← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇) လောကအကြောင်း နားမလည်သော ဆူးရှင်း

သံမဏိတုတ်တံကြီးက ကောင်းယီ၏ မျက်ခုံးနှစ်ခုကြားကို ဖောက်ထွင်းထားသည်။ မျက်နှာထက်၌ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ အထင်းသား ကျန်ရစ်နေဆဲ ဖြစ်သည်။ သေဆုံးခါနီးအချိန်တွင် သူသည် ရှောင်တိမ်းရန်ပင် မတတ်နိုင်ခဲ့ဘဲ ငါးတစ်ကောင်ကို လှံစွပ်ဖြင့် ထိုးစိုက်လိုက်သည့်အလား ချူဟန်၏ လက်ချက်ဖြင့် နံရံတွင် တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။ သို့သော် ဦးခေါင်းကို ဖောက်ထွင်းသွားသော ထိုတုတ်တံကြီးမှာ နောက်စေ့မှ ဖောက်ထွက်သွားရုံမက နံရံထဲသို့ သုံးလက်မခန့်ပင် နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သေးသည်။ ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ရန် မည်မျှ ကြီးမားသော ခွန်အားနှင့် အမြန်နှုန်းမျိုး လိုအပ်မည်နည်း။

အကြောက်တရားတွင် အဆုံးသတ် မရှိသည့်အလားပင်။ လူအများ၏ ချူဟန်အပေါ် ထားရှိသော ကြောက်ရွံ့မှုမှာ ပို၍ နက်ရှိုင်းလာသည်။ ဤစူပါမားကတ်ဆီသို့ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင် ရောက်ရှိလာခဲ့လေပြီ။ ရှေ့ဆက်၍ မိမိတို့သည် ယခင်ကကဲ့သို့ အလွယ်တကူ အစားအစာ ရရှိနိုင်ပါဦးမည်လော။ ကောင်းယီသည် ရက်စက်၍ လောဘကြီးသော်လည်း အနည်းဆုံးတော့ လူအင်အား ၏ အရေးပါမှုကို နားလည်ထားသေးသည်။ ထို့ကြောင့်ပင် အနည်းငယ် မျက်နှာချိုသွေးရုံဖြင့် ပေါများသော စားနပ်ရိက္ခာများကို ရယူနိုင်သေးသည်။ သို့သော် ယခုမူ မတူတော့ပေ။ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။

လူအများစု၏ စိတ်နှလုံးထဲ၌ အဆိုးမြင်သော ခံစားချက်များ လွှမ်းမိုးနေသည်။ အချို့ဆိုလျှင် ချူဟန်က ဤနေရာ၏ အုပ်ချုပ်ခွင့်ကို အပြည့်အဝ မရယူနိုင်မီ ထွက်ပြေးရန်ပင် အကြံပြုလာကြသည်။ ဤမျှ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကာ ကောင်းယီထက် ပို၍ ရက်စက်သော လူတစ်ယောက်၏ အုပ်ချုပ်မှုအောက်တွင် ညဘက်၌ပင် စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

လူအုပ်ထဲတွင် ကြက်သေသေကာ ရပ်နေသော ဆူးရှင်းမှာ လုံးဝ အထိတ်တလန့် အခြေအနေသို့ ရောက်ရှိနေသည်။

"ဒါက သိပ္ပံနည်း မကျဘူး... ယုတ္တိမတန်ဘူး... ရူပဗေဒ ရှုထောင့်ကနေ ကြည့်ရင်..."

တတွတ်တွတ် ရေရွတ်နေသော သူ့ကို မည်သူကမျှ ဂရုမစိုက်အားပေ။ အားလုံးက ထွက်ပြေးရန် အကြံအစည်ထုတ်နေကြသလို မိမိတို့၏ စားနပ်ရိက္ခာများကို ကာကွယ်ရန်လည်း အလုပ်ရှုပ်နေကြသည်။ အချို့မှာ အဆိုးမြင်စိတ်ဖြင့် သေဆုံးရမည့်ရက်ကို စောင့်ဆိုင်းနေသည့်အလား ချူဟန်အပေါ် ကြောက်ရွံ့မှုကြောင့် ရှင်သန်လိုစိတ်များပင် ပျောက်ဆုံးလုနီးပါး ဖြစ်နေကြသည်။

သို့သော် ထိုအခြေအနေမျိုးတွင်ပင် ချူဟန်နှင့် အဆင်ပြေအောင် မည်သို့ နေထိုင်ရမည်ကို ဆွေးနွေးနေကြသည့် ထူးခြားသော အုပ်စုတစ်စုလည်း ရှိနေသေးသည်။ ချူဟန်၏ ဆက်တိုက်ဆိုသလို ကျူးလွန်ခဲ့သော ရက်စက်သည့် လုပ်ရပ်များက သူတို့ကို ကြောက်လန့်စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့ထံမှ အကျိုးအမြတ်ရရှိရန် မည်သို့ မျက်နှာချိုသွေးရမည်ဆိုသော ကောက်ကျစ်သည့် အတွေးများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ အရပ်စကားနဲ့ ပြောရရင်တော့ သူတို့သည် လေလွင့်ရာ လိုက်ပါတတ်သူများ ဖြစ်သည်။

ဉာဏ်နီဉာဏ်နက်များကာ အထူးတလည် အကြောက်အလန့် ကင်းမဲ့နေတတ်သော လူယုတ်မာလေးများ ဖြစ်ကြသည်။ မြှောက်ပင့် မျက်နှာချိုသွေးရာတွင် ကျွမ်းကျင်သလို သစ္စာဖောက်ရာတွင်လည်း ကျွမ်းကျင်ကြသည်။ ဤကမ္ဘာပျက်ကပ်ကြီးတွင် ဤကဲ့သို့သော လူမျိုးများကို နေရာပေးမည့်သူ မရှိသော်လည်း ရန်ဖွဲ့လိုသူလည်း မရှိပေ။ သူတို့၌ မည်သို့သော ပြဿနာရှာနိုင်သည့် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။

"မိန်းမချောချောလေးတစ်ယောက် လွှတ်ပေးလိုက်ရင်ရော ဘယ်လိုလဲ"

လူတစ်ယောက်က အကြံပြုလိုက်သည်။

"မင်း ရူးနေလား။ အဲဒီကောင်လေးရဲ့ ဘေးမှာ သန့်ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမ သုံးယောက်တောင် ရှိနေတာလေ။ ဒါတောင် တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်း မတူကြသေးဘူး။ ငါတို့ဆီက မိန်းမတွေရဲ့ အခြေအနေကိုလည်း ကြည့်ဦး။ ငါတို့ဆီက မိန်းမတွေကို အဲဒီကောင်က ဘယ်လိုလုပ် သဘောကျမှာလဲ"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ။ အဲဒီကောင်ရဲ့ အားနည်းချက်ကို မသိသရွေ့ ငါတို့ ဘာမှ လုပ်လို့မရဘူးလေ"

"ခြိမ်းခြောက်လို့လည်း မရဘူး၊ ငိုယိုတောင်းပန်လို့လည်း မရဘူး။ တော်တော် ပြဿနာရှာတဲ့ ကောင်ပဲ"

သူတို့ ခေါင်းခဲနေကြစဉ် ချက်ချင်းဆိုသလိုပင် သူတို့အနီးရှိ ငှက်သိုက်ပမာ ဖွာလန်ကြဲနေသော ဆံပင်များနှင့် ညစ်ပတ်ပေရေနေသည့် အမျိုးသားတစ်ဦးက ရုတ်တရက် ဒုတိယထပ်သို့ ပြေးတက်သွားလေသည်။

"ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ။ သိပ္ပံနည်း မကျဘူး။ ယုတ္တိမရှိဘူး"

အော်ဟစ်ရင်း လှေကားပေါ်သို့ ပြေးတက်သွားသော ထိုအမျိုးသားမှာ ဆူးရှင်းပင် ဖြစ်သည်။ ရူပဗေဒဆိုင်ရာ အလွန်မြင့်မားသော အသိပညာများ ပိုင်ဆိုင်ထားသည့် ဤလူငယ်သည် မည်သို့တွေးတွေး နားလည်၍မရနိုင်သော ချူဟန်၏ ထူးကဲသည့် ခွန်အားအကြောင်းကို အလွန်အကျွံ တွေးတောမိသဖြင့် ရူးသွပ်နေသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တိုင်ပင်ဆွေးနွေးနေသော လေလွင့်ရာ လိုက်ပါတတ်သည့် အုပ်စုမှာ တပြိုင်နက် မတ်တတ်ရပ်လိုက်ကြပြီး ကျိန်ဆဲလိုက်ကြသည်။

"ခွေးကောင်"

"ဒီကောင် ငါတို့ထက် အရင် လက်ဦးသွားပြီ"

"ဒုက္ခပါပဲ။ အဲဒီကောင်က ရူပဗေဒကို ကျွမ်းကျင်တာ။ တကယ်လို့ သူ့ကိုများ သဘောကျသွားရင်တော့..."

"တားကြစမ်း... အဲဒီကောင်ကို ဖမ်း"

သူတို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် ဆူးရှင်း၏ နောက်သို့ လိုက်သွားကြတော့သည်။ သူတို့၏ အသေအလဲ လိုက်လံနေသော အမူအရာမှာ ဇနီးသည်ကို အလုခံလိုက်ရသူများပမာပင်။

ဒုတိယထပ်တွင်မူ ထွက်ခွာရန် ပြင်ဆင်ပြီးစီးနေပြီဖြစ်သော ချူဟန်က ယွီရှင်း၏ ဂုတ်ကို ဆုပ်ကိုင်ထားလေသည်။ အမျိုးသမီးတစ်ဦးအပေါ် ညှာတာမှု တစ်စက်မျှ မပြဘဲ သူမကို လှေကားအဝင်ဝသို့ ကြမ်းတမ်းစွာ တွန်းပို့လိုက်သည်။ ဆေးရုံတွင် ဆေးဝါးများ ရယူရန်အတွက် ဤအမျိုးသမီး စစ်ဆရာဝန်၏ အကူအညီက မရှိမဖြစ် လိုအပ်နေသည်။

ချူဟန်၏ ရိုင်းစိုင်းကြမ်းတမ်းသော ဆက်ဆံမှုကြောင့် ယွီရှင်း၏ ဒေါသများက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ငယ်စဉ်ကတည်းက တင်းကျပ်၍ မြင့်မားသော ပညာရေးဖြင့် ကြီးပြင်းလာခဲ့ရသော သူမသည် နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး အနောက်သို့ ရုတ်တရက် လှည့်ကာ ချူဟန်အား အော်ဟစ်လိုက်တော့သည်။

"ငါက နင့်ရဲ့ အကျဉ်းသား မဟုတ်ဘူးနော်"

"အင်း... ဟုတ်တယ်လေ"

ချူဟန်က လွယ်လွယ်ကူကူပင် ခေါင်းညိတ်ပြလိုက်သည်။ မိမိ အင်အား အလွန်အကျွံ သုံးမိသည်ကို လုံးဝ သတိမထားမိပေ။

"အဲဒီတော့ ဘာဖြစ်လဲ"

ယွီရှင်းမှာ ဆွံ့အသွားသည်။

အဲဒီတော့ ဘာဖြစ်လဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော အရှက်ရမှုက သူမ၏ ရင်ထဲတွင် ပေါက်ကွဲထွက်လာသည်။

"နည်းနည်းလောက် ညင်ညင်သာသာ မလုပ်နိုင်ဘူးလား။ နာတယ်ဟဲ့"

ချူဟန်က မျက်မှောင်ကြုတ်သွားပြီး အမျိုးသမီး စစ်ဆရာဝန်၏ ဂုတ်ပေါ်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားခဲ့သော နေရာမှာ အညိုအမည်းစွဲသကဲ့သို့ ခရမ်းရောင်ပင် သန်းနေလေပြီ။ ပုံမှန်ဆိုလျှင် သူသည် ဤမျှ အသေးအဖွဲကိစ္စများကို သတိထားမိမည် မဟုတ်ပေ။ ချန်ရှောက်ရယ်က အသားထူပြီး အဆီအသား ပေါများသည်။ ပိုင်ယွန့်အာမှာ တိုက်ခိုက်ရေးစွမ်းရည် ကန့်သတ်ချက်ကို ကျော်လွန်နေသော သတ်ဖြတ်ခြင်းနတ်ဘုရားမ တစ်ပါးဖြစ်သည်။ ရှန်ကျိုတီမှာလည်း လုံးဝ အားနည်းသူ မဟုတ်ဘဲ ပထမအဆင့် (ကိုယ်ကာယ) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီ ဖြစ်သည်။ လော့ရှောင်ရှောင်အပေါ်တွင်မူ ကလေးငယ်ဖြစ်သောကြောင့် မသိစိတ်မှ အလိုလို လက်တွန့်တတ်သော်လည်း ယွီရှင်း အလှည့်ရောက်မှ သူမသည် သာမန်လူသား တစ်ယောက်သာ ဖြစ်သည်ကို ရုတ်တရက် မေ့လျော့သွားခြင်း ဖြစ်သည်။

"ဆောရီး... အကျင့်ပါနေလို့"

ချူဟန်က ရိုးသားစွာ ဖြေလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ထို ရိုးသားသော အဖြေ မှာ ယွီရှင်း၏ နားထဲတွင် လုံးဝ အခြားအဓိပ္ပာယ်တစ်မျိုး ပေါက်သွားစေခဲ့သည်။

'အကျင့်ပါနေလို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒီလူက တကယ်ကို ကယ်တင်လို့မရတော့ဘူးပဲ’

စောစောက ယွီရှင်း၏ အော်ဟစ်သံမှာ လုံးဝ တိုးမနေခဲ့ပေ။ တမင်တကာ အသံနှိမ့်ထားခြင်း မရှိသည့်အပြင် အစွမ်းကုန် အော်ဟစ်ထားခြင်း ဖြစ်သည်။ လှေကားပေါ်သို့ တက်လာသော ဆူးရှင်းနှင့် လေလွင့်ရာ လိုက်ပါတတ်သူများပင် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

ထိုအုပ်စုမှာ တစ်ခဏချင်း ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူတို့ကဲ့သို့သော လူမျိုးများသည် အကဲခတ်ခြင်းနှင့် လူမှုဆက်ဆံရေး တည်ဆောက်ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့၏ နားထဲတွင်ယွီရှင်း၏ အော်ဟစ်သံမှာ အလွန် အဓိပ္ပာယ်နက်ရှိုင်း နေသကဲ့သို့ ထင်မှတ်သွားကြသည်။

"ပြန်ဆင်းကြစို့"

လူအချို့က မျောက်များပမာ ချက်ချင်း ညာလှည့်ကာ လှေကားအောက်ခြေသို့ မျက်စိတစ်မှိတ်အတွင်း ပြေးဆင်းသွားကြတော့သည်။ လောကအကြောင်း နားမလည်သော ဆူးရှင်း တစ်ယောက်တည်းသာ အခြေအနေကို သဘောမပေါက်ဘဲ အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ ဆက်လက် ပြေးတက်လာခဲ့လေသည်။

ထွက်ပြေးလာကြသော အမျိုးသားများ၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အပြုံးများ ပေါ်လာသည်။ သူတို့သည် ဆူးရှင်း ပြေးတက်သွားပြီးနောက် ရင်ဆိုင်ရမည့် သနားစရာ အဆုံးသတ်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။

"ငတုံး စာတွေ အရမ်းဖတ်ပြီး ဦးနှောက် ပျက်သွားပြီ"

"အဲဒီကောင် ခေါင်းဖြတ်ခံရပြီး အလွှင့်ပစ်ခံရမယ့် အချိန်ကို စောင့်ကြည့်ရတာ တော်တော် အရသာရှိမှာပဲ"

" ဉာဏ်ကောင်းပေမယ့် နှမြောစရာပဲ။ ခေါင်းမာလွန်းတဲ့ ကောင်ပဲ"

"ရှူး... အဲဒီကောင်က ဒီစူပါမားကတ်မှာ လူချစ်လူခင် တော်တော်များတာ။ သူ သေသွားတာက ငါတို့အတွက် ပိုကောင်းတာပေါ့"

ဆူးရှင်းကမူ သူတစ်ပါး၏ ကိစ္စကို အနှောင့်အယှက် ပေးမိနေသလား ဆိုသည်ကို လုံးဝ ဂရုမစိုက်အားပေ။ ဤဖြောင့်မတ်သော လူငယ်လေး၏ ခေါင်းထဲတွင် ရူပဗေဒ သီအိုရီများဖြင့် ပြည့်နှက်နေသည်။ သူသည် ချူဟန်ရှိရာသို့ အပြင်းအထန် ပြေးဝင်လာပြီး သူ၏ မျက်လုံးများမှာ ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ ပညာဆာလောင်မှုမျိုးဖြင့် တောက်ပနေသည်။

ငှက်သိုက်ပမာ ခေါင်းဖြင့် ဆူးရှင်း ပြေးဝင်လာသော်လည်း ချူဟန်မှာ ထူးခြားသော တုံ့ပြန်မှု မပြခဲ့ပေ။ သို့သော် ဘေးတွင်ရှိနေသော ယွီရှင်းမှာမူ အလွန် အံ့အားသင့်သွားသည်။ ရူးသွပ်နေသော ဆူးရှင်း၏ ပုံစံမှာ မိမိကိုယ်တိုင် ဇွန်ဘီအကိုက်ခံလိုက်ရမှန်း ယခုလေးတင် သိလိုက်ရသူတစ်ဦးနှင့် တူလှသည်။ အမျိုးသမီး စစ်ဆရာဝန်လေးမှာ မနေနိုင်ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရာ မတော်တဆပင် ချူဟန်၏ ကိုယ်ပေါ်သို့ မှီကျသွားလေသည်။

ချူဟန်က မျက်မှောင်ကြုတ်သွားသော်လည်း ထိုထက်ပို၍ မည်သည့်အရာမျှ မလုပ်ဘဲ ထိုလူငယ် ပြေးလာမည်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

" မေးစရာတစ်ခု ရှိပါတယ် "

ချူဟန်၏ ရှေ့သို့ ရောက်ရှိလာသော ဆူးရှင်း၏ ပထမဆုံး စကားပင် ဖြစ်သည်။ ထူထဲလှသော မျက်မှန်အောက်ရှိ မျက်လုံးများမှာ အသိပညာကို ဆာလောင်မွတ်သိပ်မှုများဖြင့် ပြည့်လျှံနေသည်။ သူသည် သူတို့နှစ်ဦးကြားတွင် ညပ်နေသော အမျိုးသမီး စစ်ဆရာဝန်လေးကို လုံးဝ လျစ်လျူရှုကာ ချူဟန်ထံသို့ ယခုချက်ချင်းပင် ခုန်အုပ်တော့မည့် ဟန်ပန် ရှိနေသည်။

ဂျောက်...

ကျောဘက်မှ ရုတ်တရက် သေနတ်မောင်းတင်လိုက်သော အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ အရှိန်ပြင်းပြင်းဖြင့် ပြေးလာသော ဆူးရှင်းမှာ ရုတ်တရက် ဘရိတ်အုပ်လိုက်ရပြီး ချူဟန်၏ နောက်တွင် ရပ်နေသော ချန်ရှောက်ရယ်ကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်သည်။ ချန်ရှောက်ရယ်က သေနတ်ကို ချိန်ရွယ်ထားပြီး ထိုမည်းနက်နေသော သေနတ်ပြောင်းဝကြီးဖြင့် သူ့ကို သေချာပေါက် ချိန်ရွယ်ထားခြင်း ဖြစ်သည်။

ချူဟန်က လက်ကို အနည်းငယ် မြှောက်လိုက်ပြီး သိချင်စိတ် အနည်းငယ် ပါဝင်နေသော အကြည့်ဖြင့် ဆူးရှင်းကို ကြည့်လိုက်သည်။ ထိုအချက်ပြမှုကို မြင်သောအခါ ချန်ရှောက်ရယ်က စကားနားထောင်စွာဖြင့် သေနတ်ကို အောက်ချလိုက်သည်။ ဤလုပ်ရပ်က ဆူးရှင်းကို တစ်ဖန် အလွန်တရာ အံ့အားသင့်သွားစေပြန်သည်။

'သူတို့တွေ သေနတ်တွေ ပါလာတာလား။ စောစောက ဘယ်နေရာမှာ ဝှက်ထားခဲ့ကြတာလဲ။ သေနတ်ကို မသုံးဘဲ ခွန်အားသက်သက်နဲ့တင် ဟိုကောင်ကို အနိုင်ယူခဲ့တာပေါ့'

မေးခွန်းပေါင်းများစွာက ဦးနှောက်ထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်လာပြီး ဤလူငယ်၏ ခေါင်းကို ပို၍ ရှုပ်ထွေးသွားစေတော့သည်။

"မေးလေ"

ချူဟန်၏ လေသံမှာ လက်အောက်ငယ်သားကို ပြောဆိုနေသည့်အလားပင် ဖြစ်သည်။

ယွီရှင်းမှာ မျက်နှာအမူအရာ မပြောင်းလဲဘဲ ဘေးသို့ ဖယ်ပေးလိုက်သည်။ ဤမောက်မာလှသော အမျိုးသားအား သူမအနေဖြင့် ပြန်ပြောစရာ စကားလုံးပင် မရှိတော့ပေ။

အခန်း (၁၂၈) မှားယွင်းနေတယ်၊ အရာအားလုံး မှားယွင်းနေတယ်

ချူဟန်၏ စကားကြောင့် ဆူးရှင်း သတိပြန်ဝင်လာသည်။ သူက ဆည်ကျိုးပေါက်သွားသည့်အလား အလောတကြီးဖြင့် စကားများ တရစပ် ပြောဆိုလာတော့သည်။

"မင်းရဲ့ ကြွက်သားပမာဏရယ်၊ စောစောက သံမဏိတုတ်တံကြီးကို ဖမ်းလိုက်တဲ့ ထောင့်ချိုးရယ်ကို ကြည့်ရတာ လုံးဝကို သိပ္ပံနည်း မကျဘူး။ ပြီးတော့ အဲဒီတုတ်တံကို ပစ်လွှတ်လိုက်တဲ့ ခွန်အားနဲ့ အမြန်နှုန်းကလည်း နံရံထဲကို အဲဒီလို စိုက်ဝင်သွားနိုင်ဖို့ဆိုတာ ရူပဗေဒသဘောတရားအရ လုံးဝ မဖြစ်နိုင်ဘူး။ မင်းက တကယ်ကို..."

သို့သော် ချူဟန်က သူ၏စကားကို ရုတ်တရက် ဖြတ်ပြောကာ မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်သည်။

"အပြင်ဘက်က အတားအဆီးတွေ၊ စူပါမားကတ် အဝင်ဝက အလေးချိန်စီးတဲ့ ပစ္စည်းတွေရဲ့ အနေအထားက... မင်းရဲ့ အကြံအစည်လား"

ဆူးရှင်း ကြောင်အမ်းသွားပြီး တုံးတိတိပင် ပြန်ဖြေလိုက်သည်။

"ဟုတ်...ဟုတ်ကဲ့"

ချူဟန်က သူ့ကို အကဲခတ်သည့်ပမာ အထက်အောက် စိုက်ကြည့်လိုက်သည်။ ထိုအကြည့်က ယဉ်ကျေးပျူငှာသည်ဟု လုံးဝ ဆို၍မရပေ။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။

"မင်းက ရူပဗေဒကို ကျွမ်းကျင်တာလား"

"ဟုတ်ကဲ့"

နောက်တစ်ကြိမ် ခပ်တိုတို ပြန်ဖြေလိုက်သော်လည်း ဆူးရှင်းမှာ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

“သိပ္ပံပညာ၊ ကျိုးကြောင်းဆီလျော်မှုနဲ့ ယုတ္တိဗေဒ။ ဒီလို ကမ္ဘာပျက်ကပ် ကာလမှာ အဲဒါတွေကို အကုန်လွှင့်ပစ်လိုက်တော့"

ချူဟန်၏ လေသံမှာ အေးစက်စက်နိုင်လှသည်။ သူသည် ဆူးရှင်းအပေါ် အမြင်မကြည်လင်မှု မရှိသောကြောင့် စကားအနည်းငယ် ပြောပြရန် စိတ်ကူးရသွားခြင်း ဖြစ်သည်။

ဆူးရှင်းမှာ မှင်သက်စွာ ရပ်နေမိသည်။ အမြဲတမ်း မြန်ဆန်စွာ အလုပ်လုပ်နေတတ်သော ထက်မြက်သည့် ဦးနှောက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ မိမိ အမြဲ ဂုဏ်ယူဝင့်ကြွားခဲ့ရသော အရာကို စွန့်ပစ်လိုက်ရမည်တဲ့လား။

ချူဟန်သည် တုန်လှုပ်နေသော ဆူးရှင်း၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ဘဲ ယွီရှင်းအား ရိုင်းပျစွာ လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် ဆူးရှင်းဘက်သို့ လှည့်ကာ ရုတ်တရက် အမိန့်ပေးလိုက်သည်။

"မင်းပါ လိုက်ခဲ့"

ထိုမောက်မာသော အပြုအမူကြောင့် အမျိုးသမီး စစ်ဆရာဝန်လေးမှာ ဒေါသတကြီးဖြင့် မျက်နှာလွှဲလိုက်သည်။ သို့သော် ချူဟန်၏နောက်သို့ ငြိမ်သက်စွာ လိုက်ပါသွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ ဤအမျိုးသားအပေါ် မည်မျှပင် မကျေနပ်မှုများ ရှိနေစေကာမူ လော့ရှောင်ရှောင်က သူမ၏ အကူအညီကို လိုအပ်နေသည်။ ထိုအချက်နှင့် နှိုင်းယှဉ်လျှင် ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုမှာ အရေးမပါသော ပြဿနာတစ်ခုသာ ဖြစ်သည်။

ချူဟန်က ဆူးရှင်းနှင့် ယွီရှင်းတို့ကို ခေါ်ဆောင်ကာ မြေညီထပ်သို့ ဆင်းလာသော မြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူများကို အလွန်အမင်း အံ့အားသင့်သွားစေသည်။ အထူးသဖြင့် စိတ်ဝင်စားဖွယ် ပြဇာတ်တစ်ပုဒ်ကို မျှော်လင့်နေခဲ့သော ထို လေလွင့်ရာ လိုက်ပါတတ်သူ များမှာ ဆူးရှင်းက ချူဟန်၏နောက်တွင် အနာအဆာကင်းစွာဖြင့် လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ ပြင်းထန်သော နောင်တတရားများ လွှမ်းမိုးသွားကြတော့သည်။

"သောက်ကျိုးနည်း... ငါ အရင်သွားလိုက်ရမှာ"

"အဲဒီကောင်က ဘယ်လို အံ့ဖွယ်ကိစ္စမျိုးကိုများ လုပ်ပြလိုက်တာလဲ"

အခြား အသက်ရှင်ကျန်ရစ်သူများကလည်း နောက်ဆုံးတွင် အခြေအနေကို စတင်သဘောပေါက်လာကြသည်။ ချူဟန်သည် ဤနေရာ၌ အင်အားအကြီးဆုံးဖြစ်သော ကောင်းယီကို သတ်ဖြတ်ခဲ့ရုံသာမက ဤနေရာ၌ ဉာဏ်အကောင်းဆုံးဖြစ်သော ဆူးရှင်းကိုပါ အညံ့ခံအောင် လုပ်လိုက်နိုင်ပြီလား။ အချိန် ဘယ်လောက်ကြာသွားလို့လဲ။ ဆယ်မိနစ်လား။ ဒါမှမဟုတ် ဆယ့်နှစ်မိနစ်လား။ ဘယ်လိုပဲ တွေးတွေး အရမ်း မြန်ဆန်လွန်းနေသည်။ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော နှိမ်နင်းမှုမျိုးပင် ဖြစ်သည်။

ချူဟန်သည် အံ့သြမှုနှင့် နားမလည်နိုင်မှု စသည့် အကြည့်မျိုးစုံဖြင့် ကြည့်နေကြသော လူအုပ်ကြီးကို ဂရုမစိုက်အားပေ။ သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ စူပါမားကတ်အပြင်ဘက်သို့ ထွက်လာပြီးနောက် ကိုယ်တိုင် ဖျက်ဆီးထားခဲ့သော အတားအဆီးများ ရှေ့တွင် ရပ်ကာ ချူဟန်က လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။

" "မင်းရဲ့ ဦးနှောက်က မဆိုးဘူး။ တော်တော်လေး ထက်မြက်တယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့ လုပ်ပုံကိုင်ပုံက ရှေးရိုးဆန်လွန်းနေတယ်"

" ဘာကို ဆိုလိုတာလဲဗျ "

ချူဟန်က သူ့ကို ပြောနေခြင်းဖြစ်ကြောင်း နားလည်လိုက်သောအခါ ဆူးရှင်းသည် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူသည် ဤအတားအဆီးများကို အသုံးပြုကာ ဇွန်ဘီအုပ်ကြီးများကို အကြိမ်ကြိမ် တားဆီးနိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။

သို့သော် ချူဟန်၏ နောက်ထပ်စကားကြောင့် ဆူးရှင်းမှာ မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

"ဒီစူပါမားကတ်က ဇွန်ဘီလှိုင်းတွေကို အလွန်ဆုံး တောင့်ခံနိုင်ခဲ့တာ သုံးကြိမ်လောက်ပဲ ရှိဦးမယ် မဟုတ်လား။ တစ်ခေါက်ကို ဖုတ်ကောင်အရေအတွက်က သုံးရာနဲ့ ငါးရာကြားမှာပဲ ရှိမှာပေါ့"

" ခင်ဗျား...ဘယ်လိုလုပ် သိတာလဲ "

ရူပဗေဒကို ကျွမ်းကျင်သော ဆူးရှင်းမှာ အံ့အားသင့်လွန်းသဖြင့် အသံကျယ်ကြီးဖြင့် မေးလိုက်မိသည်။

"ဒီစူပါမားကတ် အပြင်ဘက်က အတားအဆီးတွေက အဲဒီလောက်ကိုပဲ ကာကွယ်နိုင်စွမ်း ရှိလို့ပေါ့။ ဒါတွေက ရေရှည်ခံမယ့်အရာတွေ မဟုတ်ဘူး။ အနှေးနဲ့အမြန် အသုံးမဝင်တော့မယ့် အရာတွေပဲ"

ချူဟန်၏ လေသံမှာ အေးစက်နေပြီး တွေးခေါ်ရာတွင် ကျွမ်းကျင်သော ဉာဏ်ကောင်းသည့် လူငယ်လေးကို သက်ညှာမှုမရှိဘဲ ရိုက်ချိုးလိုက်လေသည်။

"မင်းရဲ့ အစီအစဉ်ချထားမှုက မမှားပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မင်း တွက်ချက်ထားတဲ့ အခြေခံအချက်အလက်တွေ မှားယွင်းနေတာပဲ"

" အခြေခံ အချက်အလက်တွေက... မှားနေတယ် "

ဆူးရှင်းမှာ အတွေးနွံထဲသို့ နစ်မွန်းသွားတော့သည်။ ထိုနေရာတွင်ပင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အတွေးနက်သွားသည်။ ရှေ့မှ အပျက်အစီးပုံကြီးကို လှန်လှောရင်း တတွတ်တွတ်ဖြင့် တစ်ကိုယ်တည်း ရေရွတ်နေလေသည်။

"ထောင့်ချိုးတွေက မှန်ကန်တယ်။ ရူပဗေဒဆိုင်ရာ တွက်ချက်မှုတွေကလည်း လုံးဝ အမှားအယွင်း မရှိဘူး။ ရှေးရိုးစွဲဆန်လွန်းတယ် ဟုတ်လား။ အရင်က ဒီပြဿနာနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့ဖူးတယ်။ သီအိုရီအရဆိုရင် ငါးကြိမ်အထက် ဇွန်ဘီအုပ်တွေကို ကာကွယ်နိုင်ရမှာလေ။ အရေအတွက်က ရှစ်ရာမကျော်ဘူးဆိုရင် ပြဿနာမရှိနိုင်ဘူး။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ဇွန်ဘီအုပ် ရောက်လာတုန်းက နေရာချထားတဲ့ နေရာတချို့ လုံးဝ ဖျက်ဆီးခံလိုက်ရတယ်။ ဒါက ဘာသဘောလဲ။ တစ်ခုခုတော့ မှားနေပြီ... တစ်ခုခု မှားနေပြီ..."

ချူဟန်၏ မျက်နှာကြွက်သားများပင် ရှုံ့မဲ့သွားသည်။ ဤကောင်လေးကို အပြင်ဘက်သို့ ခေါ်ထုတ်လာမိသည်ကိုပင် အနည်းငယ် နောင်တရချင်လာသည်။ အတွေးတစ်ခုတည်းအပေါ် ဤမျှ စွဲလမ်းတမ်းတနေသော ပုံစံမျိုးကို သူ လုံးဝ သည်းမခံနိုင်ပေ။

"ဇွန်ဘီဆိုတဲ့ တည်ရှိမှုက အစကတည်းက သဘာဝလွန် သတ္တဝါတွေပဲ။ ခိုင်လုံတဲ့ အထောက်အထားဆိုတာ မရှိဘူး။ ကမ္ဘာတစ်ဝန်းလုံး ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားတာကလည်း သိပ္ပံနည်းမကျသလို ယုတ္တိမရှိဘူး။ ဒီလို ဖြစ်ရပ်တွေကို မင်းက ဘယ်လို ရှင်းပြမှာလဲ"

ချူဟန်က သူ၏ နောက်ဆုံးကျန်ရှိနေသော သည်းခံနိုင်စွမ်းကို ညှစ်ထုတ်လိုက်ကာ ဆူးရှင်းကို ရှင်းပြသလိုလိုနှင့် သူ့ကိုယ်သူ ပြန်ပြောနေသလိုလို ခပ်သဲ့သဲ့ ဆိုလိုက်သည်။

"ဇွန်ဘီတွေက အသက်မရှိတဲ့ အရာတွေ မဟုတ်ဘူး။ သူတို့ရဲ့ ခွန်အားကလည်း ထာဝရ မပြောင်းမလဲ ရှိနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ စွမ်းအားတွေက တိုးပွားလာဦးမှာ။ ဒီအမှန်တရားကို ထိပ်တန်း ဇီဝဗေဒပညာရှင် တစ်ယောက်ကို သွားပြောပြရင် မဖြစ်နိုင်ဘူး လို့ တစ်ခွန်းတည်း ငြင်းပယ်ခံရမှာ သေချာတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပဲ။ ဇွန်ဘီတွေက ဆင့်ကဲပြောင်းလဲကြပြီး ထာဝရ တည်ရှိနေကြလိမ့်မယ်။ ငါတို့ ရင်ဆိုင်ရမယ့် ရန်သူတွေက အမြဲတမ်း ပုံစံတစ်မျိုးတည်း ရှိနေမှာ မဟုတ်ဘူး။ သူတို့ကို သားရဲ တိရစ္ဆာန်တွေလို သဘောထားပြီး ရင်ဆိုင်မှ ရမယ်"

တုန်လှုပ်ဖွယ် စကားများကို ချန်ရစ်ခဲ့ပြီးနောက် ချူဟန်သည် မှင်သက်နေသော ဆူးရှင်းကို ပစ်ထားခဲ့ကာ လျှောက်သွားလေသည်။ အလားတူ အံ့အားသင့်နေသော ယွီရှင်းကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

ဇွန်ဘီများက ဆင့်ကဲပြောင်းလဲကြသည်။ ဒုတိယအဆင့် ဇွန်ဘီများပင် ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုအချက်ကို သတိမပြုမိကြသူများ ရှိနေသည်။ မဟုတ်ပေ၊ သူတို့သည် လက်တွေ့အမှန်တရားကို မျက်ကွယ်ပြုနေကြခြင်း ဖြစ်သည်။

အမျိုးသမီး စစ်ဆရာဝန် တစ်ဦးဖြစ်သော သူမသည် ယခင်က ဤကဲ့သို့သော အကြောင်းအရာများကို တွေးတောခဲ့ဖူးခြင်း မရှိပေ။ ဆရာဝန်တစ်ယောက်အနေဖြင့် သူမ အမြဲတမ်း အာရုံစိုက်ခဲ့သည်မှာ မည်သို့ ကုသရမည် သို့မဟုတ် ဇွန်ဘီဗိုင်းရပ်စ်ကို မည်သို့ ဖယ်ရှားပစ်ရမည်ဆိုသည့် အချက်ကိုသာ ဖြစ်သည်။

ထိုအရာက လုံးဝ လက်တွေ့မကျသော စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ဖြစ်ကြောင်း သူမကိုယ်တိုင် နားလည်ထားသော်လည်း၊ ဖုတ်ကောင်များ ဆင့်ကဲပြောင်းလဲနိုင်သည်ဟု အိပ်မက်ထဲတွင်ပင် မတွေးမိခဲ့ချေ။ တစ်နေ့ကျလျှင် ဤဇွန်ဘီများကို လုံးဝ အမြစ်ပြတ် ချေမှုန်းနိုင်မည် သို့မဟုတ် လူသားများအဖြစ် ပြန်လည် ပြောင်းလဲသွားမည်ဟုသာ သံသယကင်းစွာ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ချူဟန်က ထိုမိစ္ဆာကောင်များသည် ဆင့်ကဲပြောင်းလဲပြီး ပိုမို အစွမ်းထက်လာမည်ဟု ဆိုနေသည်။ ထာဝရ တည်ရှိနေမည် ဆိုသည်မှာ အတိအကျ ဘာကို ဆိုလိုချင်သနည်း။

"ကျွန်တော်မယုံဘူး အကုန်လုံး အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပဲ"

နောက်ကျောဘက်မှ ဆူးရှင်း၏ ဒေါသနှင့် မကျေနပ်ချက်များ ပြည့်နှက်နေသော အသံက ထွက်ပေါ်လာသည်။

သို့သော် ချူဟန်က ခြေလှမ်းများကို ရပ်တန့်မသွားဘဲ ရှေ့သို့သာ ဆက်လျှောက်သွားလေသည်။ မကြာမီတွင် ကားပါကင်ကို ဖြတ်သန်းကာ အရှေ့ဘက်ရှိ ဆေးရုံဆီသို့ ဦးတည်သွားတော့သည်။

ချူဟန်တို့ စူပါမားကတ်ကို သိမ်းပိုက်လိုက်သည့် အမြန်နှုန်းမှာ မြန်ဆန်လှသော်လည်း သူ ထွက်ခွာသွားသည့် အမြန်နှုန်းမှာ ပို၍ပင် မြန်ဆန်နေသေးသည်။ သူ စူပါမားကတ်ထဲသို့ ဝင်ရောက်လာချိန်မှစ၍ ထွက်ခွာသွားချိန်အထိ ဆယ့်ငါးမိနစ်ပင် မပြည့်သေးချေ။ စူပါမားကတ်ထဲမှနေ၍ အပြင်ဘက်အခြေအနေကို တိတ်တဆိတ် ချောင်းကြည့်နေကြသူများမှာ ဆွံ့အသွားကြသည်။ ထိုလူက အတိအကျ ဘာလာလုပ်သနည်း၊ အဘယ်ကြောင့် ဤမျှ အလျင်စလို ထွက်ခွာသွားရသနည်းဆိုသည်ကို သူတို့အနေဖြင့် လုံးဝ နားလည်နိုင်စွမ်း မရှိခဲ့ပေ။

ဆောင့်ကြောင့်ထိုင်လျက်ရှိသော ဆူးရှင်း၏ တွေးခေါ်မှုများမှာ အချိန်အတော်ကြာ ရပ်တန့်နေခဲ့သည်။ ချူဟန်နှင့် ယွီရှင်းတို့ ထွက်ခွာသွားပြီးနောက် တစ်နာရီကျော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။ သူသည် ထိုနေရာတွင်သာ အချိန်ကြာမြင့်စွာ ဆောင့်ကြောင့်ထိုင်နေပြီး အတွေးဝင်္ကပါထဲတွင် ပိတ်မိနေခဲ့သည်။

ထိုအချိန်၌ စူပါမားကတ်ထဲမှ လူအချို့ ထွက်လာကြသည်။ သူတို့က သံပြားများနှင့် အခြားသော ပစ္စည်းများကို အသုံးပြု၍ အတားအဆီးများကို ပြန်လည် အားဖြည့်ရန် ကြိုးစားနေကြသည်။

ဒေါင်ခနဲ... ဂွပ်ခနဲ ဆူညံသော အသံများ ပဲ့တင်ထပ်နေသည်။

မျက်မှောက်တွင် ဖြစ်ပေါ်နေသော ဤလုပ်ငန်းစဉ်သည် နေ့စဉ် ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဆူးရှင်းက ဒီဇိုင်းဆွဲပေးပြီး သူတို့က နေရာချထားကြသည်။ ထိုကဲ့သို့ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဤစူပါမားကတ်၏ အကာအကွယ်တံတိုင်းကို တဖြည်းဖြည်း တည်ဆောက်ခဲ့ကာ ဇွန်ဘီအုပ်များကို အကြိမ်ကြိမ် ခုခံကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက်...

ဆံပင်များကို ငှက်သိုက်ပမာ ဖွာလန်ကြဲနေအောင် ကုတ်ဖဲ့ထားသော လူငယ်လေးက ထလာသည်။ မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

" ရပ်လိုက်ကြစမ်း"

ဂျလွမ်းခနဲ မြည်သံနှင့်အတူ အလန့်တကြား ဖြစ်သွားသော လူများမှာ လက်ထဲရှိ ပစ္စည်းများကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်မိကြသည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးကာ စဉ်းစားတွေးတောသည့် အချိန်၌သာ စကားများလေ့ရှိသည့် ဤလူငယ်ကို သူတို့ ဆွံ့အစွာ စိုက်ကြည့်နေမိကြသည်။

ယခု ဆူးရှင်း၏ ပုံစံမှာ ရူးသွပ်နေသူ တစ်ဦးနှင့် တူလှသည်။ ဆံပင်များကို အလွန်အကျွံ ကုတ်ဖဲ့ထားသဖြင့် ထိပ်ပြောင်တော့မည့်အလားပင် ဖြစ်သည်။ သူသည် မျက်မှောက်ရှိ အမျိုးသား ပြုတ်ကျသွားစေသော သံပြားကို ရုတ်တရက် အားကုန်သုံးကာ ကန်ထုတ်ပစ်လိုက်သည်။

"မှားနေပြီ... အားလုံး မှားယွင်းနေပြီ"

"ဘာ... ဘာဖြစ်လို့လဲကွ"

အမျိုးသားမှာ လန့်ဖျပ်ကာ တစ်ကိုယ်လုံး တုန်တက်သွားသည်။

ထူထဲသော မျက်မှန်အောက်တွင် ဆူးရှင်း၏ မျက်လုံးများမှာ တဖြည်းဖြည်းချင်း တောက်ပလာတော့သည်။

"အဲဒီလို နေရာချထားလို့ မရတော့ဘူး။ အကုန်လုံး ပြောင်းရမယ်။ အစကနေ ပြန်လုပ်ကြမယ်"

ထိုသို့ ပြောပြီးနောက် သူက အိတ်ကပ်ထဲမှ ဘောပင်နှင့် စက္ကူကို ထုတ်ယူကာ မြေပြင်ပေါ်တွင် တစ်စုံတစ်ခုကို အလျင်စလို ရေးခြစ်လာတော့သည်။

"ကျစ်... ငါ ဗိသုကာအင်ဂျင်နီယာပညာကိုပါ လေ့လာထားလို့ တော်သေးတာပေါ့"

All Chapters