အခန်း ၁၅၆၈
Vol. 106 Ch. 1568
အခန်း ၁၅၆၈ ထူးဆန်းသော ကြော်ငြာနည်းလမ်း
ဝမ်ကျုံးကျွင်းသည် ဖိုင်တစ်ခုကို ကြည့်နေပြီး အချိန်အတော်ကြာမှသာ ချထားလိုက်သည်။
"မစ္စတာဖုန်း... တကယ်ပဲ ကျွန်တော်တို့ကို ယွမ် သန်းသုံးဆယ် ရင်းနှီးမြှုပ်နှံပြီး ကြော်ငြာ သီးသန့် လုပ်ခိုင်းတာလား"
ဤရုပ်ရှင်တွင် မည်သည့် နာမည်ကြီး သရုပ်ဆောင်မှ မပါဝင်ဘဲ ရုံတင်ငွေ ကောင်းနိုင်ပါမည်လော။ ပရိသတ်များ ရုပ်ရှင်ကြည့်သည်ဆိုသည်မှာ နာမည်ကြီး သရုပ်ဆောင်များကို ကြည့်ရှုရန် သွားကြသည် မဟုတ်ပါလော။
ဖုန်းယွီက ဆိုဖာပေါ်တွင် မှီထိုင်ကာ ခြေချိတ်ထားလိုက်သည်။ "သေချာတာပေါ့... ခင်ဗျားက ဒီရုပ်ရှင် မကောင်းဘူးလို့ ထင်နေတာလား... နာမည်ကြီး သရုပ်ဆောင် မပါလို့လား"
ဝမ်ကျုံးကျွင်းက အနေရခက်စွာ ပြုံးပြလိုက်ပြီး ဘာမှ မပြောသော်လည်း သူ၏မျက်နှာထားက ဝန်ခံနေသကဲ့သို့ ဖြစ်နေသည်။
"ပထမအချက်အနေနဲ့ ဒါက လျိုထျန်းဝမ်နဲ့ ကျွန်တော်တို့ Huayi Brothers ပူးပေါင်း ရင်းနှီးမြှုပ်နှံထားတာလေ... ဒုတိယ အချက်အနေနဲ့ ဒါက ဒီနှစ်ရဲ့ အရယ်ရဆုံး ရုပ်ရှင်ကား တစ်ကား ဖြစ်လာမှာပဲ... နောက်ဆုံး အချက်ကတော့ ဒီရုပ်ရှင်က ဆုရခဲ့ရင် Huayi Brothers အတွက်လည်း အများကြီး နာမည်ကြီးလာစေမှာပဲ"
ဝမ်ကျုံးကျွင်းမှာ မျက်နှာတစ်ခုလုံး ရှုပ်ထွေးနေသည်။ လျိုထျန်းဝမ်နှင့်Huayi Brothers ၏ နာမည်ကို အသုံးပြုပြီး ကြော်ငြာမည်ဆိုသည်ကို သူ နားလည်နိုင်သော်လည်း ဤရုပ်ရှင်က ယခုနှစ်၏ အရယ်ရဆုံး ရုပ်ရှင်ကား ဖြစ်လာမည်ဟု ပြောခြင်းက အနည်းငယ် ချဲ့ကားလွန်းရာ မကျဘူးလော။
ဒါ့အပြင် ဒီရုပ်ရှင်က ဆုရမယ် ဟုတ်လား။
ယွမ် သန်းသုံးဆယ် ရင်းနှီးမြှုပ်နှံထားသော ရုပ်ရှင်လေးကို ဆုရအောင် ကြိုးစားပမ်းစား လုပ်ဆောင်ဖို့ တန်ပါ့မလား။
ဒါမှမဟုတ် ကြိုးစားပမ်းစား လုပ်စရာ မလိုဘဲ ဒီရုပ်ရှင်က သူ့အရည်အချင်းနဲ့သူ သေချာပေါက် ဆုရနိုင်တယ်လို့ ပြောချင်တာလား။
"ရုပ်ရှင် ကြော်ငြာဖို့အတွက် ခင်ဗျားမှာ ဘယ်လို အကြံကောင်းတွေ ရှိလဲ... 'The Banquet’ အပေါ်မှာပဲ အားလုံး ပုံအော မထားနဲ့... အဲဒီ ရုပ်ရှင် ဇာတ်ညွှန်းကို ခင်ဗျားလည်း ဖတ်ပြီးပြီပဲ... ခင်ဗျား စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်လို့လား... ဇာတ်ကွက်တွေ ရှုပ်ထွေးနေတိုင်း ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်လာမယ်လို့ မဆိုလိုဘူး။ နာမည်ကြီး သရုပ်ဆောင်တွေ များတိုင်း အောင်မြင်မယ်လို့လည်း မဆိုလိုဘူး"
"တချို့ ရုပ်ရှင်တွေရဲ့ ရုံတင်ငွေက တစ်ပတ်ထက် တစ်ပတ် ပိုမြင့်လာတတ်ပေမဲ့ တချို့ ရုပ်ရှင်တွေကတော့ အစကောင်းပြီး အဆုံးမလှ ဖြစ်တတ်ကြတယ်... မနှစ်က ပြသခဲ့တဲ့ ‘The Promise’ ကိုပဲ ကြည့်လိုက်... အစပိုင်းမှာ စံချိန်တွေ အများကြီး ချိုးခဲ့ပေမဲ့ နောက်ဆုံး ရလဒ်ကကော"
ဝမ်ကျုံးကျွင်းက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ "မစ္စတာဖုန်း ဆိုလိုတာက ‘The Banquet’ က ‘The Promise’ လိုမျိုး အကြီးအကျယ် ရှုံးနိမ့်သွားနိုင်တယ် ဆိုတဲ့ သဘောလား"
"သူတို့ကို ဒါရိုက်တာကောင်းတွေ မဟုတ်ဘူးလို့တော့ ပြောလို့မရပါဘူး... ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့ အားသာချက်ကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့အားနည်းချက်ကို ထုတ်ပြလိုက်တာပဲ... ဒီရုပ်ရှင်က ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ... ဝတ်စုံတွေ လှပခမ်းနားနေရုံ၊ မြင်ကွင်းတွေ ရောင်စုံ တောက်ပနေရုံနဲ့ ပရိသတ်က လက်ခံမယ်လို့ မထင်နဲ့။ အခုခေတ် ပရိသတ်တွေက တခြားသူတွေရဲ့ အမြင်ကို အရမ်းအလေးထားကြတယ်။ အင်တာနက်ပေါ်က ရုပ်ရှင် ဝေဖန်ရေးတွေကိုတောင် သွားကြည့်ကြသေးတယ်"
"ဝေဖန်ရေး ကောင်းမှ ရုပ်ရှင် ရုံတင်ငွေကလည်း ကောင်းမှာပဲ... ဝေဖန်ရေး ဆိုးရင် ရုံတင်ငွေကလည်း ‘The Promise’ လိုပဲ ဖြစ်သွားမှာပဲ... ‘The Banquet’ကို ကျွန်တော် မကြည့်ဖူးသေးပေမဲ့ အဲဒီ ဇာတ်လမ်းကို ကြားရုံနဲ့တင် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူး ဆိုတာ သိသာတယ်... ဒီလို ဇာတ်လမ်းမျိုးနဲ့ နိုင်ငံခြားမှာ ဆုသွားယူချင်သေးတယ်ဆိုတော့ နိုင်ငံခြားက အကဲဖြတ် ဒိုင်တွေကို အရူးတွေများ မှတ်နေလား မသိဘူး"
ဝမ်ကျုံးကျွင်းက ခေတ္တမျှ စဉ်းစားပြီးနောက် "ဒါဆို ကျွန်တော်တို့က ‘Crazy Stone’ ကို အဓိကထားပြီး ကြော်ငြာပေးရမှာလား"
ရင်းနှီးမြှုပ်နှံမှု ပိုများသော ရုပ်ရှင်ကို အဓိက ကြော်ငြာ မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှု နည်းပါးသော ရုပ်ရှင်ငယ်လေးကို အဓိကထား ကြော်ငြာမည် ဆိုသည်မှာ သိပ်ပြီး ယုတ္တိမတန်လှပေ။
"ယွမ် သန်းသုံးဆယ်နဲ့ ဘာအဓိက ကြော်ငြာမျိုး လုပ်နိုင်မှာလဲ... ရုပ်ရှင်ရုံ အပေါက်ဝက ပိုစတာတွေလောက်ပဲ ရမှာပေါ့... ကျွန်တော် ပြောတာက နာမည်ကြီး အနုပညာရှင်တွေကနေ တစ်ဆင့် ကြော်ငြာပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ ပြောတာပါ"
နာမည်ကြီး အနုပညာရှင်တွေကနေ ကြော်ငြာမယ် ဟုတ်လား... ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်မယ် ဟုတ်လား... ဘာအဓိပ္ပာယ်လဲ။
"ပထမဆုံးအနေနဲ့ လျိုထျန်းဝမ်က သေချာပေါက် ပူးပေါင်းပါဝင်ပေးမှာပါ... သူက သူ့ရဲ့ ဘလော့ဂ် ပေါ်မှာ ကြော်ငြာပေးလိမ့်မယ်... 'Crazy Stone’ ကို သွားကြည့်ဖို့ အားလုံးကို ဖိတ်ခေါ်လိမ့်မယ်... ဒုတိယအနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီက နာမည်ကြီး အနုပညာရှင်တွေ အားလုံးကလည်း အဲဒီ ဘလော့ဂ်ကို ပြန်လည် မျှဝေကြရမယ်... ဒီသတင်းကို လူတွေ စိတ်ဝင်စားလာအောင် လုပ်ရမယ်"
"ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေက တခြားသူတွေရဲ့ ရုပ်ရှင်ကို ပြန်လည် မျှဝေကြရမယ် ဟုတ်လား... ဒီနှစ်ထဲမှာ ကျွန်တော်တို့ ကုမ္ပဏီက အနုပညာရှင် တော်တော်များများလည်း ရုပ်ရှင် ရုံတင်ဖို့ ရှိတယ်လေ"
ဝမ်ကျုံးကျွင်းမှာ သိပ်မဖြစ်နိုင်ဘူးဟု ထင်မြင်မိသည်။ ကိုယ့်ရုပ်ရှင်ကို မကြော်ငြာဘဲ သူများရုပ်ရှင်ကို သွားကြော်ငြာရမည်တဲ့လား။
"ရုပ်ရှင် ရုံတင်ဖို့ မရှိတဲ့ သူတွေလည်း ရှိမှာပဲလေ... အားလုံးက အချင်းချင်း ကူညီကြရမှာပေါ့... ပြီးတော့ ဖိုရမ်တွေ၊ Tieba တွေပေါ်မှာပါ ကြော်ငြာရမယ်... ဒီရုပ်ရှင် အကြောင်းကို ပိုပြီး လူသိများလာအောင် လုပ်ရမယ်"
"အရေးအကြီးဆုံး အချက်ကတော့ ဒီရုပ်ရှင်က ဒီနှစ်ရဲ့ အရယ်ရဆုံး ရုပ်ရှင်ပါလို့ သူတို့ အားလုံးကို ပြောခိုင်းရမယ်"
ဝမ်ကျုံးကျွင်းက နောက်ဆုံးတွင်တော့ အနေရခက်စွာဖြင့် ပြောလိုက်သည်။ "မစ္စတာဖုန်း... ဒီလိုလုပ်တာက နည်းနည်း ချဲ့ကားလွန်းရာ မကျဘူးလား"
"နည်းနည်းလေးမှ မချဲ့ကားပါဘူး... ခင်ဗျား အောက်ကို ညွှန်ကြားလိုက်ရုံပါပဲ... ဟာသ ဇာတ်ကွက်တွေ ပေါက်ကြားသွားမှာ စိုးလို့ ရုပ်ရှင် အခန်းတချို့ကို ကြော်ငြာတာမျိုး အရင်မလုပ်ပါနဲ့ဦး... အဲဒီ ယွမ်သန်းသုံးဆယ်ထဲက တစ်စိတ်တစ်ပိုင်းကို ထုတ်ပြီး အဲဒီအနုပညာရှင်တွေကို ပေးလိုက်ပါ... သူတို့ ကူညီ ကြော်ငြာပေးတဲ့ အခကြေးငွေလို့ သဘောထားလိုက်ပေါ့"
မစ္စတာဖုန်းက ဤသို့ ပြောနေမှတော့ ဝမ်ကျုံးကျွင်းလည်း ထပ်မံ ကန့်ကွက်ခြင်း မပြုတော့ပေ။ "ကောင်းပါပြီ မစ္စတာဖုန်း... ကျွန်တော် သွားစီစဉ်လိုက်ပါ့မယ်... ပထမဆုံး ဘလော့ဂ်ကို ကျွန်တော်ပဲ အရင် တင်လိုက်ပါ့မယ်"
...
[ဟေ့... နင်တို့ လျိုထျန်းဝမ်ရဲ့ ဘလော့ဂ်ကို ဖတ်ပြီးပြီလား... ဒီနှစ်ရဲ့ အရယ်ရဆုံး ရုပ်ရှင်ကားကို သူ ရင်းနှီးမြှုပ်နှံထားတယ်လို့ ရေးထားတယ်]
[ဘာအရယ်ရဆုံးလဲ... လျိုထျန်းဝမ်က နာမည်ကြီး သရုပ်ဆောင် တစ်ယောက် ဆိုပေမဲ့ စီးပွားရေး လုပ်ငန်းမှာတော့ တော်ချင်မှ တော်မှာပါ... သူ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်က ကြည့်ကောင်းချင်မှ ကြည့်ကောင်းမှာပါ]
[ငါလည်း အဲဒီလိုပဲ ထင်တယ်... နင်တို့ပဲ ကြည့်ကြည့်လေ... ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်များ ရှိလို့လဲ... စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ခြောက်သန်းပဲ ရှိတာ။ ဘယ် နာမည်ကြီး သရုပ်ဆောင်မှလည်း မပါဘူး... ကော်ထောင်းနဲ့ ရွှီကျိန်းလောက်ပဲ နာမည် ကြားဖူးတာ... ကျန်တဲ့ အဓိက သရုပ်ဆောင်တွေက ဘယ်သူတွေလဲ... အဲဒီ ရုပ်ရည်တွေနဲ့ ရုပ်ရှင် သရုပ်ဆောင်လို့ ရပါ့မလား]
[ငါတော့ ဒီရုပ်ရှင်က မဆိုးလောက်ဘူး ထင်တယ်... နင်တို့ သတိမထားမိဘူးလား... နာမည်ကြီး သရုပ်ဆောင် တော်တော်များများရဲ့ ဘလော့ဂ်တွေမှာလည်း ဒီရုပ်ရှင်အတွက် ကြော်ငြာပေးထားကြတယ်လေ]
[ဟုတ်လို့လား... ငါတော့ လျိုထျန်းဝမ်ကို မျက်နှာပေးလို့ နေမှာပါ... ဒါရိုက်တာကနေ သရုပ်ဆောင်အထိ ဘယ်နာမည်ကြီး သရုပ်ဆောင်မှ မပါတာ... ကြည့်ကောင်းရင်တော့ သရဲပဲ... ငါ မေးမယ်... ပြဇာတ်တို တစ်ခုမှာတောင် နာမည်ကြီး သရုပ်ဆောင် မပါရင် နင် ရယ်ရပါ့မလား]
[ဒါလည်း ဟုတ်တာပဲ... တကယ်လို့ အရမ်းရယ်ရတယ်ဆိုရင် ဘာဖြစ်လို့ တီဗွီပေါ်မှာ အရိပ်အယောင်လေးတောင် မပြရတာလဲ]
[တီဗွီ ကြော်ငြာ ဟုတ်လား... အဲဒါလည်း ကြော်ငြာဖို့ ပိုက်ဆံရှိမှ ရမှာပေါ့... ရင်းနှီးမြှုပ်နှံမှု ခြောက်သန်းတည်းနဲ့ တီဗွီ ကြော်ငြာ တစ်မိနစ်ကို ဘယ်လောက် ပေးရမလဲ... ဘာပဲဖြစ်ဖြစ် ငါကတော့ ‘The Banquet’ ရုံတင်မယ့် အချိန်ကိုပဲ စောင့်တော့မယ်... အကုန်လုံးက နာမည်ကြီး သရုပ်ဆောင်တွေချည်းပဲလေ]
‘Crazy Stone’ စတင် ကြော်ငြာနေပြီ ဖြစ်သော်လည်း နောက်ဆုံး တည်းဖြတ်မှု အပိုင်းများပင် အပြီးမသတ်ရသေးပေ။ သို့သော် ဤကြော်ငြာနည်းလမ်းကို ရုပ်ရှင် ဖြန့်ချိရေး ကုမ္ပဏီ အများအပြားက လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
Huayi Brothersက ဘာဖြစ်သွားတာလဲ... ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့ ရုပ်ရှင်ငယ်လေး တစ်ကားအတွက် ဒီလောက်အထိ ကြော်ငြာပေးနေတာ လျိုထျန်းဝမ်ကို သူတို့ ကုမ္ပဏီ လက်အောက် ရောက်လာအောင် စည်းရုံးချင်လို့များလား။
ဒီလိုဆိုရင်တောင်မှ ကုမ္ပဏီ လက်အောက်က အနုပညာရှင် အများအပြားကို ကူညီ ကြော်ငြာခိုင်းစရာ မလိုပါဘူး... အနုပညာရှင် အသီးသီးရဲ့ Tieba တွေ၊ ဘလော့ဂ်တွေမှာ ကြော်ငြာပေးနေတာ ဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လား။
ပြီးတော့ ဒီရုပ်ရှင် နာမည်ကိုက သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတယ်။ ဘာအကြောင်းအရာကို ပြောပြချင်နေတာလဲ။
ရူးသွပ်နေသော ကျောက်တုံး တဲ့လား... ကျောက်တုံးကတောင် အရူးအမူး ဖြစ်နိုင်သေးတယ်ပေါ့... သရဲ ဝင်ပူးနေလို့လား။
ရုတ်တရက် လူအများအပြားက အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီ၏ ဘလော့ဂ်တွင်လည်း အသစ်တင်ထားသည်ကို တွေ့ရှိလိုက်ကြပြီး ဤ ‘Crazy Stone’ ရုပ်ရှင်ကို ကြော်ငြာပေးထားသည်ကို မြင်တွေ့လိုက်ကြရသည်။
ဒီတစ်ခါတော့ အကြီးအကျယ် နာမည်ကြီးသွားပြီ... လူတိုင်းက အင်တာနက်ပေါ်တွင် ဤရုပ်ရှင်နှင့် ပတ်သက်သော သတင်းများကို စတင် ရှာဖွေလာကြသည်။ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတောင်မှ ဒီရုပ်ရှင်က ဒီနှစ်ရဲ့ အရယ်ရဆုံး ရုပ်ရှင်ပါလို့ ပြောထားတယ် မဟုတ်လား
လီနအလုပ်ဆင်းပြီး ညစာစားပြီးနောက် ဖုန်းယွီတစ်ယောက် စာကြည့်ခန်းထဲသို့ ချက်ချင်း ဝင်သွားကာ တစ်ခုခု ရေးနေပုံရသည်ကို မြင်တွေ့လိုက်ရသည်။
အိပ်ရာဝင်ခါနီး အချိန်ရောက်မှသာ ဖုန်းယွီရေချိုးရန် ထွက်လာခဲ့သည်။
"ရှင် ဒီနေ့ ဘလော့ဂ် တင်လိုက်တယ်ဆို... အဲဒီ ရုပ်ရှင်ကို ကြော်ငြာပေးဖို့ အတွက်ချည်းပဲလား... ရှင် တကယ်ပဲ အဲဒီ ရုပ်ရှင်က ကြည့်ကောင်းတယ်လို့ ထင်နေတာလား" လီနမှာလည်း အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထိုရုပ်ရှင်တွင် မည်သည့် နာမည်ကြီး သရုပ်ဆောင်မျှ မပါဝင်ဘဲ တစ်ဦးတည်း ရင်းနှီးကျွမ်းဝင်သော ရွှီကျိန်းကလည်း ဇာတ်ဝင်ခန်း အများကြီး မပါဝင်ဘူးဟု ကြားသိရသည်။
ဖုန်းယွီက လီနကို ဖက်ထားရင်း ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "သေချာပေါက် ကြည့်ကောင်းတာပေါ့... ရုံတင်တဲ့ အချိန်ကျရင် မင်းကို ခေါ်သွားပြီး ပွဲဦးထွက် ပြသတဲ့ ပွဲကို ကြည့်ခိုင်းမယ်... သေချာပေါက် နောင်တမရစေရဘူး"
"ဒါနဲ့ သူတို့ကို နောက်ထပ် ဇာတ်ညွှန်း နှစ်ခုလောက် ထပ်ရေးပေးလိုက်ဦးမယ်... သူတို့ကို ဟာသကားတွေ ပိုရိုက်ခိုင်းရမယ်။ မင်းကလည်း ဟာသကားတွေ ကြည့်ရတာ သဘောကျတယ် မဟုတ်လား"
"စောစောက ရှင် စာကြည့်ခန်းထဲမှာ ဇာတ်ညွှန်း ရေးနေတာလား" လီနက ဖုန်းယွီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သူက ဇာတ်ညွှန်းတောင် ရေးတတ်သေးတယ်လား။
"ငါက ဘယ်လိုလုပ် ဇာတ်ညွှန်း ရေးတတ်မှာလဲ... ငါက ဇာတ်လမ်း အကျဉ်းချုပ်လေးပဲ ရေးပေးလိုက်တာပါ... နောက်မှ သူတို့ကို ပြကြည့်ရမယ်... သူတို့က စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်ရှင်တွေ ဖြစ်လာအောင် ရိုက်ကူးနိုင်မယ်လို့ ငါ ထင်ပါတယ်"
"ရှင့်လက်က ဘာလုပ်နေတာလဲ"
"ဘာလုပ်ရမှာလဲ... ထွက်ပြေးချင်နေသေးတာလား... လင်မယားတွေ ဖြစ်နေပြီကို..."
...
******