← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉) ဘော့စ်ဆီကို သွားမယ်

တီ......

ယွီရှင်းနှင့်အတူ ဆေးရုံနှင့် တစ်လမ်းသာကွာဝေးသော နေရာသို့ ရောက်ရှိလာပြီဖြစ်သော ချူဟန်၏ ဦးနှောက်ထဲတွင် ရုတ်တရက် စနစ်၏ အသံတစ်သံ ထွက်ပေါ်လာသည်။

[ဆူးရှင်း၏ သစ္စာရှိမှု ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ]

ချူဟန်မှာ အမှတ်တမဲ့ ခြေခလုတ်တိုက်မိသွားသဖြင့် မှောက်ရက်လဲလုနီးပါး ဖြစ်သွားတော့သည်။

"ဘာဖြစ်လို့လဲ"

ဘေးမှ လျှောက်လာသော ယွီရှင်းက နားမလည်နိုင်စွာ မေးလိုက်သည်။

"ဘာမှမဖြစ်ဘူး။ မြန်မြန်သွားကြရအောင် "

ချူဟန်က ရင်ထဲတွင် ပေါက်ကွဲထွက်လာသော စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ တတ်နိုင်သမျှ အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

‘ဆူးရှင်း ဟုတ်လား...စောစောက တွေ့ခဲ့တဲ့ ဟိုခေါင်းမာပြီး စကားများတဲ့ အရူးကောင်က ဆူးရှင်းတဲ့လား’

တကယ်ကြီးလားဟ။ မယုံနိုင်စရာကောင်းလောက်အောင် တန်ဖိုးကြီးတဲ့ ရတနာတစ်ပါးကို ရှာတွေ့သွားတာပဲ။ အဲဒီကောင်က ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာ နာမည်ကျော်ကြားတဲ့ ထူးဆန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။

ဆူးရှင်း... နောင်ခေတ်များတွင် အလွန်တရာ တန်ဖိုးထားခံရမည့် ပါရမီရှင် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ ကမ္ဘာပျက်ပြီး ငါးနှစ်အကြာတွင် တည်ဆောက်မည့် ဧရာမ အခြေစိုက်စခန်းကြီး၏ ပုံစံကြမ်းများကို သူတစ်ယောက်တည်းကပင် ရေးဆွဲသွားမည် ဖြစ်သည်။

သူကိုယ်တိုင်၌မူ တိုက်ခိုက်နိုင်စွမ်း တစက်ကလေးမျှမရှိဘဲ ပထမအဆင့် ဖုတ်ကောင်ကိုပင် မယှဉ်နိုင်သော လူပျော့လူညံ့တစ်ယောက် ဖြစ်သော်လည်း၊ သူရေးဆွဲသည့် ပုံကြမ်းများ၏ တိကျသေချာမှုကမူ နတ်ဘုရားများ ဖန်တီးထားသည့်အလား အံ့မခန်းပင် ဖြစ်၏။ ထို့အပြင် သူသည် အဆင့်အသီးသီးရှိ ဖုတ်ကောင်များ၏ အစွမ်းခွန်အားနှင့် အမြန်နှုန်းကို ကြောက်ခမန်းလိလိ တိကျစွာ ကိန်းဂဏန်းများဖြင့် ဖော်ပြကာ အသေးစိတ် သုတေသန ပြုလုပ်ထားသေးသည်။

အယုံရခက်ဆုံးအချက်မှာ သူသည် ဇီဝဗေဒဆိုင်ရာ အသိပညာ တစ်စက်မျှ မရှိဘဲ ရူပဗေဒသဘောတရား သက်သက်ဖြင့်သာ ထိုသုတေသနများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ရှေ့တွင် ဒုတိယအဆင့် ဇွန်ဘီနှင့် တတိယအဆင့် ဇွန်ဘီကို ယှဉ်ရပ်ပြလျှင် သူသည် မည်သည့်အကောင်က ဘာလဲဆိုတာကို ခွဲခြားနိုင်မည် မဟုတ်ပေ။ သို့သော် ထိုဇွန်ဘီ နှစ်ကောင်ကို နံရံအား ကုတ်ခြစ်ခိုင်းပြီး ထိုလက်သည်းရာများကို ပြသလိုက်ပါက သူသည် ချက်ချင်းပင် ကျိုးကြောင်းဆီလျော်သော ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များကို တွက်ချက်ထုတ်ပေးနိုင်စွမ်း ရှိသည်။

ဆူးရှင်းကဲ့သို့ နောက်တန်းထောက်ပံ့ရေးတွင် အလွန် အရေးပါလှသော ပုဂ္ဂိုလ်မျိုးကို ယခင်ဘဝက ချူဟန်အနေဖြင့် တွေ့ဆုံဖူးရန် အကြောင်းမရှိပေ။ စောစောက သူနှင့် တွေ့ဆုံချိန်၌ပင် အနည်းငယ် အလားအလာရှိသည်ဟု ထင်မြင်မိသဖြင့် စကားအနည်းငယ် ပြောပြခဲ့ခြင်းသာ ဖြစ်သည်။

ထိုမျှနှင့်ပင် ထိုကောင်လေးကို အညံ့ခံလာအောင် လုပ်နိုင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သစ္စာရှိမှု ၃၀ ရာခိုင်နှုန်း ဆိုသော်လည်း အလွန်ကောင်းမွန်သော အစပြုမှုပင် ဖြစ်သည်။ သဘောကျမှုနှင့် သစ္စာရှိမှု ဆိုသည်မှာ လုံးဝ မတူညီသော သဘောတရားများ ဖြစ်ကြသည်။ ၎င်းတွင် သေချာပေါက် အညံ့ခံ ကျိုးနွံမှု ဆိုသည့် သဘောထား ပါဝင်နေသောကြောင့် ဖြစ်သည်။

ချူဟန် ဝမ်းသာအားရ ဖြစ်သွားသလို တစ်ချိန်တည်းမှာပင် ကျောချမ်းသွားမိသည်။ ရှေ့ဆက်၍ နည်းပညာ ကျွမ်းကျင်မည့်ပုံပေါ်သော သူများနှင့် တွေ့ဆုံပါက ပထမဆုံးအနေဖြင့် နာမည်ကို အရင် မေးမြန်းရမည်။ မဟုတ်လျှင် အလွန် ရှားပါးလှသော ပါရမီရှင်များကို လက်လွတ်ဆုံးရှုံးသွားနိုင်ချေ ရှိသည်။

စူပါမားကတ်၏ အဝင်ဝနှင့် အပြင်ဘက်ရှိ ကားပါကင်တွင် အလွန် အလုပ်များနေကြလေပြီ။ ဒေါင်ခနဲ…ဂျလွမ်းခနဲ … ဆူညံသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ကြီးမားလေးလံသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်လာကာ ထူးဆန်းသော်လည်း သေသေချာချာ တွက်ချက်ထားပုံရသည့် အချိုးအကွေ့များအတိုင်း နေရာချထားနေကြသည်။

အဘယ်ကြောင့် ဤသို့ နေရာချရသည်ကို အလုပ်လုပ်နေသူများ လုံးဝ နားမလည်ကြပေ။ အားလုံးမှာ ဆူးရှင်း၏ ညွှန်ကြားချက်များသာ ဖြစ်လေသည်။

ဆူးရှင်းသည် စူပါမားကတ်ထဲရှိ လူအားလုံးနီးပါးကို လှုံ့ဆော်ခိုင်းစေနေသည်။ ထိုသို့ လုပ်နိုင်ခြင်းမှာ သူကိုယ်တိုင်က မူလကတည်းက လူချစ်လူခင် ပေါများသောကြောင့်သာမက၊ သူသည် ချူဟန်ဟူသော ဩဇာကြီးမားသည့် ကျောထောက်နောက်ခံကို ရရှိထားကြောင်း အားလုံးက သိထားသောကြောင့်လည်း ဖြစ်သည်။ ချူဟန်၏ ဖိအားပေးနိုင်စွမ်းမှာ ဆူးရှင်း၏ လူချစ်လူခင်ပေါများမှုနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။

ဆယ့်ငါးမိနစ်မျှသာ ကြာမြင့်သေးသည်။ ထိုမျှသော အချိန်တိုအတွင်း ချူဟန်သည် ဤစူပါမားကတ်၌ အကြွင်းမဲ့ စိုးမိုးသူအဖြစ် နေရာယူနိုင်ခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် လူတိုင်းက ဤကာယလုပ်အားကို ကျေကျေနပ်နပ်ကြီး လက်ခံလုပ်ဆောင်နေကြခြင်းတော့ မဟုတ်ပေ။

အထူးသဖြင့် ယခင်က ချူဟန်အပေါ် ရန်ငြိုးဖွဲ့ကာ လှပသော အမျိုးသမီး သုံးဦးအပေါ် ရမ္မက်ဆန္ဒများ ရှိခဲ့သူတို့မှာ လူအုပ်ထဲ၌ ရောနှောနေရင်း အချင်းချင်း အဓိပ္ပာယ်ပါပါ အကဲခတ်ကြည့်ရှုကာ တီးတိုး တိုင်ပင်နေကြသည်။

"ဟိုကောင် မရှိတဲ့အချိန် ဒုတိယထပ်မှာ နားနေတဲ့ ဝတုတ်ကောင်ကို သွားသတ်ကြမလား။ အဲဒီ ဝက်ကောင်က သိပ်အစွမ်းရှိမှာ မဟုတ်ပါဘူးကွာ"

လူအားလုံး ချွေးတလုံးလုံးဖြင့် ခံစစ်မျဉ်းအသစ်ကို တည်ဆောက်နေကြစဉ်၊ အဝေးမှ ကားအင်ဂျင်သံတစ်ခု တဖြည်းဖြည်း နီးကပ်လာလေသည်။

"နောက်ထပ် လာပြန်ပြီလား"

"ဒီနေ့ကတော့ တော်တော်လေး စည်ကားနေပါလား"

"ဒီနားအထိ ဝင်လာရဲတယ်ဆိုတော့ သတ္တိတော့ မခေဘူးပဲ"

"လက်နက်တွေ ယူထားကြ။ ဘာဖြစ်လဲ သွားကြည့်ရအောင်"

နီးကပ်လာသော ယာဉ်မှာ ဂျစ်ကားတစ်စီး ဖြစ်သည်။ ကားတစ်စီးလုံး ရွှံ့ဗွက်များ ပေကျံနေပြီး ဖုတ်ကောင်အုပ်ကြီးကို ဖောက်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ကပ်ငြိနေသော အပုပ်စများနှင့် အမည်းရောင် သွေးအများစုမှာ ခြောက်သွေ့ကာ အခွံထူကြီးများသဖွယ် ဖြစ်နေသော်လည်း၊ အချို့နေရာများ၌မူ လတ်ဆတ်သော အရာများ ရောနှောနေဆဲပင် ဖြစ်သည်။ သို့သော်လည်း အလွန်အမင်း ဆိုးရွားလှသော အပုပ်နံ့ကြီးတော့ ထွက်ပေါ်မနေချေ။

လုံးဝ ပုံစံပြောင်းလဲသွားသော ကားပါကင်ရှေ့တွင် ဂျစ်ကား ရပ်တန့်သွားသည်။ ရှေ့သို့ ဆက်သွား၍ မရတော့ပေ။ လမ်းကို ပိတ်ဆို့ထားသည့် အတားအဆီး ပမာဏမှာ သာမန်မဟုတ်ဘဲ စူပါမားကတ်ထဲရှိ ပစ္စည်းများ အားလုံးကို အပြင်သို့ ဆွဲထုတ်လာသည့်အလား ဖြစ်နေသည်။

ကားမောင်းလာသူမှာ ယွဲ့ဇီ ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံး ညစ်ပေနေပြီး ယခင်က အဆီပြန်နေတတ်သော မျက်နှာမှာလည်း လုံးဝ ပိန်ချိုင့်နေလေပြီ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အတော်လေး ဒုက္ခရောက်ခဲ့ရကြောင်း သိသာလှသည်။ ယာဉ်မောင်းဘေးခုံတွင် သေနတ် အနည်းငယ်နှင့် အိတ်ကြီးတစ်လုံးကို တင်ထားသည်။ ထိုအရာများက သူ၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုများပင် ဖြစ်တော့သည်။

ဒေါက်... ဒေါက်...

စူပါမားကတ်ထဲရှိ လူများထဲမှ သတ္တိကောင်းသော အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာကာ သစ်သားတုတ်ဖြင့် ဂျစ်ကားမှန်ကို ခေါက်လိုက်သည်။ ဖုတ်ကောင်များ၏ အရည်များဖြင့် ပေပွနေသော မှန်ကို သူ၏ လက်ဗလာဖြင့် မကိုင်တွယ်ချင်သောကြောင့် ဖြစ်သည်။

"အထဲကလူ... ဆင်းခဲ့စမ်း"

အမျိုးသား၏ လေသံမှာ ရင်းနှီးဖော်ရွေသည်ဟု မဆိုနိုင်သော်လည်း အလွန်အမင်း ရန်လိုနေခြင်းမျိုးလည်း မဟုတ်ပေ။ ကမ္ဘာပျက်ကပ် ကာလဆိုသည်မှာ ဤသို့ပင်။ အချင်းချင်း အနည်းဆုံးတော့ သတိထား စောင့်ကြည့်ရမည်မှာ သဘာဝပင် ဖြစ်သည်။

ယွဲ့ဇီက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သေနတ်ကို ပခုံးပေါ် လွယ်ကာ တံခါးကို အားပါးတရ ဖွင့်ချလိုက်သည်။

၀ုန်းခနဲ…

ကျယ်လောင်လှသော တံခါးဖွင့်သံကြောင့် ဝန်းရံနေသူများမှာ အမှတ်တမဲ့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။ ထို့နောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"သေနတ်ကြီးဟ"

"ဘယ်ကနေ ရလာတာလဲ"

"ရဲလား။ ဒါမှမဟုတ် ဓားပြလား"

လူအုပ်ကြီးမှာ ယွဲ့ဇီလက်ထဲရှိ သေနတ်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။

သူတို့သည် စူပါမားကတ်ထဲမှ ခြေတစ်လှမ်းမျှ မထွက်ဖူးကြပေ။ အဝေးဆုံး သွားခဲ့လျှင်ပင် အပြင်ဘက် ကားပါကင်အထိသာ ရောက်ဖူးကြသည်။ ထို့ကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ချပေးနေကြောင်းကို မသိနိုင်ကြသလို၊ စစ်တပ်မှ လက်နက် ခဲယမ်းများ ဖြန့်ဝေပေးနေကြောင်းကိုလည်း လုံးဝ မသိရှိကြချေ။

မှန်ကို ခေါက်ခဲ့သော အမျိုးသားမှာလည်း အကြောက်တရားကြောင့် ခြေထောက်နှစ်ဖက်လုံး တုန်ယင်နေလေပြီ။ သို့ရာတွင် သူ၏ တုန်ရီနေသော အသံထဲ၌မူ စိတ်လှုပ်ရှားမှုနှင့် လောဘရမ္မက်တို့ ရောယှက်နေသည်။

"မင်း... မင်းဆီမှာ သေနတ် ရှိတယ်ပေါ့လေ"

ယွဲ့ဇီက ရှေ့မှ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်၌ သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ အနည်းငယ် လှမ်းသော နေရာတွင် ရပ်ထားသည့် G55 ကားကြီးကို စိုက်ကြည့်လိုက်တော့သည်။

မူလပုံစံ ပျောက်သွားသည်အထိ ပြုပြင်မွမ်းမံထားသော ထိုအော့ဖ်ရုဒ် ကားကြီး။ ယခင်က ပြဿနာများ၏ အရင်းအမြစ် ဖြစ်ခဲ့ဖူးသော ထိုကားနံပါတ်ပြားသာ မရှိလျှင်၊ ယွဲ့ဇီလည်း မည်သည့်ကားဖြစ်ကြောင်း သိနိုင်မည် မဟုတ်ပေ။

လုံးဝကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာတာပဲ။

၎င်း၏ ကြီးမားခန့်ညားသော ပုံစံကြီးက ဖုတ်ကောင် ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု ထင်မှတ်ရလောက်အောင် ခန့်ညားထည်ဝါလှသည်။

သို့ရာတွင် G55 ၏ ပြောင်းလဲမှုက ယွဲ့ဇီကို အနည်းငယ်သာ အံ့အားသင့်စေခဲ့သည်။ သူ၏ နှလုံးသားကို အပြင်းအထန် လှုပ်ခတ်သွားစေသည့် အရာမှာ အခြားအကြောင်းအရင်းတစ်ခု ဖြစ်သည်။

"ချူဟန်... ချူဟန် ဒီမှာ ရှိနေတယ်ပေါ့"

ကားပေါ်မှ ဆင်းလာပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ မလှုပ်မယှက် ရပ်နေသော ယွဲ့ဇီကို ကြည့်ကာ လူအချို့က မကောင်းကြံလာကြသည်။ လူအုပ်ကို တိုးထွက်ကာ ချဉ်းကပ်လာကြသော သူတို့၏ မျက်လုံးများထဲ၌ ယွဲ့ဇီ၏ သေနတ်အပေါ် လိုချင်တပ်မက်မှုများက အတိုင်းသား ပေါ်လွင်နေလေသည်။

"ညီလေး... အဲဒီသေနတ်ကို ဘယ်ကနေ ရလာတာလဲ"

"နောက်ထပ်လည်း ရှိသေးတယ် မဟုတ်လား။ ကိုယ်တို့ကိုလည်း တစ်လက်လောက် ငှားပါလား"

ပွင့်လင်းလွန်းသော စကားများဖြင့် ဝိုင်းဝန်းပြောဆိုခံရကာ လူအုပ်ကြီး တဖြည်းဖြည်း ကျဉ်းမြောင်းလာသော်လည်း၊ ယွဲ့ဇီမှာမူ မည်သည့် တုံ့ပြန်မှုမျှ မပြချေ။ သူသည် G55 ကားကြီးကိုသာ ငေးမောကြည့်နေရင်း မျက်ဝန်းများပင် ရဲရဲနီလာတော့သည်။ G55 ဤနေရာ၌ ရှိနေခြင်းက ချူဟန်လည်း ရှိနေသည်ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလော။

"နောက်ဆုံးတော့... အဖော်တွေကို ရှာတွေ့ခဲ့ပြီပဲ..."

ယွဲ့ဇီ၏ တုံ့ပြန်မှုကြောင့် အားလုံး နားမလည်နိုင် ဖြစ်နေကြစဉ်၊ မကောင်းကြံနေသူ အချို့ကမူ စိတ်ထဲမှ ကျိတ်ရယ်နေကြသည်။ သူက အရူးလား။ ဒါမှမဟုတ် ကြောက်လန့်ပြီး သွေးပျက်သွားတာလား။

အမျိုးသားတစ်ဦးက လျင်မြန်စွာ ချဉ်းကပ်လာပြီး ယွဲ့ဇီ၏ လက်ထဲမှ ချေမှုန်းရေး ရိုင်ဖယ်ကို တိုက်ရိုက် လုယူရန် လက်လှမ်းလိုက်လေသည်။

"ဒီလို အရူးကောင် ကိုင်ထားမယ့်အစား ငါ့ကိုသာ ပေးလိုက်စမ်းပါ"

ဒိုင်း...

ရုတ်တရက် သေနတ်သံ တစ်ချက် ပဲ့တင်ထပ်သွားသည်။

ယွဲ့ဇီထံမှ သေနတ်ကို လုယူရန် ကြိုးစားခဲ့သော အမျိုးသားမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ သူ၏ ဦးခေါင်းမှ သွေးနီရဲရဲများ ပန်းထွက်လာသည်။

"ဟား..."

"ပြေးကြ"

"ဘာစကားမှ မပြောဘဲ ထပ်သတ်လိုက်ပြန်ပြီ"

ထိတ်လန့်သွားတဲ့ လူအုပ်ကြီးက ပရွက်ဆိတ်အုံပျက်သလို အလုအယက် ထွက်ပြေးကြတာကြောင့် ကားပါကင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ သူတို့အားလုံး ထွက်ပြေးလွတ်မြောက်သွားချိန်တွင်တော့ ၎င်းနေရာကြီးမှာ မျက်စိတစ်မှိတ်အတွင်း ခြောက်ကပ်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းများ စိုးမိုးသွားတော့သည်။

ဆူးရှင်းသည် မည်သူ့ထက်မဆို ပိုမို လျင်မြန်စွာ ပြေးထွက်သွားပြီး ရင်တမမနှင့် စူပါမားကတ်၏ ဒုတိယထပ်သို့ တုံဆိုင်းမှုကင်းမဲ့စွာ ပြေးတက်သွားသည်။

ဉာဏ်ရည်ထက်မြက်သော ဤလူငယ်လေး၏ အတွေးက အလွန် ရိုးရှင်းလှသည်။ သူသည် ရူပဗေဒ အသိပညာ အနည်းငယ် ရှိရုံမျှသာဖြစ်ပြီး၊ သတ်ဖြတ်ခြင်းများကိုမူ ကျွမ်းကျင်သူ မဟုတ်ပေ။ ချူဟန် မရှိသည့်အချိန်တွင် သူနှင့် စကားပြောဆို တိုင်ပင်နိုင်မည့်သူ တစ်ဦးဦးကို ရှာဖွေရမည် ဖြစ်သည်။ ချန်ရှောက်ရယ်ဖြစ်စေ၊ ရှန်ကျိုတီဖြစ်စေ၊ ပိုင်ယွန့်အာဖြစ်စေ၊ မည်သူပင်ဖြစ်ပါစေ ရှေ့ဆက် ဘာလုပ်ရမည်ကို အကြံဉာဏ် တောင်းခံရန် လိုအပ်နေပေသည်။

ထိုအချိန် ယွဲ့ဇီ၏ ဘေးရှိ ဂျစ်ကား၏ နောက်ခန်းတံခါးမှာ မည်သည့်အချိန်ကတည်းက ပွင့်နေမှန်း မသိပေ။

မုတ်ဆိတ်မွေးများ ဖိုသီဖတ်သီဖြင့် အလွန် ကြမ်းတမ်းခက်ထန်မည့်ပုံ ပေါက်နေသော အမျိုးသားတစ်ဦးသည် ယမ်းငွေ့များ အလိပ်လိုက် ထွက်ပေါ်နေဆဲဖြစ်သည့် သေနတ်တစ်လက်ကို ဆုပ်ကိုင်ထားလျက် မတ်တတ်ရပ်နေလေသည်။

အခန်း (၁၃၀) အပိုင်စီးဖို့ ရောက်လာတာ

"ကြောက်ပြီး သေးထွက်သွားတာလား"

ချန်ရှန်ကော်က ကြက်သေသေနေသော ယွဲ့ဇီကို မေးလိုက်သည်။

ယွဲ့ဇီ၏ ခြေရင်းတွင် တုတ်တုတ်မျှ မလှုပ်တော့သော အလောင်းတစ်လောင်း ရှိနေသည်။ သို့သော် ယွဲ့ဇီသည် ထိုအလောင်းကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အနည်းငယ် လှမ်းသောနေရာတွင် ရပ်ထားသည့် G55 ကားကြီးကိုသာ လက်ညိုးထိုးပြလိုက်သည်။ သူ၏ အသံမှာ ဝမ်းသာလွန်းသဖြင့် တုန်ရီနေသည်။

"အစ်ကိုချန်... ကျွန်တော်တို့... ချူဟန်ကို ရှာတွေ့ပြီဗျ"

ချန်ရှန်ကော်၏ ခန္ဓာကိုယ်မှာ တုန်တက်သွားပြီး ထိုကားကြီးဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် အကြည့်ရောက်သွားတော့သည်။ ကြီးမားလှသော ကားကိုယ်ထည်ကြီးမှာ တောရိုင်းဆန်မှုများနှင့် ခြိမ်းခြောက်နိုင်စွမ်းများ ပြည့်နှက်နေပြီး တောဘုရင်ကြီး တစ်ပါးပမာ ရပ်နားနေသည်။ ထိုကားကို မြင်လိုက်ရသော စက္ကန့်တွင် အကြောင်းပြချက် မရှိဘဲ ချန်ရှန်ကော်၏ ဆူပွက်နေသော စိတ်အစဉ်မှာ ချက်ချင်း ငြိမ်သက်သွားတော့သည်။

မျှော်လင့်ချက်မဲ့နေသော ဤကမ္ဘာပျက်ကပ်ကြီးတွင် တစ်ခုတည်းသော မှီခိုရာ နေရာတစ်ခု။ ထိုကဲ့သို့သော ခံစားချက်မျိုးက သူ၏ ရင်ထဲမှနေ၍ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သလို ယခင်က လူကောင်း တစ်ယောက်ဖြစ်ခဲ့သော ဤအမျိုးသားသည် မိမိ၏ ညီအရင်း ရက်စက်စွာ အသတ်ခံလိုက်ရပြီးနောက် လုံးဝ အခြားလူတစ်ယောက်ပမာ ပြောင်းလဲသွားခဲ့လေပြီ။ စစ်သားတစ်ဦး၏ တရားမျှတမှုဆိုသည့် အသိစိတ်များ ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်ကာ ဓားပြတစ်ယောက်ကဲ့သို့သော အငွေ့အသက်များ ဖုံးလွှမ်းလာခဲ့သည်။

သူသည် မုယဲ့ကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိသလို တစ်ဖက်လူ၏ သဲလွန်စကိုပါ လုံးဝ လက်လွတ်ဆုံးရှုံးသွားခဲ့သည်။ မျှော်လင့်ချက် ကင်းမဲ့လွန်းသဖြင့် ဇွန်ဘီအုပ်ထဲသို့ ပြေးဝင်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့သော်လည်း ယွဲ့ဇီက အသက်စွန့်၍ ကယ်တင်လာခဲ့ခြင်း ဖြစ်သည်။

ရှင်သန်ရန် ရည်ရွယ်ချက် ပျောက်ဆုံးနေသော ဤစစ်မှုထမ်းဟောင်းအတွက် ချူဟန်အပေါ် ထားရှိသော ၆၀ ရာခိုင်နှုန်းသော သစ္စာရှိမှုကသာလျှင် တစ်ခုတည်းသော မျှော်လင့်ချက် ရောင်ခြည်လေး ဖြစ်နေခဲ့သည်။

ထုံမြို့မှ ရှီမြို့အထိ ခရီးစဉ်တစ်လျှောက် သူနှင့် ယွဲ့ဇီတို့သည် အမြဲလိုလို အသေအလဲ တိုက်ပွဲဝင်ခဲ့ရသည်။ ဇွန်ဘီများမှာ တစ်နေ့ထက်တစ်နေ့ ပို၍ အစွမ်းထက်လာကြပြီး ကျည်ဆန်များကလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေကာ စားနပ်ရိက္ခာ ရှာဖွေရန်မှာလည်း ပို၍ ခက်ခဲလာခဲ့သည်။

'ချူဟန်ကို ရှာတွေ့မရမယ်'

ထိုအချက် တစ်ခုတည်းကသာ ဤလူနှစ်ဦးအတွက် ကျန်ရှိနေသော နောက်ဆုံး တွန်းအား ဖြစ်သည်။ အကယ်၍ ထိုအချက်သာ မရှိပါက ယဲ့ချန်နှင့် အဆက်အသွယ် ပြတ်တောက်သွားကတည်းက သူတို့ နှစ်ဦးစလုံး အရှုံးပေး လက်မြှောက်သွားခဲ့လောက်လေပြီ။ ယခုအချိန်မှသာ ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ နှစ်ဦးသည် ယခင်က ချူဟန် ပြောခဲ့ဖူးသော မြို့ပြတွေမှာ အန္တရာယ်တွေ နေရာတိုင်း ပုန်းအောင်းနေတယ် ဆိုသည့် စကား၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားကြတော့သည်။

"သွားကြစို့"

ချန်ရှန်ကော်က ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး စူပါမားကတ်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

"ချူဟန်ဆီကို သွားမယ်"

ယွဲ့ဇီက ယာဉ်မောင်းဘေးခုံတွင် ရှိနေသော သူတို့၏ ပိုင်ဆိုင်မှု အားလုံးပါဝင်သည့် ကျောပိုးအိတ်ကြီးကို လွယ်လိုက်ပြီး ချန်ရှန်ကော်၏ နောက်သို့ ပြေးလိုက်သွားသည်။ ပြင်းထန်စွာ ခုန်ပေါက်နေသော ရင်ခုန်သံများကို သူ လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။

စူပါမားကတ်၏ ဒုတိယထပ်တွင်...

အဖွဲ့သားများမှာ ထိုင်သူကထိုင်၊ ရပ်သူကရပ်ဖြင့် အေးဆေးစွာ အနားယူနေကြသည်။

ပိုင်ယွန့်အာမှာ အစမှအဆုံး ဘုန်းကြီးအိုတစ်ပါး တရားထိုင်နေသည့်အလား ငြိမ်သက်နေသည်။ ရှန်ကျိုတီက တစ်ခါတစ်ရံ လှေကားဘက်သို့ လှမ်းကြည့်တတ်သော်လည် မြေညီထပ်မှ ဆူညံသံများကို အနည်းငယ်သာ ဂရုစိုက်လေသည်။

ချန်ရှောက်ရယ်မှာမူ လုံးဝ ဂရုမစိုက်သည့် ဟန်ပန်ဖြင့် နေကြာစေ့များကိုသာ တောက်လျှောက် ခွာစားနေသည်။ သူ၏ ခြေရင်းတွင် နေကြာစေ့ အခွံများ အမြောက်အမြား ပြန့်ကျဲနေလေပြီ။ သို့သော် သူ၏ အကြည့်များကမူ လော့ရှောင်ရှောင်ထံမှ တစ်လက်မမျှပင် ခွာမသွားခဲ့ပေ။

'အကုန်လုံး ဟိုခွေးကောင် ခွမ်းချန် ကြောင့်ဖြစ်ရတာ'

ထိုအချိန်၌ ဆူးရှင်း တစ်ယောက်တည်းသာ ပူလောင်နေသော သံပြားပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ပမာ ဂနာမငြိမ်စွာ လမ်းလျှောက်နေသည်။

"သူတို့တွေဆီမှာ သေနတ်တွေ ပါလာတယ်ဗျ။ ပြီးတော့ ကျွန်တော်တို့ လူတစ်ယောက်ကိုလည်း သတ်ပစ်လိုက်ပြီ။ အဲဒီကောင်က ဘာမှ အသုံးမကျတဲ့ အမှိုက်ကောင် ဆိုပေမယ့် ဟိုဘက်ကလည်း လုံးဝ သက်ညှာနေမှာ မဟုတ်ဘူးနော်"

"လာချင်လည်း လာပေါ့"

ချန်ရှောက်ရယ်က ဂရုမစိုက်သလို ပြန်ဖြေလိုက်ပြီး လက်ထဲရှိ နေကြာစေ့ကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ အခွံများကို ထွေးထုတ်နေသည်။ ဆူးရှင်း၏ စကားများကို လုံးဝ နားဝင်ပုံမရပေ။

ယခု သူ၏ ခေါင်းထဲတွင် လော့ရှောင်ရှောင်၏ နာကြည်းချက်များကို ဖြေရှင်းပေးရန် ခွမ်းချန်ကို မည်သို့ လက်စားချေရမည်ဆိုသည့် အတွေးများဖြင့်သာ ပြည့်နှက်နေသည်။

ဆူးရှင်းမှာ နားမလည်နိုင်သည့် မျက်နှာထား ဖြစ်သွားသည်။

"ဒီဘက်မှာ လူအင်အား ဒီလောက်များတာ တိုက်ခိုက်ဖို့ မပြင်ကြဘူးလား"

"မင်း ရူးနေလား"

ချန်ရှောက်ရယ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

"သူတို့ဆီမှာ သေနတ်ပါလာတယ်ဆိုပြီး ခုလေးတင် မင်းပဲ ပြောတာလေ။ သေနတ်ပြောင်းဝရှေ့ကို ဘယ်အရူးက တမင်တကာ သွားခံမှာလဲ"

"ဒါပေမဲ့ သူတို့က အပိုင်စီးဖို့ ရောက်လာတာနော်။ ဒီစူပါမားကတ်ကို အလွယ်တကူ ပေးလိုက်တော့မလို့လား"

ဆူးရှင်းမှာ ချွေးများ ရေပန်းပမာ ကျဆင်းလာပြီး စိုးရိမ်နေလေပြီ။ တွေးခေါ်နိုင်စွမ်း မြင့်မားသော ဤလူငယ်သည် တစ်နည်းအားဖြင့် ပြောရလျှင် ထူးဆန်းလောက်အောင် ရိုးအလွန်းနေသည်။ သူ၏ ခေါင်းထဲတွင် မာဖီးယားဂိုဏ်းများ၏ သွေးထွက်သံယို တိုက်ပွဲများကဲ့သို့ မြင်ကွင်းများကို ပုံဖော်နေပြီ ဖြစ်သည်။

"ပေးချင်လည်း ပေးလိုက်ပေါ့။ ငါနဲ့ ဘာဆိုင်လို့လဲ"

ချန်ရှောက်ရယ်က ဆူးရှင်းစကား၏ အဓိပ္ပာယ်ကို နားမလည်သည်လား၊ သို့မဟုတ် တမင် နောက်ပြောင်နေသည်လား မသိဘဲ ဖြစ်ကတတ်ဆန်းသာ ပြန်ဖြေလိုက်သည်။

သူတစ်ပါးကို ဒေါသထွက်အောင် ချူဟန် ဘာကြောင့် အမြဲ ရန်စတတ်သလဲဆိုသည့် အကြောင်းရင်းကို ဤလူဝကြီး တဖြည်းဖြည်း နားလည်လာသကဲ့သို့ ရှိသည်။

ဒီလို နောက်ပြောင်ရတာ တကယ်ပဲ အရသာရှိလှသည်။ ကြည့်စမ်း၊ မိမိထက် အများကြီး ဉာဏ်ပိုကောင်းပြီး မနာလိုဖြစ်ချင်စရာကောင်းလောက်အောင် ထက်မြက်လှတဲ့ ဆူးရှင်းက မိမိစကား တစ်ခွန်းနှစ်ခွန်းလောက်နဲ့ကို ဂနာမငြိမ် ဖြစ်နေပြီ မဟုတ်လား။

"စူပါမားကတ်ကို ဒီလောက် အလွယ်တကူ လက်လွှတ်ပေးလိုက်မယ်လို့ ဘယ်လိုလုပ် ပြောထွက်နိုင်ရတာလဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာဗျာ"

ဆူးရှင်းမှာ ဒေါသကြောင့် မျက်နှာများ နီရဲလာပြီး ပြုတ်ကျတော့မည့် မျက်မှန်ကို ပင့်တင်ကာ အော်ဟစ်လိုက်သည်။

"ချူဟန်က ဘာလို့များ ခင်ဗျားလို ကြောက်တတ်တဲ့ ကောင်မျိုးကို အဖွဲ့ထဲ သွင်းထားရတာလဲ"

"ဘယ်သူက ကြောက်တတ်တာလဲကွ"

ချန်ရှောက်ရယ်က ခေါင်းမော့ကာ ဆူးရှင်းကို စိုက်ကြည့်လိုက်သည်။

"ဒီရေမြောင်းနံ့နံနေတဲ့ စူပါမားကတ်ကြီးကို တွယ်တာနေတာ မင်းတစ်ယောက်ပဲ ရှိတယ်။ ငါကတော့ လေဝင်လေထွက် မကောင်းလို့တောင် အသက်ရှူကျပ်နေပြီကွ"

"ခင်ဗျား မသွားရင် နေ။ ကျွန်တော် တစ်ယောက်တည်း သွားတိုက်မယ်"

ဆူးရှင်းက ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်သကဲ့သို့ နောက်သို့ လှည့်ထွက်သွားသည်။

"ဟဲ့ကောင်...ပြန်လာခဲ့"

ချန်ရှောက်ရယ်က သူ၏ လည်ကုပ်ကို လှမ်းဆွဲလိုက်သည်။ ပေါင်ချိန် နှစ်ရာကျော်ရှိသော လူဝကြီးက ပိန်လှီလှီ လူငယ်လေးကို ပြန်ဆွဲရန်မှာ လွယ်ကူလှသည်။ ဆူးရှင်းမှာ မျက်စိတစ်မှိတ်အတွင်း ချန်ရှောက်ရယ်၏ ဘေးသို့ ရောက်ရှိလာတော့သည်။

"မင်း ဒီမှာပဲနေ။ ဘယ်မှမသွားနဲ့"

ချန်ရှောက်ရယ်က အမိန့်ပေးလိုက်သည်။ သူသည် ချူဟန်အပေါ် အမြင့်မားဆုံးသော သစ္စာရှိမှုမျိုး ရှိသူဖြစ်သည်။ ဤဆူးရှင်းက ချူဟန်ကို အဘယ်ကြောင့် ရုတ်တရက် အထင်ကြီးသွားသနည်းဆိုသည်ကို နားမလည်သော်လည်း ချူဟန်၏ လက်အောက်တွင် နေချင်သည်ဆိုပါက ယာယီ ကာကွယ်ပေးထားခြင်းက မိမိအတွက် အရှုံးမရှိပေ။

အကယ်၍ ဆူးရှင်းသာ မြေညီထပ်သို့ဆင်းသွားပြီး တကယ်တမ်း တိုက်ပွဲဖြစ်လာပါက ဤအားနည်းသော ခန္ဓာကိုယ်ဖြင့် မသေလျှင်တောင် သေလုမြောပါး ဖြစ်သွားမည်မှာ သေချာသည်။

မြေညီထပ်ရှိ အခြားလူများနှင့် ပတ်သက်၍မူ ချန်ရှောက်ရယ်တွင် ဂရုစိုက်ချင်လောက်အောင် သနားကြင်နာစိတ်များ မရှိပေ။ လော့ရှောင်ရှောင် ထိခိုက်ဒဏ်ရာရသွားခြင်းကြောင့် သူသည် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ ယခု သူသည် ချူဟန်ကဲ့သို့ပင် မိမိလူကိုသာ အကာအကွယ်ပေးရန် စဉ်းစားတော့သည်။

စူပါမားကတ်၏ မြေညီထပ်ခန်းမတွင်...

ချူဟန်ကို ကြောက်ရွံ့၍ စားနပ်ရိက္ခာများ ယူကာ ထွက်ပြေးသွားကြသူများကို ဖယ်ထုတ်လိုက်ပါက ဤနေရာတွင် လူ ခြောက်ဆယ်ခန့်သာ ကျန်ရှိတော့သည်။ အများစုမှာ ကမ္ဘာပျက်ကပ်တွင် ထွက်ပြေးရန် ခက်ခဲသော သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြပြီး မကောင်းသော အကြံအစည်ရှိသည့် အမျိုးသား အနည်းငယ်သာ ပါဝင်သည်။

ဓားပြတစ်ယောက်ကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်နေသော ချန်ရှန်ကော်က ယွဲ့ဇီကို ခေါ်ဆောင်ကာ ဝင်ရောက်လာသောအခါ မြင်တွေ့လိုက်ရသည်မှာ ထိုကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်သည်။

လူခြောက်ဆယ်ခန့်မှာ စူပါမားကတ်၏ ထောင့်တစ်နေရာတွင် စုပုံနေကြသည်။ သူတို့၏ ပုံစံမှာ ဝံပုလွေ နှစ်ကောင်၏ ချောင်ပိတ်ဖမ်းခြင်းကို ခံထားရသော သိုးအုပ်တစ်အုပ်ပမာပင် ဖြစ်သည်။ သူတို့က ဒေါသနှင့် အကြောက်တရားများ ရောနှောနေသော မျက်လုံးများဖြင့် ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ကို စိုက်ကြည့်နေကြသည်။

သူတို့သည် ယနေ့အတွင်း ခေါင်းဆောင် အပြောင်းအလဲကို တစ်ကြိမ် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ချူဟန်သည် သူတို့နှင့် စကားတစ်ခွန်းမျှ မပြောဘဲ ဤနေရာကို သိမ်းပိုက်ပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။ သို့သော် ဤနေရာတွင် အမြဲ နေထိုင်လာခဲ့သူများအနေဖြင့် နောက်ထပ် အပြောင်းအလဲများကို ခံနိုင်ရည်ရှိမည့် စိတ်ဓာတ်ခွန်အားများ မရှိတော့ပေ။

တစ်ရက်တည်းတွင် အတင်းအဓမ္မ ဝင်ရောက်လာသူ နှစ်ဖွဲ့နှင့် ကြုံတွေ့ရသည်။ ထို့ပြင် ထိုနှစ်ဖွဲ့စလုံးမှာ အစကတည်းက လူသတ်ပြကာ ဝင်လာသူများ ဖြစ်ကြသည်။ ဤကဲ့သို့ ဆက်တိုက် ဖြစ်ပေါ်နေပါက မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ချန်ရှန်ကော်သည် သူတို့၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာများကို လုံးဝ ဂရုမစိုက်အားပေ။ ခန်းမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ချူဟန်၏ အရိပ်အယောင်မျှ မတွေ့ရသောအခါ တည့်တိုးပင် မေးလိုက်သည်။

"အပြင်ဘက်မှာ ရပ်ထားတဲ့ G55 ရဲ့ ပိုင်ရှင် ဒီမှာ ရှိလား"

အစပိုင်းတွင် ပြင်းထန်သော ငြင်းဆန်လိုစိတ်များ ဖြစ်ပေါ်နေခဲ့ကြသည့် လူအုပ်ကြီးမှာ ချန်ရှန်ကော်၏ မေးခွန်းကို ကြားသောအခါ တစ်ခဏမျှ ကျောက်ရုပ်ပမာ ငြိမ်သက်သွားကြသည်။

'အယ်... ချူဟန်နဲ့ သိတဲ့လူတွေလား'

"ငါမေးနေတယ်လေ"

ချန်ရှန်ကော်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားမှာ ယခင်က ဤနေရာတွင် ရှိခဲ့သော ကောင်းယီနှင့် တစ်ထပ်တည်း ကျနေသည်။

လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။ အတန်ကြာပြီးနောက် အသက်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စကားစပြောလာသည်။

"ထွက်သွားပြီ"

ကောင်လေး ပြောသည်မှာ မှန်ကန်သည်။ G55 မှာ ချူဟန်၏ကား ဖြစ်သော်လည်း သူ ဤနေရာတွင် မရှိတော့ပေ။

"ထွက်သွားပြီ ဟုတ်လား"

ယွဲ့ဇီမှာ သိသာစွာ စိတ်ပျက်သွားပြီး ချန်ရှန်ကော်ကို ကြည့်လိုက်သည်။

"အစ်ကိုချန်... ကျွန်တော်တို့ လွဲသွားပြန်ပြီ"

"သောက်ကျိုးနည်း"

ချန်ရှန်ကော်က ခြေရင်းတွင် ရှိနေသော သံမဏိတုတ်တံကြီးကို ကြမ်းတမ်းစွာ ကန်ထုတ်လိုက်သည်။

ဤသည်မှာ သူ ဒေါသထွက်နေခြင်းကြောင့် မဟုတ်ဘဲ ချူဟန်ကို ရှာမတွေ့သည့်အတွက် စိတ်ပျက်မှုနှင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် စုပုံလာသော ပင်ပန်းနွမ်းနယ်မှုများကြောင့် ဖြစ်သည်။

သို့သော် ထိုလုပ်ရပ်က လူအုပ်ကြီး၏ အမြင်တွင် ပွင့်လင်းလွန်းသော ရန်လိုမှုအဖြစ် မြင်တွေ့သွားစေသည်။

'ဒီလူတွေက ချူဟန်ကို ရန်ငြိုးရှိနေတာများလား'

မကောင်းသော အကြံအစည်ရှိသည့် အမျိုးသားအချို့မှာ ချက်ချင်းဆိုသလို အကြံအစည်များ ထုတ်လာကြတော့သည်။ ကျားနှစ်ကောင် ရန်ဖြစ်ပါက ဘယ်သူ အကျိုးအမြတ် ရမလဲ။

"အဲဒီလူ ဘယ်တော့ ပြန်လာမလဲ"

ယွဲ့ဇီက စကားပြောလာသော ကောင်လေးကို မေးလိုက်သည်။

G55 ကားကြီးကို ထိုမျှ ကြမ်းတမ်းစွာ ပြုပြင်မွမ်းမံထားသည် မဟုတ်ပါလား။ ချူဟန်က ထိုကားကြီးကို ဒီအတိုင်း ပစ်ထားခဲ့မည် မဟုတ်ပေ။ တစ်ခုခု ကိစ္စရှိ၍သာ အပြင်ထွက်သွားခြင်း ဖြစ်မည်ဟု ယွဲ့ဇီက အခိုင်အမာ ယုံကြည်ထားသည်။

"မ... မသိဘူး"

ကောင်လေးက အားနည်းစွာ ဖြေလိုက်ပြီး သူ့နည်းတူ ကြောက်လန့်နေသော မိခင်၏ ရင်ခွင်ထဲသို့ မျက်နှာတိုးဝင်လိုက်သည်။ ငယ်ရွယ်သော မိခင်ဖြစ်သူက ယွဲ့ဇီနှင့် ချန်ရှန်ကော်တို့ မိမိကလေးကို အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် သတိထားကာ ကြည့်နေသည်။

ယွဲ့ဇီက နောက်ထပ် တစ်စုံတစ်ခုကို ဆက်လက် မေးမြန်းရန် ပြင်လိုက်ပြီး လူအုပ်ထဲရှိ မကောင်းသော ရည်ရွယ်ချက်ရှိသူများ စတင် လှုပ်ရှားလာတော့မည့် အချိန်တွင်...

ဂျလွမ်း...

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ စူပါမားကတ်၏ ကျဉ်းမြောင်းသော အဝင်ဝကို တစ်စုံတစ်ယောက်က အတင်းအဓမ္မ ဖျက်ဆီး ဝင်ရောက်လာတော့သည်။

All Chapters