အခန်း ၁၃၄၅
Vol. 118 Ch. 1345
အခန်း ၁၃၄၅
ဆက်သွယ်ရန်စာရင်းတွင် ကျန်းယွင်ထျန်းနှင့် အားကုန်းတို့၏ အိုင်ဒီးများသည်လည်း မီးမှိန်နေခဲ့ရာ ၎င်းတို့ထံ သီးသန့်စာ ပို့၍မရနိုင်တော့ကြောင်း ပြသနေသည်။
“ဟား... ကျောခိုင်းလိုက်တာနဲ့ ငါ နောက်ထပ် ဂလက်ဆီအသစ်တစ်ခုကို ထပ်ရောက်လာပြန်ပြီလား။”
ကျူးဝူတစ်ယောက် အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
စိတ်ကို ခေတ္တမျှ ငြိမ်သက်အောင် ထိန်းလိုက်ပြီးနောက် ကျူးဝူသည် ရင်းနှီးသောမျက်နှာများကို ချက်ချင်း စတင်ရှာဖွေတော့သည်။
ပထမဦးစွာ သူသည် ကျူးမန်အဖွဲ့နှင့် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ လူများကို လိုက်ရှာလိုက်သည်။
“ပထမအဆင့်တုန်းက ကျူးမန်အဖွဲ့နဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့က လူတွေ... ငါ့စာကို မြင်ရင် အမြန်ဆုံး သီးသန့်စာ ပို့ပေးကြပါ။”
ကျူးဝူသည် ထိုစာကို နှစ်ကြိမ်ဆက်တိုက် ပို့ပြီးနောက် ရပ်လိုက်သည်။ စာတွေ အလွန်အကျွံပို့လို့ စကားပြောခွင့် အပိတ်ခံရမှာကို သူ မလိုလားပေ။
“ဒီလိုအချိန်မျိုးအထိ အဖော်တွေကို လိုက်ရှာနေသေးတဲ့သူ ရှိသေးတာပဲလား။ ဒါက ရက်တွေအတော်ကြာနေပြီလေ။ မင်းဘက်က နည်းနည်း နှေးကွေးမနေဘူးလား။”
“လူတိုင်းလည်း အဖော်တွေ လိုက်ရှာဖူးတာပဲ။ ဒါပေမဲ့ ဘယ်သူမှ ရှာမတွေ့ကြဘူး။ ကိုယ့်အားကိုယ်ကိုးပြီး တစ်ယောက်တည်း တိုက်ပွဲဝင်ရမှာပဲ။”
“ဟူး... အဖော်ရှာတွေ့ရင်တောင်မှ မရဏနိုင်ငံ သွားမယ့်လမ်းမှာ အဖော်တစ်ယောက် တိုးလာရုံပဲရှိတယ်။ ရှာနေလည်း အပိုပါပဲကွာ။”
ကျူးဝူသည် လူတိုင်း၏ စာများကို မြင်သောအခါ ဝင်ပြောလိုက်၏။
“ငါက တခြားဂလက်ဆီကနေ ရောက်လာတာပါ။ ကိုယ့်လူတွေကို လိုက်ရှာဖို့အပြင် တခြားအသက်ရှင်ကျန်ရစ်သူတွေဆီ စကားပါးတာတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ခဏနေရင် အများသုံးချန်နယ်မှာ ငါ ရှာရမယ့်လူတွေရဲ့ စာရင်းကို တင်ပေးမယ်။ အားလုံးပဲ လာကြည့်ကြပြီး မင်းတို့ကို လိုက်ရှာနေတဲ့သူ ရှိ၊ မရှိ စစ်ဆေးကြည့်ကြပါ။”
ကျူးဝူ၏ စာကို မြင်သောအခါ လူတိုင်း ကြောင်အမ်းသွားကြပြီး ချက်ချင်းပင် အငြင်းပွား ဆွေးနွေးလာကြတော့သည်။
“မင်းရဲ့ လိမ်ညာမှုက တကယ့်ကို အပျော်တမ်းအဆင့်ပဲ။ တခြားဂလက်ဆီကနေ လာဖို့အတွက် လောင်စာဆီ ဘယ်လောက်တောင် ကုန်မလဲ မင်းသိရဲ့လား။”
“ဟုတ်ပါ့။ မစဉ်းစားမဆင်ခြင်ဘဲ လျှောက်ကြွားနေတာပဲ။ တခြားဂလက်ဆီကနေ လာနိုင်တယ်ဆိုရင် မင်းဆီမှာ လောင်စာဆီတွေ အများကြီး ရှိနေရမှာပေါ့။ ငါတို့ကို ပြစမ်းပါဦး။”
“မှန်တယ် ဂြိုဟ်အချင်းချင်းကြား ခရီးသွားဖို့ဆိုတာ အခု ငါတို့ရဲ့ ကယ်ဆယ်ရေးယာဉ်တွေနဲ့ ဘယ်လိုမှ မလုပ်နိုင်တဲ့အရာပဲ။”
ကျူးဝူသည် သူတို့နှင့် အပိုစကား ဖက်ပြိုင်မငြင်းခုံတော့ဘဲ အရင်းအမြစ်တစ်ခုကို အများသုံးချန်နယ်ထဲသို့ တိုက်ရိုက် ချပြလိုက်သည်။
[လောင်စာဆီ ၁၀၀% (ကယ်ဆယ်ရေးယာဉ် တစ်စီးစာအတွက် တွက်ချက်ထားပါသည်။)]
အပြည့်ဖြစ်နေသော လောင်စာဆီအတန်းကို မြင်လိုက်ရသောအခါ အများသုံးချန်နယ်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲမတတ် ဆူညံသွားတော့သည်။
“အစ်ကိုကြီး... ငါ့ကို နည်းနည်းလောက် ရောင်းပေးပါ။ လောင်စာဆီသာ ရှိမယ်ဆိုရင် မင်းလိုချင်တာ မှန်သမျှ အကုန်ပေးမယ်။”
“ဟုတ်တယ်။ မင်းဆီမှာ လောင်စာဆီတွေ ဒီလောက်တောင် အများကြီးရှိနေတာပဲ။ ငါတို့ကို နည်းနည်းလောက် ခွဲရောင်းပေးလည်း မင်းရဲ့ ပျံသန်းမှုကို ထိခိုက်မှာ မဟုတ်ပါဘူး ဟုတ်တယ်မလား။”
“ကယ်ကြပါဦး...လောင်စာဆီ နည်းနည်းလေးပဲ ပေးပါ။ အဲဒီရိက္ခာသေတ္တာကို အမီဖမ်းနိုင်ရင် ရပါပြီ။ ဒါမှပဲ ငါ အသက်ရှင်နိုင်လိမ့်မယ်။”
“အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ။ လောင်စာဆီကိုတော့ ငါ လုံးဝ မရောင်းနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ မူလဂလက်ဆီကို ပြန်သွားဖို့ လိုသေးလို့ပါ။ လောင်စာဆီကို စည်းမဲ့ကမ်းမဲ့ မဖြုန်းတီးနိုင်ဘူး။ အရေးပေါ်အခြေအနေအတွက် ချွေတာထားရမယ်။”
ကျူးဝူက ချက်ချင်း ပြောလိုက်သည်။
“မလုပ်ပါနဲ့ ဆရာကြီး...တောင်းပန်ပါတယ်။ နည်းနည်းလောက် ဖြစ်ဖြစ် ခွဲရောင်းပေးပါ...မဟုတ်ရင် ငါ တကယ် သေတော့မယ်။”
“ဆရာကြီး... မင်းရဲ့ လောင်စာဆီကို ငါ မလိုချင်ပါဘူး။ ဒါပေမဲ့ အောက်ဆီဂျင် နည်းနည်းလောက် ရောင်းပေးလို့ ရမလား။ ငါ အသက်ရှူကျပ်ပြီး သေတော့မယ်။”
“ငါလည်း လောင်စာဆီ မလိုချင်ပါဘူး။ လျှပ်စစ်ဓာတ်အား နည်းနည်းလောက် ရောင်းပေးပါ။ ငါ့ရဲ့ စက်ရုပ်လက်တံက လှုပ်တောင် မလှုပ်နိုင်တော့ဘူး။”
လူတိုင်း၏ တောင်းဆိုချက်များကို မြင်သောအခါ ကျူးဝူ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ခဏနေရင် ဈေးကွက်ခန်းမမှာ အောက်ဆီဂျင်နဲ့ လျှပ်စစ်ဓာတ်အားအချို့ကို တင်ပေးမယ်။ ငါ့ဆီမှာ ဒီပစ္စည်းနှစ်ခုက အတော်လေး အလျှံပယ် ရှိနေတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် အားလုံးပဲ အများသုံးချန်နယ်မှာ စကားမပြောဘဲ နေပေးကြပါ။ ငါ ရှာရမယ့် လူတွေရဲ့စာရင်းကို တင်ပေးပါ့မယ်။ အကယ်၍ မင်းတို့ရဲ့ နာမည်သာ ဒီစာရင်းထဲမှာ ပါနေရင် ငါ့ဆီ သီးသန့်စာ ပို့ပေးပါ။ သူတို့ မင်းတို့ကို ဘာပြောချင်လဲဆိုတာ ငါ ပြန်ပြောပြပေးမယ်။”
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး။ မင်းပြောတဲ့အတိုင်း သေချာပေါက် လုပ်ပါ့မယ်။”
“ငါလည်း တူတူပဲ။ ဆရာကြီး... အောက်ဆီဂျင်သာ မြန်မြန်လေး တင်ပေးပါ။ ငါ တကယ် အသက်ရှူလို့ မဝတော့ဘူး။”
“အားလုံးပဲ မြန်မြန် စကားဖြတ်ပြီး ငြိမ်နေကြစမ်းပါ။ ဆရာကြီး စာတင်မှာကို စောင့်ရအောင်။”
ကျူးဝူသည် ဤဂလက်ဆီရှိ ဈေးကွက်ခန်းမတွင် ကုန်သွယ်မှု နှစ်ခုကို တင်လိုက်၏။
[အောက်ဆီဂျင် ၁ လီတာ - အနက်ရောက်ရွှေ ၃။]
[လျှပ်စစ်ဓာတ်အား ၁% - အနက်ရောင်ရွှေ ၃။]
ထိုကုန်သွယ်မှု နှစ်ခုကို မြင်လိုက်ရပြီးနောက် ဤနေရာရှိ အသက်ရှင်ကျန်ရစ်သူများမှာ နောက်တစ်ကြိမ် ထပ်မံဆွေးနွေးကြပြန်သည်။
“ဆရာကြီး... ငါ့ဘက်မှာ အနက်ရောင်ရွှေ တစ်ခုမှ ရှာမတွေ့သေးဘူး။ ဘယ်လိုလုပ်ရမလဲ။ အုတ်မြစ်ကျောက်တွေနဲ့ လဲလို့ရမလား။”
“ဆယ်ရက်ကျော်နေပြီကို မင်းက အနက်ရောင်ရွှေ တစ်ခုမှတောင် ရှာမတွေ့သေးဘူးလား။ မင်းရဲ့ ကံက တကယ် ဆိုးလွန်းတာပဲ။”
“ဟုတ်ပါ့။ ငါဆို လွန်ခဲ့တဲ့ ဆယ်ရက်ကျော်အတွင်းမှာ အနက်ရောက်ရွှေ ၄၈ ခု ရှာတွေ့ထားတယ်။ ပစ္စည်းအချို့ ဝယ်ဖို့အတွက်တော့ လုံလောက်တယ်။”
“အားလုံးပဲ စကားမပြောကြပါနဲ့ဦး။ ငါ့ကို အရင် စာတင်ခွင့်ပေးမယ်ဆိုရင် ဈေးကွက်ခန်းမမှာ အုတ်မြစ်ကျောက်တွေနဲ့ လဲလှယ်နိုင်မယ့် အရင်းအမြစ် အစုံနှစ်ရာကို တင်ပေးမယ်။”
ကျူးဝူက ပြောလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။ ကျူးဝူသည် သူစကားပါးရမည့် လူစာရင်းတစ်ခုလုံးကို အများသုံးချန်နယ်တွင် တင်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“အားလုံးပဲ တခြားသူတွေ ကိုယ့်နာမည်ပါ၊ မပါ မြင်နိုင်အောင် တစ်မိနစ်လောက် စကားမပြောဘဲ စောင့်ပေးကြပါဦး။ ငါ အခု အုတ်မြစ်ကျောက်နဲ့ လဲလို့ရမယ့် အရင်းအမြစ်တွေကို သွားတင်ပေးတော့မယ်။ အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ။”
“အောက်ဆီဂျင် ၁ လီတာ - အုတ်မြစ်ကျောက် ၃၀။ [စုစုပေါင်း အစုံ ၁၀၀။]”
“လျှပ်စစ်ဓာတ်အား ၁% - အုတ်မြစ်ကျောက် ၃၀။ [စုစုပေါင်း အစုံ ၁၀၀။]”
တင်လိုက်ပြီးသည်နှင့် ထိုကုန်သွယ်မှု အစုံနှစ်ရာလုံး ချက်ချင်းပင် လုယက်ဝယ်ယူခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကျူးဝူထံသို့ သီးသန့်စာ ပို့လာခဲ့ပြီဖြစ်သည်။
“သူဌေး... ငါက အဲဒီ ပန်းသီးပွင့်လေးပါ။ သူက သူဌေးဆီကနေ ငါ့အတွက် ပစ္စည်းအရင်းအမြစ်တွေ ဘာတွေ ပါးလိုက်သေးလဲဟင်။”
အိုင်ဒီ ပန်းသီးပွင့်လေးဆိုသည့် အသက်ရှင်ကျန်ရစ်သူတစ်ဦးက သီးသန့်စာဖြင့် မေးမြန်းလာခဲ့သည်။
ကျူးဝူသည် သူ၏ ယခင်သီးသန့်စာမှတ်တမ်းများထဲမှ သူမထံ ပါးရမည့် မက်ဆေ့ခ်ျကို ရှာဖွေကာ ကူးယူ၍ ပန်းသီးပွင့်ထံ ပို့ပေးလိုက်သည်။
“စကားပဲ ပါးလိုက်တာပါ။ ဘာပစ္စည်းတွေမှ မပါဘူး။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“စကားတစ်ခွန်းတည်း ပါးလိုက်တာက ဘာထူးမှာလဲ။”
ပန်းသီးပွင့်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“မင်း သေချာပြန်စဉ်းစားကြည့်ရင် သူ ဘာလို့ ငါ့ကို ပစ္စည်းတွေ သယ်မလာခိုင်းလဲဆိုတာ နားလည်သွားလိမ့်မယ်။ ကောင်းပြီ... အကယ်၍ မင်းဘက်က စကားပြန်ပါးချင်တယ်ဆိုရင်တော့ အနက်ရောင်ရွှေ ၂ ခု ကျသင့်လိမ့်မယ်။”
ကျူးဝူက ပြောပြီးနောက် သီးသန့်စကားပြောခန်းမျက်နှာပြင်ကို ပိတ်လိုက်သည်။
ဤအချိန်တွင် တစ်မိနစ် ပြည့်သွားခဲ့ပြီဖြစ်ရာ အများသုံးချန်နယ်မှာ ပြန်လည်၍ ဆူညံပွက်လောရိုက်လာတော့သည်။
“ဆရာကြီး... ငါ အုတ်မြစ်ကျောက်နဲ့လဲမယ့် အရင်းအမြစ်တွေကို လုမရလိုက်ဘူး။ နောက်ထပ် နည်းနည်းလောက် ထပ်တင်ပေးလို့ ရမလား။”
“ဟုတ်ပါ့...လူတိုင်းရဲ့ လက်တွေက အရမ်းမြန်လွန်းတယ်။ အသက်ဆက်နိုင်သေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေရေ... ကျေးဇူးပြုပြီး လုမဝယ်ကြပါနဲ့ဗျာ။ မင်းတို့က ငါ့ရဲ့ ရှင်သန်ခွင့်လမ်းကို ဖြတ်တောက်နေတာပဲ။”
“ဆရာကြီးကို တောင်းပန်ပါတယ်။ အုတ်မြစ်ကျောက်နဲ့လဲလို့ရမယ့် အရင်းအမြစ်တွေ ထပ်တင်ပေးပါဦး။ ငါတို့က အရမ်းဆင်းရဲလွန်းလို့ အခု လက်ထဲမှာ အုတ်မြစ်ကျောက်တွေပဲ ကျန်တော့တယ်။”
ကျူးဝူသည် ခေါင်းခါယမ်းကာ ၎င်းတို့၏ တောင်းဆိုချက်များကို လျစ်လျူရှုထားလိုက်သည်။ အုတ်မြစ်ကျောက်ဖြင့် လဲလှယ်နိုင်သော အရင်းအမြစ် အစုံနှစ်ရာကို တင်ပေးခဲ့ခြင်းကပင် အလွန်အမင်း သဘောကောင်းရာ ရောက်နေပြီဖြစ်သည်။
အကယ်၍ မင်းတို့ လုမရလိုက်ဘူးဆိုရင်တော့ စိတ်မကောင်းပါဘူးလို့ပဲ ပြောရတော့မယ်။
ကျူးဝူသည် ၎င်းတို့၏ တောင်းပန်တိုးလျှိုးမှုများကို ဂရုမစိုက်တော့သည်ကို မြင်သောအခါ ဤဂလက်ဆီရှိ အသက်ရှင်ကျန်ရစ်သူအချို့သည် ဒေါသထွက်ကာ ဆဲဆိုလာကြတော့သည်။
“ကချေသည်ဝက်...မင်းလို သွေးစုပ်တဲ့ ကုန်သည်ယုတ်...လူတွေ သေခါနီးဖြစ်နေတာကို ထိုင်ကြည့်ပြီး ဘာမှမလုပ်ပေးဘူး။ မင်း မစင်ပေါက်မပါတဲ့ သားသမီး မွေးပါစေလို့ ငါ ကျိန်ဆဲတယ်ကွ။”
“ဟုတ်တယ်။ အမှန်ပဲ။ မင်းဆီမှာ အရင်းအမြစ်တွေ အများကြီးရှိနေတာကို ဘာလို့ ထပ်မထုတ်ပေးရတာလဲ။ သေသူတွေအပေါ်မှာ အမြတ်ထုတ်တဲ့ မင်းလိုကုန်သည်မျိုးက အနှေးနဲ့အမြန် သွားရမှာပဲ။”
“မင်းရဲ့ ဂလက်ဆီဆီကိုပဲ မြန်မြန် ပြန်လစ်လိုက်တော့။ ငါတို့ရဲ့ ပတ်ဝန်းကျင်ကို လာပြီး မညစ်ညမ်းစေနဲ့။”
သို့သော်လည်း ဆင်ခြင်တုံတရားရှိသော လူအချို့လည်း ရှိနေပါသေးသည်။
“သူများဆီမှာ အရင်းအမြစ်တွေရှိတာ သူတို့ပိုင်တာလေ။ သူတို့ ရောင်းချင်၊ မရောင်းချင်တာလည်း သူတို့အလုပ်ပဲမဟုတ်ဘူးလား။”
“မှန်တယ်။ ကူညီပေးတာက စေတနာ၊ မကူညီပေးတာက သူတို့ရဲ့ အခွင့်အရေးပဲ။ သူတို့ဆီမှာ ပစ္စည်းရှိနေရုံနဲ့ မင်းတို့ကို ဘာလို့ မဖြစ်မနေ ကူညီပေးရမှာလဲ။”
“အမှန်ပဲ...အစ်ကိုကျူး... အဲဒီလို အဓိပ္ပာယ်မရှိ လျှောက်ပြောနေတဲ့ လူတွေရဲ့ စကားကို နားမထောင်ပါနဲ့။ ငါတို့ မင်းကို ထောက်ခံပါတယ်။ မင်း ဒီကို ခဏခဏ လာနိုင်ရင် ပိုကောင်းမှာပဲ။ နောက်တစ်ခါကျရင် မင်းရဲ့ အရင်းအမြစ်တွေကို ဝယ်ဖို့ အနက်ရောင်ရွှေတွေ သေချာပေါက် ပိုပြီး ပြင်ဆင်ထားပါ့မယ်။”
“အင်း... လောင်စာဆီပါ နည်းနည်းလောက် ရောင်းပေးနိုင်ရင် အကောင်းဆုံးပဲ။ ငါ့ဆီမှာ လောင်စာဆီ တကယ် ကုန်တော့မယ်။”
“မင်းဆီမှာ လောင်စာဆီကုန်သွားရင် နောက်တစ်ခါ ဂြိုဟ်ရဲ့ ဆွဲအားကနေ ရုန်းထွက်ရမယ့်အချိန်ကျရင် သွားပြီပေါ့ ဟုတ်လား။”
“အဲဒီလိုပဲ ပြောရမှာပဲ။ ရိက္ခာသေတ္တာထဲကနေ လောင်စာဆီအချို့ ထွက်လာပါစေလို့ပဲ မျှော်လင့်ရတော့မယ်။”