အခန်း ၁၃၄၈
Vol. 118 Ch. 1348
အခန်း ၁၃၄၈
“ငါ့ဘက်ကတော့ ဘာကန့်ကွက်ချက်မှမရှိပါဘူး။ ဒီကိစ္စတွေကို မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါ။”
ရှောင်းယီက တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
ရှောင်းယီထံမှ လမ်းညွှန်ချက်ရယူပြီးနောက် ကျူးဝူသည် အဖွဲ့လိုက်စကားပြောခန်းထဲတွင် ချက်ချင်း ဝင်ပြောလိုက်တော့သည်။
“ငါ့ကို ကုန်စည်ပို့ဆောင်ခိုင်းတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ငါတို့ ဈေးနှုန်းတွေကို အတိအကျ သတ်မှတ်ထားရပါမယ်။ ပြီးတော့ ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်မှာ နေရာက အကန့်အသတ်ရှိလို့ လောလောဆယ် လူအချို့ရဲ့ ကုန်စည်တွေကိုပဲ လက်ခံပေးနိုင်ဦးမယ်။”
“ကောင်းလိုက်တာ အစ်ကိုကျူး...ဈေးနှုန်းတွေကို ဘယ်လိုတွက်ချက်လဲဆိုတာ ပြောပြပါဦး။”
“ဟုတ်တယ်။ ကျေးဇူးပြုပြီး အရမ်းကြီး ဈေးမကြီးပါစေနဲ့။ ငါတို့ဆီမှာ အနက်ရောင်ရွှေနဲ့ ပစ္စည်းကိရိယာတွေ အများကြီး မရှိလို့ပါ။”
“အစ်ကိုကျူးက ဈေးနှုန်းကို အရမ်းကြီး မြင့်မြင့်မားမား သတ်မှတ်မှာ မဟုတ်ပါဘူး။ အစ်ကိုကျူးက အကောင်းဆုံးပဲလို့ ငါယုံကြည်တယ်။”
ကျူးဝူသည် ၎င်းတို့၏ ဖားယားနေသော စကားများကို လျစ်လျူရှုထားလိုက်သော်လည်း ၎င်းတို့၏ ဆွေးနွေးမှုများကြောင့် ပစ္စည်းများအပြင် အနက်ရောင်ရွှေကိုပါ တောင်းခံနိုင်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
၎င်းကို တွေးမိသောအခါ ကျူးဝူက ပြုံးလိုက်သည်။
“ကုန်စည်တွေက နေရာယူတာဖြစ်တဲ့အတွက် ဈေးနှုန်းက ကုန်စည်ပမာဏနဲ့ သက်ဆိုင်ရမယ်။ ယာယီသတ်မှတ်ထားတဲ့ နှုန်းထားကတော့ အနက်ရောင်ရွှေ ၂ ခု အပြင် သယ်ယူမယ့် ပစ္စည်းစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။”
ထိုနှုန်းထားကို မြင်သောအခါ လူတိုင်း အနည်းငယ် ကြောင်အမ်းသွားကြပြီးနောက် မတတ်သာသလို ခံစားလိုက်ရသည်။
“အစ်ကိုကျူး... အနက်ရောင်ရွှေ နှစ်ခုက ဈေးမကြီးပါဘူး။ ဒါပေမဲ့ ဘာလို့ သယ်မယ့်ပစ္စည်းရဲ့ ၅ ရာခိုင်နှုန်းကိုပါ ထပ်ယူရတာလဲ။”
“ခုနကပဲ ငါ အသေအချာ ရှင်းပြပြီးပြီမဟုတ်လား။ ကုန်စည်များလေ နေရာပိုယူလေပဲ။ ဒါကြောင့် သဘာဝအတိုင်း ကုန်ကျစရိတ် ကောက်ခံရမှာပေါ့။”
ကျူးဝူက ချက်ချင်း တုံ့ပြန်လိုက်သည်။
“ကုန်သည်ဆိုတဲ့အတိုင်း တကယ့်ကို အကွက်စိပ်တာပဲ။”
“၅ ရာခိုင်နှုန်းဆိုလည်း ၅ ရာခိုင်နှုန်းပေါ့။ ငါ့အတွက် ပစ္စည်းအချို့ သယ်သွားပေးဖို့ပဲ ကူညီပေးပါ။ ငါ ပစ္စည်းတွေကို သီးသန့်ကုန်သွယ်မှုကနေတစ်ဆင့် မင်းဆီ ပို့လိုက်ပြီ။”
လူအချို့ စတင်ကုန်သွယ်နေကြပြီဖြစ်ကြောင်း မြင်သောအခါ ကျူးဝူက ဆက်ပြောလိုက်သည်။
“နေရာအကန့်အသတ်ရှိလို့ ဒီတစ်ခါ သယ်ယူပို့ဆောင်ရေးကို ပထမဦးဆုံး လူတစ်ရာအတွက်ပဲ ကန့်သတ်ထားပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်က ၁၀ လီတာထက် မကျော်ရဘူး။ လျှပ်စစ်နဲ့ လောင်စာဆီကလည်း ၁ ရာခိုင်နှုန်းထက် မကျော်ရပါဘူး။”
“ပြီးတော့ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ မင်းတို့ရဲ့ အဖော်ကို ရှာမတွေ့ခဲ့ရင်တောင်မှ ပစ္စည်းတွေကို ဒီအတိုင်း ပြန်သယ်လာပေးတဲ့အတွက် ငါက ပို့ဆောင်ခကို ဆက်ပြီး ကောက်ခံမှာဖြစ်တယ်။ အဲဒါကို စိတ်ထဲရှိတယ်ဆိုရင်တော့ ကုန်သွယ်မှု မလုပ်ပါနဲ့။”
ကျူးဝူ၏ ထိုစကားကို မြင်သောအခါ လူတိုင်းသည် ကုန်သွယ်မှုပြုလုပ်ရန် ကျူးဝူထံသို့ အလုအယက် သီးသန့်စာ ပို့လာကြတော့သည်။
[အနက်ရောင်ရွှေ ၂၊ အောက်ဆီဂျင် ၁၀ လီတာ၊ လျှပ်စစ်ဓာတ်အား ၁%၊ လောင်စာဆီ ၁% - အခမဲ့လဲလှယ်ခြင်း။]
လူအများစုသည် ကျူးဝူ သတ်မှတ်ထားသော အကန့်အသတ် တန်ဖိုးများအတိုင်း ကွက်တိ ကုန်သွယ်မှု ပြုလုပ်ခဲ့ကြသည်။
ဤဂလက်ဆီတွင် ဤအရာများသည် အမှန်တကယ် ရှားပါးအရင်းအမြစ်များ မဟုတ်ကြသဖြင့် ကျူးဝူတစ်ယောက်တည်း အကုန်ဝါးမြိုလိုက်လျှင်တောင်မှ စိတ်မကောင်းဖြစ်စရာ ဘာမှမရှိပါချေ။
ကျူးဝူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီသော ပထမဦးဆုံး အသက်ရှင်ကျန်ရစ်သူ တစ်ရာကို ရွေးချယ်ကာ ကုန်သွယ်မှုများကို ပြီးမြောက်အောင် ပြုလုပ်လိုက်သည်။
“အခု ကုန်သွယ်မှုတွေကို ပြီးအောင် လုပ်ပေးလိုက်ပြီ။ မပြီးသေးဘဲ ကျန်ခဲ့တဲ့သူတွေကတော့ ကုန်သွယ်မှုကို ကိုယ့်တို့ဘာသာပဲ ပယ်ဖျက်လိုက်ကြပါ။”
ကျူးဝူက အများသုံးချန်နယ်တွင် ပြောလိုက်သည်။
“မဖြစ်နိုင်တာ...ငါက ထိပ်ဆုံး လူတစ်ရာထဲတောင် မပါဘူးလား။”
“လူတိုင်းရဲ့ လက်အမြန်နှုန်းက တကယ်ကြီး ဒီလောက်တောင် မြန်နေတာလား။”
“ဟူး... ငါလည်း ကုန်သွယ်မှု မအောင်မြင်လိုက်ဘူး။ ငါရှာနေတဲ့သူက နောက်ဂလက်ဆီထဲမှာ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။”
“ဒါက တကယ်ကို ရင်နာစရာကောင်းလွန်းတယ်။”
“စကားတွေ အများကြီး ပြောမနေနဲ့တော့။ ဥက္ကာခဲတွေကို မြန်မြန်တူး၊ အနက်ရောင်ရွှေတွေ စုပြီး အာကာသယာဉ်အဖြစ် မြှင့်တင်တာကမှ ပိုကောင်းဦးမယ်။ အဲဒီကျမှပဲ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်မှာ။”
“အင်း... အဲဒါက မျှော်လင့်ချက်တစ်ခုလို့ ပြောလို့ရပါတယ်။”
တစ်ဖက်တွင်မူ ရှောင်းယီသည် စုဆောင်းရေးအခန်းသို့ ရောက်ရှိနေပြီဖြစ်ကာ ယနေ့ ဖမ်းယူရရှိထားသော ရိက္ခာသေတ္တာ နှစ်လုံးကို ဖွင့်လိုက်သည်။
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၅၊ အာလူးအမဲသားဟင်း ၅၀၀ ဂရမ်။”
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၈၊ အနက်ရောက်ရွှေ၊ ရေလျှပ်ခွဲစက် ထုတ်လုပ်မှုပုံစံ (B အဆင့်) ၁ ။”
နောက်ဆုံးပစ္စည်းကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ငါ့ရဲ့ ကံတရားက နောက်တစ်ကြိမ် ထပ်ပြီး ပေါက်ကွဲပြန်ပြီလား မသိဘူး။”
ရှောင်းယီက စိတ်လှုပ်ရှားတုန်လှုပ်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူသည် ထိုပစ္စည်းများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သယ်ဆောင်သွားပြီး ရေလျှပ်ခွဲစက်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးလိုက်၏။ ထို့နောက် ထိုကုန်ကြမ်းများကို ဝယ်ယူရန် ဈေးကွက်ခန်းမ၌ ကုန်သွယ်မှုတစ်ခုကို တင်လိုက်လေသည်။
ရှောင်းယီ လိုအပ်သော ကုန်ကြမ်းပစ္စည်း မှန်သမျှအတွက် သူသည် အောက်ဆီဂျင် အရင်းအမြစ် အမြောက်အမြားကို အသုံးပြု၍ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
အရင်းအမြစ် ပမာဏအနည်းငယ်လေးနှင့်ပင် အောက်ဆီဂျင် အမြောက်အမြားကို လဲလှယ်နိုင်သောကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ဈေးကွက်ခန်းမကို စိုက်ကြည့်နေကြပြီး ဤကဲ့သို့သော စက်ကိရိယာများနှင့် တန်ဆာပလာများ ထုတ်လုပ်ရန်အတွက် မည်သူက ကုန်ကြမ်းပစ္စည်းများ လာရောက်ဝယ်ယူမလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။
တစ်စုံတစ်ယောက်ကသာ ဝယ်ယူမည့်အကြောင်း တင်လိုက်သည်နှင့် ထိုအရာသည် ချက်ချင်းပင် လုယူဝယ်ယူခြင်း ခံရမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သဘာဝအတိုင်းပင် ထိုအတိုင်းဖြစ်လာခဲ့ပြီး ရှောင်းယီသည် ထိုရေလျှပ်ခွဲစက်ကို ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းအားလုံးကို မျက်စိတစ်မှိတ်အတွင်း ရရှိသွားခဲ့သည်။
သူသည် ၎င်းကို ချက်ချင်းပင် ထုတ်လုပ်လိုက်ပြီး ခဏမျှ တွေးတောကာ ထိုစက်ကိရိယာကို ကျူးဝူထံသို့ ပို့ပေးလိုက်သည်။
[ ရေလျှပ်ခွဲစက် (B အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း]
ထိုကုန်သွယ်မှုကို မြင်လိုက်ရသောအခါ ကျူးဝူ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဆရာကြီးက B အဆင့် ရေလျှပ်ခွဲစက်ကို တကယ်ကြီး ရလာပြီး သူ့ကို ပေးလိုက်တာလား။
“ယူထားလိုက်ပါ။ ဒါဆိုရင် မင်း အချိန်မရွေး အောက်ဆီဂျင် ထုတ်လို့ရပြီ။ အနည်းဆုံးတော့ အောက်ဆီဂျင် နည်းနည်း ပိုရောင်းရတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။ ကျူးဝူ စိတ်လှုပ်ရှားသွား၏။
“ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးလွန်းတယ်။ သူဌေးပဲ သိမ်းထားလိုက်ပါလား။”
“ငါ့ဆီမှာ ဒါထက် ပိုကောင်းတာတွေ ရှိတယ်။ ဒါကို မလိုဘူး။”
ရှောင်းယီက တိုက်ရိုက်ပင် ပြန်ပြောလိုက်သည်။
“ယူသာ ယူထားလိုက်စမ်းပါ။”
ကျူးဝူ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သူ၏နဖူးကို ရိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“သူဌေးဆီမှာ ဒါထက် ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိနေမှာ သေချာတာပေါ့။ သူက နေ့တိုင်း အောက်ဆီဂျင်တွေ ဒီလောက်အများကြီး ရောင်းနေတာ။ B အဆင့် ရေလျှပ်ခွဲစက် တစ်ခုတည်းအပေါ်မှာပဲ အားကိုးနေရင် ဒီလောက်အထိ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။”
“ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ကျူးဝူ ထပ်ပြီး ငြင်းဆန်မနေတော့ပေ။
ဤစက်ကိရိယာ ရှိနေလျှင် သူသည် အခြားဂလက်ဆီများတွင် အောက်ဆီဂျင် ပိုမိုရောင်းချနိုင်ပြီး အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေများကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ထိုအခါကျမှ အချိန်တန်လျှင် သူဌေးထံ အားလုံးကို ပြန်လည်ပေးအပ်လိုက်ရုံသာ ဖြစ်သည်။
ကုန်သွယ်မှု ပြီးမြောက်သွားပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်သို့ ပြောင်းလဲလိုက်၏။
ဤအချိန်တွင် လူတိုင်းသည် ရှောင်းယီ ခုနက ဈေးကွက်ခန်းမ၌ တင်ခဲ့သော ကုန်သွယ်မှု နှစ်ခုအကြောင်းကို အားရပါးရ ဆွေးနွေးနေကြဆဲ ဖြစ်သည်။
“သူဌေး ခုနက စုဆောင်းလိုက်တဲ့ အရင်းအမြစ်တွေက ရေလျှပ်ခွဲစက် ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပုံရတယ်။”
“ငါ ခုနက ကြည့်လိုက်တယ်။ တကယ် အဲဒါပဲ။ သူဌေးက ရေလျှပ်ခွဲစက် ထုတ်လုပ်မှုပုံစံ နောက်တစ်ခု ထပ်ဖွင့်မိတာ ဖြစ်ရမယ်။”
“သူဌေးဆီမှာ ဒီလို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ကိရိယာမျိုး ရှိပြီးသားမဟုတ်ဘူးလား။ သူက ဘာလို့ ဒီလိုပစ္စည်းမျိုးကို ထပ်ပြီး ရနေသေးတာလဲ။ ငါကကျတော့ ဘာလို့ ဒီလိုစက်ကိရိယာမျိုးကို မရတာလဲ။”
“ငါလည်း အဲဒီမေးခွန်းကိုပဲ မေးချင်နေတာ။ ဒီဆရာကြီးရဲ့ ကံတရားက အတော်လေးကို ကောင်းလွန်းနေတယ် မဟုတ်ဘူးလား။”
“ဟူး... ဆရာကြီးက ဘာလို့ ဆရာကြီး ဖြစ်နေလဲဆိုတော့ သူက ကံတရားရဲ့ စောင့်ရှောက်မှုကို ခံထားရလို့လေ။ ဒါက မင်းတို့ အားကျနေလို့ ရတဲ့အရာ မဟုတ်ဘူး။”
“အဟုတ်ပဲ...ဒါကြောင့် ငါတော့ လုံးဝ အားမကျပါဘူး။ နည်းနည်းလေးပဲ မနာလိုဖြစ်မိတယ်။”
“သူဌေး... သူဌေးရဲ့လက်ထဲမှာ ရေလျှပ်ခွဲစက်ထက် ပိုကောင်းတဲ့ စက်ကိရိယာတွေ ရှိနေမှာ သေချာပါတယ်။ ဒီရေလျှပ်ခွဲစက်ကို ကျုပ်ကို ရောင်းပေးပါလား။ @ယီရန်ပင်း။”
“ဟုတ်တယ်... ငါလည်း ဝယ်ချင်တယ်။ သူဌေး... ဈေးသာ ခေါ်လိုက်ပါ။”
“ငါတို့ဘက်ကပဲ ဈေးအရင်ပေးကြည့်ရင်ကော။ သူဌေး... ကျုပ် အနက်ရောင်ရွှေ တစ်ထောင် ပေးမယ်။ ကျုပ်ကို ရောင်းပေးပါ။”
“သေစမ်း... မင်းက စကတည်းက ဈေးကို အမြင့်ဆုံးအထိ ဆွဲတင်လိုက်တာလား။”
“ဟုတ်ပါ့... ငါဆို အခုထိ အနက်ရောင်ရွှေ ငါးရာတောင် မပြည့်သေးဘူး။”
“ငါ့မှာတော့ သုံးရာပဲ ရှိသေးတယ်။”
အများသုံးချန်နယ်ရှိ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီ ခေါင်းခါယမ်းလိုက်မိသည်။ သူ ဤရေလျှပ်ခွဲစက်ကို ရရှိခဲ့စဉ်က ရောင်းချရန် မစဉ်းစားခဲ့သည့် အကြောင်းရင်းမှာ လက်ရှိတွင် လူတိုင်း၏ လက်ထဲ၌ အနက်ရောင်ရွှေ အများကြီး မရှိကြသေးသည်ကို ထည့်သွင်းစဉ်းစားခဲ့သောကြောင့် ဖြစ်သည်။
၎င်းကို အနက်ရောင်ရွှေ တစ်ထောင် သို့မဟုတ် နှစ်ထောင်ဖြင့် ရောင်းချလိုက်ခြင်းသည် ကျူးဝူထံ တိုက်ရိုက်ပေးအပ်လိုက်ခြင်းလောက် မတန်ပါချေ။ ကျူးဝူကို ရေအနည်းငယ် လျှပ်ခွဲခိုင်းပြီး အောက်ဆီဂျင် ထုတ်လုပ်ကာ ရောင်းချခိုင်းလျှင်ပင် ထိုမျှလောက်သော အနက်ရောင်ရွှေ ပမာဏကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ရောင်းလိုက်လျှင် လုံးဝ မကာမိပါချေ။
ရှောင်းယီက တိုက်ရိုက်ပင် ဝင်ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး။ ဒီစက်ကိရိယာကို ငါ့ဘက်မှာ အသုံးပြုဖို့ ရှိနေလို့ မရောင်းနိုင်ဘူး။”
“သူဌေးက အောက်ဆီဂျင် ထုတ်တဲ့ စက်ကိရိယာတွေ ဒီလောက်အများကြီးကို ဘာအတွက် သုံးမလို့လဲ။ မလိုပါဘူးဗျာ။”