← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃) လက်တစ်ချောင်းတောင် အထိခံမှာ မဟုတ်ဘူး

ကောင်းယီ၏ အမူအရာမှာ လွန်စွာ မောက်မာဝင့်ကြွားနေပြီး ချူဟန်တို့အဖွဲ့ကို အစိမ်းလိုက် ဝါးမြိုတော့မည့်ဟန် ရှိနေသည်။ အဆင့်အတန်းမြင့်တဲ့ မိန်းမလှလေး သုံးယောက်က သူတို့ရှေ့သို့ အလိုအလျောက် ရောက်ရှိလာခဲ့ပြီလေ။ သူတို့အနေဖြင့် အိပ်မက်ထဲရောက်သွားသလို ခံစားရသည်အထိ အရသာခံ မစားသုံးလိုက်ရလျှင် အတော်လေး နစ်နာသွားမည် မဟုတ်ပါလား။

သို့သော် မထင်မှတ်ထားစွာပင် ချူဟန်၏ အသံမှာ လွန်စွာ တည်ငြိမ်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး မျက်ဝန်းများမှာလည်း မည်းနက်နေတော့သည်။

"အဲဒါကတော့ တောင်းပန်ပါတယ်ကွာ"

ကောင်းယီ၏ လက်များ ရုတ်တရက် ရပ်တန့်သွားသည်။ သူက နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခဏမျှ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် နောက်တစ်စက္ကန့်မှာပင် တစ်စုံတစ်ရာ၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံလိုက်ရသည့်အလား ချူဟန်၏ မည်းနက်နေသော မျက်ဝန်းများထံမှ အကြည့်မလွှဲနိုင်တော့ပေ။

"ဟမ်"

"ငါ အချက်နှစ်ချက်ပဲ ရှင်းရှင်းလင်းလင်း ပြောမယ်"

ချူဟန်က ပြုံးနေဆဲပင် ဖြစ်သော်လည်း ထိုအပြုံးမှာ တဖြည်းဖြည်း မောက်မာဝင့်ကြွားလာတော့သည်။ အသက်နှစ်ဆယ်အရွယ် အားနွဲ့သော လူငယ်လေးတစ်ဦးဟု မထင်ရလောက်အောင် သေခြင်းတရားကိုပင် ဂရုမစိုက်သည့်ဟန်ဖြင့် သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။

" နံပါတ်တစ်... ငါတို့ ဒီမှာ တစ်ရက် နှစ်ရက်လောက် နေမယ်။ ဒါက တောင်းဆိုနေတာ မဟုတ်ဘူး... အသိပေးရုံသက်သက်ပဲ"

" နံပါတ်နှစ်... ငါ့လူတွေကိုတော့..."

ချူဟန်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဆာလောင်နေသော ဝံပုလွေတစ်ကောင်ပမာ သွေးဆာနေသည့် ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။

" ဆံပင်တစ်မွေးတောင် လာထိဖို့ မတွေးနဲ့ "

ချူဟန်ထံမှ ထွက်ပေါ်လာသော ဖိအားမှာ သေချာပေါက် အစစ်အမှန်ပင် ဖြစ်သည်။ သူသည် အသက်နှစ်ဆယ်အရွယ် အတွေ့အကြုံမရှိသေးသော လူငယ်လေးတစ်ယောက် မဟုတ်ပေ။ ယခုအချိန်အထိ သူ သတ်ဖြတ်ခဲ့သော လူအရေအတွက်၊ သူ၏ လက်ပေါ်တွင် စွန်းထင်းနေသော သွေးပမာဏမှာ သူကိုယ်တိုင်ပင် ရေတွက်၍ မရနိုင်လောက်အောင် များပြားနေပြီ ဖြစ်သည်။

ထိုအကန့်အသတ်မဲ့ ဖိအားများနှင့် ရန်လိုသော သတ်ဖြတ်လိုစိတ်များကြောင့် ယုတ်မာစွာ ရယ်မောနေခဲ့သော လူအုပ်ကြီး၏ မျက်နှာအမူအရာများမှာ ချက်ချင်းဆိုသလို အေးခဲသွားကြတော့သည်။ ပတ်ဝန်းကျင် တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပြီး အားလုံးက သူတို့ရှေ့ရှိ လူငယ်လေးကို မှင်သက်စွာ ကြည့်နေမိကြသည်။ လူရှစ်ဆယ်နှင့် လူတစ်ယောက်။ ထိုအချိုးအစား မညီမျှမှုက စူပါမားကတ် တစ်ခုလုံးကို ထူးဆန်းသော လေထုတစ်ခု ဖြစ်ပေါ်စေသည်။

ယွီရှင်းလည်း ထိုနေရာတွင် သံမှိုစွဲထားသကဲ့သို့ မလှုပ်မယှက် ရပ်နေမိသည်။ သူမ ဓားစာခံ အဖမ်းခံခဲ့ရစဉ်က မြင်တွေ့ခဲ့ရသော မြင်ကွင်းကို သူမ ပြန်လည်အမှတ်ရသွားသည်။ ကောင်းကင်ကို မော့ကြည့်ကာ တစ်ယောက်မကျန် သတ်ပစ် ဟု အေးစက်စက် အမိန့်ပေးခဲ့သော ချူဟန်၏ ပုံရိပ်ပင် ဖြစ်သည်။

‘ဒီလူ့အတွက် လူ့အသက်တွေက တကယ်ပဲ တန်ဖိုးမရှိတော့တာလား’

စစ်ဆရာဝန်မလေး၏ ရင်ထဲတွင် သံသယများ ကြီးထွားလာသည်။ သူမသည် စစ်တပ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း ငြိမ်းချမ်းသော ခေတ်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ရာ သေရေးရှင်ရေး တိုက်ပွဲဝင်ခဲ့ရသော အတွေ့အကြုံမျိုး မရှိခဲ့ပေ။ အကြီးမားဆုံး တုန်လှုပ်မှုဆိုလျှင် ဤကမ္ဘာပျက်ကပ် ဆိုက်ရောက်လာခြင်းပင် ဖြစ်သည်။ ဇွန်ဘီများကိုတော့ သူမ သနားညှာတာမည် မဟုတ်သော်လည်း လူသားများကိုမူ ဆရာဝန်တစ်ယောက်၏ မွေးရာပါ ပင်ကိုယ်စိတ်အရ ကာကွယ်ပေးရမည်ဟု ခံယူထားသူ ဖြစ်သည်။

သွေးထွက်သံယို တိုက်ပွဲများကို နှစ်သက်သော ပိုင်ယွန့်အာမှာ ချူဟန်၏ စကားများကြောင့် တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။ သူမက ရှည်လျားသော ဆံပင်များကို တည်ငြိမ်စွာ သပ်တင်လိုက်ပြီး အေးစက်သော မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုသာ ဖြတ်ပြေးသွားသည်။

ချူဟန်အပေါ် ရာခိုင်နှုန်းပြည့် သစ္စာစောင့်သိသော ချန်ရှောက်ရယ်အတွက်မူ ထိုစကားများမှာ ထူးဆန်းနေမည် မဟုတ်ပေ။ ဘော့စ်က အဖြူဆိုလျှင် အဖြူပင် ဖြစ်သည်။

ရှန်ကျိုတီ တစ်ယောက်တည်းသာလျှင် ချူဟန်၏ စကားများကို ကြားပြီးနောက် စိတ်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။ တစ်လကျော်ကြာ အတူနေထိုင်ခဲ့ရသော်လည်း ရှန်ကျိုတီအနေဖြင့် ချူဟန်ကို အပြည့်အဝ နားလည်ပြီဟု မဆိုနိုင်သေးပေ။ ဝင်္ကပါထဲ ရောက်သွားသကဲ့သို့ ပို၍ပင် နားလည်ရခက်လာသည်ဟု ခံစားနေရသည်။ သူမက ချူဟန်၏ ကျောပြင်ကို စိုက်ကြည့်ကာ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ စိတ်ထဲတွင် ဘာတွေ တွေးနေသလဲဆိုတာကို သိမြင်နိုင်ရန် ကြိုးစားနေမိသည်။

ချူဟန်၏ ဖိအားများကြားမှ သေချာရေရာသော သတ်ဖြတ်လိုစိတ်များကို သူမ အာရုံခံမိနေသည်။ ဤသတ်ဖြတ်လိုစိတ်ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်နှင့် နက်နဲသော အကြံအစည်များ ရောယှက်နေသည်။

ချူဟန် လူသတ်သည်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်မှာ ကမ္ဘာပျက်ကပ် စတင်စကပင် ဖြစ်သည်။ သူက မတတ်သာသည့်အဆုံး ယဲ့ထျန်းလုံကို သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က ချူဟန်ကို သူမနှင့် အမျိုးအစားတူ လူတစ်ယောက် သို့မဟုတ် စစ်သားတစ်ယောက် ဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သည်။ စစ်သားဆိုသည်မှာ အကြောင်းမဲ့ လူမသတ်တတ်သောကြောင့်ပင် ဖြစ်သည်။

ချူဟန် လူသတ်သည်ကို ဒုတိယအကြိမ် မြင်တွေ့ခဲ့ရသည်မှာ အန်းကဲမြို့လေးတွင် ဖြစ်သည်။ ထိုစဉ်က သူက လူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း သတ်ပစ်ခဲ့သည်။ ပထမတစ်ယောက်ကို သတ်ခြင်းမှာ အဖွဲ့သားများကို ကာကွယ်ရန် ဖြစ်သော်လည်း ဒုတိယတစ်ယောက်ကို သတ်လိုက်ချိန်တွင်မူ ရှန်ကျိုတီအနေဖြင့် သူ့ကို နားလည်နိုင်စွမ်း မရှိတော့ပေ။ သူ၏ လုပ်ဆောင်မှု ပုံစံများကို မခန့်မှန်းနိုင်တော့သလို လူသတ်ရန် စံနှုန်းများကိုလည်း နားမလည်တော့ချေ။

ထုံမြို့တွင် လူတစ်ရာကျော်ရှေ့၌ ငါတို့က တစ်အုပ်စုတည်းပဲ ဟု သူက ရဲဝံ့စွာ ပြောဆိုခဲ့သည်။ ထိုခန့်ညားထည်ဝါသော ပုံစံကြောင့် သူ့ကို သူမ အထင်ကြီးလေးစားမိခဲ့ဖူးသည်။ သို့သော် နောက်ဆုံး၌ သူသည် ကျိုးစုန့်လိကို တုံ့ဆိုင်းမှုမရှိပဲ သတ်ပစ်ခဲ့ပြန်သည်။

ထိုအချိန်မှစ၍ သူ၏ အတွင်းစိတ်ထဲမှ တစ်စုံတစ်ခုက တဖြည်းဖြည်း လွတ်မြောက်လာသည့်အလား ချူဟန်၏ လူသတ်မှုများမှာ ပိုမို တိုက်ရိုက်ဆန်လာပြီး သတ်ဖြတ်သည့် အရေအတွက်မှာလည်း များပြားလာခဲ့သည်။ လူသတ်ချိန် သို့မဟုတ် အကုန်သတ်ရန် အမိန့်ပေးချိန်များ၌ တွေ့ရသည့် ထိုအေးဆေးတည်ငြိမ်နေသော ဟန်ပန်က ဒါမှ ချူဟန် အစစ် ဟု သူမကို တွေးထင်သွားစေသည်။

ကမ္ဘာပျက်ကပ် စတင်ပြီးနောက် တစ်လကျော် အချိန်ကုန်လွန်သွားခဲ့ပြီး လူသားတို့၏ အမှောင်မိုက်ဆုံး အစိတ်အပိုင်းများမှာ တဖြည်းဖြည်း ပေါ်ထွက်လာနေပြီ ဖြစ်သည်။ ဒီကမ္ဘာပျက်ကပ်ကြီးကပဲ ချူဟန်ကို ပြောင်းလဲသွားစေတာလား... ဒါမှမဟုတ် ချူဟန်ကပဲ ဒီကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် သူ့ရဲ့ စစ်မှန်တဲ့ သရုပ်မှန်ကို အနည်းငယ်ချင်းစီ ထုတ်ဖော်ပြသနေခြင်းလား။

ရှန်ကျိုတီ လုံးဝ နားမလည်နိုင်ပေ။ သူမ ဘာကြောင့် ဤသို့ ဆန့်ကျင်ဘက် အတွေးနှစ်ခုကို တွေးနေမိသလဲ ဆိုတာကိုလည်း နားမလည်နိုင်ချေ။ သေချာသည်မှာ ချူဟန်သည် ပင်ကိုယ်စရိုက်ကို ဖုံးကွယ်တတ်သော ရက်စက်သည့် ဝံပုလွေတစ်ကောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် သားကောင်ကို အရိုးပါမကျန် တစ်ကိုက်တည်းနှင့် ဝါးမြိုခြေဖျက်ပစ်မည့်သူမျိုး ဖြစ်သည်။ ထိုသားကောင်မှာ သူတို့ရှေ့ရှိ လူအုပ်ကြီးလည်း မဟုတ်သလို ဤစူပါမားကတ်ကြီးလည်း မဟုတ်ပေ။ ရှန်ကျိုတီမှာ ထိုထက်ပို၍ နက်နက်ရှိုင်းရှိုင်း တွေးတောရမည်ကို ကြောက်ရွံ့နေပြီး ချူဟန်၏ ကြီးမားမှုများကိုလည်း မခန့်မှန်းရဲတော့ချေ။

သူက ဝံပုလွေတစ်ကောင် ဖြစ်သည်။ အုပ်စုတစ်ခုလုံးကို အုပ်စိုးသော ဝံပုလွေဘုရင်ပင် ဖြစ်သည်။

စကားတစ်ခွန်းမျှ မဟနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ စိုက်ကြည့်နေခဲ့ကြသည်မှာ တစ်မိနစ်ခန့် ကြာမြင့်သွားပြီးနောက်...

" ဟားဟားဟားဟား"

လူတစ်ယောက်က မအောင့်ထားနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် ဟားတိုက် ရယ်မောလိုက်တော့သည်။

ထိုနောက်တွင်တော့ ရယ်သံများက ပို၍ များပြားလာပြီး ပို၍ ကျယ်လောင်လာကာ ထိန်းမနိုင် သိမ်းမရသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

"ဟားဟားဟား ဒီကောင် တကယ်ကြီး ပြောနေတာလားဟ ဟားဟားဟား"

"ဟာသတွေ လာပြောမနေနဲ့ကွာ ဟေ့ကောင်... မင်း ရူးနေတာလား"

"အရူးထောင်က ထွက်ပြေးလာတာလား မသိဘူး"

"ဆံပင်တစ်မွေးတောင် အထိခံမှာ မဟုတ်ဘူး ဟုတ်လား... ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့ကွာ"

"သိပ်တော်နေပါလား... တော်လွန်းလို့ ငါတောင် ကြောက်သွားပြီကွာ"

လှောင်ပြောင်သရော်သံများက ရပ်တန့်သွားခြင်းမရှိ ထွက်ပေါ်နေသည်။ လူတိုင်းက ချူဟန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး လူတစ်ယောက်က မိန်းမသုံးယောက်ကို ခေါ်လာပြီး ဘေးနားမှာလည်း ငတုံး လူ၀ကြီးတစ်ကောင်နဲ့ သေလုမြောပါး ကလေးမလေး တစ်ယောက်ပဲ ရှိတာကို ဒီလောက် ကြီးကျယ်တဲ့ စကားကြီး စကားကျယ်တွေ လာပြောနေသေးတယ်တဲ့လား။ ဒီကောင်က လူရွှင်တော်များလား။

ချူဟန်က သူ၏ မျက်ဝန်းများအတွင်းမှ ရက်စက်မှုများကို ဖုံးကွယ်ထားလိုက်ပြီး လူအုပ်ကြီး၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ ပြုံးလိုက်သည်။ ထို့နောက် ဒုတိယထပ်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလေသည်။ လော့ရှောင်ရှောင်ကို သယ်လာသော ချန်ရှောက်ရယ်တို့ကလည်း ချက်ချင်း နောက်မှ လိုက်ပါသွားကြသည်။ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ သဘောထားကာ ပြုမူနေခြင်းပင် ဖြစ်သည်။

သူ တောင်းဆိုချင်သည်များကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ ဖြစ်သည်။ သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ချူဟန် ဂရုစိုက်စရာ မလိုပေ။ ၎င်းမှာ သူ၏ လွန်စွာ ရိုးရှင်းသော စဉ်းစားပုံပင် ဖြစ်သည်။

သူ အကျွမ်းကျင်ဆုံး အရာမှာ အတိတ်ဘ၀ကတည်းက လုယူခြင်း သာ ဖြစ်သည်။

ယွီရှင်းမှာ စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းနေပြီးနောက် အလျင်အမြန် ပြေးထွက်ကာ ချူဟန်နောက်သို့ ပြေးလိုက်သွားခဲ့သည်။

လူအုပ်ကြီးမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်သည်။ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို ကြည့်နေရသည့်အလား ရဲဝံ့စွာ လှေကားပေါ်သို့ တက်သွားသော လူစုကို လှမ်းကြည့်နေကြသည်။ တကယ်ကြီး ဒုတိယထပ်ကို တက်သွားတော့မလို့လား။

“ရပ်လိုက်စမ်း... ဘယ်သူက မင်းတို့ကို အပေါ်တက်ခွင့်ပေးလို့လဲ"

"အဲဒီကောင်တွေကို တားကြ"

"မင်းတို့ကိုယ်မင်းတို့ ဘာများ မှတ်နေလဲ အရမ်း အထင်ကြီးမနေနဲ့ကွ"

"အဲဒီ ကောင်မလေးကို ငါ့ဆီ ချထားခဲ့... သတ်ပြီး အပြင် လွှင့်ပစ်လိုက်"

လူအုပ်ကြီးထဲမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ချူဟန်တို့အဖွဲ့ကို တားဆီးရန် တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။ ထိုအထဲတွင် အသန်မာဆုံးဖြစ်သော ကောင်းယီ၏ လှုပ်ရှားမှုက အမြန်ဆုံးပင် ဖြစ်သည်။ ချူဟန်၏ ခြေထောက်က ပထမဆုံး လှေကားထစ်ပေါ်သို့ နင်းလိုက်မိသည့် အခိုက်အတန့်မှာပင် ကောင်းယီ ကိုင်ဆောင်ထားသော သံပိုက်လုံးကြီးမှာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ချူဟန်၏ ခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ကြီးမားလေးလံသော သံပိုက်လုံးကြီးမှာ မျောက်လုရင် ဆွန်းဝူခုန်း၏ တုတ်တံကြီးအလား လေထုကိုခွဲကာ ထွက်ပေါ်လာသော အသံကြီးနှင့်အတူ ချူဟန်၏ နောက်စေ့ဆီသို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။

လူအုပ်ကြီးထဲမှ အချို့မှာ ကလေးငယ်များ၏ မျက်လုံးများကို အလိုအလျောက် လှမ်းအုပ်လိုက်ကြသည်။ ချူဟန်၏ ခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားမည်မှာ သေချာလှသည်။

ကောင်းယီသည် ယခင်ကလည်း သူ့ကို မောက်မောက်မာမာ ဆက်ဆံခဲ့သော လူတစ်ယောက်၏ ခေါင်းကို ရိုက်ခွဲခဲ့ဖူးသူ ဖြစ်သည်။

ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပျောက်ကွယ်သွားပြီဖြစ်သော ဤကမ္ဘာပျက်ကပ် ကာလကြီးတွင် လူသတ်ခြင်းမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော သာမန်ကိစ္စရပ်တစ်ခု ဖြစ်နေပြီ ဖြစ်ရာ ကောင်းယီကို တားဆီးရန် အော်ဟစ်မည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။

ချူဟန်ထံတွင် လက်နက် မရှိသလို ကောင်းယီကိုလည်း ကျောခိုင်းထားသည်။ ကောင်းယီ၏ တိုက်ခိုက်မှုမှာ လျင်မြန်ပြီး တိကျလှသည်။ အဆုံးသတ်ကို ကြိုတင် မြင်နေရပြီ ဖြစ်သည်။ လူအုပ်ထဲမှ မကောင်းသော ရည်ရွယ်ချက် ရှိသူများ၏ မျက်နှာတွင် အပြုံးများပင် ပေါ်ထွက်လာနေကြပြီ ဖြစ်သည်။

"သေစမ်း... ခွေးကောင်"

ကောင်းရီက ကြောက်မက်ဖွယ် မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

"ငါ မင်းကို သတ်ပစ်မယ်"

အခန်း (၁၂၄) နောက်ဆုံးရလဒ်သည် သေမင်းသာ

တင်းကျပ်နေသော လေထုက တစ်ခဏချင်းမှာပင် ပျံ့နှံ့သွားသည်။ ယွီရှင်းသည် ရင်ခုန်သံများ မြန်ဆန်လာကာ အလိုအလျောက်ပင် ချန်ရှောက်ယဲ့ဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။

"ပစ်လိုက်... "

သို့သော် ချန်ရှောက်ယဲ့က မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။ ယွီရှင်း၏ စိုးရိမ်ပူပန်နေမှုများကို ဂရုမစိုက်ဘဲ လော့ရှောင်ရှောင် လှဲလျောင်းနေသည့် ကြမ်းတမ်းသော သစ်သားပြားကို သယ်ဆောင်ရန်သာ အာရုံစိုက်နေခဲ့သည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ ဘေးတွင် လျှောက်လှမ်းနေသော ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ စိုးရိမ်ထိတ်လန့်နေခြင်း မရှိသည့်အပြင် အကြည့်များကိုပင် လွှဲဖယ်မသွားကြချေ။

ပြီးဆုံးသွားချေပြီ။ ဘာဖြစ်လို့ မပစ်တာလဲ။ ဒီလူဝကြီးမှာ ဒီလောက်ကောင်းတဲ့ သေနတ်ပစ်စွမ်းရည်တွေ ရှိနေရက်နဲ့ ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ။

ယွီရှင်း၏ တစ်ကိုယ်လုံးတွင် ချွေးအေးများ ပျံထွက်လာခဲ့သည်။ စကားပြောရန်ပင် အချိန်မရတော့ပေ။ ကောင်းယီ၏ အားကုန်လွှဲချလိုက်သော သံပိုက်လုံးကြီးက ချူဟန်၏ ခေါင်းဆီသို့ တည့်မတ်စွာ ကျဆင်းလာသည်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့်သာ ရပ်ကြည့်နေနိုင်တော့သည်။

ရွှပ်

ရုတ်တရက် အလွန်မြင့်မားသော ကျင့်ဝတ်သိက္ခာကို ပိုင်ဆိုင်ထားသည့် ဤစစ်ဆရာဝန်မလေးက ရှေ့သို့ အပြင်းအထန် ပြေးထွက်သွားခဲ့သည်။ ဘဝတစ်သက်တာတွင် အကြီးမားဆုံးသော သတ္တိများကို စုစည်းကာ ချူဟန်ကို တွန်းထုတ်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။

‘ဘယ်သူမှ မကူညီဘူးဆိုရင် ကိုယ်တိုင်ပဲ လုပ်ရတော့မယ်’

ယွီရှင်း၏ လုပ်ရပ်သည် အလွန်တရာ ရုတ်တရက် ဆန်လှသည်။ ချူဟန်သည် မိမိအတွက် လုံးဝစိမ်းသက်နေသော သူစိမ်းတစ်ယောက် ဖြစ်နေသည့်အပြင် မိမိဘက်မှ အနည်းငယ်မျှပင် သဘောကျနှစ်သက်ခြင်း မရှိသည့်သူ ဖြစ်နေသည်ကိုပင် တွေးတောရန် အချိန်မရခဲ့ပေ။

နောက်တစ်ခဏတွင် ယွီရှင်းက သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အင်အားတစ်ရပ်ဖြင့် နောက်သို့ ဆွဲငင်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ယောက်၏ လက်မောင်းက သူမ၏ ခါးကို ရစ်ပတ်လာခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ အံ့အားသင့်စွာ ပြူးကျယ်နေသော အကြည့်များ၏ အဆုံးတွင် သူမကို လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲသို့ ဆွဲသွင်းထားသော ချူဟန်၏ မျက်နှာကို တွေ့လိုက်ရသည်။

ကျောဘက်ဆီမှ သံပိုက်လုံးကြီးက တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် နီးကပ်လာနေပြီ ဖြစ်သည်။

ယွီရှင်း၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ လောင်ကျွမ်းသွားခဲ့သည်။ ဒီအတိုင်းဆိုလျှင် ချူဟန်သာမက မိမိပါ အတူတကွ အရိုက်ခံရပြီး သေဆုံးရတော့မည်။

သို့သော် ထိုသံပိုက်လုံးကြီးက ချူဟန်၏ ဦးခေါင်းနှင့် ထိခိုက်မိမည့် ထိုခဏလေးမှာပင် သူ၏ လက်တစ်ဖက်က လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

ဖမ်းခနဲ...

ရှည်လျားပြီး အလွန်လေးလံသော သံပိုက်လုံးကြီးကို ချူဟန်၏ လက်က အပြင်းအထန် ဖမ်းဆုပ် တားဆီးလိုက်သည်။ ထိုလှုပ်ရှားမှု အလွန်တရာ မြန်ဆန်ပြီး ရေစီးကြောင်းသဖွယ် ချောမွေ့လွန်းလှသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ရိုက်ချလာသော သံပိုက်လုံးကြီးသည် လေဟာပြင်တွင် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ တိခနဲ ရပ်တန့်သွားပြီး ထိုနေရာမှ လုံး၀ပင် ဆက်လက် ရွေ့လျားခြင်း မရှိတော့ပေ။

ချူဟန်က တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ကျောဘက်သို့ လှည့်ကြည့်ခြင်းပင် မရှိဘဲ လက်တစ်ဖက်တည်းဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ရှိသည့် သံပိုက်လုံးကြီးကို ဖမ်းဆုပ်ထားပြီး အခြားလက်တစ်ဖက်ကမူ ကြောင်အမ်းအမ်း ဖြစ်နေသော ယွီရှင်းကို ဖက်တွယ်ထားဆဲပင် ဖြစ်သည်။

ကျောဘက်ဆီမှ ဆူညံစွာ ထွက်ပေါ်နေခဲ့သော အော်ဟစ်သံများနှင့် လှောင်ပြောင်သံများ ရပ်တန့်သွားခဲ့သည်။ ချူဟန်၏ ဦးခေါင်း ဖရဲသီးတစ်လုံးလို ကွဲကြေသွားမည်ကို စောင့်မျှော်နေကြပြီး ထိုနောက်တွင် ယွီရှင်း၊ ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့ သုံးယောက်ကို ဖိနှိပ်ကာ ပျော်ပါးရန် စိတ်ကူးယဉ်နေခဲ့ကြသော အမျိုးသားများအားလုံး လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့သွားသကဲ့သို့ အသက်ရှူမှားသွားကြသည်။ လူတိုင်းက မျက်လုံးများ ပြူးကျယ်နေပြီး မေးစေ့များ မြေကြီးနှင့် ထိလုမတတ် အံ့အားသင့်နေသော အမူအရာများ ဖြစ်ပေါ်နေကြသည်။

တိတ်ဆိတ်ငြိမ်သက်မှုက စူပါမားကတ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းယီက မျက်နှာတစ်ခုလုံး နီရဲနေပြီး အသက်ရှူကြပ်နေခဲ့သည်။ လက်နှစ်ဖက်စလုံးရှိ ကြွက်သားများက ပေါက်ကွဲထွက်မတတ် ဖောင်းကားနေပြီး သွေးကြောစိမ်းများကလည်း ထင်းထွက်နေသည်။ သူက တစ်ကိုယ်လုံးရှိ ခွန်အားများကို အသုံးချကာ သံပိုက်လုံးကို ဖိချရန် ကြိုးစားနေခဲ့သည်။ သို့သော် မည်မျှပင် အားစိုက်ထုတ်နေစေကာမူ ထိုသံပိုက်လုံးကြီးသည် လုံးဝ မြဲမြံစွာ ချိတ်ပိတ်ခံထားရသကဲ့သို့ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။

ချူဟန်က လူအုပ်ကြီးကို ကျောခိုင်းထားဆဲပင် ဖြစ်သည်။ ခြေတစ်ဖက်ကို ရှေ့ရှိ လှေကားထစ်ပေါ်တွင် တင်ထားပြီး ကိုယ်နေဟန်ထား အနည်းငယ်မျှပင် ပျက်ယွင်းသွားခြင်း မရှိချေ။ သူ့ရင်ခွင်ထဲသို့ ရောက်နေသော ယွီရှင်းလည်း မှင်သက်နေပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။ ချူဟန်၏ လှုပ်ရှားမှုသည် လက်ကို ပေါ့ပေါ့ပါးပါးလေး ဆန့်ထုတ်လိုက်သည်နှင့်သာ တူနေသည်။ ထိုလက်မောင်းက အနည်းငယ်မျှပင် တုတ်ခိုင်ကြီးမားခြင်း မရှိဘဲ သာမန် လူငယ်တစ်ယောက်၏ လက်မောင်းသာ ဖြစ်သည်။ သို့သော် သူ ဖမ်းဆုပ်ထားသော သံပိုက်လုံးကြီးသည် ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေပြီး ကျောဘက်တွင် သွားကြိတ်ကာ မျက်နှာတစ်ခုလုံး နီရဲပြီး ချွေးများ ရေတံခွန်လို စီးကျနေသော ကောင်းယီနှင့်ဆိုလျှင် အလွန်တရာ ကွဲပြားခြားနားလွန်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေခဲ့သည်။

ကောင်းယီက သံပိုက်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အစပြု၍ အားကုန် လွှဲရိုက်ခဲ့ခြင်း ဖြစ်သည်။ ချူဟန်က လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ခဲ့ခြင်း ဖြစ်ပြီး တုံ့ပြန်မှုကလည်း နောက်ကျမှ ဖြစ်သလို အခြားလက်တစ်ဖက်ဖြင့် လူတစ်ယောက်ကိုပါ ပွေ့ဖက်ထားသေးသည်။

ဂလု...ဂလု...

နေရာအနှံ့မှ တံတွေးများကို အပြင်းအထန် မျိုချလိုက်သော အသံများ ထွက်ပေါ်လာခဲ့သည်။

အကြောက်တရားကြောင့် တုန်ယင်နေသော လူအုပ်ကြီးထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။ စောစောကမှ ထိုခွန်အားကြီး အမျိုးသားများကို မျက်နှာချိုသွေးနေခဲ့သော အမျိုးသမီးများသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် ထိုသူများနှင့် အဝေးသို့ ခွာသွားကြပြီး ယခုအခါတွင် မျက်လုံးများ အရောင်လက်ကာ ချူဟန်ကိုသာ စိုက်ကြည့်နေကြသည်။ ယင်းမှာ ရက်စက်လွန်းလှသော လက်တွေ့ကျသည့် လုပ်ရပ်တစ်ခု ဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ကြီးထဲတွင် အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိပေ။

ချူဟန်ကို ရန်သူအဖြစ် သဘောထားနေခဲ့သော အခြားအမျိုးသားများသည် ယခုအခါ စိတ်ဓာတ်များ ပြိုကွဲသွားလောက်သည့်အထိ ထိုးနှက်ခံလိုက်ရချေပြီ။ ဒီလိုနူးညံ့တဲ့ပုံစံ ရှိတဲ့လူဆီမှာ ဘယ်နေရာကနေ ဒီလောက်ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ပုန်းကွယ်နေရတာလဲ။

မိဘများစွာသည် အံ့ဩလွန်းသဖြင့် လှုပ်ရှားရန်ပင် မေ့လျော့နေကြသည်။ မိဘများ၏ မျက်လုံးပိတ်ထားခြင်းကို ခံထားရသော ကလေးများသည် ထိုလက်များကို ကိုယ်တိုင် ဖယ်ရှားလိုက်ကြပြီး မျက်လုံးအဝိုင်းသားများဖြင့် ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ထိုစဉ်...

"ဝါး... "

"စူပါမန်းကြီးပဲ... "

"စပိုက်ဒါမန်းပါ... "

"မဟုတ်ဘူး... အိုင်းယွန်းမန်းကြီး... "

"အရူးတွေ... ဟာ့ခ် ကြီး ဆိုတာ သေချာတယ်... "

"သူက အစိမ်းရောင်မှ မဟုတ်တာ... "

"ဟေး... အဲဒီ အစ်ကိုကြီးက ဘယ်သူလဲ... "

ကလေးများ၏ နောက်ဆုံးထွက်ပေါ်လာသော အဲဒီ အစ်ကိုကြီးက ဘယ်သူလဲ ဟူသည့် အပြစ်ကင်းစင်သော မေးခွန်းလေးက မှင်သက်နေကြသော လူကြီးများ၏ အတွေးများကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ လူတိုင်း၏ ရင်ထဲတွင် လုံးဝတူညီသော မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဒီလူက တကယ်တော့ ဘယ်သူလဲ။ မိစ္ဆာကောင်များလား။ လူအများစုက မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကြပြီး မိမိတို့၏ မျက်လုံးများ ကန်းသွားပြီလား သို့မဟုတ် အိပ်မက် မက်နေကြတာလားဟု စတင် သံသယ ဝင်လာကြသည်။

အခြေအနေကို ကောင်းစွာ နားမလည်နိုင်သေးသော ယွီရှင်း၏ ရင်ထဲသို့လည်း ပျံ့နှံ့သွားခဲ့သည်။ လှပသော စစ်ဆရာဝန်မလေးသည် အလွန်နီးကပ်သော အကွာအဝေးမှ ချူဟန်၏ မျက်နှာဘေးထောင့်ကို ခိုးကြည့်လိုက်သည်။ ဤလူငယ်လေး၏ မျက်နှာအမူအရာမှာ အလွန်တရာ အေးစက်တည်ငြိမ်လွန်းလှသည်။ ယွီရှင်း၏ ပြူးကျယ်နေသော မျက်ဝန်းများထဲတွင် ကန့်သတ်ချက်ကို ကျော်လွန်နေသော တုန်လှုပ်မှုများ ကိန်းအောင်းနေခဲ့သည်။ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော အဖြစ်အပျက်များသည် လက်တွေ့နှင့် အလွန်အလှမ်းကွာဝေးလွန်းနေသဖြင့် သူမ၏ တွေးခေါ်နိုင်စွမ်းမှာ မလိုက်နိုင်ခဲ့ပေ။

ကြွက်သားတွေ အပြည့်နဲ့ လက်နက်ကို အားကုန်လွှဲရိုက်လိုက်တဲ့ လူကောင်ကြီး။ ပိန်ပိန်ပါးပါးနဲ့ သိပ်အားရှိပုံမပေါ်တဲ့ လူငယ်လေး။ ရလဒ်အနေနဲ့ ဒီလူငယ်လေးက တစ်ဖက်လူကို လုံးဝကို အနိုင်ယူသွားခဲ့တာလား။ မဟုတ်ဘူး... အဲဒီအစား အဲဒီလူကောင်ကြီးကို ခွန်အားနဲ့ လုံးဝ ဖိနှိပ်ထားပြီး တစ်ချက်လေးတောင် မလှုပ်နိုင်တဲ့ အခြေအနေအထိ တွန်းပို့ထားတာပဲ။

လူအုပ်ကြီးထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော မျက်မှန်နှင့် လူငယ်လေး၏ မျက်နှာမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ အမည်မှာ ဆူးရှင်း ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာကတည်းက ဤစူပါမားကတ်ထဲတွင် အချိန်ပြည့် ပုန်းအောင်းနေခဲ့သူ ဖြစ်သည်။ အပြင်ဘက်ရှိ အတားအဆီးများနှင့် ဝင်ပေါက်ရှိ အကာအကွယ်များကို နေရာချထားပေးခဲ့သူမှာ သူ ဖြစ်သည်။ ခွန်အားမရှိသော်လည်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်သောကြောင့် ဤစူပါမားကတ်အတွင်း၌ သူသည် အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးမှု ရှိနေခဲ့သည်။

ရုတ်တရက် ဆူးရှင်းသည် လက်နှစ်ဖက်ကို မြှောက်ကာ မိမိ၏ ဦးခေါင်းကို အဆက်မပြတ် ထုရိုက်လာခဲ့သည်။ ထို့နောက် ရူးသွပ်နေသူတစ်ဦးအလား နားမလည်နိုင်သော စကားလုံးများကို တန်းစီ၍ ရေရွတ်လာတော့သည်။

"ယုတ္တိမရှိဘူး... လုံးဝ ယုတ္တိမရှိဘူး... ရူပဗေဒ သဘောတရားအရ ကြည့်ရင် သီအိုရီအရရော လက်တွေ့မှာပါ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ... ငါ ရူးသွားပြီလား... အိပ်မက်မက်နေတာလား... အား... အခုချိန်ထိ ငါသိထားတဲ့ အခြေခံသဘောတရားတွေ ဘယ်ရောက်ကုန်ပြီလဲ... "

ဆူးရှင်း၏ ရူးသွပ်နေသော အပြုအမူကြောင့် ပတ်ဝန်းကျင်ရှိ လူများက အလန့်တကြားဖြင့် သူ့အနီးမှ ရှောင်ခွာသွားကြသည်။ သို့သော် ထိုအရာက ချူဟန်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူက ခေါင်းကို အနည်းငယ် စောင်းကာ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရူပဗေဒ ဖော်မြူလာများကို အဆုံးမရှိ ရေရွတ်နေသော ဆူးရှင်းကို တစ်ချက် စိုက်ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပင် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲနေကာ သံပိုက်လုံးကို ပြန်ဆွဲနုတ်ရန် ရုန်းကန်နေရသော ကောင်းယီထံသို့ အကြည့်ကို ရွှေ့လိုက်သည်။

"ဒါနဲ့... ပြောဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်... "

ချူဟန်၏ အသံမှာ အားစိုက်ထုတ်ထားရခြင်း အလျဉ်းမရှိဘဲ အလွန်တရာ အေးချမ်းပြီး တည်ငြိမ်နေခဲ့သည်။

လူတိုင်းက အသက်ရှူမှားသွားကြပြီး နားစွင့်ထားလိုက်ကြသည်။ ချူဟန်၏ သေးငယ်သော မျက်နှာအမူအရာ ပြောင်းလဲမှုကိုပင် လက်လွတ်မခံစေရန် သွေးကြောများ ယှက်နွယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ဆူးရှင်းပင်လျှင် ချက်ချင်း သတိပြန်ဝင်လာပြီး ချူဟန်ကို စကားမဟဘဲ စိုက်ကြည့်နေခဲ့သည်။

'ဘာလဲ... ဘာဖြစ်လို့လဲ။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်ကို ယုတ္တိကျကျ ရှင်းပြပေးတော့မလို့လား'

သူက အကြောင်းရင်းကို သိချင်လွန်း၍ ရူးမတတ် ဖြစ်နေခဲ့သည်။

တစ်ဖက်တွင်မူ ကောင်းယီသည် သံပိုက်လုံးကို အားကုန်ဆွဲထုတ်ရန် မခံမရပ်နိုင်အောင် ကြိုးစားနေဆဲပင် ဖြစ်သည်။ လက်ရှိ သူ၏ အခြေအနေအရ အခြားသူများ၏ စကားကို နားထောင်ရန် အချိန်မရှိသည်မှာ သေချာလှသည်။ သူ၏ အာရုံခံစားမှုနှင့် ခွန်အား အားလုံးကို ဤသံပိုက်လုံး တစ်ချောင်းထဲသို့သာ ပုံအောထားခဲ့သည်။ ထိုအချိန်မှာပင် သူ၏ ရင်ထဲတွင် အဆုံးအစမရှိသော အကြောက်တရားများက ပေါက်ဖွားလာခဲ့သည်။ သို့သော် လုံးဝ လက်လွှတ်လိုက်၍ မဖြစ်ပေ။ အကယ်၍ ဤသံပိုက်လုံးသာ ချူဟန်၏ လက်ထဲသို့ အပြည့်အဝ ရောက်ရှိသွားပါက ဤအမည်မသိ မိစ္ဆာကောင်က ဘာတွေ ဆက်လုပ်လာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

"အကြောင်းပြချက် နှစ်ခု ရှိတယ်... "

ချူဟန်သည် မျက်နှာတစ်ခုလုံး အစွန်းကုန် နီရဲနေပြီး ချွေးများ ရွှဲနစ်နေသော ကောင်းယီကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို အနည်းငယ် စောင်းကာ သူ ဖက်တွယ်ထားသော ယွီရှင်းကို မေးငေါ့ပြလိုက်သည်။

"ပထမအချက်... ဒီမိန်းကလေးက ငါဖမ်းခေါ်လာတဲ့ စစ်ဆရာဝန်မပဲ... သူသာ တစ်ခုခုဖြစ်သွားရင် ငါ့လူတွေ သေကုန်လိမ့်မယ်... မင်းကတော့ ခုလေးတင် သူ့ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်... "

"ဒုတိယအချက်... "

ထိုသို့ ပြောပြီးပြီးချင်းမှာပင် ချူဟန်၏ စကားက ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။

စောစောက ဖမ်းခေါ်လာသည် ဟု အပြောခံရသဖြင့် ဒေါသထွက်နေသည့် ယွီရှင်းတစ်ယောက် ရေခဲရေနှင့် ပက်ခံလိုက်ရသလို ကြက်သီးများ ဖြန်းခနဲ ထသွားသည်။ သူမက ချူဟန်၏ မျက်နှာဘေးထောင့်ကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုစွဲမက်ဖွယ်ကောင်းသော မျက်နှာထားတွင် မည်သည့် အမူအရာမျှ မရှိပေ။ သို့သော် ထိုအမူအရာမဲ့နေမှုကပင် ဝိညာဉ်ကို ခဲအေးသွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ခံစားလိုက်ရသည်။

"ဒုတိယအချက်ကတော့ "

ချူဟန်၏ အသံတွင် လှိုင်းဂယက်လေး တစ်ခုမျှပင် ရှိမနေခဲ့ပေ။

"ငါ့ကို ခွေးကောင်လို့ ခေါ်တဲ့ကောင်တွေရဲ့ နောက်ဆုံးရလဒ်က... သေခြင်းတရားပဲ... "

All Chapters