← Chapters

အခန်း ၂၂၇၀

Vol. 141 Ch. 2270

အခန်း ၂၂၇၀

Vol. 141 Ch. 2270

အခန်း (၂၂၇၀) နှင်းဖီးနစ် အဆင်တန်ဆာ

အရေးအကြီးဆုံးသောအရာမှာ ဤအရာမဟုတ်ပါချေ၊ လူတိုင်းကို အမှန်တကယ် စိတ်လှုပ်ရှားသွားစေခဲ့သောအရာမှာ ဤရင်အုပ်ကာ သံချပ်ကာအင်္ကျီ၏ အလယ်ဗဟိုတည့်တည့်တွင် ရှေးဟောင်း ရွှမ်စာလုံးအချို့ကို လူတိုင်း တွေ့ရှိခဲ့ခြင်း ပင်ဖြစ်သည်။

"ဒါက ငှက်ရွှမ်စာလုံးပဲ။ ဟွမ်တိ ဧကရာဇ်ခေတ်က စာလုံးတွေက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ"

ဝမ်ကျုံးစစ်က ပြောလိုက်သည်၊ သူ၏မျက်နှာအမူအရာမှာ များစွာလေးနက်သွားခဲ့သည်။

ဝမ်ကျုံးစစ်၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ခန်းမကြီးတစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြကာ မည်သူကမျှ စကားမပြောနိုင်ကြတော့ချေ။

အကယ်၍ ဝမ်ကျုံးစစ် ပြောသည်သာ မှန်ကန်နေမည်ဆိုပါက ၎င်းမှာ အလွန်ရှည်လျားသော ခေတ်ကာလများကတည်းက အစွမ်းထက်သိုင်းပညာရှင် အများအပြား ဤနေရာသို့ ဝင်ရောက်ခဲ့ဖူးသည်ဆိုသည်ကို ဆိုလိုနေခြင်းဖြစ်သည်။

တစ်ခုတည်းသော မေးခွန်းမှာ သူတို့ ဤနေရာသို့ ရောက်ရှိလာခဲ့ရခြင်း၏ ရည်ရွယ်ချက်က ဘာလဲ ဆိုတာပင်ဖြစ်သည်။

ထိုခေတ်ကာလကလည်း နှင်းများဖုံးလွှမ်းပြီး နှင်းမုန်တိုင်းကြီးများ ကျရောက်ခဲ့ဖူးတာလား။

ထိုခေတ်ကာလက အစွမ်းထက်သိုင်းပညာရှင်များမှာလည်း သူတို့ကဲ့သို့ပင် ဤလူသူအရောက်အပေါက်မရှိသော အာတိတ်သမုဒ္ဒရာဆီသို့ ရောက်ရှိလာခဲ့ပြီး ဤနတ်ဘုရားအဖွဲ့အစည်းကြီးမှ လူများကို တားဆီးရန် ကြိုးပမ်းခဲ့ကြတာလား။

လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်ဝန်းထဲ၌ တူညီသော အတွေးများကို အသီးသီး မြင်တွေ့လိုက်ကြသည်။

အကယ်၍ ဤဆုံးဖြတ်ချက်သာ မှန်ကန်နေမည်ဆိုပါက နတ်ဘုရားအဖွဲ့အစည်းကြီးမှ လူများမှာ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်ရန် တစ်ကြိမ်မက ကြိုးပမ်းခဲ့ဖူးပြီဆိုသည်ကို ဆိုလိုနေခြင်းဖြစ်သည်။

ဤလျှို့ဝှက်ဆန်းကြယ်လှသော အဖွဲ့အစည်းကြီးမှာ ကုန်းမြေဒေသကြီးတစ်ခုလုံး၏ ကြီးမားလှသော ရန်သူတော်ကြီးဖြစ်သည်။

"ဒီဘက်ကို မြန်မြန်လာကြည့်ကြ။ သူတို့ တစ်ခုခု ချန်ရစ်ထားခဲ့ပုံရတယ်"

လူတိုင်း စဉ်းစားတွေးတောနေကြသည့် အချိန်လေးအတွင်းမှာပင် အခြားအသံတစ်ခုမှာ နားထဲသို့ ဝင်ရောက်လာပြန်သည်။

ခန်းမကြီး၏ အစွန်းဘက်ရှိ အခြားထောင့်တစ်နေရာတွင် ရှီဘုရင်မမှာလည်း အချို့သောအရာများကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

၎င်းမှာ နံရံကိုမှီ၍ ထိုင်နေသော လူသားတစ်ဦး၏ အရိုးစုတစ်ခုဖြစ်ပြီး သူ၏လက်ထဲတွင် သတ္တုပြားတစ်ခုကဲ့သို့သော အရာတစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။

ရှီဘုရင်မက သူ၏လက်ထဲမှနေ၍ သတ္တုပြားကို ဆွဲထုတ်လိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်ကာ လျင်မြန်စွာပင် ဝမ်ချောင်၏လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

ထိုသတ္တုပြားပေါ်တွင် ရွှမ်စာလုံးများ အပြည့်အဝ ရေးထွင်းထားပြီး ရှီမျိုးနွယ်စု၏စာလုံးများနှင့် လုံးဝကွဲပြားခြားနားနေခဲ့ရာ အလယ်ပိုင်းလွင်ပြင်မှ အရာများကို ဝမ်ချောင်တို့ကသာလျှင် ဖတ်ရှုနိုင်စွမ်း ရှိပေသည်။

"ဒါက ကြေးဝါစာလိပ်ပဲ။ ဟွမ်တိ ဧကရာဇ်ခေတ်မှာ ဝါးစာလိပ်တွေကို အသုံးပြုတာ များပေမဲ့ တော်ဝင်နန်းတော်တွေမှာတော့ ကြေးဝါနဲ့ ပြုလုပ်ထားတဲ့ ဝါးစာလိပ်တွေကို အသုံးပြုကြတယ်။ ကြေးဝါစာလိပ်တွေက ပါးလွှာပေမဲ့ အလွယ်တကူ မပျက်စီးနိုင်ဘူး။ ပုံမှန်အားဖြင့်တော့ နန်းတော်က သမိုင်းပညာရှင်တွေပဲ အသုံးပြုခွင့် ရှိကြတယ်"

"ဒီလိုအရာမျိုးတွေက အရေအတွက် အလွန်နည်းပါးပါတယ်။ ငါလည်း အရင်က ကြားဖူးရုံသက်သက်ပဲ၊ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

ကျန်းရှို့ကွေးမှာ ထိုကြေးဝါစာလိပ်ကို ကြည့်ရင်း မျက်ဝန်းထဲ၌ အံ့ဩချီးကျူးနေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ကျန်းရှို့ကွေး၏ မင်းမှုထမ်းဘဝမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ရှေးဟောင်းပစ္စည်းများ၊ စာလုံးလှရေးဆွဲခြင်းများနှင့် ပန်းချီကားများကို လေ့လာစူးစမ်းရန် နှစ်သက်လာခဲ့ပြီး ဤနယ်ပယ်တွင် အလွန်နက်ရှိုင်းစွာ ကျွမ်းကျင်နေခဲ့သည်။

ဤနယ်ပယ်တွင် ကျွမ်းကျင်မှုနှင့် တတ်မြောက်မှုအဆင့်ကိုသာ ပြောရမည်ဆိုပါက ကျန်းရှို့ကွေးမှာ အခြားသောလူများအားလုံးထက် များစွာသာလွန်နေမည်မှာ သေချာသည်။

"သခင်ကြီးကျန်း အပေါ်က စာလုံးတွေကို ဖတ်တတ်လား"

ကျန်းချိုးကျန့်ချုံးက မေးမြန်းလိုက်သည်။

"စာလုံးတွေက အတော်လေး ကွဲလွဲနေတဲ့အတွက် တချို့တလေကိုပဲ မသဲမကွဲ ဖတ်လို့ရတယ်။ ငါတို့ အလယ်ပိုင်း ရှန်းကျိုးက စာလုံးတွေက ဘယ်အချိန်မှာမဆို သဘာဝတရားကြီးရဲ့ ဖြစ်စဉ်တွေကို အခြေခံပြီး ဖန်တီးထားတာပါ။ ဒါကြောင့် သိထားတဲ့ အစိတ်အပိုင်းတွေကို အခြေခံပြီး တချို့တလေကိုတော့ ခန့်မှန်းလို့ ရပါတယ်"

ကျန်းရှို့ကွေးက ဆိုလိုက်သည်။

"ကျိုးလု သက္ကရာဇ်... ဟွမ်တိ ဧကရာဇ်ရဲ့ အမိန့်တော်အရ... မြောက်ဘက် သမုဒ္ဒရာတွင် အမိန့်ပေးစေ... လောကကို ဖျက်ဆီးမယ့် မိစ္ဆာများ... အင်အားကြီးမားလွန်းလှသဖြင့် ရင်ဆိုင်ရန်ခက်ခဲ... နောက်ပိုင်း စာလုံးတွေကိုတော့ ငါလည်း ဖတ်လို့ မရတော့ဘူး"

ကျန်းရှို့ကွေးက မျက်ခုံးများ တွန့်ကွေးလျက် အချိန်အတော်ကြာအောင် ကြည့်ရှုပြီးနောက် ၎င်း၏အပေါ်တွင် ရေးသားထားသော စာလုံးများကို ဖတ်ပြလိုက်သည်။

ခန်းမကြီး၏ အတွင်း၌ လူတိုင်း၏ ရင်ထဲတွင် လေးလံသွားကြသည်။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံရေးသမိုင်းများတွင် လုံးဝ မှတ်တမ်းရှိမည်မဟုတ်ချေ။ ထိုနှစ်က ထိုလူစု အာတိတ်သမုဒ္ဒရာအတွင်းရှိ ဤနေရာကို မြင်တွေ့ပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်းဆိုတာကို မသိရှိရသော်လည်း နောက်ဆုံးရလဒ်ကို ကြည့်ခြင်းအားဖြင့် အကောင်းမြင်၍ ရနိုင်မည်မဟုတ်ပေ။

တစ်ခုတည်းသော မေးခွန်းမှာ အကယ်၍ သူတို့ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ထိုနှစ်က ‘ထျန်း’စတင်လုပ်ဆောင်ခဲ့သော သန့်စင်ခြင်း အစီအစဉ်မှာ အောင်မြင်သွားခဲ့ပြီး လောကကြီးတစ်ခုလုံး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီဆိုသည်ကို ဆိုလိုနေခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် ဟွမ်တိ ဧကရာဇ် ခေတ်ကာလတွင် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ထိုကဲ့သို့သော နှင်းမုန်တိုင်းကြီး ကျရောက်ခဲ့ဖူးသည်ကို မှတ်မိခြင်း မရှိပါချေ။

အကယ်၍ သူတို့ အောင်မြင်သွားခဲ့သည်ဆိုလျှင်လည်း မျက်စိရှေ့ရှိ ဤလျှို့ဝှက်ဆန်းကြယ်လှသော အဆောက်အအုံကြီးမှာ ထင်ရှားစွာ ဆက်လက်တည်ရှိနေမည် မဟုတ်သလို၊ သူတို့ ဝင်ရောက်လာနိုင်သည့် အခြေအနေမျိုးလည်း ပေါ်ပေါက်လာမည်မဟုတ်ချေ။

လူတိုင်းအတွက်မူ ဤအရာများက လူအများ မသိရှိသေးသော ကိစ္စရပ်များစွာကို ဖော်ထုတ်ပြသနေပြီဖြစ်သည်။ ထို့ပြင် ဤအချက်အလက်များအရ တွေးတောမှန်းဆကြည့်မည်ဆိုပါက တရားဝင် သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားချက်များနှင့် ကြီးမားသော ကွဲလွဲမှုများ ရှိနေမည်မှာ သေချာလှသည်။

မည်သူကမျှ စကားမပြောကြတော့ချေ။ လူတိုင်း၏ရင်ထဲ၌ အသီးသီး စဉ်းစားတွေးတောနေကြပြီး သတိဝီရိယ အပြည့်အဝထားလျက် ရှေ့သို့ ဆက်လက်၍ ဝင်ရောက်လာခဲ့ကြသည်။

အချိန်ခဏလေးအတွင်းမှာပင် ဤခန်းမကြီးကို ဖြတ်သန်းသွားပြီးနောက် ကပ်လျက်ရှိသော အခြားနေရာတစ်ခုတွင် လူတိုင်းမှာ ရှာဖွေတွေ့ရှိမှု အသစ်များကို ထပ်မံ၍ တွေ့ရှိလိုက်ကြပြန်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါက ငါတို့ အရှေ့တာ့ခ်ရဲ့ စာလုံးတွေ မဟုတ်ဘူးလား"

လျင်မြန်စွာပင် ဝူဆူမစ်ရှ် ခါဂန်းနှင့်ပိလဲ့လီတို့၏ မျက်ဝန်းများအတွင်း၌ အံ့ဩသွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ယခင်က အလယ်ပိုင်း ရှန်းကျိုးမှ ဟွမ်တိ ဧကရာဇ် ခေတ်ကာလက ကျဆုံးသွားခဲ့သော အစွမ်းထက်သိုင်းပညာရှင်များနှင့် ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့စဉ်က လူတိုင်းကို အမှန်တကယ် များစွာအံ့ဩသွားစေခဲ့သည်ဆိုသော်လည်း ၎င်းမှာ နိုင်ငံအသီးသီး၏ အရာများမဟုတ်သောကြောင့် လူတိုင်း၏ စိတ်ခံစားမှုအပေါ် အနည်းငယ် ရိုက်ခတ်မှုရှိသော်လည်း ထိုမျှလောက်အထိ ကြီးမားလှခြင်း မရှိခဲ့ချေ။

သို့သော် ဒုတိယမြောက် ခန်းမကြီးအတွင်း၌ ရှာဖွေတွေ့ရှိခဲ့သောအရာများမှာ ဝူဆူမစ်ရှ် ခါဂန်းနှင့်ပိလဲ့လီတို့၏ ရင်ထဲရှိ အတွေးများကို လုံးဝ အပြည့်အဝ မှောက်လှန်ပစ်လိုက်သည်။

ဤခန်းမကြီး၏ အတွင်း၌လည်း အရိုးစုအချို့ ပြန့်ကျဲနေပြီး ထိုအရိုးစုများ၏ ကြားတွင် သံချေးတက်နေသော သံချပ်ကာအင်္ကျီအချို့လည်း ရှိနေပေသည်။

ထိုသံချပ်ကာအင်္ကျီများမှာ အလွန်အမင်း ရှေးကျသည့်ပုံစံမျိုး ရှိနေပြီး အလယ်ပိုင်း ရှန်းကျိုးမှ အရာများနှင့် လုံးဝမတူညီပါချေ။ ထို့ပြင် ထိုရိုင်းစိုင်းကြမ်းတမ်းသော ပုံစံများနှင့် သံချပ်ကာအင်္ကျီများ၏ အရောင်အသွေးများမှာ အရှေ့တာ့ခ်နှင့် အလွန်အမင်း ဆင်တူနေတော့သည်။

ဤမျှသာမက ဤနေရာတွင် သေဆုံးသွားခဲ့ကြသော ထိုရှေးခေတ် အစွမ်းထက်သိုင်းပညာရှင်များမှာ စာရွက်စာတမ်းအချို့ကိုလည်း ချန်ရစ်ထားခဲ့ကြသေးသည်။

ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများမှာ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ၎င်း၏အပေါ်တွင် ရေးသားထားသော ရှေးဟောင်းစာလုံးများနှင့် ယခုလက်ရှိ တာ့ခ်စာလုံးများမှာ အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းခန့် တူညီနေသည်ကို ရှာဖွေတွေ့ရှိလိုက်ကြသည်။

ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများက ဤအရာများမှာ နယ်စပ်ပြင်ပရှိ မြက်ခင်းပြင် ရှေးဟောင်းယဉ်ကျေးမှုမှ ချန်ရစ်ထားခဲ့သောအရာများ ဖြစ်သည်မှာ သေချာလှကြောင်း အပြည့်အဝ အတည်ပြုနိုင်ပေသည်။

သို့သော် ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများကို အလွန်အမင်း အံ့ဩထိတ်လန့်သွားစေခဲ့သောအရာမှာ မြက်ခင်းပြင် လူမျိုးစုများအနေဖြင့် မိမိတို့၏ မြက်ခင်းပြင်ကြီးအပေါ်တွင် အလွန်အမင်း နက်ရှိုင်းသော မှီခိုအားထားမှုများ ရှိနေကြပြီး မိမိတို့၏နယ်မြေကို စွန့်ခွာကာ ဤမျှလောက်အထိ ဝေးကွာလှသောနေရာသို့ မည်သည့်အခါမှ အလွယ်တကူ လာရောက်မည် မဟုတ်ခြင်း ပင်ဖြစ်သည်။

ဤနေရာမှာ မြေပြင်မှ မီတာ တစ်ထောင်ရှစ်ရာကျော်ခန့် ကွာဝေးသော နက်ရှိုင်းလှသည့် ပင်လယ်ကြမ်းပြင် ဖြစ်နေသည်ကို ဆက်လက် ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။

ဤအရာမှာ တကယ်ကို အလွန်အမင်း ထူးဆန်းလွန်းလှပေသည်

ဤနက်ရှိုင်းလှသော ပင်လယ်ကြမ်းပြင်ရှိ လျှို့ဝှက်ဆန်းကြယ်လှသော အဆောက်အအုံကြီးမှာ သူတို့နှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု လူတိုင်းအနေဖြင့် တစ်ကြိမ်တစ်ခါမျှ တွေးတောမှန်းဆထားခဲ့ခြင်း မရှိပါချေ။

"ဒါက ရှေးဟောင်း ရှုန်းနူ စာလုံးတွေပဲ"

ဝမ်ချောင်မှာ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏ရင်ထဲ၌ အတွေးတစ်ခု ချက်ချင်း ဖြတ်ပြေးသွားသည်။

တိတိကျကျ ပြောရမည်ဆိုလျှင် မြက်ခင်းပြင်ပေါ်တွင် နိုင်ငံတော်ဆိုသည့် အယူအဆမျိုး မရှိပါချေ၊ မျိုးနွယ်စု တစ်ခုနှင့် တစ်ခု အကြားသာ ပိုမို များပြားပေသည်။

"တာ့ခ်" ဟူသော စကားလုံးနှစ်လုံးမှာ လွန်ခဲ့သော နှစ်ရာအနည်းငယ်ခန့်ကမှ စတင် ပေါ်ထွက်လာခဲ့သော အယူအဆတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် တာ့ခ်များနှင့် ရှေးဟောင်း ရှုန်းနူများအကြားတွင် သွေးသားတော်စပ်မှု ရှိသည်ဟု သတ်မှတ်ထားခြင်း မရှိပါချေ။

သို့သော် မြက်ခင်းပြင်ပေါ်ရှိ မျိုးနွယ်စုများအတွက်မူ ဤမြက်ခင်းပြင်ကြီး၏ အပေါ်တွင် နေထိုင်နေကြသရွေ့ သူတို့အားလုံးမှာ ဧရာမ မျိုးနွယ်စုကြီး တစ်ခုတည်းသာဖြစ်ရာ ဤအချက်ကို ကြည့်မည်ဆိုပါက ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများက ရှေးဟောင်း ရှုန်းနူ ယဉ်ကျေးမှုများမှာ မိမိတို့၏ ရှေးဟောင်း ယဉ်ကျေးမှုများ ဖြစ်သည်ဟု သတ်မှတ်ကြခြင်းမှာလည်း မှားယွင်းသည်ဟု မဆိုနိုင်ပေ။

ရှေ့သို့ ဆက်လက်တိုးဝင်သွားလေလေ လူတိုင်း၏ ရှာဖွေတွေ့ရှိမှုများမှာ ပိုမို၍ များပြားလာလေလေ ဖြစ်သည်။

"ဒါက... နှင်းဖီးနစ် အဆင်တန်ဆာပဲ"

လျင်မြန်စွာပင် ရှီဘုရင်မမှာ အမျိုးသမီးများ အသုံးပြုသော ခေါင်းဆောင်းတန်ဆာ တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

၎င်း၏ အပေါ်တွင် ငွေဖြူရောင်သတ္တု အဆင်တန်ဆာ အချို့ကို ချိတ်ဆွဲထားပြီး တစ်ချိန်တည်းမှာပင် ကျောက်မျက်ရတနာ အချို့နှင့် စာလုံးအချို့ကိုလည်း ရေးထွင်းထားရာ ကြည့်ရသည်မှာ အလွန်အမင်း လှပကျက်သရေရှိလှပေသည်။

သို့သော် အထင်ရှားဆုံးသော အရာမှာ ၎င်း၏အပေါ်တွင်ရှိနေသော တောက်ပသည့် အပြာရောင် နှင်းဖီးနစ် ရုပ်တုလေးဖြစ်ပြီး အသက်ဝင်နေသည့်အလား ပင်ဖြစ်နေကာ သေချာ ကြည့်ရှုမည်ဆိုပါက ၎င်း၏အတွင်း၌ အမည်မသိ ဝင်္ကပါ အသေးစားလေးများစွာ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ရာ အလွန်အမင်း ထူးခြားလှပေသည်။

"နှင်းဖီးနစ် အဆင်တန်ဆာဆိုတာ ဘာလဲ။ မင်းတို့ ရှီ မျိုးနွယ်စုရဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုလား"

ဝမ်ချောင်က မေးမြန်းလိုက်သည်။

ဤရှီမျိုးနွယ်စုနှင့် ပတ်သက်၍ ဝမ်ချောင်၏ နားလည်သိရှိထားမှုများမှာ အလွန်နည်းပါးလှပေသည်။ ပုံမှန်အားဖြင့် ရှီမျိုးနွယ်စု၏ သမိုင်းကြောင်းမှာ သိပ်ပြီး မရှည်လျားလှဟု သတ်မှတ်ထားကြပြီး ယဉ်ကျေးမှု အမွေအနှစ်များလည်း အများကြီး ကျန်ရှိနေခဲ့မည်မဟုတ်ဟု ယူဆထားကြသည်။

သို့သော် သူတို့၏မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်မည်ဆိုပါက ထိုမျှလောက် ရိုးရှင်းမည်မဟုတ်ကြောင်း ထင်ရှားနေသည်။

"အင်း"

ရှီဘုရင်မက ခေါင်းညိတ်ပြလိုက်သည်။

"ဒါက ကျွန်မတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေထဲမှာ ပါဝင်တဲ့ အရာတစ်ခုပါ။ နှင်းဖီးနစ်ခေတ်ဆိုတာ ကျွန်မတို့ ရှီ မျိုးနွယ်စုရဲ့ ဒဏ္ဍာရီတွေထဲမှာ ပါဝင်တဲ့ အလွန်အမင်း ရှည်လျားလှတဲ့ အတိတ်ကာလက ခမ်းနားကြီးကျယ်လှတဲ့ ခေတ်ကာလတစ်ခုပါ။ အဲဒီအချိန်က ယဉ်ကျေးမှုတွေဟာ ကျွန်မတို့ထက် အများကြီး ပိုမိုသာလွန်ခဲ့ပါတယ်"

"နှင်းဖီးနစ်ခေတ်ရဲ့ ဧကရီကို နှင်းဖီးနစ်ဧကရီလို့ ခေါ်ဆိုခဲ့ကြတယ်။ သူမဟာ ကျွန်မတို့ ရှီမျိုးနွယ်စုရဲ့ ဘုရင်မတွေအားလုံးထက် အများကြီး သာလွန်တဲ့ အရမ်းအစွမ်းထက်လှတဲ့ ရေခဲစွမ်းအင်သုံးနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး ဒီအဆင်တန်ဆာက သူမရဲ့ကိုယ်စားပြု အမှတ်အသားပဲ ဖြစ်ပါတယ်"

"နှင်းဖီးနစ် ဧကရီ ရှိနေခဲ့စဉ် အချိန်တုန်းက သူမဟာ အခုလက်ရှိ ရှီမျိုးနွယ်စုထက် အများကြီး ပိုမိုကျယ်ပြန့်တဲ့ ဧရိယာကြီးတစ်ခုကို အုပ်ချုပ်ခဲ့ဖူးပါတယ်"

"သူမ ရှိနေခဲ့တဲ့အချိန်ကာလမှာ မြေကြီးတစ်ခုလုံး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါကလည်း ကျွန်မတို့ ရှီ မျိုးနွယ်စုက ရေခဲစွမ်းအင်သုံး သိုင်းပညာရပ်တွေကို အဓိကထားပြီး ကျင့်ကြံကြရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ"

"ဒါ့အပြင် ဒဏ္ဍာရီတွေထဲမှာ နှင်းဖီးနစ် ဧကရီဟာ မိစ္ဆာတွေနဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီး နောက်ဆုံးမှာ ခွန်အားတွေ ကုန်ခမ်းပြီး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်"

"ကျွန်မ ငယ်ငယ်တုန်းက မျိုးနွယ်စုထဲက အကြီးအကဲတွေဆီကနေ ဒီဒဏ္ဍာရီတွေကို ကြားဖူးခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ္ဍာရီ ပုံပြင်တွေ သက်သက်ပဲလို့ ထင်ခဲ့တာပါ။ တကယ် အစစ်အမှန် ဖြစ်နေလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး"

ရှီဘုရင်မက မျက်နှာအမူအရာ တည်ကြည်လေးနက်စွာဖြင့် ဆိုလိုက်သည်။

လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း အံ့ဩမှင်တက်သွားကြသည်။ နိုင်ငံအသီးသီး အားလုံး၏ အတွင်း၌ ရှီမျိုးနွယ်စုမှာ အသက်အငယ်ဆုံးဖြစ်ပြီး နောက်ခံသမိုင်းကြောင်း အတိုတောင်းဆုံးလည်း ဖြစ်သည်။

သူတို့တွင် နှင်းဖီးနစ်ခေတ် ဟုခေါ်သော အစွမ်းထက်လှသည့် ခေတ်ကာလတစ်ခု ရှိခဲ့ဖူးသည်ကို မည်သူကမျှ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြပါချေ။

"ဒါ့အပြင် နှင်းဖီးနစ် ဆိုတာ အဆင်တန်ဆာတစ်ခု သက်သက် မဟုတ်ပါဘူး။ ဧကရီရဲ့ သရဖူပါ။ ကျွန်မတို့ ရှီ မျိုးနွယ်စုရဲ့ဘုရင်မတွေသာလျှင် အသုံးပြုခွင့် ရှိပါတယ်"

ရှီဘုရင်မက စကားပြောဆိုရင်း ထိုအဆင်တန်ဆာကို ခေါင်းပေါ်တွင် တပ်ဆင်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ထိုအဆင်တန်ဆာလေးမှာ အလွန်အမင်း ကြီးမားနေခြင်း မရှိသလို သေးငယ်နေခြင်းလည်း မရှိဘဲ ရှီဘုရင်မနှင့် အတိအကျ ကွက်တိ ဖြစ်နေခြင်း ပင်ဖြစ်သည်။

သို့သော် အံ့ဩစရာအကောင်းဆုံးသော အရာများမှာ နောက်တွင် ကျန်ရှိနေသေးသည်။ နောက်တစ်ခဏတွင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ရှီဘုရင်မက အလွန်အမင်း အေးစက်လှသော ဂန်ချီစွမ်းအင်များကို သူမ၏ခေါင်းပေါ်ရှိ နှင်းဖီးနစ် အဆင်တန်ဆာ အတွင်းသို့ ထည့်သွင်းလိုက်သည့်အခါတွင်…

ပိုမိုတောက်ပလင်းလက်လှသော အပြာရောင် အလင်းတန်းကြီးတစ်ခုမှာ ထိုနှင်းဖီးနစ် အဆင်တန်ဆာမှနေ၍ ဆယ်ဆခန့် ပိုပြင်းထန်စွာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ခန်းမကြီးတစ်ခုလုံးကို အပြာရောင် အလင်းတန်းများအောက်တွင် လွှမ်းခြုံသွားတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် လူတိုင်းမှာ မထိန်းနိုင်တော့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ကြရသည်။

သို့သော် အပြာရောင် အလင်းတန်းများမှာ လျင်မြန်စွာ ရောက်ရှိလာသကဲ့သို့ လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ခဏမျှ အချိန်လေးအတွင်းမှာပင် ခန်းမကြီး၏ အတွင်း၌ အရာအားလုံးမှာ မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူတို့၏ မျက်စိရှေ့ရှိ ရှီဘုရင်မမှာမူ ရုတ်တရက် လုံးဝ ပြောင်းလဲသွားခဲ့ပြီး သူမ၏ခေါင်းပေါ်ရှိ ထိုနှင်းဖီးနစ် အဆင်တန်ဆာလေးမှာလည်း တောက်ပသောအပြာရောင်ရှိပြီး အလွန်အမင်း လှပကျက်သရေရှိလှသော နှင်းဖီးနစ် သရဖူတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

တောက်ပသောအပြာရောင် နှင်းဖီးနစ် သရဖူ၏အလင်းရောင်အောက်တွင် ရှီဘုရင်မ တစ်ယောက်လုံး၏ အရှိန်အဝါများမှာ လုံးဝပြောင်းလဲသွားခဲ့ပြီး မည်သူကမျှ အလွယ်တကူ ကျူးကျော်စော်ကား၍ မရနိုင်လောက်အောင် မြင့်မြတ်ပြီး ခမ်းနားလှသော အရှိန်အဝါကြီးတစ်ခု မသိမသာ ထွက်ပေါ်လာသည်။

ဤမျှသာမက ရှီဘုရင်မ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါများမှာလည်း အဆင့်တစ်ဆင့် ပိုမြင့်တက်သွားခဲ့ပြီး ယခင်က ပင်လယ်ကြမ်းပြင်တွင် တိုက်ခိုက်ခဲ့စဉ်က ကုန်ခမ်းသွားခဲ့သော ဂန်ချီစွမ်းအင်များ အားလုံးမှာလည်း လုံးဝပြန်လည် ပြည့်ဝလာခဲ့ပြီဖြစ်သည်။

ဤရုတ်တရက် ပြောင်းလဲသွားမှုကြီးမှာ လူတိုင်းကို အလွန်အမင်း အံ့ဩမှင်တက်သွားစေခဲ့သည်။

ရှေ့သို့ ဆက်လက် တိုးဝင်သွားလေလေ လူတိုင်း၏ရှာဖွေတွေ့ရှိမှုများမှာ ပို၍များပြားလာလေလေ ဖြစ်သည်။ ဤအဆောက်အအုံကြီးအတွင်းရှိ ရှေးဟောင်းအမွေအနှစ် အချို့မှာ ကွဲပြားခြားနားသော ခေတ်ကာလများမှ ဖြစ်ကြပြီး အချို့မှာမူ တူညီသော ခေတ်ကာလများမှ ဖြစ်ကြသည်။

ထို့ပြင် နောက်ဘက်ရှိ ခန်းမကြီးများ၏ အတွင်း၌ လူတိုင်းမှာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အထောက်အထားများကို ပိုမို၍ အများအပြား တွေ့ရှိလာရသည်။

လူတိုင်း၏ ရင်ထဲ၌ တူညီသော ခံစားချက်တစ်ခု အသီးသီး ဖြစ်ပေါ်နေကြသည်။ ဤတစ်ကြိမ် မြောက်ဝင်ရိုးစွန်း ခရီးစဉ်မှာ မဟာထန်၏ အစွမ်းထက်လှသော အောင်ပွဲကြီး ပြီးနောက် ဝမ်ချောင်၏အကြောင်းအရင်းများကြောင့်သာ နိုင်ငံအသီးသီးမှာ တစ်နေရာတည်းတွင် စုစည်းမိသွားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အလွန်အမင်း ရှည်လျားလှသော သမိုင်းကြောင်း၏ ရေစီးကြောင်းကြီး တစ်လျှောက်တွင် ဤကဲ့သို့သော ခရီးရှည် ချီထာက်မှု ကြီးများမှာ တစ်ကြိမ်ထက်မက အများအပြား ရှိခဲ့ဖူးမည်မှာ သေချာလှသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ကုန်းမြေဒေသကြီး တစ်ခုလုံးကို နှင်းမုန်တိုင်းကြီးများ လွှမ်းခြုံခဲ့သည့် အကြိမ်အရေအတွက်မှာ လူတိုင်း တွေးတောမှန်းဆထားသည်ထက် များစွာပိုမိုများပြားနေမည်မှာ သေချာလှသည်။

ထိုအထဲမှ ခန်းမကြီးတစ်ခု၏အတွင်း၌ ဝမ်ချောင်၏မျက်ဝန်းများ တစ်ချက် လှုပ်ရှားသွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေသော စာလုံးအချို့ကို ရှာဖွေတွေ့ရှိလိုက်သည်။

"လန်ဒက်ဆီးယား သက္ကရာဇ်၊ နှစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်တစ်နှစ်၊ ဧကရာဇ်မင်း၏ အမိန့်တော်အရ... မိစ္ဆာနတ်ဘုရားများကို သုတ်သင်ရန်..."

ဤရင်းနှီးကျွမ်းဝင်နေသော စာလုံးများကို ကြည့်ရင်း ဝမ်ချောင်၏မျက်ခုံးများ ပြင်းထန်စွာ တွန့်ကွေးသွားခဲ့ပြီး နက်ရှိုင်းသော စဉ်းစားတွေးတောမှုများ အတွင်းသို့ နစ်မြုပ်သွားသည်။

ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ထိုလန်ဒက်ဆီးယား ယဉ်ကျေးမှုကမ္ဘာကြီးမှာ ဤနေရာတွင် ပေါ်ထွက်လာလိမ့်မည်ဟု ဝမ်ချောင်လုံးဝ တွေးတောမှန်းဆထားခဲ့ခြင်း မရှိပါချေ။

ကျောက်ခဲတစ်လုံး ရေကန်အတွင်းသို့ ကျဆင်းသွားသည့်အလား ဝမ်ချောင်၏ရင်ထဲ၌ ရေလှိုင်းလေးများ ချက်ချင်း ထွက်ပေါ်လာသည်။

နတ်ဘုရားအဖွဲ့အစည်းကြီး ကျူးလွန်ခဲ့သော ပြစ်မှုများ၊ ဒါမှမဟုတ် လူသားများ၏ သမိုင်းကြောင်းအပေါ် ကြိုးကိုင်ခြယ်လှယ်မှုများမှာ မည်သူ တွေးတောမှန်းဆထားသည်ထက်မဆို အများကြီး ပို၍နက်ရှိုင်းနေမည်မှာ သေချာလှပေသည်။

******

All Chapters