အခန်း ၄၆
Vol. 5 Ch. 46
အပိုင်း (၄၆) အရူးကောင်လီရို
‘ပုံတူကူးသူ ....’
သွေးစုန်းမယူရာက တောင်ကိုရီးယားမှာ အဆင့်တစ် ကစားသမားဖြစ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့်ငါးမှာ ရပ်တည်နေပါသည်။ ကစားသမားနှစ်ဘီလီယံထိပ်မှာ ရပ်တည်နေတဲ့ သူတောင်မှ မှော်ပညာအကြီးစား ထုတ်သုံးဖို့အတွက် မန္တန်အရှည်ကြီးတွေ ရွတ်ဖို့လိုသည်။ သို့သော် ပုံတူကူးသူဆိုတဲ့ မော်ကွန်းဇာတ်ကောင်အမျိုးအစားကို ရထားတဲ့ ယူဖီမီနာက ယူရာအသုံးပြုနိုင်တဲ့ စွမ်းအားအကြီးဆုံးမှော်ပညာနှင့် စွမ်းအားတူသည့် မှော်ပညာတွေကို မန္တန်တောင် ရွတ်ဖို့ မလိုဘဲ သုံးနိုင်သတဲ့။
‘ပုံတူကူးသူ တဲ့လား .... ဒီဟာက တခြားသူတွေရဲ့ စွမ်းရည်တွေကို ပုံတူးကူးထားနိုင်တဲ့ မှော်ပညာအမျိုးအစား ဖြစ်မယ်။ မော်ကွန်းဇာတ်ကောင်အမျိုးအစား ဆိုပေမဲ့ အရမ်းကြီး လွန်လွန်းတယ်နော်။ ဒါက ဂိမ်းမျှခြေကို ဖျက်ဆီးပစ်လိုက်တာပဲ’
မှော်ပညာရှင်တွေရဲ့ အားနည်းချက်က ဘာလဲဆို။
မှော်ပညာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနိုင်ပေမဲ့ မှော်ပညာရှင်တွေရဲ့ အားကောင်းတဲ့ တိုက်ခိုက်စွမ်းအားနဲ့ မြင့်မားတဲ့ ထိခိုက်မှုပေးနိုင်မှုက တခြားဇာတ်ကောင်အမျိုးအစားတွေထက် တပန်းသာတဲ့ အကြီးမားဆုံး အားသာချက်ကြီးပဲ။
အသန်မာဆုံးစစ်သည်တော်တစ်ယောက်က လှံတွေ ဓားတွေ ကိုင်ဆောင်ထားသည့် ဒါဇင်ချီသော ရန်သူတွေ ကြားမှာ ရန်သူတွေကို သတ်ဖြတ်နိုင်သည်။ သို့သော် မှော်ပညာရှင်တွေက စစ်တပ်ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ မန္တန်လေးပဲ ရွတ်ဖို့ လိုတာလေ။ မှော်ပညာရှင် ဆိုတာက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်စွမ်းအားတွေနဲ့ ပြည့်နေတဲ့ တည်ရှိမှုလို့ ဆိုလိုတာပဲ။
သို့သော် အချိန်တိုင်း မှော်ပညာတစ်ခု ထုတ်ချင်ရင် သက်ဆိုင်တဲ့ မန္တန်တစ်ခု ရွတ်ဖို့ လိုသည်။ မှော်ပညာအဆင့်က ပိုမြင့်လေ ရွတ်ဖို့ လိုအပ်တဲ့ အချိန်က ပိုပြီး ကြာလေလေပဲ။ ဒီတစ်ခုလေးက မှော်ပညာရှင်တွေရဲ့ ဆိုးရွားလွန်းသော အမည်းစက်ကြီးလို့ ပြောလို့ ရသည်။ ဒါပေမဲ့ ယူဖီမီနာက မှော်ပညာတွေကို မန္တန်ရွတ်စရာ မလိုပဲ အသုံးပြုနိုင်တာဆိုတော့ ဒီအားနည်းချက်က သူမနဲ့ မဆိုင်တော့ဘူး။
ပုံတူကူးသူဆိုတဲ့ ဇာတ်ကောင်အမျိုးအစားကို အကျဉ်းချုပ်လိုက်ရရင် မှော်ပညာရှင်တွေရဲ့ စွမ်းရည်တွေကို ကူးယူနိုင်ပြီး မှော်ပညာရှင်တွေရဲ့ အားနည်းချက်ကိုပါ ဖျောက်ထားပေးသည်။ သူမက တန်းမြင့်အဆင့် ပန်းပဲဆရာ လက်မှုအတတ်ပညာစွမ်းရည်ကိုတောင် သင်ယူလိုက်နိုင်သေးသည်။
“ .... ဟမ် ဒါဆို ပုံတူကူးသူက ဇာတ်ကောင်အမျိုးအစားအားလုံးက စွမ်းရည်တွေကို ပြစ်ဒဏ်မရှိပဲ ကူးနိုင်သည်ပေါ့ .... ဒါ ဒါက .... အား ငါ မသိတော့ဘူး။ သေချာတာက ဒါ တခြားကစားသမားတွေအတွက် မတရားဘူး”
ပုံတူကူးသူဇာတ်ကောင်အမျိုးအစား အကြောင်းကို ဆက်ပြီး မှန်းဆချင်သော်လည်း တွေးလေလေ ရင်ဘတ်က ပိုပြီးနာကျင်လာတာမို့ ဟုရိုင်အိကိုပဲ အာရုံစိုက်ပြီး လိုက်ရှာလိုက်တော့သည်။
***
“အဲဒီ အရှက်မရှိတဲ့ လူ ...”
ဂရစ် ထွက်ပြေးသွားလို့ ယူဖီမီနာပဲ စစ်သားတွေနဲ့ တိုက်နေရသည်။
ရက်ဘ်ဘစ်ဆီက တာဝန်ကို အောင်မြင်ချင်လို့သာ ဒီညစ်ပတ် နံဟောင်နေတဲ့ အကျဉ်းထောင်ကို လာပြီး ဂရစ်ကို လာကယ်ရတာ။ ပြီးတော့ ဂရစ်ကို သူမအတွက် ပြိုင်ဘက်ကင်းအဆင့် မှော်စက်လုံးလုပ်ပေးစေချင်လို့ ဓားမြှောင်ပြန်ပေးပြီး မျက်နှာလုပ်ပြီးပြီလေ။
သူမထင်တာက သူမသာ ဂရစ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူလဲ သူမလို ပြန်ဆက်ဆံမယ်ပေါ့။ ခုတော့ သူက ယူဖီမီနာရဲ့ စွမ်းအားကို သူ့ရဲ့ တာဝန်ရှင်းဖို့ စစ်သားတွေနဲ့ တူတူ ထားခဲ့ပြီ။
“တာဝန် အောင်မြင်ဖို့ တစ်ယောက်ယောက်ကတော့ ငါးစာလုပ်ပေးရမယ် ဆိုတာကို သိတယ် သိပေမဲ့။ ဒါပေမဲ့ကွာ ...”
ယူဖီမီနာမှာ ဒေါသအလွန်အကျွံ ထွက်လာသဖြင့် နောက်ဆုံးတွင် ဒေါသပေါက်ကွဲတော့သည်။
“အဲ့ဒီကျေးဇူးမသိတတ်တဲ့ ကောင်။ သူက ငါ့ကို အသုံးချရဲတာပေါ့။ ဒင်းလိုကောင်ကို မကယ်ဘဲ ထောင်ထဲမှာ ပစ်ထားခဲ့ရမှာ။ ခုတော့ ပြိုင်ဘက်ကင်းဓားမြှောင် ရင်းရကျိုးမနပ်ဘူး”
ချီး ....
ယူဖီမီနာ အနီးနားရှိ လေများသည် စတင် အေးခဲလာနေသည်။
“ဘယ် ဘယ်လို ကြီးလဲ”
“သူက မှော်ဆရာပဲ။ မန္တန်ရွတ်ဖို့ အချိန်မပေးမိစေနဲ့”
ယူဖီမီနာ အနီးရှိ စစ်သားများသည် သူတို့၏ ဦးထုပ်နဲ့ ချပ်ဝတ်များ စတင် အေးခဲလာသည်မှ တစ်ဆင့် အန္တရာယ်အငွေ့အသက်အား ခံစားနေရသည်။ သူတို့သည် ယူဖီမီနာအား အလျင်အမြန်တိုက်ခိုက်ကြသော်လည်း နောက်ကျသွားချေပြီ။
“ရေခဲဘုရင်မ၏ အသက်ရှူသံ”
အား ....
ရုတ်တရက် နှင်းမုန်တိုင်းများ ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်လာကြပြီး စစ်သားများသည် ခန္ဓာကိုယ်အောက်ပိုင်းမှ အထက်ပိုင်းသို့ စတင်အေးခဲလာကြသည်။
“အား ...”
“ခန္ဓာကိုယ် ... ငါ့ခန္ဓာကိုယ်က လှုပ်မရတော့ဘူး”
“အေး အေးတာ .... အရမ်းပဲ”
စစ်သားများသည် ခြေထောက်များ အေးခဲနေသဖြင့် ထွက်ပြေး၍ မရနိုင်တော့ဘဲ အတောမသတ်သော နာကျင်မှုများကို ခံစားနေရသည်။ မကြာမီတွင် ကြောက်ရွံ့တုန်လှုပ်နေသော ရေခဲရုပ်တုပေါင်း ၅၀ ကျော်အား ယူဖီမီနာက ဖန်တီးလိုက်သည်။
ရုပ်တုများအကြား ယူဖီမီနာ လမ်းလျှောက်ကာ ရေရွတ်လိုက်၏။
“ဂရစ် နင် ကတိအတိုင်း မှော်စက်လုံးမလုပ်ပေးရင် နင့်ကို မိုးမြေအဆုံးအထိ လိုက်သတ်မယ်”
ပီအာရိုအား ရင်ဆိုင်ရန် ပြင်ဆင်ထားသည့် မှော်ပညာများက ၁၁ ခုသာ ကျန်ရှိတော့သည်။ သို့သော် စစ်သားများက ကုန်ဆုံးမည့်ဟန် မတွေ့ရဘဲ စက်ရုံမှ ထုတ်နေသည့် အလား အဆက်မပြတ် လာရောက်တိုက်ခိုက်နေကြသည်။
အခုအချိန်အထိ သူရဲကောင်းများ၏ တည်ရှိမှုကို မခံစားမိသေးချေ။ ဝင်စတန်အုပ်ချုပ်သူ၏ သူရဲကောင်း ၅ ယောက်လုံး ရဲတိုက်တစ်နေရာရာတွင် ရှိနေသေးသည်။
ဒီကျန်တဲ့ မှော်ပညာ ၁၁ ခုက သူရဲကောင်း ၅ ယောက်နဲ့ စစ်သားဆူနာမီကြီးကို ရင်ဆိုင်နိုင်ပါ့မလား။ ဖြစ်နိုင်ချေ မရှိဘူး။ အန်ပီစီ သူရဲကောင်းတွေက အနည်းဆုံး အဆင့် ၁၈၀ ရှိသည်။ ငါ သူတို့အားလုံးကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။
“ဟာ ...”
ရက်ဘ်ဘစ်ဒ်ပေးသည့် တာဝန်အား လက်ခံမိသည်ကို ယူဖီမီနာ နောင်တရနေ၏။ သို့သော် ရေများက ဖိတ်ပြီးပြီ ဖြစ်သည့်အတွက် တာဝန် ကို လက်လျော့၍ မရပေ။
“သတင်းပို့ထားတာက နှစ်ယောက် မဟုတ်လား”
“ဂရစ် မရှိဘူး။ သတိထားကြ သူတို့ တစ်ခုခု ကြံစည်နေကြသည်”
“ဟုရိုင်အိပဲ။ ဂရစ် ဟုရိုင်အိကို သွားကယ်တာ နေမှာ။ တပ်ဖွဲ့တစ်ဝက်ခွဲပြီး လေးထပ်ဆီ လွှတ်လိုက်။ ကျန်တဲ့လူတွေ ဒီမိန်းမကို ရင်ဆိုင်ကြမယ်”
ယူဖီမီနာ တစ်ယောက်တည်း ရှိကြောင်း အတည်ပြုပြီးနောက် ဂရစ်နောက်သို့ လိုက်ရန် ဆုံးဖြတ်ချက် အလျင်အမြန် ချနိုင်ကြသည်။ မြောက်ပိုင်းစစ်သားတွေက ဗျူဟာကျွမ်းကျင်ကြသည်။ အပြင်းအထန်လေ့ကျင့်ကြလို့ အဆင့်နိမ့်တဲ့ စစ်သားတွေတောင် လွယ်ကူတဲ့ ပစ်မှတ်တွေ မဟုတ်ကြဘူး။ ငါ အကောင်းဆုံး ကြိုးစားရမယ်။
“နတ်ဆိုးဘုရင်နောက်လိုက် ... မရဘူး မီးမှော်ပညာကို ဒီနေရာမှာ သုံးရင် သေကြောင်းကြံနေတာနဲ့ အတူတူပဲ။ အလင်းဓား”
အဖြူရောင် တောက်ပနေသည့် ဓားတစ်လက်သည် လေထဲတွင် ပေါ်လာပြီး ဂရစ်နောက်သို့ လိုက်ရန် ပြင်နေသည့် စစ်သားများအား ရွယ်လိုက်၏။
တောက်ပနေသော ဓားသည် စစ်သားများ၏ ခန္ဓာကိုယ်များကို ပိုင်းဖြတ်သွားပြီး ကျန်ရှိသည့် စစ်သားများနှင့် ရင်ဆိုင်ရန် ယူဖီမီနာက မန္တန်တစ်ခု အသုံးပြုလိုက်သည်။
သူမတွင် မန္တန်ကိုးခုသာ ကျန်ရှိသော်လည်း စစ်သားများက ရပ်တန့်မည့်ဟန် မပြသေးပေ။ မရတော့ဘူး။ အန်စာတုံး လှိမ့်မှ ရတော့မယ်။
အန်စာတုံးလှိမ့်ခြင်းဟာ ပစ်မှတ်ကို ကျပန်းသက်ရောက်မှု တစ်ခု ပေးသော စွမ်းရည်ဖြစ်သည်။ ကံကောင်းလျှင် ယခု အခြေအနေကို ကျော်လွှားနိုင်မည် ဖြစ်သော်လည်း ကံမကောင်းလျှင် ပိုဆိုးသွားနိုင်သည်။ သူမ၏ ကံကောင်းခြင်း အညွှန်းကိန်း မမြင့်မချင်း အသုံးမပြုချင်သော်လည်း ရွေးချယ်ခွင့် မရှိတော့ပေ။
ဟုရိုင်အိကို ဂရစ် ကယ်ပြီးတဲ့ အချိန်အထိ အချိန်ဆွဲထားရမယ်။
“ပြဿနာက ဂရစ်ဆိုတာ ယုံကြည်လို့ မရတဲ့ ကောင်ပဲ ....”
ဂရစ်က သူမကို တစ်ယောက်တည်း ပြစ်ထားခဲ့ပြီး ထွက်ပြေးနိုင်သည်ကို တွေးမိသွားသဖြင့် ယူဖီမီနာ ကျောရိုး အေးစိမ့်သွားသည်။
‘ဒီအမှိုက်ကောင်ကို ယုံလို့ ရပါ့မလား။ အသိတရားလေး နည်းနည်းတော့ ရှိလောက်ပါတယ် ....’
သူ အကောင်းမြင်ရန် ကြိုးပမ်းသော်လည်း။
“ဝါး အဲဒီအမှိုက်ကောင်မှာ အသိတရား ရှိမှာ မဟုတ်ဘူး။ ငါတော့ သွားပြီ”
ယူဖီမီနာ ငိုချင်နေ၏။ ဖြစ်နိုင်လျှင် အတိတ်မှ ရက်ဘ်ဘစ်ဒ်တာဝန် လက်ခံသည့် သူမကို ပါးရိုက်ချင်နေမိ၏။
***
လေးလွှာ၏ အနက်ရှိုင်းဆုံးနဲ့ အထီးအကျန်ဆုံး နေရာတွင်။
“အား အင်း”
အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်ပါသဖြင့် နံဟောင်နေသော ရေပုပ်များကိုပင် အနံ့မရတော့ပေ။ သူဟာ မည်သည့်အရာကိုမှ မမြင်နိုင်သလို မကြားနိုင်ချေ။ အမှောင်ထုကြီး။ ငါ ဘယ်သူလဲ။ ဘယ်ရောက်နေတာလဲ။
အစစ်အမှန်အချိန်တွင် နာရီ ၅၀ ရှိပြီဖြစ်ပြီး ဆက်တစ်စ်ဖိုင်းန်တွင် နာရီ ၂၀၀ ကုန်ဆုံးသွားလေပြီ။
“အဟွတ် အဟွတ်”
ကြောက်မက်ဖွယ်ကောင်းသည့် ပဲ့တင်ထပ်သံများအား ဂရစ် ကြားလိုက်ရ၏။
“ဟုရိုင်အိလား”
ရင်းနှီးသော်လည်း မရင်းနှီးသည့် အသံပင်။ ဂရစ် အသံကြားသည့် ဦးတည်ဘက်သို့ ပြေးလိုက်သည်။
“ခွေးသူတောင်းစားရေ။ ငါ လာနေပြီ။ မင်း ငါ ဒီဘဝကို ရောက်အောင် လုပ်လို့ ပြန်ပေးဆပ်ရမယ်”
တာဝန် ပြီးတာတာနဲ့ အချက်နှစ်ရာလောက် ရိုက်ပစ်မယ်။
“ငါ မင်းကို စောင့်နေတာ” စစ်ဆေးသည့် အခန်းထဲတွင် ဂရစ်၏ စော်ကားမှုကို ခံခဲ့ရသော လီရိုက ဂရစ်ကို တားဆီးလိုက်သည်။
“ လူပျိုသရဲကြီး။ ဘာလို့ ဒီကို ရောက်နေတာလဲ”
သူရဲကောင်းများက သုံးထပ် သို့မဟုတ် ထွက်ပေါက်အား ပိတ်ဆို့ထားမည်ဟု ထင်ထားသည့် ဂရစ်က လေးထပ်တွင် သူရဲကောင်းအား တွေ့လိုက်ရသဖြင့် စိတ်ရှုပ်သွား၏။
“ဘယ်သူက လူပျိုသရဲလဲ” လီရို၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသော်လည်း ရှင်းပြလိုက်သည်။ “မင်းက ဟုရိုင်အိရဲ့ မိတ်ဆွေမလား။ မင်း ဟုရိုင်အိကို လာကယ်မယ် ထင်လို့ ဒီမှာ လာစောင့်နေတာ ငါ ထင်တဲ့အတိုင်းပဲ”
‘ချီးပဲ။ ငါက ဟုရိုင်အိနဲ့ စကားလေး နည်းနည်းပဲ ပြောဖူးတာကို။ အန်ပီစီတွေက ခေါင်းသုံးတတ်တာပေါ့’
ပတ်ပတ်လည်ကြည့်လိုက်သော်လည်း လီရိုအပြင် တခြားလူများအား မတွေ့ရချေ။
လီရိုက ဂရစ်ကို ကြည့်ပြီး သရော်လိုက်၏။ “ဟ ငါက စစ်သားတွေကို ခေါ်လာမယ်လို့ ထင်နေလား။ အထင်မကြီးစမ်းပါနဲ့။ မင်းလောက်က ငါနဲ့တင် လုံလောက်နေပြီ။ ဂရစ် ... မင်း ငါ့ကို စော်ကားခဲ့တာတွေ အတွက် ပြန်ပေးဆပ်ဖို့ အချိန်ရောက်ပြီ”
လီရို အလွန်ကျေနပ်နေသည်။ ဂရစ်မှာ သူ့အား အလွန်အမင်း စော်ကားခဲ့သော်လည်း တခြားသူများက တားဆီးခဲ့သဖြင့် ပညာ ပြန်ပေးခွင့်မရခဲ့ပေ။
‘သူလို အရူးကို ဒေါသထွက်အောင် လုပ်မိခဲ့တာလား ... အစောကတည်းက သိရင် ဒီအရူးကို ရန်မစခဲ့ပါဘူး’
ဂရစ်မှာ လူများကို မကျိန်ဆဲသင့်ကြောင်း နားလည်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ။
လီရို ရှေ့သို့ တရကြမ်း ပြေးထွက်လာ၏။
ဂရစ် စွမ်းရည် အသုံးပြုလိုက်သည်။
“ပန်းပဲဆရာ၏ဒေါသ။ လျင်မြန်သော လှုပ်ရှားမှုများ”
[ပန်းပဲဆရာ၏ဒေါသ အသက်သွင်းလိုက်ပါပြီ။ သင့်တိုက်ခိုက်စွမ်းအားနှင့် တိုက်ခိုက်အမြန်နှုန်းများ စက္ကန့်နှစ်ဆယ်ကြာ တိုးလာမည်]
[လျင်မြန်သောလှုပ်ရှားမှုများ အသက်သွင်းလိုက်ပါပြီ။ သင့်အမြန်နှုန်းနှင့် ရှောင်တိမ်းနိုင်စွမ်းသည် တစ်မိနစ်ကြာ တိုးလာမည်]