← Chapters

အခန်း (၇၀၇-၇၀၈)

Vol. 53 Ch. 707-708

အခန်း (၇၀၇-၇၀၈)

Vol. 53 Ch. 707-708

အပိုင်း ၇၀၇ - မြေခွေးနတ်ဆိုးနှင့် မယ်တော်ကြီး

အဘိုးအို၏ မျက်နှာသွင်ပြင်က ထူးဆန်းလှပြီး နှာခေါင်း၊ ပါးစပ်၊ နားရွက် စသဖြင့် မရှိဘဲ အနီရောင်ရင့်ရင့် မျက်လုံးတစ်လုံးတည်းသာ ရှိကာ ခမောက်ကြီးဖြင့် ဖုံးကွယ်ထားသည်။

"မိစ္ဆာချောက်နက်ရဲ့ အုပ်ချုပ်သူ မိစ္ဆာမျက်လုံးနဲ့ တွေ့လိုက်ပါဦး"

"ဟွန့် သူက ဘာလုပ်နိုင်မှာလဲ"

"ဒီအချိန်မှာ ငါတို့ဘက်က ရပ်တည်ရဲတယ်ဆိုမှတော့ သတ္တိရှိပြီး အသုံးဝင်မှာပါ"

ယွမ်ရှောင်က အဘိုးအိုကို မိတ်ဆက်ပေးလိုက်သောအခါ ချန်ရီနှင့် လန်ရီဟူသော အကျင့်စရိုက်နှစ်မျိုးထံမှ စကားများ ထွက်ပေါ်လာသဖြင့် စရိုက်အချင်းချင်း တိုက်ပွဲဖြစ်နေသကဲ့သို့ပင်။

"မင်း ပြောထားတာတွေ သူ့ကိုလည်း ပြောပြလိုက်ဦး"

သူမ၏ အတွင်းစိတ်ထဲတွင် စရိုက်သုံးမျိုး ရန်ဖြစ်နေစဥ် ယွမ်ရှောင်က မိစ္ဆာမျက်လုံးကို တီးတိုးပြောလိုက်သည်။

"သတ္တမမင်းသမီးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်မှာ ရှိသမျှအရာရာက ဒီမျက်လုံးတစ်လုံးတည်းပါ။ ဒါက နက်နက်ရှိုင်းရှိုင်း မြင်နိုင်ပြီး အဝေးကြီးအထိ သာမန်လူတွေ ​မမြင်နိုင်တာကိုလည်း ကြည့်နိုင်ပါတယ်"

မိစ္ဆာမျက်လုံးက စိတ်ရင်းမှန်ဖြင့် အနည်းငယ် ဦးညွှတ်ကာ မျက်လုံးကို လက်ညှိုးထိုးပြ၍ ရှင်းပြခဲ့သည်။

"သူမရဲ့ ဖြစ်တည်မှု အစစ်အမှန်ကိုရော မြင်ရလား"

ယွမ်ရှောင်က ကြားဖြတ်၍ စပ်စုလိုက်သောအခါ အဘိုးအိုသည် ပြောရခက်ဟန်ဖြင့် လက်သုံးချောင်းသာ ထောင်ပြလိုက်သည်။

"အဘိုးက သေမျိုးလောကအထိ မြင်နိုင်တာလား"

သူမက ထိုမြင်ကွင်းကို စိတ်မဝင်စားဘဲ အဓိကအချက်ကိုသာ မေးလိုက်သောအခါ မိစ္ဆာမျက်လုံးသည် ချက်ချင်း ခေါင်းညိတ်ပြသည်။

"ထိုက်မင်းဆက်ကကောင်တွေ ဘယ်သေမျိုးကမ္ဘာတွေ ရောက်နေတယ်ဆိုတာအထိ သိပါတယ်"

"အရမ်းမိုက်လွန်းတယ်။ အဘိုးရဲ့ မျက်လုံးက ဘာနဲ့ လုပ်ထားတာလဲ"

ဖြူစင်၍ နှိမ့်ချတတ်သော လန်ရီ၏ စရိုက်က ပေါ်လာပြန်သည်။

"မပြောပလောက်ပါဘူး"

အဘိုးအိုက တစ်ချက်ပြုံးလိုက်မိပြီး ရှေ့မှောက်ရှိ မိန်းကလေး၏ လျင်မြန်စွာ ပြောင်းလဲနေသော စရိုက်သုံးမျိုးမှာ စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိလိုက်သောကြောင့် ဖြစ်မည်။

"မိစ္ဆာမျက်လုံး၊ ကျုပ်တို့ ဆွေးနွေးထားတဲ့အတိုင်း တာဝန်တစ်ခုပေးမယ်။ မင်းလူတွေနဲ့ သေမျိုးကမ္ဘာထဲက ထိုက်မင်းဆက် လက်ပါးစေတွေကို အမြန်ဆုံး ရှင်းပစ်ပေးပါ။ ခေါင်းတွေကိုတော့ ကျုပ် လိုချင်တယ်။ ဒီတာဝန်အောင်မြင်ရင် မင်းတို့မျိုးနွယ် ဘေးကင်းဖို့ အာမခံတယ်"

"ငါ အာမခံတယ်။ ဒီတာဝန် အောင်မြင်စေရမယ်"

ယွမ်ရှောင်က လေးလေးနက်နက် တောင်းဆိုလိုက်သောအခါ တစ်ဖက်လူသည်လည်း မငြင်းဆန်ခဲ့ပေ။

"သတိထားနော်။ သေမျိုးတွေ မထိခိုက်စေနဲ့"

"အမိန့်တော်အတိုင်းပါ"

သတ္တမမင်းသမီးက သတိပေးလိုက်သောအခါ အဘိုးအိုသည် ခေါင်းညိတ်ပြ၍ မြူခိုးများအတွင်း ဝင်ရောက်သွားကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

"နင်က သူ့ကို ဘာလို့ ယုံကြည်နေတာလဲ။ မိစ္ဆာမျိုးနွယ်ကလည်း ရန်သူ မဟုတ်ဘူးလား"

သူမက ယွမ်ရှောင်ဘက်လှည့်၍ မေးခွန်းထုတ်သည်။

"ဘာကြောင့်လဲဆိုတော့ သူက ငါ့ကို မြင်မြင်ချင်း ကြောက်ရမယ်ဆိုတာ သိလို့လေ"

"အခုအချိန်ထိ ယုံကြည်မှုကတော့ အပြည့်ပဲ"

"မင်းရော အိမ်ကို မလွမ်းဘူးလား"

သူက တစ်ဖက်လူ ဝမ်းနည်းသွားပုံရသော အခွင့်အရေးကို အလွတ်မခံဘဲ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ သို့သော် ခဏအတွင်းမှာပင် သူမက လက်ကို ခါချပြီး အေးစက်စက်လေသံဖြင့် မေးခွန်းထုတ်နေပြန်၏။

"ငါ ခဏလောက် အိပ်ပျော်သွားတုန်း နင့်မှာ မိန်းမ ဘယ်နှယောက်တောင် ထပ်ရနေတာလဲ"

"တကယ် ဘယ်သူမှ မရှိပါဘူး။ မင်း အထင်လွဲနေတာပါ"

"ဒီခန္ဓာကိုယ် ပိုင်ရှင်ကရော ဘယ်သူလဲ။ နင်နဲ့ မပတ်သက်ဘူးလို့တော့ မငြင်းနဲ့နော်"

"မင်းတို့သုံးယောက်လုံးက တစ်ယောက်တည်း မဟုတ်ဘူးလား။ ဘာလို့ ခွဲခြားနေရတာလဲ"

"မဟုတ်ဘူး။ ငါတို့က မတူဘူး။ နင် နားလည်မှာလည်း မဟုတ်ပါဘူး"

သူမက ထိုမေးခွန်းကို ကြားသောအခါ ခေါင်းယမ်း၍ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"ယွမ်ရှောင်၊ ငါ့ကို ဓားနဲ့ထိုးဖို့အထိ ဘာကြောင့် ရက်စက်နိုင်ရတာလဲ"

​တစ်စက္ကန့်အကြာမှပင် သူမသည် မျက်ရည်ဝဲလာရင်း မေးခွန်းထုတ်လာသောအခါ ယွမ်ရှောင်အနေဖြင့် ဖြေရန် ခက်ခဲလွန်းနေသည်။

"သုံးကြိမ်မြောက်ကျရင် ငါ့ကို အနိုင်ယူပြီး သတ်ပစ်ဦးမှာ မဟုတ်လား။ ဒီဘဝမှာ နင်နဲ့ နောက်ထပ် မပတ်သက်တော့ဘူး"

"မလုပ်ပါနဲ့"

ယွမ်ရှောင်က လက်ကို ဆုပ်ကိုင်ရန် ထပ်မံ ကြိုးစားကြည့်သောအခါ ဒေါသတကြီး မောင်းထုတ်ခံလိုက်ရသည်။

"လူယုတ်မာ၊ ငါနဲ့ ဝေးဝေးနေစမ်း"

ထို့နောက် ပြတ်ပြတ်သားသား လှည့်ထွက်သွားသော မိန်းကလေး၏ ကျောပြင်ကို ကြည့်ရင်း ယွမ်ရှောင်၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုတို့ ကြီးစိုးလာကာ နာကျင်နေရသည်။ သူမ၏ အခြေအနေမှာ လက်ရှိတွင် ရှုပ်ထွေးနေပြီး ရှန်ရီသည် သူ့ကို တွေ့ပင်မတွေ့ဖူးသောကြောင့် လူယုတ်မာတစ်ယောက်အဖြစ် ထင်နေသည်။ လန်ရီကမူ ချစ်နေဆဲ ဖြစ်သော်လည်း ထိုလုပ်ရပ်ကို ခွင့်မလွှတ်နိုင် ဖြစ်ကာ ဒေါသထွက်လျက် ရှိ၏။ ချန်ရီ၏ စရိုက်က အရှုပ်ထွေးဆုံး ဖြစ်ပြီး အချစ်နှင့် နာကျည်းမှုတို့ ရောယှက်နေသည် မဟုတ်ပါလော။

"လောလောဆယ် ပြဿနာကို အရင်ရှင်းပြီးမှ သုံးယောက်လုံးကို ချော့ရမယ်"

ယွမ်ရှောင်၏ အကြည့်က အင်ပါယာနန်းဆောင်အထက်မှ အတားအဆီးထံ ရောက်သွားသည်။ သေမျိုးကမ္ဘာမှ လက်ပါးစေများကို ဖြေရှင်းပြီးလျှင် ထိုက်မင်းဆက်နှင့် တိုက်ရိုက် ရင်ဆိုင်ရပေလိမ့်မည်။

"ငါ အဆင့်တက်ဖို့ နည်းလမ်းရှာရမယ်"

စိတ်ကို ရှင်းလင်းစွာ ထားပြီးနောက် သူက မျက်နှာထား တည်ကြည်သွားကာ ကျင့်ကြံရန် ပြင်ဆင်လိုက်လေသည်။

နတ်ဆိုးနယ်မြေအတွင်း လနတ်သားက ဖြတ်သန်း ခရီးနှင်နေပြီး အရှေ့တွင် သွေးတစက်စက် စီးကျနေသော ဧရာမ ခန္ဓာကိုယ်ကြီး ပြေးလွှားနေသည်။ ဖြတ်သန်းသွားသော နေရာတိုင်းမှ နတ်ဆိုးများသည် မယ်တော်ကြီး၏ ဆာလောင်မှုအတွက် အဖြည့်ခံဖြစ်သွားရရှာသည်။ သူမက ဗိုက်ပေါက်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်ပြီး စားသောက်လိုက်သမျှ ထွက်ကျနေသော်လည်း ရူးရူးမိုက်မိုက် ဝါးမျိုနေ၏။

"အလောင်းနတ်ဆိုးမှာ တိကျတဲ့ ပုံသဏ္ဍာန် မရှိဘူး။ အခု ဒဏ်ရာက မပျောက်သေးဘူးဆိုတော့ နားခိုရာလက်နက်ကြောင့် တကယ် ထိခိုက်သွားတာ ဖြစ်ရမယ်"

လနတ်သားက တီးတိုးရေရွတ်လိုက်ပြီး ဤအချက်ကြောင့်သာ မဟုတ်လျှင် မယ်တော်ကြီး စားသောက်လိုက်သမျှ အလောင်းတိုင်း ပြန်၍ ထွက်ကျလာမည် မဟုတ်ပေ။ သာမန်အခြေအနေဆိုလျှင် အလောင်းနတ်ဆိုးများသည် နှစ်ပိုင်းပြတ်သွားသည့်တိုင်အောင် ပြန်လည် ပေါင်းစည်းနိုင်ကြသည်။ သူမ၏ ခန္ဓာကိုယ်အထက်တွင် ဒဏ်ရာကြီးကြီးမားမား ရထားပြီး အသားများကို အဆက်မပြတ် ထိခိုက်လောင်ကျွမ်းစေသဖြင့် အလွန်အမင်း နာကျင်နေပုံပေါ်သည်။ အကယ်၍ သူမသာ ဆက်လက် စားသောက်မနေခဲ့လျှင် ခန္ဓာကိုယ် ကျုံ့ဝင်သွားပြီး ဒဏ်ရာကြောင့် အသက်အန္တရာယ်ပင် ဖြစ်နိုင်လောက်၏။

"တော်တော်လေး ထိခိုက်နေပြီဆိုတော့ အခုအချိန်မှာ ငါ့ကို ဒုက္ခမပေးနိုင်တော့ဘူး"

ဤသို့ ကောက်ချက်ဆွဲပြီးနောက် လနတ်သားက တကယ့် ပန်းတိုင်ဖြစ်သော ပျက်စီးချီပင်လယ်သို့ ဦးတည်လိုက်သည်။ မယ်တော်ကြီးက သူ့ကို စားသောက်လိုက်သော အချိန်တွင် ထိုနေရာ၌ စွမ်းအင်အမြောက်အများ ကျန်ရစ်နေဆဲ ဖြစ်၍ စွမ်းအား မြင့်တက်လာရန် မျှော်လင့်ချက်ရှိသည်။ မယ်တော်ကြီးက လက်ရှိတွင် ဒဏ်ရာ အပြင်းအထန် ရထားသောအခါ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး ကောင်းကင်ရုံးတော်၌ ယွမ်ရှောင်နှင့် အတူ ရှိနေလျှင် နတ်ဆိုးကိုယ်ပွား အဆင့်တက်ရန် အခွင့်အလမ်း များများစားစား မရှိချေ။

လနတ်သားသည် အမြှီးခြောက်ချောင်း ငွေရောင်မြေခွေးအသွင်သို့ ပြောင်းလဲကာ လှစ်ခနဲ ပျံသန်းသွားပြီး ပျက်စီးချီပင်လယ်ထဲ ဝင်ရောက်လိုက်သည်။ ပတ်ပတ်လည်တွင် စွမ်းအင်များ အကန့်အသတ်မရှိ စီးဆင်းနေကြပြီး သူ့အတွက် လွတ်လပ်မှု အရသာ အပြည့်အဝ ခံစားမိခဲ့၏။ ပျက်စီးနတ်ဆိုးခန္ဓာသည် ယိုယွင်းနေသော ချီစွမ်းအားများကို အတိုင်းအဆ မရှိ စုပ်ယူနေပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။ သူက နောက်ထပ် ကပ်ဘေးမိုးကြိုးနှစ်ဆင့်ကို အလွယ်တကူ ကျော်ဖြတ်ကာ အခြေတည်အဆင့် ဝိညာဥ်ပြောင်းနယ်ပယ်သို့ ခဏအတွင်း တက်ရောက်နိုင်လိုက်၏။

"မြေခွေး"

ပိုင်ရှင် မရှိသော ပျက်စီးချီ ပင်လယ်တွင် လနတ်သားက စိတ်ကြိုက်ဝါးမျိုနေစဥ် ကြမ်းကြုတ်၍ ခက်ထန်သော ဟိန်းဟောက်သံတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာသည်။ သူက လူအသွင်ဖြင့် ရေမျက်နှာပြင်အထက်သို့ တက်လိုက်သောအခါ ဝမ်းဗိုက်တွင် ဒဏ်ရာကြောင့် ဟောင်းလောင်းပေါက် ဖြစ်နေသည့် မယ်တော်ကြီး ရောက်ရှိနေပြီ ဖြစ်သည်။

"ဒီဒဏ်ရာကို ငါ့ကိုယ်ထဲက ဖယ်ရှားပေးနိုင်မလား"

"မလုပ်နိုင်ဘူး"

မယ်တော်ကြီး၏ တောင်းဆိုချက်ကို သူက တစ်ချက်ကြည့်၍ တန်းငြင်းလိုက်သောကြောင့် ဒေါသတကြီး ဖြစ်သွားစေသည်။

"ဒါဆိုရင် မင်းက ငါ့အတွက် ဘာမှအသုံးမဝင်တော့ဘူး"

"မင်းလည်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

သူက စကားဆက်ပြောရန် စိတ်မပါဟန်ဖြင့် ပခုံးတစ်ချက်တွန့်ကာ ရေနက်ပိုင်းသို့ လှည့်ထွက်လိုက်၏။

"နေဦး၊ မင်းနဲ့ ဟိုလူသားက မိတ်ဆွေတွေမလား။ သူ့ရဲ့ အသက်တံဆိပ်က ကူညီနိုင်လောက်တယ်"

"သူက မင်းကို ဘာကြောင့် ကူညီရမှာလဲ"

မယ်တော်ကြီးက လမ်းပိတ်၍ အက်ကွဲကွဲ လေသံဖြင့် ပြောလာသောအခါ သူက ပြန်၍ မေးခွန်းထုတ်သည်။

"ငါက ထိုက်မင်းဆက်ကို ဖြုတ်ချဖို့ ကူညီပေးနိုင်တယ်"

"မင်းက ဒဏ်ရာပြန်ကောင်းသွားရင် အသက်တံဆိပ်ကို လုယူဖို့ ကြိုးစားမှာပဲ"

မယ်တော်ကြီးမှာ အသည်းအသန် တောင်းဆိုနေသော်လည်း လနတ်သားက ဖြတ်ပြောခဲ့၏။

"ငါ မလုပ်ပါဘူး။ လိမ္မာပြီး စကားနားထောင်ပါ့မယ်"

ပိုင်အာနှင့်ယှဥ်လျှင် ဤအ​လောင်းနတ်ဆိုး၏ စိတ်အခြေအနေမှာ ပရမ်းပတာ ဖြစ်နေပုံပေါ်ကာ မျက်ရည်များဖြင့် ခြေသလုံးဖက်မတတ် တောင်းပန်နေခဲ့သည်။

"ကောင်းပြီ။ စောင့်နေ။ ငါ့အလုပ်ပြီးရင် သူ့ဆီ ခေါ်သွားပေးမယ်"

"မြန်မြန်လုပ်ပါ။ ငါ သိပ်ပြီး တောင့်မခံနိုင်လောက်ဘူး"

"လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်လေး ထိုင်စောင့်နေစမ်း"

လနတ်သားက တစ်ချက်ဟောက်၍ ပျက်စီးချီပင်လယ် ရေနက်ပိုင်းသို့ ငုပ်လျှိုးဝင်ရောက်သွားသည်။ ထို့ကြောင့် တုန်လှုပ်ခြောက်ခြား၍ ရူးသွပ်နေပြီဖြစ်သော မယ်တော်ကြီးမှာ စိုးရိမ်တကြီး စောင့်နေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

အပိုင်း ၇၀၈ - အသက်နှင့် မရဏ ဝိညာဥ်တံခါး

ယွမ်ရှောင်၏ ကျင့်စဥ် လမ်းကြောင်းက တမူထူးခြားပြီး ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်၊ ပျက်စီးနတ်ဆိုးခန္ဓာကိုယ်နှင့် ကပ်ဘေးမိစ္ဆာသွေးတို့ကို ခန္ဓာကိုယ်သုံးခု ခွဲ၍ တပြိုင်နက် ကျင့်ကြံကာ တစ်ခုချင်းစီသည် အရေးကြီးသော အချိုးအကွေ့သို့ ရောက်နေပြီဖြစ်သည်။

"မူလကိုယ်က မိုးကြိုးငါးပါး ကပ်ဘေးကို စောင့်နေရတုန်းဆိုပေမယ့် ကပ်ဘေးမိစ္ဆာသွေးနဲ့ ပျက်စီးနတ်ဆိုး ခန္ဓာကိုယ်က ကျော်ဖြတ်ပြီးပြီ။ ရှေ့ဆက်ရတော့မယ်"

လက်ရှိအချိန်အထိ ယွမ်ရှောင်သည် တတိယမြောက် တာအို ဘေးဒုက္ခရှိ နယ်ပယ်ကြီးများကို ကျော်လွှားပြီး ဖြစ်၏။ ထိုအဆင့်များ အလွန်တွင် နယ်ပယ်ကြီးနှစ်ခု ကျန်ရစ်ပြီး ကောင်းကင်ရုံးတော်၏ ထိပ်တန်း ပုဂ္ဂိုလ်များ ရောက်ရှိနေသော အဆင့်ပင်။ ရှေ့ဆက် ပိုမို စွမ်းအားကြီးမားသော ရန်သူများကို ရင်ဆိုင်နိုင်ရန် သူက ဝိညာဥ်ပြောင်းနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်နေသည်။ သူ၏ ကပ်ဘေးက ယခုတိုင် ကျဆင်းမလာသေးသောကြောင့် သွေးကျွန်နှင့် နတ်ဆိုးကိုယ်ပွားကို အကန့်အသတ်အထိ တွန်းတင်ရန် အာရုံစိုက်ထားလိုက်သည်။

"ကပ်ဘေး မိုးကြိုးငါးခုကို ကျော်ဖြတ်ပြီးရင် တံခါးနှစ်ချပ် ပေါ်လာမည်။ အသက်နဲ့ မရဏကို ကျော်ဖြတ်ပြီးရင် စကြဝဠာထဲမှာ လှည့်ပတ်သွားနိုင်ပေမည်"

ဤဆိုရိုးသည် ဝိညာဥ်ပြောင်းနယ်ပယ်အကြောင်း ဖော်ပြထားပြီး အသက်နှင့် မရဏ ဝိညာဥ်တံခါးဟူ၍ ရှိသည်။ စကြဝဠာဆိုသည်မှာ မည်သည်ကို ရည်ညွှန်းကြောင်း ယွမ်ရှောင် အတိအကျ မသိသေးဘဲ မဟာတာအိုနယ်မြေတွင် မည်သူမျှ မရောက်ဖူးသောကြောင့် ဖြစ်သည်။ သို့သော် မူလ ဝိညာဥ်က ကပ်ဘေးမိုးကြိုး ငါးကြိမ် ကျော်ဖြတ်၍ ပြည့်စုံသွားလျှင် ထိုတံခါးနှစ်ချပ်အား မြင်တွေ့နိုင်မည်ဟု အဓိပ္ပါယ်ကိုတော့ သူ နားလည်သည်။ မရဏတံခါးက ဦးစွာ ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းကို ကျော်ဖြတ်နိုင်မှသာ အသက်တံခါးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

မရဏတံခါးကို ကျော်ဖြတ်ပြီးသော အဆင့်ကို မရဏတံခါးနယ်ပယ်ဟု မူလက ခေါ်ဆိုခဲ့သော်လည်း နိမိတ်မကောင်းသဖြင့် ရှေးဟောင်းဘိုးဘေးများသည် လောကတွင် အမှောင်ကျခြင်းအား ကိုယ်စားပြုသော ညနတ်ဘုရားနယ်ပယ်ဟူ၍ အမည်ပြောင်းလဲခဲ့သည်။ မရဏတံခါးနယ်ပယ် ဖြစ်စေ၊ ညနတ်ဘုရားနယ်ပယ်ဖြစ်စေ အခေါ်အဝေါ် သက်သက်သာ ဖြစ်ကာ မိုးကြိုးဧကရာဇ်၊ မြောက်ပိုင်းကြယ် ဓားနတ်ဆိုး၊ ဖုန်းလိုင် စသူတို့ ရောက်ရှိနေသော ကျင့်ကြံဆင့် ဖြစ်၏။ လက်ရှိတွင် ယွမ်ရှောင်သည် သွေးကျွန်နှင့် ကိုယ်ပွားကို ညနတ်ဘုရားနယ်ပယ်သို့ တွန်းတင်ရန် စဥ်းစားထားသည်။

"ဝိညာဥ်တံခါးတွေကို နားလည်နိုင်ဖို့ ကိုယ်တိုင် လေ့လာသုံးသပ်ရမယ်"

လနတ်သားနှင့် စစ်မင်းသမီးတို့သည် ကပ်ဘေးမိုးကြိုး ငါးကြိမ် ကျော်ဖြတ်ပြီးသောအခါ မူလဝိညာဥ် ပြည့်စုံသွားရန်သာ လိုအပ်သည်။ သဘောတရားအရ ကပ်ဘေးစွမ်းအားများကို တိကျသော ပမာဏတစ်ခုအထိ သန့်စင်ပြီး ဝိညာဥ်ပြောင်းနယ်ပယ်၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိရပေလိမ့်မည်။ မူလကိုယ်အတွင်း၌ ဝိညာဥ်နှစ်ခု ရှိနေပြီး ပထမဆုံး ကပ်ဘေးမိုးကြိုးပင် မကျော်ဖြတ်ရသေးသော အတွေးရတနာ မူလဝိညာဥ်သည် တွေဝေငေးငိုင်လျက် ရှိသည်။

စစ်မင်းသမီး၏ မူလဝိညာဥ်က ယွမ်ရှောင်နှင့် ပေါင်းဖက်ရာမှ မွေးဖွားလာသော ကလေးတစ်ယောက်ပမာ တူညီကာ မိုးကြိုးစွမ်းအင် ငါးမျိုးကို သန့်စင်ပြီးနောက် မျက်လုံးများ ပွင့်လာခဲ့သည်။ ၎င်း၏ မျက်ဝန်းများမှ တဆင့် ယွမ်ရှောင် မြင်လိုက်ရသည်မှာ သွေးနီရောင် ကောင်းကင်နှင့် အမည်းရောင် မြူခိုးများ ဖြစ်သည်။ သို့သော် မကြာမီ အချိန်မှာပင် ကောင်းကင်၌ မှောင်မိုက်သော ဝဲဂယက်တစ်ခု ဖြည်းဖြည်းချင်း ဖြစ်တည်လာ၍ ကြီးမားလှသော စက်ဝိုင်းသဏ္ဍာန် တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ မူလဝိညာဥ်မှ လွဲ၍ ယွမ်ရှောင်နှင့် စစ်မင်းသမီး၏ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများသည်ပင် ဤရှေးဟောင်းတံခါးကြီးကို မမြင်နိုင်ချေ။ အလှဆင်ထားသော အရာများ မရှိဘဲ ရိုးရှင်းလှသော တံခါးကြီးက ငြိမ်သက်နေသော်လည်း ဖိအားများ ထုတ်လွှတ်နေသည်။

မရဏတံခါးသည် ညဥ့်နက်သန်းခေါင်ကဲ့သို့ မည်းမှောင်၍ ဤနယ်ပယ်ကို ညနတ်ဘုရားနယ်ပယ်ဟု လှလှပပ အမည်ပေးထားခြင်း ဖြစ်နိုင်သည်။ ထို့နောက် မိစ္ဆာ မူလဝိညာဥ်သည် သွေးနီရောင်သန်းနေသော ကောင်းကင်ရှိ တံခါးကြီးထံ ပျံသန်းသွားလိုက်၏။ တစ်ချိန်တည်းမှာပင် နတ်ဆိုးနယ်မြေရှိ လနတ်သား၏ နတ်ဆိုး မူလဝိညာဥ်သည်လည်း မရဏတံခါးကို မြင်နိုင်စွမ်း ရှိလာသည်။ ၎င်းအနားသို့ ရောက်သွားသောအခါ မူလဝိညာဥ်များကို ထိန်းချုပ်နေသည့် ယွမ်ရှောင်သည် အချိန်မြစ်ကို ဖြတ်သန်းလိုက်သကဲ့သို့ ခံစားမိပြီး အဝေးတစ်နေရာသို့ ရောက်ရှိသွားသယောင် ထင်ယောင်ထင်မှား ဖြစ်နေ၏။

"ဟင်"

မူလဝိညာဥ်များက တစ်ယောက်ကို တစ်ယောက် မြင်လိုက်ရသောကြောင့် အံ့သြတကြီး ရပ်တန့်ကာ မင်သက်သွားကြ၏။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ချင်း အလွန်ဝေးကွာသော်လည်း သူတို့က မရဏတံခါးရှေ့တွင် ဆုံမိနေသည်။

"ဝိညာဥ်ရဲ့ မြင်ကွင်းနဲ့ အစစ်အမှန် ကမ္ဘာက မတူညီနိုင်ဘူး။ တံခါးနှစ်ချပ် အလွန်မှာ ဝိညာဥ်သီးသန့် သွားလာနိုင်တဲ့ ကမ္ဘာတစ်ခု ရှိနေတာများလား"

ဤအတွေးကို ယွမ်ရှောင်ကိုယ်တိုင်ပင် အဖြေမထုတ်နိုင်ချေ။ ချက်ချင်း လုပ်ဆောင်ရမည့် တာဝန်သည် မရဏတံခါးကို ဖြတ်ကျော် ဝင်ရောက်ပြီး မူလဝိညာဥ်များ ပိုမိုသန်မာလာစေရန် ဖြစ်သည်။ ၎င်းကို ဖြတ်သန်းရန်အတွက် ရှေ့တည့်တည့်မှ ထိပ်တိုက်တိုးခြင်းသာလျှင် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ ဝိညာဥ်တစ်ခုက နတ်ဆိုးစွမ်းအားများ ကိန်းဝပ်ပြီး ကျန်တစ်ခုမှာ မိစ္ဆာသွေးများ စီးဆင်းကာ ငွေရောင်နှင့် သွေးနီရောင် အသီးသီး တောက်ပနေကြသည်။ မူလဝိညာဥ်များက မရဏတံခါးသို့ မိုးကြိုးပစ်လိုက်သော အရှိန်မျိုးဖြင့် ဝင်ဆောင့်လိုက်သောအခါ ဝုန်းခနဲ ပေါက်ကွဲ၍ မျှော်လင့်ထားသလောက် မခက်ဘဲ လွယ်ကူလွန်းနေသည်။

မူလဝိညာဥ်များက ပြိုင်တူ ကျော်ဖြတ်လိုက်ကြသော်လည်း မရဏတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် မတူညီသော ခံစားချက်တစ်ခုစီ ရလိုက်ကြ၏။ ၎င်းတို့က နယ်မြေအသစ်တစ်ခုထံ ပြုတ်ကျသွားကာ အစစ်အမှန်ကမ္ဘာ လုံးဝ ပျောက်ဆုံး၍ အမှောင်ထုနှင့် မြူခိုးများသာ ကြီးစိုးနေသည်။ မြူခိုးများအကြားတွင် ဝိညာဥ်ကိုပင် တိုက်စားနိုင်သော မရဏချီများ ပါဝင်သဖြင့် ၎င်းတို့သည် ကိုယ်ပိုင် စွမ်းအားများဖြင့် ကိုယ့်ကိုကိုယ် တည်ငြိမ်စေရန် ကာကွယ်ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

မရဏတံခါးအတွင်း ရှိနေသော မြူခိုးများက ဝိညာဥ်ကပ်ဘေးတစ်ခု ဖြစ်နိုင်ပြီး မူလဝိညာဥ်ကို တိုက်စားနိုင်သကဲ့သို့ ခံနိုင်ရည်ရှိလျှင် ပိုမို သန်မာလာစေနိုင်စွမ်း ရှိသည်။ ဆန့်ကျင်ဘက်အားဖြင့် မူလဝိညာဥ်တစ်ခုသည် မရဏချီများကို မခုခံနိုင်လျှင် ထိုကျင့်ကြံသူသည် အဆင့်တက်ရန်အတွက် မရဏတံခါးအတွင်း ဝင်ရောက်ရဲတော့မည် မဟုတ်ပေ။

"မရဏတံခါးအနောက်မှာ နယ်မြေတစ်ခု ရှိပေမယ့် သိပ်မကြီးဘူး။ ငါ့မူလဝိညာဥ်နှစ်ခုက အချင်းချင်း မြင်နိုင်ပေမယ့် တခြားကျင့်ကြံသူတွေ မရှိဘူးလား"

ယွမ်ရှောင်က အတွေးများနေစဥ် ဓားချက်တစ်ခုသည် မြူများ အကြားမှ ရုတ်တရက် ထွက်ပေါ်လာကာ မိစ္ဆာဝိညာဥ်ကို ပစ်မှတ်ထားနေသည်။ ၎င်းက ဝိညာဥ်ပိုင်းဆိုင်ရာ ဓားသိုင်းဖြစ်သော်လည်း မိစ္ဆာဝိညာဥ်သည် သွေးနဂါးတစ်ကောင် ဖန်တီး၍ ချက်ချင်း ခုခံလိုက်နိုင်၏။

"ဘယ်သူလဲကွ"

ယွမ်ရှောင်သည် အစစ်အမှန် ကမ္ဘာတွင် ရှိနေသော်လည်း မရဏတံခါးအတွင်း တိုက်ခိုက်ခြင်းနှင့် စကားပြောခြင်းတို့ လုပ်နိုင်သောကြောင့် သေပင်သေနိုင်ရာ ဤခံစားချက်မှာ ထူးခြားဆန်းကြယ်လှသည်။ ရန်သူများ ကိုယ်ထင်ပြလာသောအခါ ဓားချီများ လွှမ်းခြုံနေသည့် ဝတ်ရုံနက် ဝိညာဥ်တစ်ခုနှင့် နဂါးကျား စွမ်းအင်တို့ဖြင့် တောင့်တင်းခိုင်မာသော လူသားဝိညာဥ်တစ်ယောက် ဖြစ်နေ၏။

"မြောက်ပိုင်းကြယ် ဓားနတ်ဆိုး၊ နဂါးကျားအရှင်"

"မင်း ဘယ်သူလဲ"

ထိုဝိညာဥ်များက မိစ္ဆာဝိညာဥ်နှင့် ယွမ်ရှောင်ကို မဆက်စပ်မိသောကြောင့် လုံးဝ မမှတ်မိကြပေ။ ယွမ်ရှောင်က မေးခွန်းကို မဖြေဘဲ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ညနတ်ဘုရားနယ်ပယ် ကျင့်ကြံသူတိုင်းက ဤနယ်​မြေအတွင်း၌သာ ဝိညာဥ်များကို လေ့ကျင့်ပုံပေါ်၏။ အချင်းချင်းလည်း တိုက်ခိုက်နိုင်စွမ်း ရှိပြီး ဝိညာဥ်လမ်းစဥ် ကျင့်ကြံသူများဆိုလျှင် မရဏတံခါးအလွန်တွင် သိသိသာသာ အသာစီးရပေလိမ့်မည်။

နတ်ဆိုးဝိညာဉ်နှင့် မိစ္ဆာဝိညာဥ်သည် ရန်သူများနှင့် အသေအကြေ တိုက်ခိုက်နိုင်ပြီး မူလဝိညာဥ်ဖြစ်စေ၊ ရုပ်ခန္ဓာဖြစ်စေ သေဆုံးသွားနိုင်ချေ ရှိသည်။ လက်ရှိတွင် သူသေကိုယ်သေ တိုက်ခိုက်ရန် အချိန်မတန်သေးသည့်အပြင် ယွမ်ရှောင်၏ အစွမ်းအထက်ဆုံး ဝိညာဥ်သည် အတွေးရတနာကျင့်စဥ် ကျင့်ကြံထားသော မူလကိုယ်အတွင်းမှ မရဏတံခါးသို့ ရောက်မလာနိုင်သေးပေ။

"မင်းတို့က မဟာတာအိုနယ်မြေနဲ့ရော နာရကချောက်နက်နဲ့ရော မသက်ဆိုင်ဘူး။ မရဏတံခါးထဲကို ဘယ်လိုဝင်လာတာလဲ"

မြောက်ပိုင်းကြယ်ဓားနတ်ဆိုးက အေးစက်စက် လေသံဖြင့် ထပ်၍ မေးခွန်းထုတ်သည်။ မရဏတံခါးအလွန်တွင် သူက အချိန်ကြာကြာ လေ့ကျင့်ထားသောကြောင့် မူလဝိညာဥ်မှာလည်း ပိုမိုကြီးမားနေသဖြင့် တိုက်ရိုက် ရင်ဆိုင်လျှင် ယွမ်ရှောင်အတွက် အသာစီးရစရာ အကြောင်း မရှိပေ။

"ဒီအတိုင်း နောက်ဆုတ်လိုက်မယ်"

သူက မူလဝိညာဥ်များကို ခန္ဓာကိုယ်များထံ ပြန်လည်ဆင့်ခေါ်လိုက်သောအခါ အလျင်အမြန် ဖြစ်ပျက်သွား၏။ မိစ္ဆာနှင့် နတ်ဆိုး ဝိညာဥ်များသည် မရဏတံခါးအပြင်သို့ ချက်ချင်း လွင့်ထွက်သွားကာ သက်ဆိုင်ရာ ရုပ်ခန္ဓာများအတွင်း ဝင်ရောက်သွားခဲ့ကြသည်။ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးရော နဂါးကျားအရှင်ပါ ဝိညာဥ်များ အလွန်အစွမ်းထက်နေသဖြင့် လောလောဆယ် တိုက်ခိုက်သတ်ဖြတ်ရန် မဖြစ်နိုင်သောကြောင့်ပင်။

"ဒီမရဏတံခါးက မဟာတာအိုနယ်မြေ၊ နာရကချောက်နက်တို့နဲ့ သက်ဆိုင်တယ်လို့ သူတို့ ပြောလိုက်သလိုပဲ။ ဒါဆိုရင် တခြား မရဏတံခါးတွေရော ရှိနေသေးတာလား"

မရဏတံခါးအတွင်းမှ ထွက်မလာခင် မြူခိုးများ၏ အဆုံးတွင် စက်ဝိုင်းသဏ္ဍာန် အလင်းရောင်​ဖြူဖြူကို မြင်လိုက်ရသည်ဟု သူ အမှတ်ရသွားသည်။ ၎င်းက အသက်ဝိညာဥ်တံခါး ဖြစ်နိုင်ပြီး ဝိညာဥ်များသည် ညနတ်ဘုရားနယ်ပယ်ကို ကျော်ဖြတ်နိုင်သည်အထိ မရဏတံခါးအတွင်း ကျင့်ကြံခြင်း ဖြစ်နိုင်၏။ လုံလုံလောက်လောက် အစွမ်းထက်လျှင် အသက်တံခါးကို ဖောက်ထွက်ပြီး တတိယမြောက် တာအိုဘေးဒုက္ခတွင် အမြင့်ဆုံးဖြစ်သော အသက်နယ်ပယ်သို့ ဝင်ရောက်သွားကြပေလိမ့်မည်။ ထိုကျင့်ကြံဆင့်တွင် အခြားအမည်တစ်ခုလည်း ရှိပြီး အရုဏ်ဦး နတ်ဘုရားနယ်ပယ်ဟူ၍ စိတ်ကူးယဥ်ဆန်လွန်းလေသည်။

All Chapters