← Chapters

အခန်း ၁၅၅၇

Vol. 106 Ch. 1557

အခန်း ၁၅၅၇

Vol. 106 Ch. 1557

အခန်း ၁၅၅၇ အစွမ်းထက်ဆုံး သာမန်လူ

ထိုကားကုမ္ပဏီများက ဖုန်းယွီကို တိတ်တဆိတ် လှောင်ပြောင်နေကြချိန်တွင် ဖုန်းယွီကမူ အေးအေးဆေးဆေး ဂိမ်းကစားနေခဲ့သည်။ ဤနှစ်များအတွင်း အလွန်နာမည်ကြီးနေသော World of Warcraft မဟုတ်သလို ယခုလေးတင် စတင် နာမည်ကြီးလာသော CrossFire လည်း မဟုတ်ဘဲ အတော်လေး ရှေးကျသော Legend of Mir ဂိမ်းပင် ဖြစ်သည်။

သို့မဟုတ် ယခုအခါတွင် Legend of Mir 3 ဖြစ်နေပြီဟု ဆိုရမည်။

ယခုလက်ရှိ Legend of Mir 3 ကို Wind-Rain ဂိမ်းကုမ္ပဏီနှင့် NetEase အစရှိသည့် ကုမ္ပဏီများက လုပ်ကိုင်နေဆဲ ဖြစ်သော်လည်း ဂိမ်းကတ် အခကြေးငွေ ကောက်ခံခြင်းကို စောစောကတည်းက ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်ဘဝကနှင့် မတူညီဘဲ Source Codeများ ပေါက်ကြားသွားခြင်း မရှိသဖြင့် Private Server များလည်း ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ဤဂိမ်း၏ သစ္စာရှိသော ကစားသမား အများအပြား ရှိနေဆဲ ဖြစ်သည်။

ဂိမ်းကတ်အတွက် ငွေမကောက်တော့လျှင် မည်သို့ ငွေရှာမည်နည်း။ ရိုးရှင်းလှပါသည်။ Yuanbao စနစ်နှင့် VIP စနစ်ကို မိတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။

Yuanbao ဆိုသည်မှာ ရွှေဒင်္ဂါးများနှင့် မတူညီဘဲ အဆင့်မြင့် ဆေးဝါးများနှင့် အထူး လက်နက် ကိရိယာများကို ဝယ်ယူနိုင်သလို လက်နက်များနှင့် ဇာတ်ကောင် စွမ်းရည်များကို ပေါင်းစပ်ခြင်း၊ သန့်စင်ခြင်း အစရှိသည်တို့အတွက်လည်း အသုံးပြုနိုင်ပေသည်။ VIP အဆင့်မှာလည်း Yuanbao နှင့် ဆက်စပ်နေပြီး မတူညီသော VIP အဆင့်များအလိုက် နေ့စဉ် လက်ဆောင်ပေးသော Yuanbao များ မတူညီသလို အခြားသော အထူး အခွင့်အရေးများလည်း ကွာခြားလှပေသည်။

ယခင်က ထိုရိုးရာ လက်နက် ကိရိယာများမှာ ယခု ခေတ်ရေစီးကြောင်းကို မမီတော့ပေ။ စစ်ပွဲလက်နက် အစုံအလင်ကို ဝတ်ဆင်ထားမည် ဆိုလျှင်ပင် ထိုYuanbao ကစားသမားများကို အနိုင်မတိုက်နိုင်တော့ပေ။ ဥပမာအားဖြင့် ဖုန်းယွီ၏ ယခုအကောင့်ငယ်လေးဆိုလျှင် တစ်ကိုယ်လုံး စူပါ လူသစ် အကောင်းစား ပစ္စည်းများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။

အကယ်၍ မသိပါက အလွန်ညံ့ဖျင်းသော လူသစ်လေးဟု ထင်မှတ်သွားနိုင်သော်လည်း တကယ်တမ်း လက်ပါလာချိန်တွင် သံမဏိပြားကို ကန်မိသွားကြောင်း တွေ့ရှိရပေလိမ့်မည်။

...

"ဟေ့... သူငယ်ချင်း... အဲဒီဘက်မှာ အကောင့်ငယ် အရူးလေး တစ်ယောက် ရောက်လာတယ်... နာမည်က အစွမ်းထက်ဆုံး သာမန်လူတဲ့... လူသစ် ဝတ်စုံကို ဝတ်ပြီး နွားသိုးမိစ္ဆာ ဘုရားကျောင်းကိုတောင် လာရဲတယ်။ ဘာလဲ... နွားသိုးမိစ္ဆာဘုရင်ကိုများ လုချင်နေတာလား" အင်တာနက်ဆိုင်တွင် Legend of Mir 3 ဆော့နေသော လူတစ်ဦးက ဘေးရှိ သူငယ်ချင်းဖြစ်သူကို ပုတ်၍ အော်ပြောလိုက်သည်။

"ဒါကို မင်း မသိဘူး မဟုတ်လား... သူ့ရဲ့ဒီတိုက်ခိုက်နိုင်စွမ်းက သွေးတစ်စက်လောက်ပဲ အတင်းလျှော့ချနိုင်မှာ... အဲဒီနွားသိုးမိစ္ဆာဘုရင် သွေးပြန်ပြည့်တဲ့ အမြန်နှုန်းကိုတောင် မမီဘူးလေ။ ငါ ကြည့်ရတာတော့ သူက အမှိုက် နည်းနည်းပါးပါး ကောက်ချင်လို့ ဖြစ်မယ်။ အကယ်၍ ကံကောင်းပြီး ပစ္စည်းကောင်းလေးတွေ ကောက်ရရင်တော့ အမြတ်ကြီး ထွက်ပြီပေါ့... ဒါပေမဲ့ အဝတ်ကြမ်းလေး ဝတ်ပြီး ဒီအထိ ရောက်အောင် လာနိုင်တာကလည်း တကယ်ကို မိုက်တာပဲ" သူငယ်ချင်းဖြစ်သူက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ဟွန့်... အချောင်နှိုက်ချင်နေတယ်ပေါ့... ငါ သူ့ကို သွားခုတ်လိုက်ဦးမယ်"

"သူများက လူသစ် အကောင့်လေးကို မင်း ဒီလို လုပ်စရာ မလိုပါဘူး... အရမ်း အနိုင်ကျင့်ရာ ကျလွန်းတယ်" သူငယ်ချင်းဖြစ်သူက ဤသို့ပြောလိုက်သော်လည်း လေသံတွင်မူ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အငွေ့အသက်များ ပါဝင်နေပေသည်။

ဤကဲ့သို့ အဆင့်မြင့် မြေပုံမျိုးမှာ ထိုလူသစ် အကောင့်ငယ်လေးများ လာသင့်သော နေရာမျိုးလော။ လူသစ်များက လူသစ်နေရာသို့ သွားပြီး ကောက်ရိုးရုပ်များကို သတ်ခြင်း၊ ကြက်ပေါက်လေးများကို ခုတ်ခြင်း စသည်တို့ကိုသာ လုပ်ဆောင်သင့်သည် မဟုတ်ပါလော။

ဖုန်းယွီသည် သူ၏အကောင့်ကို ထိန်းချုပ်ကာ နွားသိုးမိစ္ဆာဘုရင်အသစ် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ရုတ်တရက် အဆင့် ငါးဆယ်ကျော် စစ်သည်တော် ဝတ်စုံ ဝတ်ဆင်ထားသော အကောင့်တစ်ခုက သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ချီးတဲ့မှ... ဒါ ဘာလုပ်မလို့လဲ... ဒီလူကို ငါ မသိပါဘူး...

ကမ္ဘာ့ ရူးသွပ် စစ်သည်တော်က လုပ်ကြံသတ်ဖြတ်ခြင်း ဓားချက်တစ်ချက်ဖြင့် အစွမ်းထက်ဆုံး သာမန်လူကို ခုတ်ချလိုက်သည်။ အစွမ်းထက်ဆုံး သာမန်လူမှာ နောက်သို့ အနည်းငယ် လန်သွားသော်လည်း သွေးတန်းလေးမှာမူ အနည်းငယ်မျှ မရွေ့သွားခဲ့ပေ။ ထို့နောက် အလားတူ လုပ်ကြံသတ်ဖြတ်ခြင်း ဓားချက်ဖြင့် ပြန်လည် ခုတ်ချလိုက်ရာ ထိုကမ္ဘာ့ ရူးသွပ် စစ်သည်တော်၏ သွေး သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့သည်။

ကမ္ဘာ့ ရူးသွပ် စစ်သည်တော်ကို ထိန်းချုပ်နေသူမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။ လူသစ် ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ဦးကို သူ၏လုပ်ကြံသတ်ဖြတ်ခြင်း ဓားချက်ဖြင့် ချက်ချင်း မသတ်နိုင်ခဲ့ဘူးလား။ ထို့အပြင် သူ ဘာကို မြင်လိုက်ရသနည်း။ ထိုအဝတ်ကြမ်း ဝတ်ဆင်ထားသော အကောင့်ငယ်လေးက လုပ်ကြံသတ်ဖြတ်ခြင်းကို အသုံးပြုနိုင်ရုံ သာမက ဓားတစ်ချက်တည်းဖြင့် သူ၏သွေး ထက်ဝက်ခန့်ကို လျော့ကျသွားစေခဲ့သည်တဲ့လား။

သူ ကြောင်အမ်းနေသည့် ထိုအချိန်လေး အတွင်းမှာပင် အစွမ်းထက်ဆုံး သာမန်လူက လုပ်ကြံသတ်ဖြတ်ခြင်း ဓားချက်ကို ဆက်တိုက် နှစ်ကြိမ် အသုံးပြုလိုက်ရာ ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ၏ မျက်နှာပြင်မှာ အဖြူအမည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ... ချက်ချင်း အသတ်ခံလိုက်ရသည်

ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ဘေးမှ သူငယ်ချင်း ဖြစ်သူက ဆေးလိပ်ကို မီးညှိလိုက်ပြီးနောက် တစ်လိပ် ထုတ်ကာ ကမ္ဘာ့ ရူးသွပ် စစ်သည်တော် အား ကမ်းပေးလိုက်သည်။ "ချက်ချင်း အသတ်ခံလိုက်ရတယ် ဟုတ်လား... ဘာ... ဘယ်လို ဖြစ်တာလဲ"

သူ ရုတ်တရက် တွေ့ရှိလိုက်ရသည်မှာ ကမ္ဘာ့ ရူးသွပ် စစ်သည်တော်၏ မျက်နှာပြင်က အဖြူအမည်း ပြောင်းသွားခဲ့ပြီး ဤသည်မှာ ကမ္ဘာ့ ရူးသွပ် စစ်သည်တော် အသတ်ခံလိုက်ရကြောင်း ပြသနေခြင်းပင် ဖြစ်သည်။

မဖြစ်နိုင်ပါဘူး... ဒီမြေပုံထဲမှာ တခြား အကောင့်ကြီးတွေလည်း မရှိပါဘူး... ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ရဲ့ အဆင့်ကလည်း အရမ်းမြင့်တာပဲကို... ကမ္ဘာ့ ရူးသွပ် စစ်သည်တော် အကူအညီ တောင်းတာကိုလည်း မကြားမိပါဘူး... ချက်ချင်း အသတ်ခံလိုက်ရတာများလား... နွားသိုးမိစ္ဆာဘုရင်ကတောင် ဒီလို မလုပ်နိုင်ပါဘူး။. ဆာဗာတစ်ခုလုံးရဲ့ တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက် ထိပ်ဆယ်စာရင်းဝင်နဲ့များ တွေ့သွားလို့လား...

"ငါ... ငါ အဲဒီ အစွမ်းထက်ဆုံး သာမန်လူရဲ့ ချက်ချင်း သတ်တာကို ခံလိုက်ရတယ်" ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ဤစကားကို ပြောလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေသည်။

အဆင့် ခြောက်ဆယ် နီးပါးရှိသော သူ၏အကောင့်မှာ အဝတ်ကြမ်း ဝတ်ဆင်ထားသူ တစ်ဦး၏ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ အကယ်၍ အဆင့်သတ်မှတ်ချက်ထဲမှ ဆရာကြီး တစ်ဦးက အဝတ်ကြမ်း ဝတ်ဆင်ထားခြင်း ဖြစ်မည်ဆိုပါက သူ လက်ခံနိုင်သေးသည်။ သို့သော် ဤ အစွမ်းထက်ဆုံး သာမန်လူမှာ သေချာပေါက် အဆင့် သတ်မှတ်ချက်ထဲမှ လူတစ်ဦး မဟုတ်ပေ။ အရှေ့ပိုင်းက အကောင့်များကို သူ မသိလျှင်တောင်မှ အနည်းဆုံးတော့ မျက်မှန်းတန်းမိနေမည်သာ ဖြစ်သည်။

ကမ္ဘာ့ ရူးသွပ် စစ်သည်တော် သူငယ်ချင်း၏ပါးစပ်ထဲမှ ဆေးလိပ်မှာ လက်ပေါ်သို့ ပြုတ်ကျသွားပြီး အပူလောင်သွားသဖြင့် သူက "အား" ဟု အော်လိုက်သည်။

အင်တာနက်ဆိုင် မန်နေဂျာက အမြန်လျှောက်လာခဲ့သည်။ "ညီလေး... ဘာဖြစ်တာလဲ... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သတိလက်လွတ် ဖြစ်ရတာလဲ... ငါတို့ ဆိုင်မှာ ဆေးသေတ္တာ ရှိတယ်... ကောင်တာကို သွားပြီး ဆေးလေး ဘာလေး သုတ်လိုက်လေ... အလကားပါ"

ယခုအခါ ဤအင်တာနက်ဆိုင်များက အလွန် ပါးနပ်ကြပေသည်။ ကွန်ပျူတာ စက်ပစ္စည်းများကို အဆင့်မြှင့်တင်ရုံ သာမက ဝန်ဆောင်မှု အရည်အသွေးကိုပါ မြှင့်တင်လာကြသည်။ အင်တာနက်ဆိုင်တွင် အပူလောင် လိမ်းဆေး၊ အိုင်အိုဒင်း၊ ပလာစတာ အစရှိသည့် ပစ္စည်းများကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး ဤအင်တာနက်ဆိုင် ဆိုလျှင် နှလုံးရောဂါ အရေးပေါ်ဆေးပင် ရှိသေးသည်။

"ငါ... ငါ့ရဲ့အကောင့်ကြီးက လူသစ်ဝတ်စုံ ဝတ်ထားတဲ့ သူဆီမှာ ချက်ချင်း အသတ်ခံလိုက်ရတယ်" ကမ္ဘာ့ ရူးသွပ် စစ်သည်တော်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

အင်တာနက်ဆိုင် မန်နေဂျာက ဒါကမှာ ဘာများ အံ့သြစရာ ရှိလို့လဲ ဆိုသည့် မျက်နှာထားဖြင့် "ဟား... ငါကများ ဘာကိစ္စလဲလို့... မင်း အဲဒီ သာမန်လူရဲ့ လက်နက် ကိရိယာတွေကို ကြည့်လိုက်ပါဦး... သူများ နာမည်ကိုလည်း ကြည့်လိုက်ဦးလေ"

"သူက အဆင့်မြင့် VIP လို့ မင်း ပြောချင်တာလား... ဒါပေမဲ့ သူ့နာမည်က သက်တံ့ရောင် လင်းလက်မနေဘူးလေ"

"နာမည် လင်းလက်တာကို ရွေးချယ်လို့ ရသလို ပိတ်ထားလို့လည်း ရတာပဲလေ... တချို့လူတွေက ဝက်ယောင်ဆောင်ပြီး ကျားကို စားရတာ သဘောကျကြတယ်... မင်းက သူများ သနားစရာ လုပ်နေတာကို ခံလိုက်ရပြီးမှ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာလား" အင်တာနက်ဆိုင် မန်နေဂျာက ရယ်ချင်စိတ်ကို အောင့်အီးထားရင်း မေးလိုက်သည်။

"မဟုတ်ဘူး... သူက အကောင့်ငယ်လေးထင်လို့ သွားခုတ်တာ... တကယ်တမ်းကျတော့ သူ့ရဲ့ ကာကွယ်မှုကိုတောင် မဖောက်နိုင်ခဲ့ဘူး"

ကမ္ဘာ့ ရူးသွပ် စစ်သည်တော်က စကားပြောရင်းဖြင့် အစွမ်းထက်ဆုံး သာမန်လူ၏ လက်နက် ကိရိယာ ကွက်လပ်ကို နှိပ်ကြည့်လိုက်ရာ တစ်ချက် ကြည့်လိုက်သည်နှင့် သူ အံ့သြမှင်သက် သွားခဲ့သည်။

တိုက်ခိုက်နိုင်စွမ်း ၉၉~၉၉၊ မှော်စွမ်းအင် ၉၉~၉၉၊ တာအိုစွမ်းအင် ၉၉~၉၉၊ သွေးစုပ်နိုင်စွမ်း +၉၊ အမြန်နှုန်း +၉၊ ကြံ့ခိုင်မှု +၉၊ တိကျမှု +၉၊ ပေါက်ကွဲနိုင်စွမ်း +၉%၊ သေစေနိုင်သော ထိုးနှက်ချက် +၉%...

ဒါက လခွမ်း လူသစ် ဓားလား... လူသစ် ဓားဆိုတာက တိုက်ခိုက်နိုင်စွမ်း ၀~၁ ပဲ ရှိသင့်တာ မဟုတ်ဘူးလား... ဒါက နတ်လက်နက်ပဲ။

ထိုသာမန်လူကို ဆက်ကြည့်လိုက်ရာ ၎င်း၏ စွမ်းရည်များမှာလည်း ပြိုင်ဘက်ကင်း အဆင့်အထိ တောင့်တင်းလွန်းလှသည်။ သူက ဓားဖြင့် တစ်ချက် ခုတ်လိုက်သော်လည်း ကာကွယ်မှုကို မဖောက်နိုင်ခဲ့သည်မှာ အံ့သြစရာ မရှိပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဖက်လူ၏ အဝတ်အစား ကာကွယ်နိုင်စွမ်းနှင့် မတိမ်းမယိမ်းသာ ရှိပြီး လက်ဝတ်ရတနာများ၏ ကာကွယ်နိုင်စွမ်းများကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက သူ ဖောက်နိုင်မည်ဆိုလျှင် သရဲတစ္ဆေသာ ဖြစ်ပေလိမ့်မည်။

VIP 9 တဲ့လား... လခွမ်း... ဒါက ယွမ် တစ်သိန်း ဖြည့်သွင်းမှ ရနိုင်တဲ့ ထိပ်တန်း VIP မဟုတ်ဘူးလား... ဒီကောင်က တကယ့်ကို ငွေကုန်ကြေးကျ ခံနိုင်တဲ့ စူပါ ငွေကြေး သုံးစွဲသူ ကစားသမား တစ်ယောက်ပဲ။

ချီးတဲ့မှ... ဒီလိုမျိုး အမြင့်ဆုံး VIP အဆင့်ရှိတဲ့ အကောင့်ကြီးက ဘယ်လိုလုပ်ပြီး လူသစ် လက်နက် ကိရိယာတွေကို သွားပြီး အဆင့်မြှင့်တင်နေရတာလဲ... ဖြည့်သွင်းထားတဲ့ Yuanbao တွေကို ဒါလုပ်ဖို့အတွက်ချည်းပဲ သုံးပစ်လိုက်တာလား... အကယ်၍ ဒါတွေကို အဆင့်မြင့် လက်နက် ကိရိယာတွေ အဆင့်မြှင့်တင်ရာမှာ သုံးလိုက်မယ်ဆိုရင် သေချာပေါက် ဆာဗာတစ်ခုလုံးမှာ တိုက်ခိုက်ရေးစွမ်းအား ထိပ်ဆုံး သုံးယောက်ထဲ ဝင်နေပြီ... ဒီလူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဖြုန်းတီးတတ်ရတာလဲ...

အင်တာနက်ဆိုင် မန်နေဂျာက ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ကို အနည်းငယ် သနားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ PK မလုပ်ခင် တစ်ဖက်လူ၏ လက်နက် ကိရိယာများကို တစ်ချက်လေးပင် မကြည့်ခဲ့ဘူးဆိုတော့ တကယ်ကို အရူးလေး တစ်ယောက်ပင် ဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီထဲက အထာလာပေးပေမဲ့ အထာပြန်ခံလိုက်ရတယ် ဆိုတာမျိုးပဲ...

ဖုန်းယွီက သူ၏ ဇာတ်ကောင်ကို ထိန်းချုပ်ကာ ကမ္ဘာ့ ရူးသွပ် စစ်သည်တော် ထံမှ ပြုတ်ကျလာသော လက်နက် ကိရိယာများ အားလုံးကို ကောက်ယူလိုက်သည်။ ဤညီအစ်ကိုမှာ ကံအတော်ဆိုးပုံ ရသည်။ ကျောပိုးအိတ်ထဲမှ ပစ္စည်းများ အများအပြား ပြုတ်ကျလာသလို ကိုယ်ပေါ်မှ လက်နက် ကိရိယာများလည်း အတော်များများ ပြုတ်ကျလာခဲ့ရာ Yuanbao အများအပြား ရအောင် ရောင်းနိုင်ပေလိမ့်မည်။

ကမ္ဘာ့ ရူးသွပ် စစ်သည်တော် သည် တစ်ဖက်လူက သူ၏ လက်နက် ကိရိယာများကို ကောက်ယူနေသည်ကို ကြည့်ပြီး ရင်ထဲတွင် သွေးများပင် ယိုစိမ့်နေခဲ့သည်။ ဤသည်မှာ သူ အပင်ပန်းခံ၍ ငါးနှစ်တိုင်တိုင် ကစားခဲ့သော အကောင့်ကြီး ဖြစ်သည်။ အကယ်၍ ဤလက်နက် ကိရိယာများသာ ဆုံးရှုံးသွားပါက တိုက်ခိုက်ရေးစွမ်းအား အကြီးအကျယ် ကျဆင်းသွားမည်ဖြစ်ရာ သူ နောက်ပိုင်းတွင် ဘယ်လိုလုပ် ဆက်လက် ရပ်တည်နိုင်တော့မည်နည်း။

သူက ချက်ချင်းပင် စာရိုက်လိုက်သည်။ "အစ်ကို သာမန်လူ... ကျွန်တော့်ရဲ့ လက်နက် ကိရိယာတွေကို ပြန်ပေးလို့ ရမလား... ကျွန်တော် မှားသွားပါတယ်... တကယ်ကို မှားသွားပါပြီ"

ဖုန်းယွီမှာ ထိုမျှလောက် စေတနာကောင်း မရှိပေ။ ငါက ဘေးမှာ အကောင်းကြီး ရပ်ပြီး နွားသိုးမိစ္ဆာဘုရင် ပေါ်လာမယ့် အချိန်ကို စောင့်နေတာကို မင်း လခွမ်းက ငါ့ကို အရင် လာခုတ်တာလေ... အခုမှ လာပြီး သနားစရာ လုပ်နေတယ်ပေါ့...

အကယ်၍ ငါ့ရဲ့ လက်နက် ကိရိယာတွေ အဆင့်မြှင့်တင်ထားတာ အရမ်းမိုက်မနေဘူးဆိုရင် မင်းရဲ့အလစ်အငိုက် တိုက်ခိုက်မှုကို တကယ် ခံလိုက်ရမှာပဲ... အချိန်အကြာကြီး မဆော့ဖြစ်တော့ ကျွမ်းကျင်မှုတွေတောင် စိမ်းသက်နေပြီ... ပြီးတော့ စွမ်းရည် အသစ်တွေ အများကြီး ပေါ်လာတော့ ကိုယ်တိုင်လည်း အစကနေ ပြန်ပြီး ကျွမ်းကျင်အောင် လုပ်ရဦးမယ်...

ခဏအကြာတွင် နွားသိုးမိစ္ဆာဘုရင် ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာ့ ရူးသွပ် စစ်သည်တော်သည် ထို အစွမ်းထက်ဆုံး သာမန်လူ က လူသစ် ဓားတစ်လက်ကို ကိုင်ဆောင်ကာ ဆယ်မိနစ်ပင် မကြာလိုက်ဘဲ ဘော့စ်ကြီး နွားသိုးမိစ္ဆာဘုရင်ကို ခုတ်သတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူတို့ ပုံမှန်အားဖြင့် အဖွဲ့ဖွဲ့ပြီး သတ်လျှင်ပင် နာရီဝက်ခန့် ကြာမြင့်သည် မဟုတ်ပါလော။

လူအချင်းချင်း နှိုင်းယှဉ်ရရင် ဒေါသထွက်သေချင်စရာပင်။

ချီးတဲ့မှ... ငွေဖြည့်တာပဲ မဟုတ်ဘူးလား... ငါလည်း ဖြည့်မယ်... ငါ လက်နက် ကိရိယာတွေ တစ်စုံလုံး အသစ်ပြောင်းပြီးတဲ့ အချိန်ကျရင် ဒီရန်ကို သေချာပေါက် ပြန်စားမယ်။

******

All Chapters