အခန်း ၄၁
Vol. 5 Ch. 41
အပိုင်း (၄၁) ငါတို့ရဲ့ အနာဂတ်ကို ငါတို့ကိုယ်တိုင် ပြန်ယူကြမယ်
“ငါ့ကို ဒီလိုပုံစံနဲ့ အနိုင်ယူပြီး အရှက်ခွဲချင်တယ်ပေါ့”
ဗဲလ်မွန့်က ဂရစ် အဖမ်းခံရတာကို ကြည့်ပြီး တခစ်ခစ်ရယ်လိုက်သည်။ ပြီးနောက် တိတ်ဆိတ်နေသည့် ရက်ဘ်ဘစ်ဒ်ကို စကားပြောလိုက်၏။
“ဘယ်လိုလဲ။ ရလဒ် မထွက်ခင် အဖမ်းခံလိုက်ရတော့ လူအုပ်ကြီးရဲ့ သဘောထားကို စိုးရိမ်စရာမလိုတော့ဘူးလေ မဟုတ်လား”
“... ဟုတ်ပါတယ်”
ဗဲလ်မွန့်ရဲ့ လုပ်ရပ်ကို မီရိုကုမ္ပဏီခေါင်းဆောင်အဖြစ် ကြည့်ပေးပါက နားလည်ပေးလို့ ရသည်။ ပုံမှန်ဆို ရက်ဘ်ဘစ်ဒ် ဒီနည်းလမ်းအတိုင်း လုပ်မှာပါ။ သို့သော်လည်း အခုတော့ တမျိုးကြီးခံစားနေရ၏။ စိတ်မသက်မသာဖြစ်နေပြီ။
‘ဒီလူငယ်လေးနာမည်က ဂရစ်ပေါ့...’
ဂရစ်က ယခုလိုအရမ်းကောင်းမွန်သည့် လက်ရာကို သုံးနာရီအချိန်အတွင်း ဖန်တီးပြခဲ့သည်။ ဒီလိုပန်းပဲဆရာတစ်ယောက်က တိုက်ကြီးမှာ အကောင်းဆုံးပန်းပဲဆရာဖြစ်သည်ကို ငြင်းဆိုမည့်သူ မရှိနိုင်ချေ။ ဒီအသက်အရွယ်လေးနဲ့ ဒီလောက် သူ့နယ်ပယ်မှာ ထူးချွန်နေခဲ့ရင် အနာဂတ်မှာ .... သူက အစစ်အမှန် ပြိုင်ဘက်ကင်းပါရမီရှင်ပဲ။
‘သူ့အလားအလာက အကန့်အသတ်မရှိဘူး။ ငါသာ ဒီကောင်လေးနဲ့ ပူးပေါင်းနိုင်ခဲ့ရင် အကန့်အသတ်မဲ့တဲ့ စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ် ...’
ရက်ဘ်ဘစ်ဒ်ဆိုတာက အကျိုးအမြတ်ရရင် ဘာမဆို လုပ်မဲ့သူပါ။ သူ့ရဲ့ ကုန်သည်အာရုံကလည်း ဂရစ်ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်ဖို့ အကြံပေးနေပြီလေ။
တစ်ဖက်မှာလည်း ယူဖီမီနာက စင်ပေါ်မှာ ရှိနေဆဲပါ။
‘ဒီပွဲမှာ ဘယ်သူနိုင်သွားလဲ ဆိုတာ ရှင်းနေတာပဲ’
သူမက ညှို့ယူဖမ်းစားနိုင်သော ဓားမြှောင်ကို လုပ်နိုင်ခဲ့တော့ နိုင်ဖို့အလားအလာက အရမ်းကို မြင့်မားနေပြီဟု တွေးခဲ့သည်။ ညှို့ယူဖမ်းစားနိုင်သော ဓားမြှောင်က ပြောင်မြောက်နေပြီဖြစ်သည့် လက်ရာတစ်ခု ဖြစ်သော်လည်း သူမ မှားခဲ့ချေသည်။
ဂရစ်လက်ရာကို မြင်မြင်ချင်းမှာပင် သိလိုက်သည်။ သူမ တာဝန်ကျရှုံးပြီ ဆိုတာကိုပေါ့။ ဒီအချိန်မှာပဲ ဂရစ်က အဖမ်းခံလိုက်ရတော့ အခြေအနေအတက်အကျက မြန်ဆန်လွန်းပါသည်။
‘မနှစ်မြို့စရာ ကောင်းပေမဲ့ .....’
ယူဖီမီနာက စတိတ်စင်အောက်က ရက်ဘ်ဘစ်ဒ်ဆီကို လျှောက်သွားပြီး စကားပြောလိုက်သည်။
“အခြေအနေတွေက ထူးဆန်းနေပေမဲ့ ရလဒ်ကတော့ မြင်တဲ့အတိုင်းပဲ လူအုပ်ကြီးက ကျွန်မ နိုင်တာကို ယုံကြည်နေတော့။ မီရိုကုမ္ပဏီရဲ့ ရည်ရွယ်ချက်က အထမြောက်သွားပြီ မဟုတ်လား။ နဂိုအတိုင်းပဲ ကျွန်မ ဆုလိုချင်တယ်”
ရက်ဘ်ဘစ်ဒ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ ကတိတည်မှာပါ”
[တာဝန်အောင်မြင်သွားပါပြီ]
[ရွှေ ၁၅၀၀ ရရှိသည်]
[ခေါင်းစဉ် ‘ပြိုင်ဘက်’ ကို ရရှိသည်]
[တိုက်ပွဲစိတ်ဝိညာဉ် ပွင့်သွားပါသည်]
[ကောင်းသောကံ အညွှန်းကိန်း ပွင့်သွားပါသည်]
[စွမ်းရည် ‘အန်စာတုံးလှိမ့်ခြင်း’ ကို ဖြစ်ပေါ်စေသည်]
ဆုလာဘ်တွေ ရရှိသွားသဖြင့် အဲရိနာ၏ မျက်နှာတောက်ပသွားပါသည်။ သူမ ရရှိထားသည့် အညွှန်းကိန်းနဲ့ စွမ်းရည်များကို စစ်ဆေးကြည့်လိုက်သည်။
[တိုက်ပွဲစိတ်ဝိညာဉ်]
အသက်လျော့နည်းသွားလေ တိုက်ခိုက်စွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကြီးမားလာလေ ဖြစ်သည်။
* နံပါတ်မြင့်မားလာလေ သက်ရောက်မှုမြင့်မားလာလေ ဖြစ်၏။
* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်းသို့ ဖြန့်ဝေ၍ မရနိုင်ပါ။
[ကောင်းသောကံ]
ကံကောင်းသည့် ဖြစ်ရပ် ဖြစ်နိုင်သည့် အလားအလာ များပြားလာသည်။
* နံပါတ်မြင့်မားလာလေ သက်ရောက်မှုမြင့်မားလာလေ ဖြစ်၏။
* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်းသို့ ထည့်၍ မရနိုင်ပါ။
[အန်စာတုံးလှိမ့်ခြင်း]
အန်စာတုံးလှိမ့်လိုက်သောအခါ ရရှိသော နံပါတ်ပေါ် မူတည်၍ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာမည်။
* ပစ်မှတ်သည် သင်ကိုယ်တိုင် သို့မဟုတ် မဟာမိတ်ဖြစ်ခဲ့လျှင် :
နံပါတ် ၄ သို့မဟုတ် ဒီနံပါတ်ထက်မြင့်မားသော နံပါတ်များ ရရှိပါက အကျိုးရှိသော သက်ရောက်မှု ဖြစ်ပေါ်စေမည်။ နံပါတ် ၃ သို့မဟုတ် ဒီနံပါတ်ထက်နိမ့်သော နံပါတ်များ ရရှိပါက အန္တရာယ်ရှိသော သက်ရောက်မှု ဖြစ်ပေါ်စေမည်။
* ပစ်မှတ်သည် ရန်သူဖြစ်ခဲ့ပါလျှင်: နံပါတ် ၄ သို့မဟုတ် ဒီနံပါတ်ထက် မြင့်မားသော နံပါတ်များ ရရှိပါက အန္တရာယ်ရှိသော သက်ရောက်မှု ဖြစ်ပေါ်စေမည်။ နံပါတ် ၃ သို့မဟုတ် ဒီနံပါတ်ထက်နိမ့်သော နံပါတ်များ ရရှိပါက အကျိုးရှိသော သက်ရောက်မှု ဖြစ်ပေါ်စေမည်။
‘ဒါဆိုရင် ဒီစွမ်းရည်က ကျပန်းစွမ်းရည် ကြီးပေါ့’
တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ကောင်းသောကံ ဒီနှစ်ခုက ကောင်းသဖြင့် ‘လက်စားချေခြင်း ကိုယ်စားလှယ်’ တာဝန် အကြောင်းကိုတောင် မေ့သွားသည်။ ဒါပေမဲ့ အန်စာတုံးလှိမ့်တာက မသေချာဘူး။ မတော်လို့ စွမ်းရည်သုံးပြီး နံပါတ်အဆိုးကြီးကျခဲ့ရင် သေပြီပေါ့။
‘ဒါပေမဲ့ ငါသာ ကောင်းသောကံ အညွှန်းကိန်းကို မြှင့်လိုက်ရင် ကံကောင်းတဲ့ နံပါတ်ရနိုင်ခြေ မြင့်လာမယ်။ ငါ့ရဲ့ ကောင်းသောကံ အညွှန်းကိန်း မြင့်လာမှ ဒီစွမ်းရည်ကို သုံးတာပေါ့’
ယူဖီမီနာက အကောင်းမြင်တတ်ပါသည်။ ရက်ဘ်ဘစ်ဒ်ကို နှုတ်ဆက်မလို့ လုပ်လိုက်ပေမဲ့ တုံ့ဆိုင်းမိပြီး မေးလိုက်သည်။
“ဘာလို့ အဲဒီလူက အဖမ်းခံလိုက်ရတာလဲ”
“သူ့ကို ဝင်စတန်ရဲ့ ရန်သူနဲ့ စကားပြောနေတာကို တွေ့တဲ့သူ ရှိလို့”
“ဒါနဲ့ပဲ ကြံရာပါ ဖြစ်သွားရောပေါ့”
“အင်း”
“အိုး ...”
ဂရစ် သူမကို လှောင်ခဲ့သဖြင့် ပြိုင်ပွဲပြီးချိန်တွင် လူသစ်လေးကို ပညာပြချင်သော်လည်း သူက အဖမ်းခံလိုက်ရသည်။
‘သူ အဖမ်းခံလိုက်ရလို့ ငါ တာဝန်ရှင်းနိုင်တာပဲ’
သူမ တကယ်ကို ကံကောင်းသော်လည်း နောင်တရသလို ခံစားနေရသည်။
‘ငါ သူ ဘယ်သူလဲဆိုတာ သိချင်လိုက်တာ ....’
သူသာ တကယ်လို့ ပြိုင်ဘက်ကင်းဇာတ်ကောင်အမျိုးအစားကို ပိုင်ခဲ့ရင် သူနဲ့ ရင်းနှီးတာက ငါ့အတွက် အကျိုးရှိမယ်။
‘မဟုတ်ဘူး မဟုတ်သေးဘူး။ သူ့ကို ထပ်မတွေ့ချင်တော့ဘူး။ သူ့စရိုက်က ဆိုးရွားလွန်းတယ်။ ငါသာ သူနဲ့ ရင်းရင်းနှီးနှီးနေခဲ့ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်တိုလိမ့်မယ်’
ယူဖီမီနာက ဝမ်းနည်းတဲ့ ခံစားချက်တွေကို ခါထုတ်ပြီး အဝေးကို ထွက်သွားနေချိန်မှာပင် ရက်ဘ်ဘစ်ဒ်က သူ့ကို ခေါ်လိုက်သည်။
“မင်းက တကယ်တော့ ပန်းပဲဆရာ မဟုတ်ဘူး မလား”
“…….?!”
ယူဖီမီနာ ထိတ်လန့်တုန်လှုပ်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။
“ရုတ်တရက်ကြီး ဘာ ဘာတွေ လာပြောနေတာလဲ။ ငါက ပန်းပဲဆရာမဟုတ်ရင် ဓားမြှောင် ဘယ်လုပ်နိုင်ပါ့မလဲ”
“မင်းရဲ့ နာမည်အရင်းက အဲရိနာမဟုတ်ဘူး ဆိုတာကို ငါ သိတယ်။ ပြီးတော့ ဒီ နူးညံ့တဲ့ လက်က ပန်းပဲဆရာတစ်ယောက်မှာ ရှိတာကို ငါ မယုံဘူး”
ဇာတ်ကောင်အမျိုးအစားရဲ့ သဘာဝအရ ပန်းပဲဆရာတွေဟာ လက်တွေမှာ အမာရွတ်တွေ ပြည့်နေရမှာ ဖြစ်သော်လည်း ယူဖီမီနာကတော့ ပန်းပဲဆရာတစ်ယောက်နဲ့ လုံးဝ ခြားနားနေခဲ့သည်။
“နောက်ပြီး ပန်းပဲဖိုကို ကိုင်တွယ်တဲ့ နေရာမှာ မင်းထက်စာရင် လက်သင်ပန်းပဲဆရာကမှ ပိုတော်နေလိမ့်အုံးမယ်”
“……”
“ခန်ကို စင်ပေါ်ကို တက်ခိုင်းပြီးနောက်ပိုင်း မင်းရဲ့ လှုပ်ရှားမှုတွေက ခန်နဲ့ တူနေတာကို ငါ သတိထားမိတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် မင်းမှာ တခြားလူတွေရဲ့ စွမ်းရည်တွေကို ပုံတူကူးနိုင်တဲ့ စွမ်းရည်ရှိမယ်ဆိုတာ ငါ အတည်ပြုနိုင်တာပေါ့”
ယူဖီမီနာက ရက်ဘ်ဘစ်ဒ်ကို ငြင်းဆန်ချင်ပေမဲ့ သူလုပ်နိုင်တာက တိတ်ဆိတ်နေမှု ပါပဲ။ အခု ဖြစ်နေတာက တာဝန်အသစ်ကို ဖြစ်ပေါ်စေနိုင်တာကို သူမ သတိထားမိသည်။
“ဒီတော့ ရှင့်ရည်ရွယ်ချက်က ဘာလဲ”
ရက်ဘ်ဘစ်ဒ်က ဆက်ပြောလိုက်သည်။
“ငါ့ကို ကူညီပြီး ဂရစ်ကို ကယ်ပေးပါ”
“ဟမ့် ဘာလို့လဲ သူက ရှင့်ရန်သူမဟုတ်လား”
ရက်ဘ်ဘစ်ဒ်က ပုခုံးတွန့်ပြလိုက်ပြီး
“ငွေရဲ့ ရှေ့မှာ ထာဝရဆိုတာ မရှိဘူး”
“ရှင် ဘာပြောနေတာလဲ ဆိုတာ ကျွန်မ နားမလည်ဘူး”
ယူဖီမီနာအတွက် အသေးစိတ်ရှင်းပြချက်ကို လိုသည်။ ရက်ဘ်ဘစ်ဒ်က သူမကို မရင်းနှီးတဲ့ လမ်းကြားတစ်ခုဆီ ခေါ်သွားပြီး ဘယ်သူမှ မရှိဘူးဆိုတာကို သေချာအောင် စစ်ဆေးပြီးမှ ပြောပြသည်။
“အခု အချိန်မှာ မီရိုကုမ္ပဏီက ဝင်စတန်ကနေ အကျိုးအမြတ်တွေ အများကြီး ရနေပေမဲ့ နိုင်တာထက် ပိုဝါးနေချင်တော့ ချိန်ကိုက်ဗုံးတစ်ခုလို ပြဿနာက ဘယ်အချိန် ထပေါက်ကွဲမလဲ မသိဘူး။ မြို့စားစတိုင်းကသာ အခုဝင်စတန်အကြောင်းသိသွားရင် မီရိုကုမ္ပဏီကို အရေးမယူမှသာ ထူးဆန်းနေမှာ။ ပြောရရင် မီရိုကုမ္ပဏီရဲ့ အနာဂတ်က မှောင်မိုက်နေပြီ။ ဒါကြောင့် ငါ မီရိုကုမ္ပဏီကနေ ထွက်သွားတော့မယ်”
ရက်ဘ်ဘစ်ဒ်ရဲ့ မျက်လုံးက တောက်ပလာနေသည်။
“ဂရစ်ရဲ့ စွမ်းရည်တွေကို ငါ မြင်လိုက်တာနဲ့ ငါ့အလုပ်အသစ်ကို ရှာတွေ့သွားပြီ။ ခန်ဆီမှာ။ ငါ ခန်ရဲ့ ပန်းပဲဖိုမှာ အလုပ်လုပ်မယ်။ ဂရစ်နဲ့ အဖွဲ့ဖွဲ့ပြီး ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ စီးပွားရေးပညာတွေ ပြီးတော့ ဂရစ်ရဲ့ လက်ရာတွေ ပေါင်းစပ်လိုက်ရင် ငါတို့တွေ အငယ်တန်း မဟုတ်ရင်တောင် အလယ်အလတ် စီးပွားရေးကုမ္ပဏီတစ်ခု တည်ထောင်နိုင်မယ်လို့ ငါ ယုံတယ်”
“ဒီ ဒီလောက် တောင်ပဲလား”
ယူဖီမီနာရဲ့ မျက်လုံးတွေကလည်း တောက်ပလာနေသည်။ ကစားသမားများ လိုချင်သည်မှာ အဆင့်တက်ဖို့နှင့် အကျိုးအမြတ်ရှိဖို့ပင် ဖြစ်လေသည် မဟုတ်ပါလား။
‘အခု ကုန်သည်ဇာတ်ကောင်အမျိုးအစားမှာ အဆင့်တစ်ဖြစ်နေတာက ဘယ်သူလဲ’
ယူဖီမီနာက အဆင့်ဇယားမှာ ရှာကြည့်လိုက်တော့ တွေ့သွားသည်။
‘ဗေးပဲ။ ဒီလူက အရင်သုံးလတုန်းက အဆင့်တစ် ဖြစ်သွားတာ။ ငါတော့ တခြား NPC ကုန်သည်တွေနဲ့ဆို သူ့ကုမ္ပဏီက သေးလွန်းတယ်လို့ ကြားတယ်’
အဆင့်တစ်ကုန်သည်တောင် ကုမ္ပဏီပေါက်စကို မလည်ပတ်နိုင်သေးတဲ့ အချိန်မှာ ဂရစ်ကတော့ ပစ္စည်းဖန်တီးတာနဲ့တင် ကုမ္ပဏီအသေးစားလေး ထောင်လို့ ရနေပြီ။
‘သူ့ရဲ့ ဇာတ်ကောင်အမျိုးအစားက ပုံမှန်မဟုတ်ဘူးဆိုတာ သိပေမဲ့ ဒါက သူ့အကန့်အသတ်ပဲလို့ ထင်နေတာ ....’
ရက်ဘ်ဘစ်ဒ်က သူ့ရဲ့ အကြံအစည်အကြောင်း ယူဖီမီနာကို ရှင်းပြလိုက်သည်။
“ခန်ရဲ့ ပန်းပဲဖိုမှာ အလုပ်ရဖို့ဆိုရင် အရင်ဆုံး မီရိုကုမ္ပဏီနဲ့ ဝင်စတန်အရှင်ကို ပျက်စီးအောင် လုပ်ရမယ်။ ဒုတိယခြေလှမ်းအနေနဲ့ ငါ့ ပုံရိပ်ကို ပြုပြင်ရမယ်။ ဒါပေမဲ့ အရင်ဆုံး လုပ်ရမှာက ဂရစ်ကို ကယ်ရမှာ။ တချိန်တည်း ဂရစ်ကို ကယ်ပြီး မီရိုကုမ္ပဏီနဲ့ ဝင်စတန်အရှင်ကို ကျရှုံးအောင် လုပ်နိုင်ရင် ဂရစ်နဲ့ ဒေသခံတွေဆီမှာ ငါ တောင်းပန်ခွင့် ရနိုင်လိမ့်မယ်”
“ဒီအတွက် ကျွန်မ အကူအညီကို လိုတာပေါ့”
“ဟုတ်တယ် မင်းစွမ်းရည်က ဒီအစီအစဉ်ကို ပူးပေါင်းဖို့ လုံလောက်ပြီ”
[တာဝန် ‘ရက်ဘ်ဘစ်ဒ်၏ အလုပ်အကိုင်ရှာဖွေသည့် အစီအစဉ်ကို ကူညီပါ’ ကို ဖန်တီးလိုက်ပါပြီ]
[ရက်ဘ်ဘစ်ဒ်၏ အလုပ်အကိုင်ရှာဖွေသည့် အစီအစဉ်ကို ကူညီပါ]
ခက်ခဲမှု : S
ရက်ဘ်ဘစ်ဒ်သည် မီရိုကုမ္ပဏီတွင် အနာဂတ်မတွေ့တော့၍ မီရိုကုမ္ပဏီကို ကိုယ်တိုင် ဖျက်ဆီး၍ ပုံရိပ်အသစ်တစ်ခု ထူထောင်ရန် ဆုံးဖြတ်လိုက်သည်။
ရက်ဘ်ဘစ်ဒ် အကူအညီတောင်းသည့်အတိုင်း ဂရစ်ကို ကယ်တင်ခြင်းဖြင့် မီရိုကုမ္ပဏီနဲ့ ဝင်စတန်အရှင်ကို နင်းခြေဖို့ ကူညီပါ။
တာဝန်ရှင်းလင်းရန် အခြေအနေများ : မီရိုကုမ္ပဏီနှင့် ဝင်စတန်အရှင်တို့ကို နင်းခြေရန်အတွက် ဝင်စတန်ရဲတိုက်မြေအောက်အကျဉ်းထောင်တွင် ပိတ်မိနေသော ဂရစ်ကို ကယ်ဆယ်ပါ
တာဝန်ဆုလာဘ် : ရွှေ ၅၀၀၀။ ရက်ဘ်ဘစ်ဒ်နှင့် ဝင်စတန်ဒေသခံများနှင့် ရင်းနှီးမှုသည် အမြင့်ဆုံးသို့ မြင့်တက်သွားမည်
တာဝန်ပြစ်ဒဏ် : အဆင့် -2။ ရက်ဘ်ဘစ်ဒ်၏ သေဆုံးခြင်း။ ရက်ဘ်ဘစ်ဒ်နှင့် သက်ဆိုင်သော တာဝန်များ အားလုံးထာဝရ ပျက်ဆီးသွားလိမ့်မည်
[တာဝန်ကို လက်ခံချင်ပါသလား]
‘မယုံနိုင်စရာပဲ’
ယူဖီမီနာ တာဝန်အချက်အလက်တွေကို ကြည့်ပြီး ဆွံ့အသွားပါသည်။ ခေါင်းစဉ်ပေးတဲ့ တာဝန်နဲ့ အက်စ်အဆင့် တာဝန်တွေက ဂရစ်ကို အခြေခံပြီး ဖြစ်နေသလိုပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဝင်စတန်အတွက် ဂရစ်က ဘယ်လောက်အရေးပါသလဲဆိုတာကို သတိပြုမိသည်။
‘ဂရစ် .... သူ့စရိုက်က မကောင်းပေမဲ့ သူ့မှာ အရည်အချင်းနဲ့ ပတ်သတ်နေတဲ့ အကျိုးအမြတ်တွေက များတယ်။ သူနဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တာက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ’
ယူဖီမီနာ တာဝန်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။
“ငါ နင့်တောင်းဆိုမှုကို လက်ခံပေးမယ်”
[တာဝန်ကို လက်ခံလိုက်ပါပြီ]
လူတစ်ယောက် အလုပ်ပြောင်းချင်တာကြောင့် ကြီးကျယ်တဲ့ မီရိုကုမ္ပဏီပိုင်ရှင်ကြီးနဲ့ ဝင်စတန်ယာယီအရှင်ကတော့ ဒုက္ခရောက်တော့မှာ ပါလား။
***
ဝင်စတန်ဒေသခံတွေ အားလုံး ခန်ရဲ့ ပန်းပဲဖိုမှာ စုနေကြသည်။
“ဟုရိုင်အိက ဝင်စတန်အထွက်မှာ အဖမ်းခံရတာက တကယ်ပဲ”
“အရှင်က ဟုရိုင်အိကို ငါတို့ အကူအညီတောင်းတာကို သိသွားတာ ဖြစ်မယ်။ ဒါက ပြဿနာကြီးပဲ။ အခုဆိုရင် အရင်ကထက် ပိုတင်းကြပ်လိုက်တော့ ဒုတိယဟုရိုင်အိ ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး”
“ငါတို့ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး။ ဝင်စတန်က မီရိုကုမ္ပဏီရဲ့ လက်အောက်ကနေ မလွတ်မြောက်နိုင်တော့ဘူးလား ...”
ဒေသခံတွေ စိုးရိမ်နေခဲ့ကြသည်။ ပုံမှန်ဆို ခန်က သူတို့ကို အားပေးမှာ ဖြစ်ပေမဲ့ အခုတော့ သူ့ကိုယ်သူတောင် စိတ်ဆင်းရဲနေလို့ တခြားလူတွေကို ဂရုမစိုက်ပေးနိုင်ပါဘူး။
‘ဂရစ် …’
ဟုရိုင်အိက မြို့စားစတိုင်းဆီကို သွားနေရင်းနဲ့ အဖမ်းခံလိုက်ရသည်။ မီရိုကုမ္ပဏီနဲ့ ဝင်စတန်အရှင်ကသာ အရူးတွေ မဟုတ်ခဲ့ရင် သူ့ဘဝရဲ့ ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး လွှတ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ အခု ဂရစ်က ခန်အပါအဝင် ဝင်စတန်ဒေသခံတွေနဲ့ ဘယ်လောက် ရင်းနှီးလဲ ဆိုတာကို တွေးကြည့်ရင် ဟုရိုင်အိလို ကံကြမ္မာမျိုး ဂရစ်လဲ ခံရဖို့ အလားအလာမြင့်နေသည်။
‘ဂရစ်ကို ထောင်ထဲမှာ တစ်သက်လုံးအချိန်ကုန်မခံနိုင်ဘူး။ သူ့ကို ငါ ကယ်ရမယ်’
ခန် ဆုံးဖြတ်ချက် ချပြီး အော်ဟစ်လိုက်သည်။
“ဒီမတရားမှုကို ငါတို့တွေ မျက်စိမှိတ်ထားလို့ မရဘူး။ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် ကာကွယ်မှပဲ ရတော့မယ်။ မင်းတို့ရဲ့ လက်နက်တွေကို ဆုပ်ကိုင်ကြ။ ငါတို့တွေ မီရိုကုမ္ပဏီနဲ့ ဝင်စတန်အရှင်ကို ဝင်စတန်ကနေ မောင်းထုတ်ကြမယ်”