အခန်း (၇၀၅-၇၀၆)
Vol. 53 Ch. 705-706
အပိုင်း ၇၀၅ - ဧကရာဇ် ထိုက်ဝေ၏ အစွမ်း
သူရဲဘောကြောင်၍ ကိုယ်လွတ်ရုန်း ပြေးချင်နေသော ထိုက်ယု၏ မျက်နှာက ချက်ချင်း ဝင်းပသွားကာ ခဏအတွင်း တိုက်ခိုက်လိုစိတ် ရုတ်တရက် ဖြစ်ပေါ်လာဟန်ဖြင့် အသံကောင်းဟစ်နေပြန်သည်။
"အရာရှိတွေ၊ ငါနဲ့အတူ တိုက်ပွဲဝင်ကြ။ ဧကရာဇ်ကို ကာကွယ်မယ်"
ထိုအမိန့်သံအပြင် ချီတုံချတုံ ဖြစ်နေသော အရာရှိများ၏ စိတ်နှလုံးကလည်း တည်ငြိမ်သွားပြီး ထိုက်ဝေကြောင့် ရဲရင့်စပြုလာသည်။ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးကဲ့သို့ စိတ်ဓာတ်ပြင်းပြသူများသည် ကိုယ့်ကိုကိုယ် ထိန်းချုပ်မနေတော့ဘဲ နန်းဆောင်အပြင်သို့ ချက်ချင်း ပြေးထွက်လိုက်သည်။ ဝရုန်းသုန်းကား ထွက်ပေါ်လာသော အဆင့်မြင့် အရာရှိများကို ကြိုဆိုနေသည်မှာ နတ်ဆိုးနှင့် မိစ္ဆာများ ပြည့်နှက်နေသော စစ်တလင်းကြီး ဖြစ်ပြီး အရေအတွက် များပြားလွှမ်းသဖြင့် ကောင်းကင်ရော မြေပြင်ပါ ဖုံးအုပ်နေကာ အရှိန်အဝါသက်သက်ဖြင့်ပင် အသက်ရှူကြပ်စေသည်။
သို့သော် ထိုဖိအားက ခဏအတွင်း ပျက်ပြယ်သွားပြီး ရန်သူများအထက်တွင် စစ်မြေပြင်၌ အတောက်ပဆုံး ဗဟိုချက် ဖြစ်နေသော အလင်းရောင်တစ်ခု တောက်ပနေသောကြောင့် ဖြစ်ပေလိမ့်မည်။ အဖြူရောင် အလင်းက နတ်ဆိုးမြူများကို ထိုးဖောက်ကာ တော်ဝင်နန်းတော်ကို အသစ်တစ်ဖန် အလင်းရောင် ဆောင်ကြဥ်းပေးခဲ့သည်။
"အင်ပါယာ"
အော်သံများ ဆူညံပွက်လောရိုက်သွားပြီး ထိုက်ဝေ အပေါ် တော်ဝင်အင်အားစု၏ အမြင့်ဆုံး ရိုသေလေးစားမှု သက်သေပင်။
"ခမည်းတော်"
အဖြူရောင်အလင်းထဲတွင် တောက်ပနေသော ပုံရိပ်ကို ထိုက်ယုက အော်ခေါ်လိုက်ပြီးပြီးချင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ယခင်နှင့်မတူ ပြောင်းလဲနေသော အဖြူရောင်ဧကရာဇ်ကို သူ တစ်ယောက်တည်းသာမကဘဲ ရောက်နေသူအားလုံး မြင်လိုက်ရ၏။ တစ်ချိန်က အဖြူရောင် ဧကရာဇ်သည် သန့်ရှင်းစင်ကြယ်၍ မြင့်မြတ်သော ပြယုဂ်ဖြစ်ကာ အလင်းရောင်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ရက်စက်ကြမ်းကြုတ်၍ အာဏာမောက်မာသော အရှိန်အဝါများ ထွက်ပေါ်နေပုံရသည်။ အဖြူရောင်ဆံပင်များက ကြောက်စရာကောင်းလောက်အောင် သွေးနီရောင်သန်းပြီး သူငယ်အိမ်များပင် သွေးလုံးများ ဖြစ်နေကာ ခန္ဓာကိုယ်ပတ်ပတ်လည်၌ မြွေများပမာ တွန့်လိမ်နေသော သွေးစီးကြောင်းတို့ ရစ်ပတ်ထားသည်။ အထူးခြားဆုံးမှာ ကိုင်ဆောင်ထားသော အနက်ရောင် တုတ်ကောက်ဖြစ်ကာ တစ်ခုလုံး သွေးများ ရွှဲရွှဲစို၍ ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။
"ဒါက အင်မော်တယ် နားခိုရာလက်နက်ပဲ"
ထိုက်ယုက စိတ်လှုပ်ရှားစွာဖြင့် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်သောအခါ အဝေးသို့ ဟိန်းထွက်သွား၏။
"အင်ပါယာက ရတနာလက်နက်ကို အောင်နိုင်သွားပြီ"
ဤအချက်က ထိုက်မင်းဆက်နှင့် လက်အောက်ခံများအတွက် အကောင်းဆုံး သတင်းဖြစ်နေကာ မျှော်လင့်ချက်မဲ့မနေတော့ပေ။
"မယ်တော်ကြီးကို သတ်ပေးပါ"
သူတို့က အဖြူရောင်ဧကရာဇ် လက်စားချေပေးမည်ကို စောင့်မျှော်နေကြပြီး အသာစီးရပြီ ဟူသော အတွေးကြောင့် ကြောက်လန့်မနေဘဲ ရက်စက်ကြမ်းကြုတ်လာကာ နတ်ဆိုးများနှင့် မခြား မျက်နှာတို့ ခက်ထန်ကုန်သည်။ ထိုက်ဝေသည် နားခိုရာတုတ်ကောက်ကို ကိုင်ဆောင်၍ အေးစက်စက် အမူအရာဖြင့် ဆင်းသက်လာခဲ့ပြီး ဝုန်းခနဲ မြည်သံနှင့်အတူ ၎င်းမှာ ပေရာချီ ရှည်ထွက်၍ မယ်တော်ကြီးအထက်မှ တိုင်လုံးကြီးပမာ အားပြင်းပြင်း ရိုက်ချလိုက်၏။ သူမသည်လည်း ယနေ့စစ်ပွဲတွင် တစ်ခုတည်းသော အားနည်းချက် ဖြစ်သည့် ထိုလက်နက်အကြောင်းကို ကောင်းစွာ သိထားသည်။ တော်ဝင်နန်းတော်ကို အလောတကြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း တစ်ဖက်လူမှာ အချိန်တိုအတွင်း နားခိုရာတုတ်ကောက်ကို အောင်နိုင်သွားလိမ့်မည်ဟု ထင်မထားပေ။
မယ်တော်ကြီးသည် နယ်မြေတစ်ခုလုံး တုန်လှုပ်သွားစေရန် အသံအကျယ်ကြီးဖြင့် ဟိန်းဟောက်၍ ထိပ်တိုက်ရင်ဆိုင်ရန် အစွမ်းအားလုံး စုစည်းလိုက်၏။ ကြီးမားလှသော တိုင်လုံးကြီးသည် ဘုန်းခနဲ ကျဆင်းလာသောအခါ ဧရာမခန္ဓာကိုယ်ကြီးကို ပဲပြားပမာ အလွယ်တကူ ကြေမွသွားစေပြီး သွေးညှီနံ့များ ပြည့်နှက်နေသည့် အပိုင်းအစများအဖြစ် ပေါက်ကွဲသွားစေသည်။ ထိုအခိုက်တွင် သူမက စူးရှစွာ အော်ဟစ်လိုက်သောကြောင့် စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားကာ ကျင့်ကြံသူတိုင်း နှလုံးသားတို့ ပြင်းထန်စွာ တုန်လှုပ်လာ၍ နားပိတ်ထားလိုက်ရသည်။
မယ်တော်ကြီး၏ ရုပ်ခန္ဓာက နှစ်ပိုင်း ပြတ်ထွက်သွားကာ အရွယ်အစားချင်း ကွာခြား၍ ခုနစ်ပုံသုံးပုံ အချိုးအစား ဖြစ်နေသည်။ သွေးများကလည်း တော်ဝင်နန်းတော်တစ်ခုလုံး ချောင်းစီးသွားကာ နတ်ဆိုးနှင့် မိစ္ဆာများလည်း အံ့သြမင်သက်လျက် ရှိသည်။ အဖြူရောင် ဧကရာဇ်က တုတ်တစ်ချက်တည်းဖြင့် ကြောက်မက်ဖွယ်ကောင်းလှသော နာရက၏ အုပ်ချုပ်သူကို နှစ်ပိုင်းဖြတ်ပစ်နိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားချေ။
"ဒါက နတ်ဘုရားစွမ်းရည်ပဲ။ ဟား...ဟား"
ဤမြင်ကွင်းကြောင့် ထိုက်ယုမှာ ကိုယ့်ကိုကိုယ် သိက္ခာမဆည်နိုင်တော့ဘဲ အရူးကြီးပမာ အော်ဟစ် အားပေးလိုက်သကဲ့သို့ အရာရှိများလည်း ထူးမခြားနားပင် ဖြစ်သည်။
"အင်ပါယာက နတ်ဘုရားအစွမ်းနဲ့ မယ်တော်ကြီးကို နှိမ်နင်းလိုက်ပြီ"
သတ်ဖြတ်လိုစိတ်များက ပတ်ဝန်းကျင်ကိုပင် တုန်လှုပ်သွားစေပြီး သေရေရှင်ရေး အခိုက်အတန့်တွင် ကြီးမားသော အစိတ်အပိုင်းသည် အရပ်ရှစ်ပေ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ကျန်အစိတ်အပိုင်းမှာမူ သွေးသံရဲရဲ အသားတုံးကြီး အသွင်ဖြင့် ထိုက်ဝေထံ ပြေးဝင်သွား၏။
"မပြီးသေးဘူး"
မယ်တော်ကြီးက ဤသို့ ခြိမ်းခြောက်ကာ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးသွားသောကြောင့် မျက်စိတစ်မှိတ်အတွင်း လွတ်မြောက်ပျောက်ကွယ်သွားခဲ့သည်။ သူမ ပျောက်ကွယ်သွားစဥ် အသားတုံးကြီးမှာ ဘန်းခနဲ ရိုက်ထုတ်ခံလိုက်ရပြီး သွေးမိုးအဖြစ် တော်ဝင်နန်းတော်အပေါ် ရွာကျလာကာ ပုပ်စော်နံနေသော သင်္ချိုင်းမြေပမာ ဖြစ်သွားစေ၏။
"မသေသေးဘူး။ လိုက်ဖမ်းစမ်း"
ထိုက်ယုက ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး ထိုက်မင်းဆက်သည် အခွင့်အရေး ယူ၍ မယ်တော်ကြီးကို အမြစ်ပြတ် ချေမှုန်းလိုသော်လည်း မည်သည့်နေရာသို့ ထွက်ပြေးသွားကြောင်း သဲလွန်စပင် မရှိချေ။ ထိုက်ဝေက မယ်တော်ကြီး ထွက်ပြေးသွားရာ အရပ်သို့ လှမ်းကြည့်လိုက်သော အခိုက်တွင် အနီရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားကာ မိစ္ဆာမျက်လုံးလည်း အချိန်မီ ထွက်ပြေးသွားပုံပေါ်သည်။
"စစ်မြေပြင်ကို ရှင်းလင်းပြီး ရန်သူတွေကို မောင်းထုတ်လိုက်ကြ"
ထိုက်ဝေသည် လိုက်လံဖမ်းဆီးရန် ရည်ရွယ်ချက် မရှိဟန်ဖြင့် ပင်လယ်ကြီးပမာ နက်ရှိုင်းသော အသံဖြင့် အမိန့်တော် ချမှတ်ခဲ့သည်။
"အမိန့်တော်အတိုင်းပါ"
အရာရှိများ၊ ကြယ်တပ်မတော်နှင့် ဌာနဆိုင်ရာ စစ်တပ်များသည် မည်မျှ ဒဏ်ရာပြင်းထန်ပါစေ၊ မတ်တပ်ရပ်လိုက်ကြပြီ ဖြစ်သည်။ ထိုက်ဝေ၏ နာမတော်အောက်တွင် သူတို့က ကျူးကျော်လာသူများကို ပြန်လည် တိုက်ခိုက်ပေတော့မည်။ ခေါင်းဆောင်နှစ်ယောက်လုံး ထွက်ပြေးသွားသောအခါ ရန်သူစစ်တပ်မှာ တိုက်ပွဲဝင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နတ်ဆိုးနှင့် မိစ္ဆာများသည် ချာခနဲ လှည့်ပြေးကာ မယ်တော်ကြီး ထွက်ပြေးသွားသည့် အရပ်မျက်နှာသို့ အလန့်တကြား လိုက်ပါသွားကြသည်။ မုဆိုးနှင့် သားကောင် အခန်းကဏ္ဍသည် ချက်ချင်း ပြောင်းပြန်ဖြစ်သွားပြီး စိတ်ဓာတ် တက်ကြွနေသော အင်မော်တယ်စစ်သည်များက သနားညှာတာမှု မရှိဘဲ လိုက်လံသတ်ဖြတ်ခဲ့သည်။ သို့ရာတွင် အရေအတွက် နည်းပါးသွားပြီ ဖြစ်သောကြောင့် အသေအကြေ တန်ပြန် တိုက်ခိုက်ခံရသောအခါ နှစ်ဖက်လုံး အကျအဆုံး များပြား၍ အလောင်းတို့ နောက်တစ်ဖန် ပုံသွားပြန်၏။
"အရှင်မင်းကြီး"
ထိုက်ဝေသည် နားခိုရာတုတ်ကောက်ကို ကိုင်ဆောင်ကာ ကောင်းကင်မှ ဆင်းသက်လာသောအခါ အနီရောင်ဆံပင်များ လွင့်ပျံသွားသည်။ အိမ်ရှေ့စံ၊ မိဖုရားကျောက်နှင့် အရာရှိအားလုံး မြေပြင်တွင် ဝပ်တွားခစားလိုက်ကြပြီး မျက်လုံးအကြည့်များ၌ ရိုသေလေးစားမှုများ အပြည့် ရှိသည်။
"ခမည်းတော်၊ ဘာကြောင့်များ ရန်သူတွေကို အမြစ်ပြတ် မချေမှုန်းလိုက်ရတာလဲ။ နာရကရဲ့ ခြိမ်းခြောက်မှုကို အဆုံးသတ်လိုက်သင့်ပါတယ်"
ထိုက်ယု၏ မေးခွန်းကြောင့် ထိုက်ဝေသည် တစ်ချက်လှမ်းကြည့်ခဲ့သော်လည်း တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
"မှန်လှပါ၊ မယ်တော်ကြီးက အသက်ရှင်အောင် နေထိုင်တဲ့အချက်မှာ ကျွမ်းကျင်ပါတယ်။ လိုက်လံဖမ်းဆီးရင်လည်း ရလဒ် ကောင်းချင်မှ ကောင်းမှာပါ။ ကံကောင်းတာက နာရက နတ်ဆိုးနယ်မြေကလွဲရင် ပြေးစရာ မရှိပါဘူး။ ဒီနေ့ ဒဏ်ရာ အပြင်းအထန် ရသွားလို့ နောက်ကျရင် သတ်ပစ်ဖို့ အခွင့်အရေး ရှိလာနိုင်ပါတယ်"
တင်းမာနေသော တစ်ဖက်လူ၏ မျက်နှာထားကြောင့် ထိုက်ယုသည် အကြောက်လွန်သွားကာ ကိုယ့်စကားကိုယ် ပြန်လျှောချလိုက်ရသည်။
"လုဖန်နဲ့ ယွမ်ရှောင် တိုက်ပွဲက ဘယ်လို အဖြေထွက်လဲ"
"ရလဒ်က ကောင်းမွန်ပါတယ်။ ခမည်းတော်က နားခိုရာလက်နက်ကို ထိန်းချုပ်လိုက်နိုင်ပြီဆိုတော့ နှစ်ထပ်ကွမ်း အောင်မြင်မှု ဖြစ်ပါလိမ့်မယ်"
ထိုက်ဝေက စစ်ပွဲနှင့် မသက်ဆိုင်သော အကြောင်းအရာကို ရုတ်တရက် မေးလိုက်သောအခါ ထိုက်ယုသည် ခပ်ပြုံးပြုံး အမူအရာဖြင့် လျှောက်တင်သည်။
"တော်ဝင်နန်းတော်က ငရဲတစ်ခုလို စုတ်ပြတ်သွားတာကို မင်းက ဘာတွေ ဝမ်းသာပြနေတာလဲ"
ထိုက်ဝေ၏ စူးရှသော အကြည့်ကြောင့် အိမ်ရှေ့စံသည် ခေါင်းအမြန်ငုံ့၍ သတင်းကို အမြန်တင်ပြခဲ့ရသည်။
"လုဖန်ကို ယွမ်ရှောင်က နှိမ်နင်းလိုက်ပါတယ်။ ကောင်းကင်စစ်တပ်နဲ့ လွတ်လပ်တဲ့ အင်မော်တယ်တွေက သူနဲ့ မင်းသမီးအတုဆီမှာ သစ္စာခံလိုက်ကြပါပြီ။ အခု သူတို့က ပုန်ကန်ဖို့ မိုးကြိုးဌာနမှာ စုရုံးနေပါတယ်"
သူ့အမြင်တွင် ဝမ်းသာစရာ သတင်းကောင်းဟု သတ်မှတ်ရခြင်းမှာ ယွမ်ရှောင်ရော ရှန်ရီပါ အားနည်းချက်များ ရှိနေသောကြောင့်ပင်။
"မယ်တော်ကြီးက အားနည်းသွားပြီး လုဖန်လည်း ပျောက်နေတယ်။ ထိုက်မင်းဆက်က ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ နောက်ထပ် ပြဿနာ ဖြစ်မလာနိုင်အောင် ယွမ်ရှောင်တို့ကို ချေမှုန်းလိုက်"
"အမိန့်တော်အတိုင်းပါ။ ကျွန်တော်တို့ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ မိုးကြိုးဌာနကို တိုက်ခိုက်ပါမယ်။ တစ်ချိန်တည်းမှာပဲ...."
ထိုက်ယုက ယွမ်ရှောင်နှင့် ရှန်ရီကို အောက်တန်းကျစွာ တိုက်ခိုက်ရန် အာပေါင်အာရင်းသန်သန် ပြောဆိုနေစဥ်မှာပင် အဖြူရောင် ဧကရာဇ်သည် ရုတ်တရက် လဲကျ၍ လက်ထဲမှာ တုတ်ကောက်လည်း လွတ်ကျသွားခဲ့သည်။ သူက သတိလစ်သွားပြီး ပိုမို အိုမင်းလာပုံရကာ ဆံပင်နှင့် မျက်လုံးများလည်း သဘာဝအတိုင်း ပြန်လည်ပြောင်းလဲလာ၏။
"ဟင်..."
ဤမြင်ကွင်းကြောင့် အားလုံး ဆွံ့အမင်သက်ကုန်သည်။
"အိမ်ရှေ့စံ၊ မိုးကြိုးဌာနကို စစ်ချီရဦးမှာလား"
"နတ်ဆေးတွေ ပြင်ဆင်လိုက်စမ်း။ ခမည်းတော် ပြန်လည်ကျန်းမာလာဖို့က အရာအားလုံးထက် ပိုအရေးကြီးတယ်"
ကြောက်တတ်သူ တစ်ယောက်ဖြစ်သော ထိုက်ယုသည် အဖြူရောင်ဧကရာဇ် သတိလစ်သွားသောအခါ မိုးကြိုးဌာနသို့ စစ်ချီရန်ပင် သတ္တိမရှိသောကြောင့် ဆင်ခြေပေးကာ အဖေဖြစ်သူကို ချက်ချင်း ပြေးပွေ့လိုက်လေသည်။
အပိုင်း ၇၀၆ - ကျားဖြူသုံးကောင်
ကောင်းကင်ရုံးတော်အထက်သို့ မိုးစက်မိုးပေါက်များ သည်းထန်စွာ ရွာသွန်းလာသောအခါ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သည့် နန်းတော်ရာ အပျက်အစီးများအကြား အညစ်အညမ်းတို့ မျောပါလျက်ရှိသည်။ လေထဲတွင် သေလွန်ဝိညာဥ်များ၏ မချိမဆံ့ အော်သံများ ပြည့်နှက်နေသဖြင့် ပတ်ဝန်းကျင်မှာ မျှော်လင့်ချက်မဲ့နေသော သုဿန်တစပြင်ပမာ အကျည်းတန်နေသည်။ မယ်တော်ကြီးသည် စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်သွားသောအခါ ကျန်ရစ်ခဲ့သော အလောင်းအစိတ်အပိုင်းများအကြား အလောင်းနတ်ဆိုးတစ်ကောင် ရောက်ရှိလာပြန်သည်။ ၎င်းက ကွဲပြားခြားနားပြီး ရေနက်ပိုင်းရှိ လူသေ အလောင်းတစ်ခုတည်း၏ နာကျည်းချက်များမှသာ မွေးဖွားလာခြင်း ဖြစ်ကာ ဉာဏ်ရည်မြင့်မားပြီး ကိုယ့်ကိုကိုယ် ဖုံးကွယ်နိုင်စွမ်း ပိုင်ဆိုင်ထား၏။ ယွမ်ရှောင်က မယ်တော်ကြီး မဝါးမျိုလိုက်နိုင်သော ဤစစ်တလင်းတွင် စိတ်တိုင်းကျ စားသောက်ရန် ပိုင်အာကို ခွင့်ပြုပေးလိုက်သည်။
"များလိုက်တာ"
မိုးရေများကြောင့် မျောပါလျက်ရှိသော အလောင်းများအကြားတွင် သူမက တီးတိုးရေရွတ်ပြီး အစပိုင်းတွင် ခက်ခဲသော်လည်း အချိန်ကြာလေလေ၊ စားသောက်ချင်စိတ် ကြီးမားလာလေလေ ဖြစ်ကာ တနင့်တပိုး ဝါးမျိုပစ်လိုက်သည်။ ပင်လယ်အနက်ပိုင်းမှ မွေးဖွားလာသော သူမသည် ရေစီးကြောင်းပမာ ဖုံးကွယ်၍ သွေးနှင့် အင်္ဂါအစိတ်အပိုင်းများအကြား အိပ်မက်ဆိုးတစ်ခုပင်။ မသေသေးဘဲ ဒဏ်ရာပြင်းထန်ကာ အသက်ငင်နေသူတိုင်း လူသား၊ နတ်ဆိုး၊ မိစ္ဆာ မည်သူဖြစ်ပါစေ ချက်ချင်း ဝါးမျိုကာ အဆုံးသတ်ခံခဲ့ရသည်။ ခန္ဓာကိုယ်ကြီးမားလာသော်လည်း စိတ်ဆန္ဒ ပျက်ပြားထိခိုက်သွားခြင်း မရှိဘဲ ထူးခြားဆန်းကြယ်စွာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်ရာ ဤမျှအစွမ်းထက်သော အလောင်းနတ်ဆိုးမျိုး သမိုင်းကြောင်းတွင် မရှိဖူးပေ။ အခြားအလောင်းနတ်ဆိုးများက နာကျည်းချက်များ ဝါးမျိုမိသောကြောင့် ရူးသွပ်သွားတတ်သော်လည်း သူမမှာမူ ကြည်လင်သန့်ရှင်းသော သမုဒ္ဒရာ ရေပြင်ကဲ့သို့ တောက်ပနေသည်။
"သခင်က မရပ်ခိုင်းမချင်း ငါ ဆက်လုပ်ရမယ်"
ပိုင်အာက ဆုံးဖြတ်လိုက်ပြီး စစ်ပွဲအကြွင်းအကျန်များအကြား ရောနှောလျက် မယ်တော်ကြီး၏ အစိတ်အပိုင်းများပင် ချမ်းသာမပေးဘဲ ဝါးမျိုပြီးနောက် သေဆုံးသွားသော ကျင့်ကြံသူတိုင်းကို လှည်းကျင်းပစ်နေသည်။ အစွမ်းထက် နတ်ဆိုးနှင့် မိစ္ဆာများက ထွက်ပြေးနိုင်ခဲ့ပြီး ကြယ်တပ်မတော်သည် အနောက်မှ လိုက်လံတိုက်ခိုက်နေကာ ကောင်းကင်အရာရှိများနှင့် ထိုက်မင်းဆက် တော်ဝင်မျိုးနွယ်များမှာမူ အင်ပါယာ နန်းဆောင်အတွင်း စုဝေးနေကြ၏။ ကောင်းကင်ရုံးတော် အနိုင်တိုက်ခဲ့သော တိုက်ပွဲသည် ပိုမိုကြောက်စရာကောင်းသော ရန်သူအသစ်တစ်ယောက် မွေးဖွားပေးလိုက်ကြောင်းကိုမူ အိပ်မက်ပင် မမက်ဖူးလောက်ချေ။
"ထိုက်ဝေ"
ယွမ်ရှောင်သည် ထိုက်ဝေ အင်ပါယာနန်းဆောင် အပြင်ရှိ ထောင့်တစ်နေရာတွင် ရပ်နေရင်း အေးစက်စက် မျက်ဝန်းများဖြင့် စောင့်ကြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်သည် ကိုယ်တွင်းမှ အသားလုံးတစ်ခု ဆွဲထုတ်လိုက်သောအခါ မြေပြင်ပေါ် ကျသွားသည်နှင့် တပြိုင်နက် လနတ်သား ဖြစ်သွားသည်။ မြေခွေးနတ်ဆိုးကိုယ်ပွားက ခြေလက်များ အညောင်းဆန့်ထုတ်လိုက်သောအခါ ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီးနောက် မယ်တော်ကြီးကို နောက်ယောင်ခံလိုက်ရန် ချက်ချင်း ထွက်ခွာသွား၏။ မူလကိုယ်နှင့် ကိုယ်ပွားက စိတ်ချင်းဆက်သွယ်နိုင်သောကြောင့် စကားရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုတော့ပေ။ မိုးကြိုးဌာန နှိမ်နင်းခံရမည့် အရေး ရှိနေသည့်တိုင်အောင် သူက လနတ်သားကို မယ်တော်ကြီးနောက် လိုက်ရန် အမိန့်ပေးလိုက်ခြင်းမှာ အရေးကြီးကိစ္စတစ်ခု ရှိသောကြောင့် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးနတ်ဆိုးခန္ဓာ မရှိလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ လျော့ကျသွားကြောင့်ပင်။
"မယ်တော်ကြီးရဲ့ လက်ကို အငှားသုံးပြီး ထိုက်မင်းဆက်ကို ဖြုတ်ချပစ်ဖို့ နီးစပ်နေပြီ။ ဒါပေမယ့် ထိုက်ဝေက နားခိုရာလက်နက်ကို သုံးနိုင်တဲ့အထိ ဖြစ်သွားမယ်လို့ မထင်ထားဘူး"
ဤဖြစ်စဥ်က သူ မျှော်လင့်ထားသည့် အတိုင်းအတာထက် ကျော်လွန်နေသည်။ ကံကောင်းသည်မှာ တော်ဝင်နန်းတော် တိုက်ပွဲကြောင့် နာရကနှင့် ထိုက်မင်းဆက်၏ စစ်အင်အား ခုနစ်ဆယ် ရာခိုင်နှုန်း ကျော်သည်အထိ ပျက်စီးဆုံးရှုံး၍ ကြီးမားသော ထိုးနှက်ချက်ပင်။ မယ်တော်ကြီး နှစ်ပိုင်း ပြတ်သွားသည်အထိ တိုက်ခိုက်ပစ်လိုက်နိုင်သော အဖြူရောင်ဧကရာဇ်၏ လက်ရှိအခြေအနေကိုလည်း သူ သိချင်နေသည်။ လူချင်း တိုက်ခိုက်လျှင် မကြောက်သော်လည်း ခန့်မှန်းချက်များထက် ကျော်လွန်လျက်ရှိသော နားခိုရာလက်နက်ကမူ စိုးရိမ်စရာကောင်းလှ၏။ အကယ်၍ ၎င်းသာ မရှိလျှင် အဖြူရောင်ဧကရာဇ်နှင့် မယ်တော်ကြီး၏ တိုက်ပွဲတွင် နှစ်ဖက်လုံး အထိနာစေရန် သူ ဝင်ရောက်စွက်ဖက်ခဲ့ပေလိမ့်မည်။
လက်ရှိအနေအထားအရ အဖြူရောင် ဧကရာဇ် ပြန်လည် သက်သာသွားလျှင် အနာဂတ် အန္တရာယ်ကို ချက်ချင်း အမြစ်ဖြတ်ရန် မိုးကြိုးဌာနသို့ တန်းတန်းမတ်မတ် လာရောက်ပေလိမ့်မည်။ လက်ရှိတွင် မရေရာ မသေချာသော အဖြစ်အပျက်များ ဖြစ်ပေါ်လာနေပြီး ထိုက်ဝေ အင်ပါယာနန်းဆောင် အပြင်ဘက်၌ အနီရောင် ဒိုင်းသဏ္ဍာန် အတားအဆီး ရုတ်တရက် ဖြစ်တည်လာသည်။ ၎င်းက သတ္တဝါတစ်ကောင်၏ နှလုံးသားကဲ့သို့ တဒုတ်ဒုတ် ခုန်ပြီး အလင်းတန်းများ တဖြတ်ဖြတ် လက်နေသည်။
"ဒါက ဘာလဲ"
ချိုသာကြည်လင်သော မိန်းကလေးအသံတစ်ခုသည် ယွမ်ရှောင်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ ပခုံးတစ်ဖက်စီနှင့် ရင်ခွင်ထဲတွင် အဖြူရောင် ကျားပေါက်လေးတစ်ကောင်စီ ရှိနေသော ရှန်ရီ ဖြစ်နေ၏။ ၎င်းတို့မှာ သေးငယ်လွန်းသဖြင့် ကြောင်ပေါက်လေးများနှင့် ဆင်တူသော်လည်း ကပ်ဘေးကြယ်လက်နက်နှင့် ရှေးဟောင်းမျှော်စင် ဖြစ်နိုင်ချေများသည်။ ချန်ရီ ပိုင်ဆိုင်သော ရတနာဖြစ်သည့် ရှေးခေါင်းလောင်းကြီးမှာမူ သူ့ထံတွင် ရှိနေသည်။
"ဒါက ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်လောက်တယ်။ အစွမ်းသတ္တိကို ကြည့်ရတာတော့ ကောင်းကင်ရုံးတော် ပိုင်ဆိုင်တာ မဖြစ်နိုင်ဘူး။ နားခိုရာလက်နက်နဲ့ ပတ်သက်နိုင်ချေ ပိုများတယ်"
"သူတို့က မယ်တော်ကြီးကို လိုက်မဖမ်းဘဲ နန်းဆောင်ထဲမှာ ပုန်းအောင်းပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြတယ်။ ဒီလောက်ဆိုရင် ထိုက်ဝေ အခြေအနေ မကောင်းလောက်ဘူး။ ဒါက ငါတို့ လှုပ်ရှားဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလား"
ရှန်ရီက အမြင်စူးရှ၍ ထိုအချက်ကို ချက်ချင်း ထောက်ပြလိုက်နိုင်သည်။
"ဖြစ်နိုင်ချေသက်သက်ပဲ ရှိသေးတယ်။ ထိုက်ဝေ ဘယ်လောက်အထိ တိုက်ခိုက်နိုင်တယ်ဆိုတာ အတိအကျ မသိရသေးဘူး"
ယွမ်ရှောင်က တစ်ချက်စဥ်းစား၍ ခေါင်းယမ်းကာ ကန့်ကွက်သည်။
"နင် မလှုပ်ရှားရဲရင် ငါ လုပ်မယ်"
"သဘောအတိုင်းပါဗျာ"
တစ်ဖက်လူက စိတ်ပိုင်းဖြတ်ထားပုံ ရသောကြောင့် ယွမ်ရှောင်အနေဖြင့် သူမ၏ ဆုံးဖြတ်ချက်ကို မတားဆီးလိုပေ။ စကားဆုံးသည်နှင့် တပြိုင်နက် ရှန်ရီသည် နေရာမှ ချက်ချင်း ပျောက်ကွယ်၍ အင်ပါယာ နန်းဆောင် အထက်တွင် ပေါ်လာသောကြောင့် အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ သူမက သံကြိုးရှည် တပ်ဆင်ထားသော ကပ်ဘေးကြယ်လက်နက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်း၍ အနီရောင် အတားအဆီးထံ ရိုက်ချပစ်လိုက်သည်။
"ဝုန်း ဝုန်း ဝုန်း"
နားကွဲမတတ် ကျယ်လောင်သော အသံများဖြင့် နှစ်ကြိမ် ရိုက်ခတ်ပြီးနောက် ကပ်ဘေးကြယ်နှစ်လုံးသည် အထက်သို့ ခပ်မြင့်မြင့် ကန်ထွက်သွားသကဲ့သို့ အတားအဆီးမှာလည်း ပြင်းထန်စွာ တုန်ခါလျက်ရှိသည်။ သို့ရာတွင် ၎င်းက ပျက်စီးသွားရမည့်အစား ပို၍ ထူထပ်လာကာ အင်ပါယာနန်းဆောင်တစ်ခုလုံးကို မှန်လုံအိမ်ပမာ အုပ်မိုး၍ ကာကွယ်ပေးထားသည်။ ရှန်ရီသည် အံကြိတ်၍ ပြင်းထန်စွာ တရစပ် တိုက်ခိုက်ခဲ့သော်လည်း အရာမထင်ဘဲ တိုက်ကွက်တိုင်းက အတားအဆီးကို ပို၍ မာကျောလာအောင် လုပ်ဆောင်ပေးနေသကဲ့သို့ ဖြစ်၏။
"ငါ အစွမ်းကုန် တိုက်ခိုက်ခဲ့တာတောင် ဘယ်သူမှ ထွက်မလာရဲဘူး။ ကြည့်ရတာ ထိုက်ဝေ အပြင်းအထန် ဒဏ်ရာရထားတာ နေမယ်"
နောက်ဆုံးတွင် သူမက စိတ်ပျက်လက်ပျက်ဖြင့် ယွမ်ရှောင်အနားသို့ ပြန်လည် ဆုတ်ခွာလာခဲ့သည်။
"ဟုတ်လောက်တယ်"
သူက ထိုအချက်ကို မငြင်းဟန်ဖြင့် ခေါင်းညိတ် ထောက်ခံသည်။
"နင်က ဘာလို့ မစမ်းသပ်ကြည့်တာလဲ"
"မင်းက ငါ့ထက် ပိုပြီးအစွမ်းထက်တယ်။ မင်းတောင် အတားအဆီးကို မဖျက်ဆီးနိုင်ရင် ငါက ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
"ဒါဆို ဘာလုပ်ကြမလဲ။ သူ ပြန်ကောင်းလာရင် ပြဿနာ ပိုကြီးလာလိမ့်မယ်"
"လောနေလို့ ဘာမှမထူးဘူး။ စိတ်အေးအေးထားပြီး အစီအစဥ်တစ်ခု တိုင်ပင်ရအောင်"
ယွမ်ရှောင်က ဒေါသထွက်လွယ်သော မိန်းကလေးကို စိတ်ရှည်ရှည်ထားတတ်ရန် ဖြောင်းဖြနေသည်။ သို့ရာတွင် သူ ပို၍ တည်ငြိမ်လေလေ၊ ရှန်ရီမှာ စိတ်တိုလေလေ ဖြစ်ပြီး ဝတ်ရုံစကို ဆွဲကိုင်လာခဲ့၏။
"သူတို့မှာ ဘာအကန့်အသတ်မှ မရှိဘူး။ အခု လုဖန်နဲ့ မယ်တော်ကြီးက သူတို့ကို မခြိမ်းခြောက်နိုင်တော့ဘူး။ ငါတို့ကို ပစ်မှတ်ထားပြီး ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလာမှာ သေချာတယ်။ တစ်ခုတည်းသော အခွင့်အရေးက ဒီအချိန်မှာ သူတို့ကို အသေသတ်ဖို့ပဲ။ မဟုတ်ရင် မဟာတာအိုနယ်မြေရော သေမျိုးကမ္ဘာတွေရော ကြေကွဲစရာတွေ နောက်ထပ် ဖြစ်လာလိမ့်မယ်"
"ငါ သိပါတယ်။ ဒါပေမယ့် ဒေါသထွက်နေလို့ ပြဿနာကို မဖြေရှင်းနိုင်ဘူး"
ယွမ်ရှောင်က သူမ၏ လက်ကို ညှင်သာစွာ ဆုပ်ကိုင်ပြီး ဆက်ရှင်းပြသည်။
"ငါတို့က ဒီအတားအဆီးကို မထိုးဖောက်နိုင်မှတော့ နောက်ဆုံးတိုက်ပွဲ မရောက်ခင် ကိုယ့်ကိုကိုယ် ပိုပြီး အစွမ်းထက်လာအောင် လုပ်ရမယ်"
ပိုင်အာကို စစ်မြေပြင်တွင် စိတ်တိုင်းကျ စားသောက်ခွင့်ပေးလိုက်ခြင်း ဖြစ်စေ၊ လနတ်သားကို နတ်ဆိုးနယ်မြေသို့ စေလွှတ်လိုက်ခြင်း ဖြစ်စေ၊ ဤအကြောင်းပြချက်အတွက် ဖြစ်ပေသည်။
"ရင်းနှီးသလို ဟန်ဆောင်နေတာ ရပ်လိုက်စမ်း။ ငါနဲ့ နင်က သူစိမ်းတွေပဲ"
နှလုံးသားကို တစ်ဖက်လူက ဓားဖြင့် ထိုးဖူးကြောင်း အမှတ်ရလိုက်သောအခါ ရှန်ရီသည် ခေါင်းကို ပြင်းပြင်းထန်ထန် ယမ်းခါ၍ ယွမ်ရှောင်၏ လက်ကို ခက်ထန်စွာ ပုတ်ချပစ်လိုက်သည်။ မျက်ဝန်းများတွင် ခံစားချက်များ တောက်လောင်နေပြီး ချန်ရီကဲ့သို့ ရာဇပလ္လင်အထက်မှ ဧကရီတစ်ပါး၏ အကြည့်မျိုးကိုပင် သူ အမှတ်ရသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုတည်း စရိုက်သုံးမျိုး ပြောင်းလဲနေခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ဖြစ်၏။
"မင်း အဆင်ပြေရဲ့လား"
"အကုန်လုံး ရှင့်ကြောင့်ပဲ မဟုတ်လား"
ယွမ်ရှောင်က စိုးရိမ်တကြီး မေးလိုက်သောအခါ သူမသည် စိတ်ပျော့သွားဟန်ဖြင့် မျက်ရည်များ ကျဆင်းလာသည်။
"တောင်းပန်ပါတယ်ကွာ။ မငိုနဲ့နော်"
"လူယုတ်မာ၊ ငါ့ကို လာမထိနဲ့"
သူမသည် နှစ်သိမ့်ရန် ကမ်းပေးလာသော လက်များကို အားပြင်းပြင်း ရိုက်ထုတ်လိုက်သဖြင့် ကျိုးမတတ် နာကျင်သွားစေ၏။
"ထိုက်မင်းဆက်က သေမျိုးကမ္ဘာတွေကို ဓားစာခံ မလုပ်နိုင်အောင် စောင့်ကြည့်ထား"
သူမက မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်၍ အကျိုးအကြောင်းဆီလျော်စွာ ပြောလိုက်သဖြင့် စိတ်ထား နူးညံ့သော လန်ရီ မဟုတ်ဘဲ ချန်ရီ၏ စရိုက် နောက်တစ်ဖန် ပြန်ပေါ်လာပုံရသည်။
"သေမျိုးကမ္ဘာတွေနဲ့ ပတ်သက်ရင် ကူညီပေးနိုင်တဲ့ ဖြစ်တည်မှုတစ်ခုကို ငါ သိတယ်"
"ဘယ်သူလဲ"
ယွမ်ရှောင်၏ စကားကြောင့် သူမ စိတ်အားထက်သန်စွာ မေးလိုက်သော အခိုက်မှာပင် ခါးကိုင်းကိုင်းနှင့် ပိန်လှီသော အဘိုးအိုတစ်ယောက် ရုတ်တရက် ရောက်ရှိလာလေသည်။