အခန်း ၁၃၅၀
Vol. 118 Ch. 1350
အခန်း ၁၃၅၀
ယခင်ကလည်း ကျူးဝူသည် ရှောင်းယီပြောပြခဲ့သော ပထမအဆင့်အကြောင်းများကို အဖွဲ့လိုက်စကားပြောခန်းထဲတွင် မျှဝေခဲ့ဖူးပြီး ထိုစဉ်ကလည်း အသက်ရှင်ကျန်ရစ်သူအားလုံးနီးပါးက ၎င်းကို ဟာသတစ်ခုလိုသာ သဘောထားခဲ့ကြသည်။
ပထမအဆင့်ကို ရက်ပေါင်း ၁၂၈ ရက်ဖြင့် ဖြတ်ကျော်ခဲ့ခြင်း၊ အသေမျိုး မျိုးနွယ်စုများကို အပြတ်ရှင်းပစ်ခဲ့ခြင်း၊ ပထမအဆင့်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း စသည့်အချက်များမှာ ၎င်းတို့အတွက်တော့ စိတ်ကူးသက်သက်ထက် မပိုခဲ့ပါချေ။
“မင်းတို့ ယုံမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ။ ထားလိုက်ပါတော့..။ အခု အိပ်ရမယ့်အချိန်ရောက်ပြီ။ အားလုံးပဲ ဂွတ်နိုက်ပါ။”
ကျူးဝူက ပြုံးကာ ပြောပြီးနောက် သူ၏ ပိတ်စရုပ်ကလေးကို ပွေ့ဖက်ကာ အိပ်စက်ခြင်းအိတ်ထဲသို့ တွားဝင်သွားခဲ့သည်။
“သေစမ်း... သူက ဒီအတိုင်းကြီး ထွက်သွားတာလား။ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးတော့တောင် ဆင်ခြေမပေးတော့ဘူးလား။”
“အစ်ကိုကျူး ပြောတာတွေက တကယ် ဖြစ်နိုင်မလား မသိဘူးနော်။”
“မင်းက တကယ်ကြီး သွားယုံနေတာလား။”
“ဟာသတစ်ခုလိုပဲ သဘောထားလိုက်စမ်းပါကွာ။ အစ်ကိုကျူးလည်း သူကိုယ်တိုင် ယီရန်ပင်းဆရာကြီးနဲ့ ဂြိုဟ်တစ်လုံးတည်းက မဟုတ်ဘူးလို့ ပြောထားတာပဲ။ ဒါတွေက ဆရာကြီးဆီကနေ သူတစ်ဆင့်ပြန်ကြားခဲ့တာ ဖြစ်ရမယ်။ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာမှမဟုတ်တာ...အတည်ယူလို့မရပါဘူး။”
“အဲဒါတော့ ဟုတ်တယ်။ တစ်ဆင့်စကားဆိုတာ အမြဲတမ်း ပုံပြင်တစ်ခုလို ဖြစ်သွားတတ်တာမျိုးပဲ။”
“ဖြစ်နိုင်တာက ဆရာကြီးက အစ်ကိုကျူးကို လျှောက်နောက်လိုက်တာ နေမှာပါ။ ဒါမှမဟုတ် ဆရာကြီးက သူ ဘယ်လောက်တောင် စွမ်းလဲဆိုတာ ကြွားချင်လို့ အဲဒီလို ပြောလိုက်တာလည်း ဖြစ်နိုင်တာပဲ။”
“ဖြစ်နိုင်တယ်။ ငါတို့ ဆရာကြီးအကြောင်း ဒီလိုပြောနေတာကို သူ သိသွားရင် စိတ်ထဲထားပြီး အရင်းအမြစ်ဈေးတွေ ဈေးလာမြှင့်နေဦးမလား မသိဘူး။”
“မမြှင့်လောက်ပါဘူး။ သူဌေးက စိတ်သဘောထား ကြီးမြတ်တဲ့သူမို့လို့ ဒီလိုကိစ္စလေးနဲ့တော့ ငါတို့ကို ဈေးလာမြှင့်မှာ မဟုတ်ပါဘူး။”
၎င်းတို့သည် ရှောင်းယီ ကြားစေရန် တမင်တကာ ပြောနေခြင်း ရှိ၊ မရှိ မသိရသော်လည်း ရှောင်းယီကမူ လက်ရှိတွင် မကြားနိုင်တော့ပါချေ။ သူ အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။
နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရှောင်းယီ အချိန်မှန် နိုးလာခဲ့သည်။
သူသည် အာကာသ မီးဖိုချောင်သို့ မျှောလွင့်သွားပြီး S အဆင့် ရေသန့်ကို အသုံးပြုကာ မျက်နှာသစ်လိုက်ပြီးနောက် သူ၏ နံနက်စာကို အပူပေးလိုက်သည်။
သူသည် နံနက်စာကို သယ်ဆောင်ရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ မျောလာခဲ့လိုက်ပြီး မနေ့ညက စကားဝိုင်းများကို စစ်ဆေးကြည့်လိုက်သော်လည်း အသုံးဝင်မည့် အချက်အလက် တစ်ခုမျှ မတွေ့ရပေ။ ထို့နောက် နံနက်စာ စားရင်းနှင့် ဆက်သွယ်ရန်စာရင်းရှိ ကျူးဝူ၏ အမည်ကို လှမ်းကြည့်လိုက်ရာ ၎င်းက လင်းနေဆဲဖြစ်သဖြင့် ကျူးဝူသည် ဤဂလက်ဆီထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
နံနက်စာ စားပြီးနောက် ရှောင်းယီသည် ကျူးဝူထံသို့ အရင်းအမြစ်စုဆောင်းရေးစက်နှစ်လုံးကို ငှားရမ်းပေးလိုက်ပြီး မက်ဆေ့ခ်ျတစ်ခု ချန်ထားခဲ့လိုက်သည်။
“မင်း နိုးလာရင် ငါ့အတွက် ကြယ်တံခွန်အမြီးပိုင်းက အမှုန်အမွှားတွေကို ဆက်ပြီး ကူညီစုဆောင်းပေးပါဦး။”
“ကောင်းပြီ။”
ကျူးဝူထံမှ ချက်ချင်း ပြန်စာရလိမ့်မည်ဟု ရှောင်းယီ ထင်မထားခဲ့မိပေ။
“အစောကြီးနိုးနေတာလား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
“မနေ့က နေ့ခင်းဘက်မှာ အိပ်ချိန်တွေ အရမ်းများသွားလို့ အခု အိပ်ရေးဝနေပါပြီ။”
“အင်း... စောစောအိပ်ပြီး စောစောထတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ငါ့ဘက်မှာ ခြေရာခံဒြပ်စင်နည်းနည်း လိုအပ်နေတယ်။ လောလောဆယ်တော့ ကြယ်တံခွန်ပေါ်မှာပဲ ရှာလို့ရနိုင်ဦးမယ်။”
“ဟုတ်ကဲ့ပါ။”
ကျူးဝူက ပြန်ပြောလိုက်သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီသည် စိုက်ပျိုးရေးကုန်းပတ်သို့ မျှောလွင့်သွားခဲ့သည်။ သူသည် မနေ့က ဒြပ်စင်အာဟာရဖျော်ရည်အချို့ ထုတ်လုပ်ထားပြီး ၎င်းတို့ကို ဗာမီကျူလိုက် ဘေးပတ်ပတ်လည်တွင် ထည့်ပေးထားခဲ့ခြင်း ဖြစ်သည်။
ယနေ့ ကြည့်လိုက်ရသောအခါ သီးနှံများ၏ အခြေအနေမှာ သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ဖရဲသီးများသည် အနည်းငယ် ပိုမိုကြီးထွားလာပြီး ရင့်မှည့်လုနီးပါး ဖြစ်နေသကဲ့သို့ ခံစားရကာ ပန်းသီးပင်တွင်လည်း ဖြူဖွေးပြီး ခေါင်းလောင်းပုံသဏ္ဌာန်ရှိသော ပန်းသီးပွင့်လေးများ ဝေဆာစွာ ပွင့်နေခဲ့သည်။
ရှောင်းယီသည် သူ၏ အပျော်တမ်း စိုက်ပျိုးရေးအသိပညာကို အသုံးပြု၍ ထိုပန်းသီးပွင့်ကလေးများကို ဝတ်မှုန်ကူးပေးလိုက်သည်။
“ဒီလိုမှန်းသိရင် လောင်ယွမ်ဆီကနေ စိုက်ပျိုးရေးအသိပညာတွေကို သေသေချာချာ သင်ယူထားခဲ့ပါတယ်ကွာ။”
ရှောင်းယီက ခပ်တိုးတိုး ညည်းတွားလိုက်သည်။
ဝတ်မှုန်ကူးခြင်း လုပ်ငန်းကို အဆုံးသတ်ပြီးနောက် ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“စနစ်...လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - အရည်ပျော်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် စက်ကိရိယာ ထုတ်လုပ်မှုပုံစံ (SSS အဆင့်) ၁။”
“အရည်ပျော်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် စက်ကိရိယာ ထုတ်လုပ်မှုပုံစံ (SSS အဆင့်) - အမျိုးမျိုးသော အရည်ပျော်ဓာတ်ငွေ့များနှင့် ကိုက်ညီအောင် လိုက်လျောညီထွေဖြစ်စေမည့် သိုလှောင်ခြင်းနှင့် ထုတ်လွှတ်ခြင်းဆိုင်ရာ စက်ကိရိယာများကို ထုတ်လုပ်ရန် အသုံးပြုနိုင်သည်။”
“ဒါက တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ။”
ရှောင်းယီ ဝမ်းသာအားရ ရေရွတ်လိုက်ရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်မျှောလွင့်သွားကာ ထိုထူန်လုပ်မှုပုံစံပြကို ထုတ်ယူ၍ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်သည်။
ထုတ်လုပ်ရေးစာမျက်နှာသို့ ပြောင်းလဲပြီးနောက် ရှောင်းယီသည် ဤစက်ကိရိယာကို တည်ဆောက်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးလိုက်ပြီး ချက်ချင်းပင် ၎င်းတို့ကို ဈေးကွက်ခန်းမ၌ စတင်စုဆောင်းဝယ်ယူတော့လေသည်။
နံနက် ငါးနာရီအချိန်မျှသာ ရှိသေးသော်လည်း လူအများအပြားမှာ ဈေးကွက်ခန်းမကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။
ရှောင်းယီ ကုန်ကြမ်းပစ္စည်းများ လာရောက်စုဆောင်းနေသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့သည် မိမိတို့လက်ထဲရှိ ကုန်ကြမ်းများကို အောက်ဆီဂျင်၊ လျှပ်စစ်ဓာတ်အား သို့မဟုတ် လောင်စာဆီ စသည့် အခြားအရင်းအမြစ်များနှင့် ချက်ချင်းပင် လဲလှယ်လိုက်ကြတော့သည်။
ရှောင်းယီသည် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို လျင်မြန်စွာ စုဆောင်းမိသွားပြီး ပထမဆုံး တစ်လုံးကို ချက်ချင်း ထုတ်လုပ်လိုက်သည်။
“အရည်ပျော်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် စက်ကိရိယာ (SSS အဆင့်) - အမျိုးမျိုးသော အရည်ပျော်ဓာတ်ငွေ့များကို သိုလှောင်ထားနိုင်ပြီး ၎င်းတို့ကို ဖြည်းညှင်းစွာ ထုတ်လွှတ်ပေးနိုင်ပါသည်။ ဘေးကင်း စိတ်ချရမှုရှိသည်။ ဆံ့ဝင်သည့်ပမာဏမှာ ၁ ကုဗမီတာဖြစ်ပြီး ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုနိုင်ပါသည်။”
စနစ်၏ ဖော်ပြချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ မှင်သက်သွားခဲ့သည်။
ပုံမှန်အခြေအနေအောက်တွင် ဓာတ်ငွေ့အခြေအနေရှိ အောက်ဆီဂျင်၏ သိပ်သည်းဆမှာ တစ်လီတာလျှင် ၁.၄၂၉ ဂရမ် ရှိပြီး အရည်အခြေအနေရှိ အောက်ဆီဂျင်၏ သိပ်သည်းဆမှာမူ တစ်ကုဗစင်တီမီတာလျှင် ၁.၄၁၉ ဂရမ် ရှိသည်။
ထိုအချက်အရ အရည်ပျော်အောက်ဆီဂျင် ၁ ကုဗမီတာသည် ဓာတ်ငွေ့အခြေအနေရှိ အောက်ဆီဂျင် ကုဗမီတာ ၁၀၀၀ ခန့်နှင့် ညီမျှပေသည်။
ထို့ပြင် ဓာတ်ငွေ့အခြေအနေရှိ အောက်ဆီဂျင် ကုဗမီတာ ၁၀၀၀ ဆိုသည်မှာ အောက်ဆီဂျင် လီတာပေါင်း တစ်သန်းဖြစ်သည်။
ဆိုလိုသည်မှာ သူ့ရှေ့ရှိ ထုထည် ၁ ကုဗမီတာကျော်မျှသာ ရှိသော ဤစက်ငယ်လေးသည် အမှန်တကယ်တွင် အောက်ဆီဂျင် လီတာပေါင်း တစ်သန်းအထိ သိုလှောင်ထားနိုင်ခြင်း ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဤစက်သည် အောက်ဆီဂျင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနိုင်ခြင်း ဖြစ်ပြီး၊ ၎င်းမှာ လုပ်ငန်းချဲ့ထွင်ကာ ပိုမိုသန်မာကြီးထွားလာချင်နေသော ကြယ်တံခွန်ကုန်သည် ကျူးဝူအတွက် အလွန်ပင် အရေးပါလှပေသည်။
တစ်ချိန်တည်းမှာပင် ဤစက်သည် အောက်ဆီဂျင်တစ်ခုတည်းတင်မကဘဲ အခြားဓာတ်ငွေ့များကိုပါ သိုလှောင်နိုင်စွမ်း ရှိသည်။
၎င်းက ဓာတ်ငွေ့ဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှုများကို များစွာ ပိုမိုရိုးရှင်းလွယ်ကူသွားစေမည်ဖြစ်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်ရာ သူစုဆောင်းထားသော ကုန်ကြမ်းပစ္စည်းများသည် နောက်ထပ် အရည်ပျော်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် စက်ကိရိယာတစ်ခု ထုတ်လုပ်ရန်အတွက်ပါ လုံလောက်နေသေးသည်။
သူသည် ၎င်းကို ချက်ချင်းပင် ထပ်မံထုတ်လုပ်လိုက်ပြီးနောက် ထိုကွန်တိန်နာဘူး နှစ်လုံးကို ထုတ်လုပ်ရေးအခန်းသို့ သယ်ဆောင်သွားကာ ဓာတ်ငွေ့ဖိသိပ်စက်ကို အသုံးပြု၍ ထိုသိုလှောင်ထုတ်လွှတ်သည့် စက်ကိရိယာ နှစ်ခုထဲသို့ အရည်ပျော်ဟိုက်ဒရိုဂျင်နှင့် အရည်ပျော်အောက်ဆီဂျင်များကို စတင်ဖြည့်သွင်းလိုက်တော့သည်။
ထိုစက်နှစ်လုံးကို အပြည့်ဖြည့်ရန်အတွက် ရေ နှစ်တန် မပြည့်တပြည့်မျှ ကုန်ဆုံးခဲ့သည်။
ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ရှိ လူများသည် တစ်ဖန် ထပ်မံငြင်းခုံနေကြပြန်သည်။
“သူဌေးက အရင်းအမြစ် ကုန်ကြမ်းတွေကို ထပ်ပြီး စုဆောင်းနေပြန်ပြီ ထင်တယ်။”
“ဟုတ်တယ်။ မဟုတ်ရင် ငါတို့ဆီမှာ ဒီလောက်တန်တဲ့ အရင်းအမြစ်လဲလှယ်မှုမျိုး ဘယ်ကနေ သွားရှာလို့ရမှာလဲ။”
“ဒါပေမဲ့ ဒီကုန်ကြမ်းတွေကို ဘာအတွက် သုံးလဲဆိုတာကိုတော့ ဘယ်လိုမှ မှန်းလို့မရဘူး ဖြစ်နေတယ်။”
“သူဌေးဆီက စက်မျိုး ငါတို့ကိုယ်တိုင် ဖွင့်မရမချင်းတော့ သူဌေး ဘာထုတ်နေလဲဆိုတာ ခန့်မှန်းရခက်တယ်။”
“ဟုတ်တယ်။ ဆရာကြီးကို ငါ တကယ် အားကျမိတယ်။ သူက ဘယ်လိုလုပ် ထူတ်လုပ်မှုပုံစံတွေ ဒီလောက်အများကြီး ရနေတာလဲ မသိဘူး။”
“နေဦး... ဆရာကြီး အခုရထားတာက ထူတ်လုပ်မှုပုံစံ မဟုတ်လောက်ဘူး။”
“မင်းက ဘယ်လို သိတာလဲ။”
“ပမာဏကို ကြည့်လိုက်လေ။ အကယ်၍ ဒါက ထုတ်လုပ်မှုပုံစံသာဆိုရင် ဆရာကြီး လိုအပ်တဲ့ ကုန်ကြမ်းအမျိုးမျိုးရဲ့ ပမာဏက အသေဖြစ်နေရမှာ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူဌေး ဝယ်ယူနေတဲ့ ကုန်ကြမ်းပစ္စည်း ပမာဏက လုံးဝ အကန့်အသတ်မရှိဘူး။”
“အေးဟ၊ ဒါဆိုရင် ဆရာကြီးက ဒီတစ်ခါလည်း ပုံစံကွက်နောက်တစ်ခု ထပ်ပြီး ရလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟုတ်လား။”
“သေစမ်း... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ ခုနတင်ပဲ SSS အဆင့် မှန်ပုံစံကွက် ရထားတာလေ။ အခု နောက်ထပ် ပုံစံကွက်တစ်ခု ထပ်ရပြန်ပြီလား။”
“ဆရာကြီးက ဒီပုံစံကွက်တွေကို ဘယ်ကနေ သွားရနေတာလဲ။”
“ဟုတ်ပါ့။ ရိက္ခာသေတ္တာတွေထဲကနေ ပုံစံကွက်တွေ ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“သူ့ကို တိုင်ကြားလို့ရမယ့် နည်းလမ်းများ ရှိကြလား။ ဆရာကြီး ခိုးဆော့နေတာလို့ ငါ သံသယဖြစ်မိတယ်။”
“ညီအစ်ကို... ငါတို့ အခု ဆရာကြီးကို အားကိုးပြီး အသက်ရှင်နေရတာနော်။ မင်းက တိုင်ရဲတိုင်ကြည့်စမ်း။ ကျွေးတဲ့ လက် ပြန်ကိုက်သလိုမျိုး လုပ်လို့မရဘူး။”
“ငါက ဒီအတိုင်း ပြောကြည့်ရုံတင်ပါကွာ။ ပြီးတော့ ဒီနေရာမှာ တိုင်ကြားလို့ရမယ့် နည်းလမ်းလည်း မရှိပါဘူး။”
“ဆရာကြီး ဒီတစ်ခါ ရလိုက်တဲ့ ပုံစံကွက်က ဘယ်လိုမျိုးလဲဆိုတာ ငါ တကယ် သိချင်မိတယ်။”
“လူတိုင်း သိချင်နေကြတာပဲ။ ငါတို့ရဲ့ ရှင်သန်မှုအတွက် အကျိုးရှိစေမယ့် ပုံစံကွက်မျိုး ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။”
အများသုံးချန်နယ်ရှိ ဆွေးနွေးမှုများကို မြင်သောအခါ ကျူးဝူလည်း စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ လှမ်းမေးလိုက်သည်။
“သူဌေး... သူဌေး တကယ်ပဲ ပုံစံကွက်တစ်ခု ထပ်ရလိုက်တာလား။ အဖွဲ့လိုက်စကားပြောခန်းထဲမှာ လူတွေ အဲဒီအကြောင်း ဆွေးနွေးနေကြတာ မြင်လို့ပါ။”
“မင်း ဘယ်လိုထင်လဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ကုန်သွယ်မှုတစ်ခုကို စတင်လိုက်လေသည်။