အခန်း ၂၂၆၅
Vol. 141 Ch. 2265
အခန်း (၂၂၆၅) အစွမ်းထက်သူများ အားလုံး ထွက်ပေါ်လာခြင်း၊ မြောက်ဝင်ရိုးစွန်းဆီသို့ ဓားများ ချိန်ရွယ်ထားခြင်း
ယိုကျိုးတစ်ခုလုံး ဤဧရာမနှင်းမုန်တိုင်းကြီး၏အတွင်း၌ ဘေးကင်းလုံခြုံစွာဖြင့် အသက်ရှင်လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ဤနာမည်မရှိသော ဧရာမဝင်္ကပါကြီး၏ အကူအညီကြောင့်သာလျှင် ဖြစ်ပေသည်။
အကယ်၍ ဝမ်ချောင်သာ ဤဝင်္ကပါကြီးကို ရုပ်သိမ်းပစ်လိုက်မည်ဆိုပါက နိုင်ငံအသီးသီးအားလုံးမှာ သေလမ်းတစ်ခုတည်းသာရှိတော့မည်ဖြစ်ပြီး နောင်တရရန်ပင်လျှင် အချိန်မီတော့မည်မဟုတ်ချေ။
"စိတ်ချထားပါ"
ဝမ်ချောင်က ကျန်းချိုးကျန့်ချုံး၏ပခုံးကို အသာအယာပုတ်လိုက်ပြီး ပြုံးလျက် နှစ်သိမ့်လိုက်တော့သည်။
"ငါရှိနေသရွေ့ ဘာပြဿနာမှ လုံးဝဖြစ်လာမှာမဟုတ်ဘူး။ ငါတို့က မြောက်ဝင်ရိုးစွန်းဆီကို ခဏသွားရုံသက်သက်ပဲ၊ ပြန်မလာတော့မှာမှ မဟုတ်တာ။ အကယ်၍ သူက ပုန်ကန်မယ်ဆိုရင် ငါပြန်လာတဲ့အချိန်မှာ ကြုံတွေ့ရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာပေါက် ကြိုတင်ထည့်သွင်းစဉ်းစားရမှာပဲ"
"ဒါ့အပြင် နိုင်ငံအသီးသီးဟာ နောင်အနာဂတ်မှာ မဟာထန်ရဲ့ လက်အောက်ခံတွေ ဖြစ်လာကြတော့မှာလေ။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အစဆိုတာရှိစမြဲပဲ၊ နောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ အသားကျသွားပါလိမ့်မယ်။"
ကျန်းချိုးကျန့်ချုံး၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ဝမ်ချောင်အနေဖြင့် အနည်းငယ်မျှပင် အံ့ဩသွားခြင်းမရှိပါချေ။ အမှန်တကယ်တော့ ဤအရာမှာ ကျန်းချိုးကျန့်ချုံးတစ်ဦးတည်း၏ တွေးတောမှန်းဆချက်မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျန်းရှို့ကွေး၊ ဝမ်ကျုံးစစ်နှင့် အခြားသောလူများ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကိုပါ ကိုယ်စားပြုနေခြင်းဖြစ်သည်။
သို့သော် လူတိုင်းက ဝမ်ချောင်၏သဘောထားကို ထောက်ထားညှာတာနေကြသောကြောင့်သာ နောက်ဆုံးတွင် ကျန်းချိုးကျန့်ချုံးကို ကိုယ်စားပြုအနေဖြင့် ထွက်၍ ရှင်းပြခိုင်းခဲ့ကြခြင်းဖြစ်သည်။
ကုန်းမြေဒေသကြီး တစ်ခုလုံးတွင် ဖြစ်ပွားနေသော စစ်ပွဲများမှာ တကယ်ကို အချိန်အကြာကြီး ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤအရာမှာ မည်သည့်ခေတ်၊ မည်သည့်မျိုးဆက်က စတင်ခဲ့သလဲဆိုတာကို ပြောဆို၍မရနိုင်ဘဲ ရှေးခေတ်ကာလကတည်းက နှစ်ထောင်ပေါင်းများစွာတိုင်အောင် ဤကဲ့သို့ပင် ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။
ဤမျှလောက်အထိ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော ရန်ငြိုးများဆိုသည်မှာ ညတွင်းချင်း တစ်ရက်တည်းနှင့်သော်လည်းကောင်း၊ စစ်ပွဲတစ်ပွဲတည်းနှင့်သော်လည်းကောင်း လွယ်လွယ်ကူကူ ပြောင်းလဲ၍ရနိုင်မည့်အရာမျိုး လုံးဝမဟုတ်ချေ။
ကျန်းချိုးကျန့်ချုံးက အပြင်ပန်းတွင် မြောက်ဝင်ရိုးစွန်းနှင့် ယိုကျိုး၏ကိစ္စများကို ပြောဆိုနေသည်ဆိုသော်ငြားလည်း အမှန်တကယ်တော့ သူ၏ရင်ထဲ၌ နိုင်ငံအသီးသီးအကြားတွင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် အဆက်မပြတ် ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် အချိန်ကြာမြင့်လှပြီဖြစ်သော ရန်ငြိုးများကြောင့် ဖြစ်ပေါ်လာသည့် အယုံအကြည်မရှိမှုနှင့် သံသယများကို ပြောဆိုနေခြင်းသာလျှင် ဖြစ်သည်။
ထို့ပြင် ယခုအချိန်တွင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းမှာလည်း ကောင်းမွန်သောကိစ္စတစ်ခုပင် ဖြစ်သည်။
သို့သော် ဝမ်ချောင်မှာ သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ချေ။ နိုင်ငံအသီးသီး အချင်းချင်း ပေါင်းစပ်သွားရန်ဆိုသည်မှာ မလွဲမသွေ သွားရမည့်လမ်းကြောင်းကြီး ပင်ဖြစ်သည်။
ကြီးမားလှသော ကပ်ဘေးကြီး၏ ရှေ့မှောက်တွင် ရန်ငြိုးများအားလုံးကို မဖြစ်မနေ ဘေးဖယ်ထားရမည်သာလျှင်ဖြစ်သည်။
ထို့ပြင် ထိုလူများ၏ ကြောက်မက်ဖွယ်ကောင်းလှသော လှည့်ကွက်များကို အစစ်အမှန် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီး ဤကြီးမားလှသော ကပ်ဘေးကြီးကို အပြည့်အဝ ခံစားသိရှိလိုက်ရပြီးနောက်ပိုင်းတွင် နိုင်ငံအသီးသီးအနေဖြင့် သူတို့ ဘာတွေဆက်လုပ်သင့်သလဲဆိုတာကို အပြည့်အဝ နားလည်သဘောပေါက်လိမ့်မည်ဟု ဝမ်ချောင် ယုံကြည်နေတော့သည်။
မဟာထန်မှလွဲ၍ အခြားမည်သည့်အင်အားစုကမျှ သူတို့ကို ကူညီပံ့ပိုးပေးနိုင်စွမ်း ရှိမည်မဟုတ်ချေ။ ရှန့်ကုန်း အကြီးအကဲပြောဆိုခဲ့သည့်အတိုင်းပင် တကယ်လို့ ထိုကဲ့သို့အခြေအနေမျိုး အမှန်တကယ် ဖြစ်လာခဲ့မည်ဆိုပါက နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများမှာ ရေမြှုပ်လေးများအလား လူသားသမိုင်းမှတ်တမ်း၏ အတွင်းမှနေ၍ အမြစ်ပြတ် ပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး ယခင်အချိန်က ပျောက်ကွယ်သွားခဲ့သော ယဉ်ကျေးမှုများအတိုင်းပင် ဖြစ်သွားမည်မှာ သေချာလှပေသည်။
ကျန်းချိုးကျန့်ချုံးကို အောင်မြင်စွာ နှစ်သိမ့်ပေးပြီးနောက် ဝမ်ချောင်မှာ လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။
……
အချိန်များမှာ ရေစီးကြောင်းအလား လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ်မျှ ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ယိုကျိုး၏ မြောက်ဘက်ပိုင်းတွင် လေအေးများ ပြင်းထန်စွာတိုက်ခတ်နေခဲ့ပြီး နှင်းမုန်တိုင်းများမှာ အဆုံးအစမရှိ လွင့်ပျံနေတော့သည်။
ဝမ်ချောင်၏ မူလခန္ဓာကိုယ်အပါအဝင် ရှန်ထိုက် ကိုယ်ပွားသုံးခု၊ ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေး၊ ပါဟရာမ် ၊ ယွန်းဂျယ်စိုးမွန်း ၊ ဝူဆူမစ်ရှ် ခါဂန်း ၊ ပိလဲ့လီ၊ ခီတန်ဘုရင်၊ ရှီဘုရင်မနှင့် နိုင်ငံအသီးသီးမှ ဂိုဏ်းပေါင်းစုံမှ အစွမ်းထက်သိုင်းပညာရှင်များအားလုံးမှာ တစ်နေရာတည်းတွင် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
ကုန်းမြေဒေသကြီး တစ်ခုလုံးရှိ ထိပ်တန်းအစွမ်းထက်သိုင်းပညာရှင်များ၏ တစ်ဝက်နီးပါးခန့်မှာ ဤနေရာတွင် စုဝေးရောက်ရှိနေကြပြီဖြစ်ရာ ဤသည်မှာ သမိုင်းတစ်လျှောက်တွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ခမ်းနားကြီးကျယ်လှသည့် စစ်ဆင်ရေးကြီးတစ်ခုပင်ဖြစ်သည်။
လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အကြည့်များအားလုံးမှာ ဝမ်ချောင်၏အပေါ်သို့ အပြည့်အဝ ကျရောက်သွားတော့သည်။
ဝမ်ချောင်မှာ စကားတစ်ခွန်းမျှ မပြောဆိုချေ။ နောက်ကျောဘက်ရှိ ယိုကျိုးတစ်ခုလုံးနှင့် စနစ်တကျတည်ဆောက်ထားသော အိမ်ရာများ၊ စစ်တပ်သုံးရွက်ဖျင်တဲများနှင့် နိုင်ငံအသီးသီးမှ စစ်တပ်များကို နောက်တစ်ကြိမ် ထပ်မံ၍ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် အကြည့်ကို ရုပ်သိမ်းလိုက်တော့သည်။
"စတင်ကြတာပေါ့"
ဝမ်ချောင်၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှန်ထိုက် သုံးခုမှာ သူ၏နောက်ကျောဘက်သို့ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး လက်တစ်ဖက်စီဆန့်ထုတ်ကာ သူ၏ပခုံးအပေါ်သို့ တပြိုင်နက်တည်း အသာအယာတင်လိုက်တော့သည်။
"ဝီ"
နောက်တစ်ခဏတွင် ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့သည်။ ဝုန်းခနဲမြည်သံနှင့်အတူ ငွေရောင်အလင်းတန်းကြီးတစ်ခုမှာ ရေလှိုင်းများအလား သူ၏ကိုယ်တွင်းမှနေ၍ လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပြန့်ကျက်သွားခဲ့ကာ ထိုနေရာတွင်ရှိနေသော လူတိုင်းကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။
အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ဝမ်ချောင်မှာ လူအုပ်ကြီးကိုဦးဆောင်လျက် အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားခဲ့ပြီး မြောက်ဝင်ရိုးစွန်း ရှိရာအရပ်ဆီသို့ လျင်မြန်စွာဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။
လေအေးများ ပြင်းထန်စွာတိုက်ခတ်နေခဲ့ပြီး အေးစက်လှသော အအေးဒဏ်များမှာ ရေလှိုင်းကြီးများအလား အပြင်းအထန် ရိုက်ခတ်ဝင်ရောက်လာနေတော့သည်။ အကာအကွယ်အတားအဆီးကြီးဖြင့် ကာကွယ်ထားသော ယိုကျိုးနယ်မြေမှလွဲ၍ အခြားနေရာများအားလုံးတွင် ယခင်အချိန်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရာသီဥတုမှာ တစ်စထက်တစ်စ ပိုမို၍ အေးခဲလာနေပြီဖြစ်သည်။
သို့သော် ဤကဲ့သို့ဖြစ်ပျက်နေသည်ဆိုသော်ငြားလည်း လူတိုင်းအနေဖြင့် အနည်းငယ်မျှပင် ထိခိုက်ခံစားသိရှိနိုင်ခြင်း မရှိချေ။ အပြင်ဘက်တွင် တိုက်ခတ်နေသော နှင်းမုန်တိုင်းကြီးများနှင့် လေအေးများအားလုံးမှာ တတိယရှန်ထိုက်၏ နတ်ဘုရားစွမ်းအင်ကြောင့် အပြင်ဘက်တွင် အပြည့်အဝ တားဆီးခြင်းခံထားရပြီဖြစ်သည်။
အချိန်မှာ နည်းပါးလွန်းလှပေသည်။ ယိုကျိုးတွင်ရှိနေသော စားနပ်ရိက္ခာများမှာ နေ့စဉ်နှင့်အမျှ အဆက်မပြတ် လျော့နည်းလာနေပြီဖြစ်ရာ လူတိုင်းအတွက် အချိန်အများကြီး ကျန်ရှိမနေတော့ချေ။
ဝမ်ချောင်၏အမြန်နှုန်းမှာ လျင်မြန်လွန်းလှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်တစ်ရာခန့်အကွာအဝေးကို အလွယ်တကူ ဖြတ်သန်းသွားနိုင်စွမ်းရှိပေသည်။
ခဏမျှအချိန်လေးအတွင်းမှာပင် လူတိုင်းမှာ တာ့ခ်မြက်ခင်းပြင်ကြီးသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုနေရာမှနေ၍ မိုင်ရာပေါင်းများစွာခန့် အကွာအဝေးသို့ ဆက်လက်သွားရောက်မည်ဆိုပါက တာ့ခ်များ နွားများ၊ သိုးများမွေးမြူရာဒေသဖြစ်သော ချီထာဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အပြင်ဘက်တွင် ရေခဲနှင့်နှင်းများ အပြည့်အဝဖုံးလွှမ်းနေသော ချီထာဒေသကြီးကို လှမ်းကြည့်ရင်း ဝူဆူမစ်ရှ် ခါဂန်းနှင့် ပိလဲ့လီတို့၏ မျက်ဝန်းများအတွင်း၌ ဝမ်းနည်းကြေကွဲနေသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ယခင်အချိန်များတုန်းကဆိုလျှင် ဤနေရာကြီးမှာ ရေနှင့်မြက်ခင်းများ ပေါများလှပြီး သန်းနှင့်ချီသော နွားများ၊ သိုးများမှာ တိမ်တိုက်များအလား၊ ပင်လယ်ပြင်ကြီးအလား များပြားစွာဖြင့် ဤနေရာတွင် လွတ်လပ်စွာ လှည့်လည်သွားလာနေခဲ့ကြသည်။ ထို့ပြင် မလှမ်းမကမ်းရှိ မြစ်ကြောင်းကြီး၏တစ်လျှောက်တွင် သိုးကျောင်းသားများ၊ နွားကျောင်းသားများမှာ သီချင်းများကို ပျော်ရွှင်စွာသီဆိုနေကြပြီး အေးချမ်းသာယာလှသော မြင်ကွင်းကြီးတစ်ခု ပင်ဖြစ်သည်။
တာ့ခ်အင်ပါယာအတွက်မူ ဤနေရာကြီးမှာ သူတို့၏ "ဆန်နှင့်ငါး ပေါကြွယ်ဝသောဒေသ"ပင်ဖြစ်ပြီး သူတို့၏ ယဉ်ကျေးမှုလူ့အဖွဲ့အစည်း စတင်ထွန်းကားခဲ့ရာ နေရာကြီးဖြစ်သည်။
တာ့ခ်အင်ပါယာကြီး၏ အစွမ်းထက်ခိုင်မာမှုမှာ ဤနေရာကြီးနှင့် လုံးဝခွဲခြား၍မရနိုင်ချေဟု ပြောဆိုမည်ဆိုလျှင်ပင် လုံးဝမှားယွင်းမည်မဟုတ်ချေ။
သို့သော် ယခုအချိန်တွင်မူ အဝေးကိုလှမ်းကြည့်လိုက်သည့်အခါတွင် သူတို့၏မျက်စိရှေ့ရှိ မြင်ကွင်းတစ်ခုလုံးတွင် ဖောင်းကြွနေသော တောင်ကုန်းငယ်လေးများနှင့် ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းနေသော နှင်းပွင့်များ၊ ထို့ပြင် နှင်းမုန်တိုင်းကြီးများ၏အကြားတွင် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းရေတံခွန်ကြီးများနှင့် ပြိုကျပျက်စီးနေသော ရွက်ဖျင်တဲများမှလွဲ၍ အခြားဘာကိုမျှ မမြင်တွေ့ရတော့ချေ။
လူတိုင်းအတွက် များပြားလှသောနွားများနှင့် သိုးများကို အစာကျွေးမွေးမြူနိုင်ခဲ့ပြီး အလွန်အမင်း တန်ဖိုးကြီးမားလှသော ထိုမြစ်ကြောင်းကြီးမှာမူ ထူထဲလှသော ရေခဲနှင့်နှင်းများ၏အောက်တွင် အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ဝူဆူမစ်ရှ် ခါဂန်းကိုယ်တိုင်ပင်လျှင် မြစ်ကြောင်းကြီး၏ တည်နေရာကို အတိအကျ ခွဲခြားသိရှိနိုင်ရန် ခက်ခဲနေပြီဖြစ်သည်။
မြစ်ကြောင်းကြီး ပျောက်ကွယ်သွားခဲ့ပြီ။
တာ့ခ်၏ ချီထာဒေသကြီးမှာ အစောကြီးကတည်းက ဆက်လက်တည်ရှိမနေတော့ချေ။
တစ်ဖက်တွင် ဝမ်ချောင်မှာလည်း တာ့ခ်များ၏ ဝမ်းနည်းကြေကွဲနေသော ခံစားချက်များကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။ ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ မတ်မတ်ရပ်နေရင်း ဝမ်ချောင်မှာ ဝူဆူမစ်ရှ် ခါဂန်း၏ အကြည့်များနောက်သို့ လိုက်ကာ အပြင်ဘက်ကိုလှမ်းကြည့်လိုက်ရာ ရေခဲများ အပြည့်အဝဖုံးလွှမ်းနေသော ကမ္ဘာကြီးကို မြင်တွေ့လိုက်ရတော့သည်။
သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်မှာ အကြည့်ကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
အကယ်၍ ဤဧရာမနှင်းမုန်တိုင်းကြီးကို ဖြေရှင်းနိုင်မည့်နည်းလမ်းကိုသာ ရှာဖွေမတွေ့ရှိဘူးဆိုပါက ရိုက်ခတ်မှုများကို ခံစားရမည်မှာ တာ့ခ် အင်ပါယာ တစ်ခုတည်းမဟုတ်ချေ။ ချီထာဒေသ၏ ဆိုးရွားလှသော အခြေအနေမျိုးမှာ လျင်မြန်စွာပင် အခြားသောနေရာများအားလုံးတွင်ပါ သေချာပေါက် ပေါ်ထွက်လာတော့မည်ဖြစ်သည်။
လောကကြီးတစ်ခုလုံးမှာ "ချီထာ"အဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။
"သွားကြစို့"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်တော့သည်။
ချီထာဒေသကို ဖြတ်သန်းသွားပြီးနောက် မြောက်ဘက်သို့ ဆက်လက်သွားရောက်သည့်အခါတွင် လျင်မြန်စွာပင် ဘိုင်ကယ်ရေကန်ကြီး ရှိရာအရပ်ဆီသို့ ရောက်ရှိသွားတော့သည်။
ဤကမ္ဘာကြီးပေါ်တွင် အကြီးမားဆုံးသော ရေချိုကန်ကြီးမှာ ထူထဲလှသော ရေခဲပြင်ကြီးများအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဝမ်ချောင်မှာ မိမိ၏စိတ်စွမ်းအင်ကို အသုံးပြုပြီး စူးစမ်းလေ့လာကြည့်ရှုလိုက်ရာ ယေဘုယျအားဖြင့် ဘိုင်ကယ်ရေကန်ကြီး တစ်ခုလုံးမှာ တန်ချိန်သန်းပေါင်းများစွာ အလေးချိန်ရှိသော ဧရာမရေခဲတောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်ကို တွေ့ရှိလိုက်ရတော့သည်။
ဤခံစားချက်ကြီးမှာ တကယ်ကို ထူးဆန်းလွန်းလှပေသည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဤဘိုင်ကယ်ရေကန်ကြီးမှာ အမြစ်ပြတ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သို့သော် ဝမ်ချောင် သတိထားမိလိုက်သည်မှာ ဤအရာတစ်ခုတည်း သက်သက်မဟုတ်ချေ။ လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ ဤနေရာသို့ ရောက်ရှိလာသည့်အခါတွင် နှင်းမုန်တိုင်းကြီးများမှာ တစ်စထက်တစ်စ ပိုမို၍ ထူထပ်လာခဲ့ပြီး အပူချိန်မှာလည်း သိသာထင်ရှားစွာဖြင့် လျင်မြန်စွာ ကျဆင်းလာနေပြီဖြစ်သည်။
ဝမ်ချောင်မှာ မြေကြီး၏အပေါ်တွင် များပြားလှသော တောက်ပလင်းလက်နေသည့် ရေခဲချွန်လေးများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။
ဝမ်ချောင်မှာ ဤနေရာတွင် အချိန်အကြာကြီး ရပ်တန့်မနေခဲ့ချေ။ လျင်မြန်စွာပင် ရှေ့သို့ ဆက်လက်ထွက်ခွာသွားတော့သည်။
လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ တစ်စထက်တစ်စ ပိုမို၍ဆိုးရွားရက်စက်လာနေပြီး မရေမတွက်နိုင်သော သရဲတစ္ဆေများ ငိုကြွေးနေသည့်အလားပင် ဖြစ်နေတော့သည်။ မြေကြီး၏အပေါ်တွင်မူ နေရာတိုင်း၌ ဖြူဖွေးနေခဲ့ပြီး ခွဲခြားသိရှိနိုင်မည့် အမှတ်အသားမျိုး လုံးဝမရှိတော့ချေ။
အဝေးကို လှမ်းကြည့်လိုက်မည်ဆိုပါက နှင်းမုန်တိုင်းကြီးများသာ အဆက်မပြတ် ရိုက်ခတ်ဝင်ရောက်လာနေခဲ့သည်။ ဤနေရာတွင် သာမန်မျက်စိဖြင့် ကြည့်ရှုခြင်းမှာ အဓိပ္ပာယ်မရှိတော့ချေ၊ အခြားမည်သည့်အရာကိုမျှလည်း ခွဲခြားသိရှိနိုင်စွမ်း မရှိတော့ချေ။ အကယ်၍ ဝမ်ချောင်ကသာ မိမိ၏စိတ်စွမ်းအင်ကို အသုံးပြုပြီး လူတိုင်း၏လမ်းကြောင်းကို ဦးဆောင်မပေးခဲ့ဘူးဆိုပါက လူတိုင်းအနေဖြင့် ဘယ်နေရာကို သွားရမလဲဆိုတာကိုပင် သိရှိနိုင်မည်မဟုတ်ချေ။
ဤကဲ့သို့ ကြီးမားကျယ်ပြန့်လှသော သဘာဝတရားကြီး၏ စွမ်းအားကြီးရှေ့မှောက်တွင် အစွမ်းထက်လှသော သိုင်းပညာရှင်များပင်လျှင် သေးငယ်လွန်းလှပေသည်။
"အရှင်မင်းကြီး၊ မျိုးနွယ်ခြားဘုရင် ပြောတာ တကယ်ကို မှန်ကန်နေပါတယ်။ အကယ်၍ ဒီဧရာမနှင်းမုန်တိုင်းကြီးကသာ ဆက်လက်ပြီးဖြစ်ပေါ်နေဦးမယ်ဆိုရင် တောင်ပိုင်းဒေသတွေဟာလည်း ဒီနေရာကြီးလိုမျိုးပဲ ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး၊ အင်ပါယာတွေအားလုံးဟာလည်း ပြိုကွဲပျက်စီးသွားရပါလိမ့်မယ်"
ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ ပိလဲ့လီမှာ ခေါင်းကိုလှည့်ကာ ဝူဆူမစ်ရှ် ခါဂန်းကို တိုးတိုးလေး ပြောလိုက်တော့သည်။
တာ့ခ်မြက်ခင်းပြင်ကြီးနှင့် တောင်ပိုင်းဒေသတွေတွင် နှင်းမုန်တိုင်းကြီးများ ကျရောက်နေခဲ့သည်ဆိုသော်ငြားလည်း အပူချိန် အလွန်အမင်းနိမ့်ကျနေပြီး ခိုလှုံစရာနေရာ မရှိခဲ့ချေ။ ယိုကျိုးတွင်ရှိသကဲ့သို့ အအေးဒဏ်ကို ခုခံကာကွယ်ပေးနိုင်သော ဧရာမဝင်္ကပါကြီးလည်း မရှိခဲ့ချေ။ နွားများ၊ မြင်းများအပါအဝင် ထိပ်တန်းမြင်းတပ်များ အားလုံးမှာလည်း အေးခဲသေဆုံးသွားခဲ့ရသည်ဆိုသော်ငြားလည်း။
သို့သော် ထိုနေရာများနှင့် သူတို့ ယခုလက်ရှိ ရောက်ရှိနေသောနေရာကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက စာဖွဲ့၍ပင်မရနိုင်လောက်အောင် ကွာခြားလွန်းလှပေသည်။
ဤနှစ်ခုမှာ အဆင့်အတန်းတူညီသော အခြေအနေမျိုး လုံးဝမဟုတ်ချေ။
ဤနေရာ၏ မြင်ကွင်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အခါမှသာလျှင် အစစ်အမှန် စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲကို အပြည့်အဝ ခံစားသိရှိသွားတော့သည်။
အကယ်၍ ယိုကျိုးမှနေ၍ စတင်ထွက်ခွာလာခဲ့သည့်အချိန်က လူတိုင်းမှာ ဝမ်ချောင်နှင့်အတူတူ လိုက်ပါလာခဲ့ရခြင်း၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ နိုင်ငံအသီးသီးမှာ မဟာထန်၏လက်အောက်သို့ အညံ့ခံထားခဲ့ရပြီးဖြစ်သောကြောင့် မတတ်သာသည့်အဆုံးတွင် လိုက်ပါလာခဲ့ရခြင်းသာလျှင်ဖြစ်သည်ဟု ဆိုပါက…
ယခုအချိန်တွင် လူတိုင်းမှာ ဤနေရာ၏ဆိုးရွားပြင်းထန်လှသော အအေးဒဏ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အခါတွင်မူ လူတိုင်း၏ရင်ထဲရှိ တွေးတောမှန်းဆချက်များမှာ မသိစိတ်အရပင်လျှင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
အကယ်၍ နှင်းမုန်တိုင်းကြီးတွေကသာ ဆက်လက်ပြီးဖြစ်ပေါ်နေဦးမယ်ဆိုရင် မျက်စိရှေ့မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးက တောင်ပိုင်းမှာရှိတဲ့ နိုင်ငံအသီးသီးအားလုံးဆီကို သေချာပေါက် ကျရောက်လာတော့မှာပဲ။ အဲဒီအချိန်ကျရင် တကယ်ကို ယဉ်ကျေးမှုလူ့အဖွဲ့အစည်းတွေအားလုံး ပြိုကွဲပျက်စီးသွားတဲ့အချိန်ပဲ၊ ဘယ်အင်ပါယာကမှ အသက်ရှင်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး
အသိုက်ပြိုသွားရင် ဥတွေ ဘယ်လိုလုပ်ပြီး လုံခြုံနိုင်တော့မှာလဲ
ယခုအချိန်တွင် ဝမ်ချောင်၏ အမိန့်ပေးညွှန်ကြားမှုများနှင့် စီစဉ်ညွှန်ကြားမှုများ မရှိဘူးဆိုလျှင်တောင်မှ လူတိုင်း၏ရင်ထဲ၌ မဖြစ်မနေ အလျင်စလိုလုပ်ဆောင်ရမည့် ခံစားချက်လေးတစ်ခုကို ခံစားလိုက်ရပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤကြီးမားလှသော ကပ်ဘေးကြီးကို ရပ်တန့်နိုင်ရန်အတွက် သေချာပေါက် နည်းလမ်းရှာဖွေရမည်သာလျှင်ဖြစ်သည်။
လူတိုင်း၏ရင်ထဲ၌ လေးလံနေခဲ့ပြီး ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြတော့သည်။
နောက်ထပ် ဆယ်ရက်ကျော် အချိန်ကာလ၏အတွင်း၌ ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းနေသော ဖြူဖွေးသည့်နှင်းပွင့်များမှလွဲ၍ အခြားဘာကိုမျှ မမြင်တွေ့ခဲ့ရချေ။ လေအေးများနှင့် နှင်းမုန်တိုင်းကြီးများမှလွဲ၍ အဆုံးအစမရှိ အထီးကျန်ဆန်မှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုကြီးသာလျှင် ကျန်ရှိနေတော့ရာ ကျန်းချိုးကျန့်ချုံး ၊ ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်းနှင့် အခြားသောလူများအားလုံးမှာလည်း များစွာတိတ်ဆိတ်သွားခဲ့ကြပြီ ဖြစ်သည်။
ဤကမ္ဘာကြီး၏အတွင်း၌ လူတိုင်းမှာ စွန့်ပစ်ခံလိုက်ရသည့်အလား ပင်ဖြစ်နေတော့သည်။ သူတို့မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ချေ။
လျင်မြန်စွာပင် လူတိုင်းမှာ နောက်ဆုံးတွင် မြောက်ဝင်ရိုးစွန်း၏သစ်တောကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဤနေရာ၏ အပူချိန်မှာ ရုတ်တရက် အပြင်းအထန် ကျဆင်းသွားခဲ့ပြီး လေထုကိုပင်လျှင် အေးခဲသွားစေတော့သည်။
လူတိုင်းက ဤကဲ့သို့ပင် အလျင်စလို ဆက်လက်ထွက်ခွာသွားပြီး မြောက်ဝင်ရိုးစွန်း၏အဆုံးသို့ ရောက်ရှိသည်အထိ သွားရောက်လိမ့်မည်ဟု ထင်မှတ်နေခဲ့ကြသည့် အချိန်လေးအတွင်းမှာပင် တွေးတောမှန်းဆမထားမိစေမည့်ကိစ္စမှာ ဝမ်ချောင်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။
"မျိုးနွယ်ခြားဘုရင်... ဒါက..."
ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ရှီဘုရင်မနှင့် အခြားသောလူများအားလုံးမှာ ခေါင်းကိုလှည့်ကာ ဝမ်ချောင်ကို လှမ်းကြည့်လိုက်ကြပြီး မျက်ဝန်းထဲ၌ အံ့ဩသွားသောအရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
"လူတစ်ယောက်ကို စောင့်နေတာ"
ဝမ်ချောင်၏ မျက်နှာအမူအရာမှာ အေးစက်ပြတ်သားနေခဲ့ပြီး စကားတစ်ခွန်းတည်းဖြင့် ရှင်းလင်းစွာ ဖြေကြားလိုက်တော့သည်။
"လူတစ်ယောက်ကို စောင့်နေတာလား"
လူတိုင်းမှာ ချက်ချင်းပင် တွေဝေငေးမောသွားကြတော့သည်။ ဤကဲ့သို့ နှင်းမုန်တိုင်းကြီးများ အပြည့်အဝဖုံးလွှမ်းနေပြီး အရာရာတိုင်း အေးခဲသေဆုံးနေသော ကမ္ဘာကြီး၏အတွင်း၌ ဝမ်ချောင်က ဘယ်သူ့ကိုများ စောင့်ဆိုင်းနေရသနည်း။
အစပိုင်းတွင် လူတိုင်းအနေဖြင့် ခံစားသိရှိနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် လျင်မြန်စွာပင် လူတိုင်းမှာ ကွဲပြားခြားနားနေသောအရာတစ်ခုကို ရုတ်တရက် ခံစားသိရှိလိုက်ရတော့သည်။ လူတိုင်း၏ အာရုံခံစားမှုအတွင်း၌ လေဆင်နှာမောင်းကြီးများအလား အစွမ်းထက်လှသော အရှိန်အဝါကြီးအချို့မှာ ဤဧရာမကုန်းမြေကြီး၏အတွင်း၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တစ်ဖက်လူကလည်း လူတိုင်းကို ရှာဖွေတွေ့ရှိသွားသည့်အလား ဤနေရာရှိရာအရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာနေတော့သည်။
လေထုတစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အပြည့်အဝ တင်းမာသွားတော့သည်။
နိုင်ငံအသီးသီးမှ ထိပ်တန်းအစွမ်းထက်သိုင်းပညာရှင်များအားလုံး၊ ဤနေရာသို့ ရောက်ရှိလာနိုင်စွမ်းရှိသူများအားလုံးမှာ ယေဘုယျအားဖြင့် ဤနေရာတွင် အားလုံးရှိနေကြပြီ ဖြစ်သည်။
ထို့ပြင် ဝမ်ချောင်က လူတစ်ယောက်ကို စောင့်နေသည်ဟုသာ ပြောဆိုခဲ့ပြီး ရန်သူလား၊ မိတ်ဆွေလားဆိုတာကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိချေ
"အဲဒီ ဝတ်ရုံမည်းဝတ်လူတွေများ ဖြစ်နေမလား"
ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်းနှင့် အခြားသောလူများ၏ရင်ထဲ၌ ရုတ်တရက် တုန်လှုပ်သွားခဲ့ကြပြီး မသိစိတ်အရပင်လျှင် ထိုဝတ်ရုံမည်းဝတ်လူများကို တွေးတောလိုက်မိကြတော့သည်။
အခြားလူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုဝတ်ရုံမည်းဝတ်လူများမှာ ဤနေရာတွင် ပေါ်လာနိုင်ချေ အများဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာမှာ မူလကတည်းက သူတို့၏ပိုင်နက်နယ်မြေကြီး ပင်မဟုတ်ပါလား။
ဝမ်ချောင်က သူတို့၏အရှိန်အဝါများကို ကြိုတင်ခံစားသိရှိလိုက်ရလို့သာလျှင် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လူတိုင်း၏ရင်ထဲ၌ အံ့ဩထိတ်လန့်နေကြပြီး သံသယများဝင်နေကြသည့် အချိန်လေးအတွင်းမှာပင် ဝမ်ချောင်၏ ကိုယ်တွင်းမှနေ၍ ဂန်ချီစွမ်းအင်များ ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ပြီး ထိုငွေရောင်အလင်းတန်း အကာအကွယ်ကြီးမှာ ထိုအစွမ်းထက်လှသော အရှိန်အဝါကြီးအချို့ရှိရာ အရပ်ဆီသို့ လျင်မြန်စွာဖြင့် ပြေးထွက်သွားတော့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်၏ ငွေရောင်အလင်းတန်း အကာအကွယ်ကြီးမှာ တစ်ချက်လှုပ်ရှားသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံရိပ်နှစ်ခုကို အကာအကွယ်ကြီး၏အတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။
"တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြ"
ပိလဲ့လီမှာ မျက်နှာအမူအရာ တင်းမာစွာဖြင့် ဆိုလိုက်တော့သည်။
ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်၊ ရှီဘုရင်မနှင့် နိုင်ငံအသီးသီးမှ ဂိုဏ်းပေါင်းစုံမှ အစွမ်းထက်သိုင်းပညာရှင်များအားလုံးမှာလည်း ဓားများဆွဲထုတ်ကာ ချက်ချင်းဝင်ရောက်တိုက်ခိုက်ရန် အသင့်ပြင်ဆင်လိုက်ကြတော့သည်။
ဤဝင်ရောက်လာသော လူနှစ်ဦးမှာ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသောလူမှာ ကိုယ်ပေါ်တွင် အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားခဲ့ပြီး ခမ်းနားကြီးကျယ်လှသော အရှိန်အဝါကြီးကို ပိုင်ဆိုင်ထားကာ ထိုဝတ်ရုံမည်းဝတ်လူများနှင့် တူညီနေတော့သည်။
သူတို့က အဲဒီဝတ်ရုံမည်းဝတ်လူတွေ ဖြစ်နေမလားမသိဘူးလေ..
"ဆရာ၊ ရွာသူကြီး "
သို့သော် ထိုအချိန်မှာပင် ဝမ်ချောင်၏အသံမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။
"ဆရာ"
ဝမ်ချောင်က ထိုလူနှစ်ဦးကို ခေါ်ဝေါ်လိုက်သော အမည်နာမများကို ကြားလိုက်ရသည့်အခါ ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ လူတိုင်းမှာ ချက်ချင်းပင် တွေဝေကြောင်အသွားကြတော့သည်။
(ဘာသာပြန်သူ- အခန်း ၂၂၆၄နဲ့ အခန်း ၂၂၆၅က စာတူနေပါတယ်။ မူရင်းစာရေးသူ၊ စာမှာကိုက စာတူနေတာပါ)
******