← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 53 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 53 Ch. 703-704

အပိုင်း ၇၀၃ - ကံကြမ္မာက ဒဏ်ခတ်ခြင်း

သွေးစွန်းနေသော အသားစိမ်းငါးစိမ်းကို မြင်လိုက်ရသည့် ဝံပုလွေအုပ်ကြီးပမာ နတ်ဆိုးများက ဝုန်းခနဲ လှုပ်ရှားလာကြသည်။ သူတို့က တော်ဝင်နန်းတော်၊ များပြားလှသော ရတနာများ၊ လှပသော အင်မော်တယ် အမျိုးသမီးများနှင့် အရသာကောင်းလောက်သော အရာများစွာကြောင့် လုံးဝ ရူးသွပ်သွားကြ၏။

"သတ်ကြစမ်း"

မယ်တော်ကြီး၏ အမိန့်အောက်တွင် သူတို့က သံပြိုင်ဟစ်ကြွေးရင်း တိုက်ခိုက်လိုစိတ် မြင့်တက်လာစေရန် လှည့်ကွက်များ အသုံးပြုရန်ပင် မလိုတော့ပေ။ လောဘကြောင့် ဤနတ်ဆိုးနှင့် မိစ္ဆာများသည် စစ်ကို လိုလိုလားလား တိုက်ခိုက်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် အင်ပါယာ ရှစ်ထောင့်အစီအရင်အပြင်ဘက်သို့ တိုးထွက်ကာ တော်ဝင်နန်းတော် အနှံ့အပြား ချီတက်သွားကြသည်။ ထိုက်မင်းဆက် အတွက်မူ ၎င်းက ခံနိုင်ရည်ရှိရန် မလွယ်သော ကပ်ဘေးကြီး ဖြစ်ကာ ကြယ်တပ်မတော်နှင့် အရန်တပ်များသည် မယ်တော်ကြီးကို တားဆီးရန် ပြန်လည် စုစည်းလိုက်ကြ၏။ ဝန်ကြီးသုံးပါးက ထိုတပ်ဖွဲ့များကို ဦးဆောင်၍ စစ်ကြောင်းချင်း ထိပ်တိုက် တွေ့ဆုံလိုက်ကာ ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံသည် တစ်ကမ္ဘာလုံး ပဲ့တင်ထပ်သွားသကဲ့သို့ ကျယ်လောင်လွန်းသည်။

"တော်ဝင်နန်းတော်ကို ကျူးကျော်ရဲသူမှန်သမျှ သေရမယ်"

လက်ရှိက အရေးပေါ် အခြေအနေဖြစ်ပြီး ကောင်းကင်ရုံးတော် တည်ထောင်ခဲ့သည်မှ စတင်၍ မည်သည့်ကျူးကျော်သူမျှ ဝင်မလာနိုင်ခဲ့ဖူးပေ။ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် ကျူးကျော်ခံလိုက်ရခြင်း ဖြစ်ပြီး ကောင်းကင်ရုံးတော်နှင့် ထိုက်မင်းဆက် ပျက်စီးမည့် ဘေးကို ကာကွယ်ရန်မှာ အရေးအကြီးဆုံး ဖြစ်လာသည်။ သေရေးရှင်ရေး အခိုက်အတန့်တွင် အစွမ်းထက်သော တော်ဝင်မိသားစုမှာ ချောင်ပိတ်မိနေခဲ့လေသည်။

"သူတို့ကို တားကြစမ်း။ သတ်၊ သတ်"

ဝန်ကြီးသုံးပါးက စစ်သည်များကို ကွပ်ကဲ၍ တော်ဝင်နန်းတော်အတွင်း ကျူးကျော်လာသော နတ်ဆိုးနှင့် မိစ္ဆာများကို တားဆီးရန် ကြိုးစားလျက်ရှိသည်။ စစ်ကြောင်းနှစ်ခုက လေထဲတွင်ရော၊ မြေပြင်တွင်ပါ တဘုန်းဘုန်း ရင်ဆိုင်သွားကြပြီး ဓားဝိညာဥ်များ၊ အသက်တံဆိပ်များနှင့် ရတနာလက်နက်များသည် နတ်ဆိုး လက်သည်းများ၊ မှော်စွမ်းရည်များနှင့် မိစ္ဆာ သွေးပညာရပ်တို့ ထိပ်တိုက် တွေ့သောအခါ စစ်မြေပြင်မှာ ခဏအတွင်း သွေးလွှမ်းသွားတော့၏။ တော်ဝင်နန်းတော်သည် ပထမဆုံးအဖြစ် သွေးစွန်းသွားကာ တိုက်ကွက်များအောက်တွင် အဆောက်အအုံ တစ်ခုပြီး တစ်ခု ပျက်စီးကြေမွကုန်၍ ငြိမ်းချမ်းသော အငွေ့အသက်များ လုံးဝပျောက်ကွယ်နေသည်။

သို့ရာတွင် ကြယ်တပ်မတော်၏ ခံစစ်မှာ အချည်းနှီးသာ ဖြစ်ပြီး နာရက အင်အားစု၏ မရောင့်ရဲနိုင်သော လောဘသည် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ခံစစ်ကြောင်းကို ကျော်ဖြတ်သွားသော နတ်ဆိုးနှင့် မိစ္ဆာများက တော်ဝင်နန်းတော်အတွင်း ပြေးဝင်သွားကြပြီး မြင်သမျှ လူသားတိုင်း ချက်ချင်း ဆွဲဖြဲခံလိုက်ရ၏။ ရက်စက်ကြမ်းကြုတ်သော နာရက၏ သဘောသဘာဝ ရာနှုန်းပြည့် ထွက်ပေါ်လာသောအခါ သွေးများ မိုးပမာ ရွာသွန်း၍ သန့်ရှင်းစင်ကြယ်သော နန်းတော်ရာသည် ငရဲပြည်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

"သတ်ကြ"

"စားကြ"

"လုယက်ကြစမ်း"

မယ်တော်ကြီးသည်လည်း ရူးသွပ်စွာ အော်ဟစ်ရယ်မောရင်း ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် မြင်မြင်သမျှ ဖျက်ဆီးပစ်နေသည်။ ၎င်းအောက်တွင် စစ်သည်များနှင့် နန်းတွင်းသူနန်းတွင်းသားများ အရှင်လတ်လတ် ဖိချခံလိုက်ရသည့်အပြင် စုပ်ယူခံလိုက်ရကာ သေသည့်တိုင်အောင် မလွတ်မြောက်တော့ပေ။ တော်ဝင်နန်းတော်တစ်ခုလုံး သွေးစွန်းမြေ ဖြစ်လာပြီး မယ်တော်ကြီး ခြေတစ်လှမ်း ရွှေ့လိုက်တိုင်း ခန္ဓာကိုယ်က ပိုမိုကြီးမားလာကာ လှပသော ချီစွမ်းအင် မြူခိုးများပင် ညစ်ညမ်းကုန်သည်။ မျှော်လင့်ချက်မဲ့သော အလန့်တကြား အော်သံနှင့် အရူးတစ်ပိုင်း ရယ်သံများ ရောနှောကာ နားဝင်ဆိုးလှသော ကမောက်ကမ တေးသွားတစ်ပုဒ် ဖြစ်ပေါ်လာခဲ့သည်။

မယ်တော်ကြီး၏ ကိုယ်ပေါ်တွင် လူ၊ ခွေး၊ ငှက် စသဖြင့် များပြားလှသော ပါးစပ်များ ထွက်ပေါ်လာပြီး ထူးဆန်းစွာ ရယ်မောနေကာ လျှောက်သွားသော နေရာတိုင်း ချွဲကျိကျိ အညစ်အကြေးများ ချန်ထားရစ်သည်။

"မယ်တော်ကြီးကို မသတ်ရင် ဒီကပ်ဘေးက ဖြေရှင်းလို့ရမှာ မဟုတ်ဘူး"

ဝန်ကြီးသုံးပါးသည် အခြေအနေဆိုးကြောင့် မျက်နှာများ သွေးဆုတ်ဖြူရော်ကာ တုန်ရီနေကြသည်။

"အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံ ဘယ်ရောက်နေတာလဲ"

"အိမ်ရှေ့စံက တော်ဝင်နန်းတော်မှာ စစ်ပွဲကို ကြီးကြပ်နေတုန်းပဲ။ အရှင်မင်းကြီးကတော့ နားခိုရာလက်နက်ကို ထိုးဖောက်ဖို့ ကြိုးစားနေတယ်"

လျှို့ဝှက်ကြယ်ဝန်ကြီး၏ မေးခွန်းကို ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးက ပြန်ဖြေသည်။

"နားခိုရာလက်နက်ကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတာက ယုတ္တိရှိသေးတယ်။ ဘာကို ကြီးကြပ်ချင်နေလို့လဲ။ တော်ဝင်နန်းတော်အထဲထိတောင် ရန်သူက ရောက်နေပြီ။ ပြောရရင် အိမ်ရှေ့စံက ကလေးဆန်လွန်းတယ်။ နှစ်ထောင်ပေါင်းများစွာ ပျိုးထောင်ပေးလာခဲ့တာ အလကားပဲ"

သိုင်းကြယ်ဝန်ကြီးက ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

"မင်း ပါးစပ်ပိတ်ထားလိုက်။ အခုအချိန်မှာ ဒါတွေ ပြောနေလို့ အဓိပ္ပါယ် မရှိဘူး။ မယ်တော်ကြီးကို မြန်မြန် မတားနိုင်ရင် ထိုက်မင်းဆက်က တကယ်ပဲ အဆုံးသတ်တော့မယ်။ အလောင်းနတ်ဆိုးကြောင့် ရှုံးနိမ့်သွားရင် သေတာတောင် လွတ်မြောက်မှာ မဟုတ်ဘူး။ ထိုက်ဝေနဲ့ ထိုက်ယု မလှုပ်ရှားဘူးဆိုရင်​တောင် ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာအတွက် ငါတို့ စတေးရလိမ့်မယ်"

ဝန်ကြီးသုံးပါးက အံကြိတ်ထားပြီး အသက်ရှူသံများ ပြင်းထန်လာ၏။ မျက်လုံးများအတွင်း သူတို့ တန်ဖိုးထားခဲ့သော အရာအားလုံး မယ်တော်ကြီး၏ ခြေဖဝါးအောက် အမှုန့်ဖြစ်နေသည်ကို မြင်နေကြရသည်။ အနန္တ ကြယ်တာရာအကာအကွယ် အစီအရင် ပျောက်ကွယ်သွားခြင်းက အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်ပြီး ထိုက်ဝေ အင်ပါယာ အစီအရင်သည်လည်း ရန်သူများကို မတားနိုင်သောအခါ လုဖန်၏ နည်းဗျူဟာ အလုပ်ဖြစ်သွားပုံရသည်။

"တိုက်ကြစမ်း"

သိုင်းကြယ်ဝန်ကြီးသည် အိမ်ရှေ့စံကို အပြစ်တင်ကျိန်ဆဲသူ ဖြစ်သော်လည်း ရန်သူထံ ဦးစွာ ပြေးဝင်သွားခဲ့သည်။

"ထိုက်မင်းဆက် ထာဝရ တည်တံ့ဖို့ သတ်ကြစမ်း"

ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးသည်လည်း ဓားရှည်ကိုင်ဆွဲလျက် ပြေးထွက်သွားသကဲ့သို့ အံကြိတ်ထားသော လျှို့ဝှက်ကြယ်ဝန်ကြီးလည်း နောက်ချန်မနေခဲ့ပေ။

"ကံကြမ္မာအရ အရာအားလုံး ဝဋ်လည်တာပဲ။ ထိုက်မင်းဆက်က သေမျိုးတွေကို ပူဇော်သက္ကာရ အဖြစ် ဝါးမျိုလိုက်တော့ မယ်တော်ကြီး မွေးဖွားလာခဲ့တယ်။ အခုတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားနေရပြီ။ အကူအညီလည်း မရှိဘူး။ ထိုက်မင်းဆက် ပျက်သုဥ်းသွားရတဲ့ အကြောင်းအရင်းက သေမျိုးတွေအပေါ် အပြစ်ကျူးလွန်မိလို့ ကံကြမ္မာ ဒဏ်ခတ်တာ ဖြစ်ရမယ်"

သူမက ပထမဆုံးအကြိမ်အဖြစ် နောင်တတရားကို ခံစားလိုက်ရပြီး မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေရပုံပေါ်သည်။ သူမ၏ အမြင်တွင် မယ်တော်ကြီးက အစွမ်းထက် အလောင်းနတ်ဆိုး မဟုတ်ဘဲ ကံကြမ္မာ၏ ဒဏ်ခတ်မှု ဖြစ်ပြီး ဧရာမ ခန္ဓာကိုယ်ကြီးအထက်တွင် လူသား အင်မော်တယ် မျက်နှာများလည်း ရှိနေသည်။

"စားမယ် ဟား ဟား၊ အင်မော်တယ်တွေကို စားပစ်မယ်"

ထိုမျက်နှာများက အော်ဟစ်လိုက်သောအခါ ပတ်ဝန်းကျင် တစ်ခုလုံး အပုပ်နံ့ ပြည့်နှက်သွားပြီး တော်ဝင်နန်းတော်မှာ အနံ့ဆိုးများအကြား ကျရောက်သွားခဲ့သည်။ ဝန်ကြီးသုံးပါး၏ တိုက်ကွက်များက ခန္ဓာကိုယ်ကြီးကို ထိမှန်၍ သွေးများ ပန်းထွက်လာ၍ ဒဏ်ရာများ ကြီးမားသော်လည်း ရပ်တန့်မရနိုင်ခဲ့ပေ။

"ရပ်စမ်း။ ထိုက်မင်းဆက်ရဲ့ ပိုင်နက်ကို ကျူးကျော်ရင် အလောင်းတောင် မကျန်စေရဘူး"

ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးက ခြိမ်းခြောက်လိုက်သော်လည်း ရူးသွပ်သော မျက်နှာများစွာသည် တပြိုင်နက် အဖြေပေးလိုက်ကြသည်။

"ဟီး ဟီး ငါတို့က သေပြီးလို့ အလောင်း ဖြစ်နေတာ ကြာပြီ ဟား...ဟား"

မယ်တော်ကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် ဝုန်းခနဲ ကျုံ့ဝင်သွားကာ ဝန်ကြီးသုံးပါး ရှေ့မှောက်တွင် ကြက်သီးထစရာ အလှပိုင်ရှင် တစ်ယောက် အဖြစ် ပြောင်းလဲနေ၏။ ထို့နောက် သူမက ရုတ်တရက် ပျောက်ကွယ်သွား၍ မသိစိတ်၏ စေ့ဆော်မှုအရ ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးသည် အနောက်လှည့်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။ တစ်ဖက်လူက ဓားသွားကို လက်ဖဝါးဖြင့် ဖမ်းဆုပ်လိုက်သောအခါ ဓားပိုင်နက် ရှစ်ဆယ်ကျော် ပါဝင်သည့် အစွမ်းထက် ဓားဝိညာဥ်မှာ ရပ်တန့်ခံလိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် မယ်တော်ကြီး၏ အခြားလက်တစ်ဖက်က ခေါင်းကို ဆွဲဖြုတ်၍ တွဲလျက်ပါဝင်လာသော အစာရေမျိုပြွန်၊ အသံအိုးနှင့် အစာအိမ်များကို တစ်ကြိုက်တည်း စားပစ်လိုက်သည်။

မယ်တော်ကြီးက ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီး၏ ခေါင်းပြတ်ကို တကြွပ်ကြွပ် ဝါးစားလိုက်သဖြင့် ဦးနှောက်အရည်များ ရောနှောနေသော သွေးများ နှုတ်ခမ်းထောင်မှ စီးကျကုန်သည်။ သူမသည် ကျေနပ်သွားသော မျက်နှာဖြင့် မျက်လုံးများ မှိတ်သည်အထိ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။

"ထိုက်မင်းဆက်ရဲ့ ကိုးကွယ်ယုံကြည်သူတွေက စားလို့ကောင်းလိုက်တာ။ အရမ်း ချိုတာပဲ"

အပိုင်း ၇၀၄ - တော်ဝင်နန်းတော်လော၊ ငရဲပြည်လော

ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးသည် ကြယ်တပ်မတော်၏ ပြယုဂ်ဖြစ်ပြီး ကြောက်မက်ဖွယ် အသတ်ခံလိုက်ရသောအခါ စစ်သည်တိုင်း ယုံကြည်ချက် ရိုက်ချိုးခံလိုက်ရသည်။ မယ်တော်ကြီးက အလောင်းတစ်ခုလုံးကို စားပစ်လိုက်သောအခါ ကောင်းကင်ရုံးတော်တစ်ခုလုံး အော်သံနက်ကြီးများ ​မြည်ဟီးသွားသည်။ တော်ဝင်နန်းတော်၏ လမ်းများအထက်တွင် နာရက ကျူးကျော်သူများက မြင်မြင်သမျှ ဝါးမျိုနေပြီး နှိုင်းယှဥ်မရလောက်သော ရက်စက်ကြမ်းကြုတ်မှုမျိုးဖြင့် ဖြတ်သန်းသွားသမျှ နေရာတိုင်း အလောင်းချင်းထပ်နေသောအခါ မျှော်လင့်ချက်မဲ့သထက်မဲ့လာ၏။ တစ်ချိန်က လှပသာယာခဲ့သော နေရာအားလုံးသည် ပြတ်တောက်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် အပျက်အစီးများ ပြန့်ကျဲနေသည့် သွေးထက်သံယို စစ်တလင်း ဖြစ်သွားလေသည်။

ဝန်ကြီးတစ်ယောက်ကို စားသောက်ခဲ့သော မယ်တော်ကြီးက ကြယ်တပ်မတော်နှင့် အင်မော်တယ်များ၏ ရင်ထဲတွင် အရိပ်မည်းကြီးတစ်ခု ဖြစ်လာခဲ့ပြီး ဆက်လက် သတ်ဖြတ်ပြနေသည်ကို မြင်ရသောအခါ ကြောက်စိတ်ကြောင့် သွေးဆုတ်ဖြူရော်လာသည်။ လျှို့ဝှက်ကြယ်ဝန်ကြီးနှင့် သိုင်းကြယ်ဝန်ကြီးသည် ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့သော်လည်း ကံကြမ္မာ၏ စီရင်ချက်အောက်မှ မလွတ်မြောက်နိုင်ခဲ့ဘဲ အပိုင်းပိုင်း အစစ ဆွဲဖြဲ၍ ဝါးမျိုစားသောက်ခံလိုက်ရ၏။ တိုက်ပွဲကို ဦးဆောင်ခဲ့သော ဝန်ကြီးသုံးပါးလုံး သေဆုံးသွားပြီဖြစ်ကာ သူမသည် ဧရာမခန္ဓာကိုယ်ကြီး ပြန်လည် ပြောင်းလဲပြီး ​တော်ဝင်နန်းတော်အတွင်း ဆက်လက် သောင်းကျန်းလိုက်ပြန်သည်။

သေဆုံးသွားသော ဝန်ကြီးသုံးပါး၏ မျက်နှာများက ရင်ဘတ်တွင် ထွက်ပေါ်လာကာ ပါးစပ်ဟ၍ အသံကုန်အော်ဟစ်ရင်း အင်ပါယာ တော်ဝင်နန်းဆောင်သို့ စိုက်ကြည့်နေပြီး မယ်တော်ကြီးသည် ထိုနေရာသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွား၏။

"ထိုက်ယု"

ဝန်ကြီးသုံးပါး၏ မျက်နှာများက အမုန်းတရားတို့ အပြည့် ဖြစ်နေပြီး စွမ်းအားကင်းမဲ့စွာ သေဆုံးသွားရသဖြင့် တွန့်လိမ်ကောက်ကွေးနေသည်။

"အလောင်းနတ်ဆိုးကြီး..."

ခေါင်းဆောင်သုံးယောက် တိုက်ပွဲကျသွားသောအခါ ကြယ်တပ်မတော်သည် ဦးဆောင်သူမဲ့ကာ စိတ်ဓာတ် ပြိုလဲသွားသဖြင့် နာရက ထိုးစစ်အောက်တွင် ခံစစ်ကျိုးပေါက်သွားခဲ့၏။ နတ်ဆိုးနှင့် မိစ္ဆာများက သူတို့ကို နင်းချေ၍ အင်ပါယာ တော်ဝင်နန်းဆောင်သို့ ဖောက်ထွက်သွားကြပြီး သွေးစွန်းလမ်းကြောင်း ချန်ထားရစ်သည်။ ကြောက်စိတ်၊ အကူအညီမဲ့ခြင်းနှင့် ဝမ်းနည်းမှုတို့သည် ထိုက်မင်းဆက် လက်အောက်ခံများ၏ မျက်နှာတွင် ပေါ်လွင်နေကာ ကြယ်တပ်မတော်မှ ရေတွက်မရနိုင်သော စစ်သည်များကလည်း ကိုယ်ပိုင်အိမ်ဖြစ်သည့် တော်ဝင်နန်းတော်အတွင်း မြုပ်နှံသင်္ဂြိုဟ်စရာ အလောင်းပင် မကျန်အောင် ရက်ရက်စက်စက် နိဂုံးချုပ်သွားခဲ့သည်။

ငရဲပမာ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကို အဖြူရောင်ဝတ် လူငယ်တစ်ယောက်သည် တိတ်တဆိတ် စောင့်ကြည့်နေပြီး ဘေးတွင် အသက်ဆယ်သုံးနှစ်အရွယ် အစေခံမလေးတစ်ယောက် ခစားလျက်ရှိကာ မယ်တော်ကြီးထံ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

"လူတွေအများကြီး သေနေတာကို သခင်လေး ဘာမှမခံစားရဘူးလား"

"လူတိုင်းက လူကောင်းတွေ မဟုတ်ဘူး။ ဒီလူတွေက အုပ်ချုပ်ဖို့ အထက်မှာ ရှိနေပေမယ့် သေမျိုးတွေကို ဘာမှကူညီမပေးတဲ့အပြင် ကျင့်ကြံဖို့ အရင်းအမြစ်တောင် လုပ်လိုက်ကြသေးတယ်။ ဒီနေ့ သူတို့ ကြုံရတာက ဝဋ်လည်တာပဲ။ ငါလည်း ကြင်နာသနားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကောင်စားမျိုးတွေတော့ မဟုတ်ဘူး"

ပိုင်အာက ခပ်တိုးတိုး မေးလိုက်သောအခါ ယွမ်ရှောင်သည် တည်ငြိမ်စွာဖြင့် ခေါင်းယမ်းပြလိုက်ရင်း ဆက်ပြောသည်။

"မျိုးနွယ်ကို ကာကွယ်ပေးဖို့ဆိုတဲ့ ဆင်ခြေက ကိုယ်ကျင့်တရား ချိုးဖျက်ဖို့ မဖြစ်သင့်ဘူး။ သူတို့ ဆက်ပြီး အသက်ရှင်နေရင် သေမျိုးလူသားတွေအတွက် ကပ်ဘေးကြီးပဲ။ တစ်ခုခုကို အသစ်ကနေ ပြန်လည်တည်ဆောက်ချင်ရင် ဖြိုချဖျက်ဆီးဖို့ လိုအပ်တယ်လေ"

"ဟုတ်ကဲ့။ နားလည်ပါပြီ"

ပိုင်အာက လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်လိုက်သောအခါ သူသည် ခေါင်းတစ်ချက် လှမ်းပုတ်၍ ရှင်းပြလိုက်ပြန်သည်။

"ဒါ့အပြင် အခု တိုက်ခိုက်နေတဲ့ အင်အားစုတွေကို စဥ်းစားကြည့်လိုက်။ ထိုက်မင်းဆက်က အကြံအစည် ကြီးမားပြီး တစ်ကိုယ်ကောင်းဆန်လို့ လောကကြီး အန္တရာယ် ဖြစ်စေတယ်။ သူတို့ ဒုက္ခရောက်လေလေ၊ ငါတို့အတွက် ရှေ့ဆက်ဖို့ အကျိုးရှိလေလေပေါ့"

ယေဘူယျသဘော ပြောရလျှင် ယွမ်ရှောင်သည် မယ်တော်ကြီးကို ကောင်းကင်ရုံးတော်လောက် စိုးရိမ်စရာဟူ၍ သတ်မှတ်ထားခြင်း မရှိပေ။ နတ်ဆိုးနယ်မြေသည် သူမတစ်ဦးတည်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့် ဂေါင်ကို ဖြိုလိုက်ရုံသာ ရှိပေလိမ့်မည်။ ကောင်းကင်ရုံးတော်ကမူ ရာထူးအထပ်ထပ်ဖြင့် ဖွဲ့စည်းထားသောကြောင့် ဤမျှဖြင့် မလုံလောက်သေးပေ။ သူ မျှော်လင့်ထားသည့် အကောင်းဆုံး အချက်မှာ မယ်တော်ကြီးက တော်ဝင်နန်းတော်တစ်ခုလုံးကို ဝါးမျို၍ ထိန်းချုပ်ပစ်လိုက်ရန်သာ ဖြစ်သည်။

ထို့နောက် သခင်လေးနှင့် အစေခံ ပုံရိပ်နှစ်ခုသည် ဖရိုဖရဲ ဖြစ်နေသော စစ်မြေပြင်အတွင်း လျင်မြန်စွာ ရောနှောဝင်ရောက်သွားခဲ့၏။ ရက်စက်ကြမ်းကြုတ်၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသော စစ်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။ နတ်ဆိုးနှင့် မိစ္ဆာများက ထိုက်မင်းဆက်၏ စစ်သည်များကို အသားကြိတ်စက်ပမာ အမှုန့်ချေရင်း လမ်းရှင်းနေကြသည်။ လက်ရှိတွင် ကျူးကျော်သူ အားလုံးနီးပါးသည် ထိုက်ဝေ အင်ပါယာ အစီအရင်ကို ဖောက်ထွက်သွားနိုင်ခဲ့ပြီး အင်ပါယာ နန်းဆောင်ရှိ နောက်ဆုံး ခံစစ်စည်းထံ ဟိန်းဟောက်ရင်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်က မြင့်မြတ်၍ သန့်ရှင်းစင်ကြယ်သော အင်ပါယာ တော်ဝင်နန်းဆောင် ရှေ့မှောက်တွင် ယခုအခါ အလောင်းပုံကြီး ဖြစ်နေပြီး အဖြူရောင် မီးခိုးများ တလူလူ ထွက်ပေါ်နေကာ တော်ဝင်နန်းတော်၏ နောက်ဆုံး ဂုဏ်သိက္ခာအဖြစ် ကြံ့ကြံ့ခံလျက် ရှိ၍ အတွင်း၌ မိဖုရားကျောက်၊ အိမ်ရှေ့စံ ကြင်ယာတော် စသဖြင့် ထိုက်မင်းဆက်၏ အမြင့်ဆုံး ပုဂ္ဂိုလ်များ ပုန်းအောင်းနေကြသည်။

"အိမ်ရှေ့စံ...အိမ်ရှေ့စံ"

တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေသော နဂါးကျားအရှင်သခင်သည် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ထိုက်ယုရှေ့တွင် ဒူးထောက်ကာ အရေးတကြီး လျှောက်တင်လိုက်သည်။

"မယ်တော်ကြီးက အင်ပါယာနန်းဆောင် အနီးကို ရောက်လာပါပြီ။ သူ့ကို တားဆီးဖို့ တစ်ယောက်ယောက် လှုပ်ရှားရပါမယ်။ ကျေးဇူးပြုပြီး ငါတို့ကို ဦးဆောင်ပေးပါ။ ဒီရန်သူကို ဖြုတ်ချဖို့ အရာရှိတွေရဲ့ အင်အားကို အမြင့်ဆုံး အသုံးချဖို့ အမိန့်ပေးပါ"

ထိုက်ယုက ပလ္လင်အထက်တွင် တစ်ကိုယ်လုံး တောင့်တင်းနေပြီး မျက်နှာချေများ လိမ်းကျံထားသည့် မျက်နှာသည် ပြာနှမ်းနေသည်။

"မယ်တော်ကြီးကို မတားနိုင်ဘူးဆိုရင် အင်ပါယာနန်းဆောင် ကျဆုံးသွားပြီး ထိုက်မင်းဆက်အပေါ် ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်"

"နောက်ဆုတ်စရာ လမ်း မရှိတော့ဘူး။ တိုက်ခိုက်ရမယ်"

"ကျေးဇူးပြုပြီး အိမ်ရှေ့စံ ဦးဆောင်ပေးပါ"

အဆင့်နှစ်နှင့်အထက် အရာရှိများသည် မယ်တော်ကြီး၏ ကြောက်မက်ဖွယ် အရှိန်အဝါ နန်းဆောင်အတွင်းပိုင်းအထိ ရိုက်ခတ်လာသောအခါ တုန်လှုပ်သွားကြသည်။ ထိုက်မင်းဆက် ပျက်စီးမသွားစေရန် အမာခံ ခေါင်းဆောင်တစ်ယောက် လိုအပ်ပြီး စည်းစည်းလုံးလုံး ဖောက်ထွက်ရပေလိမ့်မည်။ အကယ်၍ သူတို့သာ တကွဲတပြားဖြင့် အရပ်မျက်နှာအနှံ့ ထွက်ပြေးသွားကြလျှင် ကောင်းကင်ရုံးတော်က အမှန်တကယ် ကျဆုံးသွားပေလိမ့်မည်။

အခြေအနေ အလွန်ဆိုးရွားနေသော်လည်း အိမ်ရှေ့စံ ထိုက်ယုသည် မလှုပ်မရှား ရှိနေလိမ့်မည်ဟု အရာရှိများ ထင်မထားပေ။ သူ၏ အတွေးထဲတွင် ထွက်ပြေးမည်လား၊ တိုက်ခိုက်မည်လားဟု ဒွိဟ ဖြစ်နေသည်။ အကယ်၍ သူ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့လျှင် သေချာပေါက် အသက်ရှင်နိုင်သော်လည်း ကောင်းကင်ရုံးတော်မှာမူ ချက်ချင်း ကျဆုံးသွားပေလိမ့်မည်။ အရာရှိအားလုံးသည် သူ့ကို သွေးလွှမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး မိဖုရားကျောက်ထက် အသက်များစွာ ကြီးသူ ဖြစ်ကြောင်း သိထားကြ၏။ သူ၏ မျက်နှာကို ချောမောလှပစေရန်အတွက် ပူဇော်သက္ကာရများဖြင့် ထိန်းသိမ်းထားရုံသာ ဖြစ်ပြီး ထိုက်ဝေပြီးလျှင် အသက်အကြီးဆုံး ရှေးဟောင်းလူသားတစ်ယောက် မဟုတ်ပါလော။

"အရှင့်သား၊ တော်ဝင်နန်းတော်က သေရေးရှင်ရေး ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး တိုက်ပွဲဝင်ပေးပါ"

မိဖုရားကျောက်က လေးနက်သော အသံဖြင့် တောင်းဆိုလိုက်သည်။

"တိတ်စမ်း၊ ဒါက မိန်းမတွေ အလုပ် မဟုတ်ဘူး"

ထိုက်ယု၏ မျက်နှာက မည်းနက်သွားပြီး ငေါက်ငမ်းလိုက်သောအခါ မျက်နှာချေတို့ စတင် ကွာကျလာ၏။ ထို့နောက် နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသောအခါ အပြင်ဘက်တွင် မယ်တော်ကြီး၏ နားဝင်ဆိုးလှသော ရယ်သံနှင့် နာရက စစ်သည်တော်များ၏ သောင်းကျန်းဖျက်ဆီးနေသော အသံများက ပိုမို ကျယ်လောင်လာခဲ့သည်။

မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက စကားတစ်ခွန်းပင် မပြောဘဲ မတ်တပ်ရပ်၍ အပြင်ထွက်သွားသောအခါ လူသားမျိုးနွယ်ကို မပစ်ပယ်လိုသည့် အရာရှိအမြောက်အများ လိုက်ပါသွားကြသည်။

"ရပ်စမ်း။ မယ်တော်ကြီးက အစွမ်းထက်လွန်းတယ်။ အခု ရင်ဆိုင်တိုက်ခိုက်ရင် အကုန်သေရမှာပဲ။ မင်းတို့အားလုံးကို ငါ ခေါ်သွားမယ်။ နားခိုရာလက်နက်အနားက အနောက်နန်းဆောင်ကို ဆုတ်ခွာပြီး ခမည်းတော်နဲ့ ပူးပေါင်းကြမယ်"

ကိုယ်လွတ်ရုန်းလိုသော ထိုက်ယုက ဤသို့ တားမြစ်ကန့်ကွက်လိုက်သောအခါ အရာရှိကြီးများ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်သည်။ သူ၏ စကားက ယုတ္တိရှိပုံရသော်လည်း အမှန်တကယ်အားဖြင့် ရန်သူထံ တော်ဝင်နန်းတော်ကို အပ်လိုက်ခြင်းဖြစ်ကာ မရေမတွက်နိုင်သော တော်ဝင်နန်းတော်၏ နေထိုင်သူများကို စွန့်ပစ်လိုက်ခြင်းပင်။ အိမ်ရှေ့စံက ရွံစရာကောင်းလောက်အောင် သူရဲဘောကြောင်သူ ဖြစ်ပြီး ယခင်အချိန်ဆိုလျှင် မည်သူမှ လှောင်ရယ်ဝံ့မည် မဟုတ်သော်လည်း ယခု ဆုံးဖြတ်ချက်သည် သူ ကာကွယ်ပေးမည်ဟု တစ်ချိန်လုံး အသံကောင်းဟစ်ခဲ့သော လူသားမျိုးနွယ်တစ်ခုလုံးကို တိုက်ပွဲ မဝင်ဘဲ ပစ်ပယ်လိုက်ခြင်းနှင့် မခြားပေ။

ပူဇော်သက္ကာရများကို စတင် လက်ခံကျင့်သုံးသည့် အချိန်မှ စတင်ကာ တော်ဝင်မျိုးဆက်များသည် ထာဝရ အသက်ကို စွဲလန်းလာကြပြီး ကိုယ်ကျင့်တရား၊ သတ္တိနှင့် ဂုဏ်သိက္ခာတို့ မရှိတော့ပေ။ အင်ပါယာ နန်းဆောင်အတွင်း၌ အရာရှိကြီးများ၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာတို့ ထင်ဟပ်လျက်ရှိသော်လည်း နောက်ဆုံးတွင် ခြေလှမ်းများ ရပ်တန့်ကာ ထိုက်ယု၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြသည်။ ဤအချက်အရ အရာရှိများသည် ပူဇော်သက္ကာရ လက်ခံ၍ သူရဲကောင်းစိတ်ဓာတ်တို့ ပျက်ပြားသွားပြီဖြစ်ကြောင်း ထင်ရှားစေသည်။ အသက် ရှည်လေလေ၊ တိုက်ပွဲဝင်စိတ်ဓာတ်များ တိုက်စားခံရလေလေ ဖြစ်ကာ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဟူသော သတ္တိဗျတ္တိများ ပျောက်ကွယ်ကုန်သည်။

အရာရှိများသည် အတွင်းစိတ်ထဲတွင် တိုက်ခိုက်ရမည်လား၊ ထွက်ပြေးရမည်လားဟု ဝေခွဲမရဖြစ်နေကြပြီး သေမျိုးလူသားများ၏ အလောင်းကို တက်နင်းရာ၌ ပျော်မွေ့ခဲ့ကြသော နှလုံးသားများမှာ ကျိုးပဲ့လွယ်လွန်းသည်။ မယ်တော်ကြီး မွေးဖွားလာသည်မှာ သူတို့၏ စနက်ကြောင့် ဖြစ်ကြောင်း အားလုံး သိထားပြီး အရင်းအမြစ်အဖြစ် ဝါးမျိုစားသောက်ခံလိုက်ရသော အလောင်းများ၏ မကျေနပ်ချက်ကို ကိုယ်စားပြုသည်။ ကံကြမ္မာနှင့် ဝဋ်ဆိုသော အရာများက အတွင်းစိတ်ကို တိုက်ခိုက်နေပြီး ကြီးမားလေးလံသော အပြစ်ရှိစိတ်များကြောင့် နက်နက်ရှိုင်းရှိုင်း ထိတ်လန့်နေကြ၏။ ထိုအချိန်တွင် အရာရှိများသည် သူတို့ ဝါးမျိုသန့်စင်ခဲ့သော သက်ရှိများကဲ့သို့ တုန်တုန်ယင်ယင်ဖြင့် အသက်ပင် ကောင်းစွာ မရှူနိုင်တော့ပေ။

မယ်တော်ကြီးသည် အင်ပါယာ နန်းဆောင်အထက် အရိပ်မိုးကျရောက်လာကာ အပုပ်နံ့များ ဝင်လာသဖြင့် သူတို့၏ ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်သွားစေသည်။ မျှော်လင့်ချက်မဲ့စရာ ကောင်းလှသော အခိုက်အတန့်တွင် သတင်းကောင်းတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"အင်ပါယာ ရောက်လာပြီ"

"တော်ဝင်နန်းတော် လုံခြုံသွားပြီ။ အင်ပါယာက မင်းတို့လို နတ်ဆိုး မိစ္ဆာတွေကို အလွတ်ပေးမှာ မဟုတ်ဘူး"

"စစ်သည်တို့ ပြန်စုစည်းပြီး တိုက်ခိုက်ကြစမ်း"

အော်သံများက စိတ်ဓာတ်ကျနေသော အင်ပါယာ နန်းဆောင်၏ အတွင်းပိုင်း လေထုကို မျက်စိတမှိတ်အတွင်း တက်ကြွသွားစေခဲ့လေသည်။

All Chapters