အခန်း ၁၅၆၃
Vol. 106 Ch. 1563
အခန်း ၁၅၆၃ ထျန်းဝမ် (စူပါစတား) ၏ ကြေညာချက်
ဖုန်းယွီထွက်ခွာသွားသည်နှင့် ထိုသက်တော်စောင့် အနည်းငယ်သည်လည်း နောက်မှ လိုက်ပါထွက်ခွာသွားကြလေသည်။ ဖျော်ဖြေပွဲက အကောင်းဆုံး အချိန်သို့ ရောက်ရှိနေချိန်တွင် အထူးဧည့်သည်ထိုင်ခုံမှ ပရိသတ်များက မည်သို့ကြောင့် နေရာမှ ထွက်ခွာသွားကြရသနည်းဆိုသည်ကို အများအပြားက သတိပြုမိသွားကြလေသည်။
၎င်းတို့မှာ အထူးဧည့်သည်လက်မှတ်များ ဖြစ်ကြပြီး ငွေရှိလျှင်တောင် ဝယ်ယူနိုင်မည် မသေချာလှပေ၊ ဤလူများက ငွေကုန်ခံပြီး အဆုံးထိ နားမထောင်ကြဘူးလား။
လျိုထျန်းဝမ်သည်လည်း သတိပြုမိလိုက်သော်ငြားလည်း စင်ပေါ်တွင် အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဆက်လက်၍ သီချင်းဆိုနေဆဲပင် ဖြစ်လေသည်။ သူ၏မန်နေဂျာကသာလျှင် ခပ်သုတ်သုတ် နောက်မှ လိုက်သွားခဲ့ပြီး အတိအကျ ဘာတွေဖြစ်ခဲ့သည်ကို မေးမြန်းရန် ပြင်ဆင်လိုက်လေသည်။
"လူကြီးမင်းတို့၊ ခဏလောက် စောင့်ပါဦး။ ကျွန်တော်က လျိုထျန်းဝမ်ရဲ့ မန်နေဂျာပါ၊ လူကြီးမင်းတို့က ဘာဖြစ်လို့ ဖျော်ဖြေပွဲ တစ်ဝက်လောက်မှာ ထွက်သွားကြရတာလဲလို့ မေးပါရစေ။ လျိုထျန်းဝမ်ရဲ့ ဖျော်ဖြေမှုကို မကြိုက်လို့များလား”
တစ်ဖက်လူက ယဉ်ကျေးစွာ ဆက်ဆံသောကြောင့် ဖုန်းယွီသည်လည်း သဘာဝကျစွာပင် အလွန်ယဉ်ကျေးစွာ တုံ့ပြန်လိုက်လေသည်။ "မရှိပါဘူး၊ ကျွန်တော်ရော ကျွန်တော့်ဇနီးရော လျိုထျန်းဝမ်ရဲ့ ဖျော်ဖြေပွဲကို အရမ်း သဘောကျပါတယ်၊ မဟုတ်ရင်လည်း တမင်သက်သက် လာကြည့်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ခုနက ဘေးနားမှာ သိပ်ကြည့်မရတဲ့ လူတစ်ယောက် ထိုင်နေလို့ပါ၊ ဒါကြောင့် လျိုထျန်းဝမ်ကို ဖျော်ဖြေပွဲ နောက်ထပ် တစ်ပွဲလောက် ထပ်လုပ်ဖို့ ဖိတ်ခေါ်ချင်တယ်၊ ဈေးနှုန်းကို ခင်ဗျားတို့ သတ်မှတ်ပါ၊ ဖျော်ဖြေပွဲမှာ ဆိုရမယ့် သီချင်းစာရင်းကိုတော့ ကျွန်တော်တို့ ရွေးပါ့မယ်"
လျိုထျန်းဝမ်၏ မန်နေဂျာမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ "ဒီက လူကြီးမင်းခင်ဗျာ၊ အားနာပါတယ်၊ ကျွန်တော်တို့ လျိုထျန်းဝမ်ရဲ့ အချိန်ဇယားက အရမ်း ကြပ်နေလို့ပါ”
သူ၏စိတ်ထဲတွင်လည်း အလွန်တရာ အထင်သေးနေမိပြီး ဤလူက ဘယ်သူနည်း၊ ဘယ်လို အခွင့်အရေးမျိုးနဲ့များ ငါတို့ လျိုထျန်းဝမ်ကို ဖျော်ဖြေပွဲ တစ်ပွဲ ထပ်လုပ်ခိုင်းရတာလဲ။ ပြီးတော့ သီချင်းစာရင်းကို သူက ရွေးချယ်ဦးမယ်တဲ့လား။
ဈေးနှုန်းကို ငါတို့ သတ်မှတ်ရမယ်တဲ့လား၊ ဖျော်ဖြေပွဲတစ်ပွဲကို ငွေဘယ်လောက်ကုန်လဲ ဆိုတာကို မင်း သိရဲ့လား။
"ဒီဖျော်ဖြေပွဲကို Tai Hua Holding Group ကိုယ်စား ဖိတ်ကြားတာပါ၊ ပြီးတော့ လျိုထျန်းဝမ်ကို Ai Hua MP3 အတွက် ကိုယ်စားလှယ်လုပ်ခွင့် ပေးနိုင်ပါတယ်၊ ဈေးနှုန်းပိုင်းမှာလည်း လျိုထျန်းဝမ်ရဲ့ တန်ဖိုးနဲ့ ကိုက်ညီစေရပါမယ်။ ခင်ဗျား လျိုထျန်းဝမ်နဲ့ တိုင်ပင်ကြည့်လိုက်ပါဦး၊ တိုင်ပင်ပြီးရင် မနက်ဖြန် ပေကျင်းမှာရှိတဲ့ Tai Hua Holding Groupရဲ့ ရုံးခွဲကို လာခဲ့လိုက်ပါ”
ဖုန်းယွီသည် စကားပြောပြီးနောက် လှည့်ထွက်သွားခဲ့ပြီး တစ်ဖက်လူက လိပ်စာကို မသိရှိမည်ကို လုံးဝ စိုးရိမ်မနေပေ။
ဤအရာကို Baidu တွင် ရှာဖွေလိုက်သည်နှင့် သိရှိနိုင်မည်ဖြစ်ပြီး လျိုထျန်းဝမ်သည် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ဤတစ်ကြိမ်တွင် အနည်းဆုံး လျိုထျန်းဝမ်အတွက် ယွမ် ဆယ်သန်းကျော် ဝင်ငွေကို ယူဆောင်လာပေးနိုင်မည်ဖြစ်ရာ အာရှ၏ ထျန်းဝမ်အဆင့်ရှိ အနုပညာရှင် တစ်ယောက်အတွက်ပင်လျှင် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်ကျမှသာ လျိုထျန်းဝမ်၏ မန်နေဂျာက ဤလင်မယား နှစ်ယောက်မှလွဲ၍ ကျန်ရှိနေသော ထွက်ခွာသွားသူများမှာ ကြည့်ရသည်မှာ သက်တော်စောင့်များနှင့် တူနေကြောင်းကို သတိပြုမိသွားလေသည်။
ဖျော်ဖြေပွဲ ကြည့်ရန်အတွက် သက်တော်စောင့်များ ဤမျှများပြားစွာ ခေါ်ဆောင်လာသည်ဆိုမှတော့ အရေးပါသော ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သလော။
Ai Hua MP3 ၏ ကိုယ်စားလှယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိပြီး Tai Hua Holding Group ကိုယ်စား ဖိတ်ကြားသည် ဆိုမှတော့ Tai Hua Holding Group ၏ အဆင့်မြင့် အရာရှိကြီးများ ဖြစ်နိုင်သလော။
ပြန်ရောက်လျှင် ဤသူက မည်သူဖြစ်ကြောင်း သတင်းများတွင် ရှာဖွေကြည့်ရမည်။
အကယ်၍ အမှန်တကယ်သာ ဖြစ်ခဲ့ပါက အလွန် ကောင်းမွန်လှပေသည်။ Ai HuaMP3 ဆိုသည်မှာ တရုတ်တွင် အရောင်းရဆုံးသော ခရီးဆောင် ဂီတဖွင့်စက်ဖြစ်ပြီး လျိုထျန်းဝမ်၏အဆိုတော်အဆင့်အတန်းနှင့် ကွက်တိကိုက်ညီနေလေသည်။
အကယ်၍များ Ai Hua၏ အခြားသော ထုတ်ကုန်များကိုပါ ကိုယ်စားလှယ် လုပ်ခွင့်ရမည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်၊ လျိုထျန်းဝမ်၏ ပြည်တွင်းဈေးကွက် လမ်းကြောင်းမှာ ပို၍ ချောမွေ့သွားပေလိမ့်မည်။
ဖျော်ဖြေပွဲ ပြီးဆုံးသွားသောအခါ ထိုတတိယအဆင့် အမျိုးသမီး အနုပညာရှင်မှာ သတင်းထောက်များ၏အရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့ပြီးနောက် ဓာတ်ပုံရိုက်ခံရသည်ကို မလိုလားဟန်ဆောင်ကာ လက်ဖြင့် မျက်နှာကို ကာထားလိုက်သော်ငြားလည်း ထိုလက်မှာ နဖူးပေါ်တွင် ကာထားခြင်းသာ ဖြစ်လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သတင်းထောက် အချို့က သူမကို ဝိုင်းရံကာ အင်တာဗျူး စတင်ကြလေရာ သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်သွားခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ မျက်နှာပြခွင့်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီဟု တွေးလိုက်မိလေသည်။
"ခုနက ခင်ဗျားနဲ့ ဘေးနားက ပရိသတ်တွေကြားမှာ ပဋိပက္ခ ဖြစ်သွားတာကို မြင်လိုက်ရပါတယ်၊ ပြီးတော့ ဘေးနားက ပရိသတ် နှစ်ယောက်က ထွက်သွားကြတယ်လေ၊ အဲ့ဒါ ဘာကြောင့်လဲဆိုတာ မေးလို့ ရမလား” သတင်းထောက် တစ်ယောက်က မေးလိုက်လေသည်။
"ဘေးနားက လူနှစ်ယောက်က အရမ်း အဆင့်အတန်း နိမ့်ကျလွန်းလို့ပါ။ သူတို့က လျိုထျန်းဝမ်ကို နောက်ထပ် ဖျော်ဖြေပွဲ တစ်ပွဲ လုပ်ခိုင်းဦးမယ်လို့ ပြောတဲ့အပြင် သီချင်းစာရင်းကိုတောင် သူတို့က သတ်မှတ်မယ်လို့ ပြောတယ်လေ၊ ဒါက ဟာသတစ်ခု မဟုတ်ဘူးလား။ ပြည်မကြီးက လူအချို့က အရမ်း ကြွားလုံးထုတ်လွန်းတယ်” တတိယအဆင့် အမျိုးသမီး အနုပညာရှင်၏ မျက်နှာတစ်ခုလုံးတွင် လှောင်ပြောင် သရော်မှုများ ပြည့်နှက်နေလေသည်။
ဤအချိန်တွင် Qi Er မှ သတင်းထောက်က အနီးသို့ တိုးကပ်လာကာ မေးလိုက်လေသည်။ "တစ်ဖက်လူက ကြွားလုံးထုတ်နေတယ် ဆိုတာကို ခင်ဗျားက ဘယ်လိုလုပ် သိတာလဲလို့ မေးလို့ ရမလား။ ပြီးတော့ ခင်ဗျား ဒီလိုပြောတာက ပြည်မကြီးက လူတွေကို တိုက်ခိုက်တဲ့ သဘောထားမျိုး ရှိနေတယ်လို့ မထင်ဘူးလား။ ပြည်မကြီးကို မကြိုက်ဘူး ဆိုမှတော့ ဘာဖြစ်လို့ ဒီကို လာနေရသေးတာလဲ”
တတိယအဆင့် အမျိုးသမီး အနုပညာရှင်၏ မျက်နှာထား ပြောင်းလဲသွားလေသည်။ "ရှင့် စကားပြောတာက ဘယ်လိုဖြစ်နေတာလဲ။ မျက်စိရှင်တဲ့သူတိုင်း သူ ကြွားနေတာကို သိနိုင်ပါတယ်၊ ဒါကို ကျွန်မက ထပ်ပြောနေဖို့ လိုသေးလို့လား။ ပြီးတော့ ပြည်မကြီးက လူအချို့က အရမ်း ကြွားလုံးထုတ်တယ်လို့ ကျွန်မ တကယ် ထင်ပါတယ်၊ ကျွန်မက ဒီကို ပိုက်ဆံလာရှာတာလေ၊ ဘာဖြစ်လို့လဲ”
ဤစကားများကို ပြောထွက်လိုက်ပါက သူမအပေါ် အနည်းငယ် မကောင်းသော သက်ရောက်မှုများ ရှိလာနိုင်မည်ကို တတိယအဆင့် အမျိုးသမီး အနုပညာရှင်က သိရှိသော်ငြားလည်း သူမကို သတင်းခေါင်းကြီးပိုင်းတွင် သေချာပေါက် ပါဝင်လာစေမည်ဖြစ်ရာ ဤမျှနှင့်ပင် လုံလောက်လှပြီ ဖြစ်လေသည်။
ထိုအချိန်ရောက်လျှင် သူမ၏ ဖျော်ဖြေကြေးများ စသည်တို့မှာ သေချာပေါက် ကြီးမားစွာ မြင့်တက်လာမည်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရန် ဖိတ်ကြားမှုများလည်း မပြတ်တမ်း ရောက်ရှိလာမည်ဖြစ်ကာ သူမကတော့ နာမည်ကြီးတော့မည် ဖြစ်လေသည်။
အခြားသော သတင်းထောက်များ အားလုံးက ဤချီအယ်မှ သတင်းထောက်အိုကြီးမှာ ယနေ့တွင် အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မြင်ကြလေသည်။ ဤသို့သော တတိယအဆင့် အမျိုးသမီး အနုပညာရှင်မျိုးကို ဘာဖြစ်လို့ သွားပြီး အင်တာဗျူးနေရသနည်း၊ လျိုထျန်းဝမ်ကို အင်တာဗျူး၍ မရလျှင်တောင်မှ ထျန်းဟို လျိုရော့ယင်းကို အင်တာဗျူးသင့်သည် မဟုတ်ပါလော။
သို့သော် သူတို့ မသိရှိခဲ့သည်မှာ ဤအင်တာဗျူးကပင် ဤQi Er မှ သတင်းထောက်အိုကြီးအား ရာထူးတိုး လစာတိုးစေပြီး ဘဝ၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့ခြင်းပင် ဖြစ်လေသည်။
......
"လျိုထျန်းဝမ်၊ ငါတို့တွေ ကံကောင်းပြီဟေ့”
"ဘာဖြစ်လို့လဲ” လျိုထျန်းဝမ်က မန်နေဂျာကို ကြည့်လိုက်လေသည်။ မည်သည့်ကိစ္စကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း၊ နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ယောက်က ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာလို့များလား။
"Tai Hua Holding Group ကို မင်း သိတယ် မလား၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီရဲ့ ကုမ္ပဏီလေ။ သူတို့က မင်းကို ဖျော်ဖြေပွဲ တစ်ပွဲ ထပ်လုပ်ဖို့ ဖိတ်ခေါ်ထားတယ်၊ ကြည့်ရတာ သူတို့ ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့် အနေနဲ့ လုပ်ပေးတာနဲ့ တူတယ်။ ပြီးတော့ အဲ့ဒီ သူဌေးကြီးက ပြောသွားသေးတယ်၊ Ai HuaMP3 ရဲ့ ကိုယ်စားလှယ်နေရာကိုလည်း မင်းကို ပေးနိုင်တယ်တဲ့၊ ဒါက လူဘယ်နှယောက်လောက်များ လိုချင်နေတဲ့ အခွင့်အရေးလဲ”
လျိုထျန်းဝမ်လည်း တကယ်ပင် အလွန် ကံကောင်းလှသည်ဟု ထင်မြင်မိသွားကာ ဆက်လက် မေးမြန်းလိုက်လေသည်။ "သေချာပြီလား။ သူတို့က ခုနက မင်းကို ဖုန်းဆက်ပြီး ပြောတာလား”
"ဖုန်းဆက်တာ မဟုတ်ဘူး၊ မျက်နှာချင်းဆိုင် ပြောသွားတာ။ ခုနက ရှေ့ဆုံးတန်းက အထူးဧည့်သည်ပရိသတ် နှစ်ယောက် ဖျော်ဖြေပွဲ တစ်ဝက်မှာ ထွက်သွားတာကို မင်း မြင်လိုက်တယ် မဟုတ်လား၊ သူတို့ပဲလေ။ သူတို့နောက်မှာ လိုက်သွားတဲ့သူတွေလည်း ရှိသေးတယ်၊ ကြည့်ရတာ သူတို့ရဲ့ သက်တော်စောင့်တွေနဲ့ တူတယ်။ ဘယ်လိုလဲ၊ ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုးကိုတော့ လက်လွတ်ခံလို့ မဖြစ်ဘူးနော်”
လျိုထျန်းဝမ်က ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့်ပဲ ငါ့ရဲ့ အတူတူ သီချင်းဆိုဖို့ ဖိတ်ခေါ်တာကို လက်မခံခဲ့တာကိုး၊ ကြည့်ရတာ အထက်တန်းလွှာက လူတွေပဲ ဖြစ်ရမယ်။ ဒီလိုလုပ်၊ မနက်ဖြန် မင်း သွားပြီး သေချာအောင် လုပ်လိုက်၊ ဒီစင်ကြီးကိုလည်း မဖျက်ရသေးဘူးဆိုတော့၊ ငါ တစ်ရက်လောက် နားလိုက်မယ်၊ ဖျော်ဖြေပွဲကို ဆက်လုပ်ဖို့ အာမခံနိုင်ပါတယ်”
ဒုတိယနေ့တွင်၊ တတိယအဆင့် အမျိုးသမီး အနုပညာရှင်သည် ဖျော်ဖြေရေး သတင်းမျိုးစုံကို ဖတ်ရှုနေလေရာ မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် မနေ့က သူမ၏ ထိုပြောဆိုချက်များကို အားကိုး၍ သတင်းခေါင်းကြီးပိုင်း အချို့တွင် နေရာရလာခဲ့ပြီး အထူးသဖြင့် Qi Er Entertainment၊ Sina Entertainment စသည်တို့က ဤအကြောင်းအရာကို အဓိကထား၍ ကြော်ငြာပေးနေကြလေသည်။
သူမအား ကျိန်ဆဲနေသူများ အများအပြား ရှိနေသည် ဆိုသော်ငြားလည်း သူမ၏ မန်နေဂျာဖုန်းမှာမူ အဆက်မပြတ် ဝင်လာလွန်းသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေလေပြီ။ မျှော်လင့်ထားသည့်အတိုင်းပင် အလုပ်ကမ်းလှမ်းမှုများက နှင်းပွင့်များကဲ့သို့ အဆက်မပြတ် ရောက်ရှိလာပြီး ကမ်းလှမ်းသော ဈေးနှုန်းများမှာလည်း အဆက်မပြတ် မြင့်တက်နေလေရာ၊ သူမကတော့ တကယ်ကို နာမည်ကြီးတော့မည် ဖြစ်လေသည်။
မနေ့က ထိုပြည်မကြီးက လူနှစ်ယောက်ကို ကျေးဇူးတင်ရပေမည်၊ သို့မဟုတ်ပါက သူမတွင် ဤအခွင့်အရေးကောင်းမျိုး မည်သို့ ရရှိနိုင်မည်နည်း။ နောင်တွင် ဤသို့သော အခွင့်အရေးမျိုးကို ဆက်လက်၍ ဖန်တီးယူရမည်ဖြစ်ပြီး၊ သူမကတော့ ပိုပိုပြီးနာမည်ကြီးလာတော့မည်ဟု သူမ၏မန်နေဂျာကို ပြောဆိုလိုက်လေသည်။
ပြည်မကြီးက လူတွေ၊ မင်းတို့မှာ သတ္တိရှိရင် ငါ့ကို ဒီဘက် လာပြီး ပိုက်ဆံလာမရှာနဲ့လို့ ပြောကြည့်လေ။
ငါက မင်းတို့ကို ဆက်ပြီး နှိမ့်ချနေရုံသာမကဘူး၊ မင်းတို့ဆီက ပိုက်ဆံတွေကိုပါ ဆက်ပြီး ရှာဦးမှာ၊ မင်းတို့ ဘာတတ်နိုင်သေးလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုခေတ်မှာ ဦးနှောက်မရှိတဲ့သူတွေ များပါတယ်၊ သူမက ဒီလို ပိုလုပ်လေလေ၊ ပိုပြီးနာမည်ကြီးလေလေ ဖြစ်မှာပဲ။
ဤအချိန်တွင် သူမ၏ မန်နေဂျာက ရုတ်တရက် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ပြေးဝင်လာပြီး၊ မျက်နှာပေါ်တွင်လည်း ထိတ်လန့်နေသော အမူအရာများ ရှိနေလေသည်။
"အစ်မကျောက်၊ ဘာဖြစ်လို့လဲ။ ကျွန်မ ဘယ်အဝတ်အစား ဝတ်ရင် ကောင်းမလဲ ကြည့်ပေးပါဦး၊ ညဘက်မှာ အစီအစဉ် တစ်ခု ရှိတယ် မဟုတ်လား”
"အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ”
"ဘာဖြစ်လို့လဲ။ ဟွန့်.. သူတို့က ဖျက်သိမ်းလည်း၊ ငါကတောင် သွားမရိုက်ချင်သေးဘူး၊ ဖိတ်ကြားစာတွေ အများကြီး ရှိနေသေးတယ် မဟုတ်လား၊ တခြားတစ်ခု ပြောင်းလိုက်ရုံပေါ့”
"ပြောင်းလို့ မရတော့ဘူး၊ အားလုံးက ပယ်ဖျက်လိုက်ကြပြီ”အစ်မကျောက်၏ မျက်နှာထားမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး အလွန်တရာ စိတ်ပျက်အားငယ်နေပုံ ရလေသည်။
"အစ်မကျောက်၊ ဘာဖြစ်လို့လဲ” ဤအချိန်ကျမှသာ တတိယအဆင့် အမျိုးသမီး အနုပညာရှင်သည် ကိစ္စရပ်များ အနည်းငယ် မှားယွင်းနေပုံရကြောင်းကို သတိပြုမိသွားလေသည်။
အစ်မကျောက်က ကွန်ပျူတာကို ဖွင့်ကာ Qi Er သတင်းကို အသစ် ပြန်လည် ဖွင့်လိုက်ရာ၊ အပေါ်ဆုံး သတင်းခေါင်းကြီးပိုင်းတွင် ရေးသားထားသည်မှာ- [လျိုထျန်းဝမ်သည် Tai Hua Holding Group ၏ ဖိတ်ကြားချက်အရ၊ မနက်ဖြန်တွင် အလုပ်သမား အားကစားရုံ၌ ဆက်လက်၍ ဖျော်ဖြေမည်ဖြစ်ပြီး၊ Tai Hua Holding Group ၏ ဝန်ထမ်းများအတွက် ကျင်းပပေးခြင်း ဖြစ်သည်ဟု ဆိုသည်။]
ဘာ… လျိုထျန်းဝမ်က တကယ်ပဲ ဖျော်ဖြေပွဲ ဆက်လုပ်တော့မယ်တဲ့လား။
ဒါဆိုရင်၊ မနေ့က အဲ့ဒီ အမျိုးသားက ကြွားလုံးထုတ်နေခဲ့တာ မဟုတ်ဘူးပေါ့။ သူက တကယ် လုပ်ပြနိုင်ခဲ့တာလား။
သူက ဘယ်သူများလဲ။
......
******