← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) မလွဲမသွေ သိမ်းသွင်းရတော့မည်

ရှန်ကျိုတီ၊ ပိုင်ယွန့်အာနှင့် သတိလစ်မေ့မြောနေသော လော့ရှောင်ရှောင်။ ဤမိန်းမသုံးယောက်တွင် အသီးသီး၌ ကိုး၊ ဆယ့်သုံး၊ ဆယ့်ရှစ် ဟူသော လျှို့ဝှက်အမည်ဝှက်များ ရှိထားကြသည်။

သူတို့သည် သာမန်လူများ လုံးဝမဟုတ်ပေ။ သူတို့၏ နောက်ခံဇာစ်မြစ်မှာ ထူးခြားရုံသာမက အမျိုးသမီး အထူးတပ်ဖွဲ့ဝင်များ ဖြစ်နေခြင်းက ပို၍ အရေးကြီးသည်။ ထိုတပ်ဖွဲ့၏ အမည်မှာ နောင်ခေတ်ကာလများတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နာမည်ကျော်ကြားလာမည့် ဝံပုလွေစွယ် ပင်ဖြစ်သည်။

အစပိုင်းတွင် ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့မှာ ဝံပုလွေစွယ်တပ်ဖွဲ့ဝင်များမှန်း ချူဟန် မသိခဲ့ပေ။ အတိတ်ဘဝ ကမ္ဘာပျက်ကပ်ဆိုက်ပြီး ဆယ်နှစ်အကြာတွင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသော ပိုင်ယွန့်အာ၏ ဘေး၌ ထိုနှစ်ယောက်ကို မတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ ဖြစ်နိုင်ခြေအများဆုံးမှာ သူတို့သည် အစောပိုင်းကာလများကတည်းက အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်ပေမည်။

ပိုင်ယွန့်အာ၏ နံပါတ်မှာ ၁၃ ဖြစ်နေသည်ကို တွေးမိသောအခါမှ အဖြေက ရှင်းသွားတော့သည်။ သူတို့အားလုံး တစ်ဖွဲ့တည်းသားများ ဖြစ်ကြပြီး အဖွဲ့တွင်း နံပါတ်စဉ်များကို စွမ်းရည်အလိုက် မဟုတ်ဘဲ အသက်အရွယ်အလိုက်သာ ပေးထားခြင်း ဖြစ်ရမည်။ ထိုသို့မဟုတ်ဘဲ အရည်အချင်းအလိုက်သာ ဆိုပါက နံပါတ် ၁၃ မျှသာရသော ပိုင်ယွန့်အာက နောင်အနာဂတ် ဝံပုလွေစွယ်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာစရာ အကြောင်းမရှိပေ။

အနည်းငယ် ထူးခြားသည်မှာ ဖွဲ့စည်းစ ဝံပုလွေစွယ်တပ်ဖွဲ့တွင် အမျိုးသမီးများသာ ရှိပြီး အရန်တပ်ဖွဲ့ဝင်အဆင့်သာ ရှိသေးခြင်းဖြစ်သည်။ ထိုသုံးယောက်၏ အသက်အရွယ်ကို ကြည့်ရုံဖြင့် သူတို့မှာ တရားဝင် တပ်ဖွဲ့ဝင်များ မဖြစ်သေးကြောင်း သိသာလှသည်။

ပို၍ ထူးခြားချက်မှာ ဤတပ်ဖွဲ့ဝင်များသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူညီသော နယ်ပယ်များတွင် အသီးသီး ကျွမ်းကျင်နေကြခြင်းပင် ဖြစ်သည်။ သူတို့၏ စွမ်းရည်များမှာ နယ်ပယ်စုံလင်ပြီး တာဝန်ခွဲဝေမှုမှာလည်း ရှင်းလင်းပြတ်သားလှသည်။

ဥပမာအားဖြင့် အသက် ၁၂ နှစ်သာ ရှိသေးသော လော့ရှောင်ရှောင်ကို ကြည့်လျှင် သိနိုင်သည်။ သူမ၏ အစွမ်းအစမှာ တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ဘဲ နတ်ဘုရားတစ်ပါးပမာ လျင်မြန်ဖြတ်လတ်လှသော လက်ချောင်းလေးများပင် ဖြစ်သည်။ သူမနှင့် ပထမဆုံး စတင်တွေ့ဆုံစဉ်ကတည်းက ပုံမှန်မဟုတ်ဘဲ အလွန်အမင်း သွက်လက်နေသော သူမ၏ လက်လှုပ်ရှားမှုများကို ချူဟန် သတိထားမိခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ရှန်ကျိုတီ ရှိနေသည်။ လှပဆွဲဆောင်မှုရှိကာ အချိုးအစား ပြေပြစ်လှသော သူမ၏ တာဝန်မှာ သူလျှို ဖြစ်လိမ့်မည်ဟု ချူဟန် ခန့်မှန်းထားသည်။

သို့သော်လည်း လက်ရှိ ချူဟန်၏ အဖွဲ့ထဲတွင် သူမ၏ နေရာက အမှေးမှိန်ဆုံး ဖြစ်နေသည်မှာလည်း အမှန်ပင်။ ချူဟန်၏ အကြမ်းပတမ်း တိုက်ရိုက်ရှင်းလင်းတတ်သော လုပ်ရပ်များရှေ့တွင် သတင်းယူခြင်း၊ တိတ်တဆိတ် ဝင်ရောက်ခြင်းစသည့် သူလျှိုပညာရပ်များမှာ အသုံးမဝင်သော အရာများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

ချူဟန် သိထားသလောက်ဆိုလျှင် ဝံပုလွေစွယ်တပ်ဖွဲ့မှာ တရားဝင် ဖွဲ့စည်းထားခြင်း မရှိသေးသော်လည်း အထက်လူကြီးများက မျှော်လင့်ချက် ကြီးကြီးမားမား ထားသည့် အဖွဲ့အစည်း ဖြစ်သည်။ ဤအဖွဲ့ဝင်များ၏ အမှန်တကယ် နောက်ခံအဆင့်အတန်းများကို တွေးကြည့်လျှင် ခန့်မှန်းရ မခက်ခဲပေ။ လော့ရှောင်ရှောင် တစ်ယောက်တည်း၏ အသက်အတွက်နှင့်ပင် အခြား အထူးတပ်ဖွဲ့တစ်ခုလုံးကို အစောင့်အရှောက်အဖြစ် စေလွှတ်ပေးရသည်အထိ အရေးပါလှသည်။

သို့ရာတွင် ကမ္ဘာပျက်ကပ်ဆိုက်ပြီးနောက် ဝံပုလွေစွယ်တပ်ဖွဲ့၌ မည်သို့သော ကိစ္စများ ဖြစ်ပျက်ခဲ့မှန်း မည်သူမျှ မသိရချေ။ တပ်ဖွဲ့ဝင်များမှာ မျက်စိတစ်မှိတ်အတွင်း လူအနည်းငယ်မျှသာ ကျန်ရစ်သည်အထိ အလျင်အမြန် လျော့ကျသွားခဲ့ကာ အဖွဲ့အစည်းကြီးတစ်ခုလုံးမှာလည်း တဖြည်းဖြည်း အားနည်းယုတ်လျော့လာပြီး လူရာမဝင်တော့ဘဲ မေ့ပျောက်ခံလိုက်ရတော့သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် ဝံပုလွေစွယ် ဟူသော အမည်နာမက တစ်ကျော့ပြန် ဟိန်းဟောက်လာခဲ့ပြန်သည်။ ထိုအချိန်က ခေါင်းဆောင်မှာ ယခု ချူဟန်၏ ဘေးတွင် ထိုင်နေသော ပိုင်ယွန့်အာပင် ဖြစ်သည်။ အဖွဲ့အစည်း၏ လှုပ်ရှားမှု မူဝါဒများနှင့် ရည်မှန်းချက်များမှာလည်း ယခင်နှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်ကာ ဝံပုလွေစွယ် တပ်ဖွဲ့ဝင်များထဲတွင် အမျိုးသမီးများချည်း သက်သက် မဟုတ်တော့ပေ။

ဤအရာများ အားလုံးမှာ အနာဂတ်၏ သမိုင်းကြောင်းများသာ ဖြစ်သည်။ ထိုကွက်လပ်ဖြစ်နေသော အချိန်ကာလများအတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာ တစ်ခုမျှ မကျန်ရစ်ခဲ့ချေ။ သဘာဝကျကျပင် ယခုလက်ရှိခေတ်ကာလ၌ ရှေ့ဆက်၍ မည်သို့ဖြစ်လာမည်ကို သိရှိနိုင်သူ တစ်ဦးမျှ မရှိပေ။

ယခုမူ ဤကံကြမ္မာများအားလုံးကို လက်ဝယ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးနှင့် စွမ်းရည်ရှိသူမှာ ချူဟန် တစ်ဦးတည်းသာ ရှိတော့သည်။

မူလက သေဆုံးသွားရမည့် ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့မှာ ယခုအခါ အသက်ရှင်လျက် ရှိနေကြဆဲပင် ဖြစ်သည်။ ချူဟန် ပြန်လည်မွေးဖွားလာခြင်းကြောင့် သမိုင်းအလှည့်အပြောင်းများမှာ မမြင်ရသော အဟုန်ဖြင့် လမ်းကြောင်းပြောင်းလဲစ ပြုနေပြီဖြစ်သည်။

စတီယာရင်ကို ကိုင်ထားရင်း ချူဟန်၏ နှုတ်ခမ်းထောင့်တွင် ပါးလျသော အပြုံးတစ်ခု ပေါ်လာသည်။ ဝံပုလွေစွယ် ဟူသော အဖွဲ့အစည်းကို လက်အောက်ခံအဖြစ် သိမ်းသွင်းရမည်။ ၎င်းမှာ သူ၏အဖို့ မလွဲမသွေ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

စောစောက ရှန်ကျိုတီ၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆိုရလျှင် တပ်ဖွဲ့၏ လေ့ကျင့်မှု ရလဒ်ကြောင့်ဟု မဖြစ်နိုင်ခြေ။ အရန်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သော သူမထံတွင် ထိုမျှလောက်အထိ အစွမ်းအစ မရှိနိုင်ချေ။

သူမက ထိုမျှ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ သူမကိုယ်တိုင်က ပထမအဆင့် (ကိုယ်ကာယ) ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ရှန်ကျိုတီ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ကျော်လွန်သွားခြင်းမှာ လွန်ခဲ့သော အချိန်လေးကမှ ပူပူနွေးနွေး ဖြစ်ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ လော့ရှောင်ရှောင် ကားတိုက်ခံရခြင်းက သူမအတွက် ပြင်းထန်သော တွန်းအားတစ်ခု ဖြစ်သွားခဲ့ပုံရသည်။

အစပိုင်းတွင် မည်သူမျှ သတိမထားမိခဲ့ကြပေ။ သို့သော် သူမက ယွီရှင်းကို ချုပ်နှောင်လိုက်သည့် အခိုက်အတန့်၌ ခွန်အားကြီးသူတို့တွင်သာ ရှိတတ်သော ပြင်းထန်လှသည့် သက်စောင့်စွမ်းအင် လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းကို သတိပြုမိသူမှာ ချူဟန် တစ်ယောက်တည်း မဟုတ်ချေ။ ပထမအဆင့် ခွန်အားတိုးမြှင့်သူ ဖြစ်သော ချန်ရှောက်ရယ်ကလည်း ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။

ထို့ကြောင့်ပင် ရှေ့မှ G55 ကား ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ချန်ရှောက်ရယ်လည်း တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိ လီဗာကို နင်းချလိုက်ခြင်း ဖြစ်သည်။ ချူဟန်၏ ရည်ရွယ်ချက်ကို သူ ရိပ်မိသွားကာ ရှန်ကျိုတီအနေဖြင့် ကားပေါ်သို့ အသေအချာ ခုန်တက်နိုင်မည်ဟု ယုံကြည်ထားသောကြောင့်ပင် ဖြစ်သည်။

"အဲဒီကလေး မသေနိုင်ပါဘူး"

ရုတ်တရက် ပိုင်ယွန့်အာက နှုတ်ဟလာသည်။ သူမ၏ မျက်ဝန်းများအတွင်း၌ နားလည်ရခက်သော အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။

"သေချာတာပေါ့... ငါကယ်မှာပါ"

သူမ ပြောနေသည်မှာ လော့ရှောင်ရှောင်အကြောင်း ဖြစ်ကြောင်း ချူဟန် နားလည်လိုက်သော်လည်း ထိုစကား၏ နောက်ကွယ်တွင် ဖုံးကွယ်နေသော အခြား အဓိပ္ပာယ်တစ်ခုကိုမူ သတိမထားမိခဲ့ပေ။

စနစ်၏ ပြသချက်များအရ ချူဟန်အပေါ် သစ္စာစောင့်သိသူ အရေအတွက်မှာ လူအနည်းငယ် ထပ်တိုးလာခဲ့သည်။ ကျန်းဇို သည်လည်း ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်ကာ သူ၏ သစ္စာရှိမှုအဆင့်မှာလည်း လုံးဝ နိမ့်ကျမနေချေ။

သို့ရာတွင် လက်ရှိ ချူဟန်၌ ထိုသူများကို စစ်အင်အားတစ်ခုအဖြစ် ပျိုးထောင်ပေးရန် အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် မိဘနှစ်ပါးကို ရှာဖွေတွေ့ရှိရေးမှာ သူ၏ အဓိက ဦးစားပေး လုပ်ဆောင်ရမည့် အရာဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ချန်ရှောက်ရယ်၊ လော့ရှောင်ရှောင်၊ ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့နှင့် တွေ့ဆုံခဲ့ရခြင်းမှာ လုံးဝကို တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ သို့သော် ချူဟန်အတွက် အပျော်ရွှင်ရဆုံး အရာမှာ လွန်ခဲ့သော အချိန်လေးကမှ ရှန်ကျိုတီ၏ သစ္စာရှိမှုအဆင့် ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ထိုသို့ တက်လာသည့် နှုန်းထားမှာ နှေးကွေးလှသော်လည်း အကြောင်းပြချက် ခိုင်လုံပါသည်။ ရှန်ကျိုတီ ခံယူခဲ့ရသော လေ့ကျင့်မှုများမှာ လူတွေကို ဘယ်လိုလှည့်စားရမလဲ နှင့် အမှားနဲ့အမှန်ကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ ဟူသော အချက်များအပေါ် အဓိကထား သင်ကြားပေးထားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ကို အမြဲတစေ အစွမ်းကုန် သတိထားနေခြင်းမှာ သူမ၏ နေ့စဉ်ဘဝပင် ဖြစ်လေသည်။

ထိုသို့သော မိန်းမတစ်ယောက်က တစ်လကျော်လေးအတွင်း သစ္စာရှိမှုအဆင့် ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခြင်းမှာ ချူဟန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော လူသားဆန်သည့် ဆွဲဆောင်မှုစွမ်းရည်ကို သက်သေပြနေခြင်းမှတစ်ပါး အခြားမရှိတော့ပေ။

ရှစ်ကျားကျွမ်း သို့ သွားရာ လမ်းခရီးမှာ လုံးဝ ဖြောင့်ဖြူးမနေခဲ့ပေ။ ၎င်းသည် ထုံမြို့ထက် ပို၍ကြီးမားပြီး အဆပေါင်းများစွာ ပို၍ အန္တရာယ်များသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ လမ်းခရီးတစ်လျှောက် ဇွန်ဘီအုပ်စုများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရကာ မြို့လယ်ခေါင်နှင့် နီးကပ်လာလေလေ၊ ဇွန်ဘီ အရေအတွက်မှာလည်း အဆမတန် များပြားလာလေ ဖြစ်သည်။

သို့ရာတွင် အဆင့်မြှင့်တင် ပြုပြင်ထားသော G55 ကားကြီးက ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ကြံ့ခိုင်မှုအားကို အပြည့်အဝ ထုတ်ဖော်ပြသနေသည်။

ကားကိုယ်ထည်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ချွန်ထက်သော ဓားသွားသုံးတန်းကို တပ်ဆင်ထားသည်။ သံမဏိပိုက်များကို ကားဘေးတွင် ဝရိန်ဆော်၍ တပ်ဆင်ထားပြီး ချွန်ထက်စူးရှနေသော အပိုင်းများကိုသာ အပြင်ဘက်သို့ ထုတ်ထားခြင်း ဖြစ်သည်။

ဇွန်ဘီများ အုံခဲရောက်ရှိလာတိုင်း ထိုဓားသွားသုံးတန်းက သူတို့ကို ထက်ပိုင်းဖြတ်တောက် ပစ်လိုက်ကာ ကားပြတင်းပေါက် မှန်များပေါ်သို့ မည်းနက်နေသော သွေးများ အကြိမ်ကြိမ် ပန်းထွက်လာတော့သည်။

ထို့အပြင် ပြုပြင်ထားသော ရှေ့ဘန်ဘာမှာလည်း ပို၍ ခိုင်ခံ့လာခဲ့ပြီး ထိုနေရာတွင်ပါ ချွန်ထက်သော ဓားသွားတစ်တန်း စီတန်းနေသည်။ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်ရုံဖြင့် ပြေးဝင်လာသော ဇွန်ဘီများမှာ သွေးသံရဲရဲ အသားတုံး အသားတစ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤကားကြီး၏ ကျေးဇူးကြောင့်ပင် ချူဟန်တို့အဖွဲ့မှာ အတိုတောင်းဆုံး အချိန်အတွင်း ရှစ်ကျားကျွမ်းမြို့တွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဖြူရောင် ကုန်တင်ကား၏ နောက်ခန်းထဲ၌ ယွီရှင်းနှင့် ရှန်ကျိုတီတို့ အကြားတွင် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟကြဘဲ တိတ်ဆိတ်မှုများ လွှမ်းမိုးနေခဲ့သည်။

ရှန်ကျိုတီက လော့ရှောင်ရှောင်၏ နှလုံးခုန်နှုန်းနှင့် ကိုယ်အပူချိန်ကို အချိန်မှန် စစ်ဆေးပေးနေပြီး ကျန်အချိန်များတွင် ခွန်အားများ ပြန်လည်ပြည့်ဝလာစေရန် အနားယူနေသည်။ အစမှ အဆုံးတိုင်အောင် စစ်ဆရာဝန်မလေးဘက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ချေ။

ယွီရှင်း၏ ခိုင်မာသော စိတ်ဓာတ်ခွန်အားအရ ဆိုလျှင် ဤသို့ အဖက်မလုပ်ဘဲ လျစ်လျူရှုခံရခြင်းမှာ ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်ပေ။ သို့သော် သူမ၏ စိတ်ထဲတွင် ချူဟန်တို့အဖွဲ့အကြောင်းကို အလွန်အမင်း သိချင်နေမိသလို တစ်ချိန်တည်းမှာပင် ကြောက်ရွံ့ထိတ်လန့်နေမိသည်။

ချူဟန်ကို လူကောင်းတစ်ယောက်ဟု မဆိုနိုင်ပေ။ သို့သော် ခွမ်းချန်လောက် ရက်စက်ယုတ်မာမည့်သူဟုလည်း သူမ မထင်မိချေ။ အနည်းဆုံးတော့ အပြစ်ကင်းမဲ့သူများကို အန္တရာယ်ပြုမည့်သူမျိုး မဟုတ်ပေ။

"ဟိုလေ... ချူဟန်ဆိုတဲ့ လူက..."

နောက်ဆုံးတွင်တော့ ယွီရှင်း စကားစလိုက်သည်။ သို့သော် တကယ်တမ်း မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်တွင် စကားများ ဆို့နင့်သွားကာ တစ်ခဏမျှ တွေဝေသွားပြီးနောက် ဤမေးခွန်းကိုသာ ညှစ်ထုတ်မေးလိုက်မိတော့သည်။

"သူ့အသက်က ဘယ်လောက်ရှိပြီလဲ"

ရှန်ကျိုတီက ဖုံးကွယ်ထားခြင်းအလျဉ်းမရှိဘဲ ထူးဆန်းသော အရာတစ်ခုကို ကြည့်လိုက်သည့်အလား သူမကို လှမ်းကြည့်လာသည်။

"ရည်းစား ရှာနေတာလား"

"ရှင်... အာ... မဟုတ်ပါဘူး"

ယွီရှင်း တစ်ခဏမျှ ဆွံ့အသွားပြီးနောက် အနေခက်စွာဖြင့် မျက်နှာတစ်ခုလုံး ချက်ချင်း နီမြန်းသွားသည်။ မှန်ပေသည်။ သူမ၏ မေးခွန်းက အနည်းငယ် အထင်လွဲစရာ ကောင်းနေခဲ့သည် မဟုတ်ပါလား။

"တကယ်လို့ ဒီကလေးသာ နိုးနေမယ်ဆိုရင်လေ... သေချာပေါက် ဒီလိုပြောမှာ... "

ရှန်ကျိုတီက လော့ရှောင်ရှောင်ကို လက်ညှိုးထိုးပြရင်း မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။

" အိပ်မက် မက်မနေစမ်းပါနဲ့... ချူဟန်က နင့်ကို အဖက်လုပ်မှာ မဟုတ်ဘူး...ဆိုပြီးတော့လေ... "

အခန်း (၁၂၀) သူက ပြဿနာကို ကြောက်ရွံ့တတ်သူမျိုး မဟုတ်

ယွီရှင်း စကားဆို့နင့်သွားသည်။

အဖက်လုပ်မှာ မဟုတ်ဘူး တဲ့လား။ ထိုစကားက လူတစ်ယောက်၏ မာနကို အတော်လေး ထိခိုက်စေနိုင်စွမ်း ရှိသည်။ သူမက စစ်တပ်ထဲတွင် တပ်ခွဲတစ်ခုလုံး၏ အလှပဂေးလေး ဖြစ်ပြီး စစ်သားတိုင်းက သူမအပေါ် စိတ်ကူးယဉ် အိပ်မက်လေးတွေ မက်ခဲ့ကြဖူးသူ မဟုတ်ပါလား။ ထိုသို့သော အခြေအနေမျိုးတွင် ရှန်ကျိုတီ ၏ ပါးစပ်မှ အဖက်လုပ်မည် မဟုတ် ဟူသော စကားကို ကြားလိုက်ရသည်ကား လွန်စွာ ရင်နာစရာ ကောင်းလှသည်။

ရှန်ကျိုတီက သတိလစ်မေ့မြောနေသော လော့ရှောင်ရှောင်ကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။ "ဒီကလေးရဲ့ မျက်လုံးထဲမှာတော့ ချူဟန်က အရာရာပါပဲ"

"ဟင်း..."

ယွီရှင်းက ခပ်ဟဟလေး ရယ်မောလိုက်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုကိစ္စအတွက် သူမ သိပ်ပြီး ဂရုမစိုက်လှပေ။ သူမအတွက်မူ မိမိ၏ တာဝန်ဝတ္တရားကသာ အရေးအကြီးဆုံး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း ဤသူများက ဘာကြောင့် ချူဟန်၏ အမိန့်ကို လုံးဝ ဖီဆန်ခြင်းမရှိ လိုက်နာနေကြသနည်း၊ လော့ရှောင်ရှောင်သည်လည်း ထိုမျှ အန္တရာယ်ကြီးမားလှသော အခြေအနေမျိုးတွင်ပင် ချူဟန်က သူမကို မှာကြားခဲ့သော ကိစ္စလေးတစ်ခုကို ဘာကြောင့် အသက်ပေး၍ ကာကွယ်ခဲ့သနည်း ဆိုသည်ကိုတော့ သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေမိသည်။

စစ်ဆရာဝန်မလေးက နောက်မှီကို မှီချလိုက်ပြီး အကဲစမ်းသည့် လေသံလေးဖြင့် မေးလိုက်သည်။

"သူက အသက်နှစ်ဆယ်ကျော်လေးပဲ ရှိဦးမှာမလား။ ရှင်တို့ကလည်း ငယ်ငယ်ရွယ်ရွယ်လေးတွေပဲ ရှိသေးတယ်ဆိုတော့ ကျောင်းသားတွေများလား"

ရှန်ကျိုတီက သူမကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး ဘာမှ ပြန်မဖြေခဲ့ချေ။ ထိုစဉ် အဖြူရောင် ကုန်တင်ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီး အပြင်ဘက်မှ ချူဟန်၏ အသံ ထွက်ပေါ်လာသည်။

"ဆင်းကြ"

ဘုန်း...

ကုန်တင်ကား၏ ယာဉ်မောင်းခန်း တံခါးကို ချန်ရှောက်ရယ်က အားပါပါဖြင့် ကန်ဖွင့်လိုက်သည်။ ရှန်ကျိုတီကလည်း ချက်ချင်းဆိုသလိုပင် ကားနောက်ခန်း တံခါးကို ဆွဲဖွင့်လိုက်ပြီး ယွီရှင်းကို သတိပေးရန် မမေ့ခဲ့ပေ။

"အပိုတွေ တွေးပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့။ ခိုင်းတဲ့အတိုင်းသာ လုပ်"

ယွီရှင်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

'ရှင်တို့အားလုံးက အဲဒီလောက်တောင် သန်မာနေမှတော့ ကျွန်မက ဘာလုပ်နိုင်ဦးမှာလဲ'

ထို့အပြင် အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို အန္တရာယ်ပေးရလောက်အောင်အထိလည်း သူမ စိတ်ဓာတ်မအောက်တန်းကျသေးပေ။ ပို၍ အရေးကြီးသည်မှာ ချူဟန်က အာဏာရှင်ဆန်လွန်းနေသဖြင့် သူမအနေဖြင့် ဖီဆန်ချင်လျှင်ပင် ဖီဆန်နိုင်စွမ်း မရှိချေ။ ရင်တွင်းဖြစ်ကို ဖွင့်ဟရလျှင်တော့ သူမ အလွန်အမင်း ထွက်ပြေးချင်နေမိသည်မှာ အမှန်ပင် ဖြစ်သည်။

လူအနည်းငယ် ကားပေါ်မှ အသီးသီး ဆင်းလာကြပြီး လော့ရှောင်ရှောင်ကိုလည်း ဂရုတစိုက် သယ်ဆောင်လာခဲ့ကြသည်။ ကားနှစ်စီး ရပ်တန့်သွားသော နေရာမှာ ကားများစွာ စည်းကမ်းမဲ့ ရပ်နားထားသော ကျယ်ဝန်းသည့် ကွင်းပြင်ကြီးတစ်ခု ဖြစ်သည်။ ဤနေရာသည် ယာဉ်ရပ်နားကွင်းတစ်ခု ဖြစ်ပြီး မျက်နှာချင်းဆိုင်တွင် ကြီးမားသော စူပါမားကတ်ကြီးတစ်ခု ရှိသည်။ စူပါမားကတ်နှင့် သိပ်မဝေးလှသော နေရာတွင် မြင့်မားသော အဆောက်အအုံကြီးတစ်ခုကို လှမ်းမြင်နေရကာ ထိုအပေါ်၌ စာလုံးကြီးများဖြင့် ရှင်းလင်းပြတ်သားစွာ ရေးထိုးထားသည်ကို တွေ့ရသည်။

ရှစ်ကျားကျွမ်း တတိယဆေးရုံ…

လော့ရှောင်ရှောင်၏ ဒဏ်ရာကြောင့် သူတို့အနေဖြင့် ဆေးရုံသို့ အမြန်ဆုံးသွားကာ ဆေးဝါးများ ရှာဖွေရန် လိုအပ်နေသည်။ သို့သော် ထိုသို့မသွားမီ သူမကို ဘေးကင်းလုံခြုံသော နေရာတစ်ခုတွင် ဦးစွာ ထားခဲ့ရမည်။ ဆေးရုံသည် အခြားနေရာများနှင့် မတူဘဲ မည်သည့်ခေတ်ကာလတွင်မဆို လူအဝင်အထွက် အများဆုံး နေရာတစ်ခု ဖြစ်ရာ ဇွန်ဘီ အရေအတွက်မှာလည်း ၎င်းနှင့်အချိုးကျ များပြားနေမည်မှာ သေချာသည်။ သူတို့ရှေ့ရှိ ကြီးမားသော စူပါမားကတ်ကြီးမှာမူ ချူဟန် ရွေးချယ်ထားသော ဘေးကင်းရာ နေရာတစ်ခုပင် ဖြစ်သည်။

ယာဉ်ရပ်နားကွင်းရှိ ကားများမှာ ပုံမှန်မဟုတ်လောက်အောင် ရှုပ်ပွနေပြီး ကားကိုယ်ထည်များပေါ်တွင် ဇွန်ဘီအုပ်ကြီး ဖြတ်သန်းသွားပြီးနောက် ကျန်ရစ်ခဲ့သည့်အလား ခြစ်ရာများစွာ အထင်းသား ပေါ်လွင်နေသည်။ မြေပြင်ပေါ်တွင်လည်း အမှိုက်သရိုက်များ ပြန့်ကျဲနေကာ အမှိုက်ပုံကြီးတစ်ခုပမာ ဖြစ်နေသည်။

"တော်တော် ရှုပ်ပွနေတာပဲ... ဘယ်သူမှ ရှိမယ့်ပုံ မပေါ်ပါဘူး"

ချန်ရှောက်ရယ်က မှတ်ချက်ချလိုက်သည်။

"မဟုတ်ဘူး... လူရှိတယ်"

ချူဟန်က ကွဲပြားသော အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"အာ... ဟုတ်တာပေါ့... လူရှိတယ်ဗျ"

ချန်ရှောက်ရယ်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။ ချူဟန်က ဘာကြောင့် ဤသို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သနည်းဆိုသည်ကို သူ လုံးဝ နားမလည်သော်လည်း ချူဟန်အပေါ် အကြွင်းမဲ့ ယုံကြည်မှုကြောင့် ထိုစကားကို အပြည့်အဝ လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ ဘော့စ်က လူရှိသည်ဟု ဆိုလျှင် ရှိရမည်သာ။ ဘာအကြောင်းပြချက်မှ ရှိစရာမလို၊ ဘော့စ်ပြောသမျှကသာ အမြဲတမ်း အမှန်တရား ဖြစ်သည်။

ဘေးနားရှိ စစ်ဆရာဝန်မလေး ယွီရှင်းမှာ အံ့ဩသွားပြီး မျက်နှာလွှဲလိုက်ကာ စိတ်ထဲမှနေ၍ ချန်ရှောက်ရယ်ကို ငတုံးကြီး ဟု သမုတ်လိုက်သည်။ ထိုမျှ နတ်ဘုရားတစ်ပါးပမာ သေနတ်ပစ်စွမ်းရည်မျိုး ပိုင်ဆိုင်ထားပါလျက် ချူဟန်၏ လက်အောက်ငယ်သားအဖြစ် နေထိုင်ရုံသာမက ကိုယ်ပိုင် အမြင်ဟူ၍လည်း မရှိချေ။ ချူဟန် ပြောသမျှကို မျက်ကန်းယုံကြည်နေခြင်းသာ ဖြစ်သည်။ ဒါကို ငတုံးကြီးလို့ မခေါ်ရင် ဘာလို့ ခေါ်ရမလဲ။

ယွီရှင်းသည် စောစောက တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း သားဖွားယာဉ်ပေါ်၌ ကလေးမွေးဖွားသည့် လုပ်ငန်းစဉ်တွင် ပါဝင်နေခဲ့သဖြင့် ချူဟန်က ပုဆိန်ကြီးကို ကိုင်ဆောင်ကာ ဇွန်ဘီအုပ်ကြီးကို တစ်ကိုယ်တော် နှိမ်နင်းခဲ့သည့် ကြောက်မက်ဖွယ် မြင်ကွင်းကို မမြင်တွေ့ခဲ့ရချေ။ ထို့နောက်တွင်လည်း ကားတိုက်ခံရသော လော့ရှောင်ရှောင်ကို အသက်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရသဖြင့် ချူဟန်က ထိုအစွမ်းထက်လှသော ဒုတိယအဆင့် ဇွန်ဘီကြီးနှင့် အသေအကြေ တိုက်ခိုက်ခဲ့သည်ကို လုံးဝ မသိရှိခဲ့ရပေ။

ထို့ကြောင့်ပင် ဤစစ်ဆရာဝန်မလေး၏ စိတ်ထဲတွင် ချူဟန်အား ထိုမျှလောက် အစွမ်းထက်သူဟု မထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းအစား ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီကဲ့သို့ စွမ်းရည်ရှိသူများက ချူဟန်ကို အထင်ကြီး လေးစားနေကြခြင်းမှာ နှမြောစရာကောင်းပြီး နားလည်ရခက်သော ကိစ္စတစ်ခုဟုသာ ယူဆနေမိသည်။

"ဒီမှာ ဘယ်သူမှ မရှိဘူး"

ယွီရှင်းက ချူဟန်ကို မျက်ကန်းယုံကြည်ရန် လုံးဝ စိတ်ကူးမရှိဘဲ ရှေ့ရှိ ကွင်းပြင်ကို လက်ညှိုးထိုးပြကာ သုံးသပ်ပြလေသည်။

"အဲဒီ ပြန့်ကျဲနေတဲ့ အမှိုက်တွေကို ကြည့်ရတာ လေပြင်းတိုက်သွားတာ ဒါမှမဟုတ် ဇွန်ဘီအုပ်ကြီး ဖြတ်သွားပြီးတဲ့ အခြေအနေနဲ့ပဲ တူတယ်။ ပြီးတော့ ကားတွေ ရပ်ထားတာကလည်း ကမောက်ကမတွေချည်းပဲ... ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပြီး ဇွန်ဘီတွေဆီက ပုပ်ဟောင်နေတဲ့ အနံ့တွေပဲ ရနေတယ်။ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဘူး"

ချူဟန်က သူမကို တည်ငြိမ်စွာ တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး စကားများများစားစား မပြောခဲ့ပေ။ ဤစစ်ဆရာဝန်မလေးက ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းလည်း ရှိသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ယခုလက်ရှိ ကမ္ဘာကြီးတွင် ချူဟန်ထက်ပို၍ ကမ္ဘာပျက်ကပ်၏ အမှန်တရားများကို သိရှိနားလည်သူ တစ်ဦးမျှ မရှိခြင်းပင်‌ ဖြစ်သည်။

သူတို့ရှေ့ရှိ ကားအစီးတစ်ရာကျော်မှာ တစ်စီးမျှ သပ်သပ်ရပ်ရပ် ရပ်ထားခြင်း မရှိဘဲ စည်းကမ်းမဲ့စွာ ပြန့်ကျဲနေသည်။ သို့သော် ထိုကားများနှင့် ကားများအကြား ကွက်လပ်များတွင် မူလက မရှိသင့်သော အရာများ ရှိနေသည်။ သံမဏိဘောင်များ၊ ဓာတ်ဆီများ၊ ကြိုးများ၊ အမှိုက်သရိုက်များ... စသဖြင့် အရာအားလုံး ရှိနေသည်။ ဒါတွေကို ဇွန်ဘီတွေက သယ်လာခဲ့တယ်လို့များ ဆိုလိုချင်တာလား။

လူသားတစ်ဦး၏ အမြင်ဖြင့် ကြည့်လျှင် ဤအရာများမှာ နေရာတကာတွင် တွေ့ရလေ့ရှိသော သာမန်အရာများဖြစ်ပြီး အလွယ်တကူ လျစ်လျူရှုထားနိုင်ပေသည်။ လူသားဆိုလျှင် ဤအရာများကို အလွယ်တကူ ရှောင်ရှားပြီး စူပါမားကတ်ထဲသို့ ဝင်ရောက်သွားနိုင်မည် ဖြစ်သည်။ သို့သော် ဉာဏ်ရည်မရှိသော ဇွန်ဘီများအတွက်မူ ဤအရာများမှာ လွန်စွာ ကြီးမားလှသော အတားအဆီးများ ဖြစ်နေတော့သည်။

ထို့အပြင် ဤအတားအဆီးများနှင့် ကားများ ရပ်တန့်ထားသော အနေအထား။ ချူဟန်၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

'ဒီစူပါမားကတ်ထဲမှာ ရူပဗေဒသဘောတရားကို နားလည်တဲ့ကောင် တစ်ကောင် ရှိနေတယ်'

သူ မျက်ခုံးအနည်းငယ် တွန့်ကွေးသွားသည်။ လူသားများနှင့် ဆုံတွေ့ရခြင်းက ဇွန်ဘီများနှင့် ဆုံတွေ့ရခြင်းထက် အဆများစွာ ပို၍ ဒုက္ခများတတ်သည် မဟုတ်ပါလား။

"အထဲရောက်မှပဲ ပြောကြတာပေါ့"

ချူဟန်၏ လေသံမှာ ငြင်းဆန်ခွင့်မရှိသော အမိန့်သံမျိုး ပါဝင်နေသည်။ ဒုက္ခများမည်ဆိုသော်လည်း သူက ပြဿနာကို ကြောက်ရွံ့တတ်သူမျိုး မဟုတ်ပေ။

ယွီရှင်းက မေးကို အနည်းငယ် မော့လိုက်သည်။ ချူဟန်၏ ရင်တွင်းဖြစ်ကို မသိသော သူမက ချူဟန်ကို အနိုင်ယူလိုက်နိုင်ပြီဟု ထင်မှတ်ကာ တိတ်တဆိတ် ဂုဏ်ယူဝင့်ကြွားနေမိသည်။ နောက်ဆုံးတွင်တော့ ချူဟန်သည် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးသာ ဖြစ်ပြီး အရာရာကို ခြုံငုံသုံးသပ်နိုင်စွမ်း မရှိသေးဘူးပေါ့။

ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့က လော့ရှောင်ရှောင် လှဲလျောင်းနေသော ကြမ်းတမ်းသည့် သစ်သားထမ်းစင်ကို သယ်ဆောင်လာခဲ့ကြသည်။ လော့ရှောင်ရှောင်ကို အနည်းငယ်မျှပင် မလှုပ်ခါစေရန် သူတို့နှစ်ဦး၏ ခြေလှမ်းများမှာ လွန်စွာ သတိထားနေရသည်။

ယွီရှင်းက ထိုသူနှစ်ဦးနောက်မှ တိတ်ဆိတ်သော ခြေလှမ်းများဖြင့် လိုက်ပါလာခဲ့သည်။

ပိုင်ယွန့်အာက ပေါ့ပါးသော ခြေလှမ်းများဖြင့် အနောက်ဆုံးမှ လိုက်လာခဲ့သည်။ အေးစက်ပြီး ခံစားချက် ကင်းမဲ့သော ဤမိန်းကလေးမှာ အနည်းဆုံးတော့ ထိုစစ်ဆရာဝန်မလေးကို စောင့်ကြည့်ထားသင့်ကြောင်း နားလည်သဘောပေါက်ထားပုံရသည်။

ချူဟန်က ရှေ့ဆုံးမှနေ၍ လမ်းရှင်းပေးနေသည်။ သူ၏ လုပ်ဆောင်ပုံမှာ အတော်လေး ကြမ်းတမ်းလှသည်။ ရှေ့ရှိ အတားအဆီးများကို ရှောင်ကွင်းသွားခြင်းမရှိဘဲ ခပ်ကြမ်းကြမ်း ကန်ထုတ်ဖယ်ရှားကာ ရှေ့ဆက်သွားနေခြင်း ဖြစ်သည်။ ယခုအချိန်၌ သူ့အတွက် အဖိုးတန်ဆုံးအရာမှာ အချိန်ဖြစ်ရာ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များအတွက် အချိန်ကုန်ခံနေရန် မအားလပ်ပေ။

ထိုအချိန် စူပါမားကတ် အတွင်း၌...

အဝင်ပေါက်တွင် မြင့်မားသော ကုန်ပစ္စည်းတင်စင်များကို အထပ်ထပ် ချထားပြီး ၎င်းတို့၏ အနောက်ဘက်၌ မီတာပေါင်းများစွာ ရှည်လျားသော လေးလံသည့် အတားအဆီးများကို ပုံထားသည်။ ကျဉ်းမြောင်းသော လူသွားလမ်းလေး တစ်ခုကိုသာ ခက်ခဲစွာ ချန်လှပ်ထားသော်လည်း ၎င်းကိုလည်း သေသေချာချာ ဖုံးကွယ်ထားသဖြင့် မျက်စိမကောင်းသူများဆိုလျှင် အဝင်ပေါက်ကိုပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဤစူပါမားကတ်မှာ နှစ်ထပ်အဆောက်အအုံ ဖြစ်ပြီး မြေညီထပ်တစ်ခုလုံးတွင် စားသောက်ကုန်များကို ပြသထားကာ ရေရှည် အထားခံသော စားနပ်ရိက္ခာ အမြောက်အမြား ရှိနေသည်။ ဒုတိယထပ်တွင် လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းထားပြီး ရိုးရှင်းသော အတားအဆီးများဖြင့် အနားယူရန် နေရာအချို့ကို ဖန်တီးထားသည်။

စူပါမားကတ် တစ်ခုလုံး လေဝင်လေထွက် မကောင်းသဖြင့် နေရာအနှံ့အပြားတွင် အနံ့အသက်ဆိုးများ လွှမ်းမိုးနေသည်။ ဇွန်ဘီများ၏ ပုပ်ဟောင်နေသော အနံ့နှင့် လူသားများ၏ မစင်အနံ့များပင် ဖြစ်သည်။

မြေညီထပ်ရှိ မှန်ပြတင်းပေါက်များကို အဝတ်စမျိုးစုံဖြင့် ဖုံးအုပ်ထားကာ အပြင်ဘက်မှ အလင်းရောင်ကို လုံးဝ ပိတ်ဆို့ထားသည်။ ထိုအဝတ်စများ၏ အတွင်းဘက်မှ လူအချို့က အဝတ်စ အစွန်းကို ဖြည်းညင်းစွာ မတင်ကာ အပြင်ဘက်အခြေအနေကို အကဲခတ်နေကြသည်။ ချူဟန်က အတားအဆီးများကို ကြမ်းကြမ်းတမ်းတမ်း ကန်ထုတ်ကာ ဖယ်ရှားနေသည့် အသံကို သူတို့ သတိထားမိသွားကြခြင်း ဖြစ်သည်။ ထိုဆူညံသံကြီးမှာ လျစ်လျူရှုထားလို့ မရနိုင်လောက်အောင် နားကလော်စရာ ကောင်းနေသည်။

"တောက်... ငါတို့ အပင်ပန်းခံ လုပ်ထားတဲ့ အတားအဆီးတွေ"

"မိုက်ရိုင်းလိုက်တာ... အဲဒီကောင်တွေ ရူးနေလား... ကွေ့ပတ်သွားလို့ မရဘူးလား... ဇွန်ဘီတွေ မလာအောင် ထားထားမှန်း မြင်ရုံနဲ့ သိသာနေတာပဲဟာကို"

"အထဲဝင်လာရင်တော့ အဲဒီကောင်တွေကို အပြင်ပြန်ဆွဲထုတ်ပြီး ပြန်ပြင်ခိုင်းပစ်မယ်"

"နေဦး"

ရုတ်တရက် လူတစ်ယောက်၏ အသံမှာ ထိတ်လန့်ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့သည်။

All Chapters