အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း (၁၁၅) အနောက်ကို ဆုတ်နေလိုက်စမ်း
ချူဟန်၏ မျက်နှာချင်းဆိုင်တွင် ဇွန်ဘီတစ်ကောင် ရပ်နေသည်။
သို့သော် ၎င်းမှာ သာမန်ဇွန်ဘီများနှင့် လုံးဝ မတူညီပေ။ ခန္ဓာကိုယ်မှာ ပုံမှန်ထက် ကြီးမားထွားကျိုင်းနေပြီး လက်သည်းများနှင့် အစွယ်များကလည်း သာမန်ဇွန်ဘီများနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ထက်မြက်ကြမ်းကြုတ်စွာ ပြောင်းလဲနေသည်။ အနည်းငယ် ထိလိုက်ရုံဖြင့် ကွာကျသွားမည့် ပုပ်ပွနေသော အသားစများ၏ အရိပ်အယောင် လုံးဝမရှိတော့ချေ။ ကားတိုက်ထားသော ပါးစပ်ကြီးမှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံက ဇွန်ဘီတစ်ကောင်၏ အသံမျိုး မဟုတ်တော့ဘဲ အငတ်ဘေးဆိုက်ကာ ရူးသွပ်နေသော သားရဲတစ်ကောင်၏ အော်ဟစ်သံကြီးပမာ ဖြစ်နေတော့သည်။
ချူဟန်နှင့် ထိုဇွန်ဘီတို့သည် ကြောက်မက်ဖွယ်ကောင်းသော သေရေးရှင်ရေး တိုက်ပွဲကို ဆင်နွှဲနေကြသည်။ အလွန်တရာ ကြမ်းတမ်းပြီး သွေးနံ့များ လွှမ်းမိုးနေသော မြင်ကွင်းပင် ဖြစ်သည်။ ထိပ်တိုက် ရင်ဆိုင်မိတိုင်း ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ဆက်တိုက် ကျိုးပဲ့သွားပြီး နေရာအနှံ့တွင် အနက်ရောင် သွေးများက ပန်းထွက်ကျန်ရစ်နေသည်။ သို့သော် ထူးဆန်းသည်မှာ မြေပြင်ပေါ်တွင် လူသားတို့၏ အနီရောင် သွေးတစ်စက်မျှပင် ကျမနေခဲ့ခြင်း ဖြစ်သည်။
"ဟင်.. ဟိုမိစ္ဆာက ဘယ်လိုကြီးလဲ"
အလွန်အမင်း တင်းမာမှုကြောင့် တုန်ရီနေသော လုဟုန်ရှန်း၏ အလန့်တကြား အော်သံက ဟယ်ဖေးယွမ်၏ နားထဲသို့ ဝင်ရောက်လာသည်။
"အရင်ကတည်းက ငါလည်း ရိပ်မိနေခဲ့တာ..."
ဟယ်ဖေးယွမ်၏ အသံမှာလည်း တုန်ခါနေသော်လည်း အသေအလဲ ထိန်းချုပ်ထားဟန် ရသည်။
"ငါတို့ အခုတလော တွေ့နေရတဲ့ ဇွန်ဘီတွေက ကပ်ဘေးစဖြစ်ကာစတုန်းက ကောင်တွေနဲ့ တဖြည်းဖြည်း ကွာခြားလာတယ်။ အပုပ်နံ့က သိပ်မပြင်းတော့သလို ခြေလှမ်း နည်းနည်းလှမ်းလိုက်တာနဲ့ အသားတွေ ကွာကျသွားတာမျိုးလည်း မရှိတော့ဘူး။ ပါးစပ်တွေက ပိုပိုကျယ်လာပြီး အစွယ်တွေက ပိုထက်လာတယ်။ လက်သည်းတွေကလည်း ပိုရှည်ပြီး ချွန်ထက်လာနေကြတယ်"
"ဒါ.. ဒါက ဘာသဘောလဲ"
လုဟုန်ရှန်းက အလောတကြီး မေးလိုက်သည်။
" ဒီဇွန်ဘီတွေက ဆင့်ကဲပြောင်းလဲ နေကြတာကွ"
ဟယ်ဖေးယွမ်၏ မျက်နှာပေါ်တွင် ကြီးမားသော စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ ပေါ်လွင်နေသည်။
လုဟုန်ရှန်းသည် တံတွေးတစ်ချက်ကို ခက်ယဉ်းစွာ မြိုချလိုက်သည်။
"ဒါ.. ဒါဆို ငါတို့ လူသားတွေကရော ဘယ်လိုဖြစ်မှာလဲ"
"ငါတို့ လူသားတွေလည်း ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ ရှိနေလောက်ပါတယ်။ အနည်းဆုံးတော့ ချူဟန်နဲ့ ချန်ရှောက်ရယ်တို့ နှစ်ယောက်က သာမန်လူတွေ မဟုတ်တော့ဘူးလေ" ဤသို့ ပြောလိုက်ပြီးနောက် ဟယ်ဖေးယွမ်က လုဟုန်ရှန်းကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ အကူအညီပေးဖို့ သွားမယ်။ မင်း ကားပေါ်မှာ နေခဲ့ချင် နေခဲ့လို့ရတယ်။ အတင်းအကျပ် မတိုက်တွန်းပါဘူး"
လုဟုန်ရှန်းသည် တစ်စက္ကန့်ခန့် ကြက်သေ သေသွားသော်လည်း သူ၏ လက်နက်ကို ချက်ချင်းပင် အားပါးတရ ပြန်လည် ဆုပ်ကိုင်လိုက်သည်။
"ငါလည်း အတူတူ လိုက်ခဲ့မယ်"
သူတို့နှစ်ဦးသည် ချူဟန်၏ တိုက်ပွဲနေရာနှင့် မီတာတစ်ရာခန့် အကွာတွင် ကားပေါ်မှ ဆင်းလိုက်ကြသည်။ အရှေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်လွန်းသဖြင့် အလွယ်တကူ ဝင်ရောက်သွား၍ မရနိုင်ပေ။ ထိုမိစ္ဆာဇွန်ဘီကို သတ်နိုင်မည် မသတ်နိုင်မည်ဆိုသည်ထက် မိမိတို့ကိုယ်တိုင် ဘေးဒုက္ခကြုံရကာ ချူဟန်အတွက် အနှောင့်အယှက် ဖြစ်သွားမည်ကို သူတို့က ပို၍ စိုးရိမ်မိကြခြင်း ဖြစ်သည်။
သို့သော် ထိုစိုးရိမ်မှုမှာ အကြွင်းမဲ့ အပိုသက်သက်သာ ဖြစ်ခဲ့လေသည်။
ရှေ့တန်းတွင် တိုက်ခိုက်နေသော ချူဟန်သည် တစ်လကျော်ကြာ အတူယှဉ်တွဲလာခဲ့သည့် အကြိုက်ဆုံး သံပုဆိန်ကြီးကို လက်လွှတ်ဆုံးရှုံးထားခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူပိုင်ဆိုင်သော တစ်ခုတည်းသော လက်နက်မှာ လက်မောင်းတွင် ချည်နှောင်ထားသည့် ဓားမြှောင်တစ်လက်သာ ရှိတော့သည်။ သို့သော် ယခုအချိန်တွင် သူသည် ထိုအရာကိုပင် အသုံးမပြုလိုပေ။ ကန့်သတ်ချက်အထိ ကြီးထွားလာသော သတ်ဖြတ်လိုစိတ်က သူ၏ အတွင်းပိုင်း၌ ကိန်းအောင်းနေသော စစ်မှန်သည့် အကြမ်းဖက်လိုစိတ် ကို လွတ်မြောက်စေခဲ့သည်။ လက်ရှိ ချူဟန် အလိုချင်ဆုံး အရာမှာ မျက်မှောက်မှ ဒုတိယအဆင့် ဇွန်ဘီကို မိမိ၏ လက်ဗလာဖြင့်ပင် တစ်စစီ ဆွဲဖြဲပစ်ရန်သာ ဖြစ်လေသည်။
စောစောက ခွမ်းကျိရန်ထံသို့ ပစ်ပေါက်လိုက်သော ပုဆိန်မှာ ထိုကောင်၏ ခေါင်းကို သေချာပေါက် ခွဲပစ်နိုင်မည်မှာ အသေအချာပင်။ သို့သော် ဤတိရစ္ဆာန်ကောင်၏ နှောင့်ယှက်မှုကြောင့် နောက်ဆုံးတွင် လက်တစ်ဖက်ကိုသာ ဖြတ်တောက်ပစ်နိုင်ခဲ့လေသည်။
ဖောင်း...ဖောင်း...
လက်သီးနှင့် အသားစိုင်များ ထိခိုက်မိတိုင်း ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်သံကြီးများ ထွက်ပေါ်လာသည်။ ၎င်းမှာ လူသားနှင့် ဇွန်ဘီတို့၏ တိုက်ပွဲမျိုး မဟုတ်တော့ဘဲ ကြမ်းကြုတ်ရက်စက်သော မိစ္ဆာနှစ်ကောင် အပြန်အလှန် အသက်လုနေကြသည့် သေရေးရှင်ရေး တိုက်ပွဲတစ်ခုသာ ဖြစ်နေတော့သည်။
"သတိထားပြီးသွား"
ဟယ်ဖေးယွမ်သည် သေနတ်ကို ချိန်ရွယ်ထားကာ အရှေ့မှ တိုက်ပွဲအခြေအနေကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ရင်း ပြောလိုက်သည်။
"သိပါတယ်"
လုဟုန်ရှန်းကလည်း လက်နက်ကို ဆုပ်ကိုင်ကာ မြေပြင်တွင် တွားသွားသည့်အလား သတိထား၍ ရှေ့သို့ တိုးသွားလေသည်။
၎င်းမှာ သူတို့နှစ်ဦး၏ ပုံမှန် ပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်သည်။ ရှေ့တန်းမှ တစ်ဦးက အာရုံစိုက်မှုကို ဆွဲဆောင်ကာ အခြားတစ်ဦးက အနောက်ဘက်မှ အဝေးပစ် အကူအညီ ပေးခြင်း ဖြစ်သည်။ ဤအကျွမ်းကျင်ဆုံး နည်းဗျူဟာဖြင့် သူတို့သည် ရေတွက်၍မရနိုင်သော ဇွန်ဘီများကို သတ်ဖြတ်နိုင်ခဲ့ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင်လည်း ချူဟန်၏ အကျပ်အတည်းကို ကယ်တင်နိုင်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားကြသည်။ သို့သော် ထိုယုံကြည်မှုမှာ လုံးဝ လွဲချော်နေခဲ့လေသည်။
ဂါး...
ဒုတိယအဆင့် ဇွန်ဘီက နားကွဲမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ချွန်ထက်သော အစွယ်များကို ထုတ်ဖော်ပြသထားရာ ၎င်း၏ ရုပ်သွင်မှာ မိစ္ဆာဆိုးကြီးထက်ပင် ပို၍ ကြမ်းကြုတ်နေသည်။
ချူဟန်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများကလည်း ကန့်သတ်ချက်အထိ တင်းမာနေလေသည်။ ပိန်လှီသော အပြင်ပန်းသဏ္ဌာန်အရ လုံးဝ ယုံကြည်နိုင်စရာ မရှိသော ပေါက်ကွဲထွက်မတတ် ခွန်အားများက သူ၏ ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေသည်။ ပစ်လွှတ်လိုက်သော လက်သီးတစ်ချက်စီတိုင်းက လူ၏ မျက်နှာအရေပြားကို ခွာချပစ်နိုင်လောက်အောင် ထက်မြက်လှသော လေပြင်းများကို ဖြစ်ပေါ်စေသည်။
ဖောင်း...
ချူဟန်၏ ထက်မြက်သော ဝိုက်ကန်ချက်က ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ပေါက်ကွဲထွက်သွားသည်။
ဂွပ်...
ရှည်လျားချွန်ထက်နေသော အစွယ်နှစ်ချောင်းမှာ ကျိုးပဲ့သွားပြီး ထိုနေရာမှ အလွန်အမင်း ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်နေသည့် အနက်ရောင် သွေးများ ပန်းထွက်လာတော့သည်။
လုံးဝ ရူးသွပ်သွားသော အခြေအနေသို့ ရောက်ရှိသွားသည့် ဒုတိယအဆင့် ဇွန်ဘီသည် လက်နှစ်ဖက်ကို အရှိန်အဟုန်ပြင်းစွာ လွှဲယမ်းလျက် ချူဟန်၏ လည်ပင်းကို ချိုးဖြတ်ရန် လှမ်းကိုင်လိုက်သည်။
ချူဟန်က လည်ပင်းကို ချက်ချင်း တိမ်းရှောင်လိုက်သည်။ နားရွက်ဘေးမှ ကြောက်မက်ဖွယ်ကောင်းသော လေဖိအားကြီး ဖြတ်သန်းသွားပြီး ဇွန်ဘီ၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။ ချူဟန်၏ လှုပ်ရှားမှုများက ရပ်တန့်မသွားပေ။
ဖောင်း...ဖောင်း...ဖောင်း...
ဇွန်ဘီ၏ ရင်ဘတ်ဆီသို့ ဆက်တိုက်ဆိုသလို ပြင်းထန်သော ကန်ချက်များကို အားပါးတရ ကန်လိုက်ပြီး ထိုအရှိန်ကို အသုံးချကာ တစ်ရှိန်ထိုး ခုန်တက်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ဇွန်ဘီ၏ ဦးခေါင်းကို ညှပ်စက်တစ်ခုပမာ မြဲမြံစွာ ညှပ်ထားလိုက်ပြီး ညာဘက်ဒူးတွင် တစ်ကိုယ်လုံးရှိ အင်အားများကို စုစည်းကာ အပေါ်သို့ ပင့်တိုက်လိုက်တော့သည်။
ဖောင်း...
ဦးနှောက်ကိုပင် တုန်ခါသွားစေနိုင်သော တိုက်ခိုက်မှုကြီးက ဇွန်ဘီ၏ မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
"သေစမ်း... မိစ္ဆာကောင်"
ဒုတိယအဆင့် ဇွန်ဘီ၏ မျက်နှာမှာ အနက်ရောင် သွေးများနှင့် အသားစများ အလိမ်းလိမ်း ကပ်လျက် လုံးဝ ချိုင့်ဝင်သွားတော့သည်။ နှာခေါင်းရော မျက်လုံးများပါ မူလပုံစံ မကျန်ရစ်တော့လောက်အောင် ပုံပျက်ပန်းပျက် ဖြစ်သွားလေပြီ။
ချူဟန်သည် သာမန် ပထမအဆင့် (ခန္ဓာကိုယ်စွမ်းရည်) ဆင့်ကဲပြောင်းလဲသူ တစ်ယောက် မဟုတ်ပေ။ တိကျမှု နှင့် ခွန်အား ဟူသော မွေးရာပါ စွမ်းရည်နှစ်ခုကို ဖွင့်လှစ်ထားသူ ဖြစ်သည်။ သာမန် ပထမအဆင့် ဆင့်ကဲပြောင်းလဲသူများနှင့် အခြေခံ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်အတန်းချင်း ကွာခြားလွန်းလှသည်။
ထို့အပြင် ယခုအခါတွင် သူသည် အလွန်အမင်း ဒေါသထွက်နေသည့် အခြေအနေတွင် ရှိနေသည်။ ဆင့်ကဲပြောင်းလဲထားခါစဖြစ်သော ဒုတိယအဆင့် ဇွန်ဘီပင်လျှင် ချူဟန်အတွက်မူ သဲအိတ်တစ်အိတ်သာသာပင် ဖြစ်နေတော့သည်။
ချူဟန်က ဒုတိယအဆင့် ဇွန်ဘီကို လုံးဝ ဖိနှိပ်ထားနိုင်သည်ကို မြင်လိုက်ရသော လုဟုန်ရှန်းမှာ အခွင့်ကောင်းဟု မှတ်ယူကာ ခုန်ထွက်လာခဲ့သည်။
"ယား..."
ကျယ်လောင်စွာ အော်ဟစ်လျက် ချူဟန်ကို ကူညီရန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
သို့သော် ထိုအချိန်မှာပင်...
ချူဟန်သည် လည်ပင်းကိုလှည့်ကာ စူးရဲစွာ ကြည့်လိုက်လေသည်။ လက်နှစ်ဖက်ဖြင့် ဇွန်ဘီ၏ ခေါင်းကို တင်းကျပ်စွာ ညှပ်ထားဆဲဖြစ်ပြီး မျက်နှာကို ကြေမွသွားစေခဲ့သည့် ညာဘက်ဒူးမှာလည်း ဇွန်ဘီ၏ မျက်နှာပေါ်တွင် ဖိကပ်ထားဆဲ အခြေအနေမှာပင် ဖြစ်သည်။
လုဟုန်ရှန်းသည် ထိုနေရာတွင်ပင် လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ ဒူးနှစ်ဖက်မှာ တဆတ်ဆတ် တုန်ရီလာလေသည်။
၎င်းမှာ ရေခဲပမာ အေးစက်ပြီး စစ်မှန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးအစုံပင် ဖြစ်သည်။ ချူဟန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို တွန့်ကာ သွေးဆာနေသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ငရဲတွင်းမှ တွားသွားတက်လာသော မိစ္ဆာဆိုးကြီးတစ်ကောင်ကဲ့သို့သော အသံကြီး ထွက်ပေါ်လာသည်။
"မသေချင်ရင် အနောက် ဆုတ်နေလိုက်စမ်း"
ချက်ချင်းပင် ချူဟန်၏ လက်နှစ်ဖက်အတွင်းသို့ ကန့်သတ်ချက်ကို ကျော်လွန်သော ခွန်အားများ ဝင်ရောက်လာတော့သည်။
ဗြစ်...
မျက်မှောက်မှ ဇွန်ဘီ၏ ဦးခေါင်းကို အားကုန်သုံးကာ ထက်ပိုင်း ဆွဲဖြဲပစ်လိုက်လေပြီ။
ဖျပ်...
အနက်ရောင် သွေးများနှင့် အဝါရောင် နောက်ကျိနေသော ဦးနှောက်အရည်များက ရေပန်းတစ်ခုပမာ ပေါက်ကွဲထွက်လာပြီး ချူဟန်၏ မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးဆီသို့ လွင့်စင်ကျရောက်လာသည်။ အလုံးပုံသဏ္ဌာန် မျက်လုံးနှစ်လုံးမှာ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် တလိမ့်လိမ့် လိမ့်သွားတော့သည်။
ချူဟန်သည် ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ လက်နှစ်ဖက်ထဲတွင် ထက်ပိုင်း ကွဲအက်သွားသော ဇွန်ဘီ၏ ဦးခေါင်းများကို အသီးသီး ဆုပ်ကိုင်ထားဆဲပင်။ ထိုနေရာမှ အနက်ရောင် သွေးများနှင့် ဦးနှောက်အရည်များက တောက်တောက်ကျနေပြီး မြေပြင်ပေါ်တွင် သွေးလိုင်းနှစ်လိုင်းကို ထင်ရှားစွာ ရေးဆွဲနေလျက်ရှိသည်။ ချူဟန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ လုဟုန်ရှန်းကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
လုဟုန်ရှန်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပေါ်လွင်နေပြီး အလိုအလျောက်ပင် နောက်သို့ ဆုတ်သွားမိသည်။ လက်ရှိ ချူဟန်သည် လုံးဝ လူသတ်ကောင်ကြီး တစ်ကောင် ဖြစ်နေလေပြီ။ ဇွန်ဘီ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသော ထိုဟန်ပန်ကို ကြည့်ရင်း နောက်တစ်ခါ မိမိ၏ ဦးခေါင်းကိုများ ဆွဲဖြဲခံရတော့မည်လားဟုပင် တွေးထိတ်လာမိသည်။ ထို့အပြင် ယခုလေးတင် ချူဟန် ပြောလိုက်သော စကား... မသေချင်ရင် အနောက်ကို ဆုတ်နေလိုက်စမ်း ဟူသည်မှာ။
တစ်နေရာရာတွင် ကြားဖူးခဲ့သော စကားတစ်ခွန်းပင်။ ရုတ်တရက် လုဟုန်ရှန်း သဘောပေါက်သွားသည်။ စောစောက မိမိသည် ချူဟန်၏ ပုံမှန်မဟုတ်သော ခွန်အားကို မသိခဲ့စဉ်က ဤစကားကိုပင် ပြောဆိုခဲ့သည် မဟုတ်ပါလော။ သို့သော် ယခုအခါတွင် ချူဟန်က ထိုစကားကို တစ်လုံးမကျန် အတိအကျ ပြန်လည် ပေးဆပ်လိုက်ပြီး လုဟုန်ရှန်းကို လုံးဝ နှုတ်ဆိတ်သွားစေခဲ့ပြီ ဖြစ်သည်။
ချူဟန်က သန်မာလွန်းလှသည်။ သူ၏ ခြေဖျားကိုပင် မမီနိုင်ပေ။
အဝေးတစ်နေရာတွင် ရှိနေသော ဟယ်ဖေးယွမ်သည် မည်သည့်အချိန်က လက်ထဲမှ သေနတ် ပြုတ်ကျသွားခဲ့မှန်းပင် မသိလိုက်ချေ။ ချူဟန်သည် သူ၏ ယခင်က ရှိခဲ့သော အသိတရားများကို အခြေခံမှစ၍ လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။ ထိုရက်စက်ကြမ်းကြုတ်လှသော ဒေါသတရားနှင့် ကန့်သတ်ချက်မဲ့သော တိုက်ခိုက်ရေး အခြေအနေ။ ၎င်းမှာ ဟယ်ဖေးယွမ်အား အဆုံးမဲ့သော ကြောက်ရွံ့မှုကို ခံစားရစေရန် လုံလောက်နေခဲ့လေပြီ။ ဇွန်ဘီ၏ ဦးခေါင်းကို လက်ဗလာဖြင့် ဆွဲဖြဲပစ်လိုက်သည်လား။ ထိုအရာက တောရိုင်းတိရစ္ဆာန်များသာ ပိုင်ဆိုင်သော အကြမ်းဖက်မှုနှင့် ခွန်အားမျိုး မဟုတ်ပါလော။
ချူဟန်သည် လေကို ပြင်းပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။ လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ မည်သို့သော စိတ်အခြေအနေမျိုး ရှိနေစေကာမူ သူ စိတ်မဝင်စားပေ။ သူသည် ဇွန်ဘီ၏ နောက်စေ့မှနေ၍ အနက်ရောင် ကျောက်ကို ဆွဲထုတ်လိုက်ပြီး အိတ်ကပ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။
ဘုတ်... ဘုတ်...
ဆွဲဖြဲခံထားရသော ဦးခေါင်းနှစ်ခြမ်းကို အနောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အသံများနှင့်အတူ ၎င်းတို့မှာ ထက်ပိုင်း ပိုင်းဖြတ်ခံထားရသော အနက်ရောင် ဖရဲသီးတစ်လုံးနှင့် တူလှပေသည်။
ပတ်ဝန်းကျင်ရှိ သစ်တောထဲတွင် ပြင်းထန်သော သေရေးရှင်ရေး တိုက်ပွဲအပြီး ကြောက်မက်ဖွယ်ကောင်းသော လေထုက ဖုံးလွှမ်းနေလေသည်။ အနက်ရောင် ဇွန်ဘီသွေးများက နေရာအနှံ့သို့ ပြန့်ကျဲနေသည်။ ချူဟန်သည် လည်ပင်းကို တချွတ်ချွတ် မြည်အောင် ချိုးလိုက်ပြီးနောက် သူတို့နှစ်ဦး ရှိနေသော နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
အခန်း (၁၁၆) တစ်ယောက်မှ အရှင်မထားဘဲ အကုန်သတ်ပစ်
သို့သော် ချူဟန် ခြေတစ်လှမ်း ရှေ့တိုးလိုက်တိုင်း လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ နှစ်ဦးမှာ အလိုအလျောက်ပင် နောက်သို့ တစ်လှမ်း ဆုတ်သွားမိကြသည်။ တစ်ယောက်က ရှေ့တိုးလာချိန်တွင် နောက်နှစ်ယောက်မှာ တဖြည်းဖြည်း နောက်ဆုတ်သွားကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကားဘေးသို့ ကပ်သွားတော့သည်။ ထိုမြင်ကွင်းမှာ သားရဲဝံပုလွေတစ်ကောင်ကို ကြောက်ရွံ့နေရသော သိုးနှစ်ကောင်နှင့် တူလှပေသည်။
ရုတ်တရက် ချူဟန် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက အရှေ့ရှိ လူနှစ်ယောက်ကို နားမလည်နိုင်စွာ စိုက်ကြည့်လိုက်သည်။
"ခင်ဗျားတို့ ဘာတွေကို ကြောက်နေကြတာလဲ"
ထိုအခါမှ သူတို့နှစ်ဦး သတိဝင်လာကြသည်။
‘ဟုတ်သားပဲ၊ ငါတို့ ဘာကို ကြောက်နေမိတာလဲ’
"ဟူး..."
လုဟုန်ရှန်းက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။
"တော်ပါသေးရဲ့။ စကားပြောလို့ ရနေသေးတယ်။ တစ္ဆေသရဲ မဟုတ်ဘဲ အသက်ရှင်နေတဲ့ လူသားပဲကိုး"
ဟယ်ဖေးယွမ်လည်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။ စောစောက ချူဟန်၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေမှုကြောင့် မိမိတို့ကဲ့သို့ လူသားတစ်ယောက် ဖြစ်သည်ဆိုသည့် အချက်ကို တစ်ခဏမျှ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သတိရသွားသည့်အလား မေးလိုက်သည်။
"ဒဏ်ရာရသွားသေးလား။ ဇွန်ဘီ အကိုက်ခံရတာဖြစ်ဖြစ်၊ အကုတ်ခံရတာဖြစ်ဖြစ်ဆိုရင် ကူးစက်ခံရလိမ့်မယ်နော်"
ထိုစကားကြောင့် လျော့ကျသွားသော လုဟုန်ရှန်း၏ စိုးရိမ်စိတ်များ ပြန်လည် မြင့်တက်လာပြန်သည်။
'ဟိုက်... ချူဟန်လို မိစ္ဆာကောင်မျိုးသာ ဇွန်ဘီ ဖြစ်သွားရင် စောစောက ကောင်ထက်တောင် ပိုကြောက်စရာ ကောင်းနေမှာပေါ့။ ဒါဆိုရင်တော့ ဘယ်လိုလုပ် ယှဉ်နိုင်တော့မလဲ'
ချူဟန်၏ အေးစက်သော မျက်လုံးများတွင် အထင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီလို အမှိုက်ကောင်လောက်က ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလား"
လုဟုန်ရှန်းသည် တံတွေးတစ်ချက်ကို ခက်ယဉ်းစွာ မြိုချလိုက်မိသည်။ တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှပေသည်။ ဟယ်ဖေးယွမ်မှာ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ရာကို ပြောရန် တွန့်ဆုတ်နေပြီးမှ လေးလံသော အသံဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အရင်ဆုံး အားလုံးရှိရာကို ပြန်သွားကြတာပေါ့ "
ချူဟန် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးကို လျစ်လျူရှုကာ ကားပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွားသည်။ ထို့နောက် ယာဉ်မောင်းခုံတွင် အခိုင်အမာ နေရာယူလိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော သူတို့နှစ်ဦးကို စူးရဲစွာ ကြည့်လျက် အော်ပြောလိုက်သည်။
"ဘာတွေ အချိန်ဆွဲနေတာလဲ၊ မြန်မြန် တက်ကြလေ"
"အော်... အေးအေး၊ အခု လာပြီ"
လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ အလောတကြီး ကားပေါ် တက်သွားကြသည်။
သူတို့နှစ်ဦး ထိုင်ခုံတွင် ထိုင်မိရုံရှိသေး၊ ကျယ်လောင်လှသော ကားအင်ဂျင်သံကြီး ထွက်ပေါ်လာတော့သည်။
ဘရွန်း...
ကားမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရုတ်တရက် ထွက်ခွာသွားပြီး လာရာလမ်းအတိုင်း မောင်ထွက်သွားတော့သည်။ ပြင်းထန်လွန်းသော အရှိန်ကြောင့် လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ ခန္ဓာကိုယ်မှာ ကားအတွင်း၌ အကြိမ်ကြိမ် ယိမ်းထိုးနေလေသည်။
အချိန်မှာ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး သွေးကဲ့သို့ နီရဲသော ဆည်းဆာရောင်များ လွှမ်းခြုံနေသည်။ လေထုထဲတွင် ပျံ့လွင့်နေသော သွေးနံ့များ ပိုမို ပြင်းထန်လာသကဲ့သို့ ခံစားရပြီး ကားလမ်းမကြီး တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းသော လေထုက ဖုံးလွှမ်းထားလေသည်။
လမ်းကို ပိတ်ဆို့ထားသော အတားအဆီးများကို ရှင်းလင်းပြီးဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများမှာ တစ်နေရာတည်းတွင် စုရုံးနေကြဆဲပင်။ လက်နက်ကိုင်ဆောင်ထားသော လူတစ်စုက အခြားလူတစ်စုကို လုံးဝ ဝိုင်းရံထားသောကြောင့် ဖြစ်သည်။ ထိုလူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေသူမှာ ကျန်းဇိုပင်။
"ကျန်းဇို"
ဝိုင်းရံခံထားရသူများမှာ လူဆယ်ဂဏန်းခန့် ရှိလေသည်။ ထိုအထဲမှ အမျိုးသားတစ်ဦးက သည်းမခံနိုင်တော့ဘဲ ကျန်းဇိုအား ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်း ဘာလုပ်ချင်နေတာလဲ"
"ဘာမှ မလုပ်ပါဘူး"
ကျန်းဇို၏ မျက်မှန်မှာ မှန်ဘီလူး တစ်ဖက် ကျွတ်ထွက်နေသဖြင့် သူ၏ ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းနေသည်။ သို့သော် သူ၏ မျက်နှာပေါ်ရှိ အမူအရာကတော့ ရူးသွပ်မှုများ ပြည့်နှက်နေပြီး အကြီးအကျယ် ပုံပျက်နေသည်။
"ချူဟန် ပြန်လာတာကို စောင့်ပြီး မင်းတို့ကို ဘယ်လို အပြစ်ပေးမလဲ ဆိုတာ ဆုံးဖြတ်ခိုင်းမလို့လေ"
"အပြစ်ပေးမယ် ဟုတ်လား"
ဝိုင်းရံခံထားရသူများအကြား ချက်ချင်းပင် တုန်လှုပ်မှုနှင့် ဒေါသတရားများ ပြန့်နှံ့သွားတော့သည်။
"မင်းစကားက လွန်လွန်းနေပြီ... ငါတို့ ဘာမှ မလုပ်ရသေးဘူး"
"ဟုတ်တယ်။ ကားထဲကို ဝင်တောင် မဝင်ရသေးဘူးလေ။ မင်း မိန်းမနဲ့ ကလေးလည်း ဘာမှ မဖြစ်ဘဲနဲ့ ငါတို့ကို ဖမ်းချုပ်ထားစရာ အကြောင်းမရှိဘူး"
"ဟိုကလေးမက သူ့ဟာသူ ကားပေါ်က ဆင်းလာတာလေ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"သူက ငါတို့ကို သေနတ်နဲ့ ချိန်ခဲ့တာကွ ကားတိုက်ခံရပြီး သေသွားတာက သူနဲ့ပဲ ဆိုင်တယ်"
"မကျေနပ်ရင် ခွမ်းကျိရန်ကို သွားပြောလေ ငါတို့ကို လာမဲမနေနဲ့"
လူအုပ်ကြီး၏ ဆဲရေးတိုင်းထွာသံများနှင့် ဒေါသများ ပိုမို ပြင်းထန်လာပြီး လေထုမှာ ပေါက်ကွဲထွက်တော့မည့်အလား တင်းမာနေလေသည်။
မီးဖွားရာတွင် အသုံးပြုခဲ့သော ကားအတွင်း၌ ကလေးမွေးဖွားပြီးစ မိခင်ငယ်ကို ပြုစုစောင့်ရှောက်ခြင်းဟူသော နောက်ဆုံး အလုပ်များကို လုပ်ဆောင်နေကြသည်။ ကလေးငယ်မှာမူ ပတ်ဝန်းကျင်ရှိ သဘောကောင်းသော အမျိုးသမီးများ၏ ချော့မြှူမှုဖြင့် အေးချမ်းစွာ အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။
အနည်းငယ် လှမ်းသော ကုန်တင်ကားအနီးတွင် ယွီရှင်းက ကြမ်းတမ်းသော သစ်သားပြားပေါ်၌ လော့ရှောင်ရှောင်အား အရေးပေါ် ကုသမှုများ ပြုလုပ်ပေးနေသည်။ သူမသည် အဝေးမှ ဆူညံသံများကို လုံးဝ ဂရုမစိုက်ဘဲ မျက်မှောက်မှ လူနာအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။ ဆရာဝန်တစ်ဦး၏ ခိုင်မာသော တာဝန်သိစိတ်က သူမ၏ တည်ကြည်လေးနက်သော ဘေးတိုက်မျက်နှာသွင်ပြင်ကို ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုအဖြစ် ပုံဖော်ပေးနေသည်။
လော့ရှောင်ရှောင်၏ သွေးထွက်ခြင်းမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေးငယ်မှာ အံ့ဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း နက်ရှိုင်းသော သတိလစ်မေ့မြောခြင်း အခြေအနေတွင် ရှိနေဆဲပင် ဖြစ်သည်။
ယွီရှင်းသည် နောက်ဆုံး ကုသမှုအဆင့်ကို အဆုံးသတ်ပြီးနောက် ကူညီပေးနေသူများကို ညွှန်ကြားချက်အချို့ ပေးကာ ပိုင်ယွန့်အာ ရှိရာသို့ ကြည့်လိုက်သည်။ လောက၏ အညစ်အကြေး တစ်စက်မျှ မတင်ကျန်ရစ်သည့်အလား အဆုံးမဲ့ အေးစက်လွန်းသော မိန်းကလေးပင်။ ပိုင်ယွန့်အာသည် အစမှအဆုံးတိုင်အောင် စကားတစ်ခွန်းမျှ မဟခဲ့သလို မည်သည့် ရှင်းပြချက်ကိုမျှလည်း ပေးရန် ရည်ရွယ်ထားပုံ မရချေ။
ရှန်ကျိုတီသည် လော့ရှောင်ရှောင်၏ ဘေးတွင် ထိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို အဝတ်စဖြင့် သေသပ်စွာ သုတ်ပေးနေသည်။ သူမသည်လည်း အဝေးမှ ပို၍ မောက်မာလာကာ ရမ်းကားလာသော လူအုပ်ကြီးကို တစ်ချက်မျှပင် လှည့်မကြည့်တော့ချေ။
ချန်ရှောက်ရယ်မှာမူ တိတ်ဆိတ်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေလေသည်။ ခေါင်းငုံ့ထားသော သူ၏ ဝိုင်းစက်စက် မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း လုံးဝ မလှုပ်ရှားပေ။ ချူဟန် ပြန်လာမည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
၀ူး...
သစ်တော၏ နက်ရှိုင်းရာအရပ်မှ ကျယ်လောင်လှသော ကားအင်ဂျင်သံနှင့်အတူ သစ်ပင်များနှင့် ကျောက်တုံးများကို အတင်းအကျပ် ဝင်တိုက်ချိုးဖျက်လာသော ကြမ်းတမ်းသည့် အသံကြီး ထွက်ပေါ်လာသည်။
"ပြန်ရောက်လာပြီပဲ"
ပိုင်ယွန့်အာသည် နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စက် ရေရွတ်လိုက်သည်။
ဆူညံနေသူများ အပါအဝင် အားလုံး၏ အကြည့်များက သစ်တောဘက်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ သို့သော် ဝိုင်းရံခံထားရသူများ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်မှာ ပြင်းထန်သော ဒေါသများပင် ဖြစ်သည်။
ချန်ရှောက်ရယ်သည် အရှိန်အဟုန်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်စောင့်နေလေသည်။ ရှန်ကျိုတီကတော့ လော့ရှောင်ရှောင်၏ နဖူးမှ ချွေးများကိုသာ တိတ်ဆိတ်စွာ သုတ်ပေးနေပြီး မည်သည့်နေရာကိုမျှ လှည့်မကြည့်ပေ။
ကားမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ချဉ်းကပ်လာပြီး နားကွဲမတတ် ဘရိတ်အုပ်သံကြီးနှင့်အတူ လူအုပ်ရှေ့တွင် ရပ်တန့်သွားတော့သည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့လေ"
ကျန်းဇို၏ ဝိုင်းရံခြင်း ခံထားရသူများက တစ်ပြိုင်နက်တည်း ဆူညံသွားကြသည်။
"ဟယ်ဖေးယွမ်၊ သူတို့ကို ပြောပြီး ငါတို့ကို လွှတ်ခိုင်းစမ်း"
"ရမ်းကားလွန်းတယ်။ ငါတို့ကို သက်သက်မဲ့ ပိတ်လှောင်ထားတယ်"
"ဟယ်ဖေးယွမ်၊ လုဟုန်ရှန်း.. ကားပေါ်က မြန်မြန် ဆင်းခဲ့ကြစမ်း"
ဘုန်း...
ယာဉ်မောင်းဘက် တံခါးမှာ အားကုန် တွန်းဖွင့်ခံလိုက်ရပြီး ချူဟန်က အရင်ဆုံး ဆင်းလာသည်။ သူ၏ တစ်ကိုယ်လုံးတွင် ဇွန်ဘီများ၏ အနက်ရောင် သွေးများဖြင့် ရွှဲနစ်နေပြီး အဝတ်အစားများမှာလည်း သန့်ရှင်းနေသော နေရာဟူ၍ တစ်ကွက်မျှ မရှိတော့ချေ။ သူ၏ မျက်နှာပေါ်တွင် တိုက်ပွဲပြီးခါစဖြစ်သော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များနှင့် အေးစက်စက် အရိပ်အယောင်များ ကိန်းအောင်းနေလေသည်။ ဆူညံနေသော လူအုပ်ကြီးကို လုံးဝ လျစ်လျူရှုကာ လမ်းလယ်ခေါင်တွင် လဲလျောင်းနေသော လော့ရှောင်ရှောင်၏ အနီးသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် ရှိနေသူအားလုံးမှာ ချူဟန်ထံမှ ထွက်ပေါ်နေသော ကြီးမားလှသည့် ဖိအားကြောင့် တစ်ခဏချင်းမှာပင် အသက်ရှူမှားသွားကြသည်။
ဝေါ့.....
ရုတ်တရက် အန်ထုတ်လိုက်သော အသံကြီးများ ထွက်ပေါ်လာသည်။ လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့မှာ ကားတံခါးကို တွယ်ဖက်ကာ ဆင်းလာကြပြီး အစာအိမ်ထဲရှိ အရာအားလုံးကို အန်ထုတ်နေကြခြင်း ဖြစ်သည်။ သူတို့နှစ်ဦး၏ ရင်ထဲတွင် ချူဟန်နှင့် ပတ်သက်၍ စကားပင် မပြောနိုင်လောက်အောင် အံ့ဩမှင်သက်မှုများ ပြည့်နှက်နေသည်။ ဘာကြောင့်ဆိုသော် အပြန်လမ်းခရီး တစ်လျှောက်လုံးတွင် သူသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိ ကားမှာ အမှိုက်ပုံရောက်တော့မည့် အခြေအနေသို့ပင် ဆိုက်ရောက်နေလေပြီ။
သူတို့နှစ်ဦး အပြင်းအထန် အန်နေကြသည်ကို မြင်လိုက်ရမှ ချူဟန်၏ အရှိန်အဝါကြောင့် လန့်ဖျပ်နေသူများ အသိစိတ် ပြန်ဝင်လာကြသည်။ ဝိုင်းရံခံထားရသော လူအုပ်ထံမှ လှောင်ပြောင်သံများ ထွက်ပေါ်လာတော့သည်။
"ဟက်... အကုန်လုံး အန်နေကြပါလား"
"အသုံးမကျတဲ့ ကောင်တွေ"
"ဟေ့... ဒီကျန်းဇိုဆိုတဲ့ ကောင်ကို မြန်မြန် ဖယ်ခိုင်းစမ်း… ဒီကောင် ရူးနေပြီ"
"ဟုတ်တယ်။ ငါတို့ကို ဝိုင်းထားတာ ဘာသဘောလဲ။ လူသတ်ချင်လို့လား"
ချူဟန်သည် မည်သူ့စကားကိုမျှ နားမထောင်ဘဲ လော့ရှောင်ရှောင်၏ ဖြူရော်နေသော မျက်နှာလေးကိုသာ စူးစိုက်ကြည့်နေသည်။ ထို့နောက် ဘေးတွင် ရပ်နေသော ယွီရှင်းထံသို့ အကြည့်ရောက်သွားသည်။ မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်စွာသာ ကြည့်နေလေသည်။
ယွီရှင်းမှာ အကြောင်းရင်းမရှိဘဲ ရင်ထဲတွင် တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းငုံ့ထားလျက် အလိုအလျောက်ပင် အခြေအနေကို ရှင်းပြမိသွားတော့သည်။
"လောလောဆယ်တော့ အသက်အန္တရာယ် မရှိတော့ပါဘူး။ ဒါပေမဲ့ ဘယ်လောက်အထိ နာလန်ထူလာနိုင်မလဲ ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ အခုလက်ရှိ ဆေးဝါးပြတ်လပ်မှုက အရမ်း ဆိုးရွားနေတာမို့လို့ ဆက်လက် စောင့်ကြည့်နေဖို့ပဲ ရှိတယ်။ အခုလို အသက်ရှင်ကျန်ရစ်တာကပဲ အံ့ဖွယ်တစ်ခုပါ။ ဒါက ဘာကြောင့်လဲဆိုတော့..."
ယွီရှင်း၏ စကားမဆုံးမီမှာပင် အေးစက်လှသော အမျိုးသမီး တစ်ဦး၏ အသံက ဖြတ်ပြောလိုက်သည်။
ပိုင်ယွန့်အာ၏ မျက်လုံးများတွင် မှန်းဆ၍မရနိုင်သော ရေခဲပမာ အေးစက်သည့် ခံစားချက်များ ကိန်းအောင်းနေသည်။ သူမသည် ချူဟန်ကို ကြည့်ကာ ကျောချမ်းဖွယ်ကောင်းလောက်အောင် လှပသည့် ရက်စက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"ဟိုလူတွေကို မြင်တယ်မလား။ ခုနလေးတင် အဲ့ဒီကလေးမလေးက သေသင့်တယ်လို့ ပြောနေကြတာလေ"
ကမ္ဘာကြီး တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းမှာပင် အေးခဲသွားတော့သည်။ ပိုင်ယွန့်အာ၏ အသံမှာ လုံးဝ မကျယ်လောင်သော်လည်း ထိုနေရာတွင် ရှိနေသူ အားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေရန် လုံလောက်နေခဲ့လေပြီ။
ယွီရှင်းမှာ အံ့အားသင့်စွာဖြင့် ပိုင်ယွန့်အာကို လှမ်းကြည့်လိုက်သည်။ ဤမိန်းကလေးက မည်သည့်အရာကို တွေးတောပြီး ထိုသို့သော စကားမျိုးကို ပြောထွက်ရသနည်း။ လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့လည်း တစ်ပြိုင်နက်တည်း အန်နေခြင်းကို ရပ်တန့်လိုက်ကြပြီး ပတ်ဝန်းကျင် လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။ အသံတစ်သံမျှပင် ထွက်ပေါ်မလာတော့ဘဲ ခြောက်ကပ်သော တိတ်ဆိတ်မှုကြီးကသာ လွှမ်းမိုးသွားလေသည်။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်...
"ဖက်တီး"
ချူဟန် ကားပေါ်မှ ဆင်းလာပြီးနောက် ပထမဆုံးအကြိမ် စကားစပြောလိုက်ခြင်း ဖြစ်သည်။ ရေခဲပမာ အေးစက်ပြီး အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်လောက်သော အသံကြီးပင်။ သူသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်ထားလျက် ရုတ်တရက် တိတ်ဆိတ်သွားသော လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ချန်ရှောက်ရယ်က ထိုလူများကို ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အုံ့မှိုင်းနေသော မျက်နှာထားဖြင့် ရှိနေသည့် ချူဟန်၏ အရှေ့သို့ လျှောက်လာခဲ့သည်။
"ဘော့စ်.. ဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့်ပါပဲ"
ချူဟန်သည် မှောင်ရီပျိုးနေပြီဖြစ်သော မှုန်မှိုင်းသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် စကားတစ်လုံးချင်းစီကို ပီပီသသ ဆိုလိုက်တော့သည်။
"တစ်ယောက်မှ အရှင်မထားနဲ့ တစ်ကောင်မကျန် သတ်ပစ်လိုက်"