← Chapters

အခန်း (၇၀၉-၇၁၀)

Vol. 53 Ch. 709-710

အခန်း (၇၀၉-၇၁၀)

Vol. 53 Ch. 709-710

အပိုင်း ၇၀၉ - မိုးကြိုးငါးပါး ကပ်ဘေးကို ဆင့်ခေါ်ခြင်း

မဟာတာအိုနယ်မြေတွင် ထိုက်ဝေ၊ ထိုက်ယုနှင့် လုဖန် သုံးယောက်သာလျှင် အသက်တံခါးအတွင်း ဝင်ရောက်နိုင်ခဲ့သည်ဟု သတင်းများ ရှိသည်။ ယွမ်ရှောင်၏ ဝိညာဥ်နှစ်ခုမှာမူ မရဏတံခါးအတွင်းရှိ အဆင့်တစ် အရာရှိကြီးများကိုပင် မနိုင်သေးချေ။ လုဖန်ကျရှုံးသွားသည်မှာ အနက်ရောင်သားရဲလေး၏ ပိုင်နက်အတွင်း ဆွဲသွင်းနိုင်လိုက်သောကြောင့်သာ ဖြစ်သည်။ မယ်တော်ကြီးက စိတ်ပိုင်းဆိုင်ရာ အားနည်းသော အလောင်းနတ်ဆိုးတစ်ကောင်သာ ဖြစ်၍ မိစ္ဆာမျက်လုံးသည် လျှို့ဝှက်ဆန်းကြယ်သော်လည်း မျက်လုံးတစ်လုံးတည်းသာ ရှိသဖြင့် အဆင့်တူမည် မဟုတ်ပေ။

"လောလောဆယ်တော့ သွေးကျွန်နဲ့ နတ်ဆိုးကိုယ်ပွားက မရဏတံခါးကို ရောက်သွားလို့ ငါလည်း စွမ်းအားတိုးတက်လာပြီ။ တော်ဝင်နန်းတော် စစ်မြေပြင်ကလည်း သွေးတွေ အများကြီး ရနိုင်သေးတယ်။ ပျက်စီးချီပင်လယ်ကလည်း စွမ်းအင်ပမာဏ အဆုံးမရှိသလောက်ပဲ။ သူတို့ကို ညနတ်ဘုရားနယ်ပယ်မှာ အခြေကျအောင် လုပ်ပြီးမှ ငါ့ကိုယ်ငါ အဆင့်တက်အောင် လုပ်လိုက်မယ်"

မရဏတံခါး၏ ဝိညာဥ်နယ်မြေတွင် အတွေးရတနာကျင့်စဥ်ဖြင့် မွမ်းမံထားသော မူလဝိညာဥ်က မည်သည့်ပုံစံ ရှိနိုင်မည်ကိုလည်း ယွမ်ရှောင် အတွေးနက်နေသည်။ ထို့ကြောင့် သူ၏ ဝိညာဥ်သည် ကပ်ဘေးမိုးကြိုးများ ကျဆင်းလာရန် ပို၍ လိုအပ်လာသော်လည်း အဆင့်တက် နောက်ကျနေသောအခါ ကျင့်စဥ်နှင့် ပတ်သက်နိုင်ချေ များလာသည်။ သူက ဝိညာဥ်ပေါင်းများစွာကို ဝါးမျိုခဲ့သည့်အပြင် အန်းယောင်၏ ကြာနက်ဝိညာဥ်မျိုးစေ့ကို သန့်စင်ခဲ့သောကြောင့် မူလကိုယ်၏ ဝိညာဥ်မှာ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးနှင့် နဂါးကျားအရှင်အောက် တိုက်ခိုက်နိုင်စွမ်း နိမ့်ပါးမည် မဟုတ်ပေ။ သို့ရာတွင် ဝိညာဥ်ပြောင်းနယ်ပယ်သို့ အဆင့်တက်ရာ၌ အရေးအကြီးဆုံးဖြစ်သော ကပ်ဘေးမိုးကြိုးများက ပျောက်ချင်းမလှ ပျောက်ဆုံးလျက်ရှိသည်။ ၎င်းကို မကျော်ဖြတ်ရလျှင် ကျင့်ကြံဆင့်က ရပ်တန့်နေမည် ဖြစ်သောကြောင့် စိတ်မရှည်သော်လည်း လုပ်နိုင်စွမ်း ဘာမျှ မရှိပေ။

ထိုအချိန်တွင် ပိုင်အာသည် တော်ဝင်နန်းတော်၏ စစ်မြေပြင်တွင် အလောင်းများ ရိတ်သိမ်းနေပြီး ယွမ်ရှောင်အတွက် ချန်ထားသင့်သော အရာများကိုလည်း သိသည်။ အရပ်မျက်နှာအနှံ့ ထွက်ပြေးနေသော သေလွန်ဝိညာဥ်များမှာ တစ်ခုပြီး တစ်ခု မျိုချခံလိုက်ရပြီး သူမ၏ ဝမ်းဗိုက်အတွင်း သိုလှောင်ခံခဲ့ရသည်။

"ပိုင်အာ"

ထိုခေါ်သံကြောင့် သူမက ယွမ်ရှောင်ထံ အပြေးတစ်ပိုင်း ရောက်လာပြီး သေလွန်ဝိညာဥ်များစွာ ထွေးထုတ်ပေးခဲ့သည်။ ဝိညာဥ်က ကိုယ်တွင်းမှ ချက်ချင်း ခွဲထွက်လာကာ အတွေးရတနာ ကျင့်စဥ် လည်ပတ်လိုက်သောအခါ ရွှေရောင်အလင်းတို့ ဖြာထွက်နေ၏။

"ကောင်းကင်ရဲ့ ကျေးဇူးတော်နဲ့ သူတို့ကို လွတ်မြောက်ခွင့် ပေးလိုက်မယ်"

နတ်ဆိုး၊ မိစ္ဆာနှင့် လူသား ဝိညာဥ်များသည် အထိတ်တလန့် ဖြစ်နေကြသော်လည်း အတွေးရတနာကျင့်စဥ်ဖြင့် ထိတွေ့မိသောအခါ ချက်ချင်း တည်ငြိမ်ကုန်သည်။ ၎င်းတို့မှာ ဖြည်းဖြည်းချင်း လောင်ကျွမ်း၍ ဘဝအတွေ့အကြုံများ၊ ခံစားချက်များနှင့် ဆန္ဒများက အတွေးရတနာများ ဖြစ်လာကာ မူလဝိညာဥ်နှင့် ပေါင်းစည်းသွားခဲ့သည်။ များပြားလှသော ဝိညာဥ်များကို ပြန်လည်မွေးဖွားနိုင်ရန် သံသရာစက်ဝန်းသို့ ယွမ်ရှောင်က ပို့ဆောင်ပေးနေပြီး အရေအတွက် သန်းနှင့်ချီလောက်အောင် ဖြစ်၏။

ဓားပိုင်နက်များနှင့် ရုန်းပိုင်နက်များက အရည်အသွေး ကွာခြားချက် ကြီးမားလျှင် အရေအတွက် များများ စုပ်ယူသော်လည်း အကျိုးသက်ရောက်မှု မရှိတော့ပေ။ သို့သော် သက်ရှိတိုင်း၏ အတွေးနှင့် အသိစိတ်များကိုမူ အတွေးရတနာကျင့်စဥ်က ဝိညာဥ်စွမ်းအားအဖြစ် ​ပြောင်းလဲပေးနိုင်သည်။ အသေးငယ်ဆုံး တိရိစ္ဆာန်တစ်ကောင်သည်ပင် ဝမ်းသာမှု၊ ဝမ်းနည်းခြင်း စသဖြင့် အတွေးပေါင်းများစွာ ရှိကြသည်။ တာအိုအပေါ် အနည်းငယ်မျှ နားလည်သဘောပေါက်နေလျှင်ပင် ယွမ်ရှောင်အတွက် အသုံးဝင်သော အရင်းအမြစ်များ ဖြစ်ကာ ပမာဏ များလေလေ၊ အသုံးဝင်လေလေ ဖြစ်သည်။

သေလွန်ဝိညာဥ်များကို လွတ်မြောက်ခွင့်ပေးနေသော လုပ်ငန်းစဥ်အတွင်း ယွမ်ရှောင်က အချိန်ကို ခဏတာ မေ့လျော့သွားသည်။ သူ၏ ဝိညာဥ်သည် ဝိညာဥ်ပေါင်းများစွာနှင့် ထိတွေ့ခဲ့ပြီး အသေဆိုးနှင့် သေခဲ့ကြသောကြောင့် တစ်ခုချင်းစီ မငြိမ်မသက် ဖြစ်နေကြ၏။ ၎င်းတို့က သေခြင်းတရားကို လက်မခံနိုင်ဘဲ ဒေါသထွက်နေဆဲဖြစ်ပြီး ရက်စက်ယုတ်မာမှုများ၊ ရဲစွမ်းသတ္တိနှင့် နာကျည်းချက်များ ပြည့်နှက်နေသည်။ စိတ်၏ သဘာဝက ရှုပ်ထွေးပြီး လူသားများမှာ အဆိုးဆုံး ဖြစ်၍ မယ်တော်ကြီးလက်အောက်တွင် သနားစရာကောင်းသော ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေရသော နတ်ဆိုးများအကြောင်းလည်း ပါဝင်သည်။

"လောကကြီးက တကယ်တော့ ဆင်းရဲဒုက္ခ အပြည့်ပဲ။ ဘယ်သူကများ ဒါကို ပြောင်းလဲပေးပြီး ချမ်းသာသုခ ဆောင်ယူပေးနိုင်မှာလဲ"

လောကကြီးတစ်ခုလုံးတွင် တရားမျှတမှု မရှိကြောင်း ယွမ်ရှောင် နားလည်ထားသည်။ သူ စွမ်းဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ လူသားမျိုးနွယ် အေးချမ်းစွာ အသက်ရှင်နေထိုင်ရေး ဖြစ်၏။ ထိုက်မင်းဆက်အား သတ်ဖြတ်ရှင်းလင်းပြီး သေမျိုးများကို ပူဇော်သက္ကာရအဖြစ် လက်ခံသော ဓလေ့ အပြီးတိုင် ပျောက်ကွယ်သွားစေရန် သူက နောက်မဆုတ်တမ်း ကြိုးစားပေလိမ့်မည်။

"မဟာတာအိုက ငါ့တာအို၊ ငါ့ဓားက စီရင်ချက်။ ဘယ်အရာက ကောင်းမွန်ပြီး ဘယ်အရာက ဆိုးသွမ်းတယ်ဆိုတာ ဆုံးဖြတ်ပေးမယ်"

ယွမ်ရှောင်က အနည်းဆုံး ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ဝိညာဥ်များစွာကို လွတ်မြောက်ခွင့်ပေးနေရင်း အတွေးရတနာကျင့်စဥ်ကြောင့် ဉာဏ်အလင်းပွင့်လာသည်။

"ကုန်ပြီ သခင်"

နောက်ဆုံးတွင် ဝိညာဥ် မည်မျှများများ ဘဝကူးကောင်းစေရန် သူ ဖန်တီးပေးလိုက်သည်ကိုပင် သတိမရနိုင်တော့ဘဲ ပိုင်အာ၏ အသံ ထွက်ပေါ်လာသောအခါတွင်မှသာ သတိပြန်ဝင်လာ၏။

"ကောင်းပြီ။ မင်းအလုပ် မင်း ဆက်လုပ်လိုက်တော့"

ထို့နောက် သူ၏ အမြင်တွင် လောကကြီးက ပြောင်းလဲသွားပြီး ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း မျက်ဝန်းများသည် အရုဏ်တက် နေအလင်းရောင်ကဲ့သို့ တောက်ပကာ ခိုင်မာပြတ်သား၍ တရားမျှတမှု ဖော်ဆောင်ပေးမည့်အလား ထင်မှတ်ရသည်။ မူလဝိညာဥ်သည် တာအိုနှလုံးသားအထက်တွင် တင်ပျဥ်ခွေထိုင်၍ အတွေးရတနာကျင့်စဥ်ကို ရွတ်ဖတ်ရင်း ရောင်ခြည်ဖြာနေ၏။ ထို့နောက် ၎င်းသည် အပြင်သို့ ဖြည်းဖြည်းချင်း မျောလွင့်၍ မြင့်တက်လာရင်း ဦးခေါင်းအထက် ရောက်သောအခါ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သည်။

"မိုးကြိုးငါးပါး ကပ်ဘေး ဆင်းလာခဲ့စမ်း"

တိမ်များအကြားတွင် မြေချီ၊ ရေချီ၊ မီးချီ၊ သစ်သားချီနှင့် သတ္တုချီ မိုးကြိုးငါးမျိုး စုပေါင်း၍ ငါးရောင်ခြယ် တိမ်တိုက်ကြီး ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် လောကကြီး၏ ချီများကို ဆွဲယူရင်း အဆက်မပြတ် ကြီးမားကျယ်ပြန့်လာကာ နောက်ဆုံးတွင် တော်ဝင်နန်းဆောင်ကို ဖုံးကွယ်ထားသည် အင်ပါယာ အစီအရင်နှင့် ယှဥ်နိုင်လောက်သော အရွယ်အစားအထိ ရောက်သွား၏။ တော်ဝင်နန်းတော်သည် မိုးကြိုးတိမ်တိုက်ကြီးအောက် ရောက်ရှိသွားပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။

လက်ရှိတွင် စစ်ပွဲ ပြီးဆုံးသွားသောကြောင့် ထွက်ပြေးနိုင်သော ကျူးကျော်သူများ လွတ်မြောက်သွားကြပြီး မပြေးနိုင်သူများ အသတ်ခံလိုက်ရကာ ကြယ်တပ်မတော်နှင့် ဌာနဆိုင်ရာ တပ်ခွဲများသာ တော်ဝင်နန်းတော်၌ ကျန်ရစ်၏။ အရာအားလုံး ပြီးဆုံး၍ ထိုက်မင်းဆက် အနိုင်ရပြီဟု သူတို့ ထင်မှတ်နေစဥ် ကောင်းကင်၌ ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

"မိုးကြိုးငါးပါး ကပ်ဘေးက ဘယ်လိုလုပ် တစ်ခါတည်း ကျဆင်းလာရတာလဲ"

"ဘယ်သူက ကောင်းကင်ကို ရန်စလိုက်တာလဲ"

"ကပ်ဘေးမိုးကြိုးငါးမျိုးသာ ပြိုင်တူ ဆင်းသက်လာရင် အကုန် ပျက်စီးသွားနိုင်တယ်"

တော်ဝင်နန်းတော်မှာ နောက်တစ်ကြိမ် ဆူညံသွားကာ လက်ကျန်စစ်သည်များသည် မျက်နှာများ ပြာနှမ်းလျက် အသက်ရှူကြပ်လာသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

အရာရှိများသည်လည်း အင်ပါယာ နန်းဆောင်အတွင်းမှ အလျင်စလို ပြေးထွက်လာကာ ကောင်းကင်သို့ အံ့သြတကြီး မော့ကြည့်နေမိသည်။

"ယွမ်ရှောင်ကို တစ်ယောက်ယောက် တွေ့လိုက်တယ်လို့ သတင်းပို့ထားတယ်။ သူက တော်ဝင်နန်းတော်ထဲကို ခိုးဝင်လာပြီး ကပ်ဘေးကျော်ဖြတ်နေတာ ဖြစ်နိုင်တယ်"

ငယ်သားတစ်ယောက်က ဤသို့ တင်ပြလိုက်သောအခါ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးနှင့် နဂါးကျားအရှင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ဒီကပ်ဘေးကြောင့် ယွမ်ရှောင် သေသွားရင် ငါတို့အတွက် ဝမ်းသာစရာပဲ။ အိမ်ရှေ့စံကို အကြောင်းကြားလိုက်စမ်း။ တည်နေရာ အတိအကျကို ရှာနိုင်လို့ကတော့ ကပ်ဘေးကြောင့် မသေရင်တောင် ငါတို့က ဇာတ်သိမ်းပေးလိုက်မယ်"

"ဟုတ်ကဲ့"

အရှင်နှစ်ယောက်က ညွှန်ကြားလိုက်သောအခါ အဆင့်နှစ် အရာရှိများ ချက်ချင်း အမိန့်နာခံခဲ့ကြသည်။

"ရှန်ရီလည်း အနားမှာ ရှိနိုင်တယ်။ သတိထားကြ"

မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက ဌာနဆိုင်ရာ တပ်ခွဲများကို တပ်လှန့်ထားရန် အမိန့်ပေးသည်။

"မစိုးရိမ်ပါနဲ့ အဖေ။ ဒါက ကျုပ်တို့ နယ်မြေပဲ။ ဘယ်သူလာလာ သေရမှာပါ။ အခု တည်နေရာကို ရှာတွေ့ဖို့ပဲ ကျန်တော့တယ်"

ကျန်းချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကောင်းကင်ရုံးတော်၏ ရန်သူများအနက် လုဖန်က နန်းလုချင်သည်။ မယ်တော်ကြီးနှင့် မိစ္ဆာမျက်လုံးက ကျူးကျော် သိမ်းပိုက်လိုသည်။ သို့သော် ယွမ်ရှောင်နှင့် ရှန်ရီသည် အရာရှိများ၏ အဆင့်တက်ရေးအတွက် အရေးပါသော ပူဇော်သက္ကာရ လက်ခံခြင်းကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ကိုယ်ကျိုးနှင့် ယှဥ်လာသောအခါ သူတို့အတွက် အသေသင့်ဆုံး ရန်သူမှာ ယွမ်ရှောင်တို့ စုံတွဲ ဖြစ်လာခဲ့၏။ မယ်တော်ကြီးက အပြင်းအထန် ဒဏ်ရာရသွားပြီး လုဖန်လည်း ထွက်ပြေးသွားသောအခါ ယွမ်ရှောင်ကို သတ်လိုက်နိုင်ရန် ကောင်းကင်ရုံးတော်အတွက် ခေါင်းခဲစရာ ပြဿနာတစ်ခု လျော့သွားမည် မဟုတ်ပါလော။

"ကြည့်စမ်း။ ကပ်ဘေးမိုးကြိုးတွေ ပစ်ချတော့မယ်။ တည်နေရာကို တွေ့ပြီ"

"အသင့်ပြင်ထားစမ်း"

ကြယ်တပ်မတော်နှင့် ဌာနဆိုင်ရာ စစ်သည်များက မိုးကြိုးများ ကျဆင်းလာသောအခါ တည်နေရာကို အတိအကျ ခန့်မှန်းနိုင်ခဲ့ပြီး တိုက်ခိုက်သတ်ဖြတ်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြလေသည်။

အပိုင်း ၇၁၀ - မနာလိုသူ လူတစ်စု

ယွမ်ရှောင် ဆင့်ခေါ်လိုက်သော အဆင့်တက်ကပ်ဘေး၏ စွမ်းအားသည် မဟာမိုးကြိုးအစီအရင်နှင့် ယှဥ်နိုင်ပြီး ခဏတာမျှ ကြာမြင့်သော်လည်း ပေါက်ကွဲအားမှာ လုံလုံလောက်လောက် ကြောက်စရာကောင်းပေလိမ့်မည်။ မိုးချုန်းသံများက တော်ဝင်နန်းတော်အထက် မြည်ဟီးပြီး ဓာတ်ကြီးငါးပါး ချီများသည် စစ်ဒဏ်သင့် အဆောက်အအုံ အပျက်အစီးများကို တောက်ပသွားစေသည်။ မျက်နှာပေါ်တွင် လျှပ်စီးအလင်းများ တဖြတ်ဖြတ်လက်နေသော ရန်သူများက စိတ်လှုပ်ရှားနေသကဲ့သို့ ကပ်ဘေးစွမ်းအားအပေါ် တုန်လှုပ်ခြောက်ခြားလျက်ရှိသည်။

"ဘယ်လို မကောင်းဆိုးဝါးမို့လို့ ကောင်းကင်ဘုံက ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"

"မဟာတာအိုက သူ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်ရမယ်"

"မိုးကြိုးကပ်ဘေး၊ သူ့ကို သတ်လိုက်စမ်းပါ။ ဒါဆိုရင် ထိုက်မင်းဆက်က ထာဝရ အောင်ပွဲခံနိုင်လိမ့်မယ်"

ကြယ်တပ်မတော်၊ ဌာနဆိုင်ရာစစ်တပ်များနှင့် ထိပ်တန်းအရာရှိများသည် ကပ်ဘေးတိမ်တိုက် အစွန်အဖျားတွင် စုရုံးရောက်ရှိနေကြပြီး ယွမ်ရှောင်အပေါ် နတ်ဘုရားပြစ်ဒဏ် ကျရောက်လာစေရန် စောင့်မျှော်နေကြသည်။ ကပ်ဘေးတိမ်တိုက်က နောက်ဆုံးအကြိမ်အဖြစ် စွမ်းအားများစွာ ဆွဲယူလိုက်သောအခါ သူတို့၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်သထက် ပြင်းထန်လာကာ သူတစ်ပါး ပျက်စီးမည်ကို ဝမ်းသာအားရ ဖြစ်နေကြ၏။

"ဒီကောင်က မောက်မာလွန်းတယ်။ ကိုယ့်ကိုကိုယ် နှိမ့်နှိမ့်ချချ မနေတတ်လို့ ဒီလို ဖြစ်ရတာပဲ"

ကျန်းချီ၊ ကျောက်ယွမ်ပေါင်နှင့် လူငယ်ပါရမီရှင်များသည် မနာလိုခြင်းကြီးစွာ ဖြစ်လျက် လှောင်ပြောင်နေကြသည်။ သူတို့၏ မိဘများဖြစ်သော အရာရှိကြီးများသည်လည်း ကျားတစ်ကောင် အထိနာသွားလျှင် ဝိုင်းဝန်းဆွဲဖြဲကာ စားသောက်မည့် တောခွေးတစ်အုပ်ပမာ အကြည့်တို့ ခက်ထန်လျက် ရှိသည်။

"သတ်လိုက်စမ်း"

ကျယ်လောင်လွန်းသော တညီတညွတ်တည်း အော်သံများက တော်ဝင်နန်းတော်တစ်ခွင် ပြည့်နှက်နေပြီး မိုးချုန်းသံများနှင့် စည်းချက်ညီကာ ယွမ်ရှောင် သေကြေပျက်စီးသွားရန် မျှော်လင့်ထားကြ၏။ ကပ်ဘေးတိမ်တိုက်၏ ဗဟိုချက်အောက်တွင် ယွမ်ရှောင်က တည်တည်ငြိမ်ငြိမ် ရပ်နေသော်လည်း ဖိအားကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ပြိုကျကုန်သဖြင့် တစ်ကိုယ်တော် ထီးထီးကြီး ဖြစ်နေသည်။

"အချိန်ကျပြီ"

အဝေးမှ သံသေးသံကြောင်ဖြင့် အော်ဟစ်၍ တောခွေးများပမာ ချောင်းမြောင်းနေသော မနာလိုသူ လူတစ်စုကို သူက တစ်ချက်ကြည့်လိုက်သည်။ ကြိုတင်ပြင်ဆင်ထားသော အကြံအစည် နှစ်ခုရှိပြီး ပထမဆုံးအနေဖြင့် လနတ်သားကို မယ်တော်ကြီးနှင့်အတူ နတ်ဆိုးနယ်မြေမှ တော်ဝင်နန်းတော်သို့ ဆင့်ခေါ်လိုက်ခြင်း ဖြစ်၏။ ကျန်တစ်ခုမှာ ယုရင်နှင့် ကူစုဝမ်သည် ကောင်းကင်စစ်တပ်၊ လွတ်လပ်သူများနှင့် မိုးကြိုးဌာနရှိ အင်အားစုကို ဦးဆောင်၍ တော်ဝင်နန်းတော်သို့ ချီတက်လာရန် ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ကောင်းကင်ရုံးတော်၏ ပြစ်မှုများအကြောင်း သတင်းပြန့်သွားသောကြောင့် မရေမတွက်နိုင်သော သူရဲကောင်းများ စုရုံးခိုဝင်လာကြသည်။ ယွမ်ရှောင်နှင့် ရှန်ရီအပေါ် သစ္စာခံလိုက်သော ကျင့်ကြံသူ အရေအတွက်က ယခုဆိုလျှင် ငါးသန်းအထိ ရောက်နေပြီး အနိမ့်ဆုံးမှာ အဆင့်ကိုး စီရင်သူတစ်ယောက်ကဲ့သို့ သန်မာ၍ အစစ်အမှန် အင်မော်တယ် စစ်တပ်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ၎င်းက အချိန်ကြာကြာ လေ့ကျင့်ထားသော ထိပ်တန်းတပ်ဖွဲ့များနှင့် မယှဥ်နိုင်သော်လည်း လက်ရှိ၌ အင်အားများစွာ လျော့နည်းသွားပြီဖြစ်သော ကြယ်တပ်မတော်နှင့် ဌာနဆိုင်ရာတပ်ခွဲများထက် အရေအတွက် သေချာပေါက် သာလွန်ပေလိမ့်မည်။

"မြန်မြန်လာကြ။ မဟုတ်ရင် မင်းတို့ရောက်တဲ့အခါ တိုက်ပွဲမဝင်ရဘဲ အောင်ပွဲခံနေရလိမ့်မယ်"

ယွမ်ရှောင်က ကူစုဝမ်ထံ သတင်းပို့အဆောင်ဖြင့် ဤစာသားကို ပို့ပြီးနောက် ကောင်းကင်ရှိ မိုးကြိုးငါးပါး ကပ်ဘေးကို မော့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားတော့သည်။ သူက ဝမ်းမြောက်ဝမ်းသာဖြင့် ကပ်ဘေး ကျဆင်းလာစေရန် စောင့်မျှော်နေသော ရန်သူများကို ဝေ့ကြည့်ကာ တီးတိုးရေရွတ်နေခဲ့သည်။

"ဒီနတ်ဘုရားပြစ်ဒဏ်က ငါ့အတွက် မဟုတ်ဘူး"

စကားအဆုံးတွင် မိုးကြိုးကပ်ဘေးသည် အကန့်အသတ်ရောက်သည်အထိ ကြီးမားကျယ်ပြန့်လာကာ တောက်ပလွန်းသဖြင့် ခဏတာ အမြင်ကန်းသွားစေသည်။ ယွမ်ရှောင်က လက်နှစ်ဖက် နောက်ပစ်၍ တိမ်တိုက်များကို မော့ကြည့်နေစဥ် အတွေးရတနာ ဝိညာဥ်သည် အထက်သို့ အရှိန်ပြင်းပြင်း ခုန်တက်သွားကာ ကပ်ဘေးအတွင်း ဝင်ရောက်လိုက်သည်။ အခြားကျင့်ကြံသူများက ကပ်ဘေးအောက်တွင် ကျဆင်းလာသော မိုးကြိုးများကို တစ်ဆင့်ချင်း ရိုရိုကျိုးကျိုး လက်ခံကာ အဆင့်တက်ကြရသော်လည်း သူက ငါးခုလုံးကို တပြိုင်နက် ရင်ဆိုင်ခဲ့၏။ ဝိညာဥ်သည် ကျယ်ပြောလှသော မိုးကြိုးပင်လယ်ကြီးအတွင်း လှည့်ပတ်သွားလာနေကာ သန့်စင်ခြင်း ခံယူ၍ ပိုမိုအားကောင်းလာသည်။ ထူးခြားသည်မှာ မိုးကြိုးငါးပါးကပ်ဘေးနှင့် ၎င်းသည် မိတ်ဆွေကောင်းများပမာ ရင်းနှီးနေကြပြီး တွေ့ဆုံသောအခါ ငယ်ပေါင်းကြီးဖော်ပမာ ဖက်လဲတကင်း အဆင်ပြေနေသည်။ မိတ်ဆွေကောင်းများ တွေ့ဆုံကြသောအခါ သတင်းကောင်းများ မျှဝေ့လေ့ရှိသကဲ့သို့ စိတ်ပျက်စရာ အချက်များကိုလည်း ရင်ဖွင့်တတ်ကြ၏။

ထို့ကြောင့် ယွမ်ရှောင်၏ ဝိညာဥ်ထံမှ ခံစားချက်များကို သိသောအခါ ကပ်ဘေးသည် အသက်ဝင်လာပြီး ဒေါသများ ဆယ်ဆမက ပိုမို ပြင်းထန်ကုန်သည်။ ငါးရောင်ခြယ်တိမ်တိုက်ကြီးအထက်တွင် ဖန်ဆင်းရှင်မျက်နှာက ဘွားခနဲ ဖြစ်ပေါ်လာကာ အောက်ရှိ အရာရှိများနှင့် စစ်သည်များကို တရားမျှတမှုအတွက် ဒေါသထွက်နေပုံရ၏။ ဤမျက်နှာသည် တစ်ချိန်က မိုးကြိုးဌာနအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပြီး မမြင်ဖူးလျှင်တောင်မှ ကြားဖူးနားဝ ရှိကြပေလိမ့်မည်။ ထို့ကြောင့် ဖန်ဆင်းရှင်မျက်နှာကြီး ရုတ်တရက် ဖြစ်တည်လာသောအခါ သူတို့၏ အပြုံးများ အေးခဲသွားကာ ရယ်မောလှောင်ပြောင်သံများ တိခနဲ တိတ်ကျသွားတော့သည်။

"ဝုန်း"

ပတ်ဝန်းကျင်က ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်သွားသောအခါ ဖန်ဆင်းရှင်မျက်နှာကြီးသည် ဓာတ်ကြီးငါးပါး မိုးကြိုးများကို စုစည်း၍ ပါးစပ်မှ ထွေးထုတ်လိုက်ရာ ရောင်စုံအလင်းတန်းကြီးအဖြစ် ပစ်ချလာခဲ့သည်။ ၎င်းက ဝိညာဥ်ပြောင်းနယ်ပယ် ကျင့်ကြံသူများ ရင်ဆိုင်ရသော ကပ်ဘေးမိုးကြိုးထက် အဆပေါင်းရာချီ ပို၍ ပြင်းထန်ကာ ကြယ်တပ်မတော်၏ လူဦးရေ အထူထပ်ဆုံးနေရာသို့ ထိမှန်သွား၏။ နာရကကျူးကျော်စစ်ကြောင့် ဤစစ်သည်များအနက် ဝိညာဥ်ပြောင်းနယ်ပယ် ​အင်မော်တယ်ဟူ၍ မရှိသလောက် နည်းပါးနေပြီ ဖြစ်သည်။ ကောင်းကင်ဖြန့်နယ်ပယ်သို့ ရောက်လျှင် အဆင့်လေး အရာရှိတစ်ယောက် ဖြစ်လာနိုင်သောကြောင့် အများစုမှာ ရွှေအင်မော်တယ်အဆင့်များပင် မဟုတ်သေးပေ။

"ပွဲကြည့်ချင်တဲ့ကောင်တွေ ကိုယ်တိုင် ခံစားကြည့်လိုက်စမ်း"

ငါးရောင်ခြယ် မိုးကြိုး ကျဆင်းလာသောအခါ ဖုန်မှုန့်များ သို့မဟုတ် ပေါက်ကွဲမှု တစ်စုံတစ်ရာ မဖြစ်သော်လည်း ကြယ်တပ်မတော်အတွင်းမှ နာနာကျင်ကျင် အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ မိုးကြိုး၏ အစွန်အဖျား စွမ်းအားဖြင့် ထိတွေ့မိသူများပင် ဝိညာဥ် ပေါက်ကွဲ၍ ချက်ချင်း သေဆုံးကုန်ကြ၏။ ထို့ကြောင့် လျှပ်စီးများ လက်ခနဲ ဖြစ်သွားတိုင်း ခန္ဓာကိုယ်များ တောင့်တင်း၍ မျက်လုံးအပြူးသားဖြင့် လဲကျသေဆုံးကာ မျက်နှာအထက်မှ အပြုံးများပင် ဆက်ရှိနေသေးသည်။

"ပြေးကြ"

"မြန်မြန်ပြေးစမ်း"

တော်ဝင်နန်းတော်က နောက်တစ်ကြိမ် ဝရုန်းသုန်းကား ဖြစ်သွားပြီး စစ်သည်များဖြစ်စေ၊ အရာရှိများဖြစ်စေ သုတ်ခြေတင်ထွက်ပြေးနေရာ ပရမ်းပတာ အခြေအနေများကြောင့် တစ်ယောက်နှင့် တစ်ယောက် တိုက်မိ၍ ထိခိုက်ဒဏ်ရာများပင် ရကုန်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နတ်ဘုရားပြစ်ဒဏ်က ငါတို့ကို သတ်ချင်နေတာလား...မဖြစ်နိုင်ဘူး"

ကျန်းချီကဲ့သို့ လူငယ်ပါရမီရှင်များမှာ မလှောင်ပြောင်ရဲတော့ဘဲ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အသက်လု ပြေးနေရ၏။

"ကောင်းကင်က ဆင်းသက်လာတဲ့ ကပ်ဘေးကို လူတစ်ယောက်က လက်နက်လို အသုံးချနေတယ်။ ဒါကြီးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"လုံးဝ ယုတ္တိမရှိဘူး"

ဤသည်မှာ ရန်သူများ ယုံကြည်ထားသည့် အရာ ဖြစ်ကာ အစီအရင်တစ်ခုကို ထိန်းချုပ်ခြင်းက ဖြစ်နိုင်သော်လည်း ကပ်ဘေးတိမ်တိုက်များအား လက်နက်အဖြစ် အသုံးပြုသည်မှာ လုံးဝ ကွဲပြားသည်။ ကောင်းကင်ဘုံ၏ စည်းမျဥ်းဥပဒေသကြောင့် ဖြစ်ပေါ်လာသော ကပ်ဘေးသည် ကျင့်ကြံသူကို စမ်းသပ်ရန်သာ ဖြစ်ပြီး အခြားသူများကို မတိုက်ခိုက်သင့်ပေ။ သို့သော် စိတ်ပျက်အားငယ်နေသော နာကျင်စွာ အော်သံများအကြားတွင် ယုတ္တိမရှိသော တိုက်ခိုက်မှုက ဆက်လက် ဖြစ်ပွားနေသည်။

ဖန်ဆင်းရှင်မျက်နှာကြီးသည် ငါးရောင်ခြယ် မိုးကြိုးများကို အဆက်မပြတ် ထွေးထုတ်၍ တော်ဝင်နန်းတော်တစ်ခွင် တိုက်ခိုက်လျက် ရှိ၏။ မျက်နှာဖြူဖပ်ဖြူရော်နှင့် ထွက်ပြေးနေကြသော ရန်သူများမှာ မိုးကြိုးနှင့်အတွေ့၊ မီးခိုးများအဖြစ် ပျောက်ကွယ်ကုန်သည်။ ရေကန်တစ်ခုအတွင်း လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းလျှင် ရေပေါ်ရောက်လာတတ်သော ငါးသေများအတိုင်း သူတို့က မျက်လုံးများ လည်ထွက်၍ ခန္ဓာကိုယ် တောင့်တင်းကာ မြေပြင်၌ မလှုပ်မယှက် ဖြစ်သွားသူ ထောင်ချီပေသည်။

အော်သံများ၊ ငိုသံများနှင့် တောင်းပန်သံများက မိုးချုန်းသံလောက် မကျယ်နိုင်ခဲ့ပေ။ ကောင်းကင်ဘုံ၏ စီရင်ချက်ပမာ ဖြစ်သော မိုးကြိုးများအောက်တွင် တော်ဝင်မျိုးဆက်များ ဖြစ်စေ၊ အရာရှိများ ဖြစ်စေ ခြေလှမ်းနှေးသူတိုင်း တန်းတူညီမျှ အပြစ်ခံကြရ၏။ နာရကကျူးကျော်စစ်အပြီး မကြာမီမှာပင် တော်ဝင်နန်းတော်သည် ငရဲခန်းအသစ် ဖြစ်သွားပြန်ကာ ဤတစ်ကြိမ်မှာ ပျက်စီးဆုံးရှုံးမှု ပိုများသည်။ ထိုက်ဝေက မယ်တော်ကြီးကို မောင်းထုတ်လိုက်နိုင်သဖြင့် မာနကြီးနေသော ဤအပြစ်သားများမှာ ယွမ်ရှောင်၏ လက်ချက်ဖြင့် အမှုန့်ကြိတ်ခံနေရတော့သည်။ စစ်ပွဲထက် အဆပေါင်းများစွာ ပို၍ ခမ်းနားလှပသော ငရဲခန်းသည် သွေးနှင့် အလောင်းကောင်များ ဖြစ်ပေါ်မလာစေဘဲ ငါးရောင်ခြယ် မိုးကြိုးများ၏ အလှတရားအောက်တွင် ဝိညာဥ်များ တရစပ် ဖျက်ဆီးခံရကုန်သည်။

"​ဝုန်း ဝုန်း ဝုန်း"

မိုးကြိုးများ ဆက်တိုက် ကျဆင်းနေသကဲ့သို့ အော်သံများ ဆက်လက် ထွက်ပေါ်နေဆဲပင်။ မိုးကြိုးအချက်တိုင်း လူများ အုပ်စုလိုက် သေကုန်ပြီး တော်ဝင်နန်းတော်တစ်ခုလုံးတွင် ဘေးအကင်းဆုံးနေရာမှာ သွေးနီရောင် အကာအကွယ်အောက် ရှိနေသော ထိုက်ဝေ အင်ပါယာ နန်းဆောင်သာ ကျန်ရစ်လေသည်။

"နန်းဆောင်ထဲကို ပြေးကြဟေ့"

All Chapters