အခန်း ၁၀၇၀
Vol. 77 Ch. 1070
အခန်း ၁၀၇၀ အခု နားလည်ပြီလား
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော့်နာမည် သီရွှန်းပါ"
စိတ်လှုပ်ရှားနေသော ထိုအသံသည် လောက၏ အရပ်ရပ်သို့ ပဲ့တင်ထပ်သွားပုံရသည်။ သီရွှန်းသည် ကျင့်ကြံသူ အားလုံး၏ အာရုံစိုက်မှုအား အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့ပြီး သူရောင်းချလိုသော ပစ္စည်းများကိုလည်း အောင်မြင်စွာ ကြော်ငြာနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ သူ၏ ပြောင်မြောက်သော စွမ်းဆောင်မှုကြောင့် နောင်အနာဂတ်တွင် သူ့စီးပွားရေး လုပ်ငန်းမှာ ဒီရေအလား တိုးတက်လာမည်ဟု သူ ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။
ဤကဲ့သို့သော နည်းလမ်းမျိုးကို တွေးတောနိုင်သူသည် အမှန်တကယ်ပင် သာမန်လူ မဟုတ်ချေ။ သူတို့၌ မယုံနိုင်လောက်စရာ သတ္တိ၊ ပြတ်သားမှုနှင့် အသက်အန္တရာယ်ကို ရင်ဆိုင်ရဲသည့် အဆင်သင့်ဖြစ်မှုမျိုး ရှိရန် လိုအပ်ပေသည်။ အဆုံးစွန်၌ အကယ်၍ သီရွှန်းသာ အခြေအနေကို မှားယွင်းတွက်ချက်မိပါက ကြာပန်းပလ္လင်ထက်တွင် အသက်ပျောက်သွားနိုင်ခြေ အလွန်ပင် မြင့်မားလှသည်။
ထို့ကြောင့်ပင် စုမင်သည် သီရွှန်း၏ အသက်နှင့်ရင်းသော ကြော်ငြာမှုအပေါ် မှင်သက်နေရာမှ သတိပြန်ဝင်လာသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။
ထို့အပြင် သူသည် အသက်စွန့်ရဲရုံသာမက အတော်အတန် အားကိုးရသော နောက်ခံ အင်အားလည်း ရှိရပေမည်။ သို့မဟုတ်ပါက ဤမျှ တည်ကြည်လေးနက်သော ဘိသိက်မင်္ဂလာ အခမ်းအနားကြီးတွင် ဤသို့ ဆူပူသောင်းကျန်းခြင်းသည် နံနက်ခင်းတာအိုဂိုဏ်း၏ စည်းကမ်းချက်များအရ အပြစ်ပေးခြင်းကို မလွဲမသွေ ခံရပေမည်။ ပေါ့ပါးပါက အကျဉ်းချ တံခါးပိတ် ကျင့်ကြံခြင်း ခံရမည်ဖြစ်ပြီး ပြင်းထန်ပါက သူ့ကျင့်ကြံခြင်း အဆင့်ပင် ဖျက်ဆီးခံရနိုင်၏။
သီရွှန်းသည်လည်း အမိုက်အမဲတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။ သို့မဟုတ်ပါက သူ့စီးပွားရေးကို ကြော်ငြာရန် ဤကဲ့သို့သော နည်းလမ်းမျိုးကို တွေးမိမည် မဟုတ်ချေ။ သူ့နောက်ကွယ်တွင် ထောက်ပံ့ပေးထားသူများ ရှိနေရမည် ဖြစ်သောကြောင့်ပင် နံနက်ခင်းတာအိုဂိုဏ်းမှ စီနီယာများကို ရန်စမိပြီး သူ့ခေါင်းပေါ်သို့ ဒုက္ခကြီးစွာ ကျရောက်လာမည်အား အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။
ကြာပန်းပလ္လင်၏ ဗဟိုတွင် မတ်မတ်ရပ်နေသော ရှင်ခြင်းနယ်ပယ်မှ အဘိုးအိုသည် ကျောက်ပလ္လင်ဆီသို့ အမြန်ဆုံး ထွက်ပြေးသွားသော သီရွှန်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ သူသည် အေးစက်စွာ နှာမှုတ်လိုက်ရင်း ဒေါသကို အနိုင်နိုင် ဖိနှိပ်လိုက်ရ၏။
"အသုံးမကျတဲ့ ဂိုဏ်းဖျက်ပိုးပဲ။ နောက်ထပ် သူ့လုပ်ရပ်ကို အတုခိုးတဲ့သူ ရှိလာရင်တော့ ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးတာကို မကျေမနပ် မဖြစ်ကြနဲ့" ဟိန်းဟောက်သော အရှိန်အဝါများနှင့်အတူ ရှင်ခြင်းနယ်ပယ်မှ အဘိုးအို၏ စကားသံများသည် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"သူ အပြစ်မပေးခံရဘူးလား..." ဤနေရာရှိ ကျင့်ကြံသူ သန်းပေါင်းများစွာတို့သည် နာခံမှုရှိဟန်ဖြင့် ခေါင်းငုံ့ထားကြသော်လည်း သူတို့၏ စိတ်အာရုံများမှတစ်ဆင့် အချင်းချင်း အလျင်အမြန် ဆက်သွယ်စကားပြောခြင်းကိုမူ မတားဆီးနိုင်ခဲ့ကြချေ။
"မင်း ဒါကို မသိဘူးမလား။ သီရွှန်းလို့ ခေါ်တဲ့လူက ဒီအခမ်းအနားကို စီစဉ်ကျင်းပနေတဲ့ ဂိုဏ်းသခင် ပေပန်းနဲ့ သွေးသားတော်စပ်တာကွ..."
"အဲဒီလိုမျိုးလား။ ဒါဆိုရင် ဒီသီရွှန်းဆိုတဲ့ ကောင်က တိုက်ရိုက် အနွယ်ဝင်ပေါ့။ ဒါပေမဲ့ တိုက်ရိုက် အနွယ်ဝင်တစ်ယောက်က ဘာလို့ တတိယအဆင့်က တိုက်ကြီး တစ်တိုက်မှာ သွားနေနေရတာလဲ..."
"အဲဒါကြောင့်ပဲ ဂိုဏ်းသခင် ပေပန်းက သူ့ကို အသုံးမကျတဲ့ ကောင်လို့ ခေါ်တာပေါ့။ ငါ အတိတ်တုန်းက သီရွှန်းနဲ့ တစ်တိုင်းပြည်တည်းမှာ နေခဲ့ဖူးလို့ ဒီကိစ္စကို အနည်းအကျဉ်း သိတယ်။ သူက မယုံနိုင်လောက်အောင် ပါရမီပါပေမဲ့ ကျင့်ကြံခြင်းကို မုန်းတီးတယ်လေ။ ဆေးလုံးတွေနဲ့ အဆောင်တွေ လုပ်ပြီး ရောင်းရတာကိုပဲ သဘောကျတာ။ သူက တတိယအဆင့် တိုက်ကြီးဆီ ခိုးထွက်သွားပြီး အဲဒီမှာပဲ အပြီးအပိုင် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်လာဖို့ကို ငြင်းဆန်ခဲ့တယ်။ အဲဒီအချိန်တုန်းက တခြား ကိစ္စရပ်တွေ အများကြီး ရှိခဲ့သေးတယ်။ ဒါပေမဲ့ ငါလည်း အသေးစိတ်တော့ မသိဘူး"
အမျိုးမျိုးသော စိတ်အာရုံများကြောင့် လူတိုင်း၏ ဦးနှောက်ထဲတွင် ဆူညံသွားခဲ့သည်။ ပေပန်းသည် ဤအခြင်းအရာကို သိရှိသော်လည်း မျက်မှောင်ကြုတ်ရုံသာ တတ်နိုင်ပြီး အလွန်အမင်း ဂရုမစိုက်တော့ချေ။ သူသည် တည်တင်းသော မျက်နှာဖြင့် အဝေးမှ သီရွှန်းကို စိုက်ကြည့်လိုက်သည်။ သီရွှန်းသည် အခြားသူများကို စိတ်လှုပ်ရှားစွာ စကားပြောဆိုနေပြီး ရံဖန်ရံခါတွင် သူ၏ အပေါ်ဝတ်ရုံအား ဆွဲဟကာ အတွင်းဝတ်ရုံ၌ ချိတ်ဆွဲထားသော ဆေးလုံးများနှင့် အဆောင် အမြောက်အမြားအား ထုတ်ပြနေလေသည်။ ပေပန်းသည် စိတ်ထဲမှသာ သက်ပြင်း ချလိုက်ရတော့သည်။
ထိပ်ပြောင်ကြိုးကြာသည် စုမင်၏ သိုလှောင်အိတ်ထဲတွင် ရှိနေသော်လည်း သူ၏ ဆန်းကြယ်သော နတ်ဘုရား စွမ်းရည်ကြောင့် ပြင်ပလောကမှ အရာအားလုံးကို မြင်တွေ့နေရသည်။ ထိုအခိုက်အတန့်တွင် သူသည် စုမင်၏ စိတ်ထဲ၌ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"ပါရမီရှင်ပဲ။ ဒီကောင်က တကယ့် ပါရမီရှင်ပဲ။ စုမင်... ငါ ဘာလို့ ဒါကို အရင်က မတွေးမိခဲ့တာလဲ။ သောက်ဂွပဲဟေ့၊ ငါလည်း အပြင်ထွက်ပြီး သူလိုမျိုး လန်းချင်တယ်။ အခြားသူတွေကို သွားပြောပေးစမ်းပါ။ ငါ သလင်းကျောက်တွေ ဝယ်မယ်။ သလင်းကျောက်တွေ အများကြီး ဝယ်မယ်လို့" ထိပ်ပြောင်ကြိုးကြာသည် သီရွှန်း၏ လုပ်ရပ်ကြောင့် အကြီးအကျယ် စိတ်လှုပ်ရှားသွားခဲ့ပြီး ဆူညံစွာ အော်ဟစ်နေရင်း အပြင်သို့ ပြေးထွက်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
"မင်းက သလင်းကျောက်တွေကို ဘာနဲ့ ဝယ်မှာလဲ" စုမင်က တည်ငြိမ်သော အသံဖြင့် စိတ်အာရုံ တစ်ချက် ပို့လွှတ်လိုက်ရာ ထိပ်ပြောင်ကြိုးကြာမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။ သူသည် သလင်းကျောက်များအား မည်သည့်အရာနှင့် ဝယ်ယူရမည်ကို အလေးအနက် တွေးတောနေပုံရပြီး အတော်ကြာအောင် စကားမဆိုနိုင်တော့ချေ။
ထိပ်ပြောင်ကြိုးကြာ အတွေးနက်နေစဉ် စုမင်၏ ပလ္လင်ပေါ်သို့ နောက်ထပ် ပုံသဏ္ဌာန်တစ်ခု ပေါ်လာခဲ့ပြန်ပြီး ထပ်ခါတလဲလဲ ဖြစ်နေသော စိန်ခေါ်ပွဲများ ပြန်လည် စတင်ခဲ့သည်။
လေးရာ... ငါးရာ... ခြောက်ရာ။ စုမင်၏ ပလ္လင်ပေါ်တွင် သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ပေါ်လာသော လူများသည် သူ့ပြိုင်ဘက် လုံးဝ မဟုတ်ကြချေ။ သူသည် ဆက်တိုက် သတ်ဖြတ်နေသော်လည်း စုမင်၏ မျက်ခုံးနှစ်ခုကြားတွင် မျက်မှောင်ကြုတ်မှုတစ်ခု တဖြည်းဖြည်း ထင်ဟပ်လာခဲ့သည်။
သူသည် ယခင်ကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားရလျှင် ဤကဲ့သို့သော သတ်ဖြတ်မှုမျိုး ဖြစ်ပွားနေပါက ပြင်ပမှ လူများသည် ပျားအုံကို တုတ်နဲ့ထိုးသကဲ့သို့ သူ့ထံသို့ ဆက်တိုက် တိုးဝင်ကာ စိန်ခေါ်နေကြမည် မဟုတ်ချေ။ သို့သော်လည်း အချိန်မည်မျှပင် ကုန်ဆုံးပါစေ သူ့အခြေအနေမှာ မပြောင်းလဲခဲ့ပေ။
ခေတ္တမျှ တွေးတောပြီးနောက် သူ့နှုတ်ခမ်းဖျားတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤမျှလောက်များပြားသော လူများက သေတွင်းထဲ သက်ဆင်းရန် ရောက်ရှိလာကြသဖြင့် စုမင်အနေဖြင့် ရက်စက်ကြမ်းကြုတ်ကာ ကရုဏာမဲ့သွားခြင်းအပေါ် သူတို့ကိုသာ အပြစ်တင်ရပေမည်။
ပြင်ပမှ လူများသည် ကြာပန်းပလ္လင်ပေါ်ရှိ သတ်ဖြတ်မှုများကို မမြင်တွေ့နိုင်သော်လည်း အချိန်ကုန်ဆုံးလာသည်နှင့်အမျှ စုမင်၏ ပလ္လင်ပေါ်သို့ တက်သွားသော စိန်ခေါ်သူအားလုံး သေဆုံးသွားခြင်းက ပြင်ပရှိ လူအားလုံးကို တုန်လှုပ်သွားစေရန် လုံလောက်သည်။
ပထမဆုံးနေ့၏ စိန်ခေါ်ပွဲများ ပြီးဆုံးခါနီးအချိန်တွင် ပြင်ပလောကရှိ ကျင့်ကြံသူ သန်းဆယ်ဂဏန်းနီးပါးထဲမှ အများစုသည် စုမင်၏ ကြာပန်းပလ္လင်ဆီသို့ မျက်စိကျလာခဲ့ကြသည်။ အခြားပလ္လင်များနှင့် နှိုင်းယှဉ်ပါက စုမင်၏ ပလ္လင်မှာ သွေးရောင်လွှမ်းနေပြီး နီမြန်းသော အလင်းတန်းများ ဖြာထွက်နေ၏။ သူ့ပလ္လင်၏ အထက်ရှိ တိမ်တိုက်များနှင့် မြူခိုးများထဲတွင် တောက်ပနေသော မှော်သင်္ကေတ နှစ်လုံး ရှိနေခဲ့သည်။
ထိုထဲမှ တစ်လုံးသည် စိန်ခေါ်သူ အရေအတွက်ကို ကိုယ်စားပြုပြီး အခြား သွေးနီရောင် သင်္ကေတ တစ်လုံးမှာမူ ထိုပလ္လင်ပေါ်တွင် ဖြစ်ပွားခဲ့သော သေဆုံးမှု အရေအတွက်အား ဖော်ပြနေခြင်း ဖြစ်သည်။
ထိုသွေးနီရောင် မှော်သင်္ကေတသည် သေဆုံးသူ အရေအတွက် တစ်ထောင်ကျော် သွားပြီဖြစ်ကြောင်း ပြသနေခဲ့လေသည်။
အခြား ကြာပန်းပလ္လင်များပေါ်ရှိ တိုက်ပွဲများသည် စုမင်၏ ပလ္လင်ကဲ့သို့ ပြင်းထန်ခြင်း မရှိသည်မှာ ထင်ရှားသည်။ အများဆုံးမှ သေဆုံးသူ လေးရာကျော်မျှသာ ရှိချေသည်။ သေဆုံးမှု အနည်းဆုံးမှာမူ အေးစက်သော လူငယ်နှင့် နူးညံ့သည့် မျက်နှာထားရှိသည့် ဖျော့တော့သော လူလတ်ပိုင်း အမျိုးသားတို့ ဖြစ်ကြသည်။ ထိုနှစ်ဦးစလုံးသည် တစ်နေ့တာလုံး သူတို့၏ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့ကြသော်လည်း မည်သူမျှ သွားရောက် မစိန်ခေါ်ရဲခဲ့ကြပေ။
ထို့ကြောင့်ပင် သူတို့၏ ပလ္လင်များသည် အခြားပလ္လင်များအကြား ထူးခြား ထင်ရှားနေခဲ့ပြီး စုမင်၏ ပလ္လင်တစ်ချပ်တည်းသာ သူတို့ကဲ့သို့ တောက်ပနေခဲ့ခြင်း ဖြစ်သည်။ ပထမနှစ်ဦးမှာ မည်သူမျှ မစိန်ခေါ်ရဲသဖြင့် အာရုံစိုက်ခြင်း ခံရပြီး စုမင်မှာမူ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုများကြောင့် ထင်ရှားနေခြင်း ဖြစ်သည်။ သီရွှန်းဟု ခေါ်သော လူမှတစ်ပါး စုမင်ကို စိန်ခေါ်ဝံ့သူ အားလုံး သေဆုံးခဲ့ရပြီ ဖြစ်သည်။
ရံဖန်ရံခါတွင် လူတစ်ဦး၏ ဂုဏ်သတင်းမှာ သတ်ဖြတ်မှုများဖြင့် တည်ဆောက်ရလေ့ရှိရာ စုမင်မှာ ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထိုနေရာရှိ ကျင့်ကြံသူများသည် စုမင်၏ ပလ္လင်ကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများတွင် လေးနက်ထိတ်လန့်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့ကြသည်။
ကျင့်ကြံသူ တစ်ထောင်ကျော်ကို သတ်ဖြတ်နိုင်ခြင်းသည် အတိုင်းအတာတစ်ခုအထိ စွမ်းအားကြီးမားမှသာ တတ်နိုင်ခြင်း ဖြစ်သည်။ သို့သော် သာ၍ အရေးကြီးသည်မှာ စုမင်သည် သူ့စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်အတွက် ဝတ်ရုံပေါ်ရှိ ပွင့်လန်းနေသော ကြာပန်းသင်္ကေတကို တစ်ကြိမ်တစ်ခါမျှ အသက်သွင်းကာ သက်စောင့် စွမ်းအင်များအား စုပ်ယူခြင်း မပြုခဲ့ခြင်းပင်။
တစ်နေ့တာလုံး စိန်ခေါ်ခြင်း ခံခဲ့ရသော အခြားမင်းသား အလောင်းအလျာများနှင့် နှိုင်းယှဉ်လျှင် အေးစက်သော လူငယ်နှင့် နူးညံ့သည့် လူလတ်ပိုင်း အမျိုးသားတို့မှလွဲ၍ ကျန်ရှိသော လူအားလုံးသည် ကျင့်ကြံခြင်း စွမ်းအင်များကို အနည်းဆုံး တစ်ကြိမ်စီ ပြန်လည် ဖြည့်တင်းခဲ့ကြရသည်။ အချို့မှာ အကြိမ်ကြိမ်ပင် ပြန်ဖြည့်ခဲ့ရ၏။
သို့သော်လည်း ကြာပန်းပလ္လင် အားလုံးကို အလင်းကာရံ အတားအဆီးများဖြင့် ဖုံးကွယ်ထားသဖြင့် အလွယ်တကူ ဆုံးဖြတ်၍ မရနိုင်ချေ။ အတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်သဖြင့် စိန်ခေါ်သူများအကြား အစွမ်းထက်သော သူရဲကောင်းများ ပါဝင်နေခြင်း ရှိ၊ မရှိ သူတို့ မသိနိုင်ကြသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တစ်ရက်အတွင်း ကျင့်ကြံသူ တစ်ထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည့် အချက်က ပေးစွမ်းသော တုန်လှုပ်မှုသည် ထိုနယ်မြေရှိ လူအားလုံး၏ နှလုံးသားအား တဖြည်းဖြည်း လွှမ်းမိုးလာသော ကြီးမားသည့် ဖိအားတစ်ခု ကဲ့သို့ပင် ဖြစ်နေတော့သည်။
ပထမဆုံးနေ့၏ စိန်ခေါ်ပွဲများ ပြီးဆုံးသွားပြီး ကြာပန်းပလ္လင်များမှ အလင်းကာရံ အတားအဆီးများ ပျောက်ကွယ်သွားသောအခါ မင်းသားအလောင်းအလျာ ဆယ်ဦးစလုံး၏ ပုံသဏ္ဌာန်များ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ စုမင်၏ မျက်နှာမှာ တည်တင်း ညှိုးမှိန်နေ၏။ တစ်နေ့တာလုံး ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများကြောင့် သူသည် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ သူ အလိုရှိသည်မှာ စစ်မှန်သော အစွမ်းထက် သူရဲကောင်းတစ်ဦးနှင့် တိုက်ခိုက်ရန်ဖြစ်ပြီး ဤကဲ့သို့သော အဓိပ္ပာယ်မဲ့ သတ်ဖြတ်မှုများတွင် ပါဝင်ရန် မဟုတ်ချေ။
စုမင်၏ သံသယများလည်း ပိုမို ကြီးထွားလာခဲ့သည်။ တစ်နေ့တာလုံး တိုက်ခိုက်မှုများအတွင်း အထူးသဖြင့် နောက်ဆုံးပိုင်းမှ လူပေါင်း ရာချီတို့သည် သူ့ကို မြင်လိုက်ရသောအခါ တုန်လှုပ် မှင်သက်သွားကြပြီးမှသာ သူ့အား စတင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ တစ်ဦးတစ်ယောက်တည်းသာ ဤသို့ ဖြစ်ပါက သူ ဂရုစိုက်မည် မဟုတ်သော်လည်း လူပေါင်း ရာချီတို့က ဤကဲ့သို့ တူညီသော တုံ့ပြန်မှုမျိုး ပြသလာသောအခါ စုမင်အနေဖြင့် ဤကိစ္စကို သေချာပေါက် စဉ်းစားရတော့မည် ဖြစ်သည်။
ထိုကျင့်ကြံသူများသည် သူ့ကို လာရောက် စိန်ခေါ်ခြင်း မဟုတ်သည်မှာ ထင်ရှားပေသည်။ သို့သော် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူတို့သည် သူ့ပလ္လင်ပေါ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
"ပထမဆုံးနေ့ရဲ့ စိန်ခေါ်ပွဲတွေ ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ ကျင့်ကြံသူတွေဖြစ်တဲ့ ငါတို့အတွက် အနားယူဖို့ အချိန်အများကြီး မလိုပါဘူး။ နှစ်နာရီ ကြာပြီးနောက်မှာ စိန်ခေါ်ပွဲတွေကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်" ပေပန်းက စုမင်နှင့် အခြားသူများကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
မည်သူမျှ သူ့စကားကို ကန့်ကွက်ခြင်း မပြုကြချေ။ စုမင်၏ မျက်ဝန်းများ တောက်ပသွားပြီးနောက် ဤဘိသိက်မင်္ဂလာ အခမ်းအနားအတွင်း ကျင့်ကြံသူ သန်းပေါင်းများစွာ၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ တည်ငြိမ်သော အသံသည် ဝေဟင်ထက်သို့ ပျံလွင့်သွားခဲ့သည်။
"ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်" သူ့အသံသည် ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့လေသည်။ ကျန်ရှိသော မင်းသား အလောင်းအလျာ ကိုးဦးစလုံးပင်လျှင် သူ့ထံသို့ လှည့်ကြည့်လာကြ၏။
သူတို့က သူ့ကို ကြည့်လိုက်သောအခါ မင်းသားအများစု၏ မျက်နှာများမှာ တည်ငြိမ်နေသဖြင့် ထိုအခိုက်အတန့်တွင် သူတို့ မည်သို့ တွေးနေသည်ကို မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိချေ။
"ပြောပါ" ပေပန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ့နောက်ကွယ်ရှိ ဂိုဏ်းချုပ် သုံးဦးအကြားတွင် ရပ်နေသော အသားညိုညိုနှင့် အဘိုးအို၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး စိတ်ထဲတွင် အေးစက်စွာ လှောင်ရယ်လိုက်တော့သည်။
"ဒီနေ့ ကျွန်တော့်ကို လာစိန်ခေါ်တဲ့ လူတွေထဲမှာ ကျွန်တော့်ကို စိန်ခေါ်ဖို့ ရည်ရွယ်ချက် မရှိတဲ့သူတွေ အမြောက်အမြား ပါဝင်နေတာ ထင်ရှားပါတယ်။ ဒါဆိုရင် သူတို့က ဘာဖြစ်လို့ ကျွန်တော့်ရဲ့ ပလ္လင်ပေါ်ကိုပဲ ရောက်လာရတာလဲ" စုမင်သည် ရှင်ခြင်းနယ်ပယ်မှ အဘိုးအိုကို စိုက်ကြည့်ရင်း အေးအေးလူလူ မေးမြန်းလိုက်သည်။
သူ့စကားသံကို ကြားရသောအခါ ထိုနေရာရှိ ကျင့်ကြံသူ သန်းပေါင်းများစွာမှာ မှင်သက်သွားကြပြီးနောက် အချို့သော သူများသည် မည်သို့ ဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပုံရသည်။ သူတို့သည် ချက်ချင်းပင် တဟားဟား လှောင်ရယ်ကြတော့ရာ ထိုဆူညံသံများ ပေါင်းစပ်သွားသောအခါ ကျင့်ကြံသူများအကြား ပဲ့တင်ထပ်သွားသည့် ကျယ်လောင်သော လှောင်ရယ်သံကြီး အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
ယင်းသည် နားမခံသာလောက်အောင်ပင် စူးရှပြီး တစ်လောကလုံးက စုမင်၏ မသိနားမလည်မှုကို ဝိုင်းဝန်း လှောင်ပြောင်နေကြသည့်အလား ဖြစ်နေခဲ့သည်။
အမှန်စင်စစ် အသားညိုညိုနှင့် အဘိုးအိုပင်လျှင် လှောင်ရယ်လာခဲ့သည်။ အခြားမင်းသားများထဲမှ အေးစက်သော လူငယ်နှင့် နူးညံ့သော လူလတ်ပိုင်းအမျိုးသားတို့မှလွဲ၍ ကျန်ရှိသော ခုနစ်ဦးစလုံးသည်လည်း သူတို့၏ ရယ်သံများထဲတွင် နှိမ့်ချလှောင်ပြောင်သော အရိပ်အယောင်များ ထည့်သွင်းကာ ရယ်မောလိုက်ကြသည်။
"မင်း တိုက်ခိုက်ခြင်း နယ်မြေထဲမှာ ဘယ်နှစ်ဆင့်နဲ့ ဘယ်နှစ်နေရာကို ဖြတ်ကျော်ပြီးပြီလဲ" လူပေါင်း သန်းဆယ်ဂဏန်းတို့၏ လှောင်ရယ်သံများအကြား ပေပန်းက မျက်မှောင်ကြုတ်ကာ စုမင်ကို လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။
စုမင်လည်း မျက်မှောင်ကြုတ်လိုက်၏။
"ဒါကို ငါ မှတ်မိသားပဲ။ တာအိုခုန်း... မင်းက တိုက်ခိုက်ခြင်း နယ်မြေရဲ့ ပထမဆုံး နယ်မြေကိုပဲ သွားဖူးပြီး ဆဋ္ဌမမြောက် အဆင့်ကိုပဲ ဖြတ်ကျော်နိုင်ခဲ့တာ မဟုတ်လား" ဆံပင်အရှည်ကြီးနှင့် သေးသွယ်သော မျက်လုံးများရှိသည့် လူငယ်တစ်ဦးက ရယ်မောရင်း ပြောဆိုလိုက်သည်။ သူသည် မင်းသားအလောင်းအလျာများထဲမှ တစ်ဦး ဖြစ်၏။
"မင်း မှားသွားပြီ။ အခုက ဆဋ္ဌမမြောက်အဆင့် မဟုတ်တော့ဘူး။ မင်းသား တာအိုခုန်းက နှစ်ပေါင်း တစ်ထောင်ကျော်ကြာအောင် ပြန်မလာခဲ့တော့ သူ့ရဲ့ အဆင့်က အလိုအလျောက် ကျဆင်းသွားခဲ့ပြီလေ။ လွန်ခဲ့တဲ့ သုံးလတုန်းက ငါတစ်ချက် ကြည့်လိုက်တာ မှတ်မိသေးတယ်။ သူက ပထမဆုံး အဆင့်အထိကို ကျဆင်းသွားခဲ့ပြီ" သူ့လည်ပင်းတွင် ထင်ရှားသော မှဲ့ခြောက်တစ်လုံးရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းကာ ပြောဆိုလိုက်သည်။ သူသည် ဆံပင်ရှည်နှင့် လူငယ် ဘေးတွင် ရပ်နေသဖြင့် အခြားသော မင်းသားတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။
"မဟာဂိုဏ်းသခင် ပေပန်းခင်ဗျာ... ဂိုဏ်းသခင် အနေနဲ့ ဒါကို ရှင်းပြနေဖို့ မလိုပါဘူး။ ကျွန်တော်ပဲ တာအိုခုန်းရဲ့ မေးခွန်းကို ဖြေပေးပါ့မယ်။ တာအိုခုန်း... မင်းရဲ့ တိုက်ခိုက်ခြင်း နယ်မြေက အဆင့်က နိမ့်လွန်းနေတာကိုး။ ငါတို့ အားလုံးက ပထမဆုံး တိုက်ခိုက်ခြင်း နယ်မြေကို ဖြတ်ကျော်ခဲ့တာ ကြာလှပြီ။ အမှန်တော့ တာအိုလင်းနဲ့ တတာအိုဖာတို့ဆိုရင် ဒုတိယမြောက် တိုက်ခိုက်ခြင်း နယ်မြေကိုတောင် ဖြတ်ကျော်ထားတဲ့ အစွမ်းထက် သူရဲကောင်းတွေ ဖြစ်ကြတယ်။ ငါတို့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ဂိုဏ်းတူ မိတ်ဆွေတွေထဲမှာတောင် မင်းထက် အဆင့်မြင့်တဲ့သူတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် သူတို့က ငါတို့ကို လာစိန်ခေါ်ရင်တောင် သူတို့ရဲ့ တိုက်ခိုက်ခြင်း နယ်မြေက အဆင့်က မြင့်မားခြင်း မရှိတာကြောင့် မင်းရဲ့ ပလ္လင်ပေါ်ကိုပဲ အလိုအလျောက် ရောက်သွားရတာ ဖြစ်တယ်" ဘေးနားမှ အခြားသော မင်းသား လူငယ်တစ်ဦးက ရယ်မောရင်း ရှင်းပြလိုက်၏။
ပေပန်းက စုမင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ "အခု နားလည်ပြီလား"
လူတိုင်း စကားပြောဆိုနေကြစဉ် လူပေါင်း သန်းဆယ်ဂဏန်းတို့၏ လှောင်ရယ်သံများသည် သာ၍ ကျယ်လောင်လာပြီး နားမခံသာအောင် ဖြစ်လာခဲ့ရာ တာအိုခုန်းနှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည့် တိုက်ရိုက် အနွယ်ဝင်များနှင့် အခြားမျိုးနွယ်စုများမှ တပည့်များ၏ မျက်နှာများမှာ အလွန်အမင်း ညှိုးငယ် ပျက်ယွင်းသွားခဲ့ကြရလေတော့သည်။