အခန်း ၁၀၆၉
Vol. 77 Ch. 1069
အခန်း ၁၀၆၉ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်နာမည် သီရွှန်းပါ
စုမင် မျက်မှောင်ကြုတ်လိုက်စဉ် တပည့်တစ်ဦးက သူ့ကြာပန်း ပလ္လင်ပေါ်သို့ ဗြုန်းခနဲ ပေါ်လာခဲ့သည်။ တစ်ပြိုင်တည်းပင် အခြားမင်းသားအလောင်းအလျာ အများစု၏ ပလ္လင်များပေါ်သို့လည်း စိန်ခေါ်သူများ ရောက်ရှိလာကြသည်။ သို့သော် နံနက်ခင်းတာအိုဂိုဏ်းမှ စိန်ခေါ်သူ တစ်ဦးတစ်ယောက်မျှ ရောက်မလာသည့် ပလ္လင်နှစ်ချပ် ရှိနေခဲ့၏။
ထိုပလ္လင်အလွတ် နှစ်ချပ်ထဲမှ တစ်ချပ်ပေါ်တွင် အေးစက်သော မျက်နှာပေးနှင့် လူငယ်တစ်ဦး မတ်မတ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ဖြာထွက်နေပြီး ပတ်ဝန်းကျင်မှ လေထုကိုပင် ခဲပစ်နိုင်လောက်ပုံရ၏။ သူ့မျက်ခုံးနှစ်ခုကြား ဗဟိုတည့်တည့်တွင် နှင်းပွင့်ပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရှိနေသည်။ သူ့ပလ္လင်ပေါ်တွင် စိန်ခေါ်သူ လုံးဝမရှိပေ။
အခြားစိန်ခေါ်သူ မရှိသည့် ပလ္လင်တစ်ချပ်လည်း ရှိသေးသည်။ ထိုပလ္လင်ပေါ်တွင်မူ ဖျော့တော့သော မျက်နှာနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေပြီး နေမကောင်းဖြစ်နေသကဲ့သို့ ရှိနေ၏။ သူသည် တင်ပလ္လင်ခွေထိုင်ကာ ခပ်အေးအေးပင် ပြုံးနေပြီး သူ့မျက်နှာတွင် ဂရုမစိုက်ဟန်များ ပြည့်နှက်နေသည်။ သူ့လက်ထဲတွင် နူးညံ့သော အလင်းတန်းများ လင်းလက်နေသည့် အပြာရောင် အလင်းလုံး တစ်လုံး ရှိနေ၏။ သူသည် ပထမလူငယ်နှင့် လုံးဝကွဲပြားခြားနားသော ခံစားချက်မျိုးအား ပေးစွမ်းသော်လည်း သူ့ကိုလည်း မည်သူမျှ လာရောက်မစိန်ခေါ်ရဲကြပေ။
စုမင်၏ မျက်နှာမှာ ညှိုးမှိန်နေဆဲပင်။ မည်သူမဆို သူ့နေရာတွင် ရှိနေပါက စတင်ကတည်းက လူပေါင်းခုနစ်သန်း၏ စိန်ခေါ်ခြင်းကို ခံရခြင်းသည် သူ့ထံသို့ စိန်ခေါ်စာတစ်စောင် ပေးပို့လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ ခုနစ်သန်းသော စိန်ခေါ်သူဟူသည် ဤနေရာရှိ လူအားလုံး၏ ဆယ်ပုံခုနစ်ပုံနှင့် ညီမျှသည်။
ပို၍ မျက်မှောင်ကြုတ်စရာ ကောင်းသည်မှာ စုမင်၏ ကြာပန်းပလ္လင်ပေါ်သို့ ရောက်လာသော သူသည် ပေါ်လာသည်နှင့် ခေါင်းကိုမော့ကာ တဟားဟား အော်ရယ်လိုက်ခြင်းပင်။ သူ့ရယ်သံထဲတွင် မာန်မာနနှင့် ဘဝင်ဟပ်မှုများ ပါဝင်နေပြီး စုမင်ကို ပထမဦးဆုံး လှည့်ကြည့်ရန်ပင် သတ္တိမရှိဘဲ သူ့နောက်ကွယ်မှ လူအုပ်ကြီးအား လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ပူးယှက်၍ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်လေသည်။
"ဂိုဏ်းတူ ညီကိုမောင်နှမတို့... သူ့ကို စိန်ခေါ်ပိုင်ခွင့်ကို ကျွန်တော့်ကို လက်လွှဲပေးပြီး ဒီနေရာရဲ့ ပထမဆုံး စိန်ခေါ်သူ ဖြစ်ခွင့်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဲ... အခု ဒီ တာအိုခုန်း ဆိုတဲ့ကောင် ဘယ်လောက်အထိ စွမ်းလဲဆိုတာ ကျွန်တော် တစ်ချက် ကြည့်လိုက်ဦးမယ်"
နောက်တစ်ခဏတွင် ထိုလူသည် လူအများ၏ အာရုံစိုက်မှုကို ခံရသူ ဖြစ်လာပြီး စုမင်ထက်ပင် သာ၍ ထင်ပေါ်သွားခဲ့သည်။ သူသည် ရယ်မောရင်း ခေါင်းကိုလှည့်ကာ ကောက်ကျစ်ရက်စက်သော အပြုံးဖြင့် သူ့ပြိုင်ဘက်အား စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားပြီးနောက် ညာခြေကို မြှောက်ကာ စုမင်ထံသို့ လှမ်းလျှောက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကြာပန်းပလ္လင်၏ အနားသတ်များမှ အလင်းကာရံ အတားအဆီးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ပလ္လင်ကို ပြင်ပလောကနှင့် ချက်ချင်း သီးသန့်ခွဲထုတ်လိုက်ရာ ပြင်ပမှ လူများအနေဖြင့် အတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်အား မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အတွင်း၌ မည်ကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်ပွားသွားသည်ကို အခြားသူများ သိရှိနိုင်မည် မဟုတ်ချေ။
အလင်းကာရံ အတားအဆီး ပေါ်လာသောအခါ စုမင်သည် ၎င်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူသည် ချဉ်းကပ်လာသော ထိုလူကို လုံးဝ ဂရုမစိုက်ပေ။ ထိုလူ၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော ထစ်ချုန်းသံ တစ်သံ ထွက်ပေါ်လာပြီး ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။ ဤစွမ်းအားသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လေပြင်းမုန်တိုင်း တစ်ခုသဖွယ် လှုပ်ခတ်သွားစေ၏။
ထိုလူ၏ မျက်ဝန်းများ တောက်ပသွားကာ ညာလက်ကို မြှောက်၍ လက်ဟန်တစ်ကွက် ဖော်ဆောင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ့ဘေးပတ်ပတ်လည်ရှိ လေပြင်းမုန်တိုင်းသည် ကျုံ့ဝင်သွားပြီး ရှေ့တွင် ကြီးမားသော လေဓားသွားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် လေထုနှင့်အတူ စုမင်ကိုပါ အပိုင်းပိုင်းဖြတ်ပစ်တော့မည့်အလား ဟိန်းဟောက်လျက် ရှိနေပြီး ထိုလူသည်လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။
ထိုအချိန်တွင် အလင်းကာရံ အတားအဆီးများဖြင့် ဖုံးကွယ်ထားသော အခြားနယ်မြေများဆီမှ စူးရှသော နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် အသတ်ခံလိုက်ရသည့် စိန်ခေါ်သူအချို့၏ နောက်ဆုံးထွက်သက် အော်ဟစ်သံများ ဖြစ်ကြ၏။
စုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မိမိထံသို့ ဟိန်းဟောက်လျက် ပြေးဝင်လာသော လေဓားသွားကြီးအား လှည့်ပင်မကြည့်ဘဲ ညာလက်ကို မြှောက်ကာ ရှေ့သို့ ဝေ့ယမ်းလိုက်၏။ ထိုလှုပ်ရှားမှုနှင့်အတူ ပြေးဝင်လာသော လေဓားသွားကြီးသည် တုန်ရင်သွားပြီးနောက် ချက်ချင်းပင် လွင့်စင်ပျက်စီးသွားခဲ့သည်။ ၎င်းသည် အပိုင်းပိုင်း ကွဲကြေသွားသော်လည်း ပျောက်ကွယ်မသွားဘဲ တဟုန်ထိုး နောက်ပြန်လွင့်သွားခဲ့ရာ ထိုလူမှာ ခေတ္တမျှ မှင်သက်သွားစဉ် လေဓားသွား၏ အပိုင်းအစများသည် မူလအရှိန်ထက် အဆပေါင်းများစွာ မြန်သော အရှိန်နှုန်းဖြင့် သူ့ထံသို့ ပြန်လည် ပြေးဝင်သွားခဲ့တော့သည်။
ထိုလူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး နှုတ်ခမ်းဖျားမှ စူးရှသော နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်သည် ဝေဟင်ထက်သို့ လွင့်စင်သွားပြီးနောက် အလင်းကာရံ အတားအဆီး၏ အပြင်ဘက်သို့ လွင့်ထွက်ကာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီး သွေးများသည် နေရာအနှံ့သို့ ပန်းထွက်သွားခဲ့လေတော့သည်။
စုမင် ပထမဆုံး စိန်ခေါ်သူကို ရှင်းလင်းလိုက်သည့် အချိန်တွင် အခြား ကြာပန်းပလ္လင်များ ပေါ်၌လည်း တိတ်ဆိတ်လျက် ရှိနေသည်။ နေရာအနှံ့တွင် သွေးများ စွန်းထွက်နေပြီး စိန်ခေါ်သူ အားလုံး၏ ဝိညာဉ်များနှင့် ခန္ဓာကိုယ်များသည် ထိုနည်းတူပင် ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သို့သော်လည်း ကြာပန်းပလ္လင်များပေါ်မှ စိန်ခေါ်သူများ လွင့်စင်သွားသည်နှင့် တပြိုင်နက် ကျဆုံးသွားသူများ၏ နေရာတွင် အခြားသူများ ချက်ချင်း အစားထိုး ဝင်ရောက်လာခဲ့ကြပြန်သည်။
ယခုတစ်ကြိမ် စုမင်၏ ပလ္လင်ပေါ်သို့ ပေါ်လာသူမှာ အဘိုးအိုတစ်ဦး ဖြစ်သည်။ သူ ပေါ်လာသည်နှင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ လှုပ်ရှားမှုတစ်ချက်နှင့်အတူ သူ၏ ပုံသဏ္ဌာန်သည် ဝေဝါးသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့၏။
စုမင်၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ သူ့မျက်နှာတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။ ထိုလူ ပျောက်ကွယ်သွားသည်ဖြစ်စေ မပျောက်ကွယ်သွားသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ သူသည် ညာခြေကို မြှောက်ကာ ပလ္လင်ပေါ်သို့ ပြန်လည်ချနင်းလိုက်ရာ ကျယ်လောင်သော ထစ်ချုန်းသံကြီး ထွက်ပေါ်လာခဲ့သည်။ ကြာပန်းပလ္လင်၏ ပတ်ပတ်လည် ပေပေါင်းသိန်းချီသော ဟာဟင်းလင်းပြင်ကြီးသည် ချက်ချင်း ခဲသွားခဲ့၏။
ထိုအဘိုးအို၏ ပုံသဏ္ဌာန်သည် စုမင်၏ ညာဘက် ပေတစ်ထောင်အကွာတွင် ချက်ချင်း ပြန်လည်ပေါ်ထွက်လာခဲ့သော်လည်း သူသည် ထိုနေရာ၌ပင် တင်းကြပ်စွာ ချည်နှောင်ခြင်း ခံထားရပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်မှ ဖိအားများက သူ့ကို အလွန်ပြင်းထန်စွာ ဖိနှိပ်ထားသဖြင့် သူသည် အေးခဲသွားသကဲ့သို့ ဖြစ်နေတော့သည်။
သူ့မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။ သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေစဉ် စုမင်သည် ခေါင်းကို လှည့်ကာ သူ့အား တစ်ချက် စိုက်ကြည့်လိုက်၏။ သူသည် ညာလက်ကိုမြှောက်ကာ ထိုလူရှိရာ အရပ်ဆီသို့ လေထုအား ဆုပ်ကိုင်လိုက်သည်။ ထိုအဘိုးအို၏ ခန္ဓာကိုယ်သည် သူ့ဆန္ဒကို ဆန့်ကျင်၍ စုမင်ထံသို့ ချက်ချင်း တိုးဝင်လာခဲ့၏။ စုမင်သည် သူ့လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး အေးစက်သော အမူအရာနှင့်အတူ လည်ပင်းအား ချိုးဖျက်ပစ်လိုက်တော့သည်။
စိန်ခေါ်သူများအပေါ် သူ့သဘောထားမှာ အားလုံးကို သတ်ပစ်ရန်ပင်။ သူ့ကို စိန်ခေါ်ဝံ့သရွေ့ မည်သူမဆို သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရမည်။ သူသည် နံနက်ခင်း တာအိုဂိုဏ်းအပေါ် မည်သည့်အခါကမျှ သံယောဇဉ် မရှိခဲ့ဖူးချေ။ ယခုကဲ့သို့ ဂိုဏ်းသားများကို ပွင့်ပွင့်လင်းလင်း သတ်ပိုင်ခွင့် ရရှိထားသည့် အခွင့်အရေးမျိုးတွင် သူသည် သဘာဝကျကျပင် ကရုဏာသက်နေမည် မဟုတ်ပေ။
အဘိုးအို၏ လည်ပင်းသည် ကျယ်လောင်စွာ ကျိုးပြတ်သွားခဲ့ပြီး နတ်ဘုရားဝိညာဉ် အပါအဝင် ရုပ်ခန္ဓာနှင့် ဝိညာဉ်ပါ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ထို့နောက် သူ့အလောင်းသည် အလင်းကာရံ အတားအဆီး၏ ပြင်ဘက်သို့ လွင့်ထွက်သွားခဲ့၏။
ချက်ချင်းပင် မည်သူမဆို မမြင်နိုင်သော ထိုကြာပန်းပလ္လင်ပေါ်သို့ တတိယမြောက် လူတစ်ဦး ပေါ်လာခဲ့ပြန်သည်။ ထိုလူ ပေါ်လာသောအခါ သူ၏ ရယ်မောသံသည် ဝေဟင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီပဲ။ တာအိုခုန်း... အဲဒီ ပွင့်လန်းနေတဲ့ ကြာပန်းဝတ်ရုံကို ငါ ဝတ်လိုက်တာက ပိုကောင်းလိမ့်မယ်"
ထိုအသံသည် လူလတ်ပိုင်း အမျိုးသားတစ်ဦးထံမှ ဖြစ်သည်။ သူသည် တိုက်ရိုက် အနွယ်ဝင် တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေသည့် ကြယ်တာရာ ဝတ်ရုံကို ဆင်မြန်းထား၏။
နံနက်ခင်း တာအိုဂိုဏ်းတွင် ကြယ်တာရာ ဝတ်ရုံကို ဆင်မြန်းနိုင်သူ အားလုံးသည် တိုက်ရိုက် အနွယ်ဝင်များ ဖြစ်ကြသည်။ ထိုသူပေါင်း သောင်းချီ၍ ရှိနေသော်လည်း မဟာလောကကြီး တစ်ခုလုံးကို ထိန်းချုပ်ထားသည့် နံနက်ခင်း တာအိုဂိုဏ်းအတွက်မူ ကြယ်တာရာဝတ်ရုံ သောင်းချီ ဖန်တီးပေးရန်မှာ အမှန်တကယ်ပင် အပန်းမကြီးပေ။ သို့သော် မဟာနက္ခတ်ဝတ်ရုံ အရေအတွက်မှာမူ များစွာ နည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ရိုက်အနွယ်ဝင်များ ဖြစ်ကြပါစေ သူတို့အကြားတွင်လည်း အဆင့်အတန်း မြင့်မားသူနှင့် နိမ့်ကျသူဟူ၍ ကွာခြားချက် ရှိနေသောကြောင့်ပင်။
ထိုလူလတ်ပိုင်းအမျိုးသား ပေါ်လာသည့် ခဏ၌ပင် စုမင်သည် အေးစက်သော မျက်နှာဖြင့် ရှေးသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အခြားသူ၏ ရယ်သံ ဝေဟင်တွင် ပဲ့တင်ထပ်နေစဉ် ထိုလူလတ်ပိုင်းအမျိုးသားသည် စုမင် ချဉ်းကပ်လာသည်အား မြင်သောအခါ နောက်သို့ ဆုတ်လိုက်ပြီး ညာလက်ကို မြှောက်ကာ လက်ဟန်တစ်ကွက် ဖော်ဆောင်၍ စုမင်ထံသို့ ညွှန်ပြလိုက်၏။
"တာအို ထင်ရှားခြင်း"
ထိုစကားလုံးများနှင့်အတူ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် ဆန်းကြယ်သော နည်းလမ်းဖြင့် ချက်ချင်း ပိန်လှီခြောက်ကပ်သွားခဲ့သည်။ သူသည် မျက်စိတစ်မှိတ်အတွင်း အရိုးစုတစ်စုသဖွယ် ဖြစ်သွားပြီး လက်ညှိုးထိပ်ဖျားမှ နက်မှောင်သော အလင်းတန်းတစ်တန်း ပစ်ထွက်သွားခဲ့၏။
ထိုအလင်းတန်းသည် ပစ်ထွက်သွားသည်နှင့် စုမင်၏ ရှေ့မှောက်တွင် ပြိုကွဲသွားပြီး ရေတွက်၍ မရနိုင်သော နက်မှောင်သည့် အမျှင်တန်းများအဖြစ် ပြောင်းလဲကာ စုမင်ကို လွှမ်းခြုံအုပ်မိုးရန် ကြိုးပမ်းသည့် မဟာပိုက်ကွန်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
ထိုနက်မှောင်သော ပိုက်ကွန်ကြီးသည် စုမင်ထံသို့ ချက်ချင်း ကပ်ညှပ်လာခဲ့သော်လည်း စုမင်၏ ခန္ဓာကိုယ်ကို ထိလုနီးပါး ဖြစ်နေချိန်တွင် စုမင်၏ နှုတ်ခမ်းဖျား၌ လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ညာလက်ကိုမြှောက်ကာ ထိုအလင်းတန်းရှိရာ လေထုအား ဖမ်းဆုပ်လိုက်၏။ ကျယ်လောင်သော ထစ်ချုန်းသံနှင့်အတူ ပိုက်ကွန်းသည် သူ့ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားခဲ့သည်။
ဤမြင်ကွင်းသည် ထိုလူလတ်ပိုင်း အမျိုးသားကို အလွန်အမင်း ထိတ်လန့်သွားစေကာ သူသည် ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး နှလုံးသားထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။ သူသည် မိမိ၏ နတ်ဘုရားစွမ်းရည်မှာ အလွန်တရာ စွမ်းအားကြီးသဖြင့် ကမ္ဘာမြေပြင် နယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသူများပင်လျှင် ၎င်းကို လက်ဗလာဖြင့် မဆုပ်ကိုင်ရဲကြဟု အမြဲ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့ ဆုပ်ကိုင်မိပါက ထိုနတ်ဘုရားစွမ်းရည် အတွင်းရှိ စွမ်းအားသည် ထိုသူအား ပြောင်းလဲပစ်ပြီး သူတို့၏ အသိဉာဏ်ကို လုယူသွားမည် ဖြစ်သည်။
သူ့မျက်နှာအမူအရာ ပြောင်းလဲသွားစဉ် ထိုလူလတ်ပိုင်းအမျိုးသားသည် နောက်သို့ ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း စုမင်သည် ညာလက်ကို ဖြန့်လိုက်သောအခါ သူဖမ်းဆုပ်ထားသော နက်မှောင်သည့် ပိုက်ကွန်ကြီးသည် ထိုလူလတ်ပိုင်းအမျိုးသားထံသို့ ချက်ချင်း နောက်ပြန်လွင့်သွားခဲ့တော့သည်။
သူ့မျက်နှာအမူအရာ တစ်ဖန် ပြောင်းလဲသွားပြီး ကြာပန်းပလ္လင်ပေါ်မှ ထွက်ပြေးရန် ပြင်လိုက်သည့် အခိုက်အတန့်၌ပင် စူးရှသော နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။ မိမိ၏ ကိုယ်ပိုင်ပိုက်ကွန်က မိမိကို ပြန်လည်လွှမ်းခြုံသွားသောအခါ သူသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ သူ၏ ကြယ်တာရာ ဝတ်ရုံပင်လျှင် ဆုတ်ဖြဲခြင်း ခံလိုက်ရ၏။ အဆုံးစွန်၌ ၎င်းသည် သာမန်ကြယ်တာရာ ဝတ်ရုံမျှသာဖြစ်ပြီး မဟာနက္ခတ်ဝတ်ရုံတော် မဟုတ်သဖြင့် ၎င်းပေးစွမ်းနိုင်သော အကာအကွယ်မှာ ကန့်သတ်ချက် ရှိနေသောကြောင့် ဖြစ်ပေသည်။
လူသုံးဦးကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် စုမင်သည် အခြားမင်းသားများ၏ ကြာပန်းပလ္လင်များကို လှည့်ကြည့်ရန် စိတ်မဝင်စားတော့ချေ။ သူသည် မိမိ၏ ပလ္လင်ပေါ်တွင်သာ မတ်မတ်ရပ်ရင်း စတုတ္ထမြောက်လူကို စောင့်ဆိုင်းနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုသူ ပေါ်လာခဲ့၏။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး စတုတ္ထမြောက်... သတ္တမမြောက်... ဒသမမြောက်လူများ ရောက်ရှိလာကြသည်။ နေ့ဝက်ခန့် ကုန်ဆုံးသွားသောအခါ စုမင်သည် ဆက်တိုက်ဆိုသလို ရောက်ရှိလာသော စိန်ခေါ်ပွဲများအတွင်း လူပေါင်း လေးရာနီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။
သူသည် ပြင်ပလောကကို လုံးဝ ဂရုမစိုက်ချေ။ အခြားမင်းသားများ မည်သို့ ဖြစ်ပျက်နေသည်ကို သူ မသိသော်လည်း သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော သတ်ဖြတ်မှုများအား တဖြည်းဖြည်း ငြီးငွေ့လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် မိမိက ဤကဲ့သို့သော နည်းလမ်းဖြင့် လူအားလုံးကို သတ်ဖြတ်နေသည့်တိုင်အောင် မည်မျှသော လူများက သူ့အား စိန်ခေါ်ရဲကြသေးသည်ကို သိချင်နေခဲ့၏။
ထို့ပြင် သူသည် မိမိကို အမှန်တကယ် စိန်ခေါ်နိုင်မည့်သူ တစ်ဦးကိုလည်း စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ထိုကဲ့သို့သော တိုက်ပွဲမျိုးကသာ သူ့ကို စိတ်ကြိုက် တိုက်ခိုက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီး အခြားသူများ တိုက်ပွဲဝင်ရန် သတ္တိများ လျော့နည်းလာချိန်တွင် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ တဖြည်းဖြည်း ပေါ်ထွက်လာမည်ကို သူ သိထားပေသည်။
စုမင်၏ မျက်ဝန်းများ တောက်ပသွားစဉ် သူ့ပလ္လင်ပေါ်သို့ နောက်ထပ် ပုံသဏ္ဌာန်တစ်ခု ပေါ်လာခဲ့ပြန်သည်။ သူသည် ထိုလူကို တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ထိုသူသည် ကမ္ဘာမြေပြင် နယ်ပယ် အစောပိုင်း အဆင့်မျှသာ ရှိသေးကြောင်း သိလိုက်ရ၏။ ဤကဲ့သို့သော ကျင့်ကြံသူမျိုးသည် စုမင်ကို မျက်မှောင်ကြုတ်သွားစေသည်။
အသက်ရှိုက်စာ တစ်ချက်အတွင်း ထိုပုံသဏ္ဌာန်သည် ရှင်းလင်းလာခဲ့ပြီး ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ဖြစ်နေခဲ့သည်။ သူ ပေါ်လာသည်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မျက်နှာတွင် ဖော်လံဖား အပြုံးတစ်ခု ပေါ်ထွက်လာကာ စုမင်ထံသို့ လက်နှစ်ဖက်ကို ပူးယှက်၍ အသနားခံလိုက်လေသည်။
"မင်းသား... လက်မပါပါနဲ့ ခင်ဗျာ။ ကျွန်တော့်ကို လုံးဝ မတိုက်ခိုက်ပါနဲ့။ ကျွန်တော်က မင်းသားကို လာစိန်ခေါ်တာ မဟုတ်ပါဘူး။ မင်းသားရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်နဲ့ မဟာလောကကြီး လေးခုလုံးမှာ ကျော်ကြားတဲ့ ဂုဏ်သတင်းကို သိရက်နဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ ခင်ဗျာ။ မင်းသားရဲ့ အသက်ရှူသံ တစ်ချက်တင် ကျွန်တော့်ကို အမေ့ဝမ်းဗိုက်ထဲ ပြန်ရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တောင်းဆိုချက်လေးကို လိုက်လျောပေးပြီး စက္ကန့်ပိုင်းလောက် အချိန်ခဏလောက်ပဲ ပေးပါ ခင်ဗျာ"
ထိုပိန်ပိန်ပါးပါး လူငယ်၏ မျက်နှာပေါ်ရှိ ဖော်လံဖား အမူအရာမှာ အလွန်တရာ ပိုင်နိုင်လှသဖြင့် မည်သည့် လှည့်စားမှု အရိပ်အယောင်မျှ ရှာမတွေ့နိုင်ပေ။
စုမင် မှင်သက်သွားခဲ့ရ၏။
ထိုပိန်ပိန်ပါးပါး လူငယ်သည်လည်း သူ့စိတ်ထဲတွင် နဖူးမှ ချွေးစေးများကို သုတ်လိုက်ရင်း အနားသတ်ဆီသို့ ချက်ချင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် အလင်းကာရံ အတားအဆီး၏ အပြင်ဘက်သို့ ခန္ဓာကိုယ် အများစုကို ထုတ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ မျက်နှာနှင့် လည်ပင်းကြောများ နီမြန်းလာသည်အထိ ဝေဟင်ထက်သို့ အားကုန်အော်ဟစ်လိုက်တော့သည်။
"ဆရာကြီးတို့၊ သခင်လေးတို့၊ စတုတ္ထ၊ တတိယနဲ့ ဒုတိယအဆင့် တိုက်ကြီးတွေက ကျင့်ကြံသူ မိတ်ဆွေတို့၊ စီနီယာတို့၊ ဂိုဏ်းတူ ညီကိုမောင်နှမတို့၊ ဦးလေးတို့၊ အဒေါ်တို့... အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ဆီမှာ အဆင့်မြင့် ဆေးလုံးတွေ၊ မန္တန်အဆောင် အမြောက်အမြားနဲ့ ဓားတွေ၊ လှံတွေ၊ ဆေဘာတွေ အမျိုးမျိုး ရှိပါတယ်ခင်ဗျာ။ အလိုရှိတယ်ဆိုရင်တော့ မြန်မြန်လေး လာဝယ်ကြပါဦး။ များများဝယ်လေ လက်ဆောင်တွေ အများကြီး ရလေပါပဲ။ ကျွန်တော့်ကို မှတ်ထားပေးကြပါဦး။ ကျွန်တော့်နာမည် သီရွှန်းပါ။ ကျွန်တော့်ရဲ့ သီက သီလ၊ ဓမ္မကို ဆောင်ပြီး ရွှန်းကတော့ အရာရာ အဆင်ပြေချောမွေ့ခြင်းကို ဆောင်ပါတယ် ခင်ဗျာ"
"ကျွန်တော်က တတိယအဆင့် တိုက်ကြီးတွေထဲက ၃၃၃ ခုမြောက် တိုက်ကြီးမှာ နေပါတယ်။ ကျွန်တော့်ရဲ့ ရတနာတွေ အားလုံးက ကျွန်တော် စစ်ထွက်တုန်းက ရခဲ့တဲ့ အကောင်းစား ပစ္စည်းတွေ ဖြစ်ပါတယ်။ အားလုံးဟာ အဆင့်မြင့် အရည်အသွေးတွေ ဖြစ်ကြောင်း အာမခံပါတယ်ခင်ဗျာ။ ကြိုတင်မှာယူလို့လည်း ရပါတယ်"
သူ့အော်ဟစ်သံများ ဆုံးသွားသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး မှင်သက်သွားကြရသည်။ အမှန်စင်စစ် အခြားကြာပန်းပလ္လင်များပေါ်ရှိ တိုက်ပွဲများပင်လျှင် ဤအော်ဟစ်သံကြောင့် ခေတ္တမျှ ရပ်တန့်သွားခဲ့ရ၏။
ရှင်ခြင်းနယ်ပယ်မှ အဘိုးအိုပင်လျှင် ဒေါသတကြီး လှမ်းကြည့်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် ထိုလူငယ်သည် အလင်းကာရံ အတားအဆီး အတွင်းသို့ သခန္ဓာကိုယ်ကို ချက်ချင်း ပြန်သွင်းကာ စုမင်ထံသို့ ရိုသေစွာ ဖော်လံဖား လက်ပူးယှက်ပြပြီးနောက် အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်သွားခဲ့လေတော့သည်။