အခန်း ၁၃၄၁
Vol. 118 Ch. 1341
အခန်း ၁၃၄၁
ဈေးကွက်ခန်းမထဲက ကုန်သွယ်မှုမှတ်တမ်းများအရဆိုလျှင် ရှောင်းယီတွင် အုတ်မြစ်ကျောက်များ ထိုမျှ အများကြီး မရှိသင့်ပေ။ ရှောင်းယီက သူ၏ကိုယ်ပိုင်အရေးပေါ်ယာဉ်ကို အဆင့်မြှင့်တင်ခဲ့သည်ကိုပါ ထည့်တွက်လျှင် စုစုပေါင်း ရှောင်းယီတွင် အုတ်မြစ်ကျောက် သန်းနှစ်ဆယ်ကျော်တောင် ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အရောင်းအဝယ်မှတ်တမ်းများအရ ရှောင်းယီတွင် အုတ်မြစ်ကျောက် ခြောက်သန်း သို့မဟုတ် ခုနစ်သန်းခန့်သာ ရှိသင့်သည်မဟုတ်လော။
“ဘယ်နားမှာ လွဲသွားတာပါလိမ့်။”
ကျူးဝူက မိမိဘာသာ ရေရွတ်လိုက်မိသည်။
ဇဝေဇဝါဖြစ်နေသော်လည်း ကျူးဝူသည် အသံထွက်ပြီး ထုတ်မမေးခဲ့ဘဲ အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကိုသာ သိမ်းဆည်းလိုက်သည်။
ထိုအခြေခံအရင်းအမြစ်နှစ်ခုက သိုလှောင်ရသည်မှာ အလွန်အဆင်ပြေသည်။ အုတ်မြစ်ကျောက်များကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ နေရာလွတ်ထဲတွင် လုံးဝထည့်သွင်းသိမ်းဆည်းထားနိုင်ပြီး လိုအပ်သည့်အချိန်တိုင်း သုံးနိုင်သည်။
ပထမအဆင့်တုန်းက အသက်ရှင်ကျန်ရစ်သူများသည် အုတ်မြစ်ကျောက် အမြောက်အမြားကို ရရှိခဲ့ကြ၏။ အကယ်၍ ၎င်းတို့ကို အရေးပေါ်ယာဉ်ငယ်များထဲ၌သာ သိမ်းထားရမယ်ဆိုပါက လူအများစု၏ ယာဉ်ငယ်များဟာ ထုထည်ဒဏ်ကြောင့် ပေါက်ထွက်ကုန်လောက်ပြီဖြစ်သည်။ အကြောင်းမှာ အစပိုင်းတွင် လူတိုင်း၏ အရေးပေါ်ယာဉ်ငယ်များသည် ရှစ်ကုဗမီတာသာ ကျယ်ဝန်းသောကြောင့်ပင်။
ထို့အတူ အနက်ရောင်ရွှေကိုလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ နေရာလွတ်ထဲတွင် ထည့်သွင်းထားနိုင်ပြီး အချိန်မရွေး အသုံးပြုနိုင်သည်။
သို့သော်လည်း အခြားအရင်းအမြစ်များနှင့် ပစ္စည်းများကိုမူ ဤကဲ့သို့ သိုလှောင်၍မရဘဲ မိမိ၏ အရေးပေါ်ယာဉ်ငယ်အတွင်း၌သာ ထားရှိရမည်ဖြစ်သည်။ သို့မဟုတ်ပါက ရှောင်းယီအနေဖြင့် ကျူးဝူကို အခြားဂလက်ဆီသို့ ယူဆောင်သွားနိုင်ရန် လုံလောက်သော အောက်ဆီဂျင်၊ လောင်စာဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို လွယ်လွယ်ကူကူ ကုန်သွယ်ပေးလိုက်နိုင်မည် ဖြစ်သည်။
ရှောင်းယီက ကျူးဝူထံသို့ အုတ်မြစ်ကျောက် သန်းတစ်ဆယ်နှင့် အနက်ရောင်ရွှေ သန်းတစ်ဆယ်ကို လွှဲပြောင်းပေးလိုက်ပြီးနောက် သူ့တွင် အုတ်မြစ်ကျောက် ငါးသန်းကျော်သာ ကျန်တော့ကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ဤပမာဏသည် အရေးပေါ်ယာဉ်ငယ်တစ်ခုကို တစ်ကြိမ်အဆင့်မြှင့်ရန်အတွက်ပင် မလုံလောက်ချေ။
“ကြည့်ရတာ အုတ်မြစ်ကျောက်တွေထပ်ရဖို့ ကုန်သွယ်မှု ပြန်လုပ်ရဦးမယ်ထင်တယ်။”
ရှောင်းယီက ရေရွတ်လိုက်ပြီး ဂရုထဲသို့ ပထမဆုံး စာတစ်စောင် ပို့လိုက်သည်။
“အသက်ရှင်သန်ကျန်ရစ်သူများ ခင်ဗျာ... လူတိုင်းရဲ့ လူနေမှုဘဝ အရည်အသွေး တိုးတက်စေဖို့အတွက် အောက်ဆီဂျင်အသုတ်အသစ်ကို အုတ်မြစ်ကျောက်တွေနဲ့ လဲလှယ်ပေးနေပါပြီ။ လိုအပ်ရင် မိမိဘာသာ ဝယ်ယူနိုင်ကြပါတယ်။”
ရှောင်းယီ၏ ထိုစာကို မြင်သောအခါ လူတိုင်းက ထပ်မံ၍ ဝိုင်းဝန်းဆွေးနွေးကြပြန်သည်။
“အမလေး.. သူဌေးကတော့ လန်းတယ်ဟေ့။”
“သူဌေး အုတ်မြစ်ကျောက်ပြတ်သွားလို့ ထပ်ပြီး စုဆောင်းနေတာ ထင်တယ်။”
“ဘာပဲဖြစ်ဖြစ် အနက်ရောင်ရွှေကို ချွေတာနိုင်တာက အကောင်းဆုံးပဲ မဟုတ်လား။”
“သေချာပေါက် ကောင်းတာပေါ့။ အခုလောလောဆယ် ငါ့မှာ အနက်ရောင်ရွှေထက် အုတ်မြစ်ကျောက်တွေက ပိုများနေတာ။”
“ဒါပေမဲ့ လူတိုင်း သေချာတော့ ချိန်ဆရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရေးပေါ်ယာဉ်ငယ်ကို အဆင့်မြှင့်ဖို့ အုတ်မြစ်ကျောက် တော်တော်များများ လိုအပ်လို့ပဲ။”
“အဲဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ သူဌေး တင်ထားတဲ့ ကုန်သွယ်မှုကို ငါကြည့်ပြီးပြီ။ ဈေးနှုန်းတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့ ငါတို့ တစ်ရက်ကို အခု ၂၀ လောက် ရနိုင်တယ်ဆိုတော့ နည်းနည်းပါးပါး သုံးလိုက်တာက ပြဿနာမရှိပါဘူး။”
“ဟုတ်တယ်။ သူဌေး ဒီနေ့တင်ထားတဲ့ ဈေးနှုန်းတွေက အရင်ကထက် အများကြီး ပိုသက်သာတယ်။ လူတိုင်း ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ကြပါ။ တကယ်လို့ သိုလှောင်ထားဖို့ လိုတယ်ဆိုရင် ဝယ်သာဝယ်ထားလိုက်ကြ။”
“ဘာပဲဖြစ်ဖြစ် ငါကတော့ ဝယ်ပြီးပြီ။ အရေးပေါ်ယာဉ်ငယ်ထဲမှာ နေရာလုံလောက်နေသရွေ့တော့ သိုလှောင်ထားတာ အကောင်းဆုံးပဲ။ နောက်ပိုင်း တစ်ခုခုဖြစ်လာရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူဌေးက ဆက်မရောင်းတော့ရင်ဖြစ်ဖြစ် ငါ ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ်။”
လူအများ ဆွေးနွေးနေကြစဉ်အတွင်း ဈေးကွက်ခန်းမ၌ ရှောင်းယီ တင်ထားသော ကုန်သွယ်မှုများမှာ အဆက်မပြတ် ပြီးမြောက် အောင်မြင်နေခဲ့သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် လွင့်မျောနေရင်း အာကာသယာဉ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူကြားဖြတ်ဖမ်းယူထားသော ဥက္ကာခဲအမြောက်အမြား ရှိနေဆဲ ဖြစ်သည်။
သူ့တွင် ယနေ့ လေးဆတိုးအခြေအနေ အတွင်းမှာ အကုန်လုံးကို စုဆောင်းနိုင်လောက်သည့် အဆင့်မြင့် စုဆောင်းရေးကိရိယာ မရှိခဲ့ခြင်းမှာ နှမြောစရာပင်။
သို့သော်လည်း ရှောင်းယီ စိတ်ကျေနပ်မိပါသည်။ လေးဆတိုးအခြေအနေ ဖြစ်ပေါ်နိုင်ခြေနှုန်းက အရင်ကထက် အများကြီး ပိုမြင့်မားလာပြီး ၎င်းက အဓိကအားဖြင့် အရောင်းအဝယ်ပိုင်းကို သက်ရောက်မှုရှိစေသည်။ ထိုဥက္ကာခဲများပေါ်က အနက်ရောက်ရွှေများကိုမူ ဖြည်းဖြည်းချင်း စုဆောင်း၍ရသည်။
ထိုအချိန်တွင် လုမေယွီက ရှောင်းယီထံသို့ သီးသန့်စာ တစ်စောင် ရုတ်တရက် ပို့လာခဲ့သည်။
“သူဌေး... ကျွန်တော် သူဌေးနဲ့ အစ်ကိုကျူးကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား။”
လုမေယွီက မဝံ့မရဲဖြင့် ပြောလိုက်သည်။ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။
“ဘာကိစ္စလဲ။”
“ကျွန်တော့်ဆီမှာ မစင်နဲ့ ဆီးစုဆောင်းတဲ့ကိရိယာတစ်ခု ထုတ်လုပ်ပြီးသား ရှိနေလို့ပါ။ အဲဒါကို တခြားဂလက်ဆီဆီ ယူသွားပေးဖို့ ကူညီပေးစေချင်ပါတယ်။ တကယ်လို့ အစ်ကိုကျူး ကျွန်တော့်ရဲ့ အဖော်နဲ့ ဆုံခဲ့ရင် အဲဒီပစ္စည်းကို သူ့ဆီ လဲလှယ်ပေးဖို့ ကူညီပေးနိုင်မလား။”
လုမေယွီက မဝံ့မရဲ ဖြစ်နေသော်လည်း ထုတ်ပြောလိုက်ဆဲပင်။
ရှောင်းယီနှင့် စတင်ဆက်သွယ်မိသည့်အချိန်မှစ၍ ယခုအထိ လုမေယွီအပေါ် ထားရှိသော ရှောင်းယီ၏ စိတ်နေသဘောထားမှာ အလွန်ကောင်းမွန်ခဲ့သည်။ ထို့အပြင် ရှောင်းယီသည် စီးပွားရေးလုပ်ရာတွင် အလွန်ရိုးသားဖြောင့်မတ်သည်ကို မြင်တွေ့ခဲ့ရသဖြင့် လုမေယွီအနေဖြင့် ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ့အနေဖြင့် ရှောင်းယီထံမှ တစ်ခုဝယ်ယူပြီးသား ဖြစ်သောကြောင့် ဤမစင်နှင့် ဆီးစုဆောင်းရေးကိရိယာက သူ့လက်ထဲတွင် အပိုဖြစ်နေခဲ့သည်။ ထို့ပြင် ရှောင်းယီနှင့် ကျူးဝူတို့တွင်လည်း ၎င်းတို့ကိုယ်ပိုင် ကိရိယာများ ရှိပြီးသားဖြစ်မှာ သေချာသဖြင့် ဤပစ္စည်းကို မတရားအပိုင်စီးသွားမည့် ဖြစ်နိုင်ခြေမှာ အနည်းငယ် နည်းပါးသည်။ သေချာပေါက် ထိုသို့ဖြစ်နိုင်ခြေ ရှိနေသေးသော်လည်း လုမေယွီအနေဖြင့် ရှောင်းယီ၏ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကိုးစားလိုက်ရုံမှတစ်ပါး အခြားမရှိချေ။
မူလက သူသည် ဤကိစ္စကို ကျူးဝူတစ်ယောက်တည်းကိုသာ အကူအညီတောင်းနိုင်သော်လည်း ရှောင်းယီ၏ စရိုက်အပေါ် ပိုမိုယုံကြည်စိတ်ချရသဖြင့် ရှောင်းယီကိုပါ ဤကိစ္စထဲ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
လုမေယွီ၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အကယ်၍ လေးဆတိုးအခြေအနေသာ မရှိခဲ့လျှင် သူ ဤကိစ္စကို လက်ခံချင်မှလက်ခံပေလိမ့်မည်။ သို့မဟုတ် လက်ခံခဲ့လျှင်ပင် ၎င်းကို ဝယ်ယူသည့်နည်းလမ်းဖြင့်သာ ဖြစ်လိမ့်မည်။
သို့သော် ယခုမူ သူ သေချာပေါက် လက်ခံရပေမည်။ ဤမစင်နှင့် ဆီးစုဆောင်းရေးကိရိယာသည် သူ့လက်ထဲသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လေးခုဖြစ်သွားမည်ဖြစ်ရာ အလကားသက်သက် အပိုသုံးခု ရရှိမည်မဟုတ်ပါလော။
“မင်းဘာသာ ထုတ်လုပ်လိုက်တာလား။”
ရှောင်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်ကဲ့။ ကျွန်တော် ဈေးကွက်ခန်းမထဲကနေ ကုန်ကြမ်းပစ္စည်းတွေ လုံလောက်အောင် စုဆောင်းပြီး အခုတင် ထုတ်လုပ်လိုက်တာပါ။”
လုမေယွီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ငါ အဲဒါကို သိမ်းထားလိုက်မှာ မကြောက်ဘူးလား။ ငါ့မှာ တစ်ခုရှိပေမဲ့ ငါ့မှာ တခြားအဖော်တွေ ရှိသေးတယ်လေ။”
“ကျွန်တော် သူဌေးကို ယုံကြည်တယ်။”
လုမေယွီက အံကြိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီ။ မင်းက ငါ့ကို ဒီလောက်တောင် ယုံကြည်နေမှတော့ ပို့လိုက်တော့။ မင်းရှာနေတဲ့လူဆီကို ဒီပစ္စည်းရောက်အောင် ပေးပေးဖို့ ကျူးဝူကို ငါပြောလိုက်မယ်။”
ရှောင်းယီက တိုက်ရိုက်ပင် ပြန်ပြောလိုက်သည်။
လုမေယွီ အနည်းငယ် ဝေခွဲမရဖြစ်သွား၏။ သူ ယခုလို လောင်းကြေးထပ်လိုက်တာ မှန်ရဲ့လားဆိုသည်ကို သူကိုယ်တိုင်လည်း မသိတော့ချေ။
“မစင်နှင့် ဆီးစုဆောင်းရေးကိရိယာ ၁ အခမဲ့လဲလှယ်ခြင်း။”
တစ်ဖက်လူက ပစ္စည်းကို အမှန်တကယ် ပို့ပေးလာသည်ကို မြင်သောအခါ ရှောင်းယီလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
“ငါ ဒါကို အပိုင်စီးလိုက်ရမလား။”
ထိုအတွေးသည် ရှောင်းယီ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်မိသည်။
ရှောင်းယီ၏ လက်ထဲတွင် မစင်နှင့် ဆီးစုဆောင်းရေးကိရိယာ နှစ်ခု ရှိနှင့်ပြီးသားဖြစ်ကာ ယခုကုန်သွယ်မှုမှ ရရှိလာမည့်အရာများနှင့်ပါဆိုလျှင် စုစုပေါင်း ငါးခုအထိ ရှိလာမည်ဖြစ်သည်။
ထို့ကြောင့် မလိုတော့ပေ။
ကုန်သွယ်မှုကို လက်ခံလိုက်သည်။
“ကုန်သွယ်မှု အောင်မြင်ပါသည်။ ရရှိသော ပစ္စည်းများ - မစင်နှင့် ဆီးစုဆောင်းရေးကိရိယာ ၁။”
“လေးဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - မစင်နှင့် ဆီးစုဆောင်းရေးကိရိယာ ၄။”
“ဒါဆို သူဌေးကိုပဲ အားကိုးပါရစေ။”
လုမေယွီက နောက်ထပ်စာတစ်စောင် ပို့လာပြန်သည်။
“စိတ်မပူပါနဲ့။ မင်းရဲ့အဖော်က ကျူးဝူ ဖြတ်သန်းသွားမယ့် ဂလက်ဆီထဲမှာ ရှိနေသရွေ့ ဒီမစင်နဲ့ ဆီးစုဆောင်းရေးကိရိယာက သူတို့လက်ထဲကို သေချာပေါက် ရောက်သွားမှာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်သူဌေး။”
လုမေယွီက တုံ့ပြန်လိုက်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကျူးဝူထံသို့ ကုန်သွယ်မှုတစ်ခု ပေးပို့လိုက်သည်။
“မစင်နှင့် ဆီးစုဆောင်းရေးကိရိယာ ၄ - အခမဲ့လဲလှယ်ခြင်း။”
ကျူးဝူ ထိုအရာကို မြင်သောအခါ မှင်တက်သွားခဲ့၏။ ထိုပစ္စည်းသည် အပြင်လောကတွင် အလွန်တန်ဖိုးကြီးလှသည်မဟုတ်လော။ သို့သော် ရှောင်းယီက သူ့ကို တစ်ပြိုင်နက်တည်း လေးခုတောင် ကုန်သွယ်ပေးလာသည်လား။
“သူဌေး... ဒါက ဘာအဓိပ္ပါယ်လဲ။”
ကျူးဝူက မရေမရာဖြင့် မေးလိုက်သည်။
ကျူးဝူတွင် တစ်ခု ရှိပြီးသားဖြစ်၍ ယခုပစ္စည်းကို လုံးဝမလိုအပ်ချေ။ အခြားဂလက်ဆီတွင်လည်း အဖော်နှစ်ယောက်သာ ရှိသဖြင့် အများဆုံးသုံးလျှင်ပင် နှစ်ခုသာ သုံးနိုင်သည်။ ဤလေးခုက ဘာအတွက်ပါလိမ့်။
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲဒီထဲက နှစ်ခုက အစ်ကိုကျန်းနဲ့ အားကုန်းအတွက်ပဲ။ တစ်ခုက သခင်ကြီးလု မင်းကို ရှာခိုင်းထားတဲ့လူအတွက် ဖြစ်ပြီး နောက်ဆုံးတစ်ခုကိုတော့ မင်းဆီမှာ အပိုအဖြစ် သိမ်းထားလိုက်ပါ။ မင်း လမ်းမှာ တခြားအဖော်တစ်ယောက်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံမိရင် ဆုံမိမှာမို့လို့။”