အခန်း ၁၅၆၇
Vol. 106 Ch. 1567
အခန်း ၁၅၆၇ ကျောက်တုံးကို ရင်းနှီးမြှုပ်နှံခြင်း
အားလုံးက စားသောက်ဆိုင် VIP အခန်းထဲတွင် အတူတကွ ထမင်းစားရင်း စကားပြောနေကြသည်။
"မစ္စတာဖုန်း... ကျွန်တော့်ကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် ခင်ဗျားကို အရက်တစ်ခွက်နဲ့ ဂါရဝပြုပါတယ်" လျိုထျန်းဝမ်က ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
ဖုန်းယွီက ဝိုင်နီခွက်ကို မြှောက်လိုက်သည်။ "အေးဆေး သောက်ပါ... ဒီနေ့ ဖျော်ဖြေပွဲမှာ ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ ဖျော်ဖြေမှုက အရမ်း ကောင်းပါတယ်... ကျွန်တော်တို့ကိုလည်း အရမ်း ခံစားရစေပါတယ်"
လျိုရော့ယိန့်က သတိထားကာ မေးလိုက်သည်။ "မစ္စတာဖုန်း... ရှင်က ပုံမှန် အားလပ်တဲ့ အချိန်တွေမှာ အမြဲတမ်း သီချင်းတွေ ရေးဖြစ်တာလား"
လျိုရော့ယိန့်သည်လည်း သီချင်း တစ်ပုဒ် လိုချင်နေသော်လည်း ဖွင့်ပြောရန် အားနာနေကြောင်း ဖုန်းယွီချက်ချင်း သဘောပေါက်သွားခဲ့သည်။
"ကျွန်တော်က ပျင်းလို့ ဖြစ်သလို ညည်းပြီး ကစားနေတာပါ... အကယ်၍ ခင်ဗျား သဘောကျတယ် ဆိုရင် နောက်ကျရင် သီချင်း တစ်ပုဒ်လောက် လက်ဆောင် ပေးပါ့မယ်" ဖုန်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မစ္စတာဖုန်းကို အရမ်း ကျေးဇူးတင်ပါတယ်" လျိုရော့ယိန့်မှာ အလွန် ဝမ်းသာသွားသည်။ သီချင်းက နားထောင်လို့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မစ္စတာဖုန်း ရေးထားခြင်းသာ ဖြစ်ပါက ဤသတင်း စိတ်ဝင်စားမှု တစ်ခုတည်းဖြင့်ပင် သီချင်းကို အကြီးအကျယ် နာမည်ကြီးသွားစေနိုင်ပေသည်။
ထို့အပြင် အကယ်၍ မစ္စတာဖုန်းသာ ထို ဝူမင် (အမည်မသိ) တကယ် ဖြစ်နေမည်ဆိုပါက သူ ထုတ်ပေးမည့် သီချင်းကလည်း သေချာပေါက် ညံ့ဖျင်းမည် မဟုတ်ပေ။
တကယ်တမ်းတွင် လျိုရော့ယိန့်၏ အမြင်အရ ဆိုရလျှင် ဖုန်းယွီမှာ တကယ်ကို ဖြစ်သလို ညည်းဆိုလိုက်ပြီးနောက် ရွှေတံဆိပ်ဆုရှင် တေးရေးဆရာများကို သီချင်း ဖန်တီးခိုင်းကာ ဖုန်းယွီ၏ နာမည် တပ်ထားခြင်းသာ ဖြစ်နိုင်ပေသည်။
အဆိုတော် အများအပြား သီချင်းရေးသည် ဆိုသည်မှာလည်း ဤနည်းအတိုင်းသာ ဖြစ်ကြသည်။ သီချင်းဆို ကောင်းတိုင်း ဖန်တီးနိုင်စွမ်း ရှိသည်ဟု မဆိုလိုပေ။
"လျိုထျန်းဝမ်... ဒီနှစ်မှာ ခင်ဗျားရဲ့ ရုပ်ရှင်ကားကောင်း တစ်ကား ရုံတင်ဖို့ ရှိတယ် မဟုတ်လား... လျန်ချောင်ဝေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာဆို... ဒီရုပ်ရှင်က သေချာပေါက် ရုံတင်ငွေ အများဆုံး စာရင်းမှာ နံပါတ်တစ် ရမှာပဲ" ဝမ်တုန်းကျွင်းက ပြောလိုက်သည်။
"ဟုတ်ပါတယ်... စစ်ပြိုင်ခေတ်က ပညာရှင် ရာဂိုဏ်းထဲက မော့ဂိုဏ်းရဲ့ ဇာတ်လမ်း အကြောင်းပါ... ရုပ်ရှင် ရုံတင်ငွေနဲ့ ပတ်သက်ပြီး ပြောရရင် ဒီနှစ်မှာ ဒါရိုက်တာဖုန်းရဲ့ ရုပ်ရှင်ကားကြီး ရုံတင်ဖို့ ရှိသေးတယ်လေ"
ဖုန်းယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ဒါရိုက်တာဖုန်းရဲ့ ရုပ်ရှင်ကားကြီး ဟုတ်လား... အဲဒီ ‘The Banquet’ ကားလား"
"ဟုတ်တယ်လေ... အဲဒါက နာမည်ကြီး သရုပ်ဆောင်တွေ ချည်းပဲ ပါဝင်ထားတာ... ရုံတင်ငွေက ယွမ် သန်းရာချီတောင် ရနိုင်တယ်" ဝမ်တုန်းကျွင်းက ချဲ့ကား၍ ပြောလိုက်သည်။ သူ ဤစကားကို ပြောလိုက်ချိန်တွင် လျိုထျန်းဝမ်၏ ခံစားချက်ကို လုံးဝ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ဘဲ လျိုထျန်းဝမ်၏ ရုပ်ရှင် ရုံတင်ငွေက သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု သွယ်ဝိုက် ပြောဆိုနေသကဲ့သို့ ဖြစ်နေသည်။
ဖုန်းယွီက ခေါင်းခါပြလိုက်သည်။ " 'The Banquet’ က ‘Hamlet’ ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာ... ပြီးတော့ ‘Thunderstorm’ ကိုလည်း အတုယူထားသေးတယ်... အနောက်တိုင်းနဲ့ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုတွေက မူလကတည်းက မတူညီကြဘူးလေ... ပြန်လည်ရိုက်ကူးထားတာက ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး ဆိုတော့ ရုံတင်ငွေက အရမ်းကြီး ကောင်းလာမှာ မဟုတ်ဘူး။ လူတချို့က ဒီရုပ်ရှင်ကို အားကိုးပြီး ဆုကြီးတွေကို မှန်းထားကြပေမဲ့ ကျွန်တော် ကြည့်ရတာတော့ မျှော်လင့်ချက် သိပ်မရှိပါဘူး"
ဝမ်တုန်းကျွင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။ "ဟင်... 'Hamlet’ နဲ့ ‘Thunderstorm’ ကို ပေါင်းစပ်ထားတာ ဟုတ်လား... ဒီရုပ်ရှင်က ဘယ်လို ပုံစံများ ထွက်လာမလဲ မသိဘူး... Huayi Brothers က နောက်ဆုံးမှာ တစ်ဝက်ပဲ ရင်းနှီးမြှုပ်နှံပြီး တခြားကုမ္ပဏီတွေကို ကျန်တဲ့ တစ်ဝက် ရင်းနှီးမြှုပ်နှံခိုင်းတယ်လို့ ကြားတာ မဆန်းတော့ပါဘူး... မင်းက အထင်မကြီးလို့ကိုး"
လျိုထျန်းဝမ်က ပြောလိုက်သည်။ "မစ္စတာဖုန်း... ဒါရိုက်တာဖုန်းက အရမ်း တော်တဲ့ ဒါရိုက်တာ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်... သူ့ရဲ့ နာမည် တစ်ခုတည်းနဲ့တင် လူအများကြီး သွားကြည့်ဖို့ တန်နေပါပြီ"
လျိုရော့ယိန့်ကလည်း ပြောလိုက်သည်။ "ဟုတ်တယ်နော်... နှမြောစရာကောင်းတာက အဲဒီ ရုပ်ရှင်ထဲမှာ ကျွန်မနဲ့ သင့်တော်မယ့် ဇာတ်ကောင် မပါတာပဲ"
"ကျွန်တော်က ဒါရိုက်တာဖုန်း မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး... သူ့ရဲ့ရုပ်ရှင် အများအပြားကို ကျွန်တော် အရမ်း သဘောကျပါတယ်... သူ့ရဲ့ နောက်ထပ် ရုပ်ရှင် ‘Assembly’ ဆိုရင် ကျွန်တော်က Huayi Brothers ကိုတောင် ရင်းနှီးမြှုပ်နှံမှု ထပ်တိုးခိုင်းထားသေးတယ်... ဒီ 'The Banquet’ ရဲ့ ဇာတ်ညွှန်းက သိပ်မကောင်းလို့ပါ... ဒါပေမဲ့ ဒီနှစ်မှာ လျိုထျန်းဝမ် ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင် တစ်ကားကိုတော့ ကျွန်တော် အရမ်း မျှော်လင့်ထားပါတယ်... Huayi Brothers ကို ဖြန့်ချိခိုင်းလိုက်ပါလား... ကြော်ငြာစရိတ် ထပ်တိုးလိုက်ရင် ရုံတင်ငွေ သေချာပေါက် ကောင်းလာမှာပါ"
လျိုထျန်းဝမ်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ "ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင် ဟုတ်လား... မစ္စတာဖုန်း ဆိုလိုတာက ဘယ်ရုပ်ရှင်ကားလဲ"
လျိုထျန်းဝမ်သည် အာရှ ဒါရိုက်တာသစ်များ အစီအစဉ်တွင် ပါဝင်ကာ မျိုးဆက်သစ် ဒါရိုက်တာ အချို့ကို ထောက်ပံ့ပေးနေသည်။ သူတို့အထဲမှ သူ အလွန်အထင်ကြီးသော ဒါရိုက်တာ နင်ဟောင်ကို သူက စာချုပ်ချုပ်ဆိုထားခဲ့သည်။
" 'ရူးသွပ်နေသော ကျောက်တုံး'... ဒီနာမည်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်... ခင်ဗျားတို့ရဲ့ ကြော်ငြာတွေကိုလည်း ကျွန်တော် ကြည့်ပြီးပါပြီ။ ခင်ဗျားကိုယ်တိုင် မတ်တတ်ရပ် ကြော်ငြာပေးနေရုံ သက်သက်နဲ့တော့ အားနည်းလွန်းပါတယ်... Huayi Brothers ကို ဖြန့်ချိခိုင်းလိုက်ပါ... ဒီရုပ်ရှင်ရဲ့ ရုံတင်ငွေက ယွမ် သန်းငါးဆယ် ကျော်သွားနိုင်တယ်"
လျိုထျန်းဝမ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဘယ်လောက်... ယွမ် သန်းငါးဆယ် ဟုတ်လား။
သူ၏ ဤရုပ်ရှင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ကြော်ငြာစရိတ်ပါ အပါအဝင်မှ ယွမ် သုံးသန်းခန့်သာရှိရာ ဘာကို အားကိုး၍ ယွမ် သန်းငါးဆယ် ရုံတင်ငွေ ရရှိနိုင်မည်နည်း။ ယွမ် သန်းငါးဆယ် ရုံတင်ငွေ ဆိုသည်မှာ နာမည်ကြီး ဒါရိုက်တာများ၏ ရုပ်ရှင်ကားကြီးများမှသာ ရနိုင်မည် မဟုတ်ပါလော။ ဤရုပ်ရှင်ထဲတွင် တစ်ဦးတည်းသော နာမည်ကြီးသူမှာ ရွှီကွမ်ထိုးသာ ဖြစ်ပြီး သူကလည်း အလွန် သေးငယ်လွန်းသော ဇာတ်ပို့နေရာမှသာ ပါဝင်ထားခြင်း ဖြစ်သည်။
ယခင်ဘဝက ‘Crazy Stone’ ၏ ကြော်ငြာမှုမှာ ဤမျှ ညံ့ဖျင်းခဲ့သော်လည်း ပရိသတ်များ၏ တစ်ဆင့်စကားဖြင့် ပြန်လည် ထိုးဖောက်လာနိုင်ခဲ့ကာ ယွမ်နှစ်ဆယ့်သုံးသန်း ရုံတင်ငွေ ရရှိခဲ့သေးသည်။ ဤဘဝတွင် အကယ်၍ Huayi Brothers ကသာ ကူညီ၍ ဖြန့်ချိ၊ ကြော်ငြာပေးမည်ဆိုပါက ရုံတင်ငွေ နှစ်ဆ တိုးလာမည် ဆိုသည်မှာလည်း မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပေ။
အခြားအရာများကို မဆိုထားနှင့် နောက်ပိုင်းတွင် ‘Crazy Stone’၏ အခွေများ မည်မျှအထိ ရောင်းချခဲ့ရသနည်း။ ထို့အပြင် လူအများအပြားမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် အင်တာနက်ပေါ်တွင် အခမဲ့ လွှင့်တင်ထားသည်များကို ထပ်ခါတလဲလဲ ကြည့်ရှုနေကြဆဲ ဖြစ်သည်။
"ဘာလဲ... လျိုထျန်းဝမ်က ကျွန်တော် နောက်နေတယ်လို့ ထင်နေတာလား" ဖုန်းယွီက လျိုထျန်းဝမ်ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
"သေချာပေါက် အဲဒီလို မထင်ပါဘူး" လျိုထျန်းဝမ်က စိတ်ထဲတွင် ပြောလိုက်သည်။ 'ဒီငွေတွေက ကျွန်တော့် အမြင်မှာတော့ အများကြီး ဖြစ်ပေမဲ့ မစ္စတာဖုန်း အမြင်မှာတော့ နွားကိုးကောင်မှာ အမွှေးတစ်ပင်စာလောက်ပဲ ရှိမှာပါ'
"ဒါဆိုရင် မနက်ဖြန် ကျွန်တော် Huayi Brothersကို ဆက်သွယ်လိုက်ပါ့မယ်... ဒီရုပ်ရှင်က ဒီလောက်အထိ အောင်မြင်လာမယ် ဆိုရင်တော့ မစ္စတာဖုန်းရဲ့ အကူအညီကို အများကြီး ကျေးဇူးတင်ရမှာပါ"
ဝမ်တုန်းကျွင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဖုန်းယွီ.. အခုခေတ် ရုပ်ရှင် ရုံတင်ငွေတွေက အဲဒီလောက်တောင် မြင့်နေပြီလား... နာမည်ကြီး ဒါရိုက်တာ မပါ၊ နာမည်ကြီးသရုပ်ဆောင် မပါဘဲနဲ့ ယွမ် သန်းဆယ်ဂဏန်းလောက် ရုံတင်ငွေ ရနိုင်တယ် ဟုတ်လား... ဒါဆို ရုပ်ရှင် ရင်းနှီးမြှုပ်နှံတာက အများကြီး အမြတ်ထွက်တာပေါ့"
ဖုန်းယွီက လက်မြှောက်အရှုံးပေးကာ ရှင်းပြလိုက်သည်။ "ရုပ်ရှင် ရင်းနှီးမြှုပ်နှံသူတွေက ရုံတင်ငွေရဲ့ သုံးပုံတစ်ပုံလောက်ပဲ အချိုးကျ ခွဲဝေရရှိတာပါ... အခွန်တွေ ဘာတွေလည်း ဆောင်ရသေးတယ်လေ... မင်း ထင်ထားသလောက် အများကြီး အမြတ်မထွက်ပါဘူး။ ဒါပေမဲ့ လာမယ့် နှစ်အနည်းငယ် အတွင်းမှာတော့ ပြည်တွင်းက ရုပ်ရှင် ရုံတင်ငွေတွေ သေချာပေါက် တစ်ဟုန်ထိုး တက်လာမယ့် အနေအထား ရှိပါတယ်... ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးနဲ့ နီးကပ်စွာ ဆက်စပ်နေပါတယ်"
"မင်း ကြည့်လေ... အမေရိကန်ဘက်မှာ ဘာဖြစ်လို့ ရုပ်ရှင် ရုံတင်ငွေ မြင့်တာလဲ... ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူနေမှုဘဝ ပြည့်စုံကြတယ်လေ... ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြည့်စုံသွားပြီ ဆိုရင် စိတ်ပိုင်းဆိုင်ရာ အာဟာရကို ရှာဖွေကြတော့မှာပဲ... မင်း ဖျော်ဖြေပွဲ လာကြည့်သလိုမျိုးပေါ့... အကယ်၍ မင်းက တစ်လကို ယွမ် ရှစ်ရာပဲ ရှာနိုင်မယ် ဆိုရင် ဖျော်ဖြေပွဲ ကြည့်ဖို့ နှမြောနေမှာ မဟုတ်ဘူးလား"
ဝမ်တုန်းကျွင်း နှုတ်ခမ်းမဲ့လိုက်သည်။ ယွမ် ရှစ်ရာ... ယွမ် ရှစ်ရာ ဆိုတာက ငါ့ရဲ့ ဖုန်းဘေလ်လောက်ပဲ ရှိတာပါ။
"မင်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို ကြည့်လိုက်... ဒီနှစ်တွေထဲမှာ လျင်မြန်စွာ တိုးတက်လာခဲ့တယ်... လူတွေ လက်ထဲမှာလည်း ငွေတွေ ပိုပိုပြီး များလာတော့ သဘာဝကျကျပဲ ပိတ်ရက်တွေမှာ ရုပ်ရှင် ဘာညာ သွားကြည့်ကြမှာပေါ့... မူလက သွားကြည့်ဖို့ မရည်ရွယ်ထားတဲ့ သူတွေတောင်မှ ကြော်ငြာတွေရဲ့ ဆွဲဆောင်မှုကြောင့် စိတ်လှုပ်ရှားသွားနိုင်တာပဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျွန်တော်တို့ တရုတ်ရဲ့ ရုပ်ရှင် ရုံတင်ငွေတွေက ယွမ် သန်းရာချီကို ကျော်လွန်နေပြီ... အခု စီးပွားရေး အခြေအနေက ပိုကောင်းလာတော့ နှစ်စဉ် ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ပိုပိုပြီး များလာတာကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်... ဒါပေမဲ့ လူတွေ ကြိုက်နှစ်သက်တာက ရိုးရိုး ဇာတ်လမ်းကားတွေ မဟုတ်ဘဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်တွေပါ"
"ဥပမာ ဟာသကားတွေ၊ အက်ရှင်ကားတွေ... ဒါမှမဟုတ် လူတွေကို ရယ်မောစေနိုင်တာမျိုး၊ ဒါမှမဟုတ် လူတွေကို သွေးဆူလာစေနိုင်တာမျိုးပေါ့... အရင်တုန်းက လျိုထျန်းဝမ်ရဲ့ ‘Infernal Affairs’ လိုမျိုးလေ... တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားခဲ့တာပဲ မဟုတ်လား"
လျိုထျန်းဝမ်က ချက်ချင်း နှိမ့်ချစွာဖြင့် ပြောလိုက်သည်။ "မစ္စတာဖုန်းရဲ့ အခုလို ချီးကျူးမှုကို ကျွန်တော် မခံယူဝံ့ပါဘူး... အဓိကက ဇာတ်ညွှန်း ကောင်းလို့ပါ"
"မှန်ပါတယ်... သရုပ်ဆောင်က အရမ်းအရေးကြီးသလို ဇာတ်ညွှန်းကလည်း အရမ်းအရေးကြီးပါတယ်... ကျွန်တော် ကြားတာတော့ ဒီတစ်ခါ ခင်ဗျားတို့ ရိုက်ကူးတဲ့ ‘Crazy Ston)’ က ဟာသကား တစ်ကား ဖြစ်ရုံသာမက ဇာတ်ညွှန်းကိုလည်း သေသေချာချာ ရေးဖွဲ့ထားတယ်လို့ ဆိုတယ်... နောက်ပိုင်း တည်းဖြတ်တဲ့ အခါမှာ ဟာကွက်တွေ မပါအောင် သတိထားလိုက်ရင် ရုံတင်ငွေနဲ့ နာမည်ကောင်းက သေချာပေါက် မဆိုးနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
"ဒီရုပ်ရှင် အောင်မြင်ပြီးသွားရင် ကျွန်တော်တို့ ထပ်ပြီး ရုပ်ရှင်ကား တချို့ကို ပူးပေါင်း ရိုက်ကူးလို့ ရသေးတယ်... ကိုယ့်အတွက် ငွေရှာနိုင်သလို ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘဝကိုလည်း ဖြည့်ဆည်းပေးနိုင်တာပေါ့"
ဝမ်တုန်းကျွင်းက ဤအချိန်တွင် ဝင်ပြောလိုက်ပြန်သည်။ "ငွေရှာတဲ့ ကိစ္စကိုတောင် မင်းက ဒီလောက်အထိ အထက်တန်းကျကျ ပြောနိုင်သေးတယ်ပေါ့"
ဖုန်းယွီမှာ မျက်နှာမည်းမှောင်သွားခဲ့သည်။ ဒီအရူးလေး... ငါက အဆင့်အတန်း မြင့်အောင် တမင်တကာ ပြောနေတာကို အလကား ဖြစ်သွားပြီ
******