အခန်း ၁၃၄၂
Vol. 118 Ch. 1342
အခန်း ၁၃၄၂
ရှောင်းယီ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျူးဝူ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။
“ဒါဆိုရင် ဒီထဲကတစ်ခုက သခင်ကြီးလု ပေးထားတာပေါ့ ဟုတ်လား။”
“အင်း ဟုတ်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟီးဟီး...ဒီသခင်ကြီးလုက လူတွေကို ယုံလွယ်လွန်းနေတာပဲ။ ဒီလူ့အသိုင်းအဝိုင်းက ရိုးရှင်းပေမဲ့ လူတွေက ပိုရှုပ်ထွေးတယ်ဆိုတဲ့အကြောင်း သူ့ကို သင်ခန်းစာတစ်ခုလောက် ပေးလိုက်ရမလား။”
ကျူးဝူက ပြုံးကာ ပြောလိုက်သည်။
ကျူးဝူ၏ စာကိုမြင်တော့ ရှောင်းယီက မရယ်ဘဲမနေနိုင် ဖြစ်သွားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြုံးလိုက်သည်။
“မဟုတ်တာတွေမပြောနဲ့။ အဲဒီလိုလုပ်စရာ မလိုပါဘူး။ ဒါက ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ပေးမှာဖြစ်ပြီး နောင်တစ်ချိန်မှာ စီးပွားရေးလုပ်ရတာ ပိုပြီးလွယ်ကူသွားလိမ့်မယ်။”
ကျူးဝူက ခေါင်းငြိမ့်ပြလိုက်သည်။ သူ စကားမပြောရသေးမီမှာပင် ရှောင်းယီက ဆက်ပြောလိုက်သည်။
“မင်းကိုယ်တိုင်လည်း ကြယ်တံခွန်ကုန်သည်တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မလား။ ငါတို့က ဈေးနှုန်းတွေကို လက်ဝါးကြီးအုပ်ပြီး မြင့်မြင့်တောင်းလို့ရပေမဲ့ သစ္စာတရားတော့ ပျက်ကွက်လို့မဖြစ်ဘူး။ မဟုတ်ရင် မင်းရဲ့ ကြယ်တံခွန်ကုန်သည် သက်တမ်းက ကြာရှည်မှာမဟုတ်ဘူး။”
“သူဌေး ဆုံးမတာ မှန်ပါတယ်။”
ကျူးဝူက ပြန်ပြောလိုက်သည်။
“ဒီပစ္စည်းကို သခင်ကြီးလု ရှာနေတဲ့သူဆီ သေချာပေါက် အရောက်ပို့ပေးပါ့မယ်။”
ကျူးဝူနှင့် စကားပြောပြီးနောက် ရှောင်းယီသည် စိုက်ပျိုးရေးအခန်းဆီသို့ လွင့်မျောသွားပြီး ခရမ်းချဉ်သီးအားလုံးကို ဆွတ်ခူးလိုက်သည်။
သူ ဆက်လက်စိုက်ပျိုးရန် ပြင်လိုက်သောအခါ စနစ်ထံမှ ရုတ်တရက် အကြောင်းကြားစာတစ်ခု တက်လာခဲ့သည်။
[ ဗာမီကျူလိုက်၏ မြေဆီလွှာအာဟာရ ကုန်ဆုံးသွားပါပြီ။ ဆက်လက်စိုက်ပျိုးနိုင်ရန် ဒြပ်စင်အာဟာရဖျော်ရည်ဖြင့် ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။]
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
မြေပြင်ပေါ်တွင် စိုက်ပျိုးစဉ်က မြေဆီလွှာအာဟာရကို ထိန်းသိမ်းရန် ဤခရမ်းချဉ်သီးပင်များကို မြေကြီးထဲသို့ တိုက်ရိုက်ပြန်၍ မြှုပ်နှံနိုင်သော်လည်း အာကာသထဲတွင်မူ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
“ငါ ဒီဒြပ်စင်အာဟာရဖျော်ရည်ရဲ့ ဖော်မြူလာကို ရအောင်ယူရမယ် ထင်တယ်။ မဟုတ်ရင် ငါ ဘာမှစိုက်လို့ရတော့မှာ မဟုတ်ဘူး။”
ရှောင်းယီ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။
သူသည် ခရမ်းချဉ်သီးအချို့ကို မျိုးစေ့အတွက် ချန်ထားလိုက်ပြီး ကျန်ရှိသည်များကို သိုလှောင်ရုံထဲသို့ ထည့်လိုက်သည်။ မူလက ခရမ်းချဉ်သီးများ အဆက်မပြတ် ထွက်ရှိလာမည်ဟု တွေးထားပြီး ရောင်းချရန်ပင် စီစဉ်ခဲ့သော်လည်း ယခုအခါတွင်မူ ချွေတာပြီး စားသုံးရတော့မည့်ပုံ ပေါ်နေသည်။
ဖရဲသီးပင်များလည်း အသီးသီးနေပြီဖြစ်သော်လည်း အနည်းငယ် သေးငယ်နေသေးသဖြင့် ရှောင်းယီက သိပ်ပြီး ဂရုမစိုက်မိပေ။ ပန်းသီးပင်မှာမူ အရွက်များ ဝေဆာနေသော်လည်း ပန်းပွင့်သည်ကို မမြင်ရသေးပေ။
အကယ်၍ သူသာ ဤဒြပ်စင်အာဟာရဖျော်ရည်ကို မရရှိပါက ဖရဲသီးပင်နှင့် ပန်းသီးပင်တို့သည်လည်း ညှိုးနွမ်းသွားနိုင်သည်ဟု သူ ခန့်မှန်းမိသည်။
ရှောင်းယီသည် ဆေးကြောထားသော ခရမ်းချဉ်သီးတစ်လုံးကို ယူကာ ထိန်းချုပ်ခန်းသို့ ပြန်လည်လွင့်မျောလာပြီး စားရင်းဖြင့် ဈေးကွက်ခန်းမကို စစ်ဆေးကြည့်လိုက်သည်။
“မှန်လုပ်ဖို့ ကုန်ကြမ်းတွေက တကယ် အများကြီးရှိနေတာပဲ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ အာကာသသုံးအထူးမှန်ကို ထုတ်လုပ်ပြီး ဈေးကွက်ခန်းမတွင် ထပ်မံစာရင်းသွင်း ရောင်းချလိုက်သည်။
ယခင်ကကဲ့သို့ပင် တင်လိုက်သည်နှင့် ချက်ချင်း ကုန်စင်အောင် ရောင်းချလိုက်ရသည်။
[ ကုန်သွယ်မှု အောင်မြင်ပါသည်...၊ လေးဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ် - အနက်ရောင်ရွှေး သန်း ၄၀။]
အစောပိုင်းက သူတင်ထားသော အုတ်မြစ်ကျောက် ကုန်သွယ်မှုများလည်း အားလုံး ပြီးမြောက်သွားပြီဖြစ်သည်။
[ ကုန်သွယ်မှု အောင်မြင်ပါသည်...၊ လေးဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ် - အုတ်မြစ်ကျောက် သန်း ၈၀။]
လူတိုင်းသည် အုတ်မြစ်ကျောက်များကို အသုံးပြု၍ အရင်းအမြစ်များ ဝယ်ယူရန် စိတ်အားထက်သန်နေကြဆဲ ဖြစ်သည်။ အုတ်မြစ်ကျောက်များဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သောကြောင့်ပင် ရှောင်းယီ၏ အရင်းအမြစ်များမှာ ခေတ္တမျှ ပြတ်လပ်သွားခဲ့ရသည်။
ရှောင်းယီသည် ကျူးဝူထံသို့ အရင်းအမြစ်စုဆောင်းရေးကိရိယာတစ်ခု ထပ်မံငှားရမ်းပေးခဲ့ပြီးမှသာ ပစ္စည်းလက်ကျန်ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
အချိန်သည် ညနေပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ဈေးကွက်ခန်းမရှိ အရောင်းအဝယ်များသည်လည်း များစွာ နှေးကွေးသွားခဲ့သည်။ ရှောင်းယီသည် အုတ်မြစ်ကျောက်များနှင့် အနက်ရောက်ရွှေ အမြောက်အမြားကို စုဆောင်းမိထားပြီးဖြစ်၍ လောလောဆယ်တွင် ဤအရင်းအမြစ်နှစ်ခု ပြတ်လပ်စရာ အကြောင်းမရှိပေ။
“နံပါတ်နှစ် ၁၁ နာရီခွဲကျရင် ငါ့ကို နှိုးပေး။”
ရှောင်းယီက အာကာသစက်ရုပ် နံပါတ်နှစ်ကို ညွှန်ကြားပြီးနောက် အနားယူရန် လူနေခန်းထဲသို့ ဝင်သွားခဲ့လိုက်သည်။
ယနေ့ ပထမဆုံး ရိက္ခာသေတ္တာကို ဖွင့်စဉ်ကပင် သူ၏ ကံကောင်းမှုအားလုံး ကုန်ဆုံးသွားခဲ့ပြီ ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဒုတိယမြောက် ရိက္ခာသေတ္တာထဲတွင်မူ အခြေခံအရင်းအမြစ်နှစ်ခုဖြစ်သည့် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေတို့သာ ပါရှိပြီး အခြားဘာမျှ မပါဝင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ရှောင်းယီက ကျေနပ်နေပြီဖြစ်သည်။ ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်တစ်ခုကို ရရှိခဲ့ခြင်းကပင် အလွန်တရာ ကံကောင်းလှပြီဖြစ်ရာ ထပ်ပြီး ဘာကို မျှော်လင့်ရဦးမည်နည်း။
ထိုအချိန်တွင် အများသုံးချန်နယ်ထဲ၌ အခြားသူတစ်ယောက်သည်လည်း အဆင့်မြှင့်တင်ရေးကတ်တစ်ခုကို ရရှိထားလေသည်။
“ဟားဟားဟား....ငါလည်း နောက်ဆုံးတော့ အဆင့်မြှင့်တင်ရေးကတ်တစ်ခု ရပြီဟေ့။”
“ဘာအဆင့်မြှင့်တင်ရေးကတ်လဲ။”
“ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်ပေါ့ကွ။ မေးစရာ လိုသေးလို့လား။”
“အို... အဲဒါက အလကားပါကွာ။ နောက်မှ ပွင့်လာရင် ပိုကောင်းဦးမယ်။”
“ဟုတ်တယ်။ အဲဒါကြီး ပွင့်လာတော့ကော မင်း ဘာလုပ်နိုင်မှာလဲ။ အဲဒီ ဆရာကြီးလိုမျိုး ငွေအင်အား၊ ပစ္စည်းအင်အား မရှိရင် ရလာတဲ့ကတ်ကို ဒီအတိုင်း ထိုင်ကြည့်နေရုံပဲ ရှိတယ်။”
“အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ သန်းတစ်ဆယ်တဲ့ဗျာ။ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် များလွန်းတယ်။ အခုလို ကြယ်မိုး ရွာနေရင်တောင် အဲဒီလောက်အထိ စုမိဖို့ဆိုတာ အတော်လေး အချိန်ယူရဦးမှာပဲ။”
“အခုလောလောဆယ် အဆင့်မြှင့်လို့မရသေးပေမဲ့လည်း ဒီအဆင့်မြှင့်တင်ရေးကတ်ကို ကြည့်နေရရုံနဲ့တင် ငါပျော်နေပါပြီ။”
“အေးပါ။ အဲဒါကို ရတယ်ဆိုကတည်းက မင်း ကံကောင်းလို့ပါပဲ။”
“သေစမ်း... ဒီနေ့ ငါ အဲဒီဂြိုဟ်ရဲ့ အရိပ်ထဲထဲ ရောက်သွားတာနဲ့ ချက်ချင်းပဲ ဂြိုဟ်ရဲ့ဆွဲအားက ဆွဲငင်တာ ခံလိုက်ရတယ်။ ဒီနေ့ ငါ့ဆီမှာ လောင်စာဆီ အလုံအလောက်ရှိနေလို့ တော်သေးတယ်။ အခုတော့ လွတ်မြောက်လာပြီ။”
“အားလုံးပဲ နည်းနည်းလေး သတိထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါက ငါတို့ ဂလက်ဆီထဲက အသက်ရှင်ကျန်ရစ်သူတွေအတွက် သိပ်ပြီး ခက်ခဲတဲ့ပြဿနာ မဟုတ်တော့ပါဘူး။”
“ဟုတ်တယ်။ မင်းတို့ သတိမထားမိဘူးလား။ အခုဆို လူတွေက ဒီလို သာမန်ကိစ္စသေးသေးလေးတွေကို အားရပါးရ မဆွေးနွေးကြတော့ဘူးလေ။”
“ငါက လူတိုင်း ဒီလိုအခြေအနေမျိုးနဲ့ မကြုံရသေးဘူး ထင်နေတာ။”
“ဘယ်လိုလုပ်ပြီး မကြုံရဘဲ ရှိမှာလဲ။ ဒါက ငါတို့ အာကာသထဲ ရှင်သန်ရမယ့် စမ်းသပ်မှုတွေထဲက ပုံမှန်စမ်းသပ်ချက်တစ်ခုပဲ ဖြစ်ရမယ်။”
“အင်းပေါ့။ အားလုံးလည်း အသားကျသွားအောင် လုပ်ထားရုံပဲပေါ့။”
တကယ်တော့ ရှောင်းယီ၏ အသေးစား အာကာသယာဉ်သည်လည်း ထိုဂြိုဟ်၏ ဆွဲအားသက်ရောက်မှုကို ခံခဲ့ရသည်။ သို့သော် အာကာသစက်ရုပ် နံပါတ်တစ်က ချက်ချင်းပင် လွတ်မြောက်အောင် မောင်းနှင်ခဲ့ပြီး ထိုဂြိုဟ်၏အရိပ်ထဲမှ ပျံသန်းထွက်ကာ ရှောင်းယီ ဖမ်းယူဆွဲငင်ထားသော ဥက္ကာခဲများကိုပါ အလင်းရောင်ရှိသော နေရာသို့ သယ်ဆောင်သွားခဲ့သည်။
ဤဖြစ်စဉ်တစ်ခုလုံးကို ရှောင်းယီသည် လုံးဝ သိရှိလိုက်ခြင်းမရှိပေ။
ည ၁၁ နာရီတိတိတွင် နံပါတ်နှစ်က လူနေခန်းထဲရှိ အရေးပေါ်နှိုးစက်ကို မြည်အောင်လုပ်လိုက်သည်။
ရှောင်းယီသည် ချက်ချင်း နိုးလာပြီးနောက် လူနေခန်းထဲမှ လွင့်မျောထွက်လာခဲ့လိုက်သည်။ နံပါတ်နှစ်ကို မြင်သောအခါ သူက “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ကျွန်တော့်ကို ၁၁ နာရီမှာ နှိုးခိုင်းထားလို့ပါ။”
နံပါတ်နှစ်ဆီမှ ထွက်လာသော စက်ရုပ်အသံတွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် မျက်လုံးလှိမ့်လိုက်မိ၏။
“နောက်ဆိုရင် ငါ့ကိုနှိုးဖို့အတွက် အခန်းတံခါးကို ဖြည်းဖြည်းချင်းပဲ လာခေါက်ပါ။ အရေးပေါ်နှိုးစက်တွေ မြည်အောင်လုပ်ဖို့ မလိုဘူး။ နှိုးစက်ဆိုတာ ထူးခြားတဲ့ အခြေအနေ ဒါမှမဟုတ် အန္တရာယ်နဲ့ ကြုံရတဲ့အခါမှပဲ မြည်ရမှာ။”
“ဟုတ်ကဲ့ပါ...ကျွန်းပိုင်ရှင်။”
နံပါတ်နှစ်က ချက်ချင်း တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် ထိန်းချုပ်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ တန်းတန်းမတ်မတ် သွားပြီး ပြီးစီးသွားသော ကုန်သွယ်မှုများမှ အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို အားလုံး သိမ်းဆည်းလိုက်သည်။
ထို့နောက် ပြီးခဲ့သည့် အချိန်ကာလအတွင်းက စုဆောင်းမိထားသော ကုန်ကြမ်းများကို ယူကာ အာကာသအထူးသုံး နှစ်လွှာမှန်ကို ထုတ်လုပ်လိုက်သည်။
ယခုအကြိမ်တွင်မူ သူသည် အချပ်ရေ ၁၀၀၀၀၀ သာ ထုတ်လုပ်ခဲ့သည်။ ရှောင်းယီသည် ၎င်းတို့ကို ဈေးကွက်ခန်းမ၌ ချက်ချင်း စာရင်းမသွင်းသေးဘဲ အများသုံးချန်နယ်သို့ အရင်ပြောင်းလိုက်သည်။
“အားပါးပါး....ဒီသူဌေးရဲ့ မှန်က ဘာလို့ ဒီလောက်တောင် မာနေရတာလဲ။”
“ဘာဖြစ်လို့လဲ။”
“ခုနက ငါ ခဏတဖြုတ် ငိုက်မြည်းနေတုန်း ငါ အသစ်တပ်ထားတဲ့ မှန်ပြတင်းပေါက်ကို ဥက္ကာခဲတစ်ခုက တည့်တည့်ကြီး ဝင်တိုက်မိသွားတယ်လေ။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်စမ်း။”
“မင်းက ဒီမှာ ပုံပြင်ပြောနေတာလား။ ပြောစရာရှိတာကို တန်းပြောပြီး မြန်မြန်လုပ်စမ်းပါ။”
“မှန်က ဥက္ကာခဲရဲ့ တိုက်ခတ်မှုကို တကယ်ကြီး ခံနိုင်ရည်ရှိသွားတာပဲ။ အပြင်ဘက်အလွှာမှာပဲ အက်ကြောင်း နည်းနည်းထင်ကျန်ခဲ့ပြီး အတွင်းဘက်အလွှာကတော့ လုံးဝ ပျက်စီးသွားခြင်းမရှိဘူး။”
“ဟမ်... အဲဒီလောက်တောင် သန်မာတာလား။ ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်ကတော့ ဥက္ကာခဲမှန်ပြီဆိုရင် ပုံစံအမျိုးမျိုးနဲ့ ပျက်စီးသွားတာပဲ။”
“တကယ်ပဲ...ငါ့ဘက်မှာလည်း ဥက္ကာခဲတစ်ခု အတိုက်ခံခဲ့ရသေးတယ်။ ဘာမှမဖြစ်ဘူး။ ငါ့စိတ်ထဲမှာတော့ ပြန်ပြင်ဖို့တောင် မလိုသေးဘူးထင်တယ်။ နောက်တစ်ခါ ထပ်အတိုက်ခံရမှပဲ အားလုံးကို တစ်ခါတည်း ပေါင်းပြီး ပြင်လိုက်တော့မယ်။”
“နောက်တစ်ခါ ပိုပြီးပြင်းပြင်းထန်ထန် အတိုက်ခံရမှ ပြင်မလို့လား။ အကယ်၍ ခံနိုင်ရည်မရှိဘဲ တိုက်ရိုက်ကြီး ကွဲထွက်သွားရင်ကော...။ အဲဒီအခါကျရင် မင်း ဘယ်လိုမှ ပြန်ပြင်လို့ရတော့မှာ မဟုတ်ဘူးနော်။”
“အဲဒါလည်း ဟုတ်သားပဲ။ ဒါဆို ငါ အခု ပြန်ပြင်လိုက်တာ ပိုကောင်းမယ် ထင်တယ်။”