အခန်း ၁၃၄၆
Vol. 118 Ch. 1346
အခန်း ၁၃၄၆
“ရိက္ခာသေတ္တာထဲကနေ လောင်စာဆီထွက်ဖို့ ရာခိုင်နှုန်းက အရမ်းနည်းလွန်းတယ်။ ဒါ့အပြင် မင်းဆီမှာ လောင်စာဆီလည်း မရှိဘဲနဲ့ ရိက္ခာသေတ္တာတွေကို ဘယ်လိုသွားဖမ်းမလဲ။”
“ငါ အရင်တုန်းက ရိက္ခာသေတ္တာဖွင့်ရင်း ဒါလေးရထားတယ်။ [အာကာသချိတ်] ၁ ။ သာမန်အဆင့်ပဲဆိုပေမဲ့ အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားကြည့်ရင် ရိက္ခာသေတ္တာကို သေချာပေါက် ဖမ်းမိနိုင်မှာပါ။”
“ဝိုး... အားကျလိုက်တာဗျာ။ ငါလည်း အဲဒီလိုဟာမျိုး တစ်ခုလောက် ရရင် ကောင်းမှာပဲ။”
“အပေါ်က ဖားယားနေတဲ့ ကောင်တွေ... ကချေသည်ဝက်က မင်းတို့ကို ဘာပစ္စည်းတွေ အများကြီး ပေးထားလို့ ဒီလောက်တောင် လိုက်ဖားနေကြတာလဲ။”
“လစ်စမ်းပါကွာ။ ငါတို့က အရှိကိုအရှိအတိုင်း ပြောနေတာ။ အစ်ကိုကျူးက ငါတို့ကို အရင်းအမြစ်တွေ ပြန်ဖြည့်တင်းခွင့် ပေးခဲ့လို့ ငါတို့က ကျေးဇူးတင်နေတာ။”
“သူတို့နဲ့ လျှောက်ငြင်းမနေနဲ့တော့။ အဓိပ္ပာယ်မရှိဘူး။ အဲဒီအစား ပတ်ဝန်းကျင်ကို ပိုပြီး သတိထားကြည့်နေတာကမှ ပိုကောင်းဦးမယ်။ ဖမ်းယူစရာ ဥက္ကာခဲတစ်ခုခု တွေ့ရင်တွေ့လိမ့်ဦးမယ်။”
“မှန်တယ်။ ရူးနေတဲ့ ခွေးတစ်ကောင်နဲ့ သွားပြိုင်ငြင်းနေတာက အဓိပ္ပာယ်မရှိဘူး။ မင်းနိုင်ရင်တောင် အပိုပဲ။”
ကျူးဝူသည် ထိုလူများ၏ အငြင်းပွားမှုကို အေးစက်စက် မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။ ၎င်းတို့၏ ငြင်းခုံမှုဗဟိုချက်က သူနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ပင်။
တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ကျူးဝူ မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ပန်းသီးပွင်းလေး သီးသန့်စာ ပို့လာသည်မှအပ အခြားမည်သူမျှ သူ့ထံ စာမပို့လာကြသောကြောင့်ပင်။
“သူတို့က ဒီဂလက်ဆီထဲမှာ မရှိကြတာလား။ ဒါမှမဟုတ်အနိစ္စရောက် သွားကြပြီလား။”
ကျူးဝူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုစဉ်မှာပင် ပန်းသီးပွင့်လေးက ကျူးဝူထံ သီးသန့်စာ ထပ်ပို့လာခဲ့သည်။
“မင်္ဂလာပါ အစ်ကိုကျူး...ငါ့ဘက်က စကားတစ်ခွန်း ပြန်ပါးပေးဖို့ ကူညီနိုင်မလားလို့ပါ။”
[အနက်ရောင်ရွှေ ၂ - အခမဲ့လဲလှယ်ခြင်း။]
ကျူးဝူသည် ကုန်သွယ်မှုကို ချက်ချင်းလက်ခံလိုက်၏။
“ကောင်းပြီ။ ပြောသာပြောလိုက်ပါ။ ငါ သေချာပေါက် ကူညီပြီး စကားပါးပေးပါ့မယ်။”
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် အစ်ကိုကျူး။ သူ့ကို ငါ့အတွက် ပစ္စည်းအချို့ သယ်လာပေးဖို့ ပြောပေးပါ။ မဟုတ်ရင် နောင်ကျရင် ဆုံတွေ့ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”
ပန်းသီးပွင့်လေးက ပြန်ပြောလိုက်သည်။
“လက်ခံရရှိပါတယ်။ သေချာပေါက် ပါးပေးပါ့မယ်။”
ကျူးဝူက တုံ့ပြန်လိုက်သည်။
ရှစ်နာရီ ကြာမြင့်ပြီးနောက်တွင်မူ ကျူးဝူသည် မိမိကိုယ်ကိုယ် ထိုဂလက်ဆီထဲမှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပြီး ဈေးကွက်ခန်းမ၌ ပြီးမြောက်ခဲ့သော ကုန်သွယ်မှုများမှရရှိသည့် အနက်ရောင်ရွှေများသည်လည်း သူ၏လက်ထဲသို့ တိုက်ရိုက်ပြန်လည်ရောက်ရှိလာခဲ့သည်။
ဈေးကွက်ခန်းမရှိ အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ ကျူးဝူသည် စောစောက ထွက်ခွာလာခဲ့သော ဂလက်ဆီရှိ ကုန်သွယ်မှုများမှတစ်ဆင့် အနက်ရောက်ရွှေ ၃၀၀၀၀၀ ကို ရရှိခဲ့သည်။
အကယ်၍ သာမန်အသက်ရှင်ကျန်ရစ်သူတစ်ဦးသာ ဤမျှများပြားသော အနက်ရောင်ရွှေပမာဏကို မြင်လျှင် အလွန်အမင်း စိတ်လှုပ်ရှားသွားမည်မှာ သေချာသည်။ သို့သော်လည်း ကျူးဝူကမူ ထိုအနက်ရောင်ရွှေများကို ကြည့်ရင်း စိတ်ထဲတွင် လုံးဝအေးငြိမ်းနေခဲ့သည်။
ရှောင်းယီ၏ ကုန်သွယ်မှုများသည် အကြိမ်တိုင်းတွင် သန်းနှင့်ချီရှိမည်ဟု ခန့်မှန်းရပြီး ပြီးခဲ့သည့်အကြိမ်ကဆိုလျှင် ရှောင်းယီသည် သူ့ထံသို့ အနက်ရောင်ရွှေ သန်းတစ်ဆယ်ကိုပင် တစ်ခါတည်း လွှဲပြောင်းပေးခဲ့သေးသည်။ ထို့ထက်မက များပြားလှသော အနက်ရောင်ရွှေများကို မြင်ဖူးထားသဖြင့် ကျူးဝူအနေဖြင့် ဤ ၃၀၀၀၀၀ မျှဖြင့် စိတ်လှုပ်ရှား ရင်ခုန်နေမည်မဟုတ်ပါချေ။
၃၀၀၀၀၀ ဆိုတာ မုန့်ဖိုးပဲ ရှိတာပါကွာ။
ထိုဂလက်ဆီမှ ထွက်ခွာလာပြီးနောက် ကျူးဝူသည် အများသုံးချန်နယ်ကို လှန်လှောကြည့်ရှုလိုက်ရာ ၎င်းက လုံးဝခြောက်ကပ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် နောက်တစ်ကြိမ် သေမင်းတမျှ တိတ်ဆိတ်မှုကို ခံစားရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
ကျူးဝူသည် မတတ်သာဘဲ ခေါင်းခါယမ်းလိုက်ကာ သူ၏ ပိတ်စအရုပ်ကလေးကို ပွေ့ဖက်ပြီး အိပ်စက်ခြင်းအိတ်ထဲသို့ တွားဝင်သွားဝင်သွားလိုက်တော့သည်။
“တော်သေးတာပေါ့ ငါ့မှာ မင်းရှိနေသေးလို့။”
ကျူးဝူသည် ရင်ခွင်ထဲက ပိတ်စအရုပ်ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီးနောက် အနားယူရန် မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် ရှစ်နာရီတိုင်တိုင် အလုပ်လုပ်ထားရသဖြင့် အနားယူရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ပိတ်စအရုပ်ကလေးကို ပွေ့ဖက်ထားရင်းဖြင့် ကျူးဝူသည် အမှန်တကယ် အလွန်လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံမှ မြည်လာသော တီတီအသံကြောင့် သူ နိုးလာခဲ့သည်။ သူသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်ရင်း အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။ မကြာမီမှာပင် သူ၏အာရုံများ ပြန်လည်စုစည်းမိသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးအလွှား သွားလိုက်သည်။
အမှန်တကယ်ပင် ယီရန်ပင်း သူ့ထံ သီးသန့်စာ ပို့ထားခြင်း ဖြစ်လေသည်။
“ငါ တကယ်ကြီး ပြန်ရောက်လာတာလား။”
ကျူးဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်ကာ ရှောင်းယီထံ ချက်ချင်း ပြန်စာပို့လိုက်သည်။
“သူဌေး...ကျွန်တော် ပြန်ရောက်လာပြီ။”
“မင်း ဘာတွေဖြစ်နေတာလဲ။ ဒီတစ်ခါ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။ မင်းက ဂလက်ဆီ အကူးအပြောင်းတွေ လုပ်နေတာလား။”
ကျူးဝူ၏ ပြန်စာကို မြင်သောအခါ ရှောင်းယီ စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူး။ ဒီတစ်ခါ ဘာလို့ ဒီလောက်တောင် မြန်သွားရတာလဲဆိုတာ။ နောက်ထပ် နှစ်ရက်လောက် ကြာဦးမယ်လို့ ထင်နေတာ။”
ကျူးဝူက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“မင်း ဂလက်ဆီအသစ်တစ်ခုနဲ့ ထပ်ကြုံခဲ့ရပြန်တာလား။”
အချိန်ကို တွက်ချက်ကြည့်ခြင်းအားဖြင့် ကျူးဝူသည် ကျန်းယွင်ထျန်းရှိနေသော ဂလက်ဆီသို့ ပြန်ရောက်သွားခြင်း မဟုတ်သည်မှာ သေချာပေသည်။
ကျူးဝူက ခေါင်းငြိမ့်လိုက်သည်။
“အင်း...ဒါက နောက်ထပ် ဂလက်ဆီအသစ်တစ်ခုပဲ။ အစ်ကိုကျန်းတို့ဘက်ထက်တောင် ပိုပြီး သနားစရာကောင်းသေးတယ်။ လူတိုင်းက အောက်ဆီဂျင်၊ လျှပ်စစ်နဲ့ လောင်စာဆီတွေကို လိုက်ဝယ်နေကြတာ။ တော်တော်များများ ပွဲထွက်သွားကြလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။”
ရှောင်းယီက စိုးရိမ်တကြီးဖြစ်သွား၏။
“အဲဒီမှာ ငါတို့မဟာမိတ်အဖွဲ့ကဖြစ်ဖြစ်၊ မင်းတို့မဟာမိတ်အဖွဲ့ကဖြစ်ဖြစ် အဖော်တွေ ပါသေးလား။”
“မပါဘူး။ ကျွန်တော် အဲဒီကို ရောက်ရောက်ချင်းပဲ ကျွန်တော်တို့မဟာမိတ်နှစ်ဖွဲ့က လူတွေကို အရင်လိုက်ရှာတာ ဘာတုံ့ပြန်မှုမှ မရှိဘူး။ သူတို့တွေ အဲဒီဂလက်ဆီထဲကို ကျပန်းရောက်မသွားကြပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ်။”
ကျူးဝူက သက်ပြင်းချရင်း မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။
“အင်း... အဲဒီလိုပဲ မျှော်လင့်ရမှာပေါ့။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“အခု မင်းရဲ့ ပျံသန်းမှုလမ်းကြောင်းကို ကြည့်ရအောင်။ ငါ့စိတ်ထဲမှာတော့ မင်းရဲ့ ပျံသန်းမှုလမ်းစဉ်ကို အကြမ်းဖျင်း သတ်မှတ်လို့ရပြီလို့ ခံစားနေရတယ်။”
ကျူးဝူ ခေါင်းငြိမ့်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ကြယ်တာရာမြေပုံကို ဖွင့်ကာ သေချာစွာ စောင့်ကြည့်လေ့လာပြီးနောက် သူ၏ ပျံသန်းမှုလမ်းကြောင်းကို သတ်မှတ်လိုက်သည်။
“သူဌေး... ဒါက ကျွန်တော်တွက်ချက်ထားတဲ့ ပျံသန်းမှုလမ်းကြောင်းပဲ။ သူက ဘဲဥပုံစံမျိုးပဲ။ သူ့ရဲ့ အစိတ်အပိုင်းအများစုက ကျွန်တော်တို့ဂလက်ဆီထဲမှာ ရှိနေပြီးတော့ ဒီဘဲဥပုံရဲ့ ထိပ်နှစ်ဖက်က တခြားဂလက်ဆီတွေရဲ့ အစွန်းပိုင်းတွေကို ဖြတ်သန်းသွားတဲ့ပုံစံမျိုး ဖြစ်ရမယ်။”
ကျူးဝူက စခရင်ရှော့တစ်ပုံ ပို့ပေးရင်း ပြောလိုက်သည်။
ရှောင်းယီသည် ပျံသန်းမှုလမ်းကြောင်းကို ကြည့်ကာ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
“အဲဒီလို ဖြစ်ရမယ်။ အခြေခံအားဖြင့်တော့ သတ်မှတ်လို့ရသွားပြီ။ နောက် သုံးရက်ကနေ လေးရက်လောက်အတွင်းမှာ မင်း အစ်ကိုကျန်းရှိတဲ့ ဂလက်ဆီထဲကို ဝင်လိမ့်မယ်။ အဲဒီနောက် အစ်ကိုကျန်းရဲ့ ဂလက်ဆီမှာ တစ်ရက်လောက် ကြာပြီးရင်တော့ အဲဒီ သေမင်းတမျှ တိတ်ဆိတ်တဲ့ ဂလက်ဆီထဲကို ရောက်သွားလိမ့်မယ်။ ရှစ်နာရီကြာပြီးတဲ့နောက်မှာ ငါတို့ ဂလက်ဆီထဲကို နောက်တစ်ကြိမ် ပြန်ရောက်လာပြီး ဒီအတိုင်းပဲ သံသရာလည်နေမှာပဲ။”
“အင်း... အဲဒီအတိုင်း အတော်လေး ကွက်တိပဲ။”
ကျူးဝူက ပြန်ပြောလိုက်သည်။
ယခုအခါ ပျံသန်းမှုလမ်းကြောင်းကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီဖြစ်၍ ကျူးဝူလည်း နောက်ဆုံးတွင် စိတ်အေးသွားရတော့သည်။
“ဒီလိုဆိုရင်တော့ မင်းရဲ့ ကြယ်တံခွန်ကုန်သည် စီမံကိန်းက အပြည့်အဝ အကောင်အထည်ပေါ်လာပြီပေါ့။”
ရှောင်းယီက ပြုံးလိုက်သည်။
“မင်းက ငါတို့ ဂလက်ဆီဆီကနေ ပစ္စည်းတွေ အဝယ်စုပြီး တခြားဂလက်ဆီနှစ်ခုဆီ သွားရောင်းလို့ရသလို သတင်းစကားပါးတဲ့ ဝန်ဆောင်မှုကိုလည်း ပေးလို့ရတယ်။”
“အမှန်ပဲ။”
ကျူးဝူက ပြုံးလိုက်၏။
“ဒါနဲ့ ဒီတစ်ခါတော့ ကျွန်တော် သူတို့ရဲ့ အဖော်တွေကို တကယ် ရှာပေးနိုင်ခဲ့တယ်။ နောင်ကျရင် စီးပွားရေး ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
“ကောင်းပြီ... မင်း အဲဒါကို သေချာကိုင်တွယ်လိုက်ပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ငါ မင်းအတွက် အောက်ဆီဂျင်အချို့ ထပ်ပြီး ဖြည့်တင်းပေးထားမယ်။”
“ဟုတ်ကဲ့ပါ။”
ရှောင်းယီနှင့် စကားပြောပြီးနောက် ကျူးဝူ အချိန်ကို စစ်ဆေးကြည့်ရာ ည ၉ နာရီကျော်နေပြီ ဖြစ်သည်။
“အားလုံးပဲ မင်္ဂလာပါ အသက်ရှင်ကျန်ရစ်သူတို့ရေ။ မင်းတို့ သတိမထားမိကြဘူး ထင်တယ်။ ငါ ဒီနေ့ ၁၆ နာရီနီးပါးလောက် ပျောက်ကွယ်သွားခဲ့တယ်နော်။”
ကျူးဝူက အများသုံးချန်နယ်တွင် စာပို့လိုက်သည်။
“ဝိုး... အစ်ကိုကျူး ပေါ်လာပြီဟေ့။ ပုံမှန်ဆို အရမ်းဆူညံတတ်တဲ့ အစ်ကိုကျူး တစ်နေ့ခင်းလုံး ဘာလို့ စကားမပြောတာလဲလို့ ငါ စဉ်းစားနေတာ။”
“ဘာလဲ... အစ်ကိုကျူးက နောက်ထပ် ၁၆ နာရီလောက် ထပ်ပျောက်သွားပြန်တာလား။ ငါ တကယ် သတိမထားမိလိုက်ဘူး။”
“မင်း တခြားဂလက်ဆီတစ်ခုဆီ ထပ်ပျံသန်းသွားပြန်တာလား အစ်ကိုကျူး။”
“သေချာတာပေါ့။ မဟုတ်ရင် အစ်ကိုကျူးက ဘာလို့ အဲဒီလို ပြောပါ့မှာလဲ။”
ကျူးဝူသည် လူအများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်ရင်း ဆက်ပြောလိုက်သည်။
“အမှန်ပဲ။ ငါ တကယ်ပဲ တခြားဂလက်ဆီတစ်ခုထဲကို နောက်တစ်ကြိမ် ထပ်ဝင်ခဲ့ရတယ်။ ဒီတစ်ခါ ငါဝင်ခဲ့တဲ့ ဂလက်ဆီက တကယ့်ကို အသစ်စက်စက် ဂလက်ဆီအသစ်တစ်ခုပဲ။”
“အားပါးပါး... အစ်ကိုကျူးက အခုဆို ဂလက်ဆီ သုံးခုကြားထဲမှာ လှည့်လည်သွားလာနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူ ဖြစ်နေပြီပေါ့။”
“အစ်ကိုကျူးက အသက်ရှင်ကျန်ရစ်သူအားလုံးထဲမှာ နံပါတ်တစ် လူသားပဲ ဖြစ်ရမယ်။”
“အစ်ကိုကျူး ငါတို့အတွက် လူတွေကို ကူပြီး ရှာပေးခဲ့သေးလား။”
“ဟုတ်တယ်...ဟုတ်တယ်...အစ်ကိုကျူးက ငါတို့အတွက် လူရှာပေးဖို့ မေ့သွားမှာတော့ မဟုတ်ပါဘူးနော်။”
ကျူးဝူက ပြုံးလိုက်သည်။
“မမေ့ပါဘူး...ဒီပုံကို ကြည့်လိုက်ကြပါဦး။”
သူ လူရှာပေးခဲ့သည်မှာ မှန်ကန်ကြောင်း သက်သေပြရန်အတွက် ကျူးဝူသည် ထိုဂလက်ဆီအသစ်၏ အများသုံးချန်နယ်တွင် စာတင်စဉ်ကတည်းက စခရင်ရှော့ ရိုက်ယူကာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်လေသည်။