အခန်း (၇၁၃-၇၁၄)
Vol. 53 Ch. 713-714
အပိုင်း ၇၁၃ - ကိုယ်လွတ်ရုန်းကြသူများ
ပြေးလွှားနေသော ကောင်းကင်အရာရှိများသည် ပိုင်အာ ဖန်ဆင်းလိုက်သော ရေစီးကြောင်းများအတွင်း ရောက်သောအခါ နွံတောအတွင်း ခြေချမိသကဲ့သို့ အလွန် နှေးကွေးလေးလံကုန်သည်။ ယွမ်ရှောင်၏ ဓားမြှောင်ကလည်း အချိန်ကိုက် ရောက်ရှိလာကာ တိတိကျကျ တိုက်ခိုက်လာသောအခါ မိုင်ရာချီ ရှည်လျားသည့် မိုးပြာရောင်အလင်းများ လက်ခနဲ ဖြစ်၍ မြင့်မြတ်လှပါသည်ဆိုသော အင်မော်တယ်များကို အတန်းလိုက် ထိုးဖောက်ခဲ့သည်။ ဝမ်းနည်းပူဆွေး၍ မျှော်လင့်ချက်မဲ့သော အော်သံများသည် ပဲ့တင်ထပ်၍ တစ်ချိန်က ကြီးကျယ်ခမ်းနား၍ စည်ကားသိုက်မြိုက်ခဲ့သော နန်းတော်ရာက ပျက်စီးယိုယွင်းသွားပြီ ဖြစ်၏။ သြဇာအာဏာ ကြီးမား၍ အုပ်စိုးမှု ပြင်းထန်ခဲ့သော တော်ဝင်မျိုးဆက်များမှာလည်း တိုက်ပွဲနှစ်ကြိမ်မြောက်တွင် အသက်ရှင်သူဟူ၍ လက်ချိုးရေတွက်ရနိုင်သလောက်သာ ကျန်ရစ်သည်။
"ဒါက ဝဋ်လည်တာများလား"
အင်မော်တယ်များ၏ စိတ်ထဲတွင် နောင်တတို့ တစ်ယောက်ပြီး တစ်ယောက် ဖြစ်ပေါ်လာကြသည်။
"ယွမ်ရှောင်နဲ့ သတ္တမမင်းသမီးကို ကောင်းကင်က တရားမျှတမှုအတွက် စေလွှတ်လိုက်တာလား။ ငါတို့ကိုယ်တိုင် လောကကြီးရဲ့ စည်းမျဥ်းကို ချိုးဖောက်မိလို့ ဒီလိုအန္တရာယ် ဖြစ်ရတာပဲ"
"သူတို့က ကောင်းကင်ရဲ့ ပြစ်ဒဏ် စီရင်သူတွေ ဖြစ်နိုင်တယ်"
"ကောင်းကင်ရုံးတော်နဲ့ ထိုက်မင်းဆက်က တကယ်ပဲ အပြစ်ခံရသင့်တယ်"
နာကျင်စွာ အော်သံများမှ နှလုံးကွဲမတတ် ငိုရှိုက်သံများအဖြစ် ပြောင်းလဲသွားကာ အစစ်အမှန် နောင်တရသည် ဖြစ်စေ၊ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာသော ခံစားချက် ဖြစ်စေ၊ ယွမ်ရှောင်အတွက် မထူးခြားပေ။ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ကောင်းကင်ရုံးတော်၏ ပူဇော်သက္ကာရ လက်ချက်ကြောင့် ပျက်စီးသွားသော သေမျိုးများကို မျက်ဝါးထင်ထင် မြင်ခဲ့ရသဖြင့် သူ၏ ဓားက နောင်တနှင့် မျက်ရည်များကြောင့် ရပ်တန့်မသွားချေ။ အချို့သော အခြေအနေများအောက်တွင် အတင်းအကြပ် ဖိအားပေးခံရခြင်း ဖြစ်နိုင်သော်လည်း တစ်ယောက်ချင်းစီ ဆွဲထုတ်ရန် အချိန်မရှိ၍ စိတ်ဆန္ဒအတိုင်းသာ အပြစ်ပေးလိုက်တော့သည်။
ယွမ်ရှောင်၏ ဓားဝိညာဥ်၊ အသက်တံဆိပ်နှင့် အတွေးရတနာဝိညာဥ်သည် သေခြင်းတရား၏ တမန်တော်များ ဖြစ်ကာ ရှန်ရီနှင့် ပူးပေါင်း၍ တော်ဝင်နန်းတော်ရှိ အပြစ်သားများကို ရှင်းလင်းပစ်နေခဲ့သည်။ လက်ရှိတွင် ၎င်းက အလင်းရောင်များ ပျောက်ဆုံး၍ အလောင်းနံ့များ လှိုင်လှိုင်ထနေကာ သေမျိုးများ၏ အလောင်းပေါ်တွင် တည်ဆောက်ထားသော အဆင့်အတန်းအားလုံး ဆေးကြောသန့်စင်ခြင်း ခံခဲ့ရ၏။
အမှောင်ထုနှင့် သွေးများက ကြီးစိုးသွားသော်လည်း ကောင်းကင်ရုံးတော်၏ အစစ်အမှန် ဘက်ခြမ်း ထွက်ပေါ်လာခဲ့သည်။ ၎င်းက မျိုးနွယ်တူ အချင်းချင်း ပြန်လည်ဝါးမျို၍ သေမျိုးများ၏ အသက်ကို စားသောက်သော ဇာတ်တူသားစား အပြစ်သားများ ဖြစ်ကာ ခမ်းနားထည်ဝါနေသည်မှာ အပြစ်ကို ဖုံးကွယ်ထားခြင်း ဖြစ်၏။ ယွမ်ရှောင်က ၎င်း၏ မျက်နှာဖုံးကို ခွာချလိုက်သောအခါ သူရဲဘောကြောင်မှု၊ လောဘ၊ ဒေါသနှင့် ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်လာသည်။
"ကောင်းကင်က ပြန်လည်မွေးဖွားခွင့် မပေးခင် အပြစ်သားတွေကို သတ်ဖို့ ငါ တာဝန်ယူလိုက်မယ်။ ကမ္ဘာသစ်တစ်ခု ပြန်လည်တည်ဆောက်ဖို့ကိုတော့ အခြားသူရဲကောင်းတွေ ဆောင်ရွက်ပါစေ"
ယွမ်ရှောင်က နောက်ဆက်တွဲများ ဂရုမစိုက်တော့ဘဲ သည်းမခံနိုင်သော အပြစ်သားတိုင်းကို သတ်ဖြတ်ရန်အတွက်သာ အာရုံစိုက်ထားသည်။
"စီရင်သူလု၊ ခင်ဗျား ဖော်ထုတ်ချင်ခဲ့တဲ့ အမှန်တရား ထွက်ပေါ်လာပြီး အပြစ်သားတွေ ဒဏ်ခတ်ခံနေရပြီ"
သူ့အတွက် နေ့ကောင်းရက်သာ ဖြစ်နေပြီး လုအန်းဆိုသော ဖြောင့်မတ်မှန်ကန်၍ အမှန်တရားကို ကမ္ဘာကြီးထံ ဖော်ထုတ်ပြသလိုသော အဆင့်ကိုးအရာရှိ စီရင်သူတစ်ယောက်အတွက် လက်စားချေလိုက်နိုင်ပြီ ဖြစ်သည်။ ကောင်းကင်ရုံးတော်အပေါ် သူ ဒေါသထွက်ရသည်မှာ သေမျိုးများကြောင့်သာ မဟုတ်ဘဲ လုညီအစ်ကိုကဲ့သို့ တရားမျှတသော စီရင်သူများကို သတ်ခြင်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။
"မဟုတ်သေးဘူး။ ကျန်သေးတယ်"
သွေးစွန်းနေသော နန်းတော်အပျက်အစီးများကို ကြည့်ရှုစစ်ဆေးနေသော ယွမ်ရှောင်၏ မျက်လုံးများသည် သန့်ရှင်းတောက်ပြောင်၍ တစ်ခုတည်း ကျန်ရစ်သော ထိုက်ဝေအင်ပါယာနန်းဆောင်သို့ ကျရောက်သွားသည်။ နောက်ဆုံးတိုက်ပွဲအတွက် အချိန်ကျရောက်လာတော့မည် ဖြစ်ပေသည်။
အင်ပါယာနန်းဆောင် အတွင်းပိုင်း၌ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်ပြီး အပြင်ဘက်တွင် ဖြစ်ပွားနေသော သတ်ဖြတ်ပွဲကြောင့် ထွက်ပေါ်လာသည့် အော်သံများကို ရံဖန်ရံခါ ကြားနေရ၏။ ၎င်းအတွင်း ပုန်းအောင်းနေသူများမှာ ကောင်းကင်အရာရှိ မိသားစုများ၊ အိမ်ရှေ့စံ၊ မိဖုရားကျောက်၊ ကြင်ယာတော်နှင့် ကာကွယ်ရန် တာဝန်ရှိသော တိုက်ပွဲဧကရီတို့ ဖြစ်ကြသည်။ သူမသည် လုပ်ဖော်ကိုင်ဖက် အရာရှိများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်ကို စောင့်ကြည့်ရင်း စစ်ခမောက်အောက်ရှိ မျက်နှာပင် သွေးမရှိတော့သကဲ့သို့ ဖြူစွတ်နေသည်။ ပလ္လင်အထက်ရှိ ထိုက်ယုနှင့် မိဖုရားကျောက်သည်လည်း ထူးမခြားနားဖြစ်ကာ လက်ရန်းကို ဆုပ်ကိုင်ထားသော လက်များမှာ တင်းကြပ်လွန်း၍ အကြောအပြိုင်းပြိုင်းထလျက် ရှိ၏။
တော်ဝင်နန်းတော်တစ်ခုလုံးသည် ယွမ်ရှောင်တို့စုံတွဲ စိတ်ကြိုက် စီရင်ခြင်းကို ခံနေရပြီး နေမင်းဓားနတ်ဘုရားကဲ့သို့ အမျိုးသမီးအရာရှိများက လင်ယောကျ်ားများ သေဆုံးသွား၍ ကြောက်ရွံ့တုန်လှုပ်နေသည်။
"သတ္တမမင်းသမီးက မိဖုရားကြီးရဲ့ သမီးအရင်း ဖြစ်ပါတယ်။ ဖြောင်းဖြကြည့်ပါ။ လိုအပ်ရင် ငါတို့အားလုံး ပူဇော်သက္ကာရ လက်ခံတာကို စွန့်လွှတ်ပါမယ်။ ဒီအတိုင်းသာ ဆက်ပြီး သတ်ဖြတ်နေရင် ကောင်းကင်ရုံးတော်မှာ အရာရှိတစ်ယောက်တောင် ကျန်တော့မှာ မဟုတ်ဘူး"
"တိတ်စမ်း"
မိဖုရားကျောက်က တောင်းပန်တိုးလျှိုးနေသော မိန်းမများကို ငေါက်ငမ်းလိုက်သည်။ သတ္တမမင်းသမီးကို မွေးကတည်းက သူမ ပျိုးထောင်ခဲ့သောကြောင့် ယခုအချိန်အထိ ဖြစ်ပေါ်လာသော ရန်ကြွေးများကို ကောင်းကောင်း နားလည်၏။ လွန်ခဲ့သော ရက်အနည်းငယ်က သတ္တမမင်းသမီး သေဆုံးသွားခြင်းသည် သွေးသားတော်စပ်မှုကို အပြီးတိုင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
"ငါ့သမီးက ပြာဖြစ်အောင် မီးရှို့ခံလိုက်ရပြီ။ ဒါက သူ မဖြစ်နိုင်ဘူး"
သူမက လည်ပင်းအကြောများ ဖောင်းကားလာသည်အထိ အသံကုန် အော်ပစ်လိုက်သည်။ တုံ့ပြန်မှုက ပြင်းထန်သောကြောင့် သတ္တမမင်းသမီးကို ဖြောင်းဖြရန် မဖြစ်နိုင်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။ အကယ်၍ ထိုက်ဝေသာ အချိန်မီ သတိလည်မလာလျှင် သူတို့အားလုံး သေရပေလိမ့်မည်။
"မစိုးရိမ်ကြနဲ့။ အင်ပါယာက အချိန်မီ နိုးထလာပြီး နားခိုရာလက်နက်နဲ့ သူတို့ကို နှိမ်နင်းပေးလိမ့်မယ်"
"လောလောဆယ် ဒီနေရာကနေ ဆုတ်ခွာလိုက်ရအောင်"
မိဖုရားကျောက်က အရာရှိများကို အားပေးစကား ပြောနေသော်လည်း ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် တိခနဲ ရပ်တန့်သွားသည်။ ပြောလိုက်သူမှာ အိမ်ရှေ့စံမင်းသား ထိုက်ယုပင် ဖြစ်ပြီး လျော့နည်းလာသော ကောင်းကင်အရာရှိ အရေအတွက်ကို ကြည့်ရင်း အံတကြိတ်ကြိတ် ဖြစ်နေသည်။
"ဘာကို ပြောချင်တာလဲ"
"မင်းတို့ နားကန်းနေတာလား။ ဟင်းလင်းပြင်ဝင်ပေါက် ဖွင့်ပြီး ဒီနေရာကနေ ဆုတ်ခွာကြမယ်။ ခမည်းတော် သတိပြန်ရလာဖို့ လုံခြုံတဲ့ နေရာတစ်ခု လိုအပ်တယ်။ သူ နိုးလာရင် တော်ဝင်နန်းတော်ကို အချိန်မရွေး ပြန်သိမ်းနိုင်မှာပဲ"
ထိုက်ယုက နားမလည်နိုင်ဖြစ်နေသော လက်အောက်ခံများကို အသံကုန် အော်ငေါက်လိုက်သဖြင့် မိဖုရားကျောက်သည် ခေါင်းငုံ့ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ တစ်ဖက်လူနှင့် ယှဥ်လျှင် သူမက မျိုးဆက်သစ်တစ်ယောက်သာ ဖြစ်ပြီး အာဏာချင်း အဆင့်မတူချေ။ ထို့အပြင် ဤအရာက ထိုက်ယု၏ ဆုံးဖြတ်ချက် ဖြစ်သောကြောင့် အပြစ်တင်ကြလျှင်လည်း သူမအစား ထိုလူသာ ခေါင်းခံရပေလိမ့်မည်။
"မှန်တယ်။ မှန်တယ်။ ငါတို့ အရင်ဆုံး နောက်ဆုတ်လိုက်ရအောင်"
"အင်ပါယာရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်ဖို့ ငါတို့ အသက်ရှင်မှ ဖြစ်မယ်"
အိမ်ရှေ့စံ၏ ဆုံးဖြတ်ချက်သည် သူရဲဘောကြောင်လှသော်လည်း အသက်ရှင်ရတော့မည် ဖြစ်သောကြောင့် နန်းဆောင်အတွင်းရှိ အရာရှိများကို သိသိသာသာ စိတ်အေးသွားစေသည်။ ထိုက်ယုက သတိလစ်နေသော အင်ပါယာထိုက်ဝေကို ရွှေ့ပြောင်းရန် အနားသို့ ချဥ်းကပ်သွားသောအခါ နားခိုရာလက်နက်မှ သွေးနီရောင်အလင်းများ ရုတ်တရက် ဖြာထွက်၍ လမ်းပိတ်ထားလိုက်၏။
"နားခိုရာလက်နက်က သူ့သခင်ကို ကာကွယ်ပေးနေတာပဲ"
ထိုငကြောက်ကောင်က ရှေ့မတိုးရဲသောကြောင့် တုန်တုန်ယင်ယင်နှင့် ရေရွတ်လိုက်သောအခါ ထိုက်ဝေကို ရွှေ့ပြောင်းမရနိုင်ကြောင်း သေချာသွားခဲ့သည်။ အားလုံး၏ အကြည့်က ထိုက်ယုထံ ကျရောက်နေပြီး အင်ပါယာ သတိလစ်နေပြီး ပြောင်းရွှေ့လည်း မဖြစ်နိုင်သောအခါ ဤနန်းဆောင်ကို ဆက်လက်ကာကွယ်၍ နိုးထလာသည်အထိ ခုခံနေသင့်၏။ သို့သော်လည်း ထိုက်ယုက ကိုယ်လွတ်ရုန်းရန်အတွက် စကားလုံးလှလှများ အသုံးပြုကာ ကြေညာလိုက်တော့သည်။
"နားခိုရာလက်နက်နဲ့ ခမည်းတော်အကြားမှာ ဆက်နွယ်မှုက ထူးခြားတယ်။ ဒီအကာအကွယ်နဲ့ဆိုရင် သူ သတိရလာတဲ့အထိ ဘေးကင်းနေမှာပါ။ ယွမ်ရှောင် အခုလိုမျိုး အစွမ်းထက်လာတာက နားခိုရာလက်နက်နဲ့ ပတ်သက်နေတယ်။ ခမည်းတော်မှာ ဒီရတနာ ရှိနေပြီဆိုတော့ အလွယ်တကူ အနိုင်ယူပစ်လိုက်လိမ့်မယ်"
"ဒါဆိုရင် အိမ်ရှေ့စံ ပြောချင်တာက..."
မိဖုရားကျောက်က တစ်ဖက်လူ၏ သဘောထားကို တီးခေါက်ကြည့်လိုက်သောအခါ ဆင်ခြေတစ်ခု ပြန်ဖြေလာခဲ့သည်။
"ငါတို့ဘာသာ ဟင်းလင်းပြင်ဝင်ပေါက်ထဲကို သွားကြတာပေါ့။ နောက်ထပ် အကျအဆုံးတွေ များနေရင် ကောင်းကင်ရုံးတော်အတွက် မကောင်းဘူး။ ခမည်းတော် နောက်ဆံတင်းတင်းနဲ့ ရန်သူကို ချေမှုန်းနေတဲ့အချိန်မှာ ရှိနေရင် ငါတို့က အသုံးမဝင်ဘဲ နောက်ဆံတင်းစရာ ဖြစ်နေလိမ့်မယ်"
ဤအချက်ကို လူတိုင်းက ထောက်ခံကြပြီး ထိုက်မင်းဆက် တည့်တံပါစေ ဟူ၍ အသံကုန်အော်နေသည့်တိုင်အောင် မည်သူမျှ အသက်မစွန့်ချင်ကြပေ။ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားလျှင် နောက်ပိုင်းတွင် ထိုက်ဝေက အပြစ်တင်လာနိုင်သော်လည်း အိမ်ရှေ့စံ ခေါင်းခံရမည် ဖြစ်သောကြောင့် လူတိုင်း သူ့နောက်တွင် စုရုံးလိုက်ကြသည်။
"သွားကြစို့"
ထိုက်ယုက အချိန်မဆွဲဘဲ အစီအရင်တစ်ခုကို အသက်သွင်းလိုက်သောအခါ ဟင်းလင်းပြင်လမ်းကြောင်း ချက်ချင်း ထွက်ပေါ်လာ၏။ သူက ထိုလမ်းကြောင်းအတွင်း ပထမဆုံး ပြေးဝင်၍ ထွက်ပြေးသွားသောအခါ ဒုတိယနေရာမှ လိုက်သွားသူမှာ မိဖုရားကျောက် ဖြစ်သည်။ ထို့နောက် ကြင်ယာတော်၊ နေမင်းဓားနတ်ဘုရားနှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် လိုက်သွားကြပြီး တိုက်ပွဲဧကရီမှာ နောက်ဆုံးမှ ကာကွယ်ပေးလျက် ရှိသည်။
"အရှင် တိုက်ပွဲ အောင်မြင်ပါစေ"
သူမက သတိလစ်နေသော ထိုက်ဝေကို ငေးကြည့်ရင်း အော်သံများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောအခါ ကောင်းကင်အရာရှိ အားလုံးနီးပါး အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် အချိန်မဆွဲရဲတော့ဘဲ အသက်ပြင်းပြင်းရှူ၍ ဟင်းလင်းပြင် လမ်းကြောင်းအတွင်း အလျင်အမြန် ဝင်ရောက်သွားသည်နှင့် တပြိုင်နက် မှေးမှိန်ကာ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့၏။
ကြီးမားကျယ်ဝန်းသော နန်းဆောင်အတွင်း အင်ပါယာထိုက်ဝေ တစ်ယောက်တည်းသာ ကျန်ရစ်လျက် ပလ္လင်အထက်တွင် တင်ပျဥ်ခွေထိုင်ပြီး နားခိုရာလက်နက်ကို ဆုပ်ကိုင်ထားရင်း လုံးဝ ငြိမ်သက်နေခဲ့၏။ နားခိုရာလက်နက်အတွင်းမှ သွေးစက်များက ခန္ဓာကိုယ်အတွင်း စီးဝင်နေခဲ့ပြီး အပြင်ဘက်မှ ပေါက်ကွဲသံကြီးတစ်ခု ကျယ်လောင်စွာ ရုတ်တရက် မြည်ဟီးသွားလေသည်။
အပိုင်း ၇၁၄ - အင်ပါယာ၏ ဦးထုပ်စိမ်း
တော်ဝင်နန်းတော်၏ အောက်ခြေတွင် နယ်မြေဓာတ်လုံး အူတိုင် အစိတ်အပိုင်းများဖြင့် ဆက်သွယ်ထားသော ပူပြင်းတောက်လောင်သည့် မီးလောင်ပြင်ကြီးတစ်ခု ရှိသည်။ မီးတောက်မီးလျှံများသည် ထိန်းချုပ်မရနိုင်လောက်အောင် ပြင်းထန်ပြီး ကျင့်ကြံရန် သင့်တော်သော နေရာ မဟုတ်ဘဲ အစစ်အမှန် အင်မော်တယ်များပင်လျှင် ဤနေရာတွင် ရှင်သန်ရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ လက်ရှိအချိန်တွင် အလျှံတညီးညီး လောင်ကျွမ်းနေသော မြေပြင်တွင် တံခါးတစ်ချပ် ရုတ်တရက် ထွက်ပေါ်လာကာ ထိုက်ဝေအင်ပါယာ နန်းဆောင်အတွင်းမှ အရာရှိများ ထွက်လာကြ၏။ သူတို့က ကိုယ့်ကိုကိုယ် ချီစွမ်းအားဖြင့် ကာကွယ်ထားသောကြောင့်သာလျှင် မီးဖိုကဲ့သို့ နယ်မြေအတွင်း တည်တည်ငြိမ်ငြိမ် နေနိုင်ခြင်းပင်။
ဦးဆောင်လာသူက ထင်ရှားပေါ်လွင်ပြီး တော်ဝင်ဆန်၍ ချောမောသော မျက်နှာကို မျက်နှာချေများဖြင့် ပြင်ဆင်ထားသည့် ထိုက်ယုကိုယ်တိုင် ဖြစ်သည်။ သူ၏ မျက်နှာအမူအရာက စိုးရိမ်ပူပန်စိတ်ကြောင့် ပျက်ယွင်းနေကာ စိတ်အခြေအနေမှာလည်း မုန်တိုင်းထန်နေကာ မတည်မငြိမ် ပြောင်းလဲလျက်ရှိသည်။
"ကျောက်ရှီ၊ အနောက်နန်းဆောင်ကို မြန်မြန် ဆင့်ခေါ်လိုက်စမ်း"
ထိုက်ယုသည် ရွှေရောင်ရင့်ရင့် ဖီးနစ်ပုံများ ချည်ထိုးထားသည့် ဝတ်ရုံနှင့် မိဖုရားကျောက်ကို အမိန့်ပေးလိုက်သည်။ မင်းဆက်များတွင် မင်းသားတစ်ယောက်က မိဖုရားခေါင်ကြီးကို ဤသို့သော အသုံးအနှုန်းဖြင့် ရိုင်းစိုင်းရဲမည် မဟုတ်ပေ။ သို့သော် အသက်အရွယ် ကွာဟချက်က ကြီးမားလွန်းပြီး မဟာတာအိုနယ်မြေအတွက် မိဖုရားကြီး ဖြစ်သော်လည်း သူ့အမြင်တွင် ထိုက်ဝေ လက်ထပ်ထားသည့် မိန်းမငယ်တစ်ယောက် ဖြစ်နေသည်။ နှိုင်းယှဥ်ရလျှင် သူမက ထိုက်ယုထက် ပိုမို တည်ငြိမ်နေပုံရကာ သေရေးရှင်ရေး အခိုင်အတန့်တွင် အသက်အရွယ်နှင့် မလိုက်အောင် အေးဆေးတည်ငြိမ်၏။ သူမသည် ခက်ထန်ရိုင်းစိုင်းသော အမိန့်ကို စကားပြန်မပြောဘဲ နာခံ၍ လက်ဝှေ့ယမ်းကာ လျှို့ဝှက်ဆန်းကြယ် အလင်းတန်းများ အထက်သို့ ပစ်လွှတ်သည်။ မကြာမီ ထိုက်ဝေနန်းဆောင်မှ ထွက်ပြေးလာသူတိုင်း ဟင်းလင်းပြင်လမ်းကြောင်းအတွင်းမှ လုံလုံခြုံခြုံ ရောက်လာကြပြီး တံခါးပိတ်သွားသောအခါ အသက်ရှင်ကျန်ရစ်ခဲ့သဖြင့် ခဏတာ အနားရသွားစေသည်။
"အင်ပါယာက ယွမ်ရှောင်နဲ့ တိုက်ခိုက်နေရပြီလား မသိဘူး"
"ပါးစပ်ပိတ်ထားစမ်း"
ကြယ်ယာတော်က စိုးရိမ်တကြီးဖြင့် တီးတိုးရေရွတ်လိုက်သော်လည်း သားအရင်းဖြစ်သူ ထိုက်ယုသည် မည်သည်မှ မကြားချင်ဟန်ဖြင့် ငေါက်ငမ်းနေခဲ့သည်။ ခဏအကြာတွင် ငှက်အော်သံများ လေထဲတွင် ကျီကျီကျာကျာ မြည်လျက် ဧရာမ အပြာရောင် ငှက်ကြီးတစ်ကောင်သည် မီးတောက်များအကြား ဆင်းသက်လာခဲ့၏။ ၎င်းက နတ်ငှက်ပုံသဏ္ဍာန်မျိုး တည်ဆောက်၍ ရှုပ်ထွေးသော အစီအရင်များဖြင့် မောင်းနှင်ရသည့် ရွေ့လျား နန်းတော်ကြီး ဖြစ်သည်။ အနောက်နန်းဆောင်သည် မိဖုရားခေါင်ကြီး သီးသန့်ပိုင်ဆိုင်သော ခံတပ်ယာဥ်တစ်မျိုး ဖြစ်ကာ ကောင်းကင်ရုံးတော်တွင် အမျိုးသမီးများ အရေးပါအရာရောက်ကြောင်း ဖော်ပြရန် တစ်ဦးတည်း ထိန်းချုပ်ခွင့် ရထားသည်။
"ငှက်ပြာလျှို့ဝှက် အစီအရင်ကို အသက်သွင်းလိုက်၊ မြန်မြန်လုပ်စမ်း။ အထဲကို ရောက်ရင် အစီအရင် ဗဟိုချက် ထိန်းကျောင်းတာ လုံခြုံအောင် လုပ်ထား"
"အမိန့်တော်အတိုင်းပါ"
ထိုက်ယုက စိတ်မရှည်လက်မရှည် အော်ငေါက်နေသော်လည်း ကျောက်ရှီသည် နာခံစွာ ခေါင်းညိတ်လိုက်၏။ ဤနေရာသို့ ရောက်လာသူများတွင် တိုက်ပွဲ စကတည်းက နန်းဆောင်အတွင်း ရောက်အောင် ကံကောင်းထောက်မစွာ ထွက်ပြေးနိုင်ခဲ့သည့် ကျန်းချီနှင့် ကျောက်ယွမ်ပေါင်ကဲ့သို့ လူငယ်မျိုးဆက်များလည်း ပါဝင်ပြီး ကြောက်စိတ်ကြောင့် တဆတ်ဆတ် တုန်ရီနေဆဲဖြစ်သည်။ သူမက အစီအရင်ကို အသက်သွင်းလိုက်သောအခါ ဦးစွာ ဝင်ရောက်သွားသူမှာ ထိုက်ယု ဖြစ်နေပြန်၏။ အနောက်နန်းဆောင်အတွင်းတွင် အေးအေးချမ်းချမ်း ရှိပြီး ငှက်တေးသံများနှင့် ပန်းရနံ့များ သင်းပျံ့နေကာ မက်မွန်ပန်းများ ပွင့်လန်းလျက်ရှိသော ခိုလှုံရာတစ်ခု ရှိသည်။
အနောက်နန်းဆောင်အတွင်း ဝင်ရောက်နိုင်သော အခါမှသာလျှင် ထွက်ပြေးလာသူများက နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ပြီး တင်းမာနေသော စိတ်များ စတင် ပြေလျော့လာကြ၏။ ထိန်းချုပ်မထားနိုင်လောက်အောင် ပြင်းထန်သော ခံစားချက်များ ပေါက်ကွဲလာသဖြင့် အချို့မှာ ငိုကြွေး၍ အချို့က တီးတိုး ညည်းတွားနေကြသည်။ တစ်ခုတည်းသော မျှော်လင့်ချက်သည် ထိုက်ဝေ သတိပြန်ရလာကာ ယွမ်ရှောင်နှင့် ရှန်ရီကို နှိမ်နင်းပြီး ကောင်းကင်ရုံးတော် ပြန်လည် ထူထောင်နိုင်ရေး ဖြစ်သည်။
အိမ်ရှေ့စံ ထိုက်ယုသည် အားလုံး ရှေ့မှောက်တွင် ရပ်ပြီး ရှေ့ဆက်ရမည့် အစီအစဥ်များကို ညွှန်ကြားရန် ပြင်ဆင်နေစဥ် အနောက်နန်းဆောင်၏ အခမ်းနားဆုံးဖြစ်သော မက်မွန်အိမ်တော်အတွင်းမှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ကျောက်ရှီ၊ နန်းဆောင်ထဲမှာ လူရှိနေတာလား"
သူက မျက်မှောင်ကြုတ်၍ မိဖုရားကျောက်ကို အေးစက်စက် လှမ်းကြည့်သည်။
"မဖြစ်နိုင်ပါဘူး"
အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသော သူမ၏ အမူအရာကြောင့် အခြေအနေက ချက်ချင်း တင်းမာသွားသည်။
"ထွက်လာခဲ့စမ်း"
ထိုက်ယုက ချီစွမ်းအားကို ပမာဏများစွာ စုစည်း၍ ဖိချလိုက်သဖြင့် အိမ်တော်ကြီးမှာ ခပ်ကြမ်းကြမ်း တုန်ခါသွားသည်။ ထို့နောက် တံခါးများ ဝုန်းခနဲ ပွင့်ထွက်လာကာ မက်မွန်ပန်း ပွင့်ချပ်များ လွင့်ပျံ၍ ပုံရိပ်သုံးခု အပြင်ထွက်လာကြ၏။ ဆွဲဆောင်မှုပြင်းထန်၍ အလွန်လှပသော မြေခွေးနတ်ဆိုးမ နှစ်ယောက်က ကျော့ရှင်းလှပစွာ နေရာယူထားပြီး လမင်းနတ်ဆိုးသခင်မနှင့် သမီး ဝူချင်း ဖြစ်နေသည်။ မိန်းမလှနှစ်ယောက်၏ အလယ်တွင် ရမ္မက်ခိုးဝေနေသော ယောကျ်ားတစ်ယောက်က လက်နှစ်ဖက်ဖြင့် ခါးများကို ဖက်ထားပြီး ရွှေရောင်တော်ဝင်ဝတ်ရုံတစ်ခုလည်း ဆင်မြန်းသည်။ မျက်နှာက မူးယစ်ရီဝေနေသော ဟန်ပန်ဖြင့် နီမြန်း၍ ခြေဗလာနှင့် လျှောက်လှမ်းလာသော်လည်း လေထဲတွင် လွင့်မျောနေသကဲ့သို့ ထင်ရ၏။
"လုဖန်"
တစ်ဖက်လူကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ထိုက်ယု၏ စိတ်နှလုံး အေးစက်သွားကာ သတ်ဖြတ်လိုစိတ်နှင့် ကြောက်စိတ်တို့ ရောယှက်သွားတော့သည်။
"ဒီအပြစ်သားက မင်းရဲ့ အနောက်နန်းဆောင်ထဲကို ဘယ်လိုရောက်နေတာလဲ"
ကျောက်ရှီသည် ဘေးတစ်ဖက်တစ်ချက်တွင် ကြယ်ယာတော် ယောင်ရှီနှင့် တိုက်ပွဲဧကရီတို့ ဝန်းရံကာ မားမားမတ်မတ် ရပ်နေပြီး အိမ်ရှေ့စံ၏ မောက်မာရိုင်းစိုင်းသော မေးခွန်းကို လှောင်ပြုံးတစ်ချက်ဖြင့်သာ တုံ့ပြန်၏။ သူမ၏ လက်ချောင်းများတွင် အနောက်နန်းဆောင်တစ်ခုလုံး၏ စွမ်းအားများ စီးဆင်းနေကာ ကောင်းကင်ရုံးတော်၏ အရေးအပါဆုံး ရတနာတစ်ခုဖြစ်သည့်အလျောက် ကြီးမားလှသော အစီအရင်များ အသက်ဝင်လာသည်။ အတွေးတစ်ခုဖြင့် မိုးချုန်းသံများ ပေါက်ကွဲလာကာ ထိုက်ယု၏ ခြေထောက်အောက်တွင် ငှက်မွေးများဖြင့် ဖွဲ့စည်းထားသော အပြာရောင်တိုင်လုံးကြီးများ မြင့်တက်သွားကာ ငှက်လှောင်အိမ်တစ်ခု အလျင်အမြန် ဖြစ်တည်သွားသည်။
"ကျောက်ရှီ၊ မင်း...မင်း ပုန်ကန်ချင်နေတာလား"
ထိုက်ယုက ဒေါသတကြီး ဟိန်းဟောက်၍ စွမ်းအားများ ထုတ်ဖော်လိုက်သောအခါ ပတ်ပတ်လည်ရှိ အပြာရောင်တိုင်များနှင့် ငှက်လှောင်အိမ်သည် ဖမ်းချုပ်မထားနိုင်ဟန်ဖြင့် ကြေမွကုန်သည်။ အရေးကြီးသော အခိုက်အတန့်တွင် ကျောက်ရှီ၏ လက်အောက်ခံ အမျိုးသမီး အင်မော်တယ်များသည် လက်ချင်းချိတ်၍ စွမ်းအားများကို ထပ်မံ ပို့ဆောင်ပေးခဲ့၏။ ထိုချီများက အစီအရင်တလျှောက် ဖြတ်သန်းသွားသောအခါ အပြာရောင်တိုင်များနှင့် ငှက်လှောင်အိမ်ကို ပိုမို ခိုင်မာသွားစေကာ ထိုဖိအားအောက်တွင် ထိုက်ယုမှာ ဒူးထောက်ကျသွားရသည်။
"မင်းတို့ ဘာ...ဘာလုပ်ကြတာလဲ"
သူ၏ မျက်လုံးများ ပြူးထွက်လာကာ စိတ်လွတ်သွားဟန်ဖြင့် မယုံနိုင်စွာ ငေးကြည့်နေသည်။ အနက်ရောင် ကြာပန်းဝိညာဥ်ကလည်း အချိန်ကိုက် ထွက်ပေါ်လာ၍ သူ၏ မူလဝိညာဥ်ကို ဖျက်ဆီးရန် တိုက်ခိုက်လာပြန်၏။ ထိုက်ဝေ၏ နောက်ခံအားကိုးဖြင့် တိုက်ပွဲတစ်ကြိမ်တလေပင် မတိုက်ခိုက်ဖူးသော ထိုက်ယုသည် ရုပ်ပိုင်းဆိုင်ရာရော နာမ်ပိုင်းဆိုင်ရာပါ ပြိုင်တူ တိုက်ခိုက်ခံလိုက်ရသောကြောင့် အသံကုန် အော်ဟစ်လိုက်မိသည်။
"မိန်းမယုတ်တွေက ကောင်းကင်ရုံးတော်ကို ပုန်ကန်ရဲတယ်ပေါ့"
ဒဏ်ရာကြောင့် ဒေါသူပုန်ထသွားသောအခါ အိမ်ရှေ့စံ၏ ချီများက အဖြူရောင် နဂါးကြီးပမာ ပေါက်ကွဲ ထွက်ပေါ်လာသောအခါ တန်ပြန်စွမ်းအားကြောင့် အင်မော်တယ် အမျိုးသမီးများကို နောက်ဆုတ်သွားစေသည့်အပြင် အချို့မှာ သွေးအန်ထွက်ကုန်သည်။ ကျောက်ရှီသည် အင်ပါယာ၏ လက်သုံးတော် ကောင်းကင်ဓားဖြင့် ရှေ့တိုးလာကာ ငှက်လှောင်အိမ်အတွင်း ခုန်ဝင်၍ အလျင်အမြန် ခုတ်ပိုင်းပစ်လိုက်ရာ သူ၏ ညာလက်ကို ရွှစ်ခနဲ ပြတ်တောက်သွားစေသည်။
"အား..."
အစီအရင်ဖြင့် ဖိနှိပ်ခံထားရသည့်အပြင် လက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသောကြောင့် ထိုက်ယု၏ နာကျင်မှုက အဆမတန် ပြင်းထန်နေ၏။
"ကျောက်ရှီ၊ မင်းရထားတဲ့ အရာအားလုံးကို ခမည်းတော်က ပေးထားတာ မဟုတ်ဘူးလား။ မင်းက ဘယ်လိုလုပ်ပြီး ကျေးဇူးကန်းချင်နေတာလဲ"
ထိုက်ယုတစ်ယောက် ဒေါသကြီးစွာ အော်ဟစ်နေစဥ် အခြားပုံရိပ်တစ်ခုသည် လျှပ်စီးလက်သည့်ပမာ အမြန်ဆုံး လှုပ်ရှား၍ ဘေးသို့ ရောက်လာခဲ့သည်။ ထုိပုံရိပ်က ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်ပြန်ရာ ဘယ်လက်သည်လည်း သွေးများနှင့်အတူ ပြတ်တောက်သွား၏။ ထိုက်ယု၏ စိတ်ထဲမှအနက်ရှိုင်းဆုံး အပိုင်းအထိ တုန်လှုပ်သွားကာ တိုက်ခိုက်လာသူအား ကြည့်လိုက်မိသည်နှင့် တပြိုင်နက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားလေသည်။