အခန်း ၄၃
Vol. 5 Ch. 43
အပိုင်း (၄၃) ဟာ ဘာလို့ ငါ့ဆီမှာပဲ ဒါတွေ လာဖြစ်နေတာလဲ
‘ဒီသောက်ကျိုးနည်း အရူးကောင်တွေ’
တာဝန် မအောင်ဘဲ ကျွန်တော်ရော ဓားမြှောင်ပါ ထိန်းသိမ်း ခံလိုက်ရသည်။ အခုဆိုရင် စစ်ဆေးမေးမြန်းခံနေရတာ တစ်နာရီလောက် ရှိပြီ။
“မင်းနဲ့ ဟုရိုင်အိက ပန်းပဲဖိုရှေ့မှာ စကားပြောနေတာကို လူတွေ အများကြီးက တွေ့ခဲ့ရတယ်။ အဲဒီအချိန်ကတည်းက ဟုရိုင်အိက မြို့စားစတိုင်းကို သတင်းပို့ဖို့ ကြံစည်နေတာကို မင်း သိခဲ့လား”
“သိတယ် ဆိုရင်ကော”
“ဝင်စတန်ဒေသခံတစ်ယောက်က ဟုရိုင်အိကို မြို့စားစတိုင်းဆီ သတင်းပို့ဖို့ အကူအညီတောင်းခဲ့တယ်။ မင်းက ဒေသခံတွေနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတော့ အဲဒီဒေသခံက ဘယ်သူလဲ မင်း သိကို သိရမယ်”
“ငါ သိရင်ကော”
“မင်းက သူတို့ထဲက တစ်ယောက် မဟုတ်လား”
“မဟုတ်ဘူးလေ။ ခင်ဗျားက ငတုံးလား”
“…”
ကျွန်တော် အဲရိနာထက် ပိုကောင်းသည့် ဓားမြှောင် လုပ်နိုင်ခဲ့သည်။ တာဝန် အောင်လို့ ရွှေ ၆၀၀၀ ရတော့မဲ့ အချိန်မှ ဒီလူတွေ လာဖမ်းလို့ တာဝန် မအောင်မြင်တော့ဘူး။ ဝမ် ၇၂၀၀၀၀ ကို မရတော့တာက ဒီခွေးသူတောင်းစားတွေ ကျေးဇူးကြောင့်ပဲ။
“မင်းက အခုထိ ကိုယ့်နေရာကိုယ် မသိသေးဘူးထင်တယ်.... မင်းသာ အခုလို ဂရုမစိုက်တဲ့ ပုံစံ ဆက်လုပ်နေရင် နောင်တရလိမ့်မယ်နော်”
ကျွန်တော်လည်း ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့ သူရဲကောင်းကို “လူယုတ်မာကောင် ပါးစပ်ပိတ်ထားလိုက်တော့။ ဟာသ လာလုပ်နေတာလား။ ငါက ဟုရိုင်အိနဲ့ အဆက်အသွယ် မရှိဘူးကွ။ မသေချင်ရင် ငါ့ကို ခုချက်ချင်း လွှတ်ပေး” လို့ ပြန်ပြောလိုက်သည်။
ကျွန်တော် ဒီလို ပြောလိုက်ရင် နှိပ်စက်ခံရပြီး ထောင်ကျနိုင်တာကို သိသည်။ ဒါပေမဲ့ ဒေါသကြောင့် ဘာမှ မစဉ်းစားနိုင်တော့ဘူး။
‘ဝမ် ၇၂၀၀၀၀ နဲ့ဆို ငါ ငါးအသားပြားတွေ အများကြီး ဝယ်စားလို့ ရတာကို ဒီကောင်တွေကြောင့်’
ကျွန်တော် ဒေါသနဲ့ သူရဲကောင်းတွေကို ကျိန်ဆဲလိုက်သည်။ “မင်းတို့ လူယုတ်မာကောင်တွေ။ ငါ မင်းတို့ ငါ့ကို ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာကို အကုန်လုံး မှတ်ထားတယ်ကွ။ ငါ့ကို အခု မလွှတ်ပေးရင် ငါ တစ်နေ့ကျ ပြန်လာပြီး မင်းတို့ဆီကနေ တစ်ယောက်ကို ရွှေ ၆၀၀ ငွေညှစ်ပြမယ်”
“ဒီကောင့်ကို ကြည့်အုံး။ ခုထိ အဓိပ္ပာယ် မရှိတဲ့ စကားတွေ ပြောနေတုန်းပဲ”
အငယ်ဆုံးသူရဲကောင်းလေးက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ကျွန်တော် လန့်ဖြန့်သွားပေမဲ့ တည်ကြည်စွာနဲ့ပဲ ပြောလိုက်သည်။
“ငါ့ကို လာသတ်စမ်းပါ လူယုတ်မာတွေ”
“ဒီကောင်က အကြောက်တရားဆိုတာကို မသိဘူးပဲ”
သူရဲကောင်းက ဓားကို ကိုင်ပြီး ကျွန်တော့်ဆီကို ပြေးဝင်လာသည်။ ကျွန်တော်လည်း မျက်စိကို မှိတ်ပြီး သေခြင်းကို လက်ခံလိုက်သည်။ ဘာလို့လဲ။ ဒီလို ပိတ်လှောင်ခံနေရတာထက် သေလိုက်တာက ပိုကောင်းသည်လေ။
‘ငါ သေရင်လည်း ပြန်ရှင်မှာပဲလေ။ အတွေ့အကြုံအမှတ်လေးပဲ ကုန်သွားရုံရှိမှာ’
ကျွန်တော် ခန့်ကို စိတ်ပူသည်။ မီရိုကုမ္ပဏီက ပန်းပဲဖိုကို လုယူတာကို လက်ခံနိုင်သော်လည်း ခန်တော့ သေလို့ မရဘူး။ ခန်သေရင် ငါရဲ့ ဇာတ်ကောင်တာဝန်က ဖျက်ဆီးခံရလိမ့်မယ်။
“ငါ့ကို လာသတ်တော့ ခွေးသားရေ”
အခု လော့အောက်ထ်လဲ လုပ်မရဘူး။ သေပြီး ပြန်ရှင်တော့မှ ခန်နဲ့ တွေ့လို့ရမှာ။ ဒါပေမဲ့ ကျွန်တော့်ဆီကို ပြေးဝင်လာနေတဲ့ သူရဲကောင်းငယ်လေးကို သက်လတ်ပိုင်းအရွယ်သူရဲကောင်းက တားလိုက်သည်။
“လီရို စိတ်ထိန်း။ သူ့မှာ မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ သတ်လိုက်ရင် လွှတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်”
ချီးပဲ။ ငါ့အကြံကို ရိပ်မိသွားပြီပေါ့။ ကျွန်တော် သူရဲကောင်းငယ်လေးကို ဒေါသထွက်အောင် သွားသွားဆွနေသည်။
“ဟေး ငါ့ကို သတ်မလို့ဆို။ ခုတော့ ကြောက်နေပြီ မလား။ မင်းကိုမင်း သူရဲကောင်းလို့ ခေါ်ရမှာ မရှက်ဘူးလား။ ငါ ဆဲပြီကွာ။ မင်းသေပြီး သရဲဘဝရောက်ရင်တောင် လူပျိုကြီး ဖြစ်ပါစေလို့”
“မင်း မင်း”
လီရိုလို့ခေါ်တဲ့ သူရဲကောင်းငယ်လေးက တကိုယ်လုံး တုန်ရီနေပါသည်။ သို့သော် သူ့ကိုယ်သူ ထိန်းချုပ်သည့် အနေနဲ့ နှုတ်ခန်းကို ကိုက်လိုက်တာ သွေးအများကြီး ထွက်လာသည်။ သူ စိတ်ထိန်းနိုင်လို့ မဖြစ်ဘူး ဆက်ပြီး တွန်းအားပေး ရမယ်။
“ အူး ဝူး ဝူး”
လီရိုကို ထပ်ဆဲမလို့ လုပ်နေတုန်း တစ်ယောက်ယောက်က ပါးစပ်ကို ဆို့လိုက်သည်။
‘ဒီဉာဏ်များတဲ့ မျိုးမစစ်တွေ’
ကျွန်တော့်ကို ပါးစပ်ဆို့လိုက်သည့် သတ်လတ်ပိုင်းသူရဲကောင်းကို မျက်စောင်းထိုးလိုက်သည်။
“မင်း စွပ်စွဲခံရတဲ့ ပြစ်မှုအတွက် ဝန်ခံဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြီးတော့ ဟုရိုင်အိကို အကူအညီတောင်းတဲ့လူကိုလည်း ပြောမပြနိုင်ဘူး ဟုတ်တယ်နော်”
“ဝူး ဝူး”
ငါ့ကို ဖြေစေချင်ရင် အဝတ်စကို ဖယ်ပေးအုံးလေ။ ဒါပေမဲ့ သတ်လတ်ပိုင်းသူရဲကောင်းက ကျွန်တော် ပြောတာကို အဓိပ္ပာယ်ဖော်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“မင်း ပြောမပြဘူးပေါ့။ ဒါဆိုရင် ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ အစကတော့ ဟုရိုင်အိကို သတင်းပို့ခိုင်းတဲ့ လူကို ပြောရင် မင်းကို လွှတ်ပေးမလို့ကို”
ငါ ထောင်ကျတော့ မှာလား။ မနေချင်ဘူး။ လော့အောက်ထ် လုပ်ပြီး ပြန်ဝင်ရင်တောင် သူတို့မလွှတ်မချင်း ထောင်ထဲပဲ ပြန်ရောက်လိမ့်မယ်။
‘ကြည့်ရတာ ငါ ရွေးချယ်စရာ မရှိတော့ဘူးပဲ။ ခန် အဖမ်းခံရရင်တောင် တနည်းနည်းနဲ့ ပြန်ကယ်ရမယ်’
ခန်က ဆက်တစ်စ်ဖိုင်းန်မှာကော လက်တွေ့ဘဝမှာပါ ကျွန်တော့်အတွက် အရမ်းအဖိုးတန်ပါသည်။ NPC ဖြစ်ပေမဲ့လည်း ကျွန်တော့် သူငယ်ချင်းအဖြစ် သတ်မှတ်ထားတုန်းပါ။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရက ကျွန်တော့်အတွက်တော့ အသက်ထက်တောင် အရေးပါသည်။
ကျွန်တော် သူတို့ကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
“ဝူး ဝူး”
ငါ မင်းတို့ သိချင်တာ ပြောပြမယ်။ ငါ့ကို လွှတ်ပေး။ သတ်လတ်ပိုင်းသူရဲကောင်းက ကျွန်တော် ပြောတာကို သိဟန်နဲ့ ခေါင်းညိတ်ပြသည်။
“ဘယ်လောက်တောင် သစ္စာရှိလိုက်လဲ။ ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ခံရတာတောင် သူငယ်ချင်းကို သစ္စာမဖောက်ဘူး။ မင်းက အားနည်းပေမဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပဲ”
“အူး ဝူး ဝူး ဝူး အူး”
မင်း ဘာတွေ ပြောနေတာလဲ။ ငါ ပြောတာက မင်းတို့နဲ့ ပူးပေါင်းမယ်လို့။ သတ်လတ်ပိုင်းသူရဲကောင်းက သူ့သူ အထအနကောက်ပြီး အမိန့်ပေးလိုက်သည်။
“သူ့ကို တစ်ယောက်ထဲ သီးသန့် ထောင်ချလိုက်”
ဘာ။ ငါ ထောင်မကျချင်ဘူး။ အနည်းဆုံးတော့ စကားပြောဖော်ရအောင် တခြားလူတွေနဲ့ အတူတူ ထောင်ချပေါ့။
“အူး ဝူး”
ကျွန်တော် တုန်တုန်ရီရီနှင့် ရုန်းသည်။ ဒါပေမဲ့ စစ်သားတွေက အရေးမစိုက်ဘဲ ရဲတိုက်မြေအောက်ခန်းကို ဆွဲခေါ်သွားသည်။
‘ချီးပဲကွာ။ ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ တစ်သက်လုံး ထောင်ထဲ နေရတော့ မှာလား။ ခန် သေသွားရင်ကော ... မဖြစ်ဘူး၊ ဒီအသုံးမကျတဲ့ ဟုရိုင်အိဆိုတဲ့ ကောင်၊ မင်းဘာသာ တာဝန်မအောင်တာကို ငါ့ကိုပါ ဘာလို့ ဆွဲထည့်တာတုံး .....’
ကျွန်တော့်ကို စစ်သားတွေ ဆွဲခေါ်နေတုန်းမှာ တခုခု ဖြစ်လာသည်။
[တာဝန် ‘တရားမျှတမှု၏ တမန်တော်’ ကို ဖန်တီးလိုက်ပါပြီ]
[တရားမျှတမှု၏ တမန်တော်]
ခက်ခဲမှုအဆင့် : အက်စ်
ဝင်စတန်၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မြို့စားစတိုင်းထံသို့ သတင်းပို့ရန် ကြိုးပမ်းသည့် ဟုရိုင်အိသည် အဖမ်းခံလိုက်ရသဖြင့် တာဝန် ကျရှုံးသွားခဲ့သည်။
အချိန်အတော်ကြာ သူသည် တိုက်ပိတ်ခြင်းခံထားရ၏။
သင်သည်သာလျှင် ဟုရိုင်အိ၏ အခြေအနေအား သိရှိသောသူ ဖြစ်ပြီး သူ့အား ကူညီနိုင်သည့် တစ်ဦးတည်းသော လူလည်း ဖြစ်သည်။
တရားမျှတမှုအတွက် ဟုရိုင်အိအား ကယ်တင်ပါ။
တာဝန်အောင်မြင်မည့်အခြေအနေများ : ခုနှစ်နာရီအတွင်း မြေအောက်အကျဉ်းတိုက်အတွင်းဘက်အကျဆုံး၌ ချုပ်နှောင်ခံထားရသော ဟုရိုင်အိကို ကယ်တင်ပါ။
ဆုလာဘ် : ခေါင်းစဉ် ‘တရားမျှတမှု၏ တမန်တော်’။ ဝင်စတန်ဒေသခံများနှင့် ဆက်ဆံရေးသည် အမြင့်ဆုံးသို့ ရောက်ရှိသွားမည်။ ဝင်စတန်တွင် ဂုဏ်သတင်းသည် အမြင့်ဆုံးသို့ ရောက်ရှိသွားမည်။ ဟုရိုင်အိနှင့် ပူးပေါင်းလုပ်ဆောင်ရမည့် ချိတ်ဆက်ထားသော တာဝန်တစ်ခု ပေါ်ထွက်လာမည်။
*တရားမျှတမှုတမန်တော် : ‘သတ္တိ’ အညွှန်းကိန်း ပွင့်လာမည်။ အညွှန်းကိန်းအားလုံးအား ၁၀ မှတ် ပေါင်းထည့်ပေးမည်။ စွမ်းရည် ‘ချိုးဖောက်၍ မရနိုင်သော တရားမျှတမှု’ ဖြစ်ပေါ်လာမည်။
ပြစ်ဒဏ် : အဆင့် ၂ ဆင့်ကျမည်။ ခေါင်းစဉ် ‘ငကြောက်’ ဖြစ်ပေါ်လာမည်။
* ငကြောက် : NPC များနှင့် ဆက်ဆံရေး ကျဆင်းလာမည်။ တာဝန် ရရှိမည့် ဖြစ်နိုင်ခြေ ကျဆင်းလာမည်။
NPC များ၏ အထင်အမြင်သေးခြင်း ခံရမည်။
‘ဒီလို ဆုလာဘ်မျိုးကို တစ်နေရာမှ တွေ့ဖူးနေသလို ... အာ ဟုတ်သား’
ဒါက ဟုရိုင်အိ ကျွန်တော့်ကို အချက်အလက်ဖလှယ်ခဲ့တုန်းက အကြောင်းအရာတွေနဲ့ အတူတူပဲ။ ပြီးတော့ ဟုရိုင်အိနဲ့ အတူတူ လုပ်ရမဲ့ ချိတ်ဆက်တာဝန်ကလည်း ဖြစ်လာအုံးမယ်။
‘ငါကလည်း ခေါင်းစဉ်အသစ်တွေကို အတော်စွဲလမ်းတာ ဆိုတော့’
ဒါပေမဲ့
‘ငါက ဒီတာဝန်ကို မအောင်မြင်မှာ အသေအချာကို ဘာလို့ လက်ခံနေရမှာလဲ’
ကိုယ်တိုင်တောင် ထောင်ချခံရတော့မှာ။ တိုက်ပိတ်ခံထားရတဲ့ ဟုရိုင်အိကို ဘယ်လို ကယ်လို့ ရမှာလဲ။ ပြီးတော့ ပေးတဲ့ အချိန်က ခုနှစ်နာရီပဲတဲ့။ တာဝန် မအောင်မြင်ရင်လည်း ‘ငကြောက်’ ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ပတ်သွားနေရအုံးမယ်။
‘ဒီတာဝန်ကို ငါလက်ခံရအောင် ရူးနေပြီလို့ ထင်နေလား မသိဘူး’
‘ပြစ်ဒဏ်ကို ကြည့်အုံး အဆင့်ကျမယ်တဲ့။ ပြီးတော့ ငကြောက်ဆိုတဲ့ သောက်ကျိုးနည်းခေါင်းစဉ်ကြီးလည်း ရအုံးမယ်’
‘ငကြောက်’ ခေါင်းစဉ်က ‘နိုဘယ်သတ်ဖြတ်သူ’ ခေါင်းစဉ်လို ဆိုးသည်။ ဒီတာဝန် ငါ ဘယ်တော့မှ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ...
[တာဝန်အား ငြင်းဆန်၍ မရပါ။ တာဝန် စတင် အသက်ဝင်နေပါပြီ]
ဘာကြောင့်လဲ။ ဘာလို့ ဒါတွေက ငါ့ဆီမှာ လာဖြစ်နေတာလဲ။
“အူး ဝူး အူး အူး အူး”
ကျွန်တော် ရူးတော့မယ်။ ပါးစပ်ကို အဝတ်နဲ့ ဆို့ထားလို့ ကျိန်ဆဲလို့ မရတာက ပိုပြီး ကျွန်တော့်ကို မွန်းကြပ်စေသည်။ ပါးစပ်က အဝတ်စက သရေတွေနဲ့ ရွှဲနှစ်နေပြီး သရေတွေက အပြင်ဘက်တောင် ထွက်ကျလာတော့ စစ်သားတွေက အနောက်ကနေ ဖြောင်းကနဲ ရိုက်လိုက်သည်။
“မျိုးမစစ်ကောင် တိတ်တိတ်နေစမ်းပါ”
“ထားလိုက်စမ်းပါကွာ။ ဒီကောင်က အထီးကျန်တာက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာကို မသိဘူး။ သူရဲကောင်းတွေက အခွင့်အရေးပေးတုန်းလေး မယူခဲ့တာလေ။ ဒီငတုံးကောင်က။ လူအထင်ကြီးအောင် ဟန်ဆောင်နေတော့ ထောင်ချခံရပြီပေါ့”
“အူး ဝူး”
မမျှတဘူးလို့ ခံစားရသည်။ ဒီစစ်သားတွေက နားလည်မှုလွဲပြီး ပြောချင်တာကို ပြောနေတော့တာပဲ။
“အု”
မြေအောက်အနက်ကြီးထဲကို ခေါ်သွားပြီး ထောင်ထဲကို စစ်သားတွေက တွန်းပို့လိုက်သည်။ ပြီးတော့ အဝတ်စကို ဖယ်သင့် မဖယ်သင့် အချင်းချင်း ပြောနေကြသည်။
“ဟေး ငါတို့ သူ့ပါးစပ်ကို ဆို့ထားတာ ဖယ်ပေးသင့်လား”
“လီရိုက အစာကျွေးတဲ့ အချိန်မှ ဖယ်ပေးဖို့ မှာခဲ့သည်။ အရင်တုန်းက ဒီကောင် လျှာစောင်းထက်လွန်းလို့ လီရိုလို လူတောင် သတ်မိတော့ မလို ဖြစ်သွားသတဲ့”
“ဒီလို ကြောင့်ကို”
ဘာကို ဒီလိုလဲ။
“ဝူး ဝူး”
အဝတ်စကို ဖယ်ပေးကြစမ်းပါ။ နေအုံး။ စစ်သားတွေ ငါ့ကို ကြောက်နေကြတဲ့ အမူအရာတွေနဲ့ ကြည့်နေတာလဲ။
“ဝေါင်း၊ သူ ဘယ်လောက်တောင် ငါတို့ကို ကျိန်ဆဲချင်နေမှန်း မသိဘူး။ သရေတွေတောင် ကြမ်းပြင်မှာ ရေကန်ဖြစ်နေပြီ။ ငါတို့ ဒီကောင့်ကို တစ်နေ့လုံး ပါးစပ်ပိတ်ထားရင် သွေးတိုးလာမလား မသိ”
“ဒါက သူ့ရဲ့ ပါးစပ်သရမ်းမှုအတွက် အပြစ်ပေးတာလေ”
“အူး ဝူး .....”
ဟေ့ကောင်တွေ ကြိုးကိုတော့ ဖယ်ပေးခဲ့လေကွာ။ တကယ်လုံးကို ကြိုးချည်ထားတော့ လက်တောင် လှုပ်မရဘူးကွ။
ကျွီ ဂျလစ်
စစ်သားတွေက ကျွန်တော့်ကို လျစ်လျူရှုပြီး ထွက်သွားကြသည်။
‘သူတို့တွေ တကယ် ထွက်သွားကြတာပဲ’
ခန္ဓာကိုယ်ကလည်း ကြိုးနဲ့ တုပ်ထားခံရပြီး ပါးစပ်ကိုလည်း ဆို့ထားခံရသေးသည်။ ငါ တစ်သက်လုံးများ ဒီ နံဟောင်နေတဲ့ နေရာမှာပဲ အပိတ်ခံထားရမှာလား။ အချိန်တွေ ကလည်း တဖြည်းဖြည်း ကုန်လာနေပြီ။ ဟုရိုင်အိကို ကယ်ဖို့ အသာထား ငါ ကိုယ်တိုင်တောင် မလှုပ်နိုင်သေးဘူး။
‘ငါ ခက်ခက်ခဲခဲတင်ထားရတဲ့ အဆင့်လေးတွေ’
ငါက ဘာလို့ ‘ငကြောက်’ ခေါင်းစဉ်ကြီးကို ရရမှာလဲ။ ဟုရိုင်အိကို မကယ်နိုင်လို့ ငကြောက်လို့ အခေါ်ခံရမှာလား။
“ဝူး ဝူ”
ကယ်ကြပါ လို့ အော်သည်။ ဘယ်သူမှ ကျွန်တော့်ကို ပြန်မပြောကြဘူး။ ကျွန်တော့်ရဲ့ အော်ဟစ် ညည်းတွားသံတွေက နက်ရှိုင်း မှောင်နက်နေတဲ့ မြေအောက်အကျဉ်းတိုက်ထဲမှာ တစ တစနဲ့ ပျောက်ကွယ် တိတ်ဆိတ်သွားပါသည်။
ဘာမှ မလုပ်နိုင်ဘဲ အချိန်တွေက ကုန်နေပြီ။ ဖန်သားပြင်မှာတော့ တာဝန်အတွက် ကျန်ရှိတဲ့ အချိန်က ကုန်ဆုံးလာနေလို့ လေးနာရီပဲ ကျန်တော့သည်။ ငါ ထောင်ကျနေတာ သုံးနာရီတောင် ကြာသွားပြီပဲ။
‘ချီးပဲ ဘာကြောင့်လဲ’
ကျွန်တော်ဆိုတဲ့ ကောင်ဆီမှာ ကောင်းတာတွေရော မကောင်းတာတွေပါ အမြဲတမ်း ဖြစ်နေတာပါ။ အရင် ကံကောင်းခဲ့သမျှက ဒီနေ့အတွက် ရှေ့ပြေးနိမိတ်များ ဖြစ်နေမလား။
‘ငါ ဘယ်လောက် ကံဆိုးလဲ ဆိုတာကို မေ့သွားခဲ့တာပဲ .... ပျော်ရွှင်မှုတွေနဲ့ နစ်မြှုပ်နေခဲ့တာကွာ’
အသက်က ၂၆ နှစ်ကျော်နေပြီ။ ဒါကို လမ်းဘေးမှာ အကြွေစေ့လေးကိုတောင် ကောက်မရခဲ့ဖူးဘူး။ ငါ ဒဏ္ဍာရီလာဇာတ်ကောင်အမျိုးအစားမှာ ကံကောင်းခြင်းတွေ အကုန် သုံးပစ်လိုက်တာလား။
‘ကံကြမ္မာမိန်းမပျိုလေးကို ရိုက်ချင်နေပြီကွာ’
ကျွန်တော်က သူမကို ကျိန်ဆဲချင်နေတာ
“ဂရစ်ရေ ဂရစ်”
ကျွန်တော် အမျိုးသမီးအသံကို အပေါ်ထပ်ကနေ ကြားလိုက်ရသည်။
‘ဒီအသံက ဘယ်ကလာတာလဲ သေမင်းလား’
မဟုတ်ဘူး ငါ ရင်းနှီးတယ်။ ဘယ်မှာ ကြားဖူးနေ .....
‘အာ’
အဲရိနာ။ သူမအသံကလည်း မျက်နှာလေးလိုပဲ ချိုသာလိုက်တာ။ ဒီသောက်ကျိုးနည်းကမ္ဘာကြီး။ လူတစ်ယောက်တည်းကို လှပမှုတွေ အများကြီး ဘာလို့ စုပုံပေးထားရတာလဲ။
‘ဒီကလေးမလေးရော ဘာလို့ ဒီရောက်လာတာလဲ။ ဟာ မေးခွန်းထုတ်ရမဲ့ အချိန် မဟုတ်ဘူးလေ’
ဒါက အံ့ဩစရာကောင်းပေမဲ့ အခု အချိန်မှာ သူမက ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ငါ အကူအညီလိုတယ်။
“ဝူး ဝူး အူး အူး”
ဒီမှာဟေ့။ ငါ ဒီမှာ ရှိတယ်။ ကျွန်တော် ကြိုးစားအော်သော်လည်း အဝတ်စနဲ့ ဆို့ထားသဖြင့် အသံက သိပ်မထွက်ချေ။
အဲရိနာက ကျွန်တော့်ကို အပေါ်ထပ်မှာ ရှာနေတုန်းပါပဲ။ “ဂရစ်ရေ နင် ဘယ်မှာလဲ။ ငါ့ကို အသံပေးအုံး”
“အူး .......”
ပါးစပ်ကနေ အသံနက်ကြီး ထွက်လာသည်။ ဒါပေမဲ့ အဲရိနာက ကျွန်တော့်ကို ရှာမတွေ့သေးဘူး။ ဖန်သားပြင် ထိပ်ဆုံးမှာလည်း တာဝန်က နှစ်နာရီပဲ ကျန်တော့သည်။ ဟုရိုင်အိအတွက် နှစ်နာရီပဲ။
ငါ ဘာလုပ်ရမလဲ။ ချီးပဲ။ မသိဘူး။ တခုခုတော့ လုပ်ရမယ် လေကွာ။
“အူး အူး”
“ဂရစ်လား”
ဟူး နောက်ဆုံးတော့ ...
အဲရိနာက ကျွန်တော့်အသံကို ကြားတာနဲ့ အောက်ကို ပြေးဆင်းလာသည်။ သူလေးက ကျွန်တော့်အမြင်မှာ နတ်သမီးလေးလိုပဲ၊ လှပလိုက်တာ။
“ငါ နင့်ကို အခုပဲ ကယ်ပေးမယ်နော်။ ကြည့်စမ်း ဒါက ဘယ်သူ့ ဓားမြှောင်လို့ ထင်လဲ။ နင့် ဓားမြှောင်လေ။ ငါ ယူလာပေးတာ”
“အု အူး”
အဲရိနာ ကိုင်ထားတာက မန်းနဲထောဦးချိုနဲ့ လုပ်ထားတဲ့ ဓားအိမ်လေးပဲ။ ဒီဓားမြှောင်လေးက သူမနဲ့ ပြိုင်ပွဲတုန်းက ကျွန်တော် လုပ်ခဲ့တဲ့ ဟာလေးပါလား။