အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁) လှည့်ပတ်သွားနေရမှာကို ပျင်းလို့
"ဘာဖြစ်တာလဲ"
လူအုပ်ကြီးက အံ့အားသင့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ဟို... ဟို... သစ်သားပြားပေါ် တင်ပြီး သယ်လာတဲ့လူက ဘာဖြစ်တာလဲ"
ကြောက်ရွံ့တုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစကားကြောင့် ပြတင်းပေါက်မှနေ၍ အပြင်ဘက်ကို အကဲခတ်နေသူများ၏ အကြည့်များမှာ လော့ရှောင်ရှောင်ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။ သွေးများ စွန်းထင်းနေဆဲဖြစ်သော အဝတ်အစားများမှာ မြင်မကောင်းလောက်အောင် ဖြစ်နေပြီး အားအင်ကုန်ခမ်းနေသော မျက်နှာလေးမှာလည်း လူသေတစ်လောင်းနှင့်ပင် တူနေတော့သည်။
"ဇွန်ဘီ အကိုက်ခံထားရတာများလား"
"အားလုံး သတိထားကြ... အဲဒီကလေးက ဇွန်ဘီ အကိုက်ခံထားရတာ"
"အထဲကို လုံးဝ အဝင်မခံနဲ့"
"သတိထား သတိထားကြ"
ဒုန်း... ဒိုင်း...
စူပါမားကတ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ ချက်ချင်းဆိုသလို ထိတ်လန့်တကြား ဖြစ်သွားကြသည်။ မိဘများက ကလေးငယ်များကို တင်းကြပ်စွာ ဖက်ထားကြပြီး သူတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေသည်။ အနားယူနေသူ အများအပြားမှာလည်း အလျင်အမြန် မတ်တတ်ရပ်လိုက်ကြပြီး လက်နက်များကို ဆွဲယူကာ မြေညီထပ်သို့ ပြေးဆင်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စူပါမားကတ် အဝင်ပေါက်အနီး၌ လူအုပ်ကြီးတစ်ခု ဖြစ်တည်လာတော့သည်။ အနည်းဆုံး ခန့်မှန်းကြည့်လျှင်ပင် လူရှစ်ဆယ်ထက် မနည်းပေ။
ဇွန်ဘီအကိုက်ခံရသူတစ်ဦးအား အတွင်းသို့ လုံးဝအဝင်မခံရန်ဟူသော အချက်သည် သူတို့အားလုံး တသဝေမတိမ်း လိုက်နာရမည့် ဘုစည်းမျဉ်းတစ်ခု ဖြစ်သည်။ တိုက်နိုင်ခိုက်နိုင်သူမှန်သမျှ ကျားမ မရွေး လက်နက်ကိုယ်စီ ပြင်ဆင်ထားကြသည်။
ချူဟန်တို့အဖွဲ့သာ အတင်းအကျပ် တိုးဝင်လာခဲ့ရင် အင်အားသုံးပြီး အပြတ်အသတ် မောင်းထုတ်ပစ်ဖို့ သူတို့အားလုံး ရည်ရွယ်ထားကြတယ်။ တစ်ချိန်တည်းမှာပင် စူပါမားကတ် အပြင်ဘက်၌ ချူဟန်တို့အဖွဲ့မှာ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ အတားအဆီးများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကန်ထုတ်ဖယ်ရှားနေသော ဒုန်းခနဲ၊ ဘုန်းခနဲ အသံများက ရပ်တန့်သွားခြင်းမရှိ ထွက်ပေါ်နေသည်။ ထိုအသံများမှာ လွန်စွာ ရန်လိုနေသည့်အလား ထင်မှတ်ရပြီး ဤတိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်လောက်အောင် နားကလော်စရာ ကောင်းနေသည်။
"ရိုင်းစိုင်းလိုက်တဲ့ ကောင်တွေ"
လူအုပ်ကြီးထဲမှ လူငယ်တစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ အမည်မှာ ဆူးရှင်း ဖြစ်သည်။ မျက်မှန်အနောက်မှ သူ့ရဲ့မျက်လုံးတွေက ဉာဏ်ရည်ထက်မြက်မှုနဲ့ အရာရာကို အသေအချာ တွက်ချက်တတ်တဲ့ စရိုက်ကို ဖော်ပြနေပါတယ်။
"သာမန်လူတွေတော့ မဟုတ်လောက်ဘူး"
ဆူးရှင်းဆိုသော ထိုလူငယ်၏ စကားက မူလကတည်းက တင်းမာနေသော လူအုပ်ကြီး၏ စိုးရိမ်စိတ်ကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွားသည်။ အပြင်ဘက်မှ ကြားနေရသော အသံများကြောင့် အတင်းဝင်ရောက်လာမည့် သူများမှာ ကြမ်းကြုတ်သော လူဆိုးဂိုဏ်းတစ်ခု ဖြစ်မည်ဟု လူတိုင်းက ထင်မှတ်နေကြတော့သည်။
ထိုအချိန်တွင် ချူဟန်တို့အဖွဲ့မှာ စူပါမားကတ်၏ အဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့ရာတွင် အဓိက ဝင်ပေါက်ကြီးတွင် အမှိုက်သရိုက် မျိုးစုံကို တောင်လိုပုံကာ ပိတ်ဆို့ထားသည်။ ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ကျန်ရစ်ခဲ့သည့် မြင်ကွင်းမျိုးနှင့် တူနေပြီး ခြေချစရာ နေရာပင် မရှိတော့ပေ။
"ဝင်လို့ မရဘူးပဲ။ ဘာလို့ ဒီလောက်တောင် ရှုပ်ပွနေရတာလဲ"
စစ်ဆရာဝန်မလေး ရှန်ကွမ်းယွီရှင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"တစ်ယောက်ယောက်က တမင်သက်သက် ဒီလိုလုပ်ထားတာ နေမှာပေါ့"
ချန်ရှောက်ရယ်က စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဘော့စ်က အထဲမှာ လူရှိတယ် လို့ ပြောပြီးသားပဲ။ လူတွေလုပ်ထားတာ သေချာနေတာပဲဟာကို"
"ဒီမှာ လူရှိတယ်လို့တော့ ငါမထင်ဘူး။ တကယ်လို့ လူတွေလုပ်တာဆိုရင် ဒီလောက် စည်းကမ်းမဲ့ လုပ်ထားမှာ မဟုတ်ဘူး"
ရှန်ကွမ်းယွီရှင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး အဝင်ပေါက်မှ အမှိုက်ပုံကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်လိုက်စမ်း... ဒီအတားအဆီးတွေကြားက ကွက်လပ်တွေက လူတစ်ကိုယ်စာ အနိုင်နိုင်လေး လွတ်ရုံပဲ ရှိတာ။ လူတွေကသာ တမင်ကာကွယ်ဖို့ လုပ်တာဆိုရင် ဒီထက်ပိုပြီး ခိုင်ခိုင်မာမာနဲ့ သေသေချာချာ တားဆီးထားမှာပေါ့။ အခုတော့ ဒီကပစ္စည်းတွေက လုံးဝကို ရှုပ်ပွကမောက်ကမ ဖြစ်နေတာ။ ကာကွယ်ရေးအတားအဆီးနဲ့ မတူဘဲ ငလျင်လှုပ်ပြီး ပြိုကျထားတဲ့အတိုင်းပဲ။ ဘယ်သူမှတော့ တမင်သက်သက်ကြီး ဒီလိုမျိုး ကမောက်ကမ လုပ်ထားမှာ မဟုတ်ဘူး။"
ရှန်ကွမ်းယွီရှင်း၏ သုံးသပ်ချက်မှာ အကြောင်းအကျိုး ဆီလျော်မှုရှိပြီး မျက်မှောက်မှ မြင်ကွင်းနှင့်လည်း လုံးဝကိုက်ညီနေပေသည်။ သို့သော် ချန်ရှောက်ရယ်က ထိုအကြောင်းပြချက်များကို တစ်စက်လေးမျှ နားမလည်ခဲ့ချေ။ သူက ဂရုမစိုက်သည့်ဟန်ဖြင့် လက်ကို ခပ်သွက်သွက် ခါယမ်းလိုက်သည်။
"ရှုပ်ရှုပ်ယှက်ယှက်တွေ ပြောနေလည်း ငါ နားမလည်ဘူး။ အဓိကက ဘော့စ်က ရှိတယ်လို့ပြောရင် သေချာပေါက် ရှိတယ်ပဲ"
"ရှင်ကတော့လေ...."
ယွီရှင်း စကားဆို့နင့်သွားသည်။ လည်ချောင်းထဲတွင် ကြက်ဥပြုတ် တစ်လုံး တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမက မကျေမနပ်ဖြင့် ချူဟန်ကို စွေကြည့်လိုက်ပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
"နှစ်ယောက်လုံး ငတုံးတွေချည်းပဲ... ကျွဲပါးစောင်းတီးနေရသလိုပဲ"
ချူဟန်က ရှေ့ဆုံးတွင် ရပ်နေဆဲဖြစ်ပြီး နောက်ကွယ်မှ သူတို့နှစ်ဦး၏ အငြင်းပွားမှုကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ အပြည့်အဝ ပိတ်ဆို့နေသော စူပါမားကတ် အဝင်ပေါက်ရှေ့တွင် သူ၏ အကြည့်များကို အကြိမ်ကြိမ် ရွှေ့လျားကာ သေချာစွာ အကဲခတ်နေသည်။
"ဝင်လို့ရမယ့် နေရာ မရှိလောက်ဘူးထင်တယ်။ ဒီနေရာက အသေအချာ ပိတ်ဆို့ထားတာ။ တခြား နောက်ဖေးပေါက်များ ရှိမလား ရှာကြည့်ကြရအောင်..."
ယွီရှင်း စကားဆုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ ဂရုမစိုက်ဘဲ ထိုအခိုက်အတန့်၌ပင်။
ဘုန်းခနဲ...
ရုတ်တရက် ချူဟန်က အမှိုက်ပုံကြီး၏ နေရာတစ်ခု သို့ အားကုန်သုံး၍ ကန်ချလိုက်ခြင်း ဖြစ်သည်။ ထိုကြောက်မက်ဖွယ် ခြေကန်ချက်ကြောင့် နားကွဲမတတ် ဆူညံသံကြီး ထွက်ပေါ်လာတော့သည်။
ထိုမျှ အကြမ်းပတမ်း နိုင်လှသော လုပ်ရပ်ကြောင့် စစ်ဆရာဝန်မလေးမှာ တစ်ခဏမျှ ဆွံ့အသွားခဲ့ရသည်။ သို့သော် ချက်ချင်းဆိုသလို သတိပြန်ဝင်လာပြီး ယွီရှင်းမှာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ မျက်နှာကြီး မည်းမှောင်သွားကာ ချူဟန်၏ အနောက်တွင် ရပ်နေမိတော့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာပေါ်တွင် ပြင်းထန်သော စိတ်ပျက်မှုများ အထင်းသား ပေါ်လွင်နေသည်။ သူမသည် ဤကဲ့သို့ ဇွတ်တရွတ်နိုင်ပြီး အခြေအနေကို နားမလည်သော သူမျိုးကို အမုန်းဆုံးပင် ဖြစ်သည်။
'ဦးနှောက်မရှိတဲ့ အကောင်ပဲ'
သို့သော် ယွီရှင်း၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသည့် ထိုအခိုက်အတန့်လေး အလွန်မှာပင်။ သူမ၏ မျက်နှာပေါ်၌ ရုတ်တရက် အံ့ဩတုန်လှုပ်မှုများ နေရာယူသွားတော့သည်။
၀ုန်း...
ချူဟန် ကန်လိုက်သော နေရာမှ ကတ်ထူပုံးများ ပြိုကျလာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လူကြီးတစ်ယောက် မနည်း တိုးဝင်သွားနိုင်လောက်သော ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာလေသည်။
"တကယ်ကြီး လမ်းရှိနေတာလား..."
ယွီရှင်းမှာ မသိစိတ်အလျောက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ လုံးဝကို သူမ မမျှော်လင့်ထားသော အခြေအနေတစ်ခုပင် ဖြစ်သည်။
ချူဟန်က စစ်ဆရာဝန်မလေး၏ အံ့ဩမှုကို လုံးဝ ဂရုမစိုက်ဘဲ ချန်ရှောက်ရယ်ဘက်သို့ လှည့်ကာ သေချာ သယ်ခဲ့ ဟုသာ တိုတိုတုတ်တုတ် မှာကြားလိုက်သည်။ ထို့နောက် သူကိုယ်တိုင်က ရှေ့ဆုံးမှနေ၍ ထိုလမ်းလေးထဲသို့ ဝင်ရောက်သွားလေသည်။ လမ်းတစ်လျှောက် အမှောင်ထုက ကြီးစိုးထားပြီး ကျောချမ်းစရာ ကောင်းလောက်အောင် ခြောက်ခြားဖွယ် ကောင်းနေသော်လည်း သူ့ထံတွင် တုံ့ဆိုင်းမှု တစ်စက်လေးမျှ မရှိခဲ့ပေ။
ယွီရှင်း တံတွေးတစ်ချက်ကို မြိုချလိုက်သည်။ အဲဒီနေရာမှာ လမ်းတစ်ခု ဖုံးကွယ်ထားမှန်း ချူဟန်က ဘယ်လိုလုပ် သိနေတာလဲ။ တိုက်ဆိုင်တာလား။ ဒါပေမဲ့ ဒီလောက်ကြီးတော့ မဖြစ်နိုင်ဘူးလေ ဘယ်လိုတွေးတွေး သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
သူတို့အဖွဲ့မှာ အစီအစဉ်အလိုက် ထိုမှောင်မိုက်ကျဉ်းမြောင်းသော လမ်းလေးအတွင်းသို့ ဝင်ရောက်သွားကြသည်။ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မြင့်မားသော ကုန်ပစ္စည်းတင်စင်များနှင့် လေးလံသည့် အတားအဆီးများကို တမင်သက်သက် ချထားကြောင်း တွေ့ရသည်။ စူပါမားကတ် အတွင်း၌ လေဝင်လေထွက် လုံးဝ မရှိသဖြင့် အနံ့အသက်ဆိုးများ လွှမ်းမိုးနေကာ အလင်းရောင် တစ်စက်လေးမျှပင် ဝင်ရောက်လာခြင်း မရှိပေ။
" ရပ်လိုက်စမ်း "
လမ်းလေးထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်း နေရာတစ်ခုမှ ပြင်းထန်သော သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။
ယွီရှင်း၏ မျက်နှာမှာ ယင်ကောင် တစ်ကောင်ကို မျိုချလိုက်ရသည့်အလား ရှုံ့မဲ့သွားသည်။ အတွေးများမှာလည်း အလုံးစုံ ရှုပ်ထွေး ကမောက်ကမ ဖြစ်သွားတော့သည်။
‘ဒီစူပါမားကတ်ထဲမှာ ချူဟန်ပြောသလိုပဲ... တကယ်ကြီး လူတွေရှိနေတာလား’
အမှောင်ထဲတွင် စစ်ဆရာဝန်မလေး၏ မျက်နှာအမူအရာမှာ လွန်စွာ တင်းမာနေသည်။ သူမ၏ သုံးသပ်ချက်များ လုံးဝ မှားယွင်းသွားခဲ့ရသည်။ ရှက်ရွံ့မှုကြောင့်သာမက သူမကိုယ်တိုင် တိတ်တဆိတ် အထင်သေးထားခဲ့သော ချူဟန်၏ ခန့်မှန်းချက်များက လုံးဝ တိကျမှန်ကန်နေသောကြောင့် ဖြစ်သည်။
အမှောင်ထုထဲတွင် မျက်စိကျင့်သားရရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ပြီးနောက် မျက်မှောက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။ အနည်းဆုံး လူရှစ်ဆယ်ခန့် ရှိမည့် လူအုပ်ကြီးက သူတို့ကို ဝိုင်းရံထားပြီး ဖြစ်သည်။ သူတို့အားလုံးက လက်နက်များကို ကိုင်ဆောင်ထားကြပြီး မျက်နှာထက်တွင် ရူးသွပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။
"မင်းတို့က ဘယ်သူတွေလဲ… ငါတို့ လုပ်ထားတဲ့ အတားအဆီးတွေကို ဘာလို့ ဖျက်ဆီးရတာလဲ"
လူအုပ်ကြီးထဲမှ အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီရှင်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
'ကားပါကင် အဝင်ဝက အတားအဆီးတွေက တကယ်ပဲ လူတွေ လုပ်ထားခဲ့တာလား'
မာနကြီးသော စစ်ဆရာဝန်မလေးမှာ မျက်နှာများ နီမြန်းသွားသည်။ သူမသည် ချူဟန်ထံသို့ မသိမသာ လှမ်းကြည့်လိုက်သည်။
'ဒီလူက အစကတည်းက အရာအားလုံးကို သိနေခဲ့တာလား။ ဟို လျှို့ဝှက်လမ်းကြောင်း အပါအဝင်ပေါ့'
"ဖြေလေ"
ထိုလူက ပို၍ ခြိမ်းခြောက်လိုက်သည်။
"မဖြေရင် ဒီနေရာမှာတင် သတ်ပစ်မယ်"
သတ်ဖြတ်လိုစိတ် အပြည့်ပါဝင်နေသော ထိုစကားကြောင့် ရှန်ကွမ်းယွီရှင်း သတိပြန်ဝင်လာပြီး ချူဟန်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။
‘ဟုတ်သားပဲ… သူက လူတွေလုပ်ထားတဲ့ အတားအဆီးမှန်း သိနေတာကို ဘာလို့ တမင်သက်သက် ဖျက်ဆီးပစ်ရတာလဲ...’
ချူဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ အလွန်အမင်း တင်းမာနေပြီး ရန်လိုမှုများ ပြသနေသော အသက်ရှင်ကျန်ရစ်သူများကို အေးစက်စက် မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် မထီမဲ့မြင် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဆိုလိုက်သည်။
" ပတ်သွားရမှာ ပျင်းလို့လေ"
ပတ်သွားရမှာ ပျင်းလို့...
ထိုအတိုင်းအဆမဲ့ မောက်မာလှသော စကားတစ်ခွန်းကြောင့် လူအုပ်ကြီးမှာ ဆွံ့အသွားရရုံမက ယွီရှင်းပင်လျှင် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမသည် ငယ်စဉ်ကတည်းက စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့ရာ အင်အားကြီးမားပြီး အထောက်အပံ့ကောင်းများ ရှိသော လူကြီးလူကောင်းများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ချူဟန်ကဲ့သို့ အခြေအနေကို တစ်စက်လေးမျှ ဂရုမစိုက်ဘဲ ပေါ်ပေါ်ထင်ထင် မောက်မာဝင့်ကြွားစွာ ပြုမူတတ်သူကိုတော့ ဤတစ်ကြိမ် ပထမဆုံး မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
"ခွေးကောင် ရိုင်းရိုင်းစိုင်းစိုင်း စကားလာပြောနေတယ်ပေါ့လေ"
လူအုပ်ကြီးထဲမှ ခန္ဓာကိုယ် ကြီးမားတောင့်တင်းသော လူတစ်ယောက် ထွက်လာသည်။ သူ၏ အမည်မှာ ကောင်းယီ ဖြစ်ပြီး ဤအဖွဲ့အစည်းအတွင်း အသန်မာဆုံးလူပင် ဖြစ်သည်။ သူ၏ လက်ထဲတွင် သံပိုက်လုံးရှည်ကြီး တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လက်မောင်းနှစ်ဖက်တွင်လည်း သွေးကြောစိမ်းကြီးများ အထင်းသား ပေါ်လွင်နေသည်။ ပိန်ပါးပြီး အားနွဲ့ပုံပေါက်သော ချူဟန်နှင့်ဆိုလျှင် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးပဲ"
ချူဟန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး အပြစ်ရှိသလို ခံစားရသည့် အရိပ်အယောင်လေးမျှပင် မပြခဲ့ချေ။
"မင်း..."
ကောင်းယီ၏ ဒေါသမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"မင်း... တော်တော်အောက်ခြေလွတ်နေတဲ့ ကောင်ပဲ"
ချူဟန်တို့အဖွဲ့ကို ဝိုင်းရံထားသူများမှာ ဒေါသထွက်လွန်း၍ သွားများ တကျိတ်ကျိတ် ကြိတ်မိသည်အထိ
ဖြစ်သွားကြသည်။ ဤလူငယ်သည် မည်မျှအထိ အရှက်မဲ့နိုင်ပါဦးမည်နည်း။
အခန်း (၁၂၂) ကျွမ်းကျင်ပညာရပ်တွေက ဘာမှအသုံးမဝင်ဘူး
ချူဟန်က သူတို့ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး တစ်စက်လေးမျှ စိုးရိမ်ထိတ်လန့်နေခြင်း မရှိဘဲ ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီကို လှည့်ပြောလိုက်သည်။
"ဒီမှာပဲ နေခဲ့ကြ... ပြီးရင် သန့်ရှင်းတဲ့ နေရာတစ်ခုရှာပြီး ကလေးကို အနားယူခိုင်းလိုက်"
ထိုစကားများမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့လှသည်။
"ဘယ်သူက ဒီမှာနေလို့ရတယ် ပြောလို့လဲ"
ကြွက်သားအမြှောင်းမြှောင်းနှင့် ကောင်းယီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြမ်းတမ်းသော သစ်သားထမ်းစင်ပေါ်တွင် လဲလျောင်းနေသည့် လော့ရှောင်ရှောင်ကို ရိုင်းစိုင်းစွာ လက်ညှိုးထိုးပြလိုက်သည်။
"ဒီကောင်မလေးက ဇွန်ဘီ အကိုက်ခံထားရတာမလား ဒဏ်ရာရထားတဲ့သူကို အသက်ရှင်လျက် အဝင်ခံလို့ မဖြစ်ဘူး"
"အဲဒီကောင်မလေးကို သတ်ပစ်"
လူအုပ်ကြီးထံမှ ဒေါသတကြီး အော်ဟစ်သံများ တပြိုင်နက်တည်း ထွက်ပေါ်လာရာ အခြေအနေမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
"အဲဒီကလေးမကို သတ်ပစ် ဇွန်ဘီဖြစ်သွားလိမ့်မယ်"
"အဲဒီကောင်တွေကို မောင်းထုတ်ပစ်"
"ဒါ ငါတို့ရဲ့ စူပါမားကတ်ကွ... အခုချက်ချင်း ထွက်သွားကြစမ်း"
လူရှစ်ဆယ်ကျော် ပါဝင်သော လူအုပ်ကြီးက ဆူညံစွာ အော်ဟစ်နေကြပြီး ချူဟန်တို့အဖွဲ့ကို ဆဲရေးတိုင်းထွာ နေကြသည်။
ယွီရှင်းမှာ ချူဟန်ကို အထင်လွဲမှားခဲ့မိသည့်အတွက် အားနာစိတ်ဖြင့် ရှေ့သို့ အမြန်တိုးထွက်လာခဲ့သည်။
"ဒီကလေးရဲ့ ဒဏ်ရာက ဇွန်ဘီကိုက်လို့ ရလာတာ မဟုတ်ပါဘူး။ ကားတိုက်ခံရတာပါ။ သူ့ကို မထိကြပါနဲ့"
"ဟာသတွေ လာပြောမနေနဲ့"
ဒေါသထွက်နေသော လူအုပ်ကြီးက ယွီရှင်း၏ စကားကို လုံးဝ နားမထောင်ဘဲ ချူဟန်တို့အဖွဲ့ကို ဝိုင်းရံထားလျက် တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ တိုးကပ်လာကြသည်။
"ယုံမယ်ထင်နေလား"
"ဟုတ်တယ် ငါတို့ရဲ့ စူပါမားကတ်ကို လုဖို့ လာတာမလား... အခုချက်ချင်း ထွက်သွားစမ်း"
ချူဟန်က ရှေ့ရှိ စည်းကမ်းမဲ့နေသော လူအုပ်ကြီးကို တစ်ချက်ကြည့်ရုံဖြင့်ပင် အခြေအနေအရပ်ရပ်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ အလယ်ဗဟိုတွင် မောက်မာဝင့်ကြွားစွာ ရပ်နေသော တောင့်တင်းခိုင်မာသည့် လူအနည်းငယ်က ဗိုလ်ကျနေကြပြီး လေလာရာ ယိမ်းတတ်သော အခွင့်အရေးသမားများက အသံအကျယ်ဆုံး အော်ဟစ်နေကြသည်။ သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ်များမှာမူ တစ်နေရာတွင် စုကပ်ကာ အသက်ရှူသံပင် မကြားရအောင် ငြိမ်သက်နေကြပြီး ရုပ်ရည်သန့်ပြန့်သော အမျိုးသမီးအချို့မှာ သင့်လျော်သော နေရာအသီးသီးတွင် ရပ်နေကြသည်။ ဤနေရာသည် ရှုပ်ထွေးသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ပုံမှန်လူများ ရှိသလို စိတ်မမှန်သူများလည်း ရှိပြီး ပြည့်တန်ဆာ များပင် ပါဝင်နေသေးသည်။
"ဒီကလေးမလေးက တကယ်ပဲ ဇွန်ဘီ အကိုက်ခံထားရတာ မဟုတ်ပါဘူး"
ယွီရှင်းက နောက်ဆုံးအနေဖြင့် ကြိုးစား ရှင်းပြနေသည်။ သူမ၏ မြင့်မားသော ကျင့်ဝတ်သိက္ခာက ရှေ့ရှိ လူအုပ်ကြီးကို အပြင်းအထန် နားချရန် တွန်းအားပေးနေသည်။
" ဒဏ်ရာပေါ်မှာ သွားရာတွေ၊ လက်သည်းနဲ့ ကုတ်ခြစ်ထားတဲ့ အရိပ်အယောင်တွေ မရှိပါဘူး။ ဇွန်ဘီကိုက်ခံရပြီးနောက် ဖြစ်ပေါ်လာတတ်တဲ့ မည်းနက်သွားတဲ့ လက္ခဏာမျိုးလည်း မရှိဘူးလေ။ ကဲ... ကြည့်ကြည့်ပါဦး..."
"အဲဒီလိုပြောရုံနဲ့ ငါတို့က ယုံမယ်ထင်နေလား"
သူမ၏ ဆေးပညာအရ ရှင်းလင်းချက်ကို တစ်စုံတစ်ယောက်က ချက်ချင်း ဖြတ်ပြောလိုက်သည်။
"အေး… အဲဒီလိုစကားတွေ ကြားရလွန်းလို့ ရိုးနေပြီကွ။ အထဲဝင်လာတုန်းကတော့ အားလုံးက ဇွန်ဘီ အကိုက်မခံထားရပါဘူး လို့ပဲ ပြောကြတာချည်းပဲ။ နောက်ဆုံးကျတော့ ကူးစက်ခံထားရပြီး ငါတို့လူတွေ အများကြီး အကိုက်ခံလိုက်ရတာကွ"
"ထွက်သွား"
"လစ်လိုက်တော့"
တစ်ဖက်လူများက တစ်ဖဝါးမျှပင် နောက်မဆုတ်ခဲ့ချေ။ သူတို့အမြင်တွင် အတင်း ဝင်ရောက်လာသော ချူဟန်တို့အဖွဲ့မှာ အစကတည်းက ရန်လိုနေသည့်ဟန် ရှိနေသည်။ သူတို့ အပင်ပန်းခံ လုပ်ထားသော အတားအဆီးများကို ဖျက်ဆီးပစ်ခဲ့ရုံသာမက ဒဏ်ရာရနေသော မိန်းကလေးတစ်ယောက်ကိုပါ အထဲသို့ ဆွဲသွင်းလာခဲ့သေးသည်။ ဘယ်သူက သူတို့ကို အထဲဝင်ခွင့် ပေးမှာလဲ။
ယွီရှင်းမှာ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူမကိုယ်သူမ လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"ကျွန်မ လိမ်မပြောပါဘူး။ ကျွန်မက ဆရာဝန်ပါ... စစ်ဆရာဝန် တစ်ယောက်ပါ။ ဇွန်ဘီကိုက်ခံရတဲ့ လူနာတွေကို အများကြီး ကုသခဲ့ဖူးပါတယ်။ ဒီကလေးမလေး ကူးစက်မခံထားရဘူးဆိုတာကို အာမခံနိုင်တဲ့ ယုံကြည်မှုရော အရည်အချင်းပါ ကျွန်မမှာ ရှိပါတယ်"
သို့သော် ယွီရှင်း၏ စကားများကို မည်သူမျှ နားမထောင်ခဲ့ချေ။ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများဖြင့် မိမိကိုယ်ကို လက်ညှိုးထိုးနေသည့် သူမ၏ ဟန်ပန်မှာ အလွန် ဆွဲဆောင်မှုရှိလှရာ ယောက်ျားအများအပြားမှာ တံတွေးများ ဂလုခနဲ မြိုချမိသွားကြသည်။ ထိုအချိန်ကျမှသာ လူအုပ်ကြီးက ချူဟန်တို့အဖွဲ့၏ မျက်နှာများကို စတင် သတိထားမိသွားကြသည်။ လူခြောက်ယောက်တွင် လေးယောက်မှာ အမျိုးသမီးများ ဖြစ်ကြပြီး သတိလစ်မေ့မြောနေသော မိန်းကလေးမှလွဲ၍ ကျန်သုံးယောက်မှာ အသက်ရှူမှားလောက်အောင် လှပချောမောသော မိန်းမချောလေးများ ဖြစ်နေသည်။
ယွီရှင်းသည် အစိမ်းနုရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုင်းစိုင်းကြမ်းတမ်းမှုနှင့် မွန်မြတ်ခြင်းတို့ ပေါင်းစပ်နေသော အလှတရား ရှိသည်။ ဆန့်ကျင်ဘက် အလှတရားနှစ်ခုက မိန်းမတစ်ယောက်တည်းတွင် ပေါင်းစည်းနေခြင်းမှာ သေချာပေါက် အသက်ရှူမှားလောက်အောင် ဆွဲဆောင်မှု ရှိလှသည်။ အထူးသဖြင့် လွန်စွာ တည်ငြိမ်သော လေသံဖြင့် ကျွမ်းကျင်ပညာရပ်များကို ရှင်းပြနေချိန်တွင် သူမ၏ ဆွဲဆောင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေသည်။
စကားတစ်ခွန်းမျှ မဟဘဲ လော့ရှောင်ရှောင်ကို ပြုစုပေးနေသော ရှန်ကျိုတီမှာ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေသော အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံကေသာကို အနောက်ဘက်တွင် စည်းနှောင်ထားသည်။ မရည်ရွယ်ဘဲ စောင်းကြည့်လိုက်သည့် အကြည့်များက စကားလက် ဂျိုဟန်ဆန် သရုပ်ဆောင်ထားသည့် Black Window ဇာတ်ကောင်ပမာ ပြင်းထန်သော အမြင်အာရုံ လှုံ့ဆော်မှုမျိုးကို ပေးစွမ်းနေသည်။
အဖြူရောင် ဂါဝန်လေးနှင့် ပိုင်ယွန့်အာမှာ ကာတွန်းစာအုပ်ထဲမှ ထွက်လာသည့်အလား အေးစက်စက် အလှတရားကို ပိုင်ဆိုင်ထားသည်။ ရေခဲပမာ အေးစက်နေသော ထိုမျက်နှာထား၏ နောက်ကွယ်တွင် အခြားသော မျက်နှာတစ်ခု ဖုံးကွယ်နေမည်ဆိုလျှင်... ၎င်းမှာ ယောက်ျားတိုင်း ရင်ဘတ်ထဲတွင် ကိန်းအောင်းနေသည့် မလွန်ဆန်နိုင်သော စိတ်ဆန္ဒပင် ဖြစ်တော့သည်။
တစ်ခဏအတွင်းမှာပင် စူပါမားကတ်အတွင်းရှိ လေထုမှာ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ တံတွေးမြိုချသံများကို နေရာအနှံ့မှ ကြားနေရသည်။ ဤစူပါမားကတ်ကို လေလုံသော ခိုလှုံရာစခန်းတစ်ခုအဖြစ် ပြောင်းလဲထားသဖြင့် လေဝင်လေထွက် မကောင်းဘဲ ညစ်ပတ်ကာ အနံ့အသက် ဆိုးရွားနေသည်။ ရေသုံးစွဲမှုကို ကန့်သတ်ထားသဖြင့် ဤနေရာရှိ အမျိုးသမီးအများစုမှာ သန့်ရှင်းသပ်ရပ်မှု မရှိကြဘဲ အချို့ဆိုလျှင် ပြင်းထန်သော အနံ့အသက်ဆိုးများပင် ထွက်ပေါ်နေသည်။
ထိုသို့သော နေရာသို့ ရောက်ရှိလာသော ပိုင်ယွန့်အာ၊ ရှန်ကျိုတီနှင့် ယွီရှင်းတို့ သုံးဦးမှာ သူတို့အတွက် အလိုအလျောက် ရောက်ရှိလာသော နတ်သမီးလေးများပင် ဖြစ်သည်။ လွန်စွာ လှပလွန်းပြီး လွန်စွာ သန့်ရှင်းသပ်ရပ် လွန်းနေကြသည် မဟုတ်ပါလား။
ယောက်ျားအများအပြား၏ မျက်ဝန်းများတွင် လောဘနှင့် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်လာသည်။ မိမိကိုယ်ကို မထိန်းချုပ်နိုင်သူ အချို့မှာ ရှေ့သို့ပင် တစ်လှမ်း တိုးလာကြသည်။ ကမ္ဘာပျက်ကပ် ကာလတွင် ကိုယ်ပိုင် အစွမ်းအစ မရှိသော မိန်းမချောလေးများ၏ အဆုံးသတ်မှာ ယောက်ျားများ၏ ကစားစရာ ဖြစ်သွားရန်သာ ရှိတော့သည်။
"ဒီမှာ နေချင်ရင်လည်း နေလို့ရပါတယ်"
ကောင်းယီက အစိမ်းနုရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုင်းစိုင်းကြမ်းတမ်းမှုနှင့် မွန်မြတ်ခြင်းတို့ ပေါင်းစပ်နေသော ယွီရှင်းကို ရမ္မက်ခိုးဝေနေသော အကြည့်များဖြင့် ကြည့်ကာ ယုတ်မာသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
တုတ်ခိုင်သန်မာသော လက်မောင်းကြီးဖြင့် ရှည်လျားလေးလံသော သံပိုက်လုံးကြီးကို မြှောက်ကိုင်လိုက်ပြီးနောက် ကောင်းယီက ချူဟန်ရှေ့သို့ တိုးလာခဲ့သည်။ ထို့နောက် မောက်မာသော ဟန်ပန်ဖြင့် သစ်သားထမ်းစင်ပေါ်ရှိ လော့ရှောင်ရှောင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါပေမဲ့ ဒီကလေးကတော့ သတ်ရမယ်။ ဒဏ်ရာရထားတဲ့သူကို ငါတို့ဆီ အဝင်ခံလို့ မဖြစ်ဘူးလေ။ ပြီးတော့ မင်းနဲ့ မင်းနောက်က မိန်းမတွေအားလုံး ငါတို့ရဲ့ စစ်ဆေးမှုကို ခံယူရမယ်"
"စစ်ဆေးမယ်..."
ချူဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ပုံမှန်မဟုတ်သော အငွေ့အသက်များကို သူ အနံ့ခံမိနေသည်။ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် ဖြည်းညင်းသော လေသံဖြင့် မေးလိုက်သည်။
"ဘယ်လို စစ်ဆေးမှာလဲ"
"ဟားဟားဟား တစ်ကိုယ်လုံး ချွတ်ပြီး စစ်ဆေးမှာပေါ့ကွ"
လူအုပ်ကြီးထဲမှ ရိုင်းစိုင်းယုတ်မာသော ရယ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
ထိုရိုင်းစိုင်းသော စကားများကြောင့် စိတ်လှုပ်ရှားစွာဖြင့် ငြင်းခုံနေသော ယွီရှင်းမှာ ရုတ်တရက် သတိဝင်လာတော့သည်။ သူမက မသိစိတ်အလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ရှေ့ရှိ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ လှပသော်လည်း ဟာလာဟင်းလင်း အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးများက ခွန်အားကြီးမားသော ယောက်ျားများဘေးတွင် ရပ်နေကြပြီး အရုပ်ကြိုးပြတ်များပမာ အသက်ကင်းမဲ့နေသော မျက်လုံးများ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ယွီရှင်း၏ ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ စစ်တပ်ထဲတွင် ရှိစဉ်က ယောက်ျားများ သူမအပေါ် ထားရှိခဲ့သော အကြည့်များကို ရုတ်တရက် ပြန်သတိရသွားခြင်း ဖြစ်သည်။ ထိုမျက်ဝန်းများ၏ အနက်ရှိုင်းဆုံး နေရာတွင် အကြမ်းဖက်လိုစိတ်နှင့် ဖိနှိပ်ထားသော ရမ္မက်ဆန္ဒများ ရှိနေသော်လည်း စည်းကမ်းများနှင့် ရာထူးအဆင့်အတန်းများကြောင့် သူတို့ ဘာမှ မလုပ်ရဲခဲ့ကြပေ။ သို့သော် ဥပဒေဆိုသည်မှာ အမှိုက်သရိုက်လောက်ပင် တန်ဖိုးကင်းမဲ့နေသည့် ယခုလို ကမ္ဘာပျက်ကပ် ကာလကြီးတွင် သူတို့ ဘာကြောင့်များ နောက်တွန့်နေကြဦးမည်နည်း။
ကြောက်ရွံ့မှုကြောင့် မျက်နှာ ပျက်ယွင်းသွားသော စစ်ဆရာဝန်မလေးကို ကြည့်ကာ ယောက်ျားများက ပို၍ အော်ဟစ် ရယ်မောကြပြီး ပိုမို ရဲတင်းသော လုပ်ရပ်များကို စတင် လုပ်ဆောင်လာကြတော့သည်။ သူတို့က တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ တိုးလာကြကာ ချူဟန်တို့အဖွဲ့ကို ပို၍ တင်းကျပ်စွာ ဝိုင်းရံလိုက်ကြသည်။ အမျိုးသမီး သုံးဦးအပေါ် ကျရောက်နေသော အကြည့်များမှာ ပို၍ ရိုင်းစိုင်းလာပြီး ချူဟန်ဆိုသည့် ယောက်ျားတစ်ယောက် ရှိနေသည်ကိုပင် လျစ်လျူရှုကာ သူမတို့ထံ လက်လှမ်းပြီး ရိုင်းစိုင်းယုတ်ညံ့သော စကားများဖြင့် နှောင့်ယှက်လာသူများပင် ရှိနေသည်။
"ဘယ်လိုလဲ... အထဲရောက်လာမှတော့ နေမှာလား ပြန်ထွက်မှာလား။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ထားခဲ့ရမှာပေါ့ကွ"
ကောင်းယီက သံပိုက်လုံးကြီးကို ကစားရင်း ချူဟန်၏ အဖြေကို စောင့်နေသည်။ မဟုတ်ပေ။ သူသည် သားကောင်ကို ညှဉ်းပန်းနှိပ်စက်ရသည့် သာယာမှု ကို ခံစားနေခြင်းသာ ဖြစ်သည်။ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ဖမ်းမိသောအခါ ချက်ချင်း စားပစ်လေ့မရှိပေ။ ဖမ်းလိုက်၊ လွှတ်လိုက် လုပ်ကာ သေသည်အထိ ကစားတတ်ကြသည်။ ကြောင်တစ်ကောင်ပင် ထိုသို့ လုပ်တတ်သေးလျှင် ပို၍ ရှုပ်ထွေးသော ခံစားချက်များနှင့် တွေးခေါ်နိုင်စွမ်းရှိသည့် လူသားများအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကမ္ဘာပျက်ကပ် ကာလ၏ ဘဝမှာ ပျော်ရွှင်စရာ မရှိပေ။ ငြီးငွေ့စရာ ကောင်းပြီး အန္တရာယ်များဖြင့်သာ ပြည့်နှက်နေသည်။ ထို့ကြောင့်ပင် သူတို့သည် ဘာမှမရှိသော အခြေအနေများကြားမှနေ၍ သာယာမှု ကို ရှာဖွေတတ်လာကြခြင်း ဖြစ်သည်။