အခန်း ၅၀
Vol. 5 Ch. 50
အပိုင်း (၅၀)
ဂရစ်ရဲ့ အညွှန်းကိန်းဝင်းဒိုးဟာ ထူးခြားပါသည်။ သူဟာ အဆင့် ၄၅ ပဲရှိသေးသော်လည်း စုစုပေါင်းအညွှန်းကိန်းဟာ အဆင့် ၂၅၀ ဝန်းကျင်ကစားသမားတွေနဲ့တောင် ယှဉ်လို့ရသည်။ အထူးသဖြင့် အထင်ကြီးစရာကောင်းတာက သူ့မှာ ဇွဲလုံ့လ၊ သမာဓိ၊ အနိုင်မခံအရှုံးမပေး၊ ထိုးထွင်းသိမြင်မှုနှင့် သတ္တိတို့လို ရှားပါးတဲ့ အညွှန်းကိန်းတွေ ရှိနေခြင်းပါ။
ဒါပေမဲ့ ဒါတွေကိုပဲ ပိုင်ဆိုင်တာမဟုတ်ပါဘူး။ သူ့မှာ ခေါင်းစဉ်လေးခုလည်း ရှိပါသေးသည်။ တကယ်တော့ ခေါင်းစဉ်တွေဟာ အလွန်ရဖို့ခက်ခဲပါသည်။ ဒီလိုခေါင်းစဉ်လေးခု ပိုင်ဆိုင်သူများဟာ ထိပ်သီးကစားသမားတွေပဲ ဖြစ်တတ်ပါသည်။ ဂရစ်ကတော့ အဆင့် ၄၅ မှာကတည်းက ခေါင်းစဉ်လေးခုတောင် ရပြီးပါပြီ။ Satisfy မှာ ဒဏ္ဍာရီလာဇာတ်ကောင်အမျိုးအစားဟာ အလွှမ်းမိုးနိုင်ဆုံးဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ကိုထိုက်တန်ပါသည်။ အညွှန်းကိန်းဝင်းဒိုးကတောင် အမှန်တကယ်ကို ကြမ်းလွန်းနေပါပြီ။
ဒါပေမဲ့ ဂရစ်ကတော့ ကျေနပ်နေရမဲ့အစား......
‘ငါကတော့ နေ့ရောညပါ တူတွေထု၊ အညွှန်းကိန်းအမှတ်တွေကို တိုးအောင်လုပ်၊ ပြီးတော့ သေလောက်အောင် ခက်ခဲတဲ့ တာဝန်တွေကို အောင်မြင်ဖို့ကြံဆလိုက်ရတာ။ ဒါပေမဲ့ ဒါက ဘာလဲ။ အဆင့် ၂၁ မှာတောင် သူရဲကောင်းတစ်ယောက်နဲ့ တစ်ယောက်ချင်းယှဉ်မတိုက်နိုင်ဘူး။ ငါက ကြိုးစားပေမဲ့ နောက်ဆုံးရလဒ်က ဒါပဲလား။ ချီးပဲ။ အခုဆို ငါ့အညွှန်းကိန်းတွေအားလုံးက သုံးရာဝန်းကျင်မှာ ရှိရမှာလေ။ ဘယ်လိုဒဏ္ဍာရီလာလဲ ဒီဇာတ်ကောင်အမျိုးအစားက။ သောက်ကျိုးနည်း..... ယူဖီမီနာက မော်ကွန်းဇာတ်ကောင်အမျိုးအစားလေးပဲ ရှိပေမဲ့ အိုဗာပါဝါဖြစ်နေပြီ။ အသံမထွက်ဘဲ မှော်တွေကို သုံးနိုင်တယ်...အား...ငါ မပျော်တော့ဘူး’
ဂရစ်ဟာ ငြီးတွားနေရင်း ယူဖီမီနာနဲ့ ရက်ဘစ်ဒ်ကို သေချာအာရုံစိုက်နေသည်။
ယူဖီမီနာဟာ မှော်ဆရာဝတ်စုံကို ဝတ်ထားသည်။ ရက်ဘစ်ဒ်ကတော့ သံကြိုးနဲ့ပြုလုပ်ထားတဲ့ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ ဈေးကြီးပုံရတဲ့တစ်ဖက်ကိုင်ဓားရှိသည်။ သူ့နောက်လိုက်တစ်သိုက်ကတော့ လှံတွေ၊ ဓားတွေ၊ ပြီးတော့ ဒူးလေး ဒီလို လက်နက်မျိုးတွေကို ကိုင်ထားသည်။
‘သူတို့မှာ လက်နက်ကြီးတွေမရှိရင် ငါ့တိုက်ခိုက်စွမ်းအားကို တိုးလိုက်ရင် အေးဆေးနိုင်တယ်..... အခု ငါ့မှာ ချပ်ဝတ်မရှိတော့ သက်လုံနဲ့ ခုခံမှုကိုလည်း တိုးဖို့လိုပြီ.... လျင်မြန်သွက်လက်မှုကတော့ စိတ်တိုင်းကျဓားမြှောင်နဲ့ဆို လိုအပ်တာထက်ပိုမှာ......’
စိတ်ပျက်စရာကောင်းလိုက်တာ။ ဂရစ်က သိပ်တွေးမနေဘဲ ဆုံးဖြတ်ချက်တစ်ခုမြန်မြန်ချလိုက်သည်။
‘ခွန်အားကို ၁၅၀ မှတ် ပြီးတော့ သက်လုံကို အမှတ်ကိုးဆယ်’
ဂရစ်ဟာ ပန်းပဲဆရာဖြစ်တာမို့ လက်၏ကျွမ်းကျင်မှုမှာ တတ်နိုင်သမျှအမှတ်များများ ထည့်ထားရပါသည်။ လက်၏ကျွမ်းကျင်မှုမှာ အမှတ်များလာရင် အဆင့်မြင့်တဲ့အိုင်တမ်ရဖို့ ဖြစ်နိုင်ခြေတိုးလာလေပါ။ ဒါပေမဲ့ ဂရစ်ဟာ စစ်သည်တော်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသူတစ်ယောက်ပါ။ တိုက်ခိုက်စွမ်းအားကို မြင့်မားချင်စိတ်ရှိတဲ့အပြင် ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ခွန်အားနဲ့ သက်လုံကို မြှင့်တင်ရမယ်မှန်း အခြေအနေကို ထိုးဖောက်မြင်သူလည်းဖြစ်သည်။
‘ဘာပဲဖြစ်ဖြစ် လက်၏ကျွမ်းကျင်မှုက အိုင်တမ်တွေ များများလုပ်ရင် အမှတ်တွေ တိုးလာမှာဆိုတော့ မဖြစ်မနေတော့ ထည့်စရာမလိုပါဘူး’
အဲဒီအပြင် သူက ယူဖီမီနာနဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်တုန်းက လုပ်နိုင်ခဲ့တဲ့ စိတ်တိုင်းကျဓားမြှောင်ကြောင့် ‘မော်ကွန်းအိုင်တမ်အားပထမဆုံးပြုလုပ်နိုင်သူ’ ဆိုတဲ့ ခေါင်းစဉ်ပါ ရခဲ့တာဆိုတော့ ဒီခေါင်းစဉ်က သူ့ကို လက်၏ကျွမ်းကျင်မှုအမှတ်နှစ်ရာပေးခဲ့သည်။ ဒါကြောင့် ဂရစ်က လက်၏ကျွမ်းကျင်မှုမှာ စတေပ်စ်အမှတ်တွေကို ထပ်မထည့်ခဲ့သည့် အပေါ် နောင်တမရခဲ့ပါ။
[သင်က ခွန်အားကို အမှတ် ၁၅၀ ထည့်ပါမည်။ မှန်ကန်ပါသလား]
‘ရက်စ်’
[ထည့်ပြီးသော အမှတ်များကို ပြန်လည်ရယူရန် မဖြစ်နိုင်တော့ပါ။ ဆက်လက်လုပ်ဆောင်ပါမည်လား ]
‘ရက်စ်’
[သင်က သက်လုံကို အမှတ် ၉၀ ပေါင်းထည့်ပါမည်။ မှန်ကန်ပါသလား]
‘ထည့်ပါမယ်ဆို။ မေးမနေနဲ့၊ မြန်မြန်လုပ်ဟ’
[သင် ပြောင်းလဲလိုက်သော အညွှန်းကိန်းများ၏သက်ရောက်မှု စတင်ပါသည်။]
ဂရစ်ရဲ့ ခွန်အားက ၃၁၆၊ ပြီးတော့ သူ့သက်လုံက ၃၃၄ ကိုပြောင်းလဲသွားခဲ့သည်။ လက်ရှိကာလမှာ ပန်းပဲဆရာတွေရဲ့ပျမ်းမျှခွန်အားက ၈၀၊ ပြီးတော့ သက်လုံက ၁၀၀ ဆိုတော့ ဂရစ်ရဲ့ ခွန်အားနဲ့ သက်လုံအမှတ်တွေက မျက်စိနဲ့ မမြင်ရရင် မယုံနိုင်စရာကောင်းလောက်အောင် မြင့်တဲ့အမှတ်တွေပါ။
မလုံလောက်သေးပါဘူး။ ပန်းပဲဆရာထက် တိုက်ခိုက်ရေးဇာတ်ကောင်အမျိုးအစားနဲ့ နှိုင်းယှဉ်ပြတာက ပိုပြီးရှင်းလင်းပါလိမ့်မယ်။
အဆင့် ၄၅ တိုက်ခိုက်ရေးသမားတစ်ယောက်မှာ ပျမ်းမျှအမှတ်တွေက ခွန်အား ၂၁၀ နဲ့ သက်လုံ ၁၀၀ တွေပါ။ ဇာတ်ကောင်အမျိုးအစားတစ်ခုရဲ့ပျမ်းမျှခုခံမှုဟာ ၁၀၀မှတ်နဲ့ သက်လုံကတော့ ၂၃၀ ရှိသည်။ လျင်မြန်မှုကို အလေးထားတဲ့တိုက်ခိုက်ရေးဇာတ်ကောင်အမျိုးအစားကို ပျမ်းမျှတွက်ကြည့်လိုက်ရင် ခွန်အားက ၁၂၀နဲ့ သက်လုံ ၈၀ ရှိပါသည်။ ပိုပြီးတော့ အရေးကြီးတာက အဆင့် ၄၅ တိုက်ခိုက်ရေးဇာတ်ကောင်အမျိုးအစားရဲ့စုစုပေါင်းအညွှန်းကိန်းဟာ အမှတ် ၅၀၀ အောက်နိမ့်ပါသည်။
ပုံမှန်ကစားသမားတွေနဲ့ယှဉ်ကြည့်ရင် ဂရစ်ရဲ့အညွှန်းကိန်းတွေက အမှန်တကယ်ကို စွမ်းအားကြီးပါသည်။ ဒါပေမဲ့ ဂရစ်က သူဟာ မသန်မာသေးဘူးလို့ ခံစားနေရသည်။
မြို့စားအက်ရှာနဲ့ သူ့သူရဲကောင်းတွေကနေ ဒိုရန်၊ ယူရာ၊ လီရိုနဲ့ ယူဖီမီနာအထိ။ ဒဏ္ဍာရီလာဇာတ်ကောင်အမျိုးအစားကို ပိုင်ဆိုင်ခဲ့တဲ့အချိန်ကနေ လက်ရှိအထိ ဂရစ်ဟာ သန်မာတဲ့လူတွေနဲ့ ဆက်တိုက်တွေ့နေရပြီး ခက်ခဲသည့် တာဝန်တွေပဲ လုပ်နေရသည်။ ဒါကြောင့် သူတို့တွေနဲ့ သူကိုယ်တိုင်ကို ယှဉ်ကြည့်လိုက်တဲ့အခါ သူ့ကိုယ်သူမသန်မာဘူးလို့ ထင်သွားခဲ့တာပါ။
ဒါပေမဲ့ အမှန်တကယ်တော့ စိတ်တိုင်းကျဓားမြှောင်ကို သုံးလိုက်သည့် အချိန်မှာ ဂရစ်က အဆင့် ၁၀၀ တိုက်ခိုက်ရေးသမားထက်တောင် ပိုပြီးသန်မာပါသည်။ ဂရစ်က ယူဖီမီနာနဲ့ ရက်ဘစ်ဒ်တို့ကို တိုက်ခိုက်တော့မဲ့အချိန်မှာ.....
“ဟေး ရက်ဘစ်ဒ်။ အဲဒီနတ်ဆိုးမနဲ့ ဘာလို့စကားပြောနေတာလဲ။ ငါ့ကို လာကယ်တော့လေ”
ဘာရွန်လိုကို ရက်ဘစ်ဒ်က ကြည့်လိုက်သည်။ ပြီးနောက် ခံစားချက်ကင်းမဲ့နေသောမျက်နှာနဲ့ စကားပြောလိုက်သည်။ "အခုထိ ဘာဖြစ်နေတယ် ဆိုတာကို ခင်ဗျားနားမလည်သေးဘူးလား။ ခင်ဗျားကို ကယ်ဖို့ ကျွန်တော် ဒီကိုလာတာမဟုတ်ဘူး။ ခင်ဗျားရဲတိုက်ကို ဖောက်ဝင်ဖို့ ယူဖီမီနာကို ဌားခဲ့တဲ့လူက ကျွန်တော်ပဲ"
"ဘာတွေပြောနေ"
"အမ်"
ဘာရွန်လိုရော ဂရစ်ပါ တချိန်တည်းအတူတူ စကားပြောလိုက်သည်။ နောက်ပြီး ရက်ဘစ်ဒ်က မထင်မှတ်ထားတဲ့အရာတစ်ခုကို ပြောချလိုက်သည်။ "ကျွန်တော်က မီရိုကုမ္ပဏီက မဟုတ်တော့ဘူး"
"ဘာတွေပြောနေ"
"နောက်ပိုင်း ဗဲလ်မွန့်က ပိုပိုပြီး ဖိနှိပ်လာသည်။ မင်းအကူအညီနဲ့ ဝင်စတန်ကို ထိန်းချုပ်လိုက်နိုင်ကတည်းက အဲဒီအရာက ပိုပြီးသိသာလာသည်။ သူသာ ဒေသခံတွေရဲ့ခံစားချက်ကို မဖတ်နိုင်ရင် မကြာခင်ကျရှုံးတော့မှာ အသိအသာကြီးပါ။ ဒါကြောင့်မို့ အနာဂတ်မရှိတော့တဲ့မီရိုကုမ္ပဏီကနေ ထွက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပဲ။ ဒီနေ့မှာ ခင်ဗျားကော ဗဲလ်မွန့်အတွက်ပါ အပြစ်ပေးဖို့ အထူးစပယ်ရှယ်လေးတွေ ပြင်ဆင်ထားသည်"
ဘာရွန်လိုရဲ့မျက်နှာဟာ အနီရောင်ပြောင်းသွားပြီး အော်ဟစ်လိုက်သည်။ "မင်း။ သစ္စာဖောက်။ မင်းမှာ ငါတို့ကို အပြစ်ပေးဖို့ ဘာအခွင့်အာဏာရှိလို့လဲ။ ကုန်သည်လို နေစမ်းပါ၊ မင်းက တရားမျှတမှုရဲ့တမန်တော်မဟုတ်ဘူး"
"ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော်က ကုန်သည်တစ်ယောက်ပဲ။ အဲဒါကြောင့်ပဲ ကျွန်တော်က အကျိုးအမြတ်ရှိမှပဲ အလုပ်လုပ်သည်။ ကျုပ်မှာ တရားမျှတမှုမရှိဘူး။ အဲဒါကြောင့်ပဲ သူ့အတွက် မင်းနဲ့ ဗဲလ်မွန့်ကို ငါ သတ်ချင်နေတာ။ သူက အကြောင်းပြချက်ပဲ"
ရက်ဘစ်ဒ်က ဂရစ်ကို ညွှန်ပြလိုက်သည်။ ဂရစ်ဟာ ထူးဆန်းသည်ဟု ခံစားရသည်။
"အမ် ကျွန်တော်လား"
ရက်ဘစ်ဒ်ဟာ ထိတ်လန့်သွားတဲ့အမူအရာနဲ့ ဂရစ်ကို ဦးညွှတ်လိုက်သည်။
"ခင်ဗျားဘေးကင်းလို့ ကျွန်တော်ဝမ်းသာပါတယ်၊ ဂရစ်။ ယူဖီမီနာကို ဒီအတွက် ရွေးချယ်ခဲ့တာက မှန်ကန်ခဲ့တာပဲ"
"ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့်မို့ မီရိုကုမ္ပဏီကို သစ္စာဖောက်လိုက်တာလဲ"
ရက်ဘစ်ဒ်ဟာ ပြုံးရင်းနဲ့ ရှင်းပြပါသည်။ "ခင်ဗျားရဲ့ ပန်းပဲပညာကို တွေ့လိုက်တဲ့အချိန်မှာ ကျွန်တော် အနာဂတ်အသစ်ကို မြင်လိုက်ရတယ်"
"အနာဂတ်အသစ်ဆိုတာ"
"ဂရစ် ခင်ဗျားကိုယ်တိုင်လဲ သိမယ်ဆိုပေမဲ့ ခင်ဗျားရဲ့အလားအလာက အရမ်းကောင်းတာ။ တစ်နေ့မှာ မင်းရဲ့လက်ရာတွေကို လူတွေက ဈေးကြီးပေးပြီး ဝယ်ကြလိမ့်မယ်။ ခင်ဗျားလဲ ပိုက်ဆံအများကြီးရှာနိုင်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ထဲအားနဲ့ စီးပွားရေးကို လည်ပတ်တာက ခက်ခဲလိမ့်မယ်။ ဒီလိုလုပ်တာကနေ ရနိုင်တဲ့ ငွေပမာဏကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်မယ်။ ဒါကြောင့်မို့ ကျွန်တော်က ခင်ဗျားနဲ့ အလုပ်တူတူတွဲလုပ်ချင်ပါတယ်။ ကုန်သည်တစ်ယောက်အနေနဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေကို သုံးပြီး ကူညီပေးမယ်။ ကျွန်တော်က ထာဝရနိုင်ငံတော်ကနေ အခြားနိုင်ငံတွေအထိ ခင်ဗျားရဲ့လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အင်ပါယာတစ်ခုကို တည်ဆောက်ပေးမယ်"
ရက်ဘစ်ဒ်ဟာ ခံစားချက်အပြည့်နဲ့ စကားဆက်ပြောလိုက်သည်။
"ကျွန်တော်တို့ အကောင်းဆုံးပန်းပဲဖိုကို လုပ်ကြမယ်။ ဒီပန်းပဲဖိုကနေ ရနိုင်တဲ့ဝင်ငွေတွေက အငယ်စားနဲ့ အလယ်အလယ်ကုမ္ပဏီကနေ ရနေတဲ့ဝင်ငွေတွေနဲ့ အတူတူပဲ။ ခင်ဗျားသာ ကျွန်တော်နဲ့ ပူးပေါင်းလိုက်ရင် ကျွန်တော်တို့ အောင်မြင်မှာ သေချာတယ်။ ခင်ဗျားနဲ့ ဝင်စတန်ဒေသခံတွေရဲ့အမြင်မှာ ကျွန်တော့်ပုံရိပ်ကို ပြုပြင်ဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ ခင်ဗျားကို ကယ်ခဲ့ပြီး မီရိုကုမ္ပဏီနဲ့ ဝင်စတန်အုပ်ချုပ်သူကို ဆွဲချမဲ့အစီအစဉ်တွေ ကျွန်တော် ပြင်ဆင်ထားတာပါ"
"ဒါဆို.... ဒါကြောင့် ခင်ဗျားက ကျွန်တော်နဲ့ အလုပ်တူတူလုပ်ဖို့ မီရိုကုမ္ပဏီကို သစ္စာဖောက်လိုက်တာပေါ့။ ကျွန်တော့်ကို ကယ်ဖို့ ယူဖီမီနာကို လွှတ်လိုက်တာကလည်း ခင်ဗျားပဲပေါ့"
"ဟုတ်ပါတယ်"
"ချီးကျူးဖို့ကောင်းတာပဲ။ ဒါပေမဲ့ ဘာကြောင့် ခင်ဗျားက ဝင်စတန်ဒေသခံတွေရဲ့ နှစ်သက်မှုကို ရယူဖို့ ကြိုးစားနေတာလဲ"
“ကျွန်တော်တို့စီးပွားရေးကို ခန်ရဲ့ပန်းပဲဖိုကနေ စလုပ်မယ်။ အဲဒီနေရာက ပထဝီအားသာချက်ရှိသည်။ ဒါကြောင့် ခန်ရဲ့ပန်းပဲဖိုက လုပ်ငန်းတစ်ခုစလုပ်ဖို့ အကောင်းဆုံးနေရာပဲ။ ကျွန်တော်လည်း ခန်ဆီမှာ အလုပ်ဝင်လုပ်ချင်ပေမဲ့ အခုလို ဒေသခံတွေက အမြင်စောင်းနေချိန်မှာ အလုပ်ဘယ်ရမှာလဲ”
“အာ... ကျွန်တော် နားလည်ပြီ။ ဒါက ခင်ဗျားရဲ့ စီးပွားရေးနည်းဗျူဟာ အသေးစိတ်ဆွဲထားလဲဆိုတာပေါ့”
ယူဖီမီနာက ရက်ဘစ်ဒ်ကို မြန်မြန်ရှင်းပြဖို့ တိုက်တွန်းလိုက်သည်။ “ရှင့်မှာ အချိန်အပိုရှိသေးတာပေါ့။ ကျွန်မတို့က အလျင်လိုနေတာလေ”
“ဟုတ်တာပေါ့။ ကျွန်တော် နားလည်ပါတယ်။ မစ်စတာ ဂရစ်။ ကျွန်တော်တို့ နောက်တစ်ခါထပ်တွေ့မှပဲ အသေးစိတ်ရှင်းပြတော့မယ်။ ပထမဆုံး ခင်ဗျား သိထားရမှာက ကျွန်တော်က ခင်ဗျားကို ချမ်းသာလာအောင် လုပ်ပေးနိုင်တာ ဆိုတာကိုပဲ။ ဒါဆို ကျွန်တော် အခု သွားတော့မယ်နော်”
ရက်ဘစ်ဒ်ဟာ ဂရစ်ကို ယဉ်ယဉ်ကျေးကျေးဦးညွှတ်လိုက်ပြီး လှည့်ထွက်သွားသည်။ တစ်ချိန်တုန်းက ရန်သူက အခုတော့ စကားပြောလိုက်တာနဲ့ စီးပွားရေးပါတနာဖြစ်လာပြီတဲ့.... ဂရစ်ဟာ ရုတ်တရက်အပြောင်းအလဲတွေကို လက်မခံနိုင်သေးဘဲ စိတ်ရှုပ်ထွေးနေပါသည်။
“မတတ်နိုင်ဘူး။ ငါကလည်း ခေါင်းသုံးတဲ့နေရာမှာမှ မတော်တာ။ အရင်ဆုံး လော့အောက်ထ်လုပ်ပြီး အနားယူတော့မယ်”
ယူဖီမီနာဟာ ထွက်သွားမလို့လုပ်နေတဲ့ ဂရစ်ကို လှမ်းခေါ်လိုက်သည်။ “ဟေး ဂရစ် တခုခုမေ့နေပြီလို့ မထင်ဘူးလား”
‘ဒီကောင်မလေး တာဝန်ကြောင့် ငါ့ကို လာကယ်တာကို သူတော်ကောင်းယောင်ဆောင်နေသည်။ ဒါပေမဲ့ အင်း.... သူက ငါ့ကို ကယ်ခဲ့ပြီး ပြိုင်ဘက်ကင်းအဆင့်ဓားမြှောင်ကို ပြန်ပေးထားတာ ဆိုတော့လဲ....’
ယူဖီမီနာကြောင့်သာ ဂရစ်က ဟုရိုင်အိကို ကယ်ဖို့တာဝန်ကို အောင်မြင်ခဲ့တာပါ။ ဒါကို တွေးမိသွားတော့ ဂရစ်ဟာ ယူဖီမီနာကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ပါသည်။
“နောက်ထပ်တကြိမ် ကျေးဇူးတင်ပါတယ်”
ယူဖီမီနာက မျက်မှောင်ကြုတ်သွားသည်။ “ကျွန်မက ရှင့်ကို ဒီစကားကြားချင်လို့ ခေါ်လိုက်တယ် ထင်နေလား။ ရှင် လုံးဝကို မေ့သွားပြီပဲ”
“ဘာကို”
“ရှင် ပြိုင်ဘက်ကင်းအဆင့်မှော်စက်လုံးလုပ်ပေးမယ်လို့ ကတိပေးထားတာကိုပေါ့”
“ငါ ငါ မှတ်မိပါတယ်ဟ။ ဒါပေါ့ ဒီကိစ္စကို မမေ့ပါဘူး”
သူ တကယ်ကို မေ့သွားတာပါ။ မေ့သွားလို့ မှော်စက်လုံးမလုပ်ပေးမိရင် ယူဖီမီနာက သူ့ကို သတ်ပါလိမ့်မည်။ ဒီအတွေးနှင့်ပင် တကိုယ်လုံးအေးစိမ့်သွားပါသည်။
“ငါ မင်းကို လုပ်ပေးမှာပါ။ မှော်စက်လုံးလုပ်နည်းနဲ့ လိုအပ်တဲ့သတ္တုတွေကိုတော့ မင်း ရှာပေးပေါ့”
ဂရစ်ဟာ ရိုးသားခဲ့ပါသည်။ သူက ယူဖီမီနာကို ကတိအတိုင်း မှော်စက်လုံးလုပ်ပေးမှာပါ။ ဒါက သူ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်တာပဲလား။ မဟုတ်ပါဘူး။ ဂရစ်က ကတိတည်ရသည့် အကြောင်းအရင်း ကျန်ပါသေးသည်။
‘ထုတ်လုပ်နည်းနောက်တစ်ခုတော့ အလကားထပ်ရတော့မယ်’
ဒါပေမဲ့ ဒါတင် မကသေးပါဘူး။ သူ အိုင်တမ်လုပ်တိုင်း ထုတ်လုပ်တာနဲ့ဆိုင်တဲ့စွမ်းရည်ရဲ့အဆင့်တွေပါ တိုးလာသည်။ အလကားရတဲ့သတ္တုတွေနဲ့ စွမ်းရည်အဆင့်တက်ဖို့ အခွင့်အရေးမဟုတ်ပေဘူးလား။
“အင်း။ ငါ ပစ္စည်းတွေစုပြီးရင် နင့်ကို ပြန်ဆက်သွယ်လိုက်မယ်"
ယူဖီမီနာက ဂရစ်ကို နှုတ်ဆက်လိုက်ပါသည်။
သူတစ်ယောက်တည်းကျန်တဲ့အချိန်မှာ ဂရစ်ဟာ လေးလေးနက်နက် တွေးနေသည်။ ‘ငါ ရက်ဘစ်ဒ်နဲ့ အလုပ်တွဲလုပ်ရင် တကယ်ပဲ ကုမ္ပဏီအသေးလေးတစ်ခုလို ဝင်ငွေရှာနိုင်မဲ့ ပန်းပဲဆရာဖြစ်လာနိုင်လား’
ဂရစ်က အရင်ကတည်းက သူ့ဇာတ်ကောင်အမျိုးအစားဟာ အကျိုးအမြတ်များမှာကို သတိထားမိခဲ့ပါသည်။ သူသာ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ရင် တစ်နေ့မှာ အကြွေးတွေအကုန်ဆပ်နိုင်မှာပါ။ နိုင်ငံခြားဖြစ်ကားတောင် ဝယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ရက်ဘစ်ဒ်က သူဟာ ဒီထက်ပိုအလားအလာရှိပါတယ်တဲ့။
ရွှေပမာဏနည်းနည်းကို ငွေသားအဖြစ်ပြောင်းနေတာက ကုမ္ပဏီအသေးလေးရဲ့ဝင်ငွေကို ငွေသားအဖြစ်ပြောင်းတာနဲ့ နှိုင်းယှဉ်စရာကို မလိုတော့ဘူး။ သူသာ ပန်းပဲဆရာအဖြစ်နဲ့ အဲဒီပမာဏလောက်ရှိတဲ့ဝင်ငွေရနိုင်ရင် ဂရစ်ဟာ ကားဝယ်နိုင်မှာ အသေအချာပါ။
‘မဟုတ်ဘူး၊ နိုင်ငံခြားဖြစ်ကားက ဘာမှမဟုတ်ဘူး။ ငါ နိုင်ငံခြားဖြစ်ကားတွေအများကြီးနဲ့ ဇိမ်ခံအိမ်ကြီးမှာ နေနိုင်မယ်။ ငါသာ အဲဒီလောက်ချမ်းသာရင် အားယောင်လည်း ငါ့ကို စိတ်ဝင်စားလာမှာ’
ဂရစ် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းခါခဲ့ပါသည်။ တစ်ဖက်မှာလည်း ဂရစ်ဆီကနေ ထွက်လာပြီးနောက် ရက်ဘစ်ဒ်ဟာ ယူဖီမီနာကို မေးလိုက်ပါသည်။
“ဂရစ်ကို ကြည့်ရတာ ခင်ဗျားကို ကြောက်နေပုံပဲ။ ဘာတွေများ ဖြစ်ခဲ့လို့လဲ”
“မဖြစ်နိုင်တာ။ သူက ကျွန်မကို ဘာလို့ ကြောက်ရမှာလဲ”
ယူဖီမီနာက ရယ်မောခဲ့ပါသည်။
“ဂရစ်ဆိုတာ မြောက်ပိုင်းနိုဗာလို သူရဲကောင်းတစ်ယောက်ကိုတောင် အနိုင်ယူခဲ့တဲ့လူပဲ။ သူ့စွမ်းအားက တည်ရှိမှုနဲ့တင် သူရဲကောင်းလေးယောက်ကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ဒီလိုလူတစ်ယောက်က ဒီကမ္ဘာပေါ်မှာ ဘယ်အရာကို ကြောက်အုံးမှာလဲ။ အဲဒီလူက ကျွန်မကို ကစားနေတာ။ တကယ်ကြောက်နေတာ မဟုတ်ဘူး”
“ဟို..... နေအုံး။ ခင်ဗျားအခု ဘာတွေပြောနေတာလဲ” ရက်ဘစ်ဒ်ဟာ နားကြားမှားသွားတာလို့ ထင်နေပါသည်။ “ဂရစ်က သူရဲကောင်းတစ်ယောက်ထက်တောင် စွမ်းအားကြီးတာလား”
“ဟုတ်တယ်”
“သူက ပန်းပဲဆရာလေ”
“ဟုတ်တယ်။ သူက ပန်းပဲဆရာ။ ဒါပေမဲ့ အရမ်းစွမ်းအားကြီးတယ်။ ကျွန်မလဲ သူ့သရုပ်မှန်ကို သေသေချာချာမသိဘူး”
“……”
ပြိုင်ဘက်ကင်းအဆင့်အိုင်တမ်ကို ဖန်တီးခဲ့တဲ့ပန်းပဲဆရာက စွမ်းအားကြီးသေးသည်။ ရက်ဘစ်ဒ်စိတ်ထဲမှာ ဂရစ်ရဲ့သရုပ်မှန်နဲ့ ပတ်သတ်တဲ့ သဲလွန်စတစ်ခု ရေးရေးလေးပေါ်လာပါသည်။
‘ဖြစ်နိုင်တာ သူ...’
ဒဏ္ဍာရီလာပန်းပဲဆရာ ပက်မာ။ လူတွေက သူ့ကို အထင်ကရပန်းပဲဆရာကြီးအနေနဲ့ သိကြပေမဲ့ ရက်ဘစ်ဒ်က မှတ်တမ်းတွေကို ရှာဖွေကြည့်တဲ့အခါမှာ ပက်မာဟာ ပန်းပဲဆရာသက်သက်ပဲ မဟုတ်တာကို ရှာတွေ့ခဲ့ပါသည်။
‘သူက ပက်မာရဲ့စွမ်းရည်တွေကို အမွေဆက်ခံထားတာ ဆိုရင်.... ထူးချွန်တဲ့ပန်းပဲဆရာဖြစ်တဲ့အပြင် တိုက်ခိုက်တာလည်း ကျွမ်းကျင်သေးသည်။ ဂရစ်က ပက်မာရဲ့ဆက်ခံသူလား။ ဖြစ်နိုင်သည်။ ဒါက ဖြစ်နိုင်ခြေအရှိဆုံးပဲ’
ဒဏ္ဍာရီလာတစ်ယောက်ရဲ့ဆက်ခံသူနဲ့ စီးပွားရေးပါတနာအဖြစ် အလုပ်တွဲလုပ်ခွင့်ရဖို့ တွေးတောင် မတွေးရဲခဲ့ပါဘူး။ ဒီစကားတွေပြောပြီးနောက် ရက်ဘစ်ဒ်ဟာ အရမ်းပျော်သွားသည်။
‘ကံကောင်းလိုက်တာ။ ဒါက အခွင့်အရေးပဲ’
သူသာ ပက်မာရဲ့ဆက်ခံသူနဲ့ အလုပ်လုပ်နိုင်ခဲ့ရင် ကုမ္ပဏီအကြီးစားတစ်ခုကရတဲ့အမြတ်ငွေပမာဏကို ရနိုင်သည်။ ရက်ဘစ်ဒ်ဟာ တက်ကြွသွားပါသည်။ မီရိုကုမ္ပဏီကို သွားတဲ့ သူ့ခြေလှမ်းတွေတောင် မြန်လာပြီ။
“ရက်-ရက်ဘစ်ဒ်။ မင်း ခွေးသူတောင်းစား”
ကျူးကျော်သူတွေကြောင့် ရဲတိုက်ဟာ ပြိုကျခဲ့တာကို သတိမထားမိသေးတဲ့ ဗဲလ်မွန့်နဲ့ ဖီလစ်ဆန်ဟာ တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားခဲ့ပါသည်။ ဖီလစ်ဆန်က လိုလီလေးတွေကို ပြန်ပေးဆွဲထားလို့ ယူဖီမီနာဟာ ဒေါသထွက်ပြီး သတ်လိုက်သည်။
အဲဒီနောက်မှာတော့ ဗဲလ်မွန့်နဲ့ ဘာရွန်လိုကို နယ်စပ်ကို ပို့လိုက်ပြီး မြို့စားစတိုင်းက သူတို့ကို သေဒဏ်ချလိုက်သည်။
ဒါပေမဲ့ အပြောင်းအလဲလေးတစ်ခုရှိပါသည်။
“ရက်ဘစ်ဒ်ဟာ ဝင်စတန်ဒေသခံတွေကို အခက်အခဲကနေ ကယ်တင်ပေးခဲ့ပေမဲ့ သူဟာ မီရိုကုမ္ပဏီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် အချိန်အကြာကြီး ရှိခဲ့ပါသည်။ သူက ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရမှာပေမဲ့ ဝင်စတန်ဒေသခံတွေကို ကယ်တင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်”
ရက်ဘစ်ဒ်ဟာ မြို့စားစတိုင်းရဲ့စိတ်ကို အကဲခတ်တဲ့နေရာမှာ အမှားလုပ်ခဲ့မိတာပါ။ မီရိုကုမ္ပဏီနဲ့ ဘာရွန်လိုကို ဥပဒေအရ ပြစ်ဒဏ်ခံခိုင်းလိုက်ရင် သူ့အပြစ်တွေဟာ ခွင့်လွှတ်ခြင်းခံရမယ်လို့ ထင်ခဲ့ပေမဲ့ ထောင်ထဲ အပို့ခံလိုက်ရပါသည်။
ရက်ဘစ်ဒ်ဟာ မပျော်ရွှင်ပေမဲ့ ဒါက မြို့စားစတိုင်းရဲ့ဆုံးဖြတ်ချက် ဖြစ်နေတော့လည်း...
“မစ်စတာ ဂရစ်နဲ့ ငါ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့တာပဲ... စိတ်မကောင်းဖြစ်မိပေမဲ့ သူ ငါ့ကို အသိအမှတ်ပြုခဲ့သည်။ ဒါနဲ့တင် ကျေနပ်ပါပြီ”
ရက်ဘစ်ဒ်ဟာ ထောင်ကို သွားတဲ့လမ်းမှာ ပြုံးနေခဲ့ပါသည်။ သူက အနာဂတ်ဒဏ္ဍာရီလာတစ်ယောက်ရဲ့ အတ္တုပ္ပတ္တိမှာ စာမျက်နှာတစ်ခုအဖြစ် ဖြစ်ခွင့်ရခဲ့သည်လေ။
ဝင်စတန်ဟာ ခေတ်သစ်ကို ရောက်လာပါပြီ။
ရွာကို မြို့အဖြစ် အဆင့်တိုးလိုက်ပြီး မြို့စားစတိုင်းက အုပ်ချုပ်သူအသစ်ကို စေလွှတ်လိုက်ပါသည်။ သူဟာ ဒေသခံတွေအစား အကြွေးတွေဆပ်ပေးလိုက်ပြီး ဒေသခံတွေက သူ့ကို ပြန်ပြီး ကုန်ပစ္စည်းရောင်းရငွေနဲ့ အရစ်ကျဆပ်ခိုင်းလိုက်ပါသည်။
ဒေသခံတွေဟာ သူတို့ရဲ့အိပ်မက်ဆိုးကြီးကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့သူရဲကောင်းတွေအကြောင်းကို ပြောနေခဲ့ပါသည်။
“မင်း ရက်ဘစ်ဒ်ကို သိလား။ သူက အစကတော့ မီရိုကုမ္ပဏီရဲ့ဒုတိယခေါင်းဆောင်ပေါ့ကွာ။ ဒါပေမဲ့ သူက ဗဲလ်မွန့်နဲ့ ဘာရွန်လိုရဲ့ မကောင်းမှုတွေကို သည်းမခံနိုင်တော့ဘဲ သူတို့ကို ဆွဲချခဲ့တာလေ။ သူက အခုထောင်ထဲမှာ ဆိုပေမဲ့ ငါတို့တွေ အခုလို နေနိုင်တာ သူ့ကြောင့်ပဲ”
“ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးကို မင်းသိလား။ သူ့ရဲ့ နှလုံးသားကလဲ မျက်နှာလေးလိုပဲ လှပတယ်။ သူက ရဲတိုက်ထဲကို တစ်ယောက်တည်းပြေးဝင်သွားပြီး ဝင်စတန်ဒေသခံတွေကို ကယ်ခဲ့တာလေ။ သူက ဝင်စတန်ကို ငြိမ်းချမ်းရေးယူပေးခဲ့တဲ့သူပဲ”
“ပန်းပဲဆရာ ငယ်ငယ်လေးရှိသေးတယ်ကွ။ အဲဒီပြတ်သားတဲ့စိတ်ဓာတ်ရှိတဲ့လူငယ်က ဘာရွန်လိုနဲ့ ဗီရိုကုမ္ပဏီကို တရားမျှတမှုအတွက် တိုက်ခိုက်ခဲ့တယ်။ သူက ခန်ရဲ့ပန်းပဲဖိုကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပြီး မြေအောက်အကျဉ်းတိုက်မှာ မြို့စားစတိုင်းဆီကို သတင်းသွားပို့ဖို့ ကြိုးစားခဲ့လို့ အဖမ်းခံထားရတဲ့လူကိုတောင် ကယ်တင်ခဲ့သေးတယ်။ ငါက ဒီနှစ်ဆို အသက် ၈၀ ရှိပြီ။ ငါ့မြေးအရွယ်လောက်ပဲ ရှိတဲ့ အဲဒီကောင်လေးကို တကယ်လေးစားမိတယ်။ ဒီလိုသတ္တိရှိတဲ့လူမျိုးကလဲ ရှားပါတယ်ကွာ”
ရက်ဘစ်ဒ်၊ မိန်းမလှလေးနဲ့ ပန်းပဲဆရာလေး။
ဝင်စတန်ကို လာတဲ့ခရီးသွားတွေဟာ သူတို့သုံးဦးရဲ့ဇာတ်လမ်းကို ကြားနေရသည်။ ဒါဟာ သူတို့သုံးဦးရဲ့ဂုဏ်သတင်းဟာ ဝင်စတန်မှာ အထွတ်အထိပ်ကို ရောက်သွားတဲ့အမှတ်အသားပါ။
အိုင်ရင်း။ ဝင်စတန်ရဲ့ လေဒီအသစ်ဟာ မိန်းမလှလေးနဲ့ ပန်းပဲဆရာလေးကို စိတ်ဝင်စားနေသည်။
“သူတို့ကို ငါ အသိအမှတ်ပြုပါတယ်။ ဖြစ်နိုင်ရင် တွေ့ချင်လိုက်တာ”