အခန်း ၄၉
Vol. 5 Ch. 49
အပိုင်း (၄၉)
ဂရစ်နှင့် ယူဖီမီနာတို့ဟာ သူရဲကောင်းတွေဆီက လျင်မြန်စွာ ထွက်ပြေးခဲ့ကြပါသည်။ ယူဖီမီနာက မြေအောက်အကျဉ်းတိုက်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်တို့ကို မှတ်မိသဖြင့် မြေပြင်ပေါ်ကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပါသည်။
တောက်ပတဲ့ နေရောင်ခြည်။ ပြာလဲ့နေတဲ့ မိုးကောင်းကင်။ စိမ်းလန်းနေတဲ့ မြေပြင်တွေ။ ဂရစ်ဟာ မှောင်မိုက်နေတဲ့ အကျဉ်းခန်းနဲ့ မတူညီတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေပါသည်။
“ဟက်ဟက်ဟက် ငါတို့ ထောင်ဖောက်နိုင်ခဲ့ပြီ”
ဂရစ်နဲ့ ယူဖီမီနာတို့ ထွက်လာခဲ့တဲ့ အကျဉ်းထောင်ထွက်ပေါက်ဟာ အရှေ့ဘက်နံရံက တာဝါနှစ်လုံးကြားမှာ ရှိပါသည်။ သူတို့နှစ်ယောက် ထွက်လာတာကို တာဝါပေါ်ကနေ ကြည့်ရင် မြင်နိုင်ပါသည်။ ဒါကြောင့် ယူဖီမီနာဟာ ဂရစ်အသံကြောင့် တာဝါအပေါ်က အစောင့်တွေ သတိထားမိမှာကို စိုးရိမ်သွားပါသည်။
“တိတ်တိတ်နေအုံး ငါတို့က ခုထိ ရန်သူ့နယ်မြေထဲမှာ ရှိနေတုန်းပဲ”
ယူဖီမီနာက ဂရစ်ကို တိတ်တိတ်နေအောင် ကြိုးစားပါသည်။ ဒါပေမဲ့ ဂရစ်ဟာ အလွန်စိတ်လှုပ်ရှားနေတာကြောင့် သူ ပြောတာကို မကြားပါ။
“ရား ဒီသန့်ရှင်းတဲ့ လေတွေ။ ထောင်ထဲက လေနဲ့ တခြားစီပဲ။ အဲဒီတုန်းက ငါ့အဆုတ်တွေ ပုပ်ကုန်ပြီ ထင်တာ။ ငါ ထင်တဲ့အတိုင်း အဆုတ်အတွက် လေက အရေးကြီးတယ်။ မြို့ကလူတွေ ကျေးရွာရောက်ရင် ဘာလို့ စိတ်လှုပ်ရှားလဲ ဆိုတာကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ”
ဂရစ်ဟာ မြေကြီးပေါ် လှဲချပြီး လူးလိန့်နေပါသည်။ သူ့ကို ဘယ်လိုမှ ထိန်းမရတော့ပါ။
ယူဖီမီနာ ခေါင်းကိုက်နေပါပြီ။ စစ်သားတွေ အများစုကို ရှင်းပစ်ခဲ့ပေမဲ့ အုပ်ချုပ်သူရဲ့ ကိုယ်ရံတော်တွေ ကျန်ပါသေးသည်။ သူတို့ခွန်အားက သူရဲကောင်းတွေလောက် မသန်မာပေမဲ့ သာမန်စစ်သားတွေထက် အဆင့်ရော စွမ်းရည်ပါ သာပါသည်။ ဖြစ်နိုင်ရင် သူတို့နဲ့ မတွေ့ချင်ပါဘူး။ သူတို့နဲ့ တိုက်ခိုက်နေတုန်း မြေအောက်က သူရဲကောင်းတွေ ရောက်လာရင် ယူဖီမီနာတို့ ပိတ်မိသွားနိုင်ပါသည်။
“ဟေး ဂရစ် ငါတို့ ဒီနေရာကနေ တတ်နိုင်သမျှ တိတ်တိတ်လေး ထွက်ဖို့ လိုသည်။ ဒါကြောင့် အသံကို နည်းနည်းလေး တိုးပေး ....”
“ဟာ ... မြက်ခင်းပြင်ရဲ့ ရနံ့လေး။ လတ်ဆတ်နေတာပဲ။ ထင်းရှူးပင်တွေရဲ့ အနံ့ကလည်း မွှေးလိုက်တာ”
“……”
နောက်ဆုံးတော့ ယူဖီမီနာဟာ သည်းမခံနိုင်တော့ပါဘူး။
“……”
မြေကြီးကို နမ်းနေတဲ့ ဂရစ်ကို ယူဖီမီနာဟာ ကော်လံကနေ ဆွဲကိုင်လိုက်သည်။ ပြီးနောက် သူမပါးစပ်ကို ဂရစ်နားဆီ ကပ်အော်ပြောလိုက်ပါသည်။
“နင့်ကို တိတ်တိတ်နေပါလို့ ငါ ပြောနေတာလေ။ ဦးနှောက်မရှိဘူးလား။ ခုထိ ငါတို့က ရန်သူ့နယ်မြေထဲမှာပဲ ရှိသေးတယ်။ ဒီအန္တရာယ်ရှိတဲ့ နေရာကနေ အမြန်ဆုံးငါတို့ ထွက်သွားသင့်ပြီ။ ဒါကြောင့် မြေကြီးပေါ်မှာ လှိမ့်ပြီး အော်ပြောနေတာတွေကို ရပ်လိုက်တော့။ နားလည်လား”
“အူးးး”
ဂရစ်ဟာ တုန်လှုပ်နေပြီး သူ့နားစည်ကွဲသွားသလို ခံစားနေရပါသည်။ မျက်ရည်တွေနှင့် ဂရစ်က ယူဖီမီနာဆီကနေ လွတ်မြောက်ဖို့ ရုန်းကန်နေပါသည်။
“နင် ရူးချင်ယောင်ဆောင်ပြီး ငါ့ကို အရှက်ခွဲနေတာတွေ ရပ်လိုက်တော့နော်။ ဒီသောက်ကျိုးနည်းနေရာကြီးကနေ မထွက်ချင်ဘူးလား။ ဒီတော့ နင် ကောင်းကောင်းလုပ်ရင် ကောင်းမယ်။ ထပ်ပြီး ရူးချင်ယောင်ဆောင်ရင်တော့ နင့်ကို ငါ တကယ်သတ်ပစ်မယ်”
ယူဖီမီနာဟာ ဂရစ်ရဲ့ဇာတ်ကောင်အမျိုးအစားအဆင့်က သူ့ထက် မြင့်တာကို သိပါသည်။ ဂရစ်က အားနည်းတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဒေါသကို မထိန်းချုပ်နိုင်တော့ပါဘူး။
ယူဖီမီနာက သူ့ကို သတ်တော့မယ်ထင်ပြီး ဂရစ်ဟာ တကယ်ကြောက်သွားခဲ့တာပါ။ ပြီးနောက် သူက ယူဖီမီနာကို ညင်ညင်သာသာလေး စကားပြောလိုက်ပါသည်။
“အဲဒီမှာ... သူတို့က ရန်သူတွေလား”
ဒီခံစားချက်။ ယူဖီမီနာက ဂရစ်ပြောတဲ့မျက်နှာဘက်ကို ဖြည်းဖြည်းလေး လှည့်ကြည့်လိုက်ပါသည်။ ပြီးနောက် သူဟာ စိတ်ပျက်သွားသည်။ သတ္တုချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်ထားတဲ့ ကိုယ်ရံတော် ၁၆ ယောက်ဟာ စနစ်တကျ ဖွဲ့စည်းပုံနဲ့ ပေါ်လာပါသည်။
ချီးပဲ.......
သူတို့ရဲ့ဓား ၁၆ ချောင်းဟာ နေရောင်အောက်မှာ အလင်းပြန်နေသည်။ ဓားကနေ ပြန်ကန်လာတဲ့ အလင်းရောင်ဟာ ရဲတိုက်တစ်ခုလုံးကို ပြန့်နှံ့သွားပါသည်။
ဂရစ်က မျက်မှောင်ကြုတ်လိုက်ပြီး သူမကို လှမ်းကြည့်လိုက်သည်။ “ကြည့်အုံး နင် ဘာလုပ်လိုက်လဲလို့ .... နင် ဒေါသထွက်နေလို့ ရန်သူတွေ ပေါ်လာတာ”
ယူဖီမီနာဟာ စိတ်ဆိုးသွားပြီး ပြန်ရန်ထောင်လိုက်ပါသည်။ “နင် အရင် အော်နေတာကြောင့် ဖြစ်တာ”
ယူဖီမီနာဆီက သတ်ဖြတ်ချင်စိတ်တွေ ထွက်ပေါ်လာပါသည်။ ကြောက်ရွံ့မှုကြောင့် ဂရစ်ဟာ တုန်လှုပ်သွားပြီး သူမကို တောင်းပန်လိုက်သည်။ “ တောင်းပန်ပါတယ် ငါ မှားတာပါ။ ဒီလျှာစုတ်”
တွေးရင်းတွေးရင်း ယူဖီမီနာဟာ ခေါင်းကိုက်လာပါသည်။
‘ဒီကောင်စုတ်၊ ဘာလုပ်မလို့ ကြံစည်နေတာလဲ။ ငါ့ကို ကြောက်ချင်ယောင်ဆောင်နေတယ်’
ဂရစ်ဆိုတာဟာ တစ်ယောက်ချင်းပြိုင်ပွဲမှာ မြောက်ပိုင်းနိုဗာကိုတောင် အနိုင်ယူခဲ့သူဖြစ်သည်။ သူရဲ့ တည်ရှိမှုနဲ့တင် သူရဲကောင်းလေးယောက်ကို လွှမ်းမိုးနိုင်သူလည်း ဖြစ်သည်။ သူဟာ သူ့စွမ်းရည်ကို တိတိကျကျမသိသော်လည်း ခန့်မှန်းချက်အရ ဒီလိုလူဟာ Satisfy မှာ ဘာကိုမှ ကြောက်စရာမလိုပါဘူး။
ဒါကြောင့် ယူဖီမီနာဟာ စတင် တုန်လှုပ်လာပါပြီ။
‘ဒီကောင် ငါ့ကို လာကစားနေတာလား’
အစကတည်းက ယူဖီမီနာဟာ ဂရစ်ကို မနှစ်သက်ပါဘူး။ အိုင်တမ်ထုတ်လုပ်တဲ့ပြိုင်ပွဲမှာ စတွေ့ကတည်းက ဂရစ်ဟာ ယူဖီမီနာရဲ့ အလှအပမှာ အလှည့်စားမခံရဘူး။ ဒီအချက်ဟာ သူ့ကို အရှက်ရစေခဲ့ပါသည်။ ပြီးနောက် ဂရစ်ကျိန်ဆဲသမျှစကားလုံးအားလုံးကို သူဟာ အကုန်ကြားခဲ့ရပါသည်။
ကလေး၊ မြေခွေးမ စသည်.....
အခုလည်း ငါ့ကို သူအပြစ်ပြောနေတာလား။ ဒီလူ... ယူဖီမီနာအတွက် ဂရစ်ဟာ သူ့ဘဝမှာ အရှက်ရစရာအကောင်းဆုံးနဲ့ အမေ့ဖျောက်ချင်ဆုံး လူတစ်ယောက်ပဲ ဖြစ်ပါသည်။
ထိုအချိန်မှာ ရွှေငွေများ ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်ဟာ ကိုယ်ရံတော်များနှင့်အတူ ပေါ်လာခဲ့ပါသည်။ သူ့နာမည်ကို ဘာရွန်လို လို့ခေါ်သည်။ ဒီလူဟာ မီရိုကုမ္ပဏီနဲ့ မဟာမိတ်လုပ်ပြီး ဒေသခံတွေကို ဒုက္ခရောက်အောင် လုပ်နေသည့် ဝင်စတန်အုပ်ချုပ်သူလည်း ဖြစ်သည်။
“ဒီနေရာကို ရောက်လာဖို့.... မင်းတို့တွေ စစ်သားတွေနဲ့ သူရဲကောင်းတွေ အကုန်လုံးကို သတ်ပစ်ခဲ့တာလား။ ဟား... ဟဟဟ ငါ ဒါကို မယုံကြည်နိုင်ဘူး”
ဘာရွန်လိုဟာ အရူးတစ်ယောက်လို ရယ်မောနေခဲ့သည်။ ကျူးကျော်သူတစ်ယောက်ကြောင့် သူ့စစ်တပ်တစ်ခုလုံးကို ဆုံးရှုံးလိုက်ရအပြီးမှာ သူဟာ စိတ်လွတ်သွားခဲ့ပါပြီ။
“လူတွေကို စစ်တပ်မရှိဘဲ ထိန်းချုပ်လို့ မရဘူး။ အခု ငါ့မှာ မြို့စားစတိုင်းဆီ သတင်းမရအောင်တားဖို့ နည်းလမ်းမရှိတော့ဘူး။ သူသာ ငါ့လုပ်ရပ်တွေကို သိသွားရင် ငါ့ဘဝ ပျက်ပြီပဲ”
ဘာရွန်လိုဟာ သူ့ကံတရားကို ရှောင်လွဲလို့မရတော့တာကြောင့် အလွန်ဒေါသထွက်သွားပါသည်။ အရာရာကို သူ့ဆီကနေ ယူဆောင်သွားသည့် ဂရစ်နှင့် ယူဖီမီနာကို ခွင့်မလွှတ်နိုင်ပါဘူး။
“သူတို့ကို ဖမ်း။ ခြေတွေ လက်တွေကို တစဆီစုတ်ဖြဲပစ်ပြီး သေတာတောင် မျက်လုံးမမှိတ်စေနဲ့”
ကိုယ်ရံတော်တွေဟာ အုပ်ချုပ်သူရဲ့ နောက်ဆုံးအမိန့်ကို လိုက်နာပြီး ပုံစံတကျလှုပ်ရှားလိုက်သည်။ ဒီဖွဲ့စည်းပုံဟာ သူရဲကောင်းတစ်ယောက်နှင့်ပင် ရင်ဆိုင်နိုင်ပါသည်။ ဒါပေမဲ့ ယူဖီမီနာရဲ့ ရှေ့မှာတော့ အသုံးမဝင်ခဲ့ပါဘူး။
“နတ်ဆိုးဘုရင်ရဲ့ တေးလ်မီးတောက်”
“ဘာတွေလဲ....”
ကိုယ်ရံတော်တွေဟာ တစ်ချိန်တည်းမှာ အော်ဟစ်နေကြပါသည်။ သူတို့ရဲ့ ချပ်ဝတ်တွေမှာ မီးလောင်နေလို့ပါ။ ပြီးနောက် အံ့ဩစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ပေါ်လာပါသည်။
အပြာရောင်မီးတောက်တွေဟာ ကိုယ်ရံတော်တွေရဲ့ ခန္ဓာကိုယ်တွေကနေ ပေါ်လာပါသည်။
“အား ...”
“ဘာတွေလဲ”
ကြောက်မက်ဖွယ်ရာအော်ဟစ်သံများနဲ့ နာကျင်မှုကြောင့် ရုန်းကန်မှုတွေဟာ အချိန်ခဏသာ ကြာမြင့်ခဲ့ပါသည်။ ကိုယ်ရံတော်တွေ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားဖို့ အချိန်သိပ်မကြာလိုက်ပါဘူး။
“ဝိုး”
“ရူးချင်စရာပဲ”
ကိုယ်ရံတော်တွေကို ဖျက်ဆီးပစ်တဲ့မှော်ပညာ။ ဒီမြင်ကွင်းကို ဘာရွန်လိုနဲ့ ဂရစ်တို့ နှစ်ယောက်စလုံး မျက်မြင်တွေ့ခဲ့ရပေမဲ့ ခုထိမယုံကြည်နိုင်သေးပါဘူး။ သူတို့မျက်နှာတွေဟာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့ပါသည်။ ယူဖီမီနာကတော့ လန်းဆန်းစေတဲ့အပြုံးလေးတစ်ပွင့်ကို ပြုံးလိုက်ပါသည်။ ကိုယ်ရံတော်တွေကို ရှင်းပစ်လိုက်တာက ဂရစ်ကြောင့် ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ခဲ့ပြီလေ။
‘အုပ်ချုပ်သူရဲ့ ကိုယ်ရံတော်တွေလို့ မပြောရဘူး။ အတွေ့အကြုံတော့ ရှိသား’
ဂရစ်ရော ဘာရွန်လိုပါ သူမကို ကြည့်လိုက်တဲ့အချိန်မှာ တူညီတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။
‘ဒီနတ်ဆိုးမလေးကို စိတ်ဆိုးအောင်မလုပ်သင့်ဘူး’
‘မကောင်းဆိုးဝါး။ သူက မကောင်းဆိုးဝါးပဲ’
အဲဒီနောက်မှာ ယူဖီမီနာဟာ ဘာရွန်လိုကို ဖမ်းဆီးလိုက်ပါသည်။ သူဟာ ခွေးတစ်ကောင်လို ကြိုးတုပ်ခံရပြီး ဆွဲခေါ်ခံလာရပါသည်။
ဂရစ်ဟာ ထပ်ပြီးကတိပြုလိုက်ပါသည်။ ‘ဒီကောင်မလေးနဲ့ မပတ်သတ်တော့ဘူး။ ငါ အသက်ရှည်ရှည်နေချင်သေးတယ်’
ဟုရိုင်အိက သူရဲကောင်းတွေရဲ့ခြေထောက်ကို ဖက်ထားပြီး လိုက်မဖမ်းနိုင်အောင် တားဆီးပေးခဲ့တာကြောင့် ယူဖီမီနာတို့ဟာ ရဲတိုက်မှ ဘေးကင်းစွာဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြသည်။
ပြီးနောက် သူတို့ဟာ ရဲတိုက်အပြင်မှာ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့ကြသည်။ သူကတော့ မီရိုကုမ္ပဏီမှာ ဒုတိယအာဏာအရှိဆုံး ရက်ဘစ်ဒ်ပဲ ဖြစ်ပါသည်။ သူက လူဆယ်ယောက်နဲ့အတူ သူတို့ကို စောင့်နေတဲ့အတိုင်း ရပ်နေသည်။
အုပ်ချုပ်သူရဲ့မျက်နှာဟာ သွေးရောင်ပြန်သန်းလာခဲ့သည်။ “အိုး မင်းက ရက်ဘစ်ဒ်မဟုတ်လား။ သတင်းတွေကြားလို့ ငါ့ကို လာကယ်တာလား”
ဂရစ်ဒ်ဟာ တောင့်ခဲသွားသည်။
‘ဒါ.... ဒီလူတွေက မီရိုကုမ္ပဏီက စစ်သားတွေလား’
ဂရစ်က စိတ်ထဲမှာ အော်ဟစ်နေခဲ့သည်။ ယူဖီမီနာဟာ ရှေ့တက်ပြီး ရက်ဘစ်ဒ်ဆီကို သွားသည်။ ရက်ဘစ်ဒ်ရဲ့လက်အောက်ငယ်သားတွေကို ကြည့်လိုက်ရင်း မေးခဲ့သည်။
“ဒီလူတွေက ရှင် အရင်က ပြောထားတဲ့ လူတွေလား”
ရက်ဘစ်ဒ်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ အရင်ကတော့ သူတို့တွေက ဗဲလ်မွန့်နောက်လိုက်တွေပဲ။ ဒါပေမဲ့ သူတို့က ဗဲလ်မွန့်ရဲ့ရက်စက်မှုတွေကို စိတ်ပျက်လာကြပြီ။ သူတို့တွေက မင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ပါဘူး”
“ကြည့်ရတာ သန်မာမဲ့လူတွေပဲ။ အင်း။ အားကိုးလို့ ရလောက်မှာပါ”
ဒီနှစ်ယောက်က စကားပြောနေတာ သူငယ်ချင်းတွေ အတိုင်းပဲ။
ဂရစ်ဟာ အလွန်စိုးရိမ်လာသည်။ ‘ဒီနှစ်ယောက်က ဘာလို့ ဒီလောက်ရင်းနှီးနေတာတုန်း။ နေအုံး။ အစကတည်းက မီရိုကုမ္ပဏီက ယူဖီမီနာကို ဌားခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို ကယ်တာလဲ။ ထောင်ချောက်များ ဖြစ်နေမလား’
ဂရစ်ဟာ ကောက်ချက်ချလိုက်သည်။ ဝင်စတန်အုပ်ချုပ်သူနှင့် မီရိုကုမ္ပဏီဟာ ပူးပေါင်းနေကြသည်။ ဒီတော့ မီရိုကုမ္ပဏီကနေ ဌားထားတဲ့ယူဖီမီနာက အုပ်ချုပ်သူနဲ့ မဟာမိတ်ပဲ။ ဒါဆို ယူဖီမီနာက ရန်သူပေါ့။ ယူဖီမီနာကသာ အုပ်ချုပ်သူနဲ့ မဟာမိတ်ဆို စစ်သားတွေကို သတ်မှာမဟုတ်ဘူးလေ။ ပြီးတော့ အုပ်ချုပ်သူကို ခွေးလို ကြိုးနဲ့ ဆွဲလာမှာမဟုတ်ဘူး။ ရန်သူဆိုရင် ငါ့ကို ဘာလို့ သူကယ်ခဲ့တာလဲ။ ဓားမြှောင်ကို ပြန်ပေးမဲ့အစား ရောင်းစားပစ်မှာပေါ့။
ဂရစ်ဟာ စိတ်ရှုပ်ထွေးသွားပါသည်။ နောက်ဆုံး သူဟာ ယူဖီမီနာက ရန်သူဟုသာ ကောက်ချက်ချလိုက်ပါသည်။
‘နောက်ဆုံးတော့လည်း ..... မြေခွေးလို လှည့်စားခဲ့တဲ့သူကို ငါယုံကြည်ခဲ့မိတာပဲ။ သူ့အပေါ် ငါစေတနာထားခဲ့ပေမဲ့ ပြန်ရတာ အလိမ်အညာတွေပဲ’
ဂရစ်ဟာ သူကြည့်ဖူးတဲ့ နန်းတွင်းဇာတ်ကားတွေလို တွေးပြီး ဆုံးဖြတ်လိုက်သည်။
‘သူ သတ်တာကိုတော့ ငြိမ်ခံမနေဘူး။ အညွှန်းကိန်းအမှတ်တွေကို ဂရုတစိုက်ပေါင်းထည့်ရမယ်။ ဒါပေမဲ့ ဒီလိုလုပ်တာကလည်း သေမဲ့အချိန်ကို ဆွဲရုံသက်သက်ပါပဲ။ အညွှန်းကိန်းဝင်းဒိုး’
အမည် - ဂရစ်
အဆင့် - 45 (3,400/238,000)
ဇာတ်ကောင်အမျိုးအစား - ပက်မာ၏ ဆက်ခံသူ
* အိုင်တမ်များပြုလုပ်ရာတွင် စွမ်းရည်အသစ်များထည့်သွင်းရန် ဖြစ်နိုင်ခြေတိုးလာပါမည်။
*အိုင်တမ်အဆင့်မြှင့်တင်နိုင်သည့်ဖြစ်နိုင်ခြေတိုးလာပါမည်။
* ကိရိယာအိုင်တမ်အားလုံးကို ခြွင်းချက်မရှိဝတ်ဆင်နိုင်သည်။ သို့သော် အိုင်တမ်၏အဆင့်ပေါ် မူတည်၍ ပြစ်ဒဏ်များရှိမည်။
ခေါင်းစဉ် - ဒဏ္ဍာရီလာဖြစ်လာမည့်လူ
* မကောင်းသောသက်ရောက်မှုများသည် သင့်အပေါ်တွင် ကောင်းစွာမသက်ရောက်နိုင်ပါ။
* အသက်အမှတ်အနိမ့်ဆုံးသို့ ရောက်ရှိသွားပါက မသေနိုင်တော့ပါ။
* အလွယ်တကူအသိအမှတ်ပြုခံရမည်။
ခေါင်းစဉ် - ပြိုင်ဘက်ကင်းအဆင့်အိုင်တမ်ကို ပထမဆုံးပြုလုပ်သူ
* လက်၏ကျွမ်းကျင်မှု +200
ခေါင်းစဉ် - သူရဲကောင်းသတ်ဖြတ်သူ
* သက်လုံ +100.
* ခွန်အား +30
ခေါင်းစဉ် - တရားမျှတမှုတမန်တော်
* အညွှန်းကိန်းအားလုံး +10.
* တရားမျှတမှုတမန်တော်၏သတ္တိသည် အတိုင်းအဆမရှိပါ။
အသက် - 2,964/2,964 မှော်စွမ်းအင် - 243/243
ခွန်အား - 166 သက်လုံ - 244 လျင်မြန်သွက်လက်ခြင်း - 118 ဉာဏ်ပညာ - 91
လက်၏ကျွမ်းကျင်မှု - 391 ဇွဲလုံ့လ - 82
သမာဓိ - 66 အနိုင်မခံအရှုံးမပေး - 74 ဂုဏ်သိက္ခာ - 66 ထိုးထွင်းသိမြင်နိုင်သောဉာဏ် - 66
သတ္တိ - 10
အညွှန်းကိန်းအမှတ်များ - 240
အလေးချိန် - 842/4,960