← Chapters

အခန်း ၂၂၆၁

Vol. 141 Ch. 2261

အခန်း ၂၂၆၁

Vol. 141 Ch. 2261

အခန်း (၂၂၆၁) တစ်သားတည်း စည်းလုံးညီညွတ်သော မဟာထန်အင်ပါယာ

တာ့လုံချင်းလင်သည် ဤစကားများကို ပြောဆိုနေချိန်တွင် မျက်နှာအမူအရာမှာ တည်ငြိမ်အေးချမ်းနေပြီး၊ သူကိုယ်တိုင်၏ ကိစ္စမဟုတ်ဘဲ အခြားတစ်ယောက်၏ကိစ္စကို ပြောဆိုနေသည့်အလား ပင်ဖြစ်နေတော့သည်။

"ကျွန်တော် တာ့လုံချင်းလင်အနေဖြင့် အခြားဘာကိုမှ လိုလားတောင့်တခြင်း မရှိပါဘူး။ မျိုးနွယ်ခြားဘုရင်အနေနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ကိုယ့်အရှင်သခင်အတွက် အလုပ်အကျွေးပြုခဲ့ကြသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကိုရော၊ ကျွန်တော် တာလွန်းချင်းလင်အနေနဲ့ မဟာထန်အပေါ်မှာ ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်ကြီးမားတဲ့ ကိစ္စတွေကို တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးဘူးဆိုတဲ့ အချက်ကိုပါ ထောက်ထားညှာတာပြီးတော့၊ စန်ပို(တိုင်းပြည်အကြီးအကဲ)နဲ့ ယွီစန်းစစ်သည်တွေ၊ ပြည်သူတွေအားလုံးကို အသက်ချမ်းသာပေးဖို့လောက်ကိုပဲ မျှော်လင့်မိပါတယ်။"

အကျဉ်းလှည်း၏ အတွင်း၌ တာ့လုံချင်းလင်က အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်သည်။

"အို... ဝန်ကြီး အနေနဲ့ ငါက ဘုရင်နဲ့ ယွီစန်းလူတွေကို သေချာပေါက် အသက်ချမ်းသာ ပေးလိမ့်မယ်လို့ ဘာအကြောင်းကြောင့်များ ယုံကြည်နေရတာလဲ။"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ်ပြုံးလိုက်ပြီး သဘောတူခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်းမရှိဘဲ ပြောလိုက်တော့သည်။

စစ်တပ်နှစ်ခု တိုက်ခိုက်ကြရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရန်သူများ ဖြစ်ကြသည်။ တာ့လုံချင်းလင်က အညံ့မခံဘူးဆိုလျှင်တောင်မှ ဝမ်ချောင်တွင် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပြီး ဤယွီစန်း၏ စစ်တပ်ကြီးကို အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်မည့် ယုံကြည်ချက် အပြည့်အဝ ရှိနေပေသည်။

ထို့ပြင် သူက ဤစစ်တပ်ကြီးကို ချန်ထားပေးရန်ဆိုပါက ထိုစစ်တပ်ကြီးမှာ ချန်ထားပေးလောက်အောင် တန်ဖိုးရှိသည့် အရာတစ်ခုခုကို သေချာပေါက် ပိုင်ဆိုင်ထားရမည် ဖြစ်သည်။

ဝမ်ချောင်က ဤစကားကို တည်ငြိမ်အေးဆေးစွာဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း၏မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြပြီး၊ တာ့လုံချင်းလင်ကိုယ်တိုင်ပင်လျှင် ယခင်ကရှိခဲ့သော တည်ငြိမ်အေးချမ်းသည့်အသွင် လုံးဝမရှိတော့ချေ။

ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် တာ့လုံချင်းလင်မှာ လျင်မြန်စွာပင် ပြောလိုက်တော့သည်။

"မျိုးနွယ်ခြားဘုရင်ကိုယ်တိုင် ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာက လက်ခံဖို့ ဆန္ဒရှိနေလို့ပဲ မဟုတ်ဘူးလား။ ဒါ့အပြင် အန်းလုရှန်းရဲ့နောက်ကွယ်မှာ... ထိုက်ရှီ ဆိုတာ ရှိနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။"

တာ့လုံချင်းလင်က ဤစကားကို ပြောဆိုနေသည့်အချိန်တွင် မျက်လုံးအစုံမှာ သူ၏ရှေ့မှောက်တွင်ရှိနေသော ဝမ်ချောင်ကိုသာ အဆက်မပြတ် စိုက်ကြည့်နေခဲ့တော့သည်။

ထိုက်ရှီဆိုသည့် စကားလုံးနှစ်လုံးကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်နှာအမူအရာမှာ တကယ်ကို ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

"ကြည့်ရတာ ကျွန်တော့်ရဲ့ တွေးတောမှန်းဆချက် မမှားဘူးထင်တယ်၊ မင်းက အန်းလုရှန်းရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းကြီးကို အမြဲတမ်း စောင့်ကြည့်လေ့လာနေခဲ့တာပဲ။"

တာ့လုံချင်းလင်က ဆက်လက် ဆိုလိုက်သည်။

"ဘယ်လိုမှ သတ်လို့မသေနိုင်တဲ့ ရွဲလော့ဟယ်တွေက လူသားတွေ လုံးဝမဟုတ်ဘူး။ ပြီးတော့ နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ခါတွေ့ရခဲတဲ့ ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းသွားတဲ့ အအေးဒဏ်ကြီးကလည်း သာမန် ရာသီဥတုအပြောင်းအလဲတစ်ခု သက်သက်တော့ မဖြစ်နိုင်ဘူး။ မျိုးနွယ်ခြားဘုရင်အနေနဲ့လည်း ကျွန်တော့်ရဲ့ရင်ထဲကလိုပဲ တွေးတောမှန်းဆချက်တွေ ရှိနေမှာပါ။"

"ဒီအရာတွေအားလုံးက အဲဒီထိုက်ရှီနဲ့ သူ့နောက်ကွယ်က အဖွဲ့အစည်းကြီးနဲ့ သေချာပေါက် ပတ်သက်ဆက်နွယ်နေမှာပဲ။"

"အကယ်၍ အနာဂတ်မှာ အဲဒီရွဲလော့ဟယ်တွေ နောက်တစ်ကြိမ် ထပ်ပြီးပေါ်ထွက်လာမယ်ဆိုရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြား ကပ်ဘေးကြီးတွေ အသစ်ထပ်ပြီး ပေါ်ထွက်လာမယ်ဆိုရင် ဖြစ်ဖြစ်၊ မဟာထန်တစ်နိုင်ငံတည်းရဲ့ စွမ်းအားနဲ့ဆိုရင် လုံလောက်မှာ မဟုတ်ဘူး။ အရှင်အနေနဲ့ တခြား နိုင်ငံအသီးသီးရဲ့ စွမ်းအားတွေကို သေချာပေါက် အကူအညီ ယူရဦးမှာပဲ၊ အဲဒီအချိန်ကျရင် အရှင်အနေနဲ့ ကျွန်တော်တို့ ယွီစန်းလူမျိုးတွေကို သေချာပေါက် အသုံးချရမယ့်အချိန် ရောက်လာမှာပါ။"

တာ့လုံချင်းလင်က ဤစကားများကို ပြောဆိုနေသည့်အချိန်တွင် မျက်ဝန်းများမှာ တောက်ပလင်းလက်နေခဲ့ပြီး၊ ဉာဏ်ပညာကြီးမားစွာဖြင့် အရာရာတိုင်းကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည့် အသွင်ကို ဖော်ပြနေတော့သည်။

တစ်ဖက်တွင် ဝမ်ချောင်မှာလည်း မထိန်းနိုင်တော့ဘဲ ရင်ထဲ၌ နက်ရှိုင်းစွာ သက်ပြင်းချလိုက်တော့သည်။ သူကိုယ်တိုင်ပင်လျှင် ဤအခိုက်အတန့်၌ အနည်းငယ် လေးစားအထင်ကြီးသွားမိတော့သည်။ တာ့လုံချင်းလင်၏ ဤစကားများမှာ သူ၏ရင်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး၊ သူ ယွီစန်းကို မချန်မထား၍ မဖြစ်နိုင်သော အဓိက အကြောင်းအရင်းတစ်ခုကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တခြားကမ္ဘာမှ ကျူးကျော်သူများနှင့် ပတ်သက်၍ဖြစ်စေ၊ အနာဂတ်တွင် ကျရောက်လာတော့မည့် ကပ်ဘေးကြီးနှင့် ပတ်သက်၍ဖြစ်စေ၊ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တစ်ခါမှ ပြောပြခဲ့ဖူးခြင်း မရှိချေ။ သို့သော် တာ့လုံချင်းလင်မှာမူ ဤအရာများကို တိုက်ရိုက်ပြောဆိုလာခဲ့ပြီး အနာဂတ်တွင် နောက်ထပ် ကပ်ဘေးကြီးများ ရှိနေသေးကြောင်းကိုပင် တွေးတောမှန်းဆနိုင်ခဲ့ပြီ ဖြစ်သည်။

ဤယွီစန်း၏ အမတ်ကြီးမှာ နိုင်ငံအသီးသီး၏ ရိုသေလေးစားမှုကို ခံရသည်မှာ တကယ်ကို ထူးချွန်ပြောင်မြောက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် ပင်ဖြစ်သည်။

"နှင်းတောင် ဘုရားကျောင်းက အတိအကျ ဘာတွေ ပြောခဲ့တာလဲ။"

ဝမ်ချောင်မှာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ရုတ်တရက် ပြောလိုက်တော့သည်။

"နှင်းတောင် ဘုရားကျောင်းမှာ တကယ်ကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အရာအချို့ ရှိနေပါတယ်။ ဒီအရာက အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ ကောင်းကင်ယံ လျှို့ဝှက်ချက် တွက်ချက်မှုတွေ၊ ဟောကိန်းထုတ် တွေးတောမှုတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။"

တာ့လုံချင်းလင်မှာ အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ်ပြုံးလိုက်ပြီး ငြင်းဆိုခြင်း မရှိပါချေ။ သူပြောဆိုခဲ့သမျှ အရာအားလုံးမှာ သူကိုယ်တိုင် တွေးတောမှန်းဆထားခဲ့ခြင်းချည်း သက်သက်တော့ မဖြစ်နိုင်ချေ၊ အချို့သောအရာများမှာ နှင်းတောင် ဘုရားကျောင်း၏ ဟောကိန်းများနှင့် တကယ်ကို ပတ်သက်ဆက်နွယ်နေပေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ သူ၏စကားများမှာ သိသာထင်ရှားစွာပင် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။

"ဒါပေမဲ့ ဘုန်းတော်ကြီးကတော့ စကားပါးလိုက်ပါတယ်၊ မျိုးနွယ်ခြားဘုရင်အနေနဲ့ အချိန်ရမယ်ဆိုရင် နှင်းတောင် ဘုရားကျောင်းဆီကို တစ်ခေါက်လောက် သွားရောက် လည်ပတ်ပါလို့။"

ဝမ်ချောင်မှာ ဤစကားကို ကြားလိုက်ရသည့်အခါ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး အံ့ဩသွားသော အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

နှင်းတောင် ဘုရားကျောင်း။

ဘုန်းတော်ကြီး။

ထိုနေရာနှင့် ထိုနာမည်ကို ဝမ်ချောင်အနေဖြင့် စိမ်းသက်နေခြင်း မရှိပါချေ။ ဝမ်ချောင်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော နာမည်ကျော်ကြားသည့် ဗိုလ်ချုပ်များစွာ အပါအဝင်၊ ဟော့ရှုကွေကျန့်ပင်လျှင် နှင်းတောင် ဘုရားကျောင်းမှ ဆင်းသက်လာခဲ့သူများ ပင်ဖြစ်သည်။

ဘုန်းတော်ကြီး ဆိုသည်မှာ နှင်းတောင် ဘုရားကျောင်း တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ယွီစန်းတစ်ခုလုံးတွင် အဆင့်အတန်း အမြင့်မားဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။

ထိုနေရာမှာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများစွာ၏ ထွန်းကားမှုများနှင့် ပြိုကွဲပျက်စီးမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်ဟု ပြောဆိုကြပြီး လျှို့ဝှက်ဆန်းကြယ်လှပေသည်။ ယခုတစ်ကြိမ် ဧရာမ နှင်းမုန်တိုင်းကြီးများ ကျရောက်လာခဲ့သည်ဆိုသော်ငြားလည်း၊ နှင်းတောင် ဘုရားကျောင်းဘက်တွင်မူ အနည်းဆုံးတော့ ထိုဘုန်းတော်ကြီးများမှာ ကြီးမားလှသော သက်ရောက်မှုများကို ခံစားရမည် မဟုတ်ကြောင်း သေချာလှပေသည်။

"မျိုးနွယ်ခြားဘုရင်အနေနဲ့ ဘယ်လို စဉ်းစားထားလဲ မသိဘူး။ လူတစ်ယောက်ရဲ့အသက်နဲ့ နိုင်ငံတစ်နိုင်ငံကို လဲလှယ်တာလေ၊ အနာဂတ်မှာ မဟာထန်ဟာ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး အင်ပါယာကြီးတစ်ခု အဖြစ်ကို သေချာပေါက် ရောက်ရှိလာမှာပါ။ ပြီးတော့ မျိုးနွယ်ခြားဘုရင်ကလည်း သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်း ကြီးမားလှတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ ကျေးဇူးရှင် သူရဲကောင်းကြီး တစ်ဦးအဖြစ် သေချာပေါက် ကျန်ရစ်နေခဲ့မှာပါ။"

တာ့လုံချင်းလင်က ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေခဲ့ပြီး ဝမ်ချောင်၏ အဖြေတစ်ခုတည်းကိုသာ မျှော်လင့်စောင့်စားနေတော့သည်။

ဤအခိုက်အတန့်၌ သူသည် သေခြင်းတရားကိုသာ တောင်းဆိုနေခြင်း ပင်ဖြစ်သည်။

အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန်၊ ခွန်အားကြီးမားသူကသာ အနိုင်ရစမြဲ ဖြစ်သည်။ မဟာထန်နှင့် ဖြစ်ပွားခဲ့သော ဤစစ်ပွဲကြီးတွင်၊ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝမ်ချောင်နှင့် ဖြစ်ပွားခဲ့သော ဤစစ်ပွဲကြီးတွင် သူသည် နောက်ဆုံး၌ ရှုံးနိမ့်သွားခဲ့ပြီ ပင်ဖြစ်သည်။

အနောက်မြောက်ပိုင်း၏ ဤစစ်ပွဲကြီးတွင် ယွီစန်း၏ဘက်မှ ရှုံးနိမ့်မည့် အရိပ်အယောင် မပြသခဲ့ဘူးဆိုသော်ငြားလည်း၊ သံမဏိ မြို့တော်ကြီးကိုပင်လျှင် ကျဆုံးသွားလုနီးပါး အခြေအနေသို့ ရောက်ရှိအောင် တိုက်ခိုက်နိုင်ခဲ့သည် ဆိုသော်ငြားလည်း။

သို့သော် သူသည် မူလအစီအစဉ်အတိုင်း အရှေ့မြောက်ပိုင်းသို့ အချိန်မီ သွားရောက်ပြီး အန်းလုရှန်းနှင့် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ခြင်း မရှိချေ။ ဤအရာကပင်လျှင် သူ အပြည့်အဝ ရှုံးနိမ့်သွားခဲ့ပြီ ဆိုတာကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့မည်ဆိုပါက အန်းလုရှန်းအနေဖြင့် လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ချေ။

"ဝန်ကြီး၊ မလုပ်ပါနဲ့"

တာ့လုံချင်းလင်၏သေခြင်းတရားကို တောင်းဆိုနေသော စကားများကို ကြားလိုက်ရသည့်အခါ ယွီစန်း၏ဗိုလ်ချုပ်များအားလုံး၏ မျက်နှာများမှာ ဝမ်းနည်းကြေကွဲသွားခဲ့ကြပြီး မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်ကြတော့သည်။

"အကယ်၍ ဝန်ကြီးကို ဆုံးရှုံးမှသာ ယွီစန်းအင်ပါယာရဲ့ လုံခြုံရေးကို ပြန်လည်ရရှိနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အမတ်ကြီး နဲ့အတူတူ သေခံဖို့ ဝန်မလေးပါဘူး။"

အကျဉ်းလှည်း ကိစ္စပဲဖြစ်စေ၊ စစ်တပ်ကြီးကို ဦးဆောင်ပြီး သံမဏိ မြို့တော်ကြီးဆီသို့ ပြန်လည်ဆုတ်ခွာလာခဲ့ခြင်းပဲဖြစ်စေ အရာရာတိုင်းမှာ တာ့လုံချင်းလင်၏ အစီအစဉ်အောက်တွင်သာလျှင် လုပ်ဆောင်ခဲ့ကြခြင်း ပင်ဖြစ်သည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ဝန်ကြီး၏အစီအစဉ်ကြီးမှာ မိမိ၏ ကိုယ်ပိုင်အသက်ကို စတေးပြီး ယွီစန်းအင်ပါယာ၏ လုံခြုံရေးကို လဲလှယ်ယူရန် ဖြစ်လိမ့်မည်ဟု တွေးတောမှန်းဆထားခဲ့ခြင်း မရှိချေ။

"အဆိုးဆုံးအခြေအနေဆိုရင် မဟာထန်တွေနဲ့ အတူတူ သေကြေပျက်စီးသွားတဲ့အထိ တိုက်ခိုက်ကြတာပေါ့။"

ယွီစန်းဗိုလ်ချုပ်တစ်ဦးမှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"လူမိုက် မင်း ရဲတယ်ပေါ့"

ထိုဗိုလ်ချုပ်၏စကားကို ကြားလိုက်ရသည့်အခါ တာ့လုံချင်းလင်မှာ ဒေါသထွက်သွားတော့သည်။

ဤသည်မှာ ညှိနှိုင်းဆွေးနွေးမှုတစ်ခု မဟုတ်ချေ။ ယွီစန်းအင်ပါယာတွင် မဟာထန်နှင့် ညှိနှိုင်းဆွေးနွေးနိုင်မည့် အရင်းအနှီး ရှိမနေတော့ချေ။

သူသည် စကားတွေ အများကြီး ပြောဆိုခဲ့ပြီး ဝမ်ချောင်ပေါ်လာမည့်အချိန်ကို အထူးတလည် စောင့်ဆိုင်းနေခဲ့ခြင်းမှာ ဤအခွင့်အရေးကို အသုံးချပြီး သူ၏ကိုယ်ပိုင်အသက်ဖြင့် ယွီစန်းအင်ပါယာ၏ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေးလေးတစ်စက်ကို လဲလှယ်ယူနိုင်ရန် မျှော်လင့်နေခဲ့ခြင်း ပင်ဖြစ်သည်။

အကယ်၍ မဟာထန်နှင့် သေကြေပျက်စီးသွားသည့်အထိ တိုက်ခိုက်မည်ဆိုပါက သူ၏နက်ရှိုင်းလှသော ကြိုးစားအားထုတ်မှုများအားလုံးမှာ အချည်းနှီး ဖြစ်သွားတော့မည် မဟုတ်ပါလား။

ထိုနောက်ကျောဘက်တွင် ရှိနေသော မရေမတွက်နိုင်သည့် ယွီစန်း၏လူများကို ဘယ်လို လုပ်ကြမလဲ။

နှင်းမုန်တိုင်းကြီးများ ကျရောက်လာခဲ့ပြီး အရှေ့မြောက်ပိုင်းတွင် အန်းလုရှန်းလည်း စစ်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ၊ လူတိုင်းအတွက် ယခုလက်ရှိ တစ်ခုတည်းသော အခွင့်အရေးမှာ မဟာထန်၏ ခွင့်လွှတ်နားလည်ပေးမှုကို ရယူနိုင်ရန်သာလျှင် ဖြစ်ပေသည်။

ထိုသို့မှ မဟုတ်ပါက ယွီစန်းအင်ပါယာကြီးတစ်ခုလုံးမှာ ပြိုကွဲပျက်စီးသွားတော့မည်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲလာခဲ့သော ဤအင်ပါယာကြီးမှာ သမိုင်းမှတ်တမ်းများ အတွင်းမှနေ၍ အမြစ်ပြတ်ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ဤသည်မှာ တာ့လုံချင်းလင်အနေဖြင့် ဘာပဲဖြစ်ဖြစ် အဖြစ်မခံနိုင်ဆုံးသောကိစ္စ ပင်ဖြစ်သည်။

ဤအခိုက်အတန့်၌ တာ့လုံချင်းလင်၏ရင်ထဲ၌ ဒေါသများ အပြင်းအထန် ထွက်ပေါ်နေတော့သည်။

"အမတ်ကြီး"

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်နေသောအသံတစ်ခုမှာ နောက်ကျောဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။ နန်ရီစုန့်ထျန်းမှာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဝုန်းခနဲမြည်သံနှင့်အတူ သူ၏ကိုယ်ပေါ်ရှိ တန်ဖိုးကြီးမားလှသော စစ်သံချပ်ကာအင်္ကျီကို ချွတ်ချလိုက်ကာ မြေပြင်ပေါ်သို့ အရေးမပါသောအရာတစ်ခုအလား လွှင့်ပစ်လိုက်တော့သည်။

စစ်သံချပ်ကာအင်္ကျီဆိုသည်မှာ ဗိုလ်ချုပ်များအတွက် အသက်တစ်ချောင်းအလား အရေးပါလှပေသည်။ သို့သော် ဤအခိုက်အတန့်၌ ယွီစန်း၏ နောက်ဆုံးကျန်ရှိနေသေးသော ဤအင်ပါယာ ထိပ်တန်းဗိုလ်ချုပ်ကြီးမှာ ဂရုမစိုက်တော့ချေ။

"အကယ်၍ ဒါက အမတ်ကြီးရဲ့ ရွေးချယ်မှုဆိုရင်၊ နောက်ဆုံးအချိန်လေးမှာ အမတ်ကြီးနဲ့အတူတူ မဟာထန်ရဲ့ မြို့တော်ဆီကို လိုက်ပါသွားခွင့် ပြုပါ။"

နန်ရီစုန့်ထျန်း၏ မျက်နှာအမူအရာမှာ ခိုင်မာပြတ်သားနေခဲ့သည်။ သို့သော် သူ၏ရင်ထဲတွင်မူ ရုတ်တရက် လွတ်မြောက်သွားသည့်အလား ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။

အရာရာတိုင်းမှာ အဆုံးသတ်ရတော့မည်ပင်ဖြစ်သည်။ ရှုံးနိမ့်သွားသည်ဆိုတာက ရှုံးနိမ့်သွားတာပါပဲ။

စစ်ပွဲဆိုသည်မှာ ဗိုလ်ချုပ်များ၏ကိစ္စပင်ဖြစ်သည်။ အကယ်၍ လူတစ်ယောက်ကသာ ဤစစ်ပွဲကြီးအတွက် တာဝန်ယူရမည်ဆိုပါက ထိုလူမှာ အမတ်ကြီး မဟုတ်ဘဲ သူ သာလျှင် ဖြစ်သင့်ပေသည်။

အင်ပါယာကြီးကို ကယ်တင်ရန်အတွက် စာရေးတစ်ဦးကို အသုံးပြုရမည်ဆိုခြင်းနှင့် အင်ပါယာကြီးအတွက် ကြီးမားလှသော အောင်မြင်မှုများကို ရရှိအောင် လုပ်ဆောင်ပေးခဲ့သော ကျေးဇူးရှင်ကြီးတစ်ဦးကို ဤကဲ့သို့ အထီးကျန်ဆန်စွာဖြင့် လမ်းခရီးကို သွားခိုင်းရခြင်းမှာ အင်ပါယာကြီးတစ်ခု၏ ဝမ်းနည်းကြေကွဲမှုကြီးတစ်ခု ပင်ဖြစ်သည်။

ယွီစန်းတွင် မဟာထန်၌ ရှိသကဲ့သို့ တောက်ပလင်းလက်လှသော ယဉ်ကျေးမှုများ မရှိဘူးဆိုလျှင်တောင်မှ၊ သစ္စာစောင့်သိမှုကတော့ မချို့တဲ့ချေ။

"အဟင်းးး"

တာ့လုံချင်းလင်နှင့် အခြားလူများ၏ စကားပြောဆိုသံများကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်မှာ အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ်ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်တော့သည်။

ဤရုတ်တရက် လှုပ်ရှားမှုကြီးမှာ ချက်ချင်းပင် လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။

"အမတ်ကြီးက တောင်းဆိုလာတယ်ဆိုမှတော့ ကျွန်တော်က ဖြည့်ဆည်းပေးရမှာပေါ့"

ဝမ်ချောင်က စကားပြောဆိုရင်း ရုတ်တရက် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အကျဉ်းလှည်း၏ အစွန်းကို လှမ်း၍ ထိလိုက်တော့သည်။

လေထုတစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် တင်းမာသွားတော့သည်။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ယွီစန်း၏ ဗိုလ်ချုပ်များအားလုံး၏ မျက်နှာများ ပြောင်းလဲသွားခဲ့ကြပြီး၊ နန်ရီစုန့်ထျန်း၏ မျက်နှာမှာပင်လျှင် ဆိုးရွားသောအသွင်ကို ဆောင်လာတော့သည်။

ဝမ်ချောင်ကတကယ်ကြီး ဝင်ရောက်တိုက်ခိုက်ပြီး အမတ်ကြီးကို ဤနေရာတွင် သတ်ဖြတ်တော့မည်ပေါ့။

"ရပ်လိုက်စမ်း"

လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်သွားခဲ့ပြီး တားဆီးရန် ကြိုးပမ်းလိုက်ကြသည်။ သို့သော် အချိန် မမီတော့ချေ။

ဝမ်ချောင်၏ တိုက်ခိုက်မှုမှာ တကယ်ကို ရုတ်တရက် ဆန်လွန်းလှပေသည်။

"ဝုန်း"

လူတိုင်းအနေဖြင့် ပြန်လည်တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ၊ နောက်တစ်ခဏတွင် ရက်စက်ကြမ်းတမ်းလှသော ဂန်ချီ စွမ်းအင်ကြီးတစ်ခုမှာ သစ်ခြောက်များကို ချိုးဖဲ့ပစ်လိုက်သည့်အလား၊ ဝမ်ချောင်၏ ကိုယ်တွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မြည်ဟည်းသံကြီးတစ်ခုကို ကြားလိုက်ရပြီး ယွီစန်းဗိုလ်ချုပ်များအားလုံး၏ အကြည့်များရှေ့မှာပင် ထိုသစ်သားဖြင့် ပြုလုပ်ထားသော အကျဉ်းလှည်းကြီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် စက္ကူစလေးတစ်ခုအလား ဝမ်ချောင်၏လက်ဝါးအောက်တွင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့သည်။ မရေမတွက်နိုင်သော သစ်သားစလေးများနှင့် ကျိုးပဲ့သွားသော သစ်သားတိုင်များမှာ ဂန်ချီ စွမ်းအင်၏လိပ်တက်သွားခြင်းကို ခံလိုက်ရပြီး အရပ်လေးမျက်နှာသို့ အသီးသီး လွင့်စင်ပြန့်ကျဲသွားတော့သည်။

"အမတ်ကြီး"

လူတိုင်းမှာ ထိတ်လန့်ချောက်ချားနေကြသည့် အချိန်လေးအတွင်းမှာပင်၊ နောက်တစ်ခဏတွင် အကျဉ်းလှည်းအတွင်းရှိ အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း မှင်တက်သွားကြတော့သည်။

အကျဉ်းလှည်းကြီးမှာ ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်ဆိုသော်ငြားလည်း၊ အကျဉ်းလှည်း၏ အတွင်း၌ရှိနေသော တာ့လုံချင်းလင်မှာမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ လုံခြုံဘေးကင်းစွာဖြင့် ရှိနေဆဲ ပင်ဖြစ်သည်။

"ဒါက..."

ဝမ်ချောင်၏လုပ်ရပ်ကို ကြည့်ရင်း တာ့လုံချင်းလင်မှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။ ဘေးပတ်ဝန်းကျင်တွင် မူလက စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြသော ယွီစန်း၏ ဗိုလ်ချုပ်များမှာလည်း ဤအခိုက်အတန့်၌ မှင်တက်သွားကြပြီး ဦးနှောက်ကြီးတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားကာ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို မသိရှိကြတော့ချေ။

"အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံတရားအရပဲ၊ အကယ်၍ အမတ်ကြီးက သေချင်တယ်ဆိုရင် ကျွန်တော်က ဝမ်းသာအားရ ဖြည့်ဆည်းပေးနိုင်ပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူးလေ... ပြီးတော့... အမတ်ကြီးကို သတ်မယ်ဆိုရင်တောင်မှ အနာဂတ်မှာ ကြုံတွေ့ရမယ့် အဲဒီကြီးမားလှတဲ့ ကပ်ဘေးကြီးကို ဖြေရှင်းပြီးတဲ့အချိန်အထိတော့ စောင့်ဆိုင်းရမှာပဲ၊ ဒီလိုမှသာ မဟာထန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှာပဲ မဟုတ်ဘူးလား။"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။

"ဒါ... အရှင့်ကို ကျေးဇူးတင်ပါတယ်"

တာ့လုံချင်းလင်၏ ရင်ထဲ၌ သက်ပြင်းချလိုက်ပြီး ဝမ်ချောင်၏အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်ရာ၊ လျင်မြန်စွာပင် ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး မျက်နှာအမူအရာမှာ ရိုသေလေးစားနေတော့သည်။

ဝမ်ချောင်ပြောဆိုခဲ့သမျှ အရာများအားလုံးမှာ အကြောင်းပြချက်တစ်ခု သက်သက်သာ ဖြစ်ပေသည်။

သူက တကယ်ပဲ သူ့ကို အသက်ချမ်းသာ ပေးလိုက်တာပဲ။

ရှေ့မှောက်တွင်မူ ဝမ်ချောင်မှာ ပြုံးနေခဲ့သည်ဆိုသော်ငြားလည်း စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။

တာ့လုံချင်းလင်ကို သတ်ရမည်မှာ သေချာလှပေသည်။ သို့သော် ယခုအချိန်တွင်တော့ မဟုတ်ချေ။

တာ့လုံချင်းလင် ပြောဆိုခဲ့သကဲ့သို့ပင် အနာဂတ်တွင် ကျရောက်လာတော့မည့် လူသားများ၏ ထိုကပ်ဘေးကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက၊ မဟာထန်နှင့် ယွီစန်းအင်ပါယာ တို့အကြားရှိ ရန်ငြိုးများနှင့် ပဋိပက္ခများမှာ ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး တကယ်ကို အရေးမပါလှသော ကိစ္စများပင်ဖြစ်နေတော့သည်။

အနာဂတ်တွင် မကြာမီ ကျရောက်လာတော့မည့် ထိုကပ်ဘေးကြီး၏အတွင်း၌၊ မည်သည့်အင်ပါယာပဲဖြစ်စေ ဒါမှမဟုတ် မည်သည့် ထိပ်တန်းဗိုလ်ချုပ်ပဲဖြစ်စေ တစ်ဦးတည်း၏ အင်အားဖြင့် လွယ်ကူစွာ ခုခံကာကွယ်နိုင်ရန်မှာ ခက်ခဲလွန်းလှပေသည်။ ကုန်းမြေဒေသကြီးတစ်ခုလုံး၏ စွမ်းအားများနှင့် အင်ပါယာအားလုံးမှ ထူးချွန်ပြောင်မြောက်သော ဗိုလ်ချုပ်များအားလုံး၏ စွမ်းရည်များကို စုစည်းမှသာလျှင်၊ ခိုင်မာတောင့်တင်းလှသော ခုခံကာကွယ်ရေး လမ်းကြောင်းကြီးတစ်ခုကို တည်ဆောက်နိုင်မည်ပင်ဖြစ်သည်။

ယခင်က အမှားများကို သင်ခန်းစာယူပြီး နောက်ထပ်အမှားများကို ရှောင်ရှားနိုင်ရန်အတွက်၊ အန်းလုရှန်း၊ ချွေချန်းယုံ အစရှိသော သူပုန်များမှလွဲ၍ အခြားအင်ပါယာများအားလုံးမှာ အနာဂတ်တွင် အသုံးချ၍ရနိုင်သော အင်အားစုများ သာလျှင် ဖြစ်ကြပေသည်။ ဤသည်မှာလည်း ဝမ်ချောင်ကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာသို့ လာရောက်ခဲ့ရခြင်း၏ အကြောင်းအရင်းပင်ဖြစ်သည်။

အရေးကြီးဆုံးသောအချက်မှာ အရှေ့မြောက်ပိုင်း ယိုကျိုး၏ ဤစစ်ပွဲကြီး အဆုံးသတ်သွားခြင်းနှင့်အတူ၊ ဝမ်ချောင်၏ရင်ထဲ၌ ရူးသွပ်လှပြီး တွေးတောမှန်းဆ၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည့် အိပ်မက်ကြီးကို နောက်ဆုံးတွင် အမှန်တကယ် အောင်မြင်စွာ ဖော်ဆောင်နိုင်တော့မည်ဖြစ်သည်။

တစ်သားတည်း စည်းလုံးညီညွတ်သော မဟာထန်အင်ပါယာ….

ဤအခြေအနေ၏အောက်တွင် ယွီစန်းအင်ပါယာ ပဲဖြစ်စေ၊ တာ့ခ် အင်ပါယာပဲဖြစ်စေ၊ အနောက်တာ့ခ် အင်ပါယာပဲဖြစ်စေ၊ ဂိုဂူလျောနဲ့ ခီတန်မျိုးနွယ်စုတွေပဲဖြစ်စေ သူတို့အားလုံးမှာ ဆက်လက်၍ တည်ရှိနေတော့မည် မဟုတ်ဘဲ လူတိုင်းမှာ မဟာထန်၏ပြည်သူများသာလျှင် ဖြစ်လာတော့မည်ဖြစ်သည်။

လူတိုင်း၏စွမ်းအားများကို မဟာထန်အတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဤကမ္ဘာလောကကြီးအတွက် ပေါင်းစပ် အသုံးပြုနိုင်မည်ဖြစ်သည်။

လူအများစုက စတင်၍ သတိပြုမိလာကြပြီဖြစ်သည့်အတိုင်းပင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော တစ်သားတည်း စည်းလုံးညီညွတ်သော ကမ္ဘာလောကကြီး၊ တစ်သားတည်း စည်းလုံးညီညွတ်သော အင်ပါယာနှင့် တစ်သားတည်း စည်းလုံးညီညွတ်သောလူမျိုးတို့မှာ ဤလောကကြီးတွင် မကြာမီအချိန်အတွင်း၌ ဖွားမြင်ပေါ်ထွက်လာတော့မည်ဖြစ်သည်။

ဤသည်မှာ ယခင်က မည်သည့်အင်ပါယာကမျှ အိပ်မက်မက်ခဲ့သည်ဆိုလျှင်တောင်မှ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့သောကိစ္စပင်ဖြစ်ပြီး၊ မရေမတွက်နိုင်သော ဗိုလ်ချုပ်များက လုပ်ဆောင်လိုခဲ့ကြသည် ဆိုသော်ငြားလည်း အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စပင်ဖြစ်တော့သည်

******

All Chapters