အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇) တိုက်ဆိုင်လိုက်တာ
"ဟုတ်ကဲ့ပါ ဘော့စ်"
ချန်ရှောက်ရယ်၏ သြဇာပါသော အသံကြီး ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ရိုင်ဖယ်သေနတ်ကို အမြင့်ဆုံးအမြန်နှုန်းဖြင့် ကျည်ဖြည့်လိုက်လေသည်။
ဂျောက်...
"နေ.. နေဦး"
ဟယ်ဖေးယွမ်က အလန့်တကြား အော်ဟစ်လိုက်ပြီး ချန်ရှောက်ရယ်၏ လက်ထဲမှ သေနတ်ကို လုယူရန် ရှေ့သို့ ပြေးထွက်လာသည်။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...
ချေမှုန်းရေးရိုင်ဖယ်၏ ပြင်းထန်သော ပစ်ခတ်သံများ ထွက်ပေါ်လာသည်။ ချန်ရှောက်ရယ်၏ ဝိုင်းစက်စက် မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ စက်ရုပ်တစ်ရုပ်ပမာ ခလုတ်ကို ဆွဲနေသော လက်ညှိုးသာ လှုပ်ရှားနေလေသည်။
လတ်ဆတ်သော သွေးများ လေထဲသို့ ဆက်တိုက် လွင့်စင်သွားသည်။ ခြောက်သွေ့သော သေနတ်သံ ဆယ်ချက်ကျော် ထွက်ပေါ်လာပြီးနောက် အနည်းငယ် လှမ်းသော မြေပြင်ပေါ်တွင် ရုပ်အလောင်းများ ပြန့်ကျဲသွားတော့သည်။ လေထုထဲတွင် သွေးနံ့များ ဖုံးလွှမ်းသွားပြီး ထိုမြင်ကွင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက စစ်ပွဲတစ်ခုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော နေရာတစ်ခုနှင့် တူလှပေသည်။
ပြင်းထန်လွန်းသော သွေးနံ့နှင့်အတူ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကြီးပင် ဖြစ်သည်။
ပစ်ခတ်လိုက်သော ကျည်ဆန် ဆယ်တောင့်ကျော်မှာ တစ်တောင့်မှ မလွဲချော်ဘဲ ပစ်မှတ်များ၏ ခေါင်းကို ဖောက်ထွင်းသွားခဲ့သည်။ ရာခိုင်နှုန်းပြည့် တိကျလှသဖြင့် ချန်ရှောက်ရယ်အနေဖြင့် ကျည်ကတ် လဲလှယ်ရန်ပင် မလိုအပ်ခဲ့ချေ။
ချူဟန်၏ ယခင်ဘဝက ဖြတ်သန်းခဲ့ရသော ကမ္ဘာပျက်ကပ်ပြီးနောက် ဆယ်နှစ်အကြာ အနာဂတ်တွင် နတ်ဘုရားအဆင့် စနိုက်ပါသမားအဖြစ် နာမည်ကျော်ကြားခဲ့သော ချန်ရှောက်ရယ်အား လူအများက ဤသို့ မှတ်ချက်ပြုခဲ့ကြသည်။
'သူ ပစ်သတ်ခဲ့တဲ့ လူအရေအတွက်က သူ ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်အရေအတွက်ထက် ပိုများတယ်'
ဤစကားမှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အနာဂတ်၏ ချန်ရှောက်ရယ်တွင် ထိုမျှလောက် စွမ်းရည်ရှိခဲ့သည်။
ယခုအခါ မိမိ၏ ထက်မြက်လှသော အစွမ်းများကို စတင် ထုတ်ဖော်ပြသလာပြီဖြစ်သော အနာဂတ်၏ နတ်ဘုရားအဆင့် စနိုက်ပါသမားကြီးမှာ ချူဟန်အပေါ် ရာခိုင်နှုန်းပြည့် သစ္စာရှိလေသည်။ သူသည် တစ်သက်လုံး ချူဟန် တစ်ယောက်တည်း၏ အမိန့်ကိုသာ နာခံသွားမည် ဖြစ်သည်။
ရုတ်တရက် စတင်လာသော တစ်ဖက်သတ် သတ်ဖြတ်မှုကြောင့် ထိုနေရာတွင် ရှိနေသူအားလုံး အေးခဲသွားကြတော့သည်။ ချန်ရှောက်ရယ်၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသည်။ အများစုမှာ အခြေအနေကို နားမလည်နိုင်မီမှာပင် ပုန်ကန်ရန် ကြံစည်နေသူ ဆယ်ဦးကျော်မှာ ခုခံချိန်ပင် မရလိုက်ဘဲ အသက်ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မရှိချေ။ အားလုံးမှာ ခေါင်းတည့်တည့်သို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
ကျန်းဇိုသည် ပုံကျနေသော အလောင်းများ၏ ဘေးတွင် မတ်တပ်ရပ်နေလေသည်။ မျက်နှာပေါ်တွင် ပူနွေးသော သွေးများ စင်နေပြီး မျက်မှန်မှာလည်း အနီရောင် ပြောင်းသွားပြီ ဖြစ်သည်။ သူ၏ ခြေထောက်နှစ်ဖက်လုံးမှာလည်း တဆတ်ဆတ် တုန်ရီနေတော့သည်။ ယခုလေးတင် သူသည် သေမင်းနှင့် ပွတ်ကာသီကာ လွဲသွားခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။ နားရွက်ဘေးမှ ဖြတ်သန်းသွားသော ကျည်ဆန်၏ လေခွဲသံကို ယခုတိုင် ရှင်းလင်းစွာ ကြားယောင်နေဆဲ ဖြစ်သည်။
သူသည် စက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းစွာဖြင့် ခေါင်းကို ငုံ့ကာ မြေပြင်ကို ကြည့်လိုက်သည်။ အမြင်အာရုံတစ်ခုလုံး အနီရောင် သွေးများဖြင့် ပြည့်နှက်နေသည်။ လူဆယ်ဦးကျော်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။
ဟယ်ဖေးယွမ်၏ ဆန့်တန်းထားသော လက်မှာ လေထဲတွင် ရပ်တန့်နေဆဲ ဖြစ်သည်။ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြူးကျယ်စွာ ကြည့်နေမိသည်။ ချန်ရှောက်ရယ်က ဤမျှ တွေဝေခြင်း ကင်းမဲ့စွာဖြင့် သေနတ်ခလုတ်ကို ဆွဲလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ချူဟန်က သတ် ဟု အမိန့်ပေးလိုက်သည်နှင့် တကယ်ကို သတ်ပစ်လိုက်သည်။ စက္ကန့်ဝက်မျှပင် မတွေဝေဘဲ ချက်ချင်း လက်စတုံးပစ်လိုက်ခြင်းပင် ဖြစ်သည်။
လုဟုန်ရှန်းမှာ လုံးဝ ကြက်သေ သေနေလေပြီ။ ယခုလေးတင် အစာအိမ်ထဲရှိ အရာအားလုံးကို အန်ထုတ်ထားခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်လှသော အလောင်းပုံကြီးကို မြင်လိုက်ရသောအခါ အစာအိမ်မှာ ပြန်လည် တောင့်တင်းလာတော့သည်။
ယွီရှင်းသည် အဖြူရောင် ကုန်တင်ကားကို ကျောဖြင့် အသေအလဲ ကပ်ထားမိသည်။ ရင်ခုန်သံများ မြန်ဆန်နေပြီး ကြောက်ရွံ့မှုက သူမ၏ အတွေးများ အားလုံးကို လွှမ်းမိုးထားလေသည်။
ရှန်ကျိုတီ တစ်ယောက်တည်းသာ မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ လော့ရှောင်ရှောင်ကို ပြုစုပေးရန်သာ အာရုံစိုက်ထားသည်။ သူမသည် ဤကမ္ဘာပျက်ကပ်၏ လက်တွေ့အခြေအနေကို နားလည်သဘောပေါက်ပြီး ရှင်းလင်းစွာ မြင်တွေ့နေပြီ ဖြစ်သည်။ ထိုလူယုတ်မာများမှာ သေသင့်သေထိုက်သူများ ဖြစ်သည်ဆိုသည်ကို။
ပိုင်ယွန့်အာသည် လှပသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မည်သူ့ထက်မဆို ပိုမို လျင်မြန်စွာ G55 ၏ ယာဉ်မောင်းဘေးခုံသို့ ဝင်ထိုင်လိုက်လေသည်။
သေနတ်ကို ကျောတွင် ပြန်လွယ်လိုက်ပြီးနောက် ချန်ရှောက်ရယ်က ချူဟန်၏ ဘေးသို့ လျှောက်လာခဲ့သည်။
"ဘော့စ်.. ရှင်းလင်းပြီးပါပြီ"
ချန်ရှောက်ရယ်၏ အသံကြောင့် မှင်သက်နေသူများမှာ နောက်ဆုံးတွင် သတိဝင်လာကြတော့သည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အန်ထုတ်သံများနှင့် ကြောက်ရွံ့တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
"ချူဟန်.. မင်း အရမ်း လွန်လွန်းနေပြီ"
ဟယ်ဖေးယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေသည်။
"သူတို့က လူသားတွေကွ.. ဇွန်ဘီတွေ မဟုတ်ဘူး"
ချူဟန်က သူ့ကို အေးစက်စက် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထိုအေးစက်သော အကြည့်ထဲတွင် သနားစရာကောင်းသည်ဟူသော အရိပ်အယောင် အနည်းငယ် ပါဝင်နေလေသည်။
"ခင်ဗျားက လူကောင်းတစ်ယောက်ပဲ"
"ဘာပြောတာလဲ"
ဟယ်ဖေးယွမ် တစ်ခဏမျှ တွေဝေသွားသည်။ ချူဟန်၏ ရုတ်တရက်ဆန်သော စကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်သွားသည်။
"လူကောင်းတွေက ယေဘုယျအားဖြင့် အသက်တိုတတ်ကြတယ်"
ချူဟန်က ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။ ပိန်လှီသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာမည်ဟု မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သော ခွန်အားဖြင့် ဟယ်ဖေးယွမ်၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲညှစ်ကာ လေထဲသို့ ပေါ့ပါးစွာ မြှောက်တင်လိုက်လေသည်။ ချူဟန်၏ အသံတွင် အပြုံးတစ်ခု ပါဝင်နေဆဲပင် ဖြစ်သည်။
"ပြောစမ်း.. ဟို Land Rover ကို မောင်းသွားတဲ့ ခွေးကောင်က ဘယ်သူလဲ"
"ဦးလေးဟယ်ကို လွှတ်လိုက်စမ်း"
လုဟုန်ရှန်းက ရှေ့သို့ တစ်လှမ်း တိုးလာသည်။ ချူဟန်၏ လက်ထဲမှ ဟယ်ဖေးယွမ်ကို ကယ်တင်ရန် ကြိုးစားလိုက်သည်။
ဘုတ်...
ရုတ်တရက် ထွက်ပေါ်လာသော အကြင်နာကင်းမဲ့သည့် ကန်ချက်က လုဟုန်ရှန်းကို ထိမှန်သွားတော့သည်။
ဘုန်း...
ကျယ်လောင်သော အသံကြီးနှင့်အတူ အရပ်နှစ်မီတာနီးပါးရှိသော လုဟုန်ရှန်း၏ ခန္ဓာကိုယ်ကြီးမှာ ကျောက်ခဲငယ်လေး တစ်လုံး အကန်ခံလိုက်ရသည့်အလား နောက်သို့ လွင့်စင်သွားသည်။ ကျောပြင်နှင့် လမ်းဘေးကာရံတန်းတို့ အပြင်းအထန် ရိုက်မိသွားပြီး ချက်ချင်း ပြန်မထနိုင်တော့ချေ။
ချူဟန်က ခေါင်းလှည့်မကြည့်သလို အကြည့်တစ်ချက်မျှပင် မပေးခဲ့ပေ။ အနက်ရောင် မျက်လုံးများဖြင့် မျက်မှောက်ရှိ ဟယ်ဖေးယွမ်ကိုသာ စူးစိုက်ကြည့်နေလေသည်။ အေးစက်သော အပြုံးကို ပြုံးထားလျက် လက်ချောင်းများကို အနည်းငယ် အားထည့်လိုက်သည်။
ဟယ်ဖေးယွမ်သည် ချက်ချင်းပင် အသက်ရှူမဝတော့ဘဲ မျက်နှာတစ်ခုလုံး သွေးများ စုပုံလာကာ နီရဲသွားတော့သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ချူဟန်က လက်ချောင်းများကို အနည်းငယ် ပြန်လျှော့ပေးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မြင်ရသူ၏ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးကြီးက နေရာယူထားဆဲပင် ဖြစ်သည်။
"ဒါ ခင်ဗျားကို ပေးတဲ့ နောက်ဆုံး အခွင့်အရေးပဲ"
"ကျွန်.. ကျွန်တော် ပြောပြပါ့မယ်"
ကျန်းဇို၏ အသံက ရုတ်တရက် ချူဟန်၏ အနောက်ဘက်မှ ထွက်ပေါ်လာ၏။
"ဦးလေးဟယ်ကို လွှတ်ပေးလိုက်ပါ။ သူနဲ့ ဘာမှ မဆိုင်ပါဘူး"
ဘုတ်...
ချူဟန်က ဟယ်ဖေးယွမ်ကို အညှာအတာမဲ့စွာ ပစ်ချလိုက်သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော စစ်မှုထမ်းဟောင်းကြီးမှာ တစ်ကိုယ်လုံး အရိုးများ ကျိုးကြေသွားမတတ် နာကျင်မှုကို ခံစားရင်း အပြင်းအထန် ချောင်းဆိုးနေတော့သည်။ သူ၏ ရင်ထဲတွင် ပြည့်နှက်နေသော ရှုပ်ထွေးလှသည့် ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ ခေတ်ကြီးက ပြောင်းလဲသွားခဲ့ပြီ။ အရာအားလုံးက လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များမှာ ကြောက်ရွံ့လွန်းသဖြင့် အချင်းချင်း ဖက်ကာ တုန်ရီနေကြလေသည်။ မိစ္ဆာ တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သော ချူဟန်ကို ကြည့်ရင်း မည်သူကမျှ စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။ ထိုနုနယ်သော မျက်နှာပေါက်မှာ ပုံမှန်အားဖြင့် နေရာတိုင်းတွင် တွေ့မြင်နိုင်သော တက်ကြွသည့် တက္ကသိုလ်ကျောင်းသား တစ်ဦး၏ မျက်နှာမျိုး ဖြစ်သင့်သည်။ သို့သော် အဘယ်ကြောင့်နည်း။ သူတို့အားလုံး ချူဟန်၏ အပြုံးနောက်ကွယ်တွင် ဤလောက၏ အပြစ်တရားများ မြစ်ဖျားခံရာဟု ဆိုရလောက်အောင် အကန့်အသတ်မဲ့ ကြမ်းကြုတ်ရက်စက်မှုများကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ပိုင်ယွန့်အာသည် ကားပြတင်းပေါက်ကို ချကာ ဤကြောက်မက်ဖွယ် မြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေလေသည်။ ချူဟန်ကို ကြည့်နေသော သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော အားကျမှုများ ပေါ်လွင်နေသည်။ ရက်စက်ကြမ်းကြုတ်မှုများဖြင့် လွှမ်းခြုံနေသော သူ၏ ပုံစံကို သူမ သဘောကျမိနေသည်။
ချန်ရှောက်ရယ်သည် မည်သည့် အမူအရာမျှ မပြဘဲ သေနတ်ကို ကိုင်ကာ ထိုနေရာတွင်ပင် အသင့်စောင့်နေလေသည်။ သူသည် ချူဟန်၏ လုပ်ရပ်ကို လွန်ကဲသည် ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ယင်းအစား ဤအရာကသာ ကမ္ဘာပျက်ကပ်ကြီးတွင် ရှိသင့်ရှိထိုက်သော ပုံစံဖြစ်ပြီး အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟု ယုံကြည်ထားလေသည်။ သန်မာသူသာလျှင် အာဏာအရှိဆုံး ဥပဒေဖြစ်သည်။
ချူဟန်သည် ကျန်းဇို အနီးသို့ ချဉ်းကပ်သွားပြီး တစ်မီတာခန့် အကွာတွင် ရပ်လိုက်သည်။ သွေးများဖြင့် ရွှဲနစ်နေပြီး အပြင်းအထန် တုန်ရီနေသော မျက်မှောက်မှ အမျိုးသားကို အကဲခတ်သည့်အလား ကြည့်ကာ တည်ငြိမ်စွာ စကားစလိုက်သည်။
"မြန်မြန်ပြော ငါ့မှာ အချိန်မရှိဘူး"
ကျန်းဇို တစ်ကိုယ်လုံး တုန်ခါသွားပြီး အလောတကြီး ဖြေလိုက်သည်။
"ဟို Land Rover ကို မောင်းသွားတာ ခွမ်းကျိရန်ပါ။ ရှန်ကျင်း စစ်ဒေသက ဗိုလ်ချုပ် ခွမ်းချန်ရဲ့ သားပါ။ သူက..."
"လုံလောက်ပြီ"
ချူဟန်က စကားကို ဖြတ်ပြောလိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ G55 ဆီသို့ လျှောက်သွားလေသည်။
‘ခွမ်းကျိရန်…ခွမ်းချန်ရဲ့ သား ဟုတ်လား... တိုက်ဆိုင်လိုက်တာ’
"သူ့နာမည်က ကျန်းဇိုတဲ့"
ရုတ်တရက် လော့ရှောင်ရှောင်၏ ချွေးများကို ညင်သာစွာ သုတ်ပေးနေသော ရှန်ကျိုတီက စကားစလာသည်။ သူမသည် မီးဖွားရာတွင် အသုံးပြုခဲ့သော ကားကို လက်ညှိုးထိုးပြလိုက်သည်။ "လော့ရှောင်ရှောင် ခွမ်းကျိရန်ရဲ့ ကားနဲ့တိုက်ခံရတာက အဲ့ဒီကားထဲမှာရှိတဲ့ ကိုယ်ဝန်ဆောင်ကို ကယ်ဖို့ ကြိုးစားရင်း ဖြစ်သွားတာ။ သူတို့က ကျန်းဇိုရဲ့ မိန်းမနဲ့ ကလေးပဲ"
"မင်းပြောချင်တာက ဒီကျန်းဇိုဆိုတဲ့ ကောင်လည်း ပတ်သက်နေတယ်ပေါ့"
ချူဟန် ခြေလှမ်းများ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ဖုံးကွယ်၍ မရနိုင်သော ဒေါသများ တဟုန်းဟုန်း တောက်လောင်နေလေသည်။
ကျန်းဇို တစ်ကိုယ်လုံးမှ သွေးများ ရုတ်တရက် ဆုတ်သွားတော့သည်။
ထိုအချိန်မှာပင်…
ဂျောက်...
မီးဖွားရာတွင် အသုံးပြုခဲ့သော ကားတံခါး ရုတ်တရက် ပွင့်လာပြီး ဖြူရော်နေသော အမျိုးသမီး တစ်ဦးက ကားတံခါးကို တွယ်ဖက်လျက် ဆင်းလာသည်။ သူမ၏ အဝတ်အစားများမှာ သွေးများဖြင့် ပေကျံနေဆဲဖြစ်ပြီး အချိန်မရွေး လဲကျသွားတော့မည့်အလား အားနည်းနေလေသည်။
"ဘာလို့ အပြင်ထွက်လာတာလဲ"
ကျန်းဇိုက ချွေးသီးချွေးပေါက်များ ကျလျက် အော်ဟစ်လိုက်သည်။
"မြန်မြန် အထဲ ပြန်ဝင်လေ"
"တောင်းပန်ပါတယ်..."
အမျိုးသမီးက ချူဟန်ကို အသေအလဲ တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး.. ကျွန်မယောက်ျားကို မသတ်ပါနဲ့..."
ရှန်ကျိုတီက တစ်ချက် ကြည့်လိုက်ပြီး လော့ရှောင်ရှောင်ကို ပွေ့ချီကာ အဖြူရောင် ကုန်တင်ကားထဲသို့ ခေါ်သွားလိုက်သည်။ ထို့နောက် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"စောစောက ချန်ရှောက်ရယ် သတ်လိုက်တဲ့ ကောင်တွေကို ကျန်းဇိုက တားပေးထားတာ။ ပြီးတော့ အဲ့ဒီ ကိုယ်ဝန်ဆောင်က လော့ရှောင်ရှောင် အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တဲ့သူလေ... မသတ်ပါနဲ့တော့။”
အခန်း (၁၁၈) ငါနဲ့မဆိုင်ဘူး
"အော်..."
ချူဟန်၏ မျက်ဝန်းများအတွင်း ကိန်းအောင်းနေသော သတ်ဖြတ်လိုစိတ်များ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ မျက်မှန်ကွဲနေသော ကျန်ဇိုကို သူက တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။
"မင်းလုပ်ခဲ့တာတွေက ငါ့အတွက်တော့ သိပ်အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန် ငါတို့ ပြန်တွေ့ကြတဲ့အခါ တစ်ခုခု တောင်းဆိုခွင့်ပေးမယ်။ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"
ချူဟန်က တတ်နိုင်သမျှ သို့မဟုတ် ဖြစ်နိုင်ရင် ဟူသော စကားလုံးများကို မသုံးဘဲ ဖြည့်ဆည်းပေးမည် ဟုသာ မောက်မာစွာ ပြတ်ပြတ်သားသား ဆိုလိုက်သည်။ ဤသည်မှာ သူ၏ ရင်တွင်းနက်ရှိုင်းရာ၌ ကိန်းအောင်းနေသော ရည်မှန်းချက်ကြီးမားမှုနှင့် ရူးသွပ်မှုတို့ကို အထင်းသား ပေါ်လွင်သွားစေသည်။
သူသည် သိုသိုသိပ်သိပ်နေတတ်သူ၊ အားနည်းဟန်ဆောင်တတ်သူမျိုး မဟုတ်ပေ။ လိုချင်သည့်အရာကို အမြဲတမ်း တိုက်ရိုက် လုယူတတ်သည်။ အတိတ်ဘဝက ထိုသို့ဖြစ်ခဲ့လျှင် ယခုဘဝတွင်လည်း ထိုထက်ပို၍ တိုက်ရိုက်ဆန်ဆန်၊ ထိုထက်ပို၍ မောက်မာစွာ ရှင်သန်သွားမည်သာ ဖြစ်သည်။
ချူဟန်၏စကားကြောင့် ကျန်းဇိုနှင့် သူ၏ဇနီးဖြစ်သူတို့မှာ ဆွံ့အသွားကြသည်။ သူတို့က ချူဟန်၏ မျက်ဝန်းများထဲမှ အကန့်အသတ်မဲ့ ရည်မှန်းချက်များကို ရှင်းလင်းစွာ ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။ ကျန်းဇို၏ စိတ်ထဲ၌ အစွန်းရောက်သော အတွေးနှစ်ခု ရုတ်တရက် ပေါ်လာသည်။ ဤလူငယ်သည် အနာဂတ်တွင် စစ်မှန်သော ရူးသွပ်သူတစ်ဦး ဖြစ်လာမည် သို့မဟုတ် ခေတ်တစ်ခေတ်ကို လွှမ်းမိုးမည့် အရှင်သခင်တစ်ပါး ဖြစ်လာမည်ဟူ၍ ဖြစ်သည်။
စကားဆုံးသည်နှင့် ကျန်းဇို၏ တုံ့ပြန်မှုကို အမှုမထားဘဲ ချူဟန် လှည့်ထွက်လာခဲ့သည်။ ထို့နောက် အကြောက်လွန်ကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ယွီရှင်း အနီးသို့ လျှောက်သွားလိုက်ပြီး…
"စောစောက ဆေးမလောက်ဘူးဆို"
"ဟုတ်တယ်"
ဘာကြောင့် ဤသို့မေးသည်ကို နားမလည်သော်လည်း ယွီရှင်းက မသိစိတ်အလျောက် ခေါင်းညိတ်ပြလိုက်သည်။
"စစ်ဆရာဝန်"
ချူဟန်၏ လေသံက ပြတ်သားလှသည်။ ထိုမိန်းမကို အကဲခတ်သလို အထက်အောက် ကြည့်ရင်း သူ မျက်လုံးကျဉ်းလိုက်သည်။ ယွီရှင်း၏ တုံ့ပြန်မှုကို စောင့်မနေဘဲ ဘေးနားရှိ ရှန်ကျိုတီကို မေးငေါ့ပြလိုက်သည်။
"အဲဒီမိန်းမကို ခေါ်သွား"
ယွီရှင်း တစ်ခဏမျှ ကြက်သေသေသွားသော်လည်း ချက်ချင်း သဘောပေါက်သွားသည်။ ချူဟန်က သူမကို ပြန်ပေးဆွဲကာ လော့ရှောင်ရှောင်၏ ကိုယ်ပိုင်ဆရာဝန်အဖြစ် အသုံးချရန် ရည်ရွယ်နေခြင်းပင် ဖြစ်သည်။
"ရှင်တို့နောက်ကို လိုက်မသွားနိုင်ဘူး"
ယွီရှင်းက ချက်ချင်း ပယ်ချလိုက်သည်။
"ကျွန်မက ရှင့်ရဲ့ ကိုယ်ပိုင်ဆရာဝန် မဟုတ်ဘူး။ ဒီအဖွဲ့ထဲမှာ လူတွေအများကြီး ကျန်သေးတယ်... ကျွန်မမှာ သူတို့အတွက် တာဝန်ရှိတယ်"
G55 ကားဆီသို့ သွားနေသော ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ မျက်နှာအမူအရာက အလွန်အမင်း အေးစက်နေပြီး ရက်စက်ကြမ်းကြုတ်လှသော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။
"အဲဒီကောင်တွေရဲ့ အသက်က ငါနဲ့ ဘာဆိုင်လို့လဲ"
ချူဟန်၏ ကရုဏာကင်းမဲ့လှသော စကားကြောင့် ထိုနေရာရှိ လူအားလုံး ကျောချမ်းသွားကြပြန်သည်။ တစ်ချိန်တည်းမှာပင် ချူဟန်၏ စရိုက်ကို အပြည့်အဝ နားလည်သွားကြတော့သည်။ သူသည် မိမိလူ ကိုသာ ကာကွယ်မည်။ ကျန်သည့်သူများမှာ လူဖြစ်စေ၊ ဇွန်ဘီဖြစ်စေ သူ၏ အမြင်တွင် အရေးပါမည်မဟုတ်ပေ။
"ကျိုတီ... အဲဒီမိန်းမကို ခေါ်ခဲ့"
ရှန်ကျိုတီကို အမိန့်ပေးပြီးနောက် ချူဟန်က နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ G55 ကား၏ ယာဉ်မောင်းခုံသို့ ဝင်ထိုင်ကာ တံခါးပိတ်လိုက်သည်။ တစ်ချက်လေးပင် ပြန်လှည့်မကြည့်တော့ဘဲ အင်ဂျင်ကို နှိုးလိုက်တော့သည်။
ရှန်ကျိုတီက ခေါင်းအသာညိတ်ပြပြီး ယွီရှင်းထံသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။ ချန်ရှောက်ရယ်ကဲ့သို့ပင် သူမသည်လည်း ချူဟန်၏ အမိန့်ကို တုံ့ဆိုင်းခြင်းအလျဉ်းမရှိ အကောင်အထည်ဖော်ရန် ပြင်နေသည်။
ဟယ်ဖေးယွမ်နှင့် အဝေးတစ်နေရာမှ သတိပြန်ရလာခါစဖြစ်သော လူဟုန်ရှန်းတို့မှာ အံ့အားသင့်သွားကြသည်။ ယွီရှင်းသည် အားနည်းသော မိန်းမတစ်ယောက် မဟုတ်ပေ။ သို့ပါလျက် ချူဟန်က ကိုယ်တိုင် မဖမ်းဘဲ ပိန်ပါးလှပသော ရှန်ကျိုတီကို တာဝန်ပေးလိုက်သည်တဲ့လား။
ယွီရှင်း၏ အကြည့်တို့က ရှန်ကျိုတီ၏ ဆွဲဆောင်မှုရှိသော ရုပ်သွင်ပေါ်သို့ ကျရောက်သွားသည်။ စစ်ဆရာဝန်မလေး၏ ရင်ထဲတွင် သက်သာရာရမှုတစ်ခု အလိုအလျောက် ပေါ်ပေါက်လာသည်။
'တော်သေးတာပေါ့... သာမန်မိန်းမတစ်ယောက်မို့လို့'
ယွီရှင်းက ကိုယ့်အရည်အချင်းကို ကောင်းကောင်းသိသည်။ သာမန်ဆရာဝန် မဟုတ်ဘဲ စစ်တပ်ထဲတွင် လေ့ကျင့်မှုများ ခံယူထားသူဖြစ်ရာ သာမန်မိန်းမတစ်ယောက်ကိုတော့ အေးဆေး နှိမ်နင်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် မိမိထံ လျှောက်လာသော ရှန်ကျိုတီကို လှမ်းဖမ်းကာ ချုပ်ထားရန် အားကုန်သုံး၍ လက်ကို ဆန့်ထုတ်လိုက်သည်။
ယွီရှင်း၏ လှုပ်ရှားမှုက အလွန်လျင်မြန်လှသည်။ ဘေးမှ စောင့်ကြည့်နေသော စစ်မှုထမ်းဟောင်း ဟယ်ဖေးယွမ်ပင်လျှင် စိတ်ထဲမှ ချီးကျူးသွားရသည်အထိပင် ဖြစ်သည်။ ဤမိန်းကလေးသည် ယခင်က စစ်တပ်တွင် တော်တော်လေး လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်ရမည်။
သို့သော် ယွီရှင်း လက်လှမ်းလိုက်သည့် အခိုက်အတန့်မှာပင်။
ဖတ်...
အရာအားလုံးက တစ်ခဏချင်းအတွင်း ဖြစ်ပျက်သွားသည်။ ယွီရှင်း၏ လက်ကောက်ဝတ်ကို ကြောက်မက်ဖွယ် အားအင်တစ်ခုက ဖမ်းဆုပ်လိုက်သဖြင့် သူမ၏ခန္ဓာကိုယ်မှာ ရှေ့သို့ ယိုင်ကျသွားတော့သည်။ မည်သို့မည်ပုံ ဖြစ်သွားသည်ကိုပင် မသိလိုက်ရဘဲ သူမ၏လက်နှစ်ဖက်စလုံး ကျောနောက်သို့ ရောက်ရှိသွားကာ လှုပ်ရှား၍မရအောင် ဖိချုပ်ခြင်း ခံလိုက်ရပြီဖြစ်သည်။
သူမ သတိဝင်လာချိန်၌ ရှန်ကျိုတီ၏ ချုပ်နှောင်မှုအောက်သို့ အပြည့်အဝ ကျရောက်သွားပြီဖြစ်သည်။ ရှန်ကျိုတီမှာ အရပ်မရှည်လှဘဲ သွယ်လျသော ကိုယ်ခန္ဓာရှိကာ အနည်းငယ် အားသုံးလိုက်ရုံဖြင့် ကျိုးသွားနိုင်လောက်အောင် ပိန်ပါးသော လက်မောင်းများ ပိုင်ဆိုင်ထားသည်။ ထိုသို့သော မိန်းမက ယွီရှင်းကို လက်တစ်ဖက်တည်းဖြင့် ချုပ်နှောင်လိုက်သည့် မြင်ကွင်းမှာ လွန်စွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ကွမ်းယွီရှင်းသည် သာမန်ဆရာဝန် မဟုတ်ကြောင်း လူတိုင်း သိထားသောကြောင့်ပင် ဖြစ်သည်။
လူအုပ်ကြီးကြားတွင် အံ့ဩတုန်လှုပ်မှုများက လှိုင်းလုံးတစ်လုံးပမာ ထပ်မံရိုက်ခတ်သွားပြန်သည်။
လူတိုင်း၏ အမြင်တွင် ရှန်ကျိုတီသည် ချူဟန်၏ အဖွဲ့ထဲ၌ အားအနည်းဆုံးသူ ဖြစ်သည်။ အေးစက်သော ပိုင်ယွန့်အာနှင့် မတူဘဲ ရှန်ကျိုတီက နေရာတကာတွင် တွေ့ရတတ်သော သာမန်မိန်းမတစ်ယောက်နှင့်သာ တူသည်။ ငိုတတ်၊ ရယ်တတ်၊ ဒေါသထွက်တတ်ပြီး လော့ရှောင်ရှောင်ကို ကြည့်သည့် အကြည့်များကလည်း အလွန် ကြင်နာယုယမှု ရှိလှသည်။ လူတိုင်းက သူမကို ချူဟန်ဘေးရှိ အလှပြရုပ် သက်သက်ဟုသာ ထင်မှတ်ထားခဲ့ကြသည်။
သို့ပါလျက် စစ်သားဖြစ်သော ရှန်ကွမ်းယွီရှင်းကို မျက်စိတစ်မှိတ်အတွင်း နှိမ်နင်းလိုက်သည်တဲ့လား။ ယွီရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နိမ့်ကျမနေပေ။ သာမန် အရွယ်ရောက်ပြီး ယောကျ်ားတစ်ယောက်ထက်ပင် သန်မာသေးသည်။ သူမက ဆရာဝန်သက်သက် မဟုတ်ဘဲ ထူးချွန်သော စစ်သည်တစ်ဦး ဖြစ်သည်လေ။
သို့သော် ယခုအခါ မထင်မှတ်ထားသော မြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြသည်။ ယွီရှင်းမှာ ရှန်ကျိုတီ၏ လက်အောက်တွင် လွယ်လွယ်ကူကူပင် အဖမ်းခံလိုက်ရသည်။ ကြည့်ရသည်မှာ အားနွဲ့ပုံပေါက်သော ရှန်ကျိုတီက ဤမျှ သန်မာနေသည်တဲ့လား။ ပါရမီရှင်များလား။ ချူဟန်၏ အဖွဲ့ထဲမှ လူအားလုံးက ဘီလူးသရဲဆန်လှသော ထူးမခြားနား သတ္တဝါတွေချည်းပဲလား။
စစ်သားဖြစ်သူ ဟယ်ဖေးယွမ်နှင့် ယွီရှင်းတို့မှာ အခြားသူများထက် ပို၍ တုန်လှုပ်နေကြသည်။ သူတို့နှစ်ဦး၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုက တစ်ထပ်တည်းကျနေသည်။ စောစောက ရှန်ကျိုတီ၏ လှုပ်ရှားမှုနှင့် ယွီရှင်း၏ လက်ကို ကျောဘက်သို့ လှည့်ချိုးကာ ချုပ်နှောင်လိုက်သော ကိုယ်နေဟန်ထားသည် စစ်တပ်ထဲတွင် သင်ကြားပေးသော အခြေခံအကျဆုံး ချုပ်ကွက်တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုကဲ့သို့ ပြတ်သားကျွမ်းကျင်လှသော လှုပ်ရှားမှုသည် သာမန်မိန်းမတစ်ယောက်တွင် လုံးဝမရှိနိုင်သောအရာ ဖြစ်သည်။
‘သူမလည်း... စစ်သားတစ်ယောက်ပဲလား’
"ကားပေါ်တက်"
စူးရှသော အသံနှင့်အတူ ရှန်ကျိုတီက ယွီရှင်းကို အဖြူရောင် ကုန်တင်ကားပေါ်သို့ တွန်းတင်လိုက်သည်။ ယခုအချိန်၌ သူမထံတွင် အရင်ကကဲ့သို့ အားနည်းသောပုံစံနှင့် ညည်းတွားတတ်သော အမူအရာမျိုး လုံးဝမရှိတော့ပေ။ သူမ၏ လုပ်ရပ်နှင့် ဟန်ပန်တို့မှာ ချူဟန်၏ အငွေ့အသက်များဆီသို့ တဖြည်းဖြည်း ကူးစက်လာနေပြီဖြစ်သည်။
ဘုန်း…
ယွီရှင်း ကားနောက်ခန်းထဲသို့ ပစ်လဲသွားသည်။ အခြေအနေကို နားလည်ရန် အချိန်ပင်မရလိုက်ဘဲ ကြောက်မက်ဖွယ် အရှိန်ဖြင့် ဆောင့်ထွက်သွားမှုကို ခံစားလိုက်ရ၍ လန့်ဖြန့်သွားသည်။ ကားနောက်ခန်း တံခါးလည်း မပိတ်ရသေးသလို ရှန်ကျိုတီလည်း ကားပေါ် မတက်ရသေးဘဲနှင့် ကားက ဘာလို့ ထွက်သွားရတာလဲ။
၀ူး...
အင်ဂျင်ဟိန်းသံကြီးများနှင့်အတူ G55 နှင့် အဖြူရောင် ကုန်တင်ကားတို့မှာ ရှေ့သို့ တစ်ပြိုင်နက်တည်း အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားကြလေပြီ။
လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့သွားသည့်အလား ယွီရှင်း မျက်လုံးပြူးသွားသည်။ တစ်ဖက်လူကို စိတ်ပူပေးနေရမည့် အချိန်မဟုတ်သော်လည်း ဤအရာမှာ အဓိပ္ပာယ်မရှိလွန်းလှပေ။ ချူဟန်နှင့် ချန်ရှောက်ရယ်က ရှန်ကျိုတီကို ဒီနေရာမှာပဲ ပစ်ထားခဲ့တော့မလို့လား။
သို့သော် သူမ၏ ထိုအံ့ဩမှု ပေါ်လာသည့် အခိုက်အတန့်မှာပင် ရိုက်ချိုးခံလိုက်ရသည်။
ရှပ်...
ရုတ်တရက် ကားနောက်ခန်းထဲ၌ ပေါ့ပါးသော ဆင်းသက်သံတစ်ခု ထွက်ပေါ်လာသည်။ ဆက်တိုက်ဆိုသလိုပင် ဂျိန်း ဟူသော အသံနှင့်အတူ ကားနောက်ခန်းတံခါး ပိတ်သွားသည်။ ရှန်ကျိုတီက ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် အဆင်ပြေမည့် နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီးနောက် ဘေးနားမှ တဘက်တစ်ထည်ကို တည်ငြိမ်စွာ ယူကာ လော့ရှောင်ရှောင်၏ ချွေးများကို ပြန်သုတ်ပေးနေလေသည်။ ထိုလှုပ်ရှားမှုများ တစ်ဆက်တည်း ဖြစ်ပေါ်သွားပုံမှာ စီးဆင်းနေသော ရေအလျဉ်ပမာ ချောမွေ့လွန်းလှသည်။
ယွီရှင်းမှာ အလိုအလျောက်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ရင်ထဲရှိ တုန်လှုပ်မှုနှင့် သံသယတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရှန်ကျိုတီဆိုသော ဤမိန်းမ၏ လှုပ်ရှားနိုင်စွမ်းမှာ လျှို့ဝှက်အေးဂျင့် အဆင့်အတန်းမျိုး ဖြစ်နေသည်။
‘မဟုတ်သေးဘူး... ဒါတင်မကသေးဘူး...’
ယွီရှင်းက ရှန်ကျိုတီ၏ ဘေးတိုက်မျက်နှာသွင်ပြင်နှင့် ကြီးမားသော အားအင်များ ပါဝင်နေပုံမပေါ်သည့် လက်မောင်းများကို စိုက်ကြည့်နေမိသည်။ ရှန်ကျိုတီဆိုသော မိန်းမက လျှို့ဝှက်အေးဂျင့်တစ်ဦးထက်ပင် ပို၍ သန်မာနေသေးသည်။
‘သူမက တကယ်တော့ ဘယ်သူများလဲ’
‘ဤမျှ သန်မာသော မိန်းမတစ်ယောက်နှင့် နတ်ဘုရားအဆင့် စနိုက်ပါသမား ချန်ရှောက်ရယ်တို့က ဘာကြောင့်များ ချူဟန်၏ အမိန့်ကို လုံးဝ ဖီဆန်ခြင်းမရှိ လိုက်နာနေကြရတာလဲ…ချူဟန်ဆိုတာကကော တကယ်တော့ ဘယ်သူကြီးလဲ ဒီလူတွေက တကယ်တော့ ဘယ်ကနေများ ရောက်လာကြတာလဲ’
မျက်စိတစ်မှိတ်အတွင်း ဝေးကွာသွားသော ကားနှစ်စီးကို ငေးကြည့်ရင်း လမ်းမထက်တွင် ကျန်ရစ်ခဲ့သော လူအုပ်ကြီးမှာ နောက်တစ်ကြိမ် မှင်သက် ငေးမောနေကြပြန်သည်။
စောစောက ရှန်ကျိုတီ၏ ထူးကဲလှသော စွမ်းရည်ကြောင့် သူတို့အားလုံး အသိစိတ်လွတ်မတတ် တုန်လှုပ်သွားခဲ့ရသည်။ အဖြူရောင် ကုန်တင်ကားက မောင်းထွက်နေပြီဖြစ်သော်လည်း သူမက ထိုအခြေအနေတွင်ပင် ပေါ့ပေါ့ပါးပါး ခုန်တက်သွားနိုင်ခဲ့သည်။ ရုပ်ရှင်ထဲက အေးဂျင့်တွေတောင် အဲဒီလောက် လုပ်နိုင်မှာ မဟုတ်ဘူး။
G55 ၏ ကြီးမားမြင့်မားကာ ဖိအားပေးနိုင်စွမ်းရှိသော ကိုယ်ထည်ကြီးက လေထုကို ခွဲဟပ်လျက် ရှေ့သို့ ချီတက်သွားသည်။ ယာဉ်မောင်းရန်သာ အာရုံစိုက်နေသော ချူဟန်က ယွီရှင်းနှင့် ထိုနေရာတွင် ကျန်ရစ်ခဲ့သူများ၏ စိတ်ထဲ မည်မျှ ရှုပ်ထွေးတွေးတောနေကြမည်ကို သိစရာ အကြောင်းမရှိပေ။
ချူဟန်အတွက်မူ ရှန်ကျိုတီက ထိုမျှမြန်သော ကားအရှိန်ပေါ်သို့ ခုန်တက်နိုင်ခြင်းမှာ လွန်စွာ သာမန်ဆန်လှပြီး နေ့စဉ်ကြုံတွေ့နေရသည့် ကိစ္စရပ်တစ်ခုသာ ဖြစ်နေလေတော့သည်။