← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အပိုင်း (၄၅) ယူဖီမီနာ တောင်းပန်ပါတယ်နော်

ဝင်စတန်ရဲတိုက်၏ မြေအောက်အကျဉ်းထောင်ထဲတွင်

တတိယမြေအောက်အထပ်မှာ ကျွန်တော့်ကို အကျဉ်းချထားသော်လည်း ယူဖီမီနာက ကျွန်တော့်ကို ကယ်ခဲ့သည်။ အခုတော့ ယူဖီမီနာနဲ့ ပေါင်းပြီး ဟုရိုင်အိကို ရှာနေတုန်းပဲ။

“ချီးပဲ။ ရှာနေတာ နေရာစုံနေပြီ။ ခုထိ ရှာမတွေ့သေးဘူး။ ဟုရိုင်အိဆိုတဲ့ ကောင် ဘယ်မှာ ပိတ်မိနေတာလဲ”

“ဒီအထပ်မှာ မရှိဘူးထင်တယ်။ ငါတို့ နောက်ထပ် အောက်ကို ဆင်းရှာကြည့်ရမယ်”

“အမ် သုံးလွှာပဲ ရှိတာ မဟုတ်ဘူးလား”

“ငါ ရထားတဲ့ သတင်းအရတော့ လေးလွှာရှိသတဲ့”

“ဒါဆို ငါ လေးလွှာဘက်ကို သွားရှာကြည့်လိုက်မယ် ...”

အချိန်ကလည်း တစ်နာရီနဲ့ ဆယ်မိနစ်ပဲ ကျန်တော့တာမို့ အချိန်ကုန်လာလေလေ ကျွန်တော် ပိုပြီး ဒေါသထွက်လာနေပါသည်။ အချိန်မမှီတော့ရင် ကျွန်တော် ရမဲ့ ပြစ်ဒဏ်က တကယ်ကို ဆိုးရွားလွန်း အားကြီးသည်။ အခုအချိန်မှာ ကျွန်တော် ဖြစ်နိုင်သမျှ မြန်မြန် ဟုရိုင်အိကို ရှာတွေ့ချင်နေသည်။

ဒါပေမဲ့ ဝင်စတန်ရဲတိုက်မြေအောက်အကျဉ်းထောင် ဖွဲ့စည်းပုံက အရမ်းကြီးမားပြီး လျှောက်လမ်းတွေကလည်း ဝင်္ကပါလို ရှုပ်ထွေးနေသည်။ အခုအချိန်မှာ လေးထပ်ကို ဆင်းဖို့ လှေကားကိုတောင် ရှာမတွေ့သေးပါဘူး။

“တကယ်ကော လေးလွှာမြောက်က ရှိလို့လားကွာ။ သုံးလွှာပဲ ရှိတာ မဟုတ်ဘူးလား။ ဟုရိုင်အိက ဒုတိယနဲ့ ပထမထပ်မှာ ရှိတာ ဖြစ်နိုင်မယ် ...”

“နင့်ကို ပထမထပ်နဲ့ ဒုတိယထပ်မှာ လိုက်ရှာတုန်းက ဟုရိုင်အိလို့ ခေါ်တဲ့ အကျဉ်းသားကို မတွေ့ခဲ့ဘူး။ ပြီးတော့ လေးလွှာက တကယ်ရှိတာ။ ဒီသတင်းက ငါ ယုံကြည်ရတဲ့ သတင်းပေးဆီက ရခဲ့တာဆိုတော့ စိတ်ချလို့ ရပါတယ်”

“ဒါဆို .... လေးထပ်ကို ဆင်းဖို့ လှေကားက ဘယ်မှာတုံး ...”

“နားပူနားဆာ လာလုပ်မနေနဲ့။ ငါအနှောင့်အယှက်ဖြစ်တယ်”

“.... ဟုတ်ကဲ့ တောင်းပန်ပါတယ်”

ကျွန်တော်တို့ လိုက်ရှာနေတုန်း အချိန်ကလည်း ကုန်လာနေပြီ။ ခု မိနစ်ငါးဆယ်ပဲ ကျန်တော့သည်။ ဒီကြားထဲ စစ်သားတွေကလည်း လိုက်ဖမ်းနေပြီး လျှောက်လမ်းမှာ ထောင်ချောက်တွေလည်း ဆင်ထားသေးသည်။

‘တော်သေးသည်။ ဘယ်ကောင်ကများ ထောင်ချောက်တွေကို ဒီလို မြင်သာအောင် ထောင်ထားတာလဲ။ ထောင်ချောက်မိမှာကို စိုးရိမ်ဖို့တော့ မလိုလောက်ဘူး’

ဒီထောင်ကို ကျောက်တုံးတွေနဲ့ ဆောက်ထားတာပါ။ ကြမ်းပြင်၊ နံရံ နဲ့ မျက်နှာကြက်တွေ အားလုံးက ကျောက်တုံးတွေနဲ့ လုပ်ထားတာပဲ။ မြေအောက်လို့ ခေါ်ထိုက်ပါသည်။ နေရောင်တိုးမပေါက်ဘူး။ နေရောင်မရှိတော့ ဘာအပင်မှ မရှင်သန်နိုင်ဘူးပေါ့။

ဒါကို ကြမ်းပြင်မှာ ပန်းတွေ မြက်တွေ ပေါက်နေတဲ့ နေရာတချို့ ရှိနေသည်။ တချို့အပင်တွေဆို သစ်သီးတွေ တွဲလောင်းကျလို့။ ပြီးတော့ နံရံတွေရဲ့ အုတ်ဆက်ထားတဲ့ နေရာမှာ အရည်အသွေးမြင့်တဲ့ အိုင်တမ်တွေ တောင်ရှိသေးသည်။

ဒါက သဘာဝမှ မကျတာ။

‘အကုန်လုံးက ထောင်ချောက်တွေ ချည်းပဲ’

မူလတန်းကလေးတောင် ထောင်ချောက်တွေမှန်း သိသည်။

“ခေါင်းငုံ့လိုက် သေလိမ့်မယ်”

“အမ်”

ယူဖီမီနာအသံ ကြားလိုက်တာနဲ့ မြန်မြန် ခေါင်းငုံ့လိုက်သည်။ မြားတွေက ကျွန်တော့်ကို ဖြတ်ကျော်သွားပြီး နံရံမှာ စိုက်ဝင်သွားသည်။ ဒါကို မြင်တော့ ကျွန်တော် ငိုမိတော့ မတတ်ပဲ။

“အဟွတ် ဟွတ် ... တော်သေးတာပေါ့ ထိတော့မလို့”

ကျွန်တော် သက်ပြင်းချရင်း ချွေးသုတ်နေတုန်း ယူဖီမီနာက အနောက်ကနေ တွန်းလိုက်သည်။ ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ် ပစ်လဲကျသွားပေမဲ့ အရင် ရပ်နေတဲ့ နေရာက လှံတစ်ချောင်း အရှိန်နဲ့ ထွက်လာတာ မြင်တော့ စိတ်သက်သာရာ ရသွားသည်။ ယူဖီမီနာသာ မတွန်းခဲ့ရင် ငါ အခုဆို လှံက ခေါင်းကို ဖောက်ဝင်သွားပြီး လောက်ပြီ။

ကြက်သီးထဖို့ ကောင်းလိုက်တာ။

“ဟာ နင် ဘာတွေ လျှောက်လုပ်နေတာလဲ”

“တောင်းပန်ပါတယ် ငါ ထောင်ချောက်ကို မတော်တဆ ထိမိသွားတာ”

ယူဖီမီနာက ရယ်ရင်းနဲ့ လမ်းလျှောက်လာသည်။ သူ့ရဲ့ လက်မှာလည်း အရောင်စုံတဲ့ ပန်းတစ်ဆုပ်နဲ့ပေါ့။

ဒီကလေးမ ရူးများနေတာလား။

“ဒီလိုနေရာမျိုးမှာ ပန်းတွေ ပွင့်နေသည် ဆိုကတည်းက ထောင်ချောက်ဆိုတာ အသိသာကြီးလေ။ ဒါကို ပန်းတွေ ခူးလိုက် သေးသည်လား။ ဟမ်။ အသုံးမကျတဲ့ ကောင်မလေး။ ဒီလို ထောင်ချောက်မျိုးမှာ လွယ်လွယ်ကူကူ မိသွားတာပေါ့။ ငါ သေရင် မင်းအပြစ်ကြောင့်ပဲ။ ချီးပဲ။ အသုံးမကျတဲ့ ကောင်မလေး။ ငါ သေရင် မင်း တာဝန်ယူရမယ်။ ဘာမှ လျှောက်မလုပ်ဘဲ ငါ လုပ်တဲ့ အတိုင်း လိုက်လုပ်”

သူမကို ဒီလို အော်ချင်ပေမဲ့ မလုပ်ရဲဘူး။

‘သည်းခံ သည်းခံ’

ဒေါသကို မနည်း ထိန်းထားရသည်။ ယူဖီမီနာက လူပုံကို ကြည့်တော့သာ ကလေးလေးပုံ ပေါက်နေပေမဲ့ သူ့စွမ်းအားက နောက်စရာ မဟုတ်ဘူး။ ပြီးတော့ ရှားပါးတဲ့ မော်ကွန်းဇာတ်ကောင်အမျိုးအစားကိုလည်း ပိုင်ထားသေးသည်။ သူမလို ကောင်မလေးနဲ့ ခုတော့ သွားရှုပ်လို့ မရဘူး။

ပြီးတော့ ဟုရိုင်အိကို ကယ်ဖို့ သူမရဲ့ ခွန်အားကို လိုအပ်သေးတာလေ။ အမှားတွေ လုပ်နေလည်း ကျွန်တော် တတ်နိုင်တာက ဆက်မလုပ်အောင် ချော့နေရုံပါပဲ။

“ဂ ဂရုစိုက် ပြီးနေနော်။ နင့်လို ငါက ခုခံရေးမှော်မသုံးနိုင်ဘူး”

“အင်း အင်းပါ ငါ တောင်းပန်ပါတယ်”

ယူဖီမီနာက ရိုးသားပြီး ဘာမှမသိတဲ့ ကလေးလေး ပုံစံနဲ့ လာတောင်းပန်နေတော့ ကျွန်တော် ဒေါသပိုထွက်လာသည်။

“ဒီမိန်းကလေး။ လူတစ်ယောက်ကို သတ်လုနီးပါး ဖြစ်ခဲ့တာတောင် ဒီလို ရိုးသားတဲ့ ပုံစံနဲ့ ဟန်ဆောင်နေသေးလား။ ခုချက်ချင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ချေ”

ကျွန်တော်လည်း ဒီလို အော်ချင်တာပေါ့ဗျာ။

“သည်းခံ .... ဟူး အမ်”

ကျွန်တော် စိုးရိမ်မှု အာရုံကို ခံစားလိုက်ရ သလိုပဲ။ ယူဖီမီနာက မျက်နှာကြက်ကနေ တွဲလောင်းကျနေတဲ့ ဌက်ပျောသီးတွေကို စိုက်ကြည့်နေသည်။

‘စားဖို့ ကြံနေတာတော့ မဟုတ်ဘူး မှတ်လား။ ဒီလောက် သံသယ ဖြစ်စရာ ကောင်းနေတာကို။ မဖြစ်နိုင်ဘူး။ သူက မျောက်မမှ မဟုတ်တာ...’

ဒီအချိန်မှာ။ ယူဖီမီနာက ခုန်လိုက်ပြီး ဌက်ပျောသီးကို ဆွဲလိုက်သည်။

ဘာလို့လဲ။ မဖြစ်ရဘူး။

တက်ခ်

ယူဖီမီနာက ဌက်ပျောသီးကို ထိလိုက်တာနဲ့ ကျွန်တော် ရပ်နေတဲ့ ကြမ်းပြင်က တုန်ယင်လာသည်။

“ခရက် ခရက်”

ခန္ဓာကိုယ်ကို တစ်ပတ်လှိမ့်လိုက်လို့ လွတ်သွားပေမဲ့ နောက်ဆုံးတော့ ယူဖီမီနာကို သည်းမခံနိုင်တော့ပါဘူး။

“နင် ဘာတွေ လျှောက်လုပ်နေတာလဲ။ အဲဒီဌက်ပျောသီးက ဘာလုပ်တာတုန်း”

ဌက်ပျောသီးကို ပလုပ်ပလောင်းနဲ့ စားနေတဲ့ ယူဖီမီနာက ပြန်ဖြေပါသည်။

“ပြွတ် ပြွတ်။ ငါက ဌက်ပျောသီးတွေ့ရင် မစားရ မနေနိုင်ဘူး”

“ဟာ။ အကျဉ်းတိုက်ကြီးမှာ မျက်နှာကြက်မှာ ဌက်ပျောသီးကြီး တွဲလောင်းကျနေတာက ဒီလောက် ထူးဆန်းတာကို။ ဒါက ထောင်ချောက်ဆိုတာ အသိအသာကြီးလေ”

“ထူးဆန်းတာနဲ့ပဲ ထောင်ချောက်ဖြစ်ရောလား။ ဌက်ပျောသီးတွေက ကင်းလှည့်တဲ့ စစ်သားတွေ ဗိုက်ဆာရင် စားဖို့ ချိတ်ထားပေးတာ ဖြစ်ချင် ဖြစ်မှာပေါ့”

ယူဖီမီနာက သက်ပြင်းချလိုက်ပြီး “နားထောင် တကယ်လို့ လောကကြီးကို မကောင်းတဲ့ ရှုထောင့်ကနေ ကြည့်နေရင် မင်းမှာ သူငယ်ချင်းဆိုတာ ရှိလာမှာ မဟုတ်ဘူးနော်” ဟု ပြန်ပြောလိုက်သည်။

“…”

တခုတော့ သေချာသည်။ ယူဖီမီနာ ဒေါသထွက်နေပြီ။ ဒါကြောင့် တမင်တကာ ထောင်ချောက်တွေကို အသက်သွင်းနေတာပဲ။

‘နားလည်ပေးလို့ ရပါတယ်’

ယူဖီမီနာက ကျွန်တော့်ကို လာကယ်သည်ဆိုတာက သူမအတွက် အကျိုးရှိတဲ့ တာဝန်တစ်ခုခု ရခဲ့လို့ပဲ။ ဒါပေမဲ့ ဟုရိုင်အိကို ကယ်ရင်တော့ သူမအတွက် ဘာမှ အကျိုးမရှိဘူးလေ။ သူမ အခုလုပ်နေတာတွေက ကလေးတစ်ယောက် လိုချင်တာ မရလို့ ကလန်ကဆန် လုပ်နေတာနဲ့ အတူတူပဲ။ တာဝန်နဲ့ မသက်ဆိုင်တဲ့ လူကို ကယ်တာကို မကျေနပ်လို့ ရည်ရွယ်ချက်နဲ့ ထောင်ချောက်တွေကို အသက်သွင်းနေတာ။

‘ဒီကောင်မလေးက မနိုင်စိန်ပါလား ...’

မိန်းမလှလေးတစ်ယောက်က သဘောကောင်းဖို့ဆိုတာက ရှားပါသည်။ မိန်းမလှလေးတွေ အများစုက မွေးလာကတည်းက မင်းသမီးတစ်ပါးလို ကိုးကွယ်ခံခဲ့ရတာလေ။

‘ဒါပေမဲ့ အားယောင်ကတော့ လှပြီး သဘောလည်း ကောင်းသည်’

ကျွန်တော့်ရဲ့ အချစ်ဉီးလေး အားယောင်က သူမကို မြင်လိုက်တဲ့ လူတိုင်းကို နှလုံးသားသန့်စင်သွားအောင် လုပ်ပေးနိုင်တာဗျာ။

“အားယောင် ... ငါ မင်းကို နောက်ထပ် တွေ့ချင်သေးတယ်”

“အဲဒီမှာဟေ့ ကျူးကျော်သူတွေက ဒီမှာ”

“... မင်းတို့တွေ ငါ အားယောင် အကြောင်းတွေးနေတာကို နှောင့်ယှက်ရဲ ကြတာပဲ”

ကျွန်တော့်စိတ်ကူးထဲက အားယောင်ပုံလေးက အသံတွေကြောင့် ပျောက်ပျက်သွားသည်။ လာနေကြတဲ့ စစ်သားတွေက အယောက် ၅၀ လောက်ရှိမယ်။

ကျွန်တော် သက်ပြင်းချမိသည်။

“မကုန်နိုင်တော့ဘူးလားဟာ။ စိတ်ညစ်လိုက်တာ”

ယူဖီမီနာလည်း ညည်းတွားလိုက်သည်။

“ဝေ့ အခုအချိန်ထိ ငါပဲ သူတို့ကို တိုက်နေရတာ။ မင်းလုပ်နေတာက ရပ်ကြည့်တာ မဟုတ်ရင် ထွက်ပြေးနေတာ ချည်းပဲ။ ဒီလို ဘာမှမလုပ်ဘဲ နေတာ ရှက်ဖို့ ကောင်းနေပြီလို့ မထင်ဘူးလား။ လက်နက်ရှိနေတာပဲ။ တိုက်သင့်တယ်နော်”

“တိုက်ရမယ်။ ငါက ။ ငါမှ မတိုက်နိုင်တာ သူတို့ကို”

ယူဖီမီနာဆီက ပြိုင်ဘက်ကင်းအဆင့် ဓားမြှောင်ရခဲ့သည်။ ဓားမြှောင်က တိုက်ခိုက်စွမ်းအား မြင့်သည်ဆိုပေမဲ့ တိုက်ပွဲကို ဝင်လို့မရဘူး။

ဘာလို့လဲဆို။

“ချပ်ဝတ်မှ မရှိတာ”

“…”

ဘာမှ ခုခံနိုင်တဲ့ဟာ မပါဘဲ စစ်သားတွေကို တိုက်လို့ မရဘူးလေ။ ကျွန်တော် လုပ်နိုင်တာက ယူဖီမီနာ စစ်သားတွေကို ထိန်းထားတုန်းမှာ ဟုရိုင်အိကို မြန်မြန်ရှာနိုင်ဖို့ပဲ။

“ဟင် ချပ်ဝတ် မရှိရင်တောင် ဒီ စစ်သားတွေကို နင် လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တာ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ တကယ်တော့ ငါက မင်းထင်သလောက် မသန်မာဘူး။ မင်းနဲ့ သူတို့ကို ထားခဲ့မယ်”

“ဟမ် နေအုံး ဘာပြောတာလဲ ....”

ယူဖီမီနာရဲ့ ကျောကို ပုတ်လိုက်ပြီး ထောင်ချောက်ကြောင့် ပြိုကျသွားတဲ့ ကြမ်းခင်းအပေါက်ဆီကို ပြေးလိုက်သည်။

“သွားနှင့်ပြီ။ ဟုရိုင်အိကို ရှာမတွေ့ခင်အထိ သူတို့ကို ထိန်းထားပေး”

“ဝေး ဟေး”

ယူဖီမီနာက ကျွန်တော့်ကို ဖမ်းဖို့ ကြိုးစားပေမဲ့ အချိန်နှောင်းသွားပါပြီ။ ကျွန်တော်က သူ့ကို လျစ်လျူရှုလိုက်ပြီး အပေါက်ထဲကို ခုန်ဆင်းလိုက်သည်

ထန် ထန် ဝုန်း

“ဘုတ်”

[ မြင့်မားသော နေရာမှ ပြုတ်ကျလာသောကြောင့် ထိခိုက်မှု ၂၀၀ ရရှိသည်]

ယူဖီမီနာကို စစ်သားတွေနဲ့ ချန်ခဲ့တော့ တစ်ယောက်တည်း လေးထပ်ကို ရောက်သွားသည်။

“အဟွတ် ဟွတ် ... ကံကောင်းလို့ ဒဏ်ရာတော့ မရခဲ့ဘူး”

ဖုန်တွေနဲ့ ပေပွနေတဲ့ ခန္ဓာကိုယ်ကို ခါလိုက်ပြီး ပြုတ်ကျလာတဲ့ အပေါက်ဆီကို ကြည့်လိုက်သည်။ အလင်းရောင် မှိန်မှိန်နဲ့ အော်ဟစ်သံတွေကို ကြားရသလောက်ကတော့ တိုက်ပွဲ စနေကြပြီ ထင်သည်။

“ဟုတ်ပြီ။ ယူဖီမီနာ။ ဒီအတိုင်း ဆက်ထိန်းထား”

သူမက အာရုံစိုက်မှုတွေကို ယူထားလေ လေးလွှာက ငါ့အတွက် ချောင်လေလေပဲ။

“ဟက်ဟက် ခုတော့ ငါ ဟုရိုင်အိကို ရှာလို့ ရပြီ။ တော်လိုက်တဲ့ ငါ ကွာ”

ယူဖီမီနာကို စစ်သားတွေနဲ့ ထားခဲ့ရတာ စိတ်မကောင်းပေမဲ့ ငါ ဆိုတာကလည်း ကိုယ့်အတွက် အကျိုးရှိမယ်ဆို တခြားသူတွေကို အသုံးချတဲ့ လူစားမျိုးပဲလေ။

ယူဖီမီနာကို စိတ်မပူတဲ့ အကြောင်းက သူမက ပထမဆုံး မော်ကွန်းဇာတ်ကောင်အမျိုးအစားကို ရခဲ့တဲ့ လူဆိုတော့ အခုအချိန်ဆို တော်တော်ကြမ်းလောက်ရောပေါ့။ မန္တန်တောင် မရွတ်ပဲ မှော်ပညာကို သုံးနိုင်မှတော့ ဒီ ရာနဲ့ချီတဲ့ စစ်သားတွေနဲ့ ဒါဇင်နဲ့ချီတဲ့ ဆာသူရဲကောင်းတွေ ကြားမှာ ရှင်သန်နိုင်မှာပါ။

All Chapters