အခန်း ၁၀၆၆
Vol. 77 Ch. 1066
အခန်း ၁၀၆၆ ရိုက်ခတ်မှုတစ်ခု၏ အစပျိုးခြင်း
ဤသည်မှာ ရိုးရှင်းသော တြိဂံပုံစံ လျှပ်စီးအစီအရင်တစ်ခုသာ ဖြစ်သည်။ ထူးခြားသော စွမ်းအား ရှိသော်လည်း ပြီးပြည့်စုံသော အိစန်းအား အစားထိုးထားသည့် စုမင်ကိုမူ ချုပ်နှောင်မထားနိုင်ပေ။ စုမင်၏ အိစန်းကိုယ်ပွားသည် ကျင့်ကြံခြင်း အပိုင်းတွင် စကြဝဠာထဲ၌ စိတ်တိုင်းကျ ပြုမူနိုင်သော အိစန်း အစစ်ကြီးနှင့် မနှိုင်းယှဉ် နိုင်သေးသော်လည်း သူတို့၏ သက်ရှိအဆင့်အတန်းမှာမူ အတူတူပင် ဖြစ်သည်။
စုမင်အတွက် လိုအပ်သည်မှာ အချိန်သာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အိစန်းကိုယ်ပွားသည် တဖြည်းဖြည်း ကြီးထွားလာပြီး အတိတ်က အိစန်း၏ အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကာ ထိုအဆင့်ကိုပါ ကျော်လွန်၍ မည်သူမျှ မရောက်ဖူးသေးသည့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စုမင်တွင် အိစန်း၏ ဖြစ်တည်မှုအပြင် နောက်ထပ် အဆင့်အတန်းတစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။ သူသည် ပျက်စီးခြင်း အဘိုးအို၏ လူတစ်ယောက် ဖြစ်သည်။
စုမင် သိထားသလောက်မူ ပျက်စီးခြင်း အဘိုးအိုသည် အမှောင် အရုဏ်ဦး စခန်းမှ လူတစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို ခန့်မှန်းရန်ပင် ခက်ခဲသည်။ သူသည် စုမင် သိရှိခဲ့သမျှထဲတွင် အသန်မာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ဤမျှ သန်မာသောသူ တစ်ယောက်သည် အမှောင် အရုဏ်ဦးမှ လာခြင်းဖြစ်သော်လည်း သူ့အပေါ် မည်သည့်ကန့်သတ်ချက်မျှ ရှိနေမည် မဟုတ်ဟု စုမင် အမြဲတမ်း တွေးတောခဲ့ဖူးသည်။ သို့သော် အထောက်အထား အတိအကျ မရှိသဖြင့် အမှန်တရားကိုမူ မသိနိုင်သေးပေ။
သို့သော် သူ့စိတ်ထဲတွင် အမြဲရှိနေသော နောက်ထပ် အတွေးတစ်ခုမှာ အမှောင် အရုဏ်ဦးနှင့် သူတော်စင် ပုန်ကန်သူတို့သည် ဘာကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူလို ဆန့်ကျင်နေကြသနည်း ဆိုသည့်အချက် ဖြစ်သည်။
ရွှေရောင်ခြင်ကြီးနှင့် မတွေ့ခင်အထိ စုမင်သည် ဤသည်ကို သေချာမသိခဲ့ပေ။ သို့သော် ထိုခြင်နှင့် ရွှေရောင်သွေးစက်ကြောင့် အမှန်တရား၏ အရိပ်အယောင် အချို့ကို သူ ရိပ်မိလာခဲ့သည်။
အမှောင် အရုဏ်ဦးနှင့် သူတော်စင် ပုန်ကန်သူတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် တစ်ဖက်လူကို ဝါးမြိုလိုက်နိုင်လျှင် ချက်ချင်း ပို၍ သန်မာလာကြခြင်း ဖြစ်ရမည်။ ပျက်စီးခြင်း မျိုးစေ့က ရွှေရောင်သွေးအား ဝါးမြိုလိုက်ပြီး ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်ကာ စုမင် ဤအချက်အား ရှင်းလင်းစွာ ခံစားလိုက်ရသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ၎င်းတို့သည် တစ်ဖက်လူကို ဝါးမြို၍ ပိုသန်မာလာချင်သောကြောင့် ရန်သူဖြစ်နေကြခြင်း ဖြစ်နိုင်သည်။ တစ်ဖက် စခန်းအား အမြစ်ပြတ် ဖျက်ဆီးနိုင်ပါက စကြဝဠာ အားလုံးကို စိုးမိုးနိုင်မည် ဖြစ်သည်။
'ကျင့်ကြံသူတွေက ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်တွေကို ပြည့်စုံသွားအောင်အထိ ကျင့်ကြံကြတာပဲ...'
စုမင်သည် ဤမေးခွန်းနှင့် တွေးတောချက်များကို နှလုံးသားထဲ၌ပင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်သည်။ သူသည် လျှပ်စီးအစီအရင်ထဲမှ ထွက်လာသည့် အခိုက်အတန့်တွင် ရှေ့ရှိ ဂိုဏ်းသခင် သုံးပါးကို ကြည့်လိုက်သည်။
စုမင်အပေါ် စောစောကတည်းက စေတနာရှိပြခဲ့သော အဘိုးအိုက လက်သီးကို လက်ဖဝါးဖြင့်ထုပ်၍ ဂါရဝပြုရင်း ပြောလိုက်သည်။
"စောစောက ကျုပ်တို့ သတိကြီးသွားလို့ မင်းသားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ။ ဒါကလည်း မင်းသား နတ်ဘုရား အနှစ်သာရ နယ်မြေကနေ ပြန်လာကတည်းက အစွမ်းတွေ အရမ်းတိုးလာလို့ ဘာကြောင့်လဲဆိုတာ အကြောင်းပြချက် ရှာမရဖြစ်လို့ပါ"
"အခုတော့ ကျုပ်တို့စိတ်ထဲမှာ ဘာမေးခွန်းမှ မရှိတော့ပါဘူး။ နောက်သုံးရက်နေရင် ဘိသိက်မင်္ဂလာပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီနောက်မှာ စိန်ခေါ်မှုတွေနဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ရပါလိမ့်မယ်။ မင်းသားရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ဒါတွေက အသက်ရှူရသလို လွယ်ကူနေမှာပါ။ ကြိုတင်ပြီးတော့ပဲ ဂုဏ်ပြုလိုက်ပါတယ်ဗျာ" အဘိုးအိုက ပြုံးပြီး စုမင်ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အခြားအဘိုးအို တစ်ယောက်ကလည်း ပြုံး၍ ခေါင်းညိတ်ပြသည်။ နံနက်ခင်း တာအိုဂိုဏ်း၏ ဂိုဏ်းသခင်များ အနေဖြင့် ရွှေရောင် သွေးမျိုးဆက် ရှိသူကို မြင်တွေ့ရသည်မှာ သဘာဝအတိုင်း အလွန်ဝမ်းသာစရာပင် ဖြစ်သည်။ အသားညိုသော အဘိုးအိုတစ်ယောက်သာ ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည်။
"ကျုပ်ဘက်ကလည်း စောစောက ရိုင်းပျသလို ဖြစ်သွားတာတွေ ရှိရင် အကြီးအကဲတို့ စိတ်မရှိပါနဲ့ဗျာ" စုမင်က ပြောလိုက်သည်။
စုမင်သည် တစ်ခါတရံ စိတ်အပြောင်းအလဲ မြန်တတ်သော်လည်း ရှေ့ရှိ အဘိုးအိုနှစ်ယောက်က သူ့အပေါ် တလေးတစား ဆက်ဆံပြီး ချီးမွမ်းစကားများမှာလည်း စစ်မှန်သောကြောင့် လက်သီးကို လက်ဖဝါးဖြင့်ဆုပ်၍ ပြန်လည် နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ စုမင်၏ သဘာဝမှာ ဤသို့ပင် ဖြစ်သည်။ အခြားသူက သူ့ကို လေးစားလျှင် သူကလည်း ရိုင်းပျသော စကားလုံးများဖြင့် တုံ့ပြန်မည် မဟုတ်ပေ။
အသားညိုသော အဘိုးအိုကိုမူ သူ လုံးဝ ဥပေက္ခာပြုထားလိုက်သည်။
အထင်လွဲမှုများ ပြေလည်သွားပြီဖြစ်သဖြင့် စုမင်သည် မင်းသား အမှတ်အသား ကျောက်စိမ်းပြားကို ရရှိခဲ့ပြီး နံနက်ခင်း တာအိုဂိုဏ်းသို့ တရားဝင် ပြန်ရောက်လာသူအဖြစ် သတ်မှတ်ခံရပြီ ဖြစ်သည်။ ဂိုဏ်းသခင်နှစ်ပါးကို နှုတ်ဆက်ပြီးနောက် သူသည် အလင်းတန်း တစ်တန်းအသွင် ပြောင်း၍ ထွက်ခွာသွားခဲ့သည်။
ပိန်လှီသော မာဖေးမှာမူ စုမင်၏ လုပ်ရပ်ကြောင့် အံ့သြ၍ မဆုံးနိုင်သေးပေ။ ထိုအချိန်တွင် သူမသည် စုမင်နောက်မှ လျင်မြန်စွာ လိုက်သွားပြီး တောက်ပသော မျက်လုံးအစုံဖြင့် စုမင်ကို မကြာခဏ အကဲခတ်နေကာ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာများ ပေါ်နေသည်။
စုမင် ထွက်သွားပြီး တတိယမြောက် တိုက်ကြီးပေါ်ရှိ ရွှေရောင် အလင်းတန်းများ မှေးမှိန်သွားသောအခါ ဂိုဏ်းအကြီးအကဲများ ခန်းမ အပြင်ဘက်ရှိ အဘိုးအို သုံးယောက်သည် ခေတ္တမျှ ငြိမ်သက်နေကြဆဲ ဖြစ်သည်။ စုမင်အပေါ် စောစောကတည်းက သဘောကောင်းပြခဲ့သော အဘိုးအိုက ဘေးသို့လှည့်၍ အသားညိုသော ဂိုဏ်းသခင်ကို ကြည့်လိုက်သည်။
"ယွီလင်း... မင်း ဒီတစ်ခေါက်တော့ နည်းနည်း စိတ်စောသွားပြီ"
အသားညိုသော အဘိုးအို ယွီလင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးထဲတွင် အမှောင်ရိပ်များ ဖြတ်ပြေးသွားသည်။
"ကျုပ် နတ်ဘုရား အနှစ်သာရ နယ်မြေဆီကို လူလွှတ်ပြီး သူ အဲဒီမှာရှိတုန်းက ဖြစ်ခဲ့တာ မှန်သမျှကို စုံစမ်းခိုင်းထားပြီးပြီ။ မကြာခင် အဲဒီလူ ပြန်ရောက်လာလိမ့်မယ်။ အဲဒီကျရင် တာအိုခုန်းရဲ့ စွမ်းအားတွေ ဘာလို့ ဒီလောက်တောင် တိုးလာရလဲဆိုတာ သိရမှာပေါ့" ယွီလင်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"သိတော့ရော ဘာဖြစ်မှာလဲ။ သူက သွေးနဲ့ ဝိညာဉ် စမ်းသပ်မှုမှာ ရွှေရောင် အလင်းတန်းတောင် ထွက်ပြခဲ့ပြီးပြီ။ ဒါက ဘိုးဘေးတွေကို ကျော်လွန်တဲ့ လက္ခဏာပဲ။ ငါတို့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်အရ သူသာ နံနက်ခင်း တာအိုဂိုဏ်းကို သစ္စာမဖောက်သရွေ့ သူ့ရဲ့ လုပ်ရပ်တွေကို ငါတို့ ဝင်မစွက်ဖက်ရဘူး" အခြားတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကျုပ်ကတော့ လူလွှတ်ပြီးပြီဆိုတော့ အခုချိန်မှာ ဘာပြောပြော အဓိပ္ပာယ်မရှိတော့ဘူး။ နောက်ရက်အတွင်း သူ ပြန်လာရင် ကျုပ်တို့ မေးခွန်းတွေ အားလုံး အဖြေပေါ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က နတ်ဘုရား အနှစ်သာရ နယ်မြေက လူတွေနဲ့ ဆက်သွယ်တာမှ မဟုတ်တာ။ အဲဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ မကြာခင် အကုန်သိရမှာပါ" ယွီလင်းက အေးစက်စွာ တုံ့ပြန်ပြီးနောက် လှည့်ထွက်ကာ သူ ကျင့်ကြံသည့် မျှော်စင်ဆီသို့ ပျံသန်းသွားတော့သည်။
ကျန်သော ဂိုဏ်းသခင် နှစ်ပါးလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါရင်း သူတို့၏ မျှော်စင်များဆီသို့ ပြန်သွားကြသည်။
ယွီလင်းသည် မျှော်စင်ထဲတွင် တင်ပလ္လင်ခွေထိုင်လိုက်ရင်း တိတ်ဆိတ်မှုကြား၌ သူ့မျက်နှာမှာ အလွန် ညှိုးမှိန်နေသည်။ တာအိုခုန်းက မင်းသား ဖြစ်လာပြီး သူ့မိသားစုထဲမှ လူများလည်း မင်းသား ဖြစ်လာသဖြင့် သူသည် တာအိုခုန်းကို ဒုက္ခပေးချင်နေခြင်း ဖြစ်သည်။ အဆင်ပြေပါက တာအိုခုန်းကို သတ်ပစ်ရန်အထိ ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ရလဒ် ထွက်လာမည်ဟု သူ မထင်မှတ်ခဲ့ပေ။ တာအိုခုန်းကို မသတ်နိုင်ခဲ့ရုံသာမက တာအိုခုန်းအား ပို၍ သြဇာ ကြီးမားသွားအောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားသည်။ ယခုအခါ နံနက်ခင်း တာအိုဂိုဏ်းမှ လူတိုင်း သူ့တွင် ရွှေရောင်သွေးမျိုးဆက် ရှိကြောင်း သိရှိသွားကြပြီ ဖြစ်သည်။
'ရွှေရောင် သွေးမျိုးဆက်ပေါ့လေ...' ယွီလင်း၏ မျက်လုံးများက အေးစက်စွာ တောက်ပလာသည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းပြား တစ်ပြား ပေါ်လာပြီး အသာအယာ ဆုပ်ခြေလိုက်သည့်အခါ အရိပ်အယောင်မျှ မကျန် ပျောက်ကွယ်သွားသည်။
'ဒီသတင်းကို အပြင်က နဂါးငွေ့တန်းတွေအထိ ပြန့်အောင် လုပ်ရမယ်။ အင်မော်တယ် မဟာမိတ်ထဲက အင်အားစုတွေကတော့ တာအိုခုန်းရဲ့ ရွှေရောင်သွေးမျိုးဆက်ကို သေချာပေါက် စိတ်ဝင်စားကြလိမ့်မယ်' ယွီလင်း၏ မျက်နှာပေါ်တွင် အကြံပိုင်သော အပြုံးတစ်ခု ပေါ်လာသည်။
'ပြီးတော့ သူ့မှာ နတ်ဘုရား အနှစ်သာရ နယ်မြေက လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှာ သေချာတယ်။ ငါလွှတ်လိုက်တဲ့ လူက အဲဒီနယ်မြေကို ရောက်ဖူးတဲ့ စစ်မှန်တဲ့ အစောင့်အရှောက် တစ်ယောက်ပဲ။ သူသွားစုံစမ်းရင် တခြားသူတွေ မသိတဲ့ အကြောင်းအရာတွေ အများကြီး သိလာလိမ့်မယ်။ ခန့်မှန်းခြေအရဆိုရင် သူက ဘိသိက်မင်္ဂလာပွဲ ကျင်းပတဲ့ အချိန်လောက်မှာ ပြန်ရောက်လာမှာ။ အဲဒီအချိန်ကျရင် နံနက်ခင်း တာအိုဂိုဏ်းရဲ့ တပည့်တွေအားလုံး ရှေ့မှာ တာအိုခုန်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပစ်မယ်...'
'ငါတစ်ယောက်တည်း သံသယဝင်နေတာက မလုံလောက်ပေမယ့် ဂိုဏ်းတစ်ဂိုဏ်းလုံးက တပည့်တွေပါ သံသယဝင်အောင် လုပ်နိုင်ရင်တော့ သူ ရွှေရောင်သွေးဆက်ရိုး ရှိနေပါစေဦး... ရှင်းလင်းချက် ပေးရလိမ့်မယ်'
'အဲဒီအချိန်ကျရင် သူ တကယ် မင်းသား မဖြစ်လာခင်မှာပဲ ဒီရာထူးကို ဖျက်သိမ်းပစ်ရမယ်'
ယွီလင်းသည် အေးစက်စွာ ပြုံးရင်း မျက်လုံးမှိတ်လိုက်သည်။ နတ်ဘုရား အနှစ်သာရ နယ်မြေသို့ လွှတ်လိုက်သောသူက မည်သို့သော သတင်းများ ယူဆောင်လာမည်ကို သူ မျှော်လင့်နေမိသည်။
စုမင်သည် တတိယမြောက် တိုက်ကြီးမှ ထွက်ခွာပြီး တာအိုခုန်း၏ တိုက်ကြီးဖြစ်သော သမုဒ္ဒရာများ ဖုံးလွှမ်းနေသည့် မြေသို့ ပြန်ရောက်လာခဲ့သည်။ သူ့ကို ကြိုဆိုသည်မှာမူ ညဦးပိုင်းအထိ မစဲတမ်း ကျယ်လောင်နေသည့် စိတ်လှုပ်ရှားဖွယ် အော်ဟစ်ကြိုဆိုသံများပင် ဖြစ်သည်။ ထိုနောက်မှသာ တိုက်ကြီးတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ညဉ့်နက်ပိုင်းတွင် စုမင်သည် ကမ်းပါးစွန်း တစ်နေရာပေါ်၌ တစ်ယောက်တည်း ထိုင်နေသည်။ သူ့နားထဲတွင် ကျောက်ဆောင်များကို ရိုက်ခတ်နေသည့် လှိုင်းသံများကို ကြားနေရပြီး ရှေ့၌မူ အဆုံးမရှိသော ပင်လယ်ပြင်ကြီး ရှိနေသည်။ ညအချိန်ဖြစ်သဖြင့် လရောင်က သိပ်မလင်းသော်လည်း ပင်လယ်ကြီး မည်မျှကျယ်သည်အား မြင်နိုင်သလို ပင်လယ်လေညင်းနှင့်အတူ ပါလာသော ရနံ့ကိုလည်း ရရှိနေသည်။
ရွှီဟွေသည် စုမင် ဘေးနားတွင် လာထိုင်ပြီး ပင်လယ်ပြင်ကြီးကို အတူတူ ကြည့်နေသည်။ ပေါက်ကရ စကားများ ပြောတတ်သော ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါး ဖြစ်သည့် ခွေးကြီး နှစ်ကောင်ကလည်း ဘေးနားတွင် လာဝပ်၍ သမ်းဝေနေကြသည်။
စုမင်သည် ပင်လယ်ပြင်ကြီးကို စိုက်ကြည့်ရင်း ရေအောက်ထဲတွင် နစ်မြုပ်သွားခဲ့သည့် တောင်ပိုင်းနံနက်ခင်းနှင့် မာန်မျိုးနွယ်ဝင်များကို သတိရမိသွားသည်။ နဝမ တောင်ထွတ်၊ စီနီယာ အစ်ကိုကြီးများ... သူတို့သည် ယခုတိုင် မာန်နယ်မြေ၌ပင် ရှိနေကြဆဲလော သို့မဟုတ် အပြင်သို့ ထွက်လာနိုင်ကြပြီလော သူ တွေးတောနေမိသည်။
စုမင် ခေါင်းခါလိုက်သည်။ မည်သို့ပင်ဆိုစေ ထိုအချိန်မှစ၍ နှစ်ပေါင်း တစ်ထောင်ကျော်မျှ ဖြတ်သန်းခဲ့ပြီးပြီဖြစ်ရာ အချိန်များက အလွန် များပြားပြီ ဖြစ်သည်။ အမှတ်တရများမှလွဲ၍ သူတို့နှင့် ပတ်သက်ပြီး မည်သည်မျှ မကျန်တော့ပေ။
ရွှီဟွေသည် ပင်လယ်လေကြောင့် လွင့်နေသော ဆံပင်များကို သပ်လိုက်ရင်း စုမင်၏ ငေးမောနေသည့် မျက်နှာအား လှည့်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"နင် ဒီနေရာကို သဘောကျလား"
"နင်ကော" စုမင်က တိုက်ရိုက်မဖြေဘဲ မေးခွန်းကို ပြန်မေးလိုက်သည်။
"သိပ်တော့ သဘောမကျပါဘူး" ရွှီဟွေက ခေါင်းခါလိုက်သည်။ "ဒီနေရာက ငါနဲ့ မဆိုင်သလိုပဲ။ ငါ့ရဲ့ဂိုဏ်းက အင်မော်တယ် မဟာမိတ်ရဲ့ အဖွဲ့ဝင် ဖြစ်သွားတာ နှမြောဖို့ကောင်းတယ်။ ဒီလိုနေရာမျိုးမှာ ငါ နည်းနည်း နေရခက်တယ်" ရွှီဟွေက သက်ပြင်းအသာချရင်း ပြောသည်။
"တစ်နေ့ကျလို့ ဒီနေရာက ငါ့အပိုင် ဖြစ်လာရင်တော့ ငါ သဘောကျမိမှာပါ" စုမင်က ခပ်အေးအေး ပြောလိုက်သည်။
ရွှီဟွေ စကားမပြောတော့ဘဲ ပင်လယ်ကြီးကို ကြည့်နေပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ စုမင်အား ထပ်မံ စိုက်ကြည့်လာသည်။ သူမ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ခဏမျှ ဖြတ်ပြေးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် စုမင်က ရုတ်တရက် အရင်ပြောလိုက်သည်။
"နင့်မျက်နှာပေါ်က စိတ်ရှုပ်ထွေးနေတဲ့ အမူအရာကို ငါ ခဏခဏ မြင်ဖူးတယ်။ ပဉ္စမမြောက် မီးဖိုထဲမှာ နင့်ကို ငါ ကယ်ခဲ့တုန်းက အဲဒီအမူအရာက အထင်ရှားဆုံးပဲ။ ရွှီဟွေ... လူတိုင်းမှာတော့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတာချည်းပါပဲ..." စုမင်က ဘေးမှ ကျောက်ခဲလေး တစ်လုံးကို ကောက်ကိုင်ပြီး ပင်လယ်ထဲသို့ အသာအယာ ပစ်ချလိုက်ရာ ရေလှိုင်းများကြားထဲ နစ်မြုပ်ပျောက်ကွယ်သွားသည်။
"အဲဒီလျှို့ဝှက်ချက်တွေက ကျောက်ခဲတွေလိုပဲ။ ပင်လယ်ထဲ ကျသွားရင် အရိပ်အယောင်တောင် ရှာမရတော့ပေမယ့် ပြန်ဆယ်ဖို့ကျတော့ တော်တော်ခက်ခဲတယ်"
"ငါ..." ရွှီဟွေ ခဏတာ တွန့်ဆုတ်သွားသည်။
"မပြောပါနဲ့။ တချို့အရာတွေက ဖွင့်မပြောသေးသရွေ့တော့ နင်က အဲဒီအရာရဲ့ သခင်ပဲ။ ဒါပေမဲ့ တစ်ခါလောက် ဖွင့်ပြောလိုက်ပြီဆိုရင်တော့ နင်က အဲဒီအရာရဲ့ ကျွန် ဖြစ်သွားလိမ့်မယ်" စုမင်က လှည့်ပြီး ရွှီဟွေကို စိုက်ကြည့်လိုက်သည်။
သူမ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့လိုက်သည်။ ခဏအကြာတွင်မူ တိုးတိုးလေး မေးလာသည်။
"နင် တကယ့် မင်းသားအဖြစ် အတည်ပြုချက် ရပြီးရင် ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ရှင်းဖို့ နင့်ဘေးကနေ ခဏလောက် ထွက်သွားချင်တယ်"
"ငါ လိုက်ပေးဖို့ လိုမလား" စုမင်က စစ်မှန်သော လေသံဖြင့် မေးလိုက်သည်။
"လောလောဆယ်တော့ မလိုသေးပါဘူး။ ဒါပေမဲ့ တကယ်လို့ နင့်အကူအညီ လိုလာရင်တော့ နင် သိမှာပါ" ရွှီဟွေက မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ထိုအပြုံးက အတားအဆီးများ မရှိဘဲ လွတ်လပ်ပေါ့ပါးနေသလိုပင် ဖြစ်သည်။ သူမကို အရိပ်မည်းလို ချုပ်နှောင်ထားသော အရာများ ပျောက်ကွယ်သွားသည့် အလားပင် ဖြစ်သည်။
"ဒီလို အပြုံးမျိုးက အလှဆုံးပဲ။ နင့်မှာ မှဲ့တွေ အများကြီး ရှိနေရင်တောင် တကယ် လှပါတယ်" စုမင်က ပြုံးကာ ဆိုလိုက်သည်။
"ကဲပါလေ... အရက်သောက်ရင် ငါ့ကို တစ်ခါမှ မနိုင်တဲ့သူဆီက ဒီလို အမွှမ်းတင်ခံရတာလည်း ဂုဏ်ယူစရာ တစ်ခုပဲပေါ့ မဟုတ်လား"
ရွှီဟွေက စုမင်၏ စကားကို ချက်ချင်း ပြန်ချေပလိုက်သော်လည်း ပြောပြီးသည်နှင့် သူမကိုယ်တိုင် ပါးစပ်ကိုပိတ်၍ ရယ်တော့သည်။ လခြမ်းပုံသဏ္ဍာန် ကွေးညွတ်သွားသော မျက်ဝန်းအစုံက ကောင်းကင်မှ လရောင်ကို ထင်ဟပ်နေသလိုဖြစ်ပြီး သူမအား ပိုမို ဆွဲဆောင်မှုရှိစေသည်။
'ဒီနှစ်ယောက်ကတော့ တကယ့်ကို အချိန်ဆွဲနေကြတာပဲ။ ငါသာ သူတို့နေရာမှာဆိုရင် သဘောကျတဲ့သူကို ချက်ချင်း အပိုင်ဖမ်းလိုက်ပြီ။ ဒီလိုမျိုး အချိန်ဖြုန်းပြီး အီနေမှာ မဟုတ်ဘူး' ထိပ်ပြောင်ကြိုးကြာကမူ စုမင်နှင့် ရွှီဟွေကို စောင်းငဲ့ကြည့်ပြီး စိတ်ထဲက နှာခေါင်းရှုံ့ကာ တွေးနေသည်။
အသူရာနဂါး ဖြစ်သော ခွေးကြီးကလည်း စိတ်ထဲက နှာခေါင်းရှုံ့လိုက်သော်လည်း သူကမူ ညည်းညူသံနှင့် ပို၍ တူသည်။