← Chapters

အခန်း ၂၂၆၆

Vol. 141 Ch. 2266

အခန်း ၂၂၆၆

Vol. 141 Ch. 2266

အခန်း (၂၂၆၆) ရှေးဟောင်း သားရဲကြီး၊ ဟို့

"အားလုံးပဲ သတိထားကြပါ၊ ငါတို့ အခု သူတို့ရဲ့ အသိုက်အမြုံနဲ့ မဝေးတော့တဲ့ နေရာကို ရောက်နေပြီလို့ ထင်ရတယ်"

ထိုအချိန်မှာပင် ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ ယွန်းဂျယ်စိုးမွန်းမှာ သူ၏ကျောဘက်တွင် လွယ်ထားသော အနက်ရောင်ဓားရှည်အချို့ကို ချွင်ခနဲမြည်သံနှင့်အတူ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဆွဲထုတ်လိုက်တော့သည်။

ယွန်းဂျယ်စိုးမွန်း၏ စွမ်းရည်မှာ ဝမ်ချောင်လောက် မစွမ်းမထက်နိုင်ဘူးဆိုသော်ငြားလည်း ဂိုဂူလျော အင်ပါယာကဲ့သို့သော ရှုပ်ထွေးလှသည့် ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာခဲ့ရသူဖြစ်ရာ ယွန်းဂျယ်စိုးမွန်းမှာ ငယ်ရွယ်စဉ်ကတည်းက သွေးနှင့်မီးတောက်များကြားတွင် အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်လှုပ်ရှားခဲ့ရသူဖြစ်သည်။

သူ၏တစ်ဘဝတာလုံးမှာ စစ်ပွဲများ၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများနှင့် သတ်ဖြတ်မှုမျိုးစုံတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ဤကဲ့သို့သော အတွေ့အကြုံများကြောင့် ယွန်းဂျယ်စိုးမွန်းတွင် အလွန်ထက်မြက်လှသော၊ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သည့် အာရုံခံစားမှုတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

များသောအားဖြင့် အန္တရာယ်မကျရောက်လာမီ သူသည် ကြိုတင်၍ သိမြင်ခံစားနိုင်စွမ်းရှိပြီး ဤအာရုံခံစားမှုကပင် သံမဏိခံတပ်ကြီးတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ကောင်းလှသည့် ဧရာမပေါက်ကွဲမှုကြီးမှ သူ့ကို အသက်ရှင်လွတ်မြောက်စေရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။

ဧရာမ လျှပ်စီးမုန်တိုင်းကြီး ပေါ်ထွက်လာသည့်အချိန်တွင် ယွန်းဂျယ်စိုးမွန်း၏ ရင်ထဲ၌ ဒိတ်ဒိတ်တုန်သွားခဲ့ပြီး ထိုရင်းနှီးကျွမ်းဝင်နေသော အန္တရာယ်၏အရိပ်အယောင်ကို နောက်တစ်ကြိမ် ထပ်မံ၍ ခံစားလိုက်ရပြန်သည်။

ထို့ပြင် ဧရာမ လျှပ်စီးမုန်တိုင်းကြီး၏အတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကို ကြည့်ခြင်းအားဖြင့် သူတို့သည် သွားရောက်လိုသောနေရာနှင့် မဝေးတော့ဘူးဆိုသည်မှာ သေချာလှပေသည်။

"ဟားဟားဟား၊ အသက်ရှင်ရတာကို ငြီးငွေ့နေတဲ့ ပုရွက်ဆိတ်တစ်အုပ်စုက ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ နယ်မြေကို ဝင်ရောက်လာရဲတယ်ပေါ့"

"မင်းတို့တွေက သေဖို့ အလျင်လိုနေတယ်ဆိုမှတော့ ငါကလည်း ဖြည့်ဆည်းပေးရမှာပေါ့"

ပြောရမည်ဆိုလျှင် အလွန်အမင်း လျင်မြန်လွန်းလှသည်။ ယွန်းဂျယ်စိုးမွန်း၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းအနေဖြင့် ပြန်လည်တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီ ရုတ်တရက် ကောင်းကင်ယံတွင် လေပြင်းများတိုက်ခတ်လာပြီး တိမ်တိုက်များ လိပ်တက်လာကာ ပြင်းထန်လှသော လျှပ်စီးလက်သံများနှင့်အတူ ကျယ်လောင်လှသော ရယ်မောသံကြီးတစ်ခုမှာ လျှပ်စီးမုန်တိုင်းကြီး၏ အနက်ရှိုင်းဆုံးနေရာမှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထိုအသံကြီးမှာ အလွန်ကျယ်လောင်လွန်းလှပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးရှိ လေစီးကြောင်းများပါ လိုက်ပါ၍ ပြင်းထန်စွာ လှုပ်ရှားလာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း၏မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"သူတို့ ရှာတွေ့သွားပြီ"

မိစ္ဆာဧကရာဇ် အဘိုးအို၏ မျက်နှာအမူအရာမှာ တည်ကြည်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အသင့်အနေအထားပြင်ထားကာ တိုက်ခိုက်ရန် ချက်ချင်း အသင့်ပြင်ဆင်လိုက်တော့သည်။

တစ်ဖက်လူ၏ စွမ်းရည်ကိုကြည့်မည်ဆိုပါက သာမန်လူတစ်ယောက် လုံးဝမဟုတ်ချေ။ လူတိုင်းအနေဖြင့် မြောက်ဘက်သို့ ချီတက်လာစဉ်တစ်လျှောက်လုံးတွင် ခြေရာလက်ရာများကို တတ်နိုင်သမျှ အစွမ်းကုန် ဖုံးကွယ်ထားခဲ့သည်ဆိုသော်ငြားလည်း အကယ်၍ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်မှာ ထိုက်ရှီ၏ အဆင့်သို့ အမှန်တကယ် ရောက်ရှိနေမည်ဆိုပါက လူတိုင်းအနေဖြင့် မည်မျှပင် ဖုံးကွယ်ထားပါစေ တစ်ဖက်လူကို လှည့်စားနိုင်ရန် လုံးဝမဖြစ်နိုင်ချေ။

မြောက်ဝင်ရိုးစွန်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာမှသာလျှင် တစ်ဖက်လူ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရသည်မှာ အလွန်အမင်း ကောင်းမွန်လှပေပြီ

"မစိုးရိမ်ကြပါနဲ့၊ တစ်ဖက်လူရဲ့ မူလခန္ဓာကိုယ်က ဒီနေရာမှာ ရှိမနေပါဘူး။ အဝေးကနေ အသံပို့လွှတ်လိုက်တာ သက်သက်ပါပဲ"

ဝမ်ချောင်၏ မျက်ဝန်းများမှာ နှင်းများအလား ဖြူဖွေးတောက်ပသွားခဲ့ပြီး သူ၏စူးရှလှသော အကြည့်များမှာ ငွေရောင်အလင်းတန်း အကာအကွယ်ကြီးကို ဖောက်ထွင်း၍ လျှပ်စီးမုန်တိုင်းကြီး၏ အနက်ရှိုင်းဆုံးနေရာအထိ လှမ်းကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်လူကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။

ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်သိုင်းပညာရှင်တစ်ဦးအနေဖြင့် ဝမ်ချောင်သည် ဟင်းလင်းပြင်၏ အခြေခံသဘောတရားကို တိုက်ရိုက် ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပေသည်။

လျှပ်စီးမုန်တိုင်းကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်ဖက်လူ ချန်ရစ်ထားခဲ့သော အရှိန်အဝါတစ်စုသာလျှင် ရှိနေပြီး မူလခန္ဓာကိုယ်မှာ ဤနေရာတွင် လုံးဝရှိမနေချေ။

"ဝမ်ချောင်၊ မင်း မလာရင်လည်း ပြီးတာပဲ။ လာခဲ့ပြီဆိုမှတော့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ လုံးဝ မစဉ်းစားနဲ့တော့။ ငါ့ကို ထိုက်ရှီလို့များ ထင်နေတာလား"

ထိုကျယ်လောင်ပြီး ခမ်းနားလှသော အသံကြီးမှာ နောက်တစ်ကြိမ် ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ ဝမ်ချောင်၏အသံကို ကြားလိုက်ရပုံရပြီး ဝမ်ချောင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သူ့ကို ဂရုစိုက်မနေနဲ့၊ သူ့ရဲ့ မူလခန္ဓာကိုယ်က သေချာပေါက် မဝေးတော့တဲ့ နေရာမှာပဲ ရှိရမယ်။ မြန်မြန် ရှေ့ဆက်ကြစို့"

ဝမ်ချောင်က တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တစ်ချက်လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာပင် လူတိုင်းကိုဦးဆောင်၍ ရှေ့သို့ ပြေးထွက်သွားတော့သည်။

သို့သော် လူတိုင်းအနေဖြင့် ရှေ့သို့ သိပ်မဝေးလှသော နေရာအထိပင် မရောက်ရှိသေးမီ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းတမ်းမှုများ၊ သတ်ဖြတ်လိုစိတ်များ အပြည့်အဝပါဝင်နေသော ဟိန်းဟောက်သံကြီးတစ်ခုမှာ အဝေးမှနေ၍ လူတိုင်း၏နားထဲသို့ ဝင်ရောက်လာတော့သည်။

"ဝူးးး"

ဤအသံကြီးကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏မျက်လုံးများ တစ်ချက်လှုပ်ရှားသွားခဲ့ပြီး ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

ဝုန်း

ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လူတိုင်း၏ အကြည့်များရှေ့မှာပင် ဧရာမ နှင်းလေဆင်နှာမောင်းကြီးများမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား အရပ်လေးမျက်နှာမှနေ၍ လူတိုင်းရှိရာအရပ်ဆီသို့ ရုတ်တရက် စုရုံးရောက်ရှိလာကြတော့သည်။

ဒိုင်း

နောက်တစ်ခဏတွင် လူတိုင်း၏အကြည့်များရှေ့မှာပင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ဧရာမ ငွေရောင်ပုံရိပ်ကြီးတစ်ခုမှာ ဧရာမ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ ရုတ်တရက် ခုန်ထွက်လာခဲ့ကာ ဧရာမ ကျောက်တုံးကြီးတစ်ခုအလား ကောင်းကင်ယံမှနေ၍ ကျဆင်းလာပြီး လူတိုင်း၏ရှေ့မှောက်သို့ ပျံသန်းဆင်းသက်လာတော့သည်။

၎င်းမှာ အလွန်ထူးဆန်းလှသော သက်ရှိသတ္တဝါတစ်ကောင်ဖြစ်ပြီး ခြေလက်လေးဖက်စလုံး မြေကြီးနှင့်ထိကာ လမ်းလျှောက်သော်လည်း အရပ်အမြင့်မှာ လူခုနစ်ယောက်၊ ရှစ်ယောက်စာခန့် ရှိပေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူထဲလှသော နှင်းများအလား ဖြူဖွေးနေသည့် ငွေရောင်အမွေးအမှင်များ ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်မှာလည်း အလွန်အမင်း တောင့်တင်းခိုင်မာသည့်ပုံစံ ပေါက်နေတော့သည်။

သူ၏နောက်ခြေနှစ်ဖက်မှာ တိုတောင်းသော်လည်း ရှေ့လက်နှစ်ဖက်မှာမူ ဂေါ်ရီလာမျောက်ဝံကြီးများအလား တုတ်ခိုင်အစွမ်းထက်လှပြီး ဧရာမ တိုင်လုံးကြီးနှစ်တိုင်အလား ပင်ဖြစ်နေတော့သည်။

အထူးဆန်းဆုံးအချက်မှာ သူ၏ခေါင်းပေါ်တွင် ခြောက်ပေခန့်ရှည်လျားသော ယုန်နားရွက်ကြီး နှစ်ဖက် ပေါက်နေခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာများအားလုံးက သူ၏ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းတမ်းလှသော မူလသဘာဝကို ဖုံးကွယ်ထားနိုင်စွမ်း လုံးဝမရှိချေ။

ဤထူးဆန်းလှသော သက်ရှိသတ္တဝါကြီးမှာ မြေကြီးပေါ်သို့ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထားကို ပြင်ဆင်လိုက်တော့သည်။

သူ၏ သွေးစွန်းနေသော ပါးစပ်ကြီးအတွင်း၌ ရှုပ်ထွေးစွာ ယှက်နွယ်နေပြီး အလွန်အမင်း ထက်မြက်လှသော အစွယ်များ ပြည့်နှက်နေကာ ဟိန်းဟောက်သံများနှင့်အတူ မရေမတွက်နိုင်သော သွားရည်များမှာ ထိုထက်မြက်လှသော အစွယ်များမှနေ၍ အဆက်မပြတ် စီးကျလာနေတော့သည်။

သွားရည်များမှာ မြေကြီးပေါ်သို့ ကျဆင်းသွားခဲ့သော်လည်း ရေခဲအဖြစ်သို့ ပြောင်းလဲသွားခြင်းမရှိဘဲ တဂျစ်ဂျစ်မြည်သံများထွက်ပေါ်လာကာ ရေခဲပြင်ကြီးဖြင့် ဖွဲ့စည်းထားသော မြေကြီးပေါ်တွင် ဧရာမအပေါက်ကြီးများ ဖြစ်သွားတော့သည်။

ဤသက်ရှိသတ္တဝါကြီး၏ ခန္ဓာကိုယ်အရည်များတွင် အလွန်အမင်း ပြင်းထန်လှသော အဆိပ်များ ပါဝင်နေသည်မှာ သိသာထင်ရှားလှပေသည်။

"ဒါက ဘာ ကောင်ကြီးလဲ"

နှင်းလေဆင်နှာမောင်းကြီးအတွင်းမှ ခုန်ထွက်လာသော ဤသတ္တဝါကို ကြည့်ရင်း ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်းရှိ လူတိုင်း၏မျက်နှာများမှာ အံ့ဩထိတ်လန့်သွားကြတော့သည်။

ဤငွေရောင်သတ္တဝါ၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်နိုင်စွမ်းရှိသော စွမ်းအားများ ပြည့်နှက်နေပြီး အလွန်အမင်း အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းရှိသည်ကို လူတိုင်း ခံစားသိရှိနိုင်ပေသည်။

"ဒါက ဟို့ပဲ"

ထိုအချိန်မှာပင် ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏ အတွင်းမှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝူရှန်းရွာသူကြီးမှာ ရှေ့မှောက်ရှိ ထူးဆန်းလှသော သတ္တဝါကိုကြည့်ကာ ရုတ်တရက် ပြောလိုက်တော့သည်။

"ငါတို့ ဝူရှန်းရွာမှာ ရှေးခေတ်ကတည်းက ကျန်ရစ်နေခဲ့တဲ့ ရှေးဟောင်းစာအုပ်အချို့ ရှိပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ဒီသတ္တဝါတွေအကြောင်း မှတ်တမ်းတင်ထားတာ ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီသတ္တဝါတွေဟာ ရှေးခေတ်ကာလကတည်းက မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီလို့ ဆိုထားပေမဲ့ အခုလိုမျိုး ဆက်ပြီးတည်ရှိနေသေးတယ်ဆိုတာကို လုံးဝ မထင်မှတ်ထားခဲ့ဘူး"

ဝူရှန်းရွာသူကြီးမှာ တည်ကြည်လေးနက်စွာဖြင့် ဆိုလိုက်သည်။

ဝူရှန်းရွာတွင် အပြင်ဘက်၌ လုံးဝမရှိနိုင်သော၊ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် ရှေးဟောင်းစာအုပ်များစွာ ရှိပေသည်။ အချို့သော စာအုပ်များမှာ မည်သည့်နေရာမှ ရောက်ရှိလာသနည်းဆိုတာကို ဝူရှန်းရွာသူကြီးကိုယ်တိုင်ပင်လျှင် ရှင်းလင်းစွာ မပြောပြနိုင်ချေ။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်ဟုသာ သိရှိထားပြီး သူ မမွေးဖွားမီ အစောကြီးကတည်းက ထိုအရာများ ရှိနေခဲ့ခြင်းဖြစ်သည်။

သူတို့၏ရှေ့မှောက်တွင်ရှိနေသော ဤသတ္တဝါမှာ ဝူရှန်းရွာ၏ ရှေးဟောင်းစာအုပ်တစ်အုပ်တွင် ရေးဆွဲထားသော ဟို့၏ပုံနှင့် တစ်ထပ်တည်း တူညီနေတော့သည်။

"ရွာသူကြီး၊ သေချာရဲ့လား"

ဝမ်ချောင်မှာ ရှေ့သို့သာ လှမ်းကြည့်နေခဲ့ပြီး ခေါင်းကိုပင် နောက်သို့ မလှည့်ဘဲ မေးမြန်းလိုက်သည်။

ဝူရှန်းရွာသူကြီးမှာ စကားမပြောဆိုတော့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

"ငါ သွားပြီး ကိုင်တွယ်လိုက်မယ်"

ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျားရေသားမွေးအင်္ကျီကို ဝတ်ဆင်ထားသော ခီတန်ဘုရင်မှာ ဓားနှစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဤသတ္တဝါကို သတ်ဖြတ်ရန်အတွက် ရှေ့သို့ ပြေးထွက်သွားတော့သည်။

ခီတန်လူမျိုးများမှာ အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အမဲလိုက်ခြင်းကို ဂုဏ်ယူဝင့်ကြွားစရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ သူ၏ရှေ့မှောက်ရှိ ဤသတ္တဝါမှာ ခီတန်ဘုရင်ကို နောက်ဆုတ်သွားစေရန် မစွမ်းဆောင်နိုင်သည့်အပြင် သူ၏တိုက်ခိုက်လိုစိတ်များကိုပင် ပိုမို၍ နှိုးဆွပေးလိုက်ခြင်းဖြစ်သည်။

အကယ်၍ ဤသတ္တဝါကို သတ်ဖြတ်နိုင်ပြီး မျိုးနွယ်စုအတွင်းသို့ ပြန်လည်သယ်ဆောင်သွားနိုင်မည်ဆိုပါက အလွန်အမင်း ကြီးမားလှသော ဂုဏ်ကျက်သရေတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။

ပို၍အရေးကြီးသောအချက်မှာ အင်ပါယာ ထိပ်တန်းဗိုလ်ချုပ် အဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ခီတန်ဘုရင်သည် ဤသတ္တဝါကို မသတ်ဖြတ်နိုင်ဘူးဆိုသည်ကို လုံးဝ မယုံကြည်ခြင်းဖြစ်သည်။

"ခဏလောက် စောင့်ဦး"

ခီတန်ဘုရင် ပြေးထွက်သွားတော့မည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏မျက်ဝန်းထဲ၌ အေးစက်သောအလင်းတန်းတစ်ခု လက်သွားခဲ့ပြီး ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ ခီတန်ဘုရင်ကို ဖမ်းဆွဲထားလိုက်တော့သည်။

"ဝူးးးး"

တစ်ချိန်တည်းမှာပင် လေးဘက်လေးလံရှိ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ သားရဲကြီးများ၏ ဟိန်းဟောက်သံကြီးများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ဒုန်းးးဒုန်းးးး ဒုန်းးးး…

ခီတန်ဘုရင်၏ အံ့ဩထိတ်လန့်နေသော အကြည့်များရှေ့မှာပင် နှစ်ကောင်၊ သုံးကောင်၊ လေးကောင်... အဆက်မပြတ်များပြားလှသော ဟို့များမှာ ဘေးပတ်ဝန်းကျင်ရှိ ဧရာမ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ ရုတ်တရက် ခုန်ဆင်းလာကြတော့သည်။

တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် လူတိုင်း၏ ဘေးပတ်ဝန်းကျင်တွင် ဧရာမခန္ဓာကိုယ်ကြီးများကို ပိုင်ဆိုင်ထားကြသော ဟို့ ရာပေါင်းများစွာမှာ စုရုံးရောက်ရှိလာကြတော့သည်။

"ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ခီတန်ဘုရင်မှာ မထိန်းနိုင်တော့ဘဲ ရေရွတ်လိုက်မိပြီး ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားတော့သည်။ အခြားသောလူများမှာလည်း အတူတူပင်ဖြစ်ကြတော့သည်။

ဟို့ များ၏ စွမ်းရည်မှာ သိပ်ပြီးမစွမ်းထက်နိုင်ပါချေ။ လူတိုင်း၏ စွမ်းရည်များနှင့်ဆိုပါက လူတစ်ယောက်လျှင် တစ်ကောင်စီ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပေသည်။ သို့သော် ရာပေါင်းများစွာသော ဟို့ များ ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်မည့် အနေအထားမျိုး လုံးဝမဟုတ်ချေ။

ထို့ပြင် သူတို့အားလုံးမှာ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ ခုန်ဆင်းလာကြခြင်းဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ဤကဲ့သို့သော အလွန်အမင်း အေးခဲလှသည့် ရာသီဥတုမျိုးနှင့် အသားကျနေသော ရေခဲစွမ်းအင်သုံး သက်ရှိများ ဖစ်ကြောင်း သိသာထင်ရှားလှပေသည်။

ဤနေရာမှာ သူတို့၏ ပိုင်နက်နယ်မြေဖြစ်ပြီး သူတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လူတိုင်းအတွက်မူ ထိုမျှလောက် အဆင်ပြေချောမွေ့မှုမျိုး လုံးဝ ရှိမနေတော့ချေ။

"ဒါက မင်းတို့အတွက် ငါ ပြင်ဆင်ပေးထားတဲ့ အမြည်းဟင်းလျာလေးပဲ ရှိပါသေးတယ်။ ဒီနေရာကို ကျော်ဖြတ်နိုင်မှပဲ ဆက်ပြောကြတာပေါ့"

ထိုအချိန်မှာပင် လျှပ်စီးမုန်တိုင်းကြီး၏ အနက်ရှိုင်းဆုံးနေရာမှနေ၍ ထိုကျယ်လောင်လှသော အသံကြီးမှာ နောက်တစ်ကြိမ် ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

ဤအသံကြီးနှင့်အတူ မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပိုမိုများပြားလှသော ရှေးဟောင်း ဟို့ များမှာ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ ခုန်ဆင်းလာကြပြန်သည်။

ဤရှေးဟောင်း သားရဲကြီးများမှာ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏သွေးရောင်လွှမ်းနေသော မျက်ဝန်းကြီးများဖြင့် ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏ အတွင်းရှိ လူတိုင်းကို ပစ်မှတ်ထားကာ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ခုန်ထွက်လာကြပြီး လူတိုင်းရှိရာအရပ်ဆီသို့ လျှပ်စီးတန်းများအလား ပြေးဝင်လာကြတော့သည်။

"တိုက်ကြစို့"

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး လျင်မြန်စွာပင် လူတိုင်းကိုဦးဆောင်၍ ရှေ့မှောက်ရှိ ရှေးဟောင်း သားရဲကြီးများကို ဝင်ရောက်တိုက်ခိုက်ရန် ပြေးထွက်သွားတော့သည်။

"သတ်"

ဤအခိုက်အတန့်၌ လူတိုင်းမှာ ဤတစ်ကြိမ် မြောက်ဝင်ရိုးစွန်းခရီးစဉ်၏ အစစ်အမှန် စမ်းသပ်မှုကြီးမှာ စတင်ရောက်ရှိလာပြီဖြစ်ကြောင်းကို အပြည့်အဝ နားလည်သဘောပေါက်သွားကြတော့သည်။

ဝူဆူမစ်ရှ် ခါဂန်း ၊ ပိလဲ့လီ၊ ခီတန်ဘုရင်၊ ရှီဘုရင်မ၊ ယွန်းဂျယ်စိုးမွန်းနှင့် ဂိုဏ်းပေါင်းစုံမှ အစွမ်းထက်သိုင်းပညာရှင်များအားလုံး အပါအဝင် ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်နှင့် ကျန်းရှို့ကွေးတို့အားလုံးမှာ မိမိတို့၏ ကိုယ်ပိုင်လက်နက်များကို အသီးသီးဆွဲထုတ်လိုက်ကြပြီး ဝမ်ချောင်နှင့်အတူ ရှေ့မှောက်ရှိ ဟို့ အုပ်ကြီးထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။

ဖျပ်ခနဲမြည်သံနှင့်အတူ ဝူဆူမစ်ရှ် ခါဂန်းမှာ ရှေ့ဆုံးမှနေ၍ ပြေးထွက်သွားခဲ့ပြီး ရှေးဟောင်း ဟို့ တစ်ကောင်၏ ရင်ဘတ်ပေါ်သို့ ဓားဖြင့် အပြင်းအထန် ခုတ်ချလိုက်ရာ ဓားသွား အရာမှနေ၍ သွေးများ ရုတ်တရက် ပန်းထွက်လာတော့သည်။ ဝူဆူမစ်ရှ် ခါဂန်း၏ ဤဓားချက်မှာ ရှေးဟောင်း သားရဲကြီး၏ အသားစများကို တိုက်ရိုက် ခွဲထုတ်ပစ်လိုက်ပြီး ဖြူဖွေးနေသော အရိုးများကိုပင် ထွက်ပေါ်လာစေတော့သည်။

တစ်ဖက်တွင် ယွန်းဂျယ်စိုးမွန်းနှင့် ခီတန်ဘုရင်တို့မှာလည်း ခုန်ထွက်သွားကြပြီး ရှေးဟောင်း သားရဲကြီးများကို အသီးသီး ဝင်ရောက်တိုက်ခိုက်လိုက်ကြရာ ဓားချက်တစ်ချက်တည်းဖြင့်ပင် ရှေးဟောင်း သားရဲကြီးနှစ်ကောင်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းပစ်လိုက်တော့သည်။

အစွမ်းရည်အနည်းဆုံးဖြစ်သော ရှီဘုရင်မပင်လျှင် အလွန်အမင်း ထက်မြက်လှသော ရေခဲဆူးချွန်များကို ဖန်တီး၍ ရှေးဟောင်း သားရဲကြီးတစ်ကောင်၏ မျက်လုံးအတွင်းသို့ အပြင်းအထန် ထိုးသွင်းလိုက်တော့သည်။

ဤနေရာတွင် ရောက်ရှိလာပြီး ဤစစ်ဆင်ရေးတွင် ပါဝင်ခွင့်ရသူများအားလုံးမှာ ယခုလက်ရှိ ထိပ်တန်းအစွမ်းထက်ဆုံးသော သိုင်းပညာရှင်များသာလျှင် ဖြစ်ကြသည်။ ခွန်အား၊ တုံ့ပြန်မှု၊ လျင်မြန်မှု၊ ဒါမှမဟုတ် တိုက်ခိုက်ရေး ကျွမ်းကျင်မှုပိုင်းတွေမှာပဲဖြစ်ဖြစ် ဤလူများအားလုံးမှာ အမြင့်မားဆုံးသော အဆင့်တစ်ခုသို့ ရောက်ရှိနေကြပြီဖြစ်သည်။

သူတို့ကို သိုင်းပညာရှင်ခေါင်းဆောင်ကြီးများဟု ခေါ်ဆိုမည်ဆိုပါက သူတို့၏ အဆင့်အတန်းကို နှိမ့်ချလိုက်သလိုပင် ဖြစ်နေပေလိမ့်မည်။

ထို့ပြင် လူတိုင်း၏ကိုယ်ပေါ်တွင် ဆံပင်တစ်ပင်ကို ဖြတ်တောက်နိုင်စွမ်းရှိပြီး သံကြိုးများကို ရွှံ့စေးများအလား အလွယ်တကူ ဖြတ်တောက်နိုင်စွမ်းရှိသော နတ်ဘုရားလက်နက်များ ကိုယ်စီ ရှိနေကြသည်ဆိုတာကို ဆက်လက်ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။

ဤမြောက်ဝင်ရိုးစွန်းဒေသမှ သားရဲကြီးများမှာ မွေးရာပါ ထူးခြားသောစွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး အလွန်အမင်း ခွန်အားကြီးမားကာ ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသည်ဆိုသော်ငြားလည်း ယခုလက်ရှိ ထိပ်တန်း ခေါင်းဆောင်ကြီးများအတွက်မူ သူတို့ကို ပြင်းထန်စွာ ခြိမ်းခြောက်နိုင်ရန် အလွန်အမင်း ခက်ခဲလှပေသေးသည်။

ရွှမ်း ရွှမ်း

လေဟာနယ်ထဲတွင် သွေးရောင်အလင်းတန်းများ တစ်ချက်ပြီးတစ်ချက် လက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ငွေရောင်အလင်းတန်း အကာအကွယ်ကြီး ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဧရာမ ဟို့ ကြီးများမှာ ရွှေတောင်ကြီးများ ပြိုကျလာသည့်အလား တစ်ကောင်ပြီးတစ်ကောင် မြေကြီးပေါ်သို့ လဲကျသွားကြတော့သည်။

"သွားကြစို့၊ မြန်မြန်တိုက်ပြီး မြန်မြန်ဆုတ်ကြ၊ တိုက်ပွဲကို အချိန်ဆွဲမနေနဲ့"

ဝမ်ချောင်က အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့ပြီး အလွန်အမင်း အေးဆေးတည်ငြိမ်သော အသိဉာဏ်ကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့်အချိန်တွင်ပင် ဝမ်ချောင်မှာ ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို လုံးဝ မေ့လျော့သွားခြင်း မရှိချေ။

ဤရှေးဟောင်း သားရဲကြီးများ၏ တစ်ကောင်ချင်းစီ၏ စွမ်းရည်မှာ လူတိုင်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးဆိုသော်ငြားလည်း သတ္တဝါများ၏ အရေပြားမှာ အလွန်အမင်း ထူထဲပြီး ခွန်အားများမှာလည်း အလွန်ကြီးမားရာ သူတို့ကို သတ်ဖြတ်ရန်အတွက် လူတိုင်းအနေဖြင့် အင်အားအမြောက်အမြားကို စိုက်ထုတ်ရဦးမည်ဖြစ်သည်။

တစ်ဖက်လူက ဤနေရာတွင် ဤသားရဲကြီးများကို စီစဉ်ထားခဲ့ခြင်းမှာ သေချာပေါက် လူတိုင်း၏ စွမ်းအင်များကို ဖြုန်းတီးပစ်ရန် ရည်ရွယ်ထားခြင်း ပင်ဖြစ်သည်။

အကယ်၍ တိုက်ပွဲကိုသာ အချိန်ဆွဲနေမည်ဆိုပါက တစ်ဖက်လူ၏ ထောင်ချောက်အတွင်းသို့ အမှန်တကယ် ကျရောက်သွားတော့မည်ဖြစ်သည်။

"ဟွန့်… မင်းတို့တွေ ထွက်သွားလို့ ရမယ်ထင်နေတာလား"

လျှပ်စီးမုန်တိုင်းကြီး၏ အလယ်ဗဟိုမှနေ၍ ထိုကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်တို့၏ ရည်ရွယ်ချက်ကို သိရှိသွားသည့်အလား မြည်သံများနှင့်အတူ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် ရာပေါင်းများစွာသော ရှေးဟောင်း ဟို့ များမှာ ဘေးပတ်ဝန်းကျင်ရှိ နှင်းလေဆင်နှာမောင်းကြီးများ၏ အတွင်းမှနေ၍ ထပ်မံ ခုန်ဆင်းလာကြပြန်သည်။

ယခင်အကြိမ်များနှင့် မတူညီသောအချက်မှာ ဤရှေးဟောင်း ဟို့ များ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်။ လူတိုင်းကို ဝင်ရောက်တိုက်ခိုက်နေကြသော အခြား ရှေးဟောင်း ဟို့ များမှာ အုပ်စုဖွဲ့၍ အချင်းချင်း ပူးပေါင်းကာ လူတိုင်းရှိရာအရပ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြခြင်းဖြစ်သည်။

ဤမျှသာမက ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားသော ဧရာမ နှင်းလေဆင်နှာမောင်းကြီးများမှာလည်း ရုတ်တရက် လမ်းကြောင်းပြောင်းသွားခဲ့ပြီး လူတိုင်း ရှေ့သို့ချီထာက်မည့် လမ်းကြောင်းကို ညှပ်၍ တိုက်ခိုက်လာကြတော့သည်။

ဤရုတ်တရက် ပြောင်းလဲသွားမှုကြီးကြောင့် ကျန်းချိုးကျန့်ချုံးနှင့် အခြားသောလူများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

လူတိုင်း၏ စွမ်းရည်များနှင့်ဆိုပါက လူတစ်ယောက်လျှင် တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်ကို ကိုင်တွယ်ဖြေရှင်းရန် လုံးဝပြဿနာမရှိချေ။ သို့သော် ဤမျှလောက်များပြားလှသော ရှေးဟောင်း သားရဲကြီးများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လာခြင်းနှင့် နှင်းလေဆင်နှာမောင်းကြီးများ၏ ပူးပေါင်းတိုက်ခိုက်မှုများမှာ လူတိုင်း၏ စွမ်းရည်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

လူတိုင်း၏ရင်ထဲ၌ ကြီးမားလှသော ဖိအားကြီးတစ်ခုကို အသီးသီး ခံစားလိုက်ရတော့သည်။

******

All Chapters