← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အပိုင်း (၄၈)

ပုံတူကူးသူဟာ တဖက်လူရဲ့ စွမ်းရည်တွေကို ခွဲခြမ်းစိတ်ဖြာလိုက်ပြီး ပုံတူကူးလိုက်ပါသည်။ အဲဒီပုံတူကူးလိုက်တဲ့ စွမ်းရည်တွေကို မည်သည့်အခြေအနေမှာမဆို အသုံးပြုနိုင်သည်။ ပုံတူကူးသူများက ကြိုက်နှစ်သက်ရာစွမ်းရည်တွေကို အလိုရှိသလို ကူးယူနိုင်တာကြောင့် သူတို့ကူးယူထားတဲ့ စွမ်းရည်တွေအပေါ် မူတည်ပြီး သူတို့အလိုရှိတဲ့ ဘာမဆိုဖြစ်နိုင်သည်။ ဒါကြောင့် ဒီဇာတ်ကောင်အမျိုးအစားဟာ Satisfy က ဇာတ်ကောင်အမျိုးအစားတွေအားလုံးထဲမှာ အကျိုးအရှိဆုံးတောင် ဖြစ်နိုင်ပါသည်။

သူတို့ဟာ တိုက်ခိုက်ရေးမှာလည်း ဆရာတစ်ဆူဖြစ်သည်။ ကူးယူထားတဲ့ စွမ်းရည်တွေကို ပေါင်းစပ်အသုံးပြုပြီး ဘော့စ်ကို တစ်ယောက်တည်းတိုက်ခိုက်တာ၊ အသန်မာဆုံး လုပ်ကြံသတ်ဖြတ်သူ ဒါမှမဟုတ် စစ်တပ်တစ်ခုကိုတောင် တစ်ယောက်တည်း သုတ်သင်ရှင်းလင်းနိုင်သည်။ ဒါကြောင့် ပုံတူကူးသူက ‘အသန်မာဆုံး’ ခေါင်းစဉ်နဲ့ အနီးစပ်ဆုံး ဇာတ်ကောင်အမျိုးအစားလို့တောင် ပြောလို့ရသည်။

ဒါပေမဲ့ ပုံတူးကူသူမှာလည်း အားနည်းချက်တွေ ရှိတာပေါ့။

ပထမအားနည်းချက်က တစ်နေ့မှာ စွမ်းရည်သုံးခုသာ ပုံတူကူးနိုင်သည်။ ဒုတိယအချက် .... ပုံတူကူးထားတဲ့ စွမ်းရည်ကို တစ်ကြိမ်သာ အသုံးပြုလို့ရသည်။ တတိယ.... သူမမှာ မူရင်းစွမ်းရည်ကိုးခုသာ ရှိပြီး အဲဒီထဲက တစ်ခုကမှ တိုက်ခိုက်ရေးစွမ်းရည်တွေ မပါဘူး။ လေးခုမြောက်... မှော်ဆရာတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာက ပျော့ညံ့လွန်းသည်။

ယူဖီမီနာဟာ ကူးယူထားတဲ့ စွမ်းရည်တွေ အများကြီးလက်ဝယ်ရှိချိန်မှာ အသန်မာဆုံးဖြစ်ပေမဲ့ စွမ်းရည်အနည်းငယ်ပဲ ကျန်ရင် အားအနည်းဆုံးဖြစ်သည်။ အခုလည်း သူမဟာ အားအနည်းဆုံးအခြေအနေမှာ ရှိနေပါသည်။

"အကုန်ပျက်စီးသွားပြီ" ယူဖီမီနာဟာ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။

ဂရစ်ဟာ လေးထပ်ကို သွားပြီး သုံးထပ်မှာ သူမကို တစ်ယောက်တည်း ထားခဲ့ပါသည်။ ရာနဲ့ချီတဲ့ စစ်သားတွေကို အနိုင်ယူဖို့ သူမဟာ စွမ်းရည်တွေ အများကြီးကို အသုံးပြုခဲ့ရသည်။ မီးမှော်ပညာက သုံးခုကျန်သေးပေမဲ့ ဒီမြေအောက်မှာ မီးမှော်ကို အသုံးပြုလို့ မရပါဘူး။

ဒီလိုအခြေအနေမှာ စစ်သူရဲကောင်းလေးယောက်က ဒီအခိုက်အတန့်ကို စောင့်နေသလိုမျိုး သူမကို ဝိုင်းစောင့်ကြည့်နေသည်။

"ငါ အရူးပဲ ..."

ဂရစ်ကလည်း အခုထိ ပြန်ရောက်မလာသေးဘူး။ လေးထပ်မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားသည်။ ဖြစ်နိုင်တာက ဂရစ် ပေါက်ကွဲမှုထဲမှာ သေဆုံးသွားဖို့ ဖြစ်နိုင်ခြေ အတော်များသည်။

'သူ အသက်ရှင်ပြီး ဟုရိုင်အိကို ကယ်နိုင်ခဲ့ရင်တောင် ငါ့ကို ပြန်လာကယ်မှာလို့တောင် သေချာရဲ့လား'

ဂရစ်.... သူ.... တစ်ယောက်တည်း ကိုယ်လွတ်ရုန်းသွားတာလား။ စစ်သူရဲကောင်းတွေဟာ စိတ်ဝိညာဉ်ကင်းမဲ့နေသယောင် အရူးလို မတ်တပ်ရပ်နေတဲ့ ယူဖီမီနာကို ဓားနဲ့ ရွယ်လိုက်သည်။

"မင်းက သန်မာတဲ့ အမျိုးသမီးပဲ။ စစ်သားငါးရာကျော်ကို တစ်ယောက်တည်း အရူးအမူး သတ်ဖြတ်နိုင်ခဲ့သည်။ မင်းမှာ ကြီးမြတ်တဲ့ မှော်ဆရာဆိုတဲ့ ခေါင်းစဉ်ရှိလား"

စစ်သူရဲကောင်းတွေဟာ ယူဖီမီနာကို မတိုက်ခိုက်ရဲသေးပါဘူး။ သူတို့ရှေ့မှာတင် ဒီအမျိုးအမီးက စစ်သားရာနဲ့ချီကို အရူးအမူး သတ်ခဲ့တာလေ။ ဒီတော့ သူမကို သတိထားရမှာ မမှားပါဘူး။

"အခု ရဲတိုက်မှာ ကျန်တဲ့ တပ်သားတွေက အုပ်ချုပ်သူရဲ့ ကိုယ်ရံတော်တွေပဲ။ ထွက်ပေါက်ကို ပိတ်ဖို့ ဘယ်သူမှ မရှိတော့လို့ ငါတို့ သူမနဲ့ တိုက်ခိုက်နေချိန်မှာ ဂရစ် လွတ်မြောက်သွားနိုင်တယ်”

"အခွင့်အရေးရှိပါသေးတယ် လီရိုက လေးထပ်ကို ဆင်းသွားပြီ မဟုတ်လား။ ခုဆို လီရိုက ဂရစ်ကို လိုက်မှီပြီး ပျော်ပျော်ကြီးသတ်နေလောက်ပြီ"

"အုပ်ချုပ်သူကို စောင့်ခိုင်းလို့ မဖြစ်ဘူး။ အဆိုးဆုံးအနေနဲ့ ငါတို့ သေသွားနိုင်တာကို ထည့်စဉ်းစားရမယ်"

"ဟုတ်တယ်..... မကြောက်နဲ့ တိုက်ကြ ငါတို့က လေးယောက် သူက တစ်ယောက်ထဲပဲ"

စစ်သူရဲကောင်းလေးယောက်ဟာ ဆုံးဖြတ်ချက်ချလိုက်ပြီး ယူဖီမီနာဆီ ပြေးဝင်လာသည်။ အခု ယူဖီမီနာလည်း ဆုံးဖြတ်ချက်ချရတော့မည်။

'ငါ အချိန်ထပ်မဆွဲနိုင်တော့ဘူး'

ယူဖီမီနာဟာ ရွှေရောင်အန်စာတုံးတစ်ခုကို ထုတ်လိုက်သည်။ အဲဒီအိုင်တမ်ဟာ သူမက ဂရစ်နဲ့ အိုင်တမ်လုပ်တဲ့ ပြိုင်ပွဲမှာနိုင်လို့ ရထားတဲ့ အန်စာတုံးလှိမ့်ခြင်းစွမ်းရည် ဖြစ်ပါသည်။

[အန်စာတုံးလှိမ့်ခြင်း]

အန်စာတုံးလှိမ့်လိုက်ပါက အခြေအနေအပေါ်မူတည်၍ နံပါတ်တစ်ခု ရရှိပါမည်။

* သင့်အပေါ် ဒါမှမဟုတ် သင့်မဟာမိတ်အပေါ် ရည်ရွယ်အသုံးပြုခဲ့ပါက နံပါတ်လေး သို့မဟုတ် ဒီနံပါတ်ထက် မြင့်မားသော နံပါတ်များ ရရှိပါက ကောင်းသော သက်ရောက်မှုများ ရရှိမည်ဖြစ်ပြီး နံပါတ်သုံး သို့မဟုတ် ဒီနံပါတ်ထက် နိမ့်သော နံပါတ်များ ရရှိပါက မကောင်းသော သက်ရောက်မှုများ ဖြစ်ပေါ်မည်။

* သင့်ရန်သူအပေါ် ရည်ရွယ်အသုံးပြုခဲ့ပါက နံပါတ်လေး သို့မဟုတ် ဒီနံပါတ်ထက် မြင့်မားသော နံပါတ်များ ရရှိပါက မကောင်းသော သက်ရောက်မှုများ ရရှိမည်ဖြစ်ပြီး နံပါတ်သုံး သို့မဟုတ် ဒီနံပါတ်ထက် နိမ့်သော နံပါတ်များ ရရှိပါက ကောင်းသော သက်ရောက်မှုများ ဖြစ်ပေါ်မည်။

စွမ်းရည်မှော်စွမ်းအင်စားသုံးမှု - 1,000

စွမ်းရည်ထပ်မံအသုံးပြုရန် ကြာချိန် - 3,000 seconds

သူမဟာ အန်စာတုံးလှိမ့်ပြီး ယခုထက် အခြေအနေပိုဆိုးရွားသွားနိုင်ပါသည်။

'အခြေအနေတွေက အရမ်းဆိုးလာရင် ငါ မီးမှော်သုံးလိုက်တော့မယ်'

ယူဖီမီနာဟာ သူမတစ်ယောက်တည်းတော့ အသေမခံနိုင်ပါဘူး။ ဂရစ်ကလည်း ပြန်လာမဲ့ အရိပ်အယောင် မတွေ့သေးတာကြောင့် သူမကို သစ္စာဖောက်သွားတဲ့ ဂရစ်ကို အဆိုးရွားဆုံးနည်းလမ်းတွေနဲ့ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါသည်။

ထိုအချိန်တွင်....

"မင်းတို့ စစ်သူရဲကောင်းဆိုတဲ့ ကောင်တွေ အားနည်းသူကို ဝိုင်းအနိုင်ကျင့်နေကြတာပေါ့ ... အာ ဒီမိန်းမက အားမနည်းဘူး ဒါပေမဲ့လည်း .... ဒီလိုလုပ်တာ မင်းတို့က ဂိုဏ်းလူမိုက်တွေနဲ့ ဘာကွာတော့မှာလဲ"

"ဂရစ်လား"

ယူဖီမီနာနဲ့ စစ်သူရဲကောင်းတွေဟာ အသံကြားရာကို လှည့်ကြည့်လိုက်ပါသည်။ ဂရစ်နဲ့ ဟုရိုင်အိတို့ဟာ ဘေးချင်းယှဉ်ရပ်နေကြသည်။

"ဟာ...."

ဂရစ်က သူမအတွက် ပြန်လာတာကြောင့် ယူဖီမီနာရဲ့ မျက်နှာဟာ တောက်ပသွားပါသည်။ ဂရစ်ဆိုတာဟာ သစ္စာမရှိတဲ့ လူ့အမှိုက်လို့ ထင်ခဲ့ပေမဲ့ ဒီလောက်ကြီး ဆိုးရွားတဲ့လူ ဟုတ်ပုံမရပါဘူး။ ကတိပေးထားတဲ့ အတိုင်း သူ ငါ့ဆီ ပြန်လာခဲ့တာပဲ။

'အရမ်း လှလိုက်တာ'

ယူဖီမီနာရဲ့ အပြုံးဟာ ပန်းလေးတစ်ပွင့်လို အစွမ်းကုန် ပွင့်လန်းနေတာကြောင့် ဂရစ် နှလုံးသားဟာ အထိန်းအချုပ်ကင်းမဲ့စွာ တဒိန်းဒိန်း ခုန်နေပါသည်။

'ရှင်ယောင်ဝူးရေ မင်း အလှည့်အစားမခံနဲ့နော်။ ဒီအလှက သူ့အထဲက သားရဲမကြီးကို ဖုံးထားတာကွ။ သောက်ကျိုးနည်း နှလုံးက ဘာလို့ ဒီလောက် ခုန်နေတာတုန်း'

စစ်သူရဲကောင်းတွေဟာ ဂရစ်ကို တွေ့လိုက်တော့ မျက်နှာတွေ ပျက်ကုန်ပါသည်။

"ဒီကောင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ မြောက်ပိုင်းနိုဗာ လို့တောင် အခေါ်ခံရတဲ့ လီရိုကို မင်းလိုကောင်က သတ်လိုက်တာလား"

"မင်းတို့ ပြောတဲ့ မြောက်ပိုင်းနိုဗာတော့ ငါ မသိဘူး။ ဒါပေမဲ့ လီရိုဆိုတဲ့ ခွေးကောင်လေးနဲ့ ကစားရတာ အတော်ပျော်စရာကောင်းတယ်။ ငါ့ကို လာစိန်ခေါ်တော့ .... သနားလို့ ခဏဆော့ပေးပေမဲ့ ပျင်းစရာကောင်းလာတော့ သူ့ကို သတ်လိုက်ပြီကွာ။ ဟက်ဟက်ဟက်"

"မင်း"

လီရိုအသတ်ခံရကြောင်း ဂရစ်က အတည်ပြုပေးလိုက်တော့ စစ်သူရဲကောင်းတွေရဲ့ မျက်နှာဟာ ပိုပြီးလို့တောင် ပျက်သွားပါသည်။ ဂရစ်က သူတို့ကို အကြောက်အလန့်မရှိတာဟာ သူ့မှာ တစ်ခုခုကို ယုံကြည်ချက်ရှိနေလို့ပဲ ဖြစ်နိုင်ပါသည်။

"အော် ဒေါသထွက်နေကြတာလား။ ဒီတော့ ငါက ကပြရမှာလား။ မင်းတို့လို ကောင်တွေက ငါ့ကို ထိနိုင်မယ်လို့တောင် ထင်လား"

စစ်သူရဲကောင်းတွေဟာ တုန်လှုပ်သွားကြပါသည်။ သူ့ကို အမှိုက်ကောင်လို့ အထင်မှားခဲ့ပေမဲ့ ဂရစ်က လီရိုကိုတောင် သတ်နိုင်တာကြောင့် ဂရစ်ကို ကိုင်တွယ်ဖို့ မလွယ်ကူနိုင်ပါဘူး။

ယူဖီမီနာဟာ ဂရစ်နဲ့ ဝေးရာကို ပြန်ဆုတ်နေတဲ့ စစ်သူရဲကောင်းတွေကို ကြည့်နေရင်း ကြည်နူးမှုကို ခံစားလိုက်ရသည်။

‘စစ်သူရဲကောင်းတွေကိုတောင် စကားလေးနည်းနည်းပြောပြီး နောက်ပြန်ဆုတ်ခိုင်းနိုင်တယ်.. သူ့အဆင့်က ဘယ်လောက်ထိတောင် မြင့်နေလိုက်မလဲ'

မွန်းစတားတွေနဲ့ NPC တွေဟာ ပြိုင်ဘက်က သူတို့ထက် အဆင့်သုံးဆယ်လောက် မြင့်နေရင် နောက်ပြန်ဆုတ်တတ်ပါသည်။ ဒါကြောင့် ယူဖီမီနာက ဂရစ်ကို စစ်သူရဲကောင်းတွေထက် အဆင့်ပိုမြင့်နေပြီလို့ အထင်မှားသွားရတာပါ။

ဂရစ်ဟာ စကားပြောရင်းနဲ့ စစ်သူရဲကောင်းတွေဆီ လမ်းလျှောက်လာနေသည်။ "ဟေ့ကောင်တွေ လီရိုလို ခွေးသေ မသေချင်ရင် လမ်းဖယ်ကြ။ သနားလို့ ထွက်ပြေးဖို့ အခွင့်အရေးပေးနေတာနော်"

"ဒီကောင် ..." စစ်သူရဲကောင်းတစ်ယောက်ဟာ ဒေါသနဲ့ ပြေးခုတ်ဖို့ လုပ်ပေမဲ့ တခြားစစ်သူရဲကောင်းတွေက သူ့ကို တားလိုက်ပါသည်။

"ဒေါသကြောင့် သူ့လှည့်ကွက်မှာ မကျရှုံးစေနဲ့။ မင်းရဲ့ အရည်အချင်းကို သိပေမဲ့ သူ့ကို တစ်ယောက်တည်း ရင်ဆိုင်လို့ မဖြစ်ဘူး။ ထောင်ချောက် ဖြစ်နေမယ်"

"အရမ်းကြီး တွေးလွန်းနေတာ မဟုတ်လား။ ဒီကောင်က ပန်းပဲဆရာလေ။ ပန်းပဲဆရာတွေက အဲဒီလောက် သန်မာလို့လား"

"ဒါပေမဲ့ လီရိုက ခုထိ ပြန်မရောက်လာသေးဘူးလေ။ သူ သရုပ်ဆောင်နေတာ ဖြစ်နိုင်ပေမဲ့ သတိတော့ ထားရမယ်"

ဂရစ်ဟာ ရှေ့ကို လျှောက်လာနေချိန်မှာ စစ်သူရဲကောင်းတွေက သတိကြီးကြီးထားပြီး နောက်ကို ဆုတ်နေပါသည်။

ဟုရိုင်အိဟာ စစ်သူရဲကောင်းလေးယောက်ကို ဂရစ်က လွှမ်းမိုးထားတဲ့ မြင်ကွင်းကို ကြည့်နေရင်း ပီတိဖြစ်နေပါသည်။

'အံ့ဩစရာပဲ... ဂရစ်က အားနည်းတာလို့ ထင်ရပေမဲ့ တကယ်တမ်းက စစ်သူရဲကောင်းတွေကိုတောင် ကြောက်ရွံ့စေတဲ့ အဆင့်မြင့်ကစားသမားပဲ။ ဟိုနေ့က ပန်းပဲဖိုနားမှာ သူ့ကို လူရွှင်တော်လို ဆက်ဆံမိခဲ့တာက အတော်ကို မျက်နှာပူစရာ ကောင်းလိုက်တာ'

ယူဖီမီနာကနေ ဟုရိုင်အိ .... ဟုရိုင်အိကနေ စစ်သူရဲကောင်းတွေ သူတို့အားလုံး ဂရစ်နဲ့ ပတ်သတ်ပြီး အကြီးအကျယ် အထင်မှားနေကြပါသည်။ ဂရစ်ကတော့ ကျေနပ်စွာနဲ့ ပြုံးနေပါသည်။

'ယူဖီမီနာက သူ့စွမ်းရည်တွေ သုံးပြီး ဒီစစ်သူရဲကောင်းတွေ လောက်ကို အေးဆေးရှင်းလို့ ရတယ်မလား'

အမှန်တကယ်တော့ ဂရစ်က ဒီလောက် ယုံကြည်ချက်ရှိနေတာဟာ ယူဖီမီနာကြောင့်ပါ။ သူဟာ ယူဖီမီနာက စစ်သူရဲကောင်းတွေကို လွယ်လွယ်နဲ့ ရှင်းနိုင်မယ်လို့ ထင်နေပါသည်။

ဂရစ်က ရှေ့ကို တိုးလာလေလေ စစ်သူရဲကောင်းတွေက ပိုပြီး စိုးရိမ်လာနေပါသည်။ ဒုတိယအထပ်ကို သွားရမဲ့ လှေကားကို ရောက်တဲ့ အချိန်မှ စစ်သူရဲကောင်းတွေဟာ စိတ်ကို ပြင်ဆင်လိုက်ပါသည်။

'ငါတို့ ဘာတွေ ဖြစ်နေတာလဲ။ ငါတို့က ဂုဏ်သရေရှိ စစ်သူရဲကောင်းတွေကွ။ ဒီလို ထောင်ဖောက်လာတဲ့ လူတွေကို ကြောက်နေတာက အရှက်ရစရာပဲ'

'အုပ်ချုပ်သူကို ငါတို့ အရှက်ရစေခဲ့ပြီ။ အရှင့်အတွက် ငါ ဒီနေရာကို ကာကွယ်မယ်'

'လီရိုကိုတောင် သတ်နိုင်မှတော့ သူက သာမန်ပန်းပဲဆရာ မဖြစ်နိုင်ဘူး။ သူ သတ်လို့ သေရင်တောင် ဂုဏ်ရှိပါသည်။ ငါ နောက်မဆုတ်တော့ဘူး'

'လီရိုက တစ်ယောက်တည်းပေမဲ့ ငါတို့က လေးယောက်တောင် ရှိတာ။ မရှုံးနိုင်ဘူး'

စစ်သူရဲကောင်းတွေဟာ နောက်ကို ထပ်မဆုတ်တော့တာကြောင့် ဂရစ်က ရပ်တန့်လိုက်ပါသည်။

"ဘာလဲ။ တိုက်ချင်နေကြတာလား။ နောင်တရလိမ့်မယ်နော်"

စစ်သူရဲကောင်းတွေဟာ သူတို့ဓားတွေကို ဆုပ်ကိုင်ပြီး အော်ဟစ်ကြပါသည်။ "ငါတို့တိုက်ခိုက်မယ်။ မင်းလို ရာဇဝတ်ကောင်ကို လွတ်မြောက်ခွင့် မပြုနိုင်ဘူး"

"ငါက မကောင်းတဲ့လူ မဟုတ်ဘူးကွ။ ရူးနေတဲ့ ခွေးကောင်တွေ"

ဂရစ်ဟာ စိတ်တိုနေပါသည်။ အစက ပန်းပဲပြိုင်ပွဲမှာ နိုင်တော့မဲ့အချိန် ဒီကောင်တွေက သူ့ကို ဆွဲခေါ်လာပြီး ထောင်ထဲ ထည့်လိုက်တာလေ။ သူဟာ မမျှတဘူးလို့ ခံစားနေရသည်။

ဂရစ်က ဒေါသထွက်စွာနဲ့ အော်လိုက်သည်။ "ယူဖီမီနာ ဒီကောင်တွေကို နင့်မှော်ပညာနဲ့ မြန်မြန်ရှင်းလိုက်တော့"

ယူဖီမီနာဟာ အတော်ကို အံ့ဩသွားသည်။ "အခုက .... ငါ့မှာ သိပ်မကျန်တော့ ... နင်ကိုယ်တိုင်ရှင်းလိုက်လို့ ရတာမလား"

"ဘာတွေ ပြောနေတာလဲ။ ငါက ဘယ်လိုလုပ် သူတို့ကို နိုင်မှာလဲ"

"လာနောက်မနေနဲ့။ နင့်စွမ်းရည်တွေကို သုံးပေါ့ဟ"

"ဘာတွေလာရောင်းနေတာလဲ။ နင်ပဲ တိုက်"

"မဟုတ်ဘူးလေ။ နင်က ဘာလို့ မတိုက်ခိုက်ချင်တာလဲ"

ဂရစ်က ယူဖီမီနာကို အသေအချာ ရှင်းပြသည်။ "ငါ သူတို့ကို မနိုင်ဘူး"

"လာလိမ်မနေနဲ့။ သူက မြောက်ပိုင်းနိုဗာကိုတောင် တစ်ယောက်ထဲ သတ်ခဲ့တာ"

"ဟုတ်ပေမဲ့ အဲဒါက"

ပတ်ဝန်းကျင်အခြေအနေတွေက တဖြည်းဖြည်းနဲ့ ထူးဆန်းလာနေပါသည်။ ဂရစ်နဲ့ ယူဖီမီနာက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တောင့်တောင့်ကြီး ရပ်နေကြသည်။ စစ်သူရဲကောင်းတွေကတော့ ကြောက်ရွံ့စိတ်တွေကို မောင်းထုတ်ပစ်ပြီး တိုက်ခိုက်လာသည်။

"ချီးပဲ"

တယ်လီပို့ပြီး ရောက်လာသလို စစ်သူရဲကောင်း ရုပက်က သူ့ရဲ့ 'ဒက်ရှ်' စွမ်းရည်ကို သုံးပြီး ဂရစ်အနား ချက်ချင်းရောက်လာသည်။ ဂရစ်က လုံးဝအကာအကွယ်မဲ့သွားပြီး ဓားနဲ့ အထိုးခံရတော့မယ်။ ဒီအချိန်မှာ ဟုရိုင်အိက ဂရစ်ကို တွန်းလိုက်ပြီး လူစားခံလိုက်သည်။

“……!”

ဟုရိုင်အိသေပြီလို့ လူတိုင်းက ထင်နေကြပါသည်။ သူက နဂိုကတည်းက အခြေအနေဆိုးရွားနေပြီး ဘာချပ်ဝတ် အကာအကွယ်မှလည်း မဝတ်ထားပါဘူး။ ဒီအချိန်မှာ ထူးဆန်းတာ တစ်ခု ဖြစ်လာပါသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရုပက် အရမ်းကို အံ့ဩသွားသည်။ ဟုရိုင်အိကို ဓားနဲ့ထိုးလိုက်ပေမဲ့ သူ့ဗိုက်က သံမဏိနဲ့ လုပ်ထားတဲ့ အတိုင်းပဲ။ ရုပက်ရဲ့ လက်ကောက်ဝတ်တောင် ကျိုးသွားပေမဲ့ ဟုရိုင်အိက ဘာမှဖြစ်ပုံမပေါ်ဘူး။

ယူဖီမီနာဟာ စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။ "အဲဒီလူက ဘာလဲ။ စစ်သူရဲကောင်းတောင် ဓားနဲ့ ထိုးလို့ မရဘူးလား"

"အဲ ... ငါ မသိဘူးလေ"

"နင်က ဘာလို့ ဒီလောက်အကြင်နာကင်းမဲ့ရတာလဲ။ နင့်လိုလူက ကိုယ်မသိတဲ့ လူတစ်ယောက်ကို ကယ်ဖို့ ကြိုးစားမှာတဲ့လား။ နောက်နေတာ ရပ်ပြီး ငါ့ကို အမှန်အတိုင်း ပြောပြ"

"ငါ တကယ်ကို မသိတာပါ"

အဆင့်မြင့်တဲ့ သိုင်းပညာရှင်တွေမှာ မထိုးဖောက်နိုင်သော အရေပြား ဆိုတဲ့ စွမ်းရည်ရှိသည်။ ဒါပေမဲ့ ဒီလိုစွမ်းရည်တောင် စစ်သူရဲကောင်းတစ်ယောက်ထိုးတဲ့ ဓားကို ခန္ဓာကိုယ်တစ်ခုထဲနဲ့ တားဖို့ မဖြစ်နိုင်ပါဘူး။ ဟုရိုင်အိမှာ အဲဒီစွမ်းရည်ထက် မြင့်မားတဲ့ စွမ်းရည်ရှိနေတာ သိသာပါသည်။

ဟုရိုင်အိဟာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "ငါ သူတို့ကို ထိန်းထားမယ်။ မင်းတို့နှစ်ယောက် မြန်မြန်ပြေး"

ဟုရိုင်အိဟာ ဓားကို တားနိုင်ခဲ့တာက 'အခက်အခဲများကို ကျော်လွှားနိုင်သူ' ဆိုတဲ့ ခေါင်းစဉ်က ပေးတဲ့ စွမ်းရည်ကြောင့်ပါ။

[ပြင်းပြသော ဆန္ဒ]

စွမ်းရည်ကို အသုံးပြုလိုက်ပါက မည်သည့်တိုက်ခိုက်မှုကိုမဆို စက္ကန့်တစ်ဆယ်ကြာ ခုခံနိုင်မည်။

စွမ်းရည်မှော်စွမ်းအင်စားသုံးမှု - 200

စွမ်းရည်ပြန်လည်အသုံးပြုရန်ကြာချိန် - 9,000 စက္ကန့်

စွမ်းရည်ကို ပြန်သုံးဖို့ဆို နှစ်နာရီခွဲလောက် ကြာနိုင်ပေမဲ့ စွမ်းရည်စွမ်းအားက ကောင်းမွန်ပါသည်။ ပြီးတော့ ဂရစ်က သူ့ကို ငရဲကနေ ကယ်ခဲ့တုန်းကလည်း သူ့ဘဝနောက်ဆုံးအချိန်အထိ ဂရစ်ကို ကျေးဇူးဆပ်မယ်လို့ သစ္စာဆိုခဲ့ပါသည်။

ဒါကြောင့် ဟုရိုင်အိဟာ ဂရစ်ကိုယ်စား သူ့ကိုယ်သူ အနစ်နာခံလိုက်တာပါ။ သူက ဂရစ်ကို စစ်သူရဲကောင်းတွေဆီကနေ အန္တရာယ်ကင်းကင်း လွတ်မြောက်စေချင်ပါသည်။

"ဟုရိုင်အိ...." သာမန်လူတစ်ယောက်ဆို သူ့လုပ်ဖော်ကိုင်ဖက်ကို ထားခဲ့ဖို့ တွန့်ဆုတ်နိုင်ပေမဲ့ .... " ငါတို့ လွတ်နိုင်အောင် တတ်နိုင်သမျှ အချိန်ဆွဲထားနော်"

"နောက်မှ ပြန်တွေ့ကြတာပေါ့"

ဂရစ်ရော ယူဖီမီနာပါ စိတ်ခံစားချက်တွေကို ဦးစားပေးသူများ မဟုတ်တာကြောင့် ဟုရိုင်အိကို တစ်ယောက်တည်း ထားခဲ့ပါသည်။

"ဒါ ဒါ ..."

စစ်သူရဲကောင်းတွေဟာ ဂရစ်ကို လိုက်ဖမ်းဖို့ ကြိုးစားပေမဲ့ ဟုရိုင်အိက သူတို့ကို တားလိုက်ပါသည်။ ဂရစ်ကို ကာကွယ်ဖို့ ခံစားချက်အပြည့်နဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"မင်းတို့ကို ငါက လိုက်ဖမ်းခွင့် ပြုမယ်ထင်လား.... မင်းတို့ #*&!($#@..... သောက်ကျိုးနည်း [ကြမ်းတမ်းလွန်းသဖြင့် စနစ်မှ ဆင်ဆာဖျက်ပေးလိုက်သည်] $#."

“……?”

ဟုရိုင်အိဟာ ဟောပြောသူဖြစ်တာကြောင့် ကျိန်ဆဲတဲ့ စကားလုံးတွေက ထပ်တောင် မထပ်ပါဘူး။ ဟုရိုင်အိရဲ့ ကြမ်းတမ်းလွန်းတဲ့ စကားလုံးတွေကြောင့် စစ်သူရဲကောင်းတွေဟာ အကြီးအကျယ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကုန်သည်။

ဒါက ဟုရိုင်အိရဲ့ မုန်းစရာကောင်းသောလျှာ စွမ်းရည်ကြောင့်ပါ။ ဟုရိုင်အိရဲ့ တိုက်ခိုက်မှုကြောင့် စစ်သူရဲကောင်းတွေရဲ့ အညွှန်းကိန်းတွေ ကျဆင်းကုန်သည်။

"ချိုးဖောက်လို့မရတဲ့ တရားမျှတမှု"

အဲဒီစွမ်းရည်က တရားမျှတမှုတမန်တော်၏ ပါတနာ ဆိုတဲ့ သူ့ရဲ့ ဒုတိယဇာတ်ကောင်အမျိုးအစားကနေ ရထားတဲ့ စွမ်းရည်နှစ်ခုထဲက တစ်ခုပါ။ သူ့ရဲ့ အဆုံးစွန်တိုက်ခိုက်ရေးစွမ်းရည်တစ်ခု ဖြစ်ပြီး ထိခိုက်မှုကို သုံးရာရာခိုင်နှုန်းသက်ရောက်စေသည်။

ဘုံး .....

ဟုရိုင်အိရဲ့ ရုပက်မျက်နှာကို ထိုးလိုက်တဲ့ လက်သီးက ထွက်လာတဲ့ အားလှိုင်းက ရုပက်နားက စစ်သူရဲကောင်းတွေနားကိုပါ ရောက်သွားသည်။ ထိုးနှက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပဲ့တင်သံဟာ အကျဉ်းထောင်တစ်ခုလုံးကို ပြန့်နှက်သွားပြီး စစ်သူရဲကောင်းတွေလည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။

"ခွက် ကျွတ်"

ဒါက သာမန် မဟုတ်ပါဘူး။

စစ်သူရဲကောင်းတွေဟာ ထူးဆန်းစွာနဲ့ပဲ မည်သည့်နာကျင်မှုကိုမဆို ခံစားလို့ မရတာ သဘာဝဖြစ်စဉ်ပါ။ ဟုရိုင်အိဟာ ဟောပြောသူ ဖြစ်တာကြောင့် ပျော့ညံ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ရှိပြီး သူက လောလောဆယ် ဘာလက်နက်မှ မသုံးထားပါဘူး။ ဟောပြောသူ ပေးနိုင်တဲ့ ထိခိုက်မှုကို သုံးရာရာခိုင်နှုန်း တိုးပေးရင်တောင်မှ သံချပ်ကာဝတ်ထားတဲ့ စစ်သူရဲကောင်းတွေကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ ကြားက ကွာခြားချက်က သိပ်ကို ကြီးနေသည်လေ။

ဟုရိုင်အိကလည်း ဒါကို နားလည်ပါသည်။ "ငါ ထင်တဲ့ အတိုင်းပဲ။ ဒီစွမ်းရည်က လက်ရှိငါ့အတွက်တော့ အသုံးမဝင်သေးဘူး"

“……”

ဟုရိုင်အိကို ဖမ်းပြီး အကျဉ်းချဖို့ မိနစ်အနည်းငယ်ပဲ ကြာပါသည်။ ဒါပေမဲ့ ဟုရိုင်အိက ဂရုမစိုက်ပါဘူး။ သူက လက်တွေ့အချိန် နာရီ ငါးဆယ်ကြာ လော့အောက်ထ်မလုပ်ခဲ့ရလို့ ပင်ပန်းပြီး အနားယူချင်ပြီလေ။

တာဝန်က ပြီးသွားပြီ ဖြစ်တာကြောင့် လော့အောက်ထ်လုပ်ရင်လည်း ပြစ်ဒဏ်ရှိမှာ မဟုတ်တော့ပါဘူး။

'ဒီအခြေအနေအတိုင်းဆို ဝင်စတန်အုပ်ချုပ်သူအတွက် အချိန်သိပ်မကျန်တော့ဘူး... ငါ အိပ်ရေးဝဝအိပ်ပြီး နောက်တစ်ခါလော့အင်ဝင်ရင် ထောင်က အေးဆေးလွတ်နိုင်သည်။ ဂရစ် ကံကောင်းပါစေကွာ'

ဟုရိုင်အိ လော့အောက်ထ် လုပ်လိုက်ပါသည်။

All Chapters