲသွားစေတော့သည်။

"အား... အား... အား"

ခွမ်းကျိရန်သည် ရူးသွပ်နေသူ တစ်ဦးပမာ အော်ဟစ်နေလေသည်။ သူ မသေချင်ပေ။ ထိုစိတ်တစ်ခုတည်းဖြင့် လီဗာကို အဆုံးထိ နင်းချလိုက်သည်။

'အဲ့ဒီကောင်က ပုဆိန်ကို ပစ်ပေါက်လိုက်တာလား။ ကျည်ကာမှန်ကိုတောင် ခွဲပစ်နိုင်တဲ့ အစွမ်းနဲ့လား' အကယ်၍ အချိန်ကိုက် ဇွန်ဘီတစ်ကောင်သာ ဝင်မတိုက်ခဲ့လျှင် ယခုဆိုလျှင် သူ၏ ခေါင်းနှင့် ကိုယ်မှာ သေချာပေါက် တခြားစီ ဖြစ်သွားလောက်ပြီ ဖြစ်သည်။ မိမိ၏ အသက်ကို မုန်းတီးစရာကောင်းသော ဇွန်ဘီက ကယ်တင်ပေးလိုက်မည်ဟု ခွမ်းကျိရန် တစ်ခါမှ မတွေးမိခဲ့ပေ။

ရပ်နေ၍ မဖြစ်ပေ။ ထွက်ပြေးရမည်။ အနောက်ကို လှည့်မကြည့်ဘဲ အတင်းပြေးရမည်။ ဒီနေရာကနေ ထွက်သွားပြီး စစ်ဒေသဆီကို သွားရမည်။

"ချူဟန်... မင်း စောင့်ကြည့်နေလိုက်စမ်းပါ"

လမ်းကြမ်းသုံးကားမှာ မျက်စိရှေ့မှာပင် ဝေးကွာသွားတော့သည်။ သို့သော် ကြီးမားသော ဇွန်ဘီတစ်ကောင်က ချူဟန်၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ကားနှင့် ဝင်တိုက်မိထားသဖြင့် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။

"မင်းက ငါ့ကို နှောင့်ယှက်ချင်တာလား"

ချူဟန်၏ မျက်လုံးများတွင် ဒေါသများက ကန့်သတ်ချက်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ရှေ့မှ ဇွန်ဘီကို စိုက်ကြည့်လိုက်ရာ ရူးသွပ်သော သတ်ဖြတ်လိုစိတ်များက အဆက်မပြတ် စီးဆင်းလာတော့သည်။

"သေချင်နေတာလား"

ချူဟန်သည် ဒေါသတကြီးဖြင့် အရှိန်အဟုန်ပြင်းစွာ ခုန်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဇွန်ဘီ၏ ခေါင်းဆီသို့ အားကုန် လွှဲချလိုက်လေသည်။

၎င်းမှာ ဒုတိယအဆင့် သို့ ဆင့်ကဲပြောင်းလဲထားသော အစွမ်းထက်သည့် ဇွန်ဘီတစ်ကောင် ဖြစ်သည်။ ထို့အပြင် ယခု ချူဟန်၏ လက်ထဲတွင် မည်သည့် လက်နက်မျှ မရှိပေ။

သို့သော် ထိုအရာက ဘာအရေးပါသနည်း။ သူက သတ်မည် ဟု ဆုံးဖြတ်လိုက်ပြီဆိုလျှင် မည်သူပဲဖြစ်ဖြစ်၊ မည်သည့်အရာပဲဖြစ်ဖြစ် သူ့ကို နှောင့်ယှက်ခွင့် ပြုမည် မဟုတ်ပေ။

ဘုန်း...

တောင့်တင်းလှပသော အမျိုးသမီး စစ်ဆရာဝန်က မီးဖွားနေသော ကားတံခါးကို အားကုန် ဖွင့်ချလိုက်သည်။ ကားထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးရော ကလေးငယ်ပါ အန္တရာယ်ကင်းကြသည်။ သူမသည် သက်ပြင်းချလိုက်ပြီး ထိုအကြောင်းကို ကျန်းဇိုအား ပြောပြရန် ပြင်လိုက်စဉ်မှာပင်... ယွီရှင်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။

ထိုနေရာတွင် ရှိနေရမည့် ကျန်းဇို၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ ထို့အပြင် စောစောက တံခါးကို ချိုးဖျက်ရန် ရမ်းကားနေကြသူများမှာလည်း သစ်သားရုပ်များပမာ မတ်တပ်ရပ်နေကြသည်။ အဝေးတွင်မူ လူအများအပြားက တစ်စုံတစ်ရာကို ဝိုင်းရံထားကြပြီး ဆူညံနေကြသည်။ မြေပြင်ပေါ်တွင်လည်း မရေမတွက်နိုင်အောင် များပြားလှသော သွေးအိုင်ကြီးက အဆက်မပြတ် ကျယ်ပြန့်နေလေသည်။

'ဘာတွေများ ဖြစ်သွားခဲ့တာလဲ...'

အခန်း (၁၁၄) ယုံကြည်ခြင်း မယုံကြည်ခြင်းက သင့်အပေါ်မှာပဲ မူတည်တယ်

"ဆရာဝန်... ဆရာဝန် ဘယ်မှာလဲ"

ချန်ရှောက်ရယ်သည် အသိစိတ်လွတ်သွားသူတစ်ဦးပမာ သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်လေသည်။

ဟယ်ဖေးယွမ်သည် လော့ရှောင်ရှောင်၏ ဒဏ်ရာကို အသေအလဲ ဖိထားသည်။ ရှန်ကွမ်းယွီရှင်းကို မြင်မြင်ချင်းပင် အလန့်တကြား အော်ခေါ်လိုက်သည်။

"ဒေါက်တာ ရှန်ကွမ်း... မြန်မြန် လာပါဦးဗျ"

ရှန်ကွမ်းယွီရှင်း ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။ အရှေ့တွင် စုရုံးနေကြသော လူအုပ်ကြီးက အလိုအလျောက် လမ်းဖယ်ပေးလိုက်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးက အထင်းသား ပေါ်လာတော့သည်။

ရှန်ကျိုတီ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသော လော့ရှောင်ရှောင်၏ သေးငယ်သည့် ခန္ဓာကိုယ်လေးထံမှ လတ်ဆတ်သော သွေးများက တသွင်သွင် စီးဆင်းနေလေသည်။ ပန်းရောင်ဂါဝန်လေးမှာလည်း အနီရင့်ရောင် သွေးများဖြင့် လုံးဝ ရွှဲနစ်နေပြီ ဖြစ်သည်။

အသက် ၁၇ နှစ်သာ ရှိသေးသော မိန်းကလေးငယ်လေးသာ ဖြစ်သည်။ ရူးသွပ်နေသော လူကြမ်းများကို တားဆီးရန် ကြိုးစားရင်း ထိုဧရာမ လမ်းကြမ်းသုံးကားကြီး၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။

"ကိုကို... ချူ... ချူဟန်"

လော့ရှောင်ရှောင်၏ နှုတ်ခမ်းဖျားမှ အားပျော့လှသော အသံလေး ထွက်ပေါ်လာသည်။ သူမ၏ မျက်လုံးများမှာ အသက်မပါတော့ဘဲ အကြည့်များကလည်း ဝေဝါးနေပြီ ဖြစ်သည်။

" ဒီလိုအချိန်ကြီးမှာတောင် ဘာတွေပြောနေသေးတာလဲ။ တောင်းပန်ပါတယ်။ ထပ်မပြောပါနဲ့တော့" ရှန်ကျိုတီ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ရွှဲနစ်နေလေပြီ။

ပုံမှန်အားဖြင့် စကားနားမထောင်ဘဲ မကြာခဏ ရန်ဖြစ်လေ့ရှိသော်လည်း ဤမျှ အချိန်ကြာမြင့်စွာ အတူတကွ ဖြတ်သန်းလာခဲ့သဖြင့် ရှန်ကျိုတီသည် သူမကို ညီမအရင်းတစ်ယောက်ပမာ သဘောထားနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ၎င်းအပြင် လော့ရှောင်ရှောင်သာ တစ်ခုခုဖြစ်သွားပါက စစ်တပ်အတွင်း၌ မည်မျှ ကြီးမားသော ပုန်ကန်မှုများ ဖြစ်ပွားလာမည်ကို မှန်းဆ၍ပင် မရနိုင်ပေ။

လော့ရှောင်ရှောင်၏ နောက်ခံအဆင့်အတန်းက သာမန် မိန်းကလေးငယ် တစ်ဦး လုံးဝ မဟုတ်ပေ။

"ဖယ်စမ်း"

ရှန်ကွမ်းယွီရှင်းသည် မျက်နှာပေါ်မှ ချွေးများကိုပင် မသုတ်နိုင်ဘဲ ရှန်ကျိုတီကို အတင်း တွန်းဖယ်လိုက်သည်။ သူမ၏ လေသံတွင် ငြင်းဆန်ခွင့် မရှိသော အာဏာပါဝင်နေသည်။

"သူ့ကို ပက်လက်လှန်လိုက်။ ရှင်တို့အကုန်လုံး နောက်ဆုတ်နေကြ"

ခြေသံများနှင့်အတူ ပတ်ဝန်းကျင်ရှိ လူများက နောက်သို့ ဆုတ်သွားကြသည်။ ခွမ်းကျိရန်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ကိုယ်ဝန်ဆောင်ကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သူများမှာလည်း ကြောက်လန့်တကြား တောင့်တင်းနေသော မျက်နှာများဖြင့် ဘေးဘက်သို့ ရှောင်ထွက်သွားကြလေသည်။

ခွမ်းကျိရန်ဆိုသည့် ကောင်စုတ်က သူ့ချည်းသက်သက် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သော သူတို့မှာ မလှုပ်ရဲဘဲ စိတ်ထဲမှနေ၍ ခွမ်းကျိရန်၏ ဘိုးဘေးဘီဘင် အဆက်ဆက်ကို အကြိမ်ကြိမ် ကျိန်ဆဲနေကြတော့သည်။ ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့က သူတို့ကို ကြည့်နေသော အကြည့်များတွင် ယုံကြည်မှု စိုးစဉ်းမျှပင် ကျန်ရှိမနေတော့ချေ။

စားနပ်ရိက္ခာရော၊ သောက်ရေပါ ရှေ့လျှောက် သူတို့အနေဖြင့် လွတ်လွတ်လပ်လပ် ရရှိနိုင်တော့မည် မဟုတ်ပေ။

"သွေးသွင်းဖို့ လိုတယ်"

အခြေခံ ရှေးဦးသူနာပြုစုခြင်းကို ပြုလုပ်ပြီးနောက် ရှန်ကွမ်းယွီရှင်းက ချက်ချင်း အော်ပြောလိုက်သည်။ "ဒီမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အရမ်းနည်းလွန်းတယ်။ ဘယ်သူများ ဒီကလေးရဲ့ သွေးအမျိုးအစားကို သိကြလဲ"

"သွေးအမျိုးအစား..."

ရှန်ကျိုတီမှာ အသက်ရှူမှားသွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး သွေးဆုတ်သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။

"ဘာဖြစ်လို့လဲ။ မြန်မြန် ပြောလေ"

ချန်ရှောက်ရယ်သည် ချွေးများ စီးကျနေလျက် အလောတကြီး မေးလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအားလုံး၏ အကြည့်များက ရှန်ကျိုတီထံသို့ စုပြုံကျရောက်လာသည်။ သူမ၏ ဖြူရော်နေသော မျက်နှာကို ကြည့်ပြီး လူတိုင်း နိမိတ်မကောင်းသော ခံစားချက်ကို ရရှိလိုက်ကြသည်။ လော့ရှောင်ရှောင်၏ သွေးအမျိုးအစားကို မသိတာများလား။

"ကိုကို... ချူ... ဟန်..."

လော့ရှောင်ရှောင် နှုတ်ခမ်းဖျားမှ ပြတ်တောင်းပြတ်တောင်းနှင့် အားပျော့လှသော အသံလေး ထွက်ပေါ်လာပြန်သည်။ နှုတ်ခမ်းလေးမှာ အနည်းငယ် လှုပ်ရှားနေသော်လည်း အသံက တိုးလွန်းလှသဖြင့် ဘာပြောနေမှန်း သေချာ မကြားရပေ။

"ဘာပြောတာလဲ"

ယွီရှင်းက လော့ရှောင်ရှောင်၏ နှုတ်ခမ်းနားသို့ နားကို ကပ်လိုက်သည်။ ချက်ချင်းပင် သူမ၏ လက်များက ဆတ်ကနဲ တုန်ခါသွားonf။ ခေါင်းမော့လာသော သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ခြင်းများ အပြည့်အနှက် နေရာယူနေလေသည်။

"ဘာ.. ဘာပြောလိုက်တာလဲ။ လော့ရှောင်ရှောင် ဘာပြောလိုက်တာလဲ"

ချန်ရှောက်ရယ်က အလန့်တကြား မေးလိုက်သည်။ ဤစကားမှာ လော့ရှောင်ရှောင်၏ နောက်ဆုံးစကား ဖြစ်သွားနိုင်သည်ကို သူလည်း နားလည်ထားလေသည်။

"ဒီကလေးက..."

ယွီရှင်းသည် ခေါင်းငုံ့ကာ မျက်နှာအမူအရာကို ဖုံးကွယ်ထားလျက် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"ဟို ရေဒီယိုအပျက်ကြီးကို ပြင်လို့ပြီးသွားပြီမို့လို့... ချူဟန်ကို အဲ့ဒီလို ပြန်ပြောပေးပါတဲ့..."

နာကျင်ဖွယ်ရာ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။ ကမ္ဘာကြီး လုံးဝ ငြိမ်သက်သွားပြီး အသံများအားလုံး ပျောက်ကွယ်သွားသည့်အလားပင်။

ရှန်ကျိုတီသည် လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်ပြီး သတိလစ်မတတ် ဖြစ်သွားလေသည်။

ချန်ရှောက်ရယ်၏ ဝတုတ်သော ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ တုန်ရီနေတော့သည်။ ဒီလိုအချိန်မျိုးမှာတောင်။ အသက်အန္တရာယ် ကြုံနေရသည့် အချိန်မျိုးမှာတောင်မှ အရင်က ချူဟန် ပြင်ခိုင်းထားခဲ့သည့် ရေဒီယိုအကြောင်းကို လော့ရှောင်ရှောင်က စိတ်ပူနေခဲ့သေးသည်လား။

ထိုရေဒီယိုမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အသံတိတ်နေခဲ့ပြီး ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များ ပြတ်တောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ချူဟန်ကလည်း ဖြစ်သလို ပြင်ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။ မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။

အဲ့ဒီအရာက သာမန် ရေဒီယိုလေး တစ်လုံးပဲလေ။ တကယ်ကို တုံးအလွန်းတဲ့ ကလေးမလေးပဲ။

ဖတ်...

လော့ရှောင်ရှောင်၏ လက်လေးမှာ ရုတ်တရက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ပြုတ်ကျသွားပြီး သူမ၏ မျက်လုံးအစုံမှာလည်း ဖြည်းညင်းစွာ မှိတ်ကျသွားတော့သည်။

"သွေးအမျိုးအစားလေ... မြန်မြန်ပြော"

ယွီရှင်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ထိုအသံထဲတွင် လွန်ကဲသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

"အခုချက်ချင်း သွေးသွင်းဖို့ လိုနေပြီ"

"ဘုံဘေ..."

ရှန်ကျိုတီ၏ အသံကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း ထိုအသံထဲတွင် အဆုံးမဲ့ မျှော်လင့်ချက်မဲ့ခြင်းများ ပါဝင်နေလေသည်။

"ဘုံဘေ သွေးအမျိုးအစားပါ"

သူမအနေဖြင့် လော့ရှောင်ရှောင်၏ သွေးအမျိုးအစားကို မသိခဲ့ခြင်း မဟုတ်ပေ။ သို့သော် ထိုသွေးအမျိုးအစားမှာ ရှားပါးလွန်းနေခြင်းသာ ဖြစ်သည်။ လူတစ်သန်းတွင် တစ်ယောက်သာ ရှိတတ်သော ရှားပါးသွေးအမျိုးအစား ဖြစ်သည်။ ထို့အပြင် ဘုံဘေ သွေးအမျိုးအစား ပိုင်ရှင်များသည် တူညီသော ဘုံဘေ သွေးအမျိုးအစားကိုသာ လက်ခံနိုင်ပေသည်။

ဆိုလိုသည်မှာ လော့ရှောင်ရှောင် အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ သုညနှင့် ညီမျှနေပြီ ဖြစ်သည်။

ချန်ရှောက်ရယ်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော သေနတ်မှာ မြေပြင်ပေါ်သို့ ခွန်အားမဲ့စွာ ပြုတ်ကျသွားလေသည်။

"ဘာ... ဘုံဘေ သွေးအမျိုးအစား"

ယွီရှင်းမှာ မှင်သက်သွားပြီး တစ်ကိုယ်လုံးမှ ခွန်အားများ ဆုတ်ယုတ်သွားသည့်အလား ထိုနေရာတွင်ပင် အရုပ်ကြိုးပြတ် ခွေကျသွားတော့သည်။

"နောက်ကျသွားပြီ"

မျှော်လင့်ချက်ကင်းမဲ့ကာ လွင့်ဟာနေသော လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

ထိုနေရာတွင် ရှိနေသူအားလုံး တိတ်ဆိတ်သွားကြသည်။ လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေကြသော လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့မှာလည်း ယောကျ်ားကြီးတန်မဲ့ မျက်ရည်မဆည်နိုင်တော့ဘဲ မျက်လုံးများ နီရဲလာကြလေသည်။

"အဲ့ဒီကောင်ကို... အဲ့ဒီကောင်ကို သတ်ပစ်မယ်"

ရှန်ကျိုတီသည် ပြင်းထန်စွာ ရှိုက်ကြီးတငင် ငိုကြွေးရင်း မြေပြင်ကို လက်သီးဖြင့် အကြိမ်ကြိမ် ထုနှက်နေတော့သည်။

ဒုတ်... ဒုတ်... ဒုတ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးမှ အရေပြားများ ပေါက်ပြဲသွားပြီး သွေးများ ထွက်လာသည်။ ပြိုလဲလုဆဲဆဲ ဖြစ်နေသော စိတ်အခြေအနေက သူမ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို အမြင့်ဆုံးအထိ ဆွဲတင်ပေးနေလေသည်။

ချန်ရှောက်ရယ်၏ မျက်နှာမှာလည်း ဖြူရော်နေသည်။ ရှေ့လျှောက် ဘော့စ်ကို ဘယ်လို မျက်နှာပြရမည်နည်း။ ဘော့စ်က ကားပေါ်က မဆင်းနဲ့ ဟု မှာထားခဲ့သည်။ လော့ရှောင်ရှောင်နဲ့ ရှန်ကျိုတီကို သေချာ ကာကွယ်ထား ဟု ပြောခဲ့ပါလျက်နှင့်။ သို့သော် သူသည် လော့ရှောင်ရှောင်ကို ဤသို့သော အခြေအနေဆီသို့ ဆိုက်ရောက်သွားစေခဲ့ပြီ ဖြစ်သည်။

"ငါ့သွေးကို ယူသုံးလိုက်"

ရုတ်တရက် အေးစက်လှသော အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ကြည့်လိုက်ရာ ပိုင်ယွန့်အာက ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ဖုန်တစ်စက်မျှ မတင်နေသော ဖြူစင်သည့် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ အေးချမ်းပြီး သန့်စင်နေသော သူမ၏ ဟန်ပန်မှာ ဤကမ္ဘာပျက်ကပ်ကြီး သို့မဟုတ် သွေးများဖြင့် စွန်းထင်းနေသော ကြောက်မက်ဖွယ် ပတ်ဝန်းကျင် အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး အလွန် ထင်ရှားနေလေသည်။

ဖြူဝင်းကြည်လင်နေသော လက်မောင်းသွယ်သွယ်လေးက ယွီရှင်း၏ ရှေ့သို့ ရောက်လာသည်။ ပိုင်ယွန့်အာ၏ အေးစက်နေသော မျက်နှာပေါ်တွင် ခံစားချက် တစ်စုံတစ်ရာမျှ ပေါ်လွင်နေခြင်း မရှိပေ။

"ငါ့သွေးကို ယူသုံးပါ"

"နင့် သွေးအမျိုးအစားက ဘာလဲ။ ဒီကလေးက ဘုံဘေ သွေးအမျိုးအစားနော်။ သာမန် O သွေး မဟုတ်ဘူး။ ဖြစ်သလို သွေးသွင်းလိုက်ရင် ဆေးဘက်ဆိုင်ရာ အမှားအယွင်း ဖြစ်သွားလိမ့်မယ်"

ဆရာဝန် တစ်ဦး၏ တင်းကျပ်သော စည်းမျဉ်းများအရ ယွီရှင်းက အလိုအလျောက်ပင် ပြန်မေးလိုက်မိသည်။

"နင်က ဘုံဘေ သွေးအမျိုးအစားလား"

ရှန်ကျိုတီကလည်း အံ့ဩတကြီးဖြင့် ခေါင်းမော့ကြည့်လာသည်။

"ငါ့သွေးက ဒီကလေးကို ကယ်တင်နိုင်တယ်။ ယုံကြည်ခြင်း မယုံကြည်ခြင်းက နင့်အပေါ်မှာပဲ မူတည်တယ်"

ပိုင်ယွန့်အာက ခပ်ဖွဖွ ပြုံးလိုက်သည်။ ယွီရှင်းကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးများထဲတွင် အဆုံးမဲ့သော အေးစက်ရက်စက်မှုများက တစ်ခဏမျှ ဖြတ်ပြေးသွားသည်။

"မြန်မြန် ဆုံးဖြတ်ချက်ချတာ ကောင်းမယ်။ တကယ်လို့ လော့ရှောင်ရှောင်သာ အသက်မရှင်နိုင်ခဲ့ရင်... ဒီကို ပြန်ရောက်လာမယ့် ချူဟန်က သေချာပေါက် ဒေါသတကြီးနဲ့ ဒီနေရာမှာရှိတဲ့ လူအားလုံးကို သတ်ပစ်လိမ့်မယ်"

မိန်းကလေး၏ အေးစက်လှသော အကြည့်များမှာ အလွန်တရာ လေးနက်လှသည်။ သို့သော် ထိုမျက်နှာပေါ်တွင် ပေါ်လွင်နေသည်မှာ သတိပေးမှုမျိုး မဟုတ်ဘဲ စစ်မှန်သော မျှော်လင့်တောင့်တမှုပင် ဖြစ်သည်။

ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့မှာ ကြက်သီးမွေးညင်း ထသွားကြသည်။ ဤအရူးမက ဘာတွေကိုများ မျှော်လင့်နေတာလဲ။

ပိုင်ယွန့်အာ၏ ရေခဲပမာ အေးစက်လှသော စကားများကြောင့် လူအများစု၏ ရင်ခုန်သံများ ပြင်းထန်မြန်ဆန်သွားတော့သည်။ ချူဟန်သည် ခွမ်းကျိရန်၏ နောက်သို့ လိုက်သွားခဲ့သည်။ ဘယ်အချိန် ပြန်ရောက်လာမည်ကို မသိနိုင်ပေ။

‘အားလုံးကို သတ်ပစ်မယ်… မဖြစ်နိုင်တာ’

"ဖြစ်ချင်ရာဖြစ်တော့"

ယွီရှင်းက သွားကို ကြိတ်လိုက်သည်။

"သွေးသွင်းဖို့ ပြင်ဆင်ကြ"

အားလုံးက ချက်ချင်းပင် အလျင်စလို လှုပ်ရှားလာကြသည်။ ဟယ်ဖေးယွမ်သည် လုဟုန်ရှန်းကို ဆွဲခေါ်ကာ ကားတစ်စီးပေါ်သို့ တက်သွားသည်။

"သွားမယ်။ ချူဟန်ကို သွားရှာကြမယ်"

လမ်းဘေးရှိ သစ်တောမှာ လမ်းကြမ်းသုံးကားကြောင့် တစ်စစီ ပျက်စီးနေပြီ ဖြစ်သည်။ ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့ ကားဖြင့် သစ်တောထဲသို့ ဝင်ရောက်လာချိန်တွင် လဲကျနေသော သစ်ပင်များကဲ့သို့ အတားအဆီးများကြောင့် ကားအောက်ပိုင်းနှင့် အကြိမ်ကြိမ် ပွတ်တိုက်မိမတတ် ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အရှေ့ဘက် မြေပြင်ပေါ်တွင် တာယာရာများက ထင်ရှားစွာ ကျန်ရစ်နေခဲ့သဖြင့် လမ်းပျောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဝုန်း...

ရုတ်တရက် အရှေ့ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ဝင်တိုက်သံကြီး ထွက်ပေါ်လာသည်။ သစ်ပင်ခြောက် အနည်းငယ်မှာ ဆက်တိုက် လဲကျသွားပြီး သစ်ကိုင်းခြောက်များက မြေပြင်ကို ပွတ်တိုက်သွားသော အသံကြီးက ပဲ့တင်ထပ်သွားတော့သည်။

"ဘာဖြစ်တာလဲ"

ဟယ်ဖေးယွမ်မှာ လန့်ဖျပ်သွားပြီး လီဗာကို အဆုံးထိ နင်းကာ အမြန် မောင်းနှင်သွားလေသည်။

ကားက တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အရှေ့မှ မြင်ကွင်းမှာ ပို၍ ရှင်းလင်းလာတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။

ကျွီ...

ဘရိတ်ကို အတင်း နင်းချလိုက်လေသည်။

“ဟိုလူက ချူဟန်လား...”

လက်ရှိတွင် ချူဟန်၏ လက်ထဲ၌ ရှိနေရမည့် သံပုဆိန်ကြီးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ သူ၏ တစ်ကိုယ်လုံးမှာလည်း သွေးများဖြင့် ရွှဲနစ်နေသည်။ အနက်ရောင် သွေးများပင် ဖြစ်သည်။ အဝတ်အစားများမှာလည်း တစ်စစီ စုတ်ပြဲနေပြီး ဆံပင်များက ချွေးများဖြင့် စိုရွှဲကာ အရေပြားပေါ်တွင် ကပ်နေလေသည်။

သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ ကြမ်းကြုတ်ရက်စက်နေပြီး အကြင်နာကင်းမဲ့မှုများ ပြည့်နှက်နေကာ လုံးဝ ရူးသွပ်သွားသော မိစ္ဆာဆိုးကြီး တစ်ကောင်နှင့် တူလှပေတော့သည်။

All Chapters