← Chapters

အခန်း ၁၅၆၁

Vol. 106 Ch. 1561

အခန်း ၁၅၆၁

Vol. 106 Ch. 1561

အခန်း ၁၅၆၁ လျိုထျန်းဝမ်၏ ဖျော်ဖြေပွဲ

ညစာ စားပြီးနောက် အချိန်ကိုက်ပင် သူတို့နှစ်ဦးသည် အလုပ်သမား အားကစားကွင်းသို့ ရောက်ရှိသွားခဲ့ပြီး VIP လမ်းကြောင်းမှတစ်ဆင့် လက်မှတ်စစ်ကာ ဝင်ရောက်ခဲ့ကြသည်။

လူအများအပြား ဝင်ရောက်နှင့်နေပြီ ဖြစ်ရာ အတွင်းဘက်တွင် အတော်လေး ဆူညံနေသည်။ တကယ်တမ်းဆိုရလျှင် ဖျော်ဖြေပွဲတွင် ကြားရသည့် သီချင်းသံမှာ တေးသံသွင်းခွေလောက် မသာယာလှသော်လည်း ဖျော်ဖြေပွဲ၏ ပတ်ဝန်းကျင် အငွေ့အသက်မှာမူ များစွာ ပိုမိုကောင်းမွန်ပေသည်။ အထူးသဖြင့် ပရိသတ် အများအပြားအတွက်မူ သူတို့၏အိုင်ဒေါကို တွေ့မြင်ခွင့် ရရှိသဖြင့် ပိုမိုစိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။

ဖုန်းယွီမှာမူ လီနကို အဖော်ပြုပေးရန် သက်သက်သာ လာခဲ့ခြင်း ဖြစ်သည်။ သူသည် ဤအရာကို သိပ်ပြီး စိတ်မဝင်စားပေ။ သီချင်းနားထောင်ခြင်းကို နှစ်သက်သလို MV ကြည့်ခြင်းကိုလည်း နှစ်သက်သော်လည်း ဤကဲ့သို့ လူအလွန် ကြပ်ညပ်နေသော နေရာမျိုးကိုမူ မကြိုက်နှစ်သက်ပေ။ အထူးသဖြင့် အားကစားကွင်း အတွင်းတွင် ကင်မရာများ အလွန်များပြားနေခြင်းကိုပင် ဖြစ်သည်။

"ဟေ့... ဟေ့... အဲဒါ Pink Girlထဲက မင်းသမီး မဟုတ်ဘူးလား" လီနက ဖုန်းယွီ၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။

ဖုန်းယွီလှည့်ကြည့်လိုက်သောအခါ လျိုရော့ယိန့်ကို မြင်လိုက်ရသည်။ ပရိသတ်များက သူ့ကို နို့လက်ဖက်ရည်ဟု ခေါ်ဆိုကြသည်။ သို့သော် သူ သေချာပေါက် မထင်မှတ်ထားမိလိမ့်မည်မှာ အနာဂတ်တွင် 'နို့လက်ဖက်ရည်' ဟူသော ဘွဲ့အမည်ကို နို့လက်ဖက်ရည် သောက်နေသော ကောင်မလေး တစ်ယောက်က လုယူသွားလိမ့်မည် ဟူ၍ပင် ဖြစ်သည်။

"သူတို့ ရုပ်ရှင် တစ်ကားမှာ အတူတူ သရုပ်ဆောင်ဖူးတယ်... နာမည်ကောင်းရသလို ရုံတင်ငွေလည်း မဆိုးဘူး... သူငယ်ချင်း တစ်ယောက် အနေနဲ့ အားပေးဖို့ လာတာ ဖြစ်မှာပါ... ခဏနေရင် သူလည်း အပေါ်တက်ပြီး သီချင်း တစ်ပုဒ်လောက် ဆိုသွားမလား မသိဘူး" ဖုန်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝင်ရောက်လာသူများ ပိုမိုများပြားလာခဲ့ပြီး ခဏအကြာတွင် ဖုန်းယွီတို့၏ ပတ်ဝန်းကျင်မှာလည်း လူများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဖုန်းယွီတစ်ချက် လှည့်ကြည့်လိုက်ရာ လူတွေ အလွန် များပြားလှပေသည်။ ရပ်တည်နေသူများပင် အများအပြား ရှိနေသေးရာ လျိုထျန်းဝမ်၏ သြဇာအာဏာမှာ ထင်ရှားလှပေသည်။

သို့သော် ဖုန်းယွီသည် ဘေးနားတွင် ထိုင်နေသည့် အမျိုးသမီး ပရိသတ် တစ်ဦးကို သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ တစ်နေရာရာတွင် မြင်ဖူးနေသလို ဖြစ်နေသော်လည်း ရုပ်ရည်ကို ကြည့်ရလျှင် အနုပညာရှင် တစ်ယောက်တော့ မဟုတ်သင့်ပေ။ သို့သော် ဖုန်းယွီသည် ဤသူနှင့် ပတ်သက်၍ အဘယ်ကြောင့် အမှတ်တရ ရှိနေရသနည်း ဆိုသည်ကို မစဉ်းစားတတ်တော့ပေ။

ဖျော်ဖြေပွဲ စတင်ခဲ့သည်။ လျိုထျန်းဝမ်မှာ ခမ်းနားလှပသော ဝတ်စုံကို ဝတ်ဆင်ကာ စင်မြင့် အောက်ခြေမှ တက်လာခဲ့ပြီး ပရိသတ်များ အားလုံး အော်ဟစ်လိုက်ကြသည်။

အထူးသဖြင့် ဖုန်းယွီဘေးနားမှ ထိုအမျိုးသမီးပရိသတ်၏ အော်ဟစ်သံမှာ အလွန်ကျယ်လောင်လွန်းလှရာ ဖုန်းယွီ၏နားပင် အူသွားခဲ့သည်။ အဆိုတော်များက စင်မြင့်ပေါ်တွင် သီချင်းဆိုချိန်တွင် တေးဂီတသံ ရှိလျက်နှင့် ဘာဖြစ်လို့ နားကြပ်တပ်ထားရသနည်း ဆိုသည်ကို ဖုန်းယွီယခုမှ သဘောပေါက်သွားခဲ့သည်။ ဤ ပရိသတ်များမှာ အလွန်ရူးသွပ်လွန်းသဖြင့် အဆိုတော်များ ဂီတသံကို မကြားနိုင်အောင် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

လီနမှာမူ ထိုမျှအထိ မရူးသွပ်ပေ။ တိတ်ဆိတ်စွာပင် ထိုင်နေပြီး မျက်နှာပေါ်တွင် အပြုံးလေးဖြင့် စင်မြင့်ပေါ်မှ လျိုထျန်းဝမ်ကို ကြည့်နေသည်။ လက်ထဲမှ အလင်းတိုင်ကိုလည်း ဝှေ့ယမ်းခြင်း မရှိသလို နောက်က လူများကဲ့သို့ စာသားပါသော ဆိုင်းဘုတ်ကြီး ကိုင်မြှောက်ထားခြင်းလည်း မရှိပေ။

လျိုထျန်းဝမ်၏ ဤဖျော်ဖြေပွဲမှ သီချင်းများမှာ အားလုံးက လူတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ဖျော်ဖြေပွဲ၏ ဂီတ အကျိုးသက်ရောက်မှုမှာ မည်မျှ မသာယာလှသလို ဆူညံနေသော်လည်း စင်မြင့်၏ အကျိုးသက်ရောက်မှုမှာ တကယ်ပင် ခမ်းနားလှပသည်။ အထူးသဖြင့် ဖုန်းယွီတို့၏ ဤ ရှေ့ဆုံးတန်း VIP ခုံမှ ကြည့်ရသည်မှာ အလွန် ရှင်းလင်းပြတ်သားလှရာ ဖုန်းယွီသည် ဤငွေမှာ အလကား မဖြစ်ကြောင်း ခံစားလိုက်ရသည်။

သီချင်း အချို့ ဆိုပြီးသွားသောအခါ လျိုထျန်းဝမ်အနားယူရန် လိုအပ်မည် ဖြစ်ရာ စင်မြင့်ပေါ်တွင် လူ အစားထိုးလိုက်ရာ တကယ်ပင် လျိုရော့ယိန့် ဖြစ်နေသည်။

လျိုရော့ယိန့်က သီချင်း နှစ်ပုဒ် ဆိုသွားခဲ့ပြီး ပရိသတ်များ၏ အငွေ့အသက်မှာလည်း အလွန်ထက်သန်လှသည်။ ထို့အပြင် သူမက လျိုထျန်းဝမ်နှင့်အတူ အချစ်သီချင်း တစ်ပုဒ်ကို တွဲဖက်ဆိုသွားခဲ့ရာ ပရိသတ်များ၏ အော်ဟစ်သံများက အားကစားကွင်း၏ အမိုးကိုပင် ဖောက်ထွက်သွားနိုင်မလား ထင်ရသည်။

လျိုရော့ယိန့် စင်ပေါ်မှ ဆင်းသွားပြီးနောက် လျိုထျန်းဝမ်က စင်မြင့်ပေါ်တွင် ရပ်ကာ ပရိသတ်များနှင့် အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်သည်။

"နောက်တစ်ခုအနေနဲ့ ပရိသတ် တစ်ဦးကို ဖိတ်ခေါ်ပြီး ကျွန်တော်နဲ့အတူ သီချင်း တစ်ပုဒ် တွဲဆိုချင်ပါတယ်... စိတ်ဝင်စားမယ့်သူ ရှိမလား မသိဘူး"

"ကျွန်တော်"

"ကျွန်မကို ရွေးပါ... ဟွာဇိုင်... ကျွန်မ ခင်ဗျားကို ချစ်တယ်"

"အာ… ကျွန်မကို ရွေးပါ"

အောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူတိုင်းနီးပါး လက်နှစ်ဖက်ကို မြှောက်ထားကြသည်။

လျိုထျန်းဝမ်က အောက်ဘက်မှ ပရိသတ်များကို ဝေ့ကြည့်လိုက်သည်။ တကယ်တမ်းဆိုလျှင် ဖျော်ဖြေပွဲတွင် ပရိသတ် နေရာမှာ အမှောင်ဖုံးနေသည်။ အလင်းရောင် ထွက်နေသည့် အလင်းတိုင်များနှင့် စာသားပါ ဆိုင်းဘုတ်များမှလွဲ၍ သူ ပရိသတ်များ၏ မျက်နှာကို မမြင်ရပေ။

ရှေ့ဆုံးတန်း VIP ခုံမှ ပရိသတ် နှစ်ဦးကိုသာ စင်မြင့်မှ အလင်းရောင် အားကိုးဖြင့် လျိုထျန်းဝမ်ရှင်းလင်းစွာ မြင်နိုင်သည်။ အမျိုးသားတစ်ဦးမှာ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပေါ်ဘဲ တိတ်ဆိတ်စွာ ထိုင်နေပြီး သူ ဖိတ်ကြားသည့် အခွင့်အရေးကို လုံးဝစိတ်မဝင်စားသည့်ပုံစံ ဖြစ်သည်။

ထိုအမျိုးသား၏ ဘေးနားမှ အမျိုးသမီးမှာ သူ၏အဖော် ဖြစ်မည်ထင်သည်။ သူမက အပြုံးလေးဖြင့် သူ့ကို ကြည့်နေသော်လည်း အခြားပရိသတ်များကဲ့သို့ လက်မြှောက်ခြင်း မရှိပေ။

သူတို့၏ အနီးအနားတွင် ရှိနေသော အဆင့် နှစ်၊ သုံး အနုပညာရှင်များပင် လက်မြှောက်ပြီး တွဲဆိုချင်နေကြသည်။ အချို့မှာ လျိုထျန်းဝမ်၏ အမှတ်တရ ဖြစ်စေချင်၍ ဖြစ်သလို အချို့မှာမူ ရုပ်သံထဲ ပါဝင်ပြီး နာမည်ကျော်ကြားမှုကို မြှင့်တင်ချင်၍ ဖြစ်သည်။

သူတို့မှာ ဖျော်ဖြေပွဲ လာနားထောင်ခြင်း မဟုတ်ဘဲ နာမည်ကျော်ကြားမှုကို ခိုကပ်လိုခြင်း ဖြစ်သည်။ လျိုထျန်းဝမ်၏ ဖျော်ဖြေပွဲကို အာရုံစိုက်နေသည့် သတင်းထောက်များ အများအပြားရှိရာ သူတို့သာ သတင်းတစ်ပုဒ်လောက် ဖြစ်သွားနိုင်လျှင် ပို၍ပင် ကောင်းသေးသည်။

အကယ်၍ လျိုထျန်းဝမ်သာ သူတို့ကို ဖိတ်ခေါ်ပြီး တွဲဆိုခွင့် ရလိုက်ပါက မနက်ဖြန် ဖျော်ဖြေရေး သတင်းတွင် ခေါင်းကြီးပိုင်း ပါသွားနိုင်ပြီး သူတို့ ချက်ချင်း နာမည်ကြီးသွားနိုင်ပေသည်။

အမေရိကန်ဘက်က အနုပညာရှင်များ အမြဲတမ်း အရေးကြီးသည့် အားကစား ပွဲလမ်းသဘင်များတွင် သွားရောက် ကြည့်ရှုခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထိုအားကစား ပွဲလမ်းသဘင်များကို စိတ်မဝင်စားလျှင်ပင် လူသိများမှု တိုးတက်လာနိုင်သည်။ အကယ်၍ အားကစား ကြယ်ပွင့်များနှင့် ကောလာဟလ ဖြစ်သွားနိုင်လျှင် အာရုံစိုက်မှုမှာ ချက်ချင်း မြင့်တက်သွားနိုင်သည်။

ဤ အနုပညာရှင် အမျိုးသမီးများပင် လျိုထျန်းဝမ်နှင့် တွဲဆိုခွင့် ရရှိရန် တန်ဖိုးထားနေကြသော်လည်း သူတို့နှစ်ဦး၏ တုံ့ပြန်မှုမှာ အဘယ်ကြောင့် ဤမျှ ငြိမ်သက်နေရသနည်း။

လျိုထျန်းဝမ်က သူတို့ကို သိလိုစိတ်ဖြင့် ကြည့်နေစဉ် တင်ဆက်သူက လျိုထျန်းဝမ်၏ အကြည့်ကို သတိပြုမိသွားသည်။ သူ စင်ပေါ်မှ ခုန်ချလာပြီး မိုက်ခရိုဖုန်းကို ကိုင်ကာ လီန၏ ရှေ့သို့ ရောက်ရှိလာသည်။

"လှပတဲ့ ဒီအမျိုးသမီး... ခင်ဗျား အိုင်ဒေါနဲ့အတူ စင်ပေါ်မှာ သီချင်း တစ်ပုဒ် တွဲဆိုဖို့ စိတ်ဝင်စားလား"

သူ့အမြင်တွင် ဤကမ်းလှမ်းချက်ကို မည်သူမျှ ငြင်းပယ်မည် မဟုတ်ဟု ထင်မှတ်ထားရာ တစ်ဖက်လူ အဖြေကိုပင် မစောင့်ဆိုင်းတော့ဘဲ လီနကို ဆွဲခေါ်ကာ စင်ပေါ်သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် သူမ၏အဖြေကြောင့် သူ ကြောင်အမ်းသွားခဲ့ရသည်။

"အရမ်း တောင်းပန်ပါတယ်... ကျွန်မ လည်ချောင်း မကောင်းလို့ စင်ပေါ်မတက်နိုင်ပါဘူး"

တင်ဆက်သူမှာ ပါးစပ် ဟသွားခဲ့သည်။ သူသည် လျိုထျန်းဝမ်၏ ဖျော်ဖြေပွဲများစွာကို တင်ဆက်ပေးဖူးသော်လည်း ငြင်းပယ်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လျိုထျန်းဝမ်နှင့် စင်မြင့်ပေါ်တွင် တွဲဆိုရန် မလိုလားသူမှာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။

သူ လွဲမှားစွာ ကြားလိုက်ရသည်ဟု ထင်မှတ်ကာ ထပ်မေးလိုက်သည်။ "အမျိုးသမီး... ကျွန်တော် ခင်ဗျား ပြောတာကို သေချာ မကြားလိုက်ရလို့ပါ"

"ကျွန်မ စင်ပေါ် မတက်ဘူးလို့ ပြောတာပါ" လီနက ထပ်မံ ပြောလိုက်သည်။

ပွဲအတွင်းမှ အသံစနစ်က လီန၏ အသံကို အားကစားကွင်း တစ်ခုလုံးအထိ ပျံ့နှံ့သွားစေခဲ့ပြီး ပရိသတ်များ အားလုံး အံ့အားသင့်သွားကြသည်။ သူတို့က ဤအခွင့်အရေးမျိုးကို စောင့်နေကြသည်မှာ ယခု အခွင့်အရေး ရရှိချိန်တွင် ငြင်းပယ်လိုက်သည်တဲ့လား။

ဖုန်းယွီက လီနကို လှည့်ကြည့်လိုက်သည်။ "မင်း သွားချင်ရင် သွားလေ"

လီနက ပြုံးရွှင်စွာဖြင့် ခေါင်းခါလိုက်သည်။ သီချင်းနားထောင်ခြင်း၊ ဖျော်ဖြေပွဲ ကြည့်ခြင်းမှာ ပျော်ရွှင်မှု တစ်မျိုး ဖြစ်သော်လည်း သူမ စင်ပေါ် တက်ရန် မကြိုက်နှစ်သက်ပေ။ ကျောင်း၏အနုပညာ ညချမ်းပွဲ များတွင်ပင် သူမ မတက်ရောက်လိုပေ။

ထို့အပြင် ဖုန်းယွီသည် ကင်မရာ ရှေ့တွင် ပေါ်လာရသည်ကို မကြိုက်နှစ်သက်ကြောင်း သူမ ကောင်းကောင်း သိထားသဖြင့် သူမလည်း ကင်မရာရှေ့တွင် ပေါ်လာရသည်ကို တဖြည်းဖြည်းနှင့် မကြိုက်နှစ်သက်တော့ပေ။

တင်ဆက်သူမှာ ကြောင်အမ်းနေချိန်တွင် ဘေးနားမှ အမျိုးသမီး ပရိသတ် တစ်ဦးက မိုက်ခရိုဖုန်းကို လုယူလိုက်သည်။ "ကျွန်မ ဆိုမယ်... ကျွန်မ ဆိုမယ်... ဟွာဇိုင်ရဲ့ သီချင်းတွေကို ကျွန်မ အကုန် ဆိုတတ်တယ်"

တင်ဆက်သူက လျိုထျန်းဝမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ လျိုထျန်းဝမ်ခေါင်းညိတ်သည်ကို မြင်ရပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "ဒီအမျိုးသမီးက လည်ချောင်း မကောင်းလို့ ဆိုတော့ တကယ်ကို နှမြောစရာပါ... အခွင့်အရေးကတော့ ဒီ ကံကောင်းတဲ့ အမျိုးသမီးဆီ ရောက်သွားပါပြီ... အခု ကျွန်တော်တို့ ဒီအမျိုးသမီးကို စင်ပေါ် ဖိတ်ခေါ်ပြီး လျိုထျန်းဝမ်နဲ့အတူ သီချင်း တစ်ပုဒ် တွဲဆိုစေချင်ပါတယ်"

စင်ပေါ်တွင် နှစ်ဦးသား သီချင်း တွဲဆိုနေချိန်တွင် ဖုန်းယွီကမူ ပတ်ဝန်းကျင်မှ လူများက သူတို့ကို စူးစမ်းနေသလို ရေရွတ်နေကြသည်ကို သတိထားမိလိုက်သည်။

သူတို့ တကယ်တမ်း မကြားလိုက်ရသော်လည်း အနီးနားက လူတွေကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဤအမျိုးသမီး၏ လည်ချောင်းမှာ လုံးဝ ပြဿနာ မရှိဘဲ၊ နတ်ဘုရားမ အသံဟု မပြောနိုင်လျှင်တောင် အလွန်သာယာလှပေသည်။

သို့သော် အဘယ်ကြောင့် စင်ပေါ် မတက်ချင်ရသနည်း။ ထို့အပြင် ကင်မရာကို တမင်တကာ ရှောင်ရှားနေသလိုမျိုး ဖြစ်နေသည်။ ဤအမျိုးသမီးမှာ ဘေးနားမှ အဝတ်အစား ခမ်းနားလှသော အမျိုးသားနှင့် ထူးခြားသော ဆက်ဆံရေး ရှိနေသလား၊ သူတို့ထဲက တစ်ယောက်ယောက်က တတိယလူ ဖြစ်နေသလား။

သူတို့ တွေးတောနေချိန်တွင် စင်ပေါ်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ စောစောက အမျိုးသမီး ပရိသတ်မှာ လျိုထျန်းဝမ်နှင့် သီချင်း တစ်ပုဒ် တွဲဆိုပြီးနောက် စင်ပေါ်မှ မဆင်းလိုတော့ဘဲ လျိုထျန်းဝမ်ကို တင်းကျပ်စွာ ဖက်တွယ်ထားသဖြင့် လျိုထျန်းဝမ်မှာ အလွန် အနေရခက်သွားစေခဲ့သည်။

ဖုန်းယွီလည်း ဤအမျိုးသမီး ပရိသတ်ကို အဘယ်ကြောင့် အမှတ်တရ ရှိနေရသနည်း ဆိုသည်ကို နောက်ဆုံးတွင် သတိရသွားခဲ့သည်။ ဖုန်းယွီခေါင်းခါလိုက်သည်။ လျိုထျန်းဝမ်ရဲ့ဒုက္ခ ရောက်တော့မှာပဲ။

******

All Chapters