အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅) တုန်လှုပ်ချောက်ချားသွားခြင်း
ချူဟန်၏ လေသံမှာ အလွန်အေးစက်လွန်းနေသည်။
ထိုစကားမှာ ရက်စက်ကြမ်းကြုတ်သော ခြိမ်းခြောက်မှုတစ်ခုနှင့် မတူဘဲ ဒီနေ့ ထမင်းစားပြီးပြီလား ဟု မေးလိုက်သကဲ့သို့ လွန်စွာ ပေါ့ပါးနေလေသည်။ ဤပြင်းထန်သော ကွာဟချက်က ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လေထုကို ဖြစ်ပေါ်စေသည်။
ယခုအခါ စူပါမားကတ်၏ မြေညီထပ်တစ်ခုလုံး တင်းမာသော အခြေအနေသို့ ရောက်ရှိနေသည်။ အားလုံးမှာ အသက်ရှူချောင်ရန်ပင် မဝံ့ရဲဘဲ ဤလူငယ်လေး၏ အမျက်ဒေါသကို မဆွမိစေရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ထိုမျှ တည်ငြိမ်သော လေသံဖြင့် သေခြင်းတရား ကို နှုတ်မှ ထုတ်ပြောနိုင်ခြင်းမှာ ခက်ထန်ကြမ်းကြုတ်သော မျက်နှာထားထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
ချူဟန်က ချန်ရှောက်ရယ်ကို လူသတ်ရန် အမိန့်ပေးခဲ့သည့် မြင်ကွင်းကို မတွေ့လိုက်ရသူများအတွက်မူ ကြီးမားသော ခံစားချက်မျိုး မရှိလှပေ။ နားလည်နိုင်စွမ်းမရှိသော အကြောက်တရားကြောင့်သာ အသံမထွက်ရဲဘဲ ငြိမ်သက်နေကြခြင်း ဖြစ်သည်။
သို့သော် ရှန်ကွမ်းယွီရှင်းကတော့ မတူညီပေ။
ရင်ခုန်သံများ အဆမတန် မြန်ဆန်လာကာ မျက်ဆန်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။ သူမသည် အမှန်တရားတစ်ခုကို ရုတ်ခြည်း သဘောပေါက်သွားလေသည်။
ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့ကဲ့သို့သော လူများက အဘယ်ကြောင့် ချူဟန်အပေါ် ဤမျှ ခြွင်းချက်မရှိ သစ္စာခံနေကြသနည်း။
အကြောင်းမှာ ဤအမျိုးသားက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ထိုကြောက်မက်ဖွယ်ကောင်းမှုသည် နေရာအနှံ့ လွှမ်းခြုံထားသည်။ ဧရာမ ပိုက်ကွန်ကြီးတစ်ခုပမာ မျက်မှောက်တွင် ရှိသမျှအရာအားလုံးကို ရစ်ပတ်ချုပ်နှောင်ထားသကဲ့သို့ ရှိသည်။ ပြင်ပတိုက်ခိုက်ရေးစွမ်းရည်သာမက ဉာဏ်ရည်ပိုင်းဆိုင်ရာ ကောက်ကျစ်မှုတွင်ပါ ချူဟန်က အဘက်ဘက်မှ သာလွန်နေသည်။
လောကကြီး၏ ပြင်ပတွင်ရပ်ကာ ရုန်းကန်နေရသော သာမန်လူသားများကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည့် နတ်ဘုရား တစ်ပါးပမာပင် ဖြစ်သည်။
မည်သူမျှ သူ၏လက်ထဲမှ မလွတ်မြောက်နိုင်သလို သူ၏ တွက်ချက်မှုမှ သွေဖည်သွားမည့်အရာဟူ၍လည်း မရှိနိုင်ပေ။
အစကတည်းက ချူဟန်သည် ဤနေရာရှိ မည်သူ့ကိုမျှ အရေးမစိုက်ခဲ့ပေ။
ထို့ကြောင့်သာ ဤမျှ တည်ငြိမ်နေနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိလူများ ကြောက်လန့်တုန်လှုပ်သွားစေမည့် စကားများကို မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ ပြောထွက်နိုင်ခြင်းဖြစ်သည်။ ဤနေရာတွင် သူက သေ ဟု အမိန့်ပေးလိုက်လျှင် ထိုသူမှာ မလွဲမသွေ သေရမည်သာ ဖြစ်သည်။ ထိုအရာက ကလေးငယ်တစ်ဦး၏ လက်ကို လိမ်ချိုးလိုက်ခြင်းထက်ပင် ပို၍ လွယ်ကူနေသေးသည်။
သူတို့ ရှင်သန်နေသည့် အဆင့်အတန်းချင်းက အခြေခံအားဖြင့် ကွာခြားလွန်းနေသည်။
ပညာတတ် လူကြီးတစ်ဦးသည် လမ်းဘေးတွင် အညစ်အကြေးစွန့်နေသော ခွေးလေခွေးလွင့် သို့မဟုတ် ကြောင်လေကြောင်လွင့်တစ်ကောင်ကို အလေးအနက်ထား ဒေါသထွက်မည်မဟုတ်ပေ။ ရပ်တည်နေသော အမြင့်ချင်း မတူညီပါက အလေးထားရမည့် အရာများကလည်း လုံးဝ ကွာခြားသွားမည် ဖြစ်သည်။
ယွီရှင်းမှာ ဖြည်းညင်းစွာ လွှမ်းမိုးလာသော အကြောက်တရားကြောင့် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ချူဟန်၏ ကျောပြင်ဆီမှ အလွန် ကြီးမားလှသော ဖိအားများ ထွက်ပေါ်နေသယောင် ခံစားလိုက်ရသည်။ ဤအမျိုးသား၏ နှုတ်မှ ထွက်ကျလာသော စကားများအနက် မည်သည့်အရာက အမှန်တရား ဖြစ်မည်နည်း။
ဒါမှမဟုတ် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် အားလုံးက လှည့်စားမှုသက်သက်သာ ဖြစ်နေမည်လား။
အမျိုးသမီး စစ်ဆရာဝန်လေး၏ စိတ်ထဲတွင် အကြောက်တရားတို့ လွှမ်းမိုးခြင်းခံလိုက်ရသည်။ သူမ၏ဘေးမှ လျှောက်လာသော ရှန်ကျိုတီလည်း ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမက ချူဟန်ထံသို့ မသိမသာ အကြည့်ရောက်သွားသည်။ သူက ခန့်မှန်းရ ပို၍ ခက်ခဲလာပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သို့သော်လည်း အလိုလိုနေရင်း ရုန်းမထွက်နိုင်အောင် ဆွဲဆောင်နိုင်လွန်းသည့် အမျိုးသားတစ်ဦးလည်း ဖြစ်နေပြန်သည်။
သူက ဤကဲ့သို့သော စကားမျိုးကို ပြောဆိုခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ရှိပြီဖြစ်သည်။
ပထမတစ်ကြိမ်က ချန်ရှန်ကော်၏ ညီဖြစ်သူ ချန်ဇီဟောင်ကို ပြောခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ချူဟန်၌ ရှင်းလင်းပြတ်သားသော သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့သော်လည်း ချန်ရှန်ကော် မျက်နှာကြောင့် လက်လွှတ်ပေးခဲ့သည်။
မျိုးမစစ်…
ထိုစကားက သည်းခံနိုင်စရာမရှိအောင် စော်ကားလွန်းသည့် စကားဖြစ်သည်မှာ သေချာသည်။ သို့သော် ထိုစကားအပေါ် ချူဟန်၏ တုံ့ပြန်မှုက သူ၏ မူလစရိုက်အရဆိုလျှင် သိသိသာသာ သဘာဝမကျခဲ့ပေ။
(သေချာပေါက် တခြား အကြောင်းရင်း တစ်ခုခု ရှိနေရမယ်……)
ရှန်ကျိုတီက အကြည့်လွှဲလိုက်ပြီးနောက် ဆက်လျှောက်လာခဲ့သည်။ ကောင်းယီနှင့် ချူဟန်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို ဂရုမစိုက်တော့ဘဲ ချန်ရှောက်ရယ်နှင့်အတူ လော့ရှောင်ရှောင်ကို ထမ်းကာ လှေကားပေါ်သို့သာ ဆက်တက်သွားလေသည်။
ချူဟန်အပေါ် ခြွင်းချက်မရှိ သစ္စာစောင့်သိသော ဤအမျိုးသမီးသည် စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
'ရှင် မပြောပြချင်ရင်လည်း ရပါတယ်။ ကျွန်မ ဘာမှ မမေးတော့ဘူး'
" မင်းရဲ့ နိဂုံးက သေလမ်းပဲ"
ထိုစကားတစ်ခွန်းကြောင့် အစွမ်းကုန် အားယူထားသော ကောင်းယီ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။
ရင်ထဲမှ နက်ရှိုင်းစွာ ပေါ်ထွက်လာသော အကြောက်တရားက အဆုံးအစမရှိ ကြီးမားလာသည်။ မိမိကိုယ်တိုင်ပင် အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေရသနည်းဆိုသည်ကို နားမလည်နိုင်တော့ပေ။
သူ့ရှေ့ရှိ ချူဟန်မှာ သူ့ထက် ခွန်အားအနည်းငယ် ပိုသာသော လူငယ်လေးတစ်ဦးသာ ဖြစ်သင့်သည်။ မိမိတို့ဘက်တွင် လူရှစ်ဆယ်ကျော်ရှိသော်လည်း တစ်ဖက်တွင် လူခြောက်ဦးသာ ရှိသည်။ ကောင်းမွန်စွာ ရပ်နိုင်သူဟူ၍ ငါးဦးသာ ရှိသည်။ အရေအတွက်အရ ကြည့်လျှင် မည်သို့ပင် တွေးတွေး မိမိတို့ဘက်က အပြတ်အသတ် အသာစီးရနေသည်။
ကောင်းယီသည် မူလက ဤစူပါမားကတ်၏ လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော်လည်း အခြေခံ စီမံအုပ်ချုပ်မှုစွမ်းရည် ရှိသောကြောင့် သူသည် ယခုအခါ ဤနေရာ၏ ခေါင်းဆောင် ဖြစ်နေပြီဖြစ်သည်။ စားနပ်ရိက္ခာ အများဆုံးကို လွတ်လပ်စွာ စီမံပိုင်ခွင့်ရှိပြီး မိန်းမများကို ဦးစားပေး ခံစားခွင့်လည်း ရှိသည်။ သူ ဤနေရာကို ရရှိခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ခွန်အားကြီးမားပြီး ရက်စက်သော လုပ်ရပ်များကို တုံ့ဆိုင်းမှုမရှိဘဲ လုပ်ရဲသောကြောင့်သာ ဖြစ်သည်။
ထိုအချက်ကပင် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ရှင်သန်နိုင်ရန် အကြီးမားဆုံး အရင်းအနှီးဖြစ်ကာ သူက ထိုအကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြု၍ လိုချင်သမျှ အရာအားလုံးကို ရယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ကောင်းယီတစ်ယောက် ထိန်းချုပ်မရသော အထိတ်တလန့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
တောက်... တောက်...
နဖူးမှ စိမ့်ထွက်လာသော ချွေးစေးများက တောက်တောက်ကျနေလေသည်။
စကားတစ်ခွန်း ပြောရန် ကြိုးစားလိုက်သော်လည်း မျက်စိဖြင့် မမြင်နိုင်သော အရာတစ်ခုက သူ၏ လည်ပင်းကို ညှစ်ထားသည့်အလား အသံအက်အက်လေးပင် ထွက်မလာတော့ချေ။
လေးလံမွန်းကျပ်နေသော တိတ်ဆိတ်မှုကြီးထဲတွင်...
ရွှစ်...
ချူဟန်က မည်သည့် ကြိုတင်သတိပေးမှုမှ မရှိဘဲ လက်တစ်ဖက်ကို မြှောက်ကာ လက်ကောက်ဝတ်ကို ရုတ်တရက် လှည့်လိုက်သည်။
ချူဟန်က သံပိုက်လုံးကြီးကို အပေါ်သို့ အတင်းအဓမ္မ လှန်တင်လိုက်သည်။ ထို့နောက် လက်ကို လျင်မြန်စွာ ဆွဲယူလိုက်သောအခါ စောစောက ကောင်းယီ အသေအလဲ ဆုပ်ကိုင်ထားသဖြင့် တုတ်တုတ်မျှ မလှုပ်ခဲ့သော သံပိုက်လုံးကြီးမှာ စက္ကူစတစ်ရွက်ပမာ လွယ်ကူစွာ ပါသွားတော့သည်။
အလွန်တရာ မြန်ဆန်လွန်းလှသည်။ ဘေးမှကြည့်လျှင် ကောင်းယီ ကိုယ်တိုင် လက်လွှတ်ပေးလိုက်သကဲ့သို့ပင် ထင်မှတ်ရလောက်အောင် ရိုးရှင်းလွန်းနေသည်။ သို့သော် ကောင်းယီကိုယ်တိုင်ကမူ သေချာပေါက် သိရှိနေသည်။ သူ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့သည့်အပြင် လက်နှစ်ဖက်စလုံးရှိ အရိုးများ ကျိုးကြေသွားပြီဟု ထင်မှတ်ရလောက်အောင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
အလွန်ပြင်းထန်သော အင်အားဖြင့် တုတ်တံကို လုယူခံလိုက်ရသော အရှိန်ကြောင့် ကောင်းယီ၏ ခန္ဓာကိုယ်မှာ နောက်သို့ ယိုင်ကျသွားပြီး နံရံနှင့် ဝင်တိုက်မိသွားသည်။
အုန်း...
ပုံမှန်မဟုတ်သော တိုက်မိသံကြီး ထွက်ပေါ်လာပြီးနောက် ဂျွတ် ဟူသော ကြက်သီးထဖွယ်ကောင်းသော တုံးတိတိအသံတစ်သံ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် အရိုးလွဲသွားသည့် အသံပင် ဖြစ်သည်။
တိတ်ဆိတ်နေသော ပထမထပ်တစ်ခုလုံး ယခုအခါ အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အသံထွက်ရန်နေနေသာသာ အသက်ရှူရန်ပင် တွန့်ဆုတ်နေကြသည်။
'ဒီစူပါမားကတ်ရဲ့ အရှင်သခင် ပြောင်းလဲသွားပြီ။ တကယ့် ဘီလူးသရဲကြီးတွေ ရောက်လာတာပဲ'
လူအုပ်ထဲတွင် စောစောက ချူဟန်ကို မျက်စပစ်ကာ မြှူဆွယ်နေခဲ့ကြသော အမျိုးသမီးများမှာ မျက်နှာများ ဖြူရော်သွားပြီး တုန်ရီလျက် ခေါင်းငုံ့သွားကြသည်။
ချူဟန်က ဘာမှမဖြစ်ခဲ့သည့်အလား ယွီရှင်းထံမှ လက်ကိုဖယ်လိုက်ပြီး လှေကားပေါ်သို့ ပြန်တက်သွားသည်။ ခြေလှမ်းများကို မရပ်တန့်ဘဲ လက်ထဲရှိ သံပိုက်လုံးကြီးကို ဆော့ကစားသကဲ့သို့ လှည့်ပတ်လိုက်သည်။
ဧရာမ သံပိုက်လုံးကြီး လေထုကို ခွင်းကာ ဝှစ်... ဝှစ်... ဟူသော လေးလံသည့် လေခွဲသံကြီးများ ထွက်ပေါ်လာသည်။
ထို့နောက် ငှက်မွေးတစ်ချောင်းကို ကိုင်တွယ်ရသကဲ့သို့ တုတ်တံကြီးကို ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ကာ ချူဟန်က အလွန်အမင်း မကျေနပ်သည့်အလား ခေါင်းခါလိုက်သည်။
"ပေါ့လွန်းတယ်... အားမရဘူး"
အနောက်မှ လိုက်လာသော ယွီရှင်းမှာ မျက်နှာကြွက်သားများ ရှုံ့မဲ့သွားကာ တုန်ရီနေမှုကို အတင်းအဓမ္မ ထိန်းချုပ်ထားရသည်။
ဤအမျိုးသား၏ အနက်ရှိုင်းဆုံးသော စွမ်းရည်ကို ပို၍ပင် ခန့်မှန်းရ ခက်ခဲလာတော့သည်။
ကောင်းယီ၏ နောက်လိုက်များဖြစ်ပြီး ပုံမှန်ဆိုလျှင် ဝင်ရောက်တားဆီးရမည့် ခွန်အားကြီးမားသော အမျိုးသားများပင် လုံးဝ နှုတ်ဆိတ်နေကြသည်။ စောစောက ချူဟန်၏ လုပ်ရပ်မှာ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလွန်းနေသည်။
ထို သံပိုက်လုံးကြီးသည် ဤနေရာရှိ လက်နက်များထဲတွင် အလေးဆုံးအရာ ဖြစ်သည်။
ဤနေရာရှိ လူအားလုံးထဲတွင် ထိုအရာကို အသုံးပြုနိုင်သူမှာ ကောင်းယီ တစ်ဦးတည်းသာ ရှိပြီး လက်နှစ်ဖက်စလုံးကို အစွမ်းကုန် အသုံးပြုမှသာ ဝှေ့ယမ်းနိုင်ခြင်း ဖြစ်သည်။
ထိုအရာကို ချူဟန်က လက်တစ်ဖက်တည်းဖြင့် ဘောပင်တစ်ချောင်း လှည့်နေသကဲ့သို့ ပေါ့ပေါ့ပါးပါး ကိုင်တွယ်နိုင်လိမ့်မည်ဟု မည်သူမျှ ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ သူတို့ကိုယ်တိုင် ထိုတုတ်တံ၏ အလေးချိန်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မကြည့်ခဲ့ဖူးပါက ပလတ်စတစ် အချောင်းကြီး ဟုပင် သံသယဝင်မိကြမည် ဖြစ်သည်။
တစ်ဖက်တွင်မူ အတင်းအဓမ္မ နံရံနှင့် ဆောင့်ခံလိုက်ရသော ကောင်းယီမှာ စိတ်ထဲ၌ ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်မိသည်။
‘ငါတော့ သေပြီ ထင်နေတာ……’
အလုခံလိုက်ရသည့်အချိန်တွင် သေချာပေါက် အသတ်ခံရမည်ဟု သူ ထင်ခဲ့သည်။ သို့သော် မဟုတ်ခဲ့ပေ။ ထိုကောင်က သူ့ကို မသတ်ခဲ့ချေ။ အသက်ရှင်နေသေးသရွေ့ ကံကောင်းနေဆဲပင်။ အသက်ရှိနေသေးလျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးများ ရှိနေသေးသည်။
သို့သော် ကောင်းယီ၏ ရူးသွပ်မတတ် မြန်ဆန်နေသော နှလုံးခုန်သံများ မငြိမ်သက်သွားမီမှာပင်...
လှေကားပေါ်သို့ တက်နေသော ချူဟန်၏ အေးစက်စက် အသံက ထပ်မံ ထွက်ပေါ်လာလေသည်။
"ဒီလောက် ပေါ့နေမှတော့ လွှင့်ပစ်လိုက်တာပဲ ကောင်းပါတယ်"
ဝှစ်...
ရုတ်တရက် ချူဟန်က လက်ထဲမှ သံပိုက်လုံးကြီးကို လွှတ်ပစ်လိုက်လေသည်။
မည်သည့် ကြိုတင်လှုပ်ရှားမှုမျှ မရှိဘဲ ကလေးတစ်ဦး ကျောက်ခဲပစ်ပေါက်သကဲ့သို့ နောက်ပြောင်နေသော ဟန်ပန်ဖြင့်သာ။ သို့သော် ပစ်လွှတ်လိုက်သော သံတုတ်ကြီးမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် ကောင်းယီထံသို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်။
"အာ…"
ကောင်းယီ၏ အော်ဟစ်သံမှာ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်တန့်သွားသည်။
သံပိုက်လုံးကြီးက သူ၏ မျက်ခုံးနှစ်ခုကြားကို တစ်ထွာတစ်မိုက်မျှပင် မလွဲချော်ဘဲ ဖောက်ထွင်းဝင်ရောက်သွားလေပြီ။
ခွပ်... ဂွပ်... ဖောက်...
ကွဲအက်သွားသော ဦးခေါင်းခွံထဲမှ သွေးများ ပန်းထွက်လာသည့် ကြက်သီးမွေးညင်းထဖွယ် အသံများ ထွက်ပေါ်လာသည်။
“သတ်လိုက်တာလား တကယ်ကြီး သတ်ပစ်လိုက်တာပဲ”
"ဟင်"
"သ... သတ်လိုက်ပြီ"
"အားးးး"
အသက်ရှင်ကျန်ရစ်သူများမှာ နောက်ဆုံးတွင် အကြောက်တရား၏ ကန့်သတ်ချက်ကို ကျော်လွန်သွားကာ ရူးသွပ်သွားသူများပမာ အော်ဟစ်လိုက်ကြပြီး အဓိပ္ပာယ်မရှိသော စကားများကို ရေရွတ်လာကြသည်။ ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ကြီးမားသော အထိတ်တလန့်အခြေအနေသို့ ကျရောက်သွားပြီး ချူဟန်၏ အလွန် ရုတ်တရက်ဆန်သော လူသတ်မှုကြီးကို ခံနိုင်ရည်မရှိတော့ဘဲ ထိုနေရာတွင်ပင် သေးထွက်ကျသူများပင် ရှိလာတော့သည်။
ယခုလေးတင် ကျောခိုင်းကာ လှေကားပေါ်သို့ စတင်တက်သွားခဲ့သည် မဟုတ်ပါလား။
အားလုံးက ကောင်းယီကို အသက်ချမ်းသာပေးလိုက်ပြီ ဟု ထင်မှတ်ထားခဲ့ကြသော်လည်း မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အဘယ်ကြောင့် ရုတ်တရက် လက်ပါသွားရသနည်း။
ကြိုတင်သတိပေးခြင်း လုံးဝမရှိဘဲ မျက်စိတစ်မှိတ်အတွင်း သေမင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
အခန်း (၁၂၆) မကျေနပ်ရင် ဝင်လာခဲ့လိုက်
"ဘာဖြစ်လို့လဲ..."
ကြောက်ရွံ့တုန်လှုပ်နေသော ယွီရှင်းက မနေနိုင်တော့ဘဲ မေးချလိုက်သည်။
"သူတစ်ပါးရဲ့ စိတ်ကို ကစားရတာ အဲဒီလောက်တောင် ပျော်စရာကောင်းနေလား"
"ကစားတယ် ဟုတ်လား"
ချူဟန်က နှာခေါင်းရှုံ့ကာ ရယ်မောလိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။
"အမျိုးသမီး စစ်ဆရာဝန်.. မင်းက ကပ်ဆိုးကြီး ဆိုတာ ဘာလဲဆိုတာကို သေချာ နားမလည်သေးပုံရတယ်"
"နားမလည်ဘူး ဟုတ်လား။ ငါက..."
ယွီရှင်းက အသံကျယ်ကျယ်ဖြင့် ချေပရန် ပြင်လိုက်သည်။
" ဇွန်ဘီတွေကို အများကြီး မြင်ဖူးသလို အများကြီးလည်း သတ်ခဲ့ဖူးတယ်။ ကူးစက်ခံရတဲ့ သူတွေကိုလည်း ကုသပေးဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးတော့ ကယ်တင်နိုင်ခဲ့တာ မဟုတ်ဘူး။ ဒါတွေပဲ ထပ်ခါတလဲလဲ ဖြစ်နေခဲ့တာလေ"
ချူဟန်က သူမစကားကို ဖြတ်ပြောလိုက်ပြီး လှောင်ပြောင်သည့် လေသံဖြင့် ဆိုလေသည်။
"အဲဒါကို မင်းက ကပ်ဆိုးကြီးလို့ ထင်နေတာလား"
ယွီရှင်း ဆွံ့အသွားကာ ဘာမျှ ပြန်မပြောနိုင်တော့ပေ။
သူမသည် စစ်ဆရာဝန် တစ်ဦးဖြစ်သည်။ ဤကမ္ဘာပျက်ကပ်ကြီးတွင် ဆရာဝန်ဆိုသည်မှာ အလွန် အဖိုးတန်လှသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာသို့ လာရာလမ်းတစ်လျှောက် သူမအနားရှိ လူများအားလုံးက လူကောင်း များချည်း ဖြစ်နေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ချူဟန်၏ အမေးကို သူမ မဖြေနိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ်ဆိုသည်မှာ ဇွန်ဘီများကို ဆိုလိုခြင်း မဟုတ်ဘူးလား။ သဘာဝဘေးအန္တရာယ်များကို ဆိုလိုခြင်း မဟုတ်ဘူးလား။ ချူဟန်က သူမထံ ဖြည်းညင်းစွာ လျှောက်လာပြီး ငရဲပြည် အောက်ခြေမှ ထွက်ပေါ်လာသည့်အလား အေးစက်လှသော လေသံဖြင့် တီးတိုးပြောလိုက်သည်။
" ဒီကမ္ဘာပျက်ကပ်မှာ အကြောက်ရဆုံးအရာက... လူ ပဲ"
ကျောချမ်းဖွယ် လေအေးတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ လူငယ် စစ်ဆရာဝန်မလေးမှာ ကြက်သီးမွေးညင်းများပင် ထသွားလောက်အောင် ချမ်းစိမ့်သွားတော့သည်။
"ဒီလို နားလည်ထားမယ်ဆိုရင်လည်း ရပါတယ်"
ချူဟန်က ယခင်ကဲ့သို့ တည်ငြိမ်အေးဆေးသော အပြုံးကို ထပ်မံပြုံးလိုက်ပြန်သည်။ သို့သော် သူ၏ နှုတ်ခမ်းမှ ထွက်ကျလာသော စကားက သူမ၏ သွေးများကို ခဲသွားစေရန် လုံလောက်နေခဲ့သည်။
"ဒီကပ်ဆိုးကြီးမှာ အကြောက်ရဆုံးက ငါ့လို လူမျိုးပဲ ဆိုတာပေါ့"
ခြေဖဝါးအောက်မှနေ၍ ပြင်းထန်သော အအေးဓာတ်က ဆန်တက်လာသည်။
ဤကမ္ဘာပျက်ကပ်တွင် အကြောက်ရဆုံးက လူသားလား။ မဟုတ်ပေ၊ ချူဟန်ကဲ့သို့သော လူများကို ဆိုလိုခြင်းသာ ဖြစ်မည်။
ထိုသို့ ပြောဆိုပြီးနောက် ချူဟန်က ရပ်တန့်မနေတော့ဘဲ နောက်သို့ပင် လှည့်မကြည့်ဘဲ လှေကားပေါ်သို့ တက်သွားလေသည်။ နောက်ကျောဘက်မှ ဆူညံသံများက ပို၍ ကျယ်လောင်လာသည်။ ဆူပွက်နေသော အိုးတစ်လုံးပမာ လူအုပ်ကြီးမှာ အထိတ်တလန့် ဖြစ်နေကြပြီး ထိုအကြောက်တရားသည် ဇွန်ဘီအုပ်ကြီးနှင့် ဆုံတွေ့ရချိန်နှင့် ဘာမျှမကွာခြားလှပေ။
ဤသည်ကပင် ချူဟန် လိုချင်သော ရလဒ် ဖြစ်၏။ လူစုလူဝေးတစ်ခုကို မိမိလက်အောက်သို့ ရောက်စေရန် နည်းလမ်းများစွာ ရှိသလို ဖိနှိပ်ချုပ်ချယ်ရန်လည်း နည်းလမ်းများစွာ ရှိသည်။
သူသည် စိတ်ကူးပေါက်သလို လုပ်တတ်သူ မဟုတ်သလို သူတစ်ပါး၏ စိတ်ကို ကစားရသည်ကို နှစ်သက်သူလည်း မဟုတ်ပေ။ ရည်ရွယ်ချက် အောင်မြင်ရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းကို ရွေးချယ်ရာတွင် ကျွမ်းကျင်နေခြင်းသာ ဖြစ်သည်။ ယခုအချိန်၌ ဤနေရာရှိ လူများ၏ သူအပေါ် ထားရှိသော အကြောက်တရားက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမျှဆိုလျှင် လုံလောက်ပြီ။ ထို့ကြောင့်လည်း အချိန်ကုန် လူပင်ပန်းသက်သာသွားခြင်း ဖြစ်သည်။
ဘေးမှ လျှောက်လာသော ပိုင်ယွန့်အာမှာ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ ချူဟန်၏ တွေးခေါ်မှုများကို အကုန်အစင် ဖတ်ရှုနိုင်နေသည့်အလား ဤမြင်ကွင်းကို ရိုးအီနေပြီဖြစ်သော အရာတစ်ခုအဖြစ်သာ သဘောထားနေသည်။
ရှန်ကျိုတီ ဂရုစိုက်သော လူအရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသည်။ လော့ရှောင်ရှောင် ထိခိုက်ဒဏ်ရာရသွားခြင်းကြောင့် ဤအလွန် ဆွဲဆောင်မှုရှိလှသော အမျိုးသမီးမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။ သူမ၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေသော ရက်စက်ကြမ်းကြုတ်မှုသည် ချူဟန်၏ အေးစက်မှုနှင့် တူညီသော အဆင့်တစ်ခုသို့ ချဉ်းကပ်နေပြီ ဖြစ်သည်။ ချူဟန် ဘာပဲလုပ်လုပ် သူမအနေဖြင့် ကန့်ကွက်စရာ လုံးဝ မရှိခဲ့ပေ။
ချန်ရှောက်ရယ်သည်လည်း မည်သည့် ခံစားချက်မျှ မရှိပေ။ လူသတ်လိုက်တော့ရော ဘာဖြစ်လဲ။ စိတ်ကို ကစားလိုက်တော့ရော ဘာဖြစ်လဲ။ အဲဒီတော့ ဘာဖြစ်လဲ။ ဘော့စ် လုပ်ချင်ရာ လုပ်မည်၊ ဤသည်က အရာအားလုံးပင်။ ပြောစရာ ရှိနေသေးလို့လား။ မကျေနပ်ရင် ဝင်လာခဲ့လိုက်၊ သူ့သေနတ်ဖြင့် ခေါင်းကို ပစ်ဖောက်ပေးမည်။
သူတို့အထဲတွင် ယွီရှင်း တစ်ယောက်တည်းသာ ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်နေခဲ့သည်။
ကောင်းယီ၏ ဦးခေါင်းမှနေ၍ အနက်ရောင်သန်းနေသော သွေးများက ရေပန်းတစ်ခုပမာ ပန်းထွက်နေပြီး ဖြူလွှနေသော နံရံကြီးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆေးခြယ်ထားလေသည်။
သူ၏ ခန္ဓာကိုယ်မှာ လဲကျမသွားဘဲ မတ်မတ်ကြီး ရပ်နေဆဲဖြစ်သော်လည်း လက်နှင့် ခြေထောက်များက အားအင်ကင်းမဲ့စွာ တွဲလောင်းကျနေသည်။ ထိုအလွန်တရာ ထူးဆန်းလှသော သေဆုံးမှုပုံစံကြောင့် ကလေးငယ်များစွာမှာ ထိုနေရာတွင်ပင် အော်ဟစ်ငိုယိုတော့သည်။
ထိတ်လန့်တကြားဖြစ်နေသော မိဘများက ကလေးများ၏ ပါးစပ်ကို အတင်းပိတ်ထားရင်း ရှေ့မှ လျှောက်သွားသော ချူဟန်၏ ကျောပြင်ကို ကြောက်လန့်တကြား စိုက်ကြည့်နေကြသည်။ တစ်ချိန်က ချူဟန်ကို အော်ဟစ်ဆဲဆိုကာ ရှန်ကျိုတီ၊ ပိုင်ယွန့်အာ၊ ယွီရှင်းတို့ သုံးယောက်ကို ရိုင်းစိုင်းသောစကားများ ပြောခဲ့သူများမှာ လူအုပ်ကြီး၏ အနောက်ဘက်သို့ ရောက်အောင် အသည်းအသန် နောက်ဆုတ်ပုန်းအောင်းနေကြလေပြီ။
ချူဟန် ခန့်မှန်းထားသည့်အတိုင်း အကြောက်တရားက လူအားလုံး၏ စိတ်နှလုံးကို လုံးဝ လွှမ်းမိုးသွားလေပြီ။
သူတို့အထဲမှ အများစုမှာ ကမ္ဘာပျက်ကပ် စတင်ကတည်းက ဤစူပါမားကတ်တွင် နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ လူများစွာနှင့် ခိုလှုံရန်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများကို မြင်တွေ့ခဲ့ရသော်လည်း အားလုံးက ကောင်းယီ၏ လက်အောက်သို့သာ ရောက်သွားခဲ့ရသည်။
သို့သော် ယခုအခါ ဤစူပါမားကတ်တွင် ဘုရင်တစ်ပါးပမာ စိုးစံနေခဲ့သော ကောင်းယီသည် ရုတ်တရက် ရောက်လာသော လူငယ်လေးတစ်ဦး၏ လက်ထဲတွင် မျက်တောင်တစ်ခတ်စာအတွင်း အသတ်ခံလိုက်ရသည်။ ပြန်လည်ခုခံရန် အခွင့်အရေးပင် မရခဲ့ဘဲ မည်သို့ သေဆုံးသွားရသနည်းဆိုသည်ကိုပင် နားမလည်လိုက်ပေ။ အသတ်ခံရသည့် အကြောင်းရင်းမှာလည်း အလွန် အဓိပ္ပာယ်မဲ့လွန်းလှသဖြင့် စကားပင် မပြောနိုင်အောင် ဖြစ်ရသည်။
ချူဟန်သည် အလွန်တရာ မောက်မာသော ဟန်ပန်ဖြင့် ဝင်ရောက်လာကာ အကြမ်းတမ်းဆုံးသော နည်းလမ်းဖြင့် ဤနေရာကို သိမ်းပိုက်လိုက်သည်။ ကာယကံရှင်ကိုယ်တိုင် နှုတ်မှ ထုတ်မပြောသော်လည်း ဤနေရာရှိ လူအားလုံး သဘောပေါက်နေကြသည်။
ချူဟန် ထွက်မသွားသရွေ့ ဤစူပါမားကတ်ရှိ အရာအားလုံးသည် သူ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကိုပင်။
ဤသည်က အမှန်တရားဖြစ်သည်။ ကပ်ဆိုးကြီး ကြောင့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များ ပျက်စီးသွားပြီးနောက်ပေါ်ပေါက်လာသော စစ်မှန်သည့် အမှန်တရားပင်တည်း။
ချူဟန် သူ့ကိုယ်သူ သတ်မှတ်ထားသည့်အတိုင်းပင် သူသည် အပြစ်မဲ့သူများကို အကြောင်းမဲ့ လိုက်သတ်နေမည့် လူယုတ်မာမျိုး မဟုတ်ပေ။ သို့သော် လူကောင်း တစ်ယောက်လည်း လုံးဝ မဟုတ်ချေ။ သူသည် လုယက်ခြင်းကို နှစ်သက်ပြီး ထိုအလုပ်ကို ကျွမ်းကျင်စွာ လုပ်ဆောင်တတ်သည်။
လိုချင်သောအရာ ရှိပါက ထိုအရာကို ရယူမည့် နည်းလမ်းမှာ အမြဲတမ်း အလွန် ရိုးရှင်းနေတတ်သည်။
လုယူခြင်း။
သူသည် လော့ရှောင်ရှောင်ကို အနားယူစေရန် ဤစူပါမားကတ်ကို လိုအပ်သည်။ ထို့ကြောင့် ဤနေရာကို သိမ်းပိုက်လိုက်ခြင်း ဖြစ်၏။ ဤမျှသာ ဖြစ်သည်။
ကစဉ့်ကလျားဖြစ်မှုသည် စူပါမားကတ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသော်လည်း ထိုကိစ္စ၏ တရားခံဖြစ်သော ချူဟန်မှာမူ အခြေအနေကို ထိန်းသိမ်းဖြေရှင်းရန် စိတ်ကူး လုံး၀ မရှိပေ။
သူသည် အဖွဲ့သားများကို ခေါ်ဆောင်ကာ မိမိအိမ်ပမာ ဒုတိယထပ်သို့ တက်သွားပြီးနောက် မူလနေထိုင်သူများက တင်းကျပ်စွာ ပိတ်ဆို့ထားသော ပြတင်းပေါက် ပျဉ်ချပ်များကို မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ကြမ်းတမ်းစွာ ခွာချပစ်လေသည်။ ကြီးမားလှခြင်း မရှိသော်လည်း လေဝင်လေထွက် ကောင်းမွန်ရန် လုံလောက်သော အဟန့်တစ်ခုကို ဖွင့်လိုက်ပြီးနောက် အခြေအနေ အကောင်းဆုံး ကုတင်ပေါ်တွင် လော့ရှောင်ရှောင်ကို သိပ်လိုက်သည်။
ထိုအချိန်အတွင်း သူက မည်သည့် ညွှန်ကြားချက်မျှ တစ်ခွန်းမျှ မပေးခဲ့ပေ။ ရှန်ကျိုတီနှင့် ချန်ရှောက်ရယ်တို့က ကိုယ့်သဘောဖြင့်ကိုယ် ဘေးမှ ကူညီပေးကြသည်။ အေးစက်လှသော သတ်ဖြတ်ခြင်း နတ်ဘုရားမ ဖြစ်သည့် ပိုင်ယွန့်အာကမူ ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ကူညီပေးမည် မဟုတ်ပေ။ လော့ရှောင်ရှောင်မှာ လမ်းတစ်လျှောက်လုံး သတိလစ်နေဆဲ ဖြစ်သည်။ စိတ်ထဲတွင် ရှုပ်ထွေးပွေလီကာ အထိတ်တလန့် ဖြစ်နေသူမှာ ရှန်ကွမ်းယွီရှင်း တစ်ဦးတည်းသာ ရှိတော့သည်။
လှပသော အမျိုးသမီး စစ်ဆရာဝန်လေးက တွေးမိသွားသည်။
သူမ ဖြတ်သန်းလာခဲ့သော အသက်နှစ်ဆယ်ကျော် ကာလအတွင်း ယနေ့သည် စိတ်အမောဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး နေ့တစ်နေ့ ဖြစ်မည်မှာ သေချာလှသည်။ ကမ္ဘာပျက်ကပ် စတင်လာခဲ့သော ထိုအချိန်အခါကထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းကာ ပရမ်းပတာနိုင်လွန်းလှသည်။
စူပါမားကတ်၏ ဒုတိယထပ်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ လတ်တလောတွင် ချူဟန်၏ အမျက်ဒေါသကို ရင်ဆိုင်ရဲသည့် သတ္တိရှိသူ တစ်ဦးတစ်ယောက်မျှ တက်မလာကြပေ။ လူသတ်ထားသည်မှာ မကြာသေးသဖြင့် သတ်ဖြတ်လိုစိတ်များ မပျောက်ကွယ်သေးကြောင်းကို လူတိုင်း သိရှိနားလည်ထားကြသည်။ အကယ်၍ စကားတစ်ခွန်း မှားပြောမိပြီး သူ့ကို ဒေါသထွက်စေပါက ခေါင်းပြတ်ရမည့်သူများမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်နေလိမ့်မည်။
ချူဟန်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြတင်းပေါက်နားတွင် ရပ်ကာ အဝေးမှ မြင်နေရသော ဆေးရုံဆီသို့ အကြည့်ပို့လိုက်သည်။ ဆေးရုံသည် စူပါမားကတ်မှ လမ်းထောင့်အနည်းငယ် ကွာဝေးသည်။ ဤရှုထောင့်မှ ကြည့်လျှင်ပင် လမ်းတစ်လျှောက်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်နေသည်။ အတားအဆီးများ များပြားလှသဖြင့် ကားဖြင့် သွားလာရန် မသင့်တော်ပေ။
"ဖက်တီး"
ချူဟန်က စကားစလိုက်သည်။
" ကျွန်တော် သွားလိုက်ပါ့မယ် ဘော့စ်"
ချူဟန် စကားမပြောရသေးမီမှာပင် ချန်ရှောက်ရယ်က သူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ရိပ်မိနေခဲ့လေပြီ။ ဤသည်ကပင် သစ္စာရှိမှု ရာခိုင်နှုန်းပြည့်နေခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။
"ဘာလုပ်ရမလဲ ဆိုတာ သိတယ်မလား"
ချူဟန်က နောက်သို့ မလှည့်ဘဲ အဝေးမှ ဆေးရုံ အဆောက်အအုံများကို စိုက်ကြည့်နေရင်း မေးလိုက်သည်။
ချောက်...
ချန်ရှောက်ရယ်က ကျောပိုးအိတ်ထဲတွင် ဝှက်ထားသော သေနတ်နှင့် ကျည်ဆန်များကို ထုတ်ယူလိုက်သည်။ ဤနေရာသို့ ဝင်ရောက်လာချိန်တွင် သူတို့က သေနတ်များရှိနေကြောင်းကို လုံးဝ ဖုံးကွယ်ထားခဲ့ကြသည်။
ကျားကိုစားချင်ရင် ဝက်ယောင်ဆောင်ရမည် ဆိုသော ဗျူဟာကို သူက ကောင်းကောင်းကြီး နားလည်ထားလေသည်။
ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်နှင့် သူသည် အလွန်ကျွမ်းကျင်သော လက်ဟန်ဖြင့် လက်နက်တပ်ဆင်တော့သည်။
" တစ်ကောင်လာရင် တစ်ကောင်သတ်မယ်။ နှစ်ကောင်လာရင် နှစ်ကောင်ပေါင်းသတ်မယ် ဟုတ်လား"
ချူဟန်က ဘေးမှ လူဝကြီးကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်လိုက်သည်။
" ပရော်ဖက်ရှင်နယ် နည်းနည်းတော့ ပီသစမ်းပါ။ မသက်ဆိုင်တဲ့ကောင်တွေကို လျှောက်မသတ်နဲ့"
ချူဟန်၏ လေသံမှာ တရားမျှတမှုများ ပြည့်နှက်နေသကဲ့သို့ ရှိသော်လည်း ထိုအထဲတွင် ကိုယ်ချင်းစာတရားဟူ၍ အစအနမျှပင် မပါဝင်ပေ။
"ဟီးဟီး”
ချူဟန်စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားသော ချန်ရှောက်ရယ်က ရိုင်းစိုင်းသော ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။
" ကလေးတွေကိုတော့ မသတ်ပါဘူးဗျ။ ဒါပေမဲ့ တစ်ခုခု ကြံစည်နေတဲ့ကောင်မျိုးဆိုရင်တော့ သက်ညှာနေမှာ မဟုတ်ဘူးနော်"
တစ်ဖက်တွင်မူ စူပါမားကတ်၏ မြေညီထပ်မှာ ကစဉ့်ကလျား အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ လူများမှာ အလွန်အမင်း ကြောက်ရွံ့နေကြပြီး ကောင်းယီ၏ အလောင်းအနီးသို့ပင် မကပ်ရဲကြပေ။ သို့သော် ဤအတိုင်း ပစ်ထား၍လည်း မရနိုင်သဖြင့် နောက်ဆုံးတွင် လူအချို့ ရှေ့သို့ ထွက်လာကြသည်။
"သွေးတွေကို ပြောင်နေအောင် သုတ်ပစ် ဇွန်ဘီတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်" "မြန်မြန်လုပ်ကြစမ်း"
"အလောင်းကို အပြင်ဘက် ဆွဲထုတ်ပြီး လွှင့်ပစ်လိုက်"
သတိလွတ်မသွားဘဲ ကျန်နေသေးသူ လူအချို့က ပြေးလာကြပြီး ကောင်းယီ၏ အလောင်းကို ရှင်းလင်းရန် ကြိုးစားကြသည်။ အမြန်ဆုံး ရှင်းလင်းပစ်ရမည် ဖြစ်သည်။ ယခင်က ကောင်းယီ ဤနေရာတွင် လူသတ်ခဲ့စဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသဖြင့် သူတို့မှာ ဤအလုပ်ကို ကျွမ်းကျင်နေကြပြီ ဖြစ်သည်။
သို့သော်... သူတို့က ကောင်းယီ အလောင်း၏ လက်နှင့်ခြေထောက်များကို ဆွဲကိုင်ကာ မချီရန် ပြင်လိုက်သောအခါ...
တစ်စုံတစ်ခုဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသည့်အလား အလောင်းမှာ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။
"ဘာဖြစ်လို့လဲ...ဘာလို့ မလို့မရတာလဲဟ"
လူတစ်ဦးက နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။
အမျိုးသားများက ရုတ်တရက် ခေါင်းမော့ကာ ကောင်းယီ၏ မျက်ခုံးနှစ်ခုကြားကို ဖောက်ထွင်းဝင်ရောက်နေသော သံပိုက်လုံးကြီးကို အကြည့်ရောက်သွားသည့် နောက်တစ်စက္ကန့်တွင်...
ထိုတုတ်တံကြီးမှာ နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး အလောင်းကို နံရံနှင့် တွယ်ကပ်ထားကြောင်း သတိပြုမိသွားကြလေရာ သူတို့တစ်ကိုယ်လုံးကို အဆုံးအစမဲ့သော ကြောက်ရွံ့မှုကြီးက လွှမ်းခြုံသွားတော့သည်။