အခန်း ၁၃၄၄
Vol. 118 Ch. 1344
အခန်း ၁၃၄၄
ရှောင်းယီ၏ ဤမေးခွန်းကို မြင်သောအခါ အခြားအသက်ရှင်ကျန်ရစ်သူများ အနည်းငယ် အံ့အားသင့်သွားကြပြီးနောက် အားတက်သရော ဆွေးနွေးလာကြတော့သည်။
“ဒါက ဘာပစ္စည်းမျိုးလဲ။”
“အင်း ဒြပ်စင်ပစ္စည်းတစ်ခုလား။”
“သူဌေးရဲ့ ခန္ဓာကိုယ်ထဲမှာ ခြေရာခံဒြပ်စင်တွေ လိုအပ်နေလို့များလား။”
“မဖြစ်နိုင်တာ...အခုမှ ဘယ်လောက်ကြာသေးလို့လဲ။”
“မင်းတို့တွေ ဘာတွေ လျှောက်တွေးနေကြတာလဲ။ သူဌေးကိုယ်တိုင် ဒြပ်စင်လိုနေတာ မဟုတ်တာတော့ သေချာတယ်။”
“တကယ်ပဲ စကားတောင် မပြောချင်တော့ဘူး။ သူဌေးက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မျိုးစေ့တွေ စုဆောင်းနေတာလေ။ အခုကျတော့ ခြေရာခံဒြပ်စင်တွေ လိုက်ရှာနေပြန်ပြီ။ စိုက်ပျိုးရေး အခြေခံဗဟုသုတ နည်းနည်းလေးရှိတဲ့သူဆိုရင် ဒါက သူဌေးရဲ့ စိုက်ပျိုးမြေမှာ ခြေရာခံဒြပ်စင်တွေ လိုအပ်နေပြီဆိုတာ သိမှာပဲ။”
“ဆိုလိုတာက သူဌေးရဲ့ မြေဆီလွှာအာဟာရ မလုံလောက်တော့ဘူးပေါ့။”
“အဲဒါ ခက်တာမှတ်လို့။ မစင်တွေကို ဗာမီကျူလိုက်ပေါ် တန်းတင်လိုက်ရင် မရဘူးလား။”
“မင်း တစ်ခုသတိရဦးလေ။ ဒီမှာက ကမ္ဘာမြေဆွဲအား မရှိဘူး။ ဆီးကတော့ ဗာမီကျူလိုက်ထဲ စိမ့်ဝင်သွားနိုင်ပေမဲ့ မစင်ကိုတော့...ထားလိုက်ပါတော့ကွာ။”
“ဒါဆိုရင် မစင်တွေနဲ့ အပင်ရဲ့ အမြစ်တွေကို လိုက်ပတ်ထားရင်ကော။”
“ဒီစိတ်ကူးလည်း မဆိုးပါဘူး။ ဒါပေမဲ့ မင်းလက်နဲ့ ကိုယ်တိုင် လိုက်ပတ်ရမှာနော်။ ကံကောင်းပါစေ ညီလေး...ငါ မင်းကို ယုံကြည်တယ်။”
“အာ... ငါ အခု မနက်စာ စားနေတာကွ။ မင်းတို့ အရမ်း ရွံစရာကောင်းတာတွေ မပြောကြစမ်းပါနဲ့။”
“ဒါပေမဲ့ သူဌေး အဲဒီခြေရာခံဒြပ်စင်တွေကို ရနိုင်ပါ့မလား။ ဒီဒြပ်စင်တွေကို အဲဒီဥက္ကာခဲတွေ ဒါမှမဟုတ် ဂြိုဟ်တွေပေါ်ကနေပဲ ရနိုင်တာ မဟုတ်ဘူးလား။”
“ဒါဆိုရင် ငါတို့အတွက် အရမ်းအန္တရာယ်များတဲ့ အဲဒီဂြိုဟ်တွေပေါ်ကို ဆင်းသက်ရမယ်လို့ ဆိုလိုတာလား။”
“အဲဒီလိုပဲ ဖြစ်ရမယ်။ ဒါပေမဲ့ တွေးကြည့်ရုံနဲ့တင် တကယ့်ကို ရင်ခုန်စရာပဲ။ အာကာသဝတ်စုံ တစ်စုံ ဘယ်တော့လောက်မှ ရမလဲ မသိဘူး။”
အဖွဲ့ထဲမှ လူများသည် အလွန်အမင်း စိတ်ဝင်တစား ဆွေးနွေးနေကြသော်လည်း ရှောင်းယီထံသို့ တစ်ယောက်မှ သီးသန့်စာ ပို့လာခြင်း မရှိကြပေ။
ထိုအချက်က ခြေရာခံဒြပ်စင်များဆိုသည်မှာ ရိက္ခာသေတ္တာများကို ဖွင့်ရုံမျှဖြင့် အလွယ်တကူ ရရှိနိုင်သော အရာများမဟုတ်ကြောင်း သက်သေပြနေခဲ့သည်။
“ငါ တကယ်ပဲ အဲဒီဂြိုဟ်တွေပေါ် ဆင်းသက်ရတော့မှာလား။”
ရှောင်းယီသည် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိပြီး ပတ်ပတ်လည်ရှိ ဥက္ကာခဲများကို မော့ကြည့်လိုက်သည်။
အနည်ငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အတော်အတန် သေးငယ်သော ဥက္ကာခဲတစ်ခုကို ရွေးချယ်ကာ အာကာသချိတ်ကို အသုံးပြု၍ အာကာသယာဉ်ဆီသို့ ဆွဲယူလိုက်သည်။
“ဒီအာဟာရဖျော်ရည် ထုတ်လုပ်တဲ့စက်က ဒီလိုကျောက်တုံးတွေကိုပါ ခြေဖျက်နိုင်မလား မသိဘူး။”
ရှောင်းယီသည် ကျောက်တုံးအသေးလေးတစ်ခုကို ရိုက်ခွဲယူလိုက်ပြီး စိုက်ပျိုးရေးအခန်းဆီသို့ လွင့်မျောသွားခဲ့သည်။
ရှောင်းယီသည် သူရိုက်ခွဲယူလာသော ကျောက်တုံးအပိုင်းအစကို စက်၏ အာဟာရခြေဖျက်သည့် ပေါက်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။
[ တီ...တီ...မာကျောသော ကျောက်တုံးဖြစ်သဖြင့် မထည့်မီ ကြိတ်ခွဲပေးရန် လိုအပ်ပါသည်။]
စက်ထံမှ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
“တကယ်ကြီး အလုပ်လုပ်တာပဲလား။”
ရှောင်းယီသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးသွားပြီးနောက် လက်ထဲမှ ဥက္ကာခဲကျောက်တုံးကို ကြည့်ကာ စိတ်ညစ်သွားပြန်သည်။
အာဟာရဖျော်ရည် ထုတ်လုပ်စက်က ဥက္ကာခဲများကို ခြေဖျက်နိုင်သည်ဆိုသော်လည်း ကြိုတင်၍ ကြိတ်ခွဲထားရမည်ဟူသော သတ်မှတ်ချက် ရှိနေသည်။ သူ၏လက်ထဲတွင် ကြိတ်စက် မရှိပေ။ ၎င်းကို သွားဖြင့် ကိုက်ခွဲရန်လည်း မဖြစ်နိုင်သည်မဟုတ်ပါလော။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်လွင့်မျောလာပြီး ကျူးဝူထံ သီးသန့်စာ ပို့လိုက်သည်။
“ကျူးဝူ မင်းဘက်က စုဆောင်းရေးကိရိယာနဲ့ အပြင်က ကြယ်တံခွန်ဖုန်မှုန့်တွေကို စုဆောင်းလို့ ရမလား။”
ကျူးဝူသည် အနည်းငယ် ကြောင်အသွားပြီးနောက် စုဆောင်းရေးကိရိယာတစ်ခု၏ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲလိုက်ရင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...ကျွန်တော် စမ်းကြည့်လိုက်မယ်။”
မကြာမီမှာပင် ကျူးဝူက အရောင်းအဝယ်တစ်ခုကို စတင်ပြုလုပ်လာသည်။
[ ကြယ်တံခွန်အမြီးမှ ဖုန်မှုန့် ၂၀ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။]
ကျူးဝူ ပို့လိုက်သော ကုန်သွယ်မှုကို မြင်လျှင် ရှောင်းယီသည် ချက်ချင်း သဘောတူလိုက်ပြီး ထိုဖုန်မှုန့်ပုလင်းကို ယူကာ စိုက်ပျိုးရေးအခန်းဆီသို့ လွင့်မျောသွားတော့သည်။
ဒြပ်စင်အာဟာရဖျော်ရည် ထုတ်လုပ်စက်ရှေ့သို့ ရောက်သောအခါ သူသည် ဖုန်မှုန့်များကို စက်ထဲသို့ လောင်းထည့်လိုက်သည်။
ထုတ်လုပ်ရေးစက်သည် တကယ်ပင် စတင်လည်ပတ်သွားခဲ့၏။ ခဏအကြာတွင် စက်က အကြောင်းကြားစာ ပြသလာခဲ့သည်။
[ အာဟာရဖျော်ရည် ၀.၂ ကီလိုဂရမ်ကို ထုတ်လုပ်ပြီးပါပြီ။ ]
ထိုရလဒ်ကို မြင်သောအခါ ရှောင်းယီသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမဲ့ ဒီအာဟာရဖျော်ရည် ထုတ်လုပ်ဖို့အတွက် ကုန်ဆုံးသွားတဲ့ ဖုန်မှုန့်ပမာဏက အရမ်းများလွန်းတယ်။ ပြီးတော့ ဒီတစ်ခါက ခရမ်းချဉ်သီးပင် ရှိနေလို့သာပဲ။ အကယ်၍ ခရမ်းချဉ်သီးပင်သာ မရှိရင် ဒီကြယ်တံခွန်ဖုန်မှုန့်တွေ ပိုပြီး အများကြီး လိုအပ်မှာ မဟုတ်လား။”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ တွေးတေားမိလိုက်သည်။
ကြယ်တံခွန်အမြီးမှ ဖုန်မှုန့် ၂၀ ကီလိုဂရမ်နှင့် ခရမ်းချဉ်သီးပင်တို့ကို ပေါင်းစပ်လိုက်သည့်တိုင်အောင် အာဟာရဖျော်ရည် ၀.၂ ကီလိုဂရမ်သာ ထွက်ရှိခဲ့သည်။
ပမာဏက နည်းပါးလွန်းသော်လည်း နောက်ဆုံး၌ ရလဒ်တစ်ခုတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ရှောင်းယီသည် ထုတ်လုပ်ထားသော အာဟာရဖျော်ရည်ကို ဗာမီကျူလိုက်ပေါ်သို့ လောင်းထည့်လိုက်ရာ ၎င်းက ချက်ချင်းပင် စိမ့်ဝင်စုပ်ယူသွားခဲ့သည်။
“ကျူးဝူက ငါ့ရဲ့ဂလက်ဆီထဲမှာ အမြဲတမ်း ရှိနေမှာမဟုတ်ဘူး။ ဒါကြောင့် ဒီဖုန်မှုန့်တွေကို ကိုယ့်ဘာသာကိုယ် ရအောင်ရှာနိုင်မယ့် နည်းလမ်းကို စဉ်းစားရမယ်။”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။
အရင်းအမြစ်များကို စုဆောင်းနေသည့် စုဆောင်းရေးကိရိယာသည် ထိုဥက္ကာခဲများကို ကြိတ်ခွဲနေရမည်မှာ သေချာသော်လည်း သူ မြင်ရသည်မှာ ဥက္ကာခဲများ၏ အရွယ်အစား သေးငယ်သွားခြင်းကိုသာ ဖြစ်ပြီး ဖုန်မှုန့်များ ထွက်ပေါ်လာသည်ကိုမူ လုံးဝမမြင်ရပေ။ ယင်း၏ နောက်ကွယ်က လုပ်ဆောင်ပုံနိယာမကို သူ မသိရှိရသေးပေ။
စဉ်းစား၍ မရနိုင်တော့သဖြင့် ရှောင်းယီက ပြတ်ပြတ်သားသားပင် လက်လျှော့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤလောကတွင် သူစဉ်းစား၍ မရနိုင်သော အရာများစွာ ရှိနေသည်မဟုတ်ပါလော။
အခြားနည်းလမ်းများကိုသာ စဉ်းစားခြင်းက ပို၍ကောင်းပေလိမ့်မည်။
“ကျူးဝူ... မင်းဘက်ကနေ ကြယ်တံခွန်ဖုန်မှုန့် တစ်တန်လောက်ရအောင် ဆက်ပြီး ကူစုပေးပါဦး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ကျူးဝူက တုံ့ပြန်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“သူဌေး... ဒီဖုန်မှုန့်တွေထဲကနေ ခြေရာခံဒြပ်စင်တွေကို ထုတ်ယူဖို့ ပြင်နေတာလား။”
“အင်း... အခုက ရိက္ခာသေတ္တာတွေကို ဖွင့်တာနဲ့ ဒီခြေရာခံဒြပ်စင်တွေကို မရနိုင်တော့ဘူးလေ။ အဲဒါကြောင့် တခြားနည်းလမ်းတွေကိုပဲ စဉ်းစားရတော့မယ်။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ကျူးဝူသည် နှုတ်မှ သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။
ဤရိုးရှင်းသော စကားနှစ်ခွန်းမျှ ပြောဆိုရုံဖြင့် ရှောင်းယီ၏လက်ထဲတွင် ဤဖုန်မှုန့်များထဲမှ ခြေရာခံဒြပ်စင်များကို ထုတ်ယူနိုင်သည့် အဆင့်မြင့်စက်ပစ္စည်း တစ်မျိုးမျိုး ရှိနေရမည်ကို ကျူးဝူ သိရှိသွားခဲ့သည်။ ထိုကဲ့သို့သော စက်ပစ္စည်းမျိုးကိုပင် ရရှိထားနိုင်သည်အထိ သူဌေးက တကယ်ကို အစွမ်းထက်လွန်းသည်ဟု သူ ခံစားလိုက်ရသည်။
ရှောင်းယီ၏ တောင်းဆိုချက်အရ ကျူးဝူသည် ဖုန်မှုန့် တစ်တန်ကို စုဆောင်းပေးခဲ့ပြီးနောက် ရေအရင်းအမြစ်များကို ဆက်လက်စုဆောင်းနေခဲ့သည်။
ရှောင်းယီ၌လည်း အောက်ဆီဂျင်၊ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား စသည်တို့အတွက် နေ့စဉ်သုံးစွဲမှုများ ရှိနေသဖြင့် ရေအရင်းအမြစ်များကို လုံလောက်စွာ သိုလှောင်ထားရန် လိုအပ်နေဆဲပင်။
သူသည် မည်သည့်အချိန်တွင် ဤဂလက်ဆီထဲမှ ထပ်မံထွက်ခွာသွားရမည်ကို မသိနိုင်ပေ။
[ ရေ ၁၀၀၀ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။]
ရှောင်းယီသည် ကုန်သွယ်မှုကို သဘောတူလိုက်ပြီးနောက် ကျူးဝူထံသို့ စာပို့လိုက်သည်။
“ခဏလောက် ရပ်ထားလိုက်ဦး။ ငါ့ဘက်က ရေတိုင်ကီက လျှံထွက်တော့မယ်။”
နောက်တစ်စက္ကန့်တွင်မူ ရှောင်းယီ ကြောင်အမ်းသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံမှ [ တစ်ဖက်လူသည် ဤဂလက်ဆီထဲတွင် မရှိတော့သဖြင့် သီးသန့်စာ ပို့၍မရပါ] ဟူသော သတိပေးချက် တက်လာသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် သူ ကျူးဝူထံသို့ ငှားရမ်းပေးထားသော စုဆောင်းရေးကိရိယာများ အားလုံးသည်လည်း အလိုအလျောက် ပြန်လည်ရောက်ရှိလာခဲ့သည်။
“ဘာဖြစ်တာလဲ... ဒီတစ်ခါ ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီး ဒီဂလက်ဆီထဲကနေ ထွက်သွားရတာလဲ။”
ရှောင်းယီ အနည်းငယ် မယုံနိုင် ဖြစ်သွားခဲ့ရသည်။
ထိုအချိန်တွင် ကျူးဝူသည်လည်း အလားတူပင် ဝေခွဲမရဖြစ်နေ၏။ သူသည် ကုန်သွယ်မှုတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးကာစရှိသေးရာ သူဌေးထံမှ ငှားရမ်းထားသော စုဆောင်းရေးကိရိယာက ပျောက်ကွယ်သွားခဲ့သည်။
သူသည် ဘာဖြစ်သွားသလဲဆိုသည်ကို သူဌေးအား မေးမြန်းရန် သီးသန့်စကားပြောချန်နယ်သို့ အပြေးအလွှား ပြောင်းလိုက်သော်လည်း ဆက်သွယ်ရန်စာရင်းရှိ သူဌေး၏ အမည်မှာ နောက်တစ်ကြိမ် ပြန်လည်မှောင်မိုက်သွားသည်ကိုသာ မြင်လိုက်ရလေသည်။
ကျူးဝူ ချက်ချင်းပင် နားလည်သွား၏။
“ငါ တကယ်ပဲ ဂလက်ဆီထဲကနေ ထပ်ပြီး ထွက်ခွာလာခဲ့ပြန်ပြီပေါ့။”
၎င်းကို တွေးမိသည်နှင့် ကျူးဝူသည် အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက် စကားပြောနေခြင်း ရှိ၊ မရှိကို ချက်ချင်း ပြောင်းလဲစစ်ဆေးလိုက်သည်။
“ကယ်ကြပါဦး... ဘယ်သူ အောက်ဆီဂျင် နည်းနည်းလောက် ရောင်းပေးနိုင်မလဲ။”
“ဒီအတိုင်းသာ ဆက်သွားရင် ငါတို့အားလုံး သေကုန်ကြတော့မှာပဲ။ နေ့တိုင်း ရိက္ခာသေတ္တာထဲကနေ ထွက်လာတဲ့ အောက်ဆီဂျင် နည်းနည်းလေးကိုပဲ အားကိုးပြီး အသက်ဆက်နေရတယ်။”
“ဟုတ်တယ်။ အဓိကပြဿနာက ငါ့ရဲ့ကယ်ဆယ်ရေးယာဉ်မှာ အခု လျှပ်စစ်တောင် မရှိတော့ဘူး။ ရိက္ခာသေတ္တာတွေကို သွားဖမ်းဖို့တောင် အခွင့်အရေး မရှိတော့ဘူး။”
“ငါ့ဆီမှာလည်း ၁ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ရိက္ခာသေတ္တာကို အမီဖမ်းနိုင်ဦးမလား မသိဘူး။”
“ငါ့ဆီမှာတော့ လောင်စာဆီတောင် မကျန်တော့ဘူး။ မလှမ်းမကမ်းက ရိက္ခာသေတ္တာကို ဒီအတိုင်း ထိုင်ကြည့်ရင်း သေဖို့စောင့်နေရုံပဲ ရှိတော့တယ်။”
အများသုံးချန်နယ်ရှိ လူများ၏ ဆွေးနွေးမှုများကို မြင်သောအခါ ကျူးဝူ အနည်းငယ် ကြောင်အသွားခဲ့သည်။ သူ၏အမြင်အရ ကျန်းယွင်ထျန်း ရှိနေသော ဂလက်ဆီက ဤမျှလောက် မခက်ခဲသင့်ပါချေ။
သူသည် သီးသန့်စကားပြောချန်နယ်သို့ ပြန်ပြောင်းလိုက်သောအခါ ကျူးဝူ၏ မျက်လုံးများမှာ ထပ်မံ၍ ပြူးကျယ်သွားခဲ့ရပြန်သည်။