အခန်း ၂၂၇၅
Vol. 141 Ch. 2275
အခန်း (၂၂၇၅) ထိုက်ရှန်၊ ထိုက်ချုံ၊
စကားသံပင် မဆုံးသေးမီ ဝုန်းခနဲမြည်သံကြီးတစ်ခုနှင့်အတူ ရေလှိုင်းကြီးများအလား ဧရာမ တုန်ခါမှုကြီးတစ်ခု လေဟာနယ်အတွင်း၌ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
နောက်တစ်ခဏတွင် အနက်ရောင် အရိပ်ကြီးတစ်ခုမှာ လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် တောင်ကြီးတစ်တောင်အလား ကောင်းကင်ယံမှနေ၍ အပြင်းအထန် ကျဆင်းလာကာ ဝမ်ချောင်၏ ရှေ့ဘက်ရှိ မြေကြီးပေါ်သို့ ဝုန်းခနဲ ကျရောက်သွားတော့သည်။
အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ဝမ်ချောင်နှင့် ဧရာမ ဟင်းလင်းပြင်နှင့် အချိန်၏ ဂိတ်ကြီးအကြားတွင် ပေတစ်ရာကျော်ခန့် မြင့်မားသော ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ဤအနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ အမည်မသိ သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်တွင် အလွန်အမင်း ထူထဲလှသော သံချပ်ကာတစ်ခုကို ဝတ်ဆင်ထားသည်။ မျက်နှာပြင် အနှံ့တွင်လည်း အနက်ရောင် မီးတောက်ကြီးများ ပြင်းထန်စွာ တောက်လောင်နေပြီး ကြည့်ရသည်မှာ ငရဲပြည်မှ ထွက်ပေါ်လာသည့်အလား အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သို့သော် အံ့ဩစရာအကောင်းဆုံးသော အရာမှာ အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ပေဆယ်ကျော်ခန့် ရှည်လျားသည့် မည်းမှောင်နေသော ဓားမကြီးသာလျှင် ဖြစ်ပေသည်။
ထိုဓားမကြီးမှာ အလွန်အမင်း လေးလံလှပြီး ဓားသွားမှာ မြေကြီးပေါ်သို့ တည့်မတ်စွာ စိုက်ဝင်နေကာ ဝမ်ချောင်၏ လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့ထားလိုက်တော့သည်။
ဝှစ်
အေးစက်လှသော လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီး ပေါ်ထွက်လာသည့် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် နတ်ဘုရားရုပ်တုကြီးကို ဗဟိုပြု၍ ဧရာမ လေစီးကြောင်းကြီးတစ်ခုမှာ အရပ်လေးမျက်နှာသို့ ရုတ်တရက် ပြန့်ကျက်သွားတော့သည်။
ဧရာမ လေပွေကြီး၏ အတွင်း၌ မည်းမှောင်နေသော မီးခိုးများနှင့် မီးတောက်များ အပြည့်အဝ ပါဝင်နေပြီး ထိုဧရာမ နတ်ဘုရားရုပ်တုကြီးကို ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်ကို ဆောင်လာစေတော့သည်။
ဝမ်ချောင်၏အကြည့်များရှေ့မှာပင် ထိုဧရာမ နတ်ဘုရားရုပ်တုကြီး၏ မျက်ခွံများ တစ်ချက် တုန်ခါသွားခဲ့ပြီး ရွှေရောင် မျက်ဝန်းကြီး နှစ်လုံး ရုတ်တရက် ပွင့်လာတော့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် မုန်တိုင်းကြီးများအလား ကြောက်မက်ဖွယ်ကောင်းလှသော ဖျက်ဆီးခြင်း စွမ်းအားများမှာ နတ်ဘုရားရုပ်တုကြီး၏ ကိုယ်တွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် လေဟာနယ်မှာ တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်နယ်မြေ တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော တောင်ကြီးများ အထပ်ထပ်အခါခါ အပေါ်မှ ဖိချလာသည့်အလား ဖြစ်နေတော့သည်။
ဤမျှသာမက ဤဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ ကိုယ်တွင်း၌ အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ထိုနတ်ဘုရားအဖွဲ့အစည်းကြီးမှ ထိုက်မျိုးဆက် အစွမ်းထက်သိုင်းပညာရှင် နှစ်ယောက်၏ အရှိန်အဝါများကို ဝမ်ချောင်နောက်ဆုံးတွင် ခံစားသိရှိလိုက်ရတော့သည်။
"ခင်ဗျားတို့ကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ။ ခင်ဗျားတို့လည်း ထိုက်ရှီလိုပဲ.. ထိုက် မျိုးဆက်တွေ ဖြစ်ရမယ် မဟုတ်လား။ ဒါက ခင်ဗျားတို့ရဲ့ နောက်ဆုံး နည်းလမ်းပဲလား"
ဝမ်ချောင်မှာ မျက်စိရှေ့ရှိ ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးကို လှမ်းကြည့်ရင်း အလွန်အမင်း တည်ငြိမ်စွာဖြင့် ပြောလိုက်တော့သည်။
စကားပြောဆိုနေသည့် အချိန်လေးအတွင်းမှာပင် သူ၏ ခြေထောက်နှစ်ဖက်မှာ မြေကြီးမှ လွတ်ကင်းသွားခဲ့ပြီး လေထဲသို့ ဖြည်းညင်းစွာ ပျံတက်သွားတော့သည်။ တစ်ချိန်တည်းလိုလိုပင် ဧရာမ စိတ်စွမ်းအင်တစ်ခုမှာလည်း ရှေ့ဘက်ရှိ အနက်ရောင် နတ်ဘုရားရုပ်တုကြီးကို လုံးဝအသေအချာ ပစ်မှတ်ထားလိုက်တော့သည်။
"မင်း ငါတို့ကို ထိုက်ရှန်၊ ထိုက်ချုံလို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းရဲ့ ဒီတစ်ခေါက် ခရီးစဉ်က ဒီနေရာမှာတင် အဆုံးသတ်သွားပြီ ဆိုတာပဲ။ ဒီတစ်ကြိမ်တော့ မင်းတို့တွေ နောက်ထပ် အခွင့်အရေး လုံးဝရမှာ မဟုတ်တော့ဘူး"
ထိုရင်းနှီးကျွမ်းဝင်နေသော အသံကြီးမှာ အလွန်အေးစက်စွာဖြင့် ဝမ်ချောင်၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။
ဝမ်ချောင်၏ အကြည့်များရှေ့မှာပင် ထိုဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ နှုတ်ခမ်းများ ပွင့်လာခဲ့ပြီး လူတစ်ယောက်အလား စကားပြောဆိုလာတော့သည်။ အသံမှာလည်း တဂျုံးဂျုံးတကျည်ကျည် မြည်သံများနှင့်အတူ အလွန်အမင်း ကျယ်လောင်လှပေသည်။
"ခေါင်းဝှက်ပြီး အမြီးဖွက်နေတဲ့ ကြွက်စုတ်တွေ အုပ်စု… ကိုယ့်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်နဲ့တောင် ထွက်မလာရဲဘူး။ နတ်ဘုရားအဖွဲ့အစည်းကြီးရဲ့ စွမ်းရည်က ဒီလောက်လေးပဲလား"
ဝမ်ချောင်က လှောင်ပြောင်ရယ်မောလျက် ဆိုလိုက်တော့သည်။
"အကယ်လို့ မင်းသာ ဒီဧရာမ နတ်ဘုရားရုပ်တုကြီးကို အနိုင်ယူနိုင်မယ်ဆိုရင် ငါတို့ကို သေချာပေါက် တွေ့ရမှာပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့အသက်က ဒီနေရာမှာတင် အဆုံးသတ်သွားတော့မှာပဲ"
ထိုအထဲမှ အသံတစ်သံက အလွန်အမင်း တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်တော့သည်။
"မင်းကို ပြောပြဖို့ မေ့နေတာ။ ဒီဟင်းလင်းပြင်နယ်မြေ တစ်ခုလုံးကို လုံးဝပိတ်လှောင်ထားပြီးပြီ။ ဝင်လာဖို့က လွယ်ပေမဲ့ ထွက်သွားဖို့ကတော့ ခက်လိမ့်မယ်။ ဒါ့အပြင် ဒီဧရာမ နတ်ဘုရားရုပ်တုကြီးက ငါတို့အတွက် ထားခဲ့တာ မဟုတ်ဘူး၊ ‘ထျန်း’ကိုယ်တိုင် ချန်ရစ်ထားခဲ့တဲ့ ဟင်းလင်းပြင်နဲ့ အချိန်ကို စောင့်ကြပ်သူပဲ"
"ဒီ ဟင်းလင်းပြင်နဲ့ အချိန်ကို စောင့်ကြပ်သူကြီးဟာ ‘ထျန်း’ ရဲ့ တိုက်ရိုက် စွမ်းအားတွေ ပေးအပ်ထားခြင်း ခံရရုံသာမက ဒီဟင်းလင်းပြင်နယ်မြေ တစ်ခုလုံးမှာရှိတဲ့ စွမ်းအင်တွေ အားလုံး၊ နှင်းမုန်တိုင်းကြီးရဲ့ စွမ်းအားတွေကိုပါ အသုံးပြုနိုင်တယ်။ စွမ်းရည်ပိုင်းမှာဆိုရင် ထိုက်ရှီနဲ့ ငါတို့ထက်တောင် အများကြီး ပိုသာလွန်သေးတယ်"
"အကယ်၍ မင်းသာ အသက်ရှင်နိုင်မယ် ဆိုရင်တော့ တခြားကိစ္စတွေကို နောက်မှပဲ ဆက်ပြောကြတာပေါ့"
အခြားအသံတစ်ခုမှာ လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။ ထိုအသံမှာလည်း အတူတူပင် အလွန်အမင်း တည်ငြိမ်အေးဆေးနေပြီး သူတို့၏ အမြင်တွင်မူ ယခုလက်ရှိ ဝမ်ချောင်မှာ အသက်မရှိတော့သော လူသေတစ်ယောက်ပင်ဖြစ်နေပြီ ဖြစ်သည်။
ဤစကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏မျက်မှောင်များလည်း အနည်းငယ် တွန့်ကွေးသွားတော့သည်။
ဤဧရာမ နတ်ဘုရားရုပ်တုကြီးမှာ အနည်းငယ် ထူးဆန်းနေသည်ကို သူ သိရှိခဲ့သည် ဆိုသော်ငြားလည်း ဤဧရာမ နတ်ဘုရားရုပ်တုကြီးမှာ ‘ထျန်း’ကိုယ်တိုင် ချန်ရစ်ထားခဲ့သည့် အရာတစ်ခု ဖြစ်လိမ့်မည်ဟု ဝမ်ချောင် လုံးဝတွေးတောမှန်းဆထားခဲ့ခြင်း မရှိပါချေ။
‘ထျန်း’နှင့် ပတ်သက်ဆက်နွယ်နေသည့် မည်သည့်အရာမဆို လုံးဝရိုးရှင်းနေမည် မဟုတ်ဘူးဆိုသည်မှာ သေချာလှပေသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ထို နတ်ဘုရားအဖွဲ့အစည်းကြီးမှ ထိုက် မျိုးဆက် အစွမ်းထက်သိုင်းပညာရှင် နှစ်ယောက် အဆိုအရဆိုလျှင် ဤဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ ထိုက်ရှီထက်ပင် ပို၍အစွမ်းထက်နေသေးသည်ကို ဆက်လက် ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။
ယုံကြည်ရန် ခက်ခဲလှသည် ဆိုသော်ငြားလည်း တစ်ဖက်လူက သူ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကို အပြည့်အဝ ယုံကြည်နေသည်ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးတွင် သူ့ကို လိမ်ညာပြောဆိုနေရန် လုံးဝအကြောင်းပြချက် မရှိပါချေ။
ပြောရမည်ဆိုလျှင် အလွန်အမင်း လျင်မြန်လွန်းလှပေသည်။ လူနှစ်ယောက်၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သည်းခံနိုင်စွမ်းများ လုံးဝကုန်ခမ်းသွားခဲ့ပုံ ရပေသည်။ ထိုဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာလည်း ချက်ချင်း စတင်ပြောင်းလဲလာတော့သည်။
ဝမ်ချောင်၏ အကြည့်များရှေ့မှာပင် လေဟာနယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ရွှေရောင်နှင့် အနီရောင် ရောယှက်နေသော ဟင်းလင်းပြင်နှင့် အချိန်၏ စက်ကွင်း တစ်ခုမှာ ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ နောက်စေ့မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဤရွှေရောင်နှင့် အနီရောင် ရောယှက်နေသော ဟင်းလင်းပြင်နှင့် အချိန်၏ စက်ကွင်းမှာ အခြားသော သိုင်းပညာရှင် မည်သူ၏ ဟင်းလင်းပြင်နှင့် အချိန်၏ စက်ကွင်းနှင့်မျှ လုံးဝမတူညီပါချေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ စွမ်းရည်မှာ ဟင်းလင်းပြင်နှင့် အချိန်ကို ထိန်းချုပ်ရန် မဟုတ်ဘဲ အနက်ရောင် နတ်ဘုရားရုပ်တုကြီးအား အလွန်အမင်း ကြီးမားလှသော နတ်ဘုရားစွမ်းရည်ကြီး တစ်ခုကို ပေးအပ်ရန် သာလျှင် ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ဤအချက်ကို ကြည့်မည်ဆိုပါက ဝမ်ချောင်ယခင်က ထိုက်ရှီ၏ ကိုယ်ပေါ်မှနေ၍ ရရှိထားခဲ့သော အလင်းရောင် နတ်ဘုရားလက်နက်နှင့် အနည်းငယ် ဆင်တူနေတော့သည်။
သို့သော် အလင်းရောင် နတ်ဘုရားလက်နက်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏နောက်စေ့တွင် ပေါ်ထွက်လာသော ရွှေရောင်နှင့် အနီရောင် ရောယှက်နေသည့် ဟင်းလင်းပြင်နှင့် အချိန်၏စက်ကွင်းမှာ ဂန်ချီစွမ်းအင်များနှင့် စွမ်းအားများကို ပိုမို၍ ကြီးမားကျယ်ပြန့်စွာ အသုံးပြုနိုင်စွမ်း ရှိပေသည်။
ဘာပဲဖြစ်ဖြစ် ၎င်း၏နောက်ကျောဘက်တွင် ရှိနေသောအရာမှာ ကုန်းမြေဒေသကြီး တစ်ခုလုံးနှင့် မရေမတွက်နိုင်သော သက်ရှိများကို အပြည့်အဝ ပြောင်းလဲပစ်ခဲ့သော ဧရာမ ဟင်းလင်းပြင်နှင့် အချိန်၏ ဂိတ်ကြီးနှင့် တခြားကမ္ဘာမှ ကျူးကျော်သူများ၏ ကမ္ဘာကြီး ပင်ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
ထိုနှစ်ခု ပေါင်းစပ်ပြီး အသုံးပြုနိုင်သော စွမ်းအားများမှာ မည်သည့် သိုင်းပညာရှင်ကမျှ လုံးဝတွေးတောမှန်းဆ၍ မရနိုင်လောက်အောင် အလွန်အမင်း ကြီးမားလှပေသည်။
ကျယ်လောင်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ကောင်းကင်နှင့် မြေကြီးမှာ ချက်ချင်းမှောင်မိုက်သွားခဲ့ပြီး အနက်ရောင် မီးခိုးများ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။ ရွှတ်…ခနဲမြည်သံကြီး တစ်ခုနှင့်အတူ ထိုဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ မြေပြင်ပေါ်တွင် စိုက်ထားသော ဧရာမ ဓားမကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်တော့သည်။
တစ်ချိန်တည်းလိုလိုပင် ကြီးမားလှသော စွမ်းအားကြီးတစ်ခုမှာ ထိုရွှေရောင်နှင့်အနီရောင် ရောယှက်နေသော ဟင်းလင်းပြင်နှင့်အချိန်၏စက်ကွင်းအတွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရေလှိုင်းကြီးများအလား ဧရာမ စွမ်းအားကြီးမှာ အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ကိုယ်တွင်းရှိ နေရာအနှံ့အပြားသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။
ထိုဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ မူလကတည်းက အလွန်အမင်း ကြီးမားလှသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ဤစွမ်းအားကြီး၏ဖြည့်တင်းမှုကို ရရှိလိုက်သည့်အခါ တဂျွတ် ဂျွတ် မြည်သံများနှင့်အတူ သူ၏စွမ်းရည်များမှာ အဆင့်ပေါင်းများစွာ ရုတ်တရက် ခုန်တက်သွားတော့သည်။
ခွန်အားတစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ ဂူကောင်းကင်အဆင့်၏ အမြင့်ဆုံးအဆင့်ကို လုံးဝကျော်လွန်သွားခဲ့ပြီဖြစ်ပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီပင်ဖြစ်သည်။
ပို၍အရေးကြီးသောအချက်မှာ ‘ထျန်း’က ဤနတ်ဘုရားရုပ်တုကြီးကို မည်သည့်အရာများ ပြုလုပ်ထားခဲ့သနည်းဆိုတာကို မသိရှိရသော်လည်း ဤအနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ လှုပ်ရှားမှုတိုင်းတွင် ဧရာမ ဟင်းလင်းပြင်နှင့် အချိန်၏ တုန်ခါမှုကြီးတစ်ခု အမြဲတမ်း ပါဝင်နေတော့သည်။
ဝုန်း…
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီးနောက် လေဟာနယ်များ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ ဓားမကြီးကို ဝှေ့ယမ်းလျက် ဝမ်ချောင်ရှိရာအရပ်ဆီသို့ ရုတ်တရက် အပြင်းအထန် ခုတ်ချလာတော့သည်။
ဤဓားချက်မှာ အလွန်အမင်း လေးလံလှပြီး ဝမ်ချောင်ကို အတိအကျ ပစ်မှတ်ထားပြီး ခုတ်ချလာခြင်း မဟုတ်ဘူးဆိုသော်ငြားလည်း ဓားမကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ်မှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားခဲ့ပြီး အလွန်အမင်း ထင်ရှားလှသော အနက်ရောင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ဤမျှသာမက ဧရာမ ဓားမကြီး ဝှေ့ယမ်းလာသည့်အခါ ၎င်းကိုယ်တိုင်၌ ဧရာမ ဆွဲငင်အားကြီးတစ်ခု အပြည့်အဝ ပါဝင်နေတော့သည်။
ထိုဓားချက် ခုတ်ချလိုက်သည့် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဟင်းလင်းပြင်နှင့် အချိန်မှာ ရုတ်တရက် ပြိုကျသွားခဲ့ပြီး အရပ်လေးမျက်နှာရှိ အရာအားလုံးမှာ ဤဟင်းလင်းပြင် ပြိုကျမှု၏ လွှမ်းမိုးမှုအောက်တွင် ဓားမကြီး၏ အောက်ဘက်သို့ အပြင်းအထန် ဆွဲငင်ခြင်း ခံလိုက်ရရာ၊ ကြည့်ရသည်မှာ ဓားမကြီး၏ အောက်ဘက်သို့ မိမိသဘောဆန္ဒအလျောက် သွားရောက် ခံယူနေသည့်အလား ပင်ဖြစ်နေတော့သည်။
"ဟင်းလင်းပြင် ပိတ်လှောင်ခြင်း”
ဝမ်ချောင်၏ မျက်ဝန်းများ အလွန်အမင်း စူးရှသွားခဲ့ပြီး ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။
အရာရာတိုင်းတွင် ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်များ ရှိစမြဲ ပင်ဖြစ်သည်။ ဝမ်ချောင်၏ခန္ဓာကိုယ် အရွယ်အစားမှာ အနက်ရောင် ဧရာမ နတ်ဘုရားရုပ်တုကြီး၏ ရှေ့တွင် ပုရွက်ဆိတ်လေး တစ်ကောင်အလား သေးငယ်လွန်းလှရာ မိမိ၏ သွက်လက်ဖြတ်လတ်မှုကို အသုံးပြု၍ ၎င်း၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်စွမ်း ရှိပေသည်။
သို့သော် ဧရာမ နတ်ဘုရားရုပ်တုကြီး ကိုယ်တိုင်၌ ပါဝင်နေသော ဟင်းလင်းပြင် ပိတ်လှောင်ခြင်းနှင့် ဟင်းလင်းပြင် ပြိုကျခြင်း စွမ်းရည်များကြောင့် ရှောင်တိမ်းရန် ကြိုးပမ်းမှုများ အားလုံး သို့မဟုတ် မိမိ၏သွက်လက်ဖြတ်လတ်မှုကို အသုံးပြု၍ ဧရာမ နတ်ဘုရားရုပ်တုကြီးကို လှည့်စားရန် တွေးတောထားမှုများ အားလုံးမှာ လုံးဝအချည်းနှီး ဖြစ်သွားရတော့သည်။
ဤမျှသာမက ဧရာမ နတ်ဘုရားရုပ်တုကြီး၏ လှုပ်ရှားမှု တိုင်းတွင် ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းစည်းကမ်းများ အပြည့်အဝ ပါဝင်နေပြီး ကောင်းကင်နှင့် မြေပြင်ကြားရှိ အလွန်အမင်း များပြားလှသော မူလစွမ်းအင်များ၊ ဝိညာဉ် စွမ်းအင်များ၊ ရေခဲစွမ်းအင်များနှင့် ဂန်ချီစွမ်းအင်များကို အလွယ်တကူ ဆွဲငင်အသုံးပြုနိုင်စွမ်း ရှိပေသည်။
ထို့ပြင် ခွန်အားပိုင်းတွင်လည်း ဂူကောင်းကင်အဆင့်ကို များစွာကျော်လွန်နေပြီဖြစ်ရာ ဝမ်ချောင်အတွက် အလွန်အမင်း ကြီးမားလှသော အန္တရာယ်ကြီးတစ်ခု ဖြစ်လာရန် လုံလောက်နေပြီ ဖြစ်သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ထို ထိုက် မျိုးဆက်မှ အစွမ်းထက်သိုင်းပညာရှင် နှစ်ယောက် ပြောဆိုခဲ့သည်မှာ လုံးဝမမှားယွင်းပါချေ။ ဤဧရာမ နတ်ဘုရားရုပ်တုကြီး၏ စွမ်းရည်မှာ ထိုက်ရှီထက် များစွာ သာလွန်နေပြီဖြစ်ပြီး ဝမ်ချောင်မြင်တွေ့ဖူးသမျှ အစွမ်းထက်ဆုံးသော စောင့်ကြပ်သူတစ်ဦးဟု သတ်မှတ်၍ ရနိုင်လောက်ပေသည်။
ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ရုပ်ဝတ္ထုတစ်ခုအလား တောင့်တင်းသွားခဲ့ပြီး ရေစီးကြောင်းအလား လှုပ်ရှားလျက် သူ့ကို အနက်ရောင် ဓားမကြီး၏အောက်ဘက်သို့ ဆွဲငင်သွားနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားတော့သည်။
သူသည် အထင်သေးနေမှုများ အားလုံးကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး တိုက်ပွဲဝင်ရန် အပြည့်အဝ အသင့်ပြင်ဆင်လိုက်တော့သည်။
အလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး လေဟာနယ်များ ရုတ်တရက် မြည်ဟည်းလာတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်မှာ ကိုယ်တွင်းမှနေ၍ ရွှေရောင်နှင့်အမည်းရောင် ဟင်းလင်းပြင်နှင့် အချိန်၏ စက်ကွင်းတစ်ခုကို လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ ခြေလှမ်းအနည်းငယ်ခန့် အကွာအဝေး အတွင်းရှိ လေဟာနယ်ကို အပြည့်အဝ တားဆီးပိတ်ပင်ထားလိုက်ကာ ဧရာမ နတ်ဘုရားရုပ်တုကြီး ထံမှ ပေါက်ကွဲထွက်ပေါ်လာသော ဟင်းလင်းပြင် ဆွဲငင်အားကြီးနှင့် အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်လိုက်တော့သည်။
တစ်ချိန်တည်းလိုလိုပင် ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့ပြီး နောက်စေ့တွင် တောက်ပလင်းလက်လှသော ရွှေရောင် အလင်းတန်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
သူသည် ထိုက်ရှီထံမှ ရရှိထားခဲ့သော အလင်းရောင် နတ်ဘုရားလက်နက်ကို လျင်မြန်စွာ ထုတ်ယူ အသုံးပြုလိုက်ခြင်းပင်ဖြစ်သည်။ ထိုအလင်းရောင် နတ်ဘုရားလက်နက်၏ အတွင်း၌ သေးငယ်လှသော အနက်ရောင် အရိပ်လေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့ပြီး ဝမ်ချောင်မှာ ထိုက်ချန်ထံမှ ရရှိထားခဲ့သော ထို "ရွှေရောင် လှံတို"ကိုပါ ထပ်မံ၍ အသုံးပြုလိုက်တော့သည်။
"ဝုန်း…."
လျှပ်စီးတန်းတစ်ခု လေဟာနယ်ကို ဖြတ်သန်းသွားသည့်အလားပင် ဖြစ်နေတော့သည်။ ဝမ်ချောင် ပစ်လွှတ်လိုက်သည့် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဤရွှေရောင် လှံတိုမှာ အလွှာပေါင်းများစွာသော ဟင်းလင်းပြင်များကို ဖြတ်သန်းသွားခဲ့ပြီး အဝေးရှိ အနက်ရောင် ဧရာမ နတ်ဘုရားရုပ်တုကြီး အပေါ်သို့ အပြင်းအထန် ဝင်ရောက်ရိုက်ခတ်သွားတော့သည်။
ဤတိုက်ခိုက်မှုတွင် အနည်းဆုံး ဝမ်ချောင်၏ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကျော်ခန့် ပါဝင်နေတော့သည်။ ဤမျှသာမက ရွှေရောင် လှံတိုကိုယ်တိုင်ကလည်း လုံးဝဖျက်ဆီး၍ မရနိုင်လောက်အောင် အလွန်အမင်း တောင့်တင်းခိုင်မာလှပြီး ဝမ်ချောင်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ ပုံမှန်အခြေအနေမျိုးတွင်ဆိုပါက တောင်ကြီး တစ်တောင် ဖြစ်နေမည် ဆိုလျှင်တောင်မှ အမှုန့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားမည်မှာ သေချာလှပေသည်။ နတ်ဘုရားရုပ်တုကြီး တစ်ခုဆိုလျှင်တော့ ဆက်လက်ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။
ဝမ်ချောင်မှာ ရွှေရောင်လှံတို၏ အပေါ်တွင် ဟင်းလင်းပြင်နှင့် အချိန်ကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများကိုပင်လျှင် ထပ်မံ၍ ပေါင်းထည့်ထားခဲ့သေးသည်။
သို့သော် နောက်ဆုံး ထွက်ပေါ်လာသော ရလဒ်မှာမူ ဝမ်ချောင် တွေးတောမှန်းဆထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
"ဝုန်း"
မည်သည့် အံ့ဩစရာမျှ လုံးဝဖြစ်ပေါ်မလာခဲ့ပါချေ။ ရွှေရောင်လှံတိုမှာ ပေတစ်ရာကျော်ခန့် မြင့်မားသော အနက်ရောင် ဧရာမ နတ်ဘုရားရုပ်တုကြီးကို အပြင်းအထန် ဝင်ရောက် ရိုက်ခတ်သွားခဲ့ပြီး ကျယ်လောင်လှသော သတ္တု ရိုက်ခတ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထိုဧရာမ စွမ်းအားကြီးကြောင့် ဧရာမ နတ်ဘုရားရုပ်တုကြီး ကိုယ်တိုင်ပင်လျှင် တစ်ချက်မျှ သိသာထင်ရှားစွာ တုန်ခါသွားတော့သည်။
ဧရာမ နတ်ဘုရားရုပ်တုကြီး ကိုယ်တိုင်ပင်လျှင် ဝမ်ချောင်၏ စွမ်းအားရှေ့တွင် အနည်းငယ်မျှ မတုန်မလှုပ်ဘဲ ရပ်တည်နေနိုင်ရန် လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော် တစ်ချက်မျှ တုန်ခါသွားရုံ သက်သက်သာဖြစ်ပြီး အနက်ရောင် ဧရာမ နတ်ဘုရားရုပ်တုကြီးမှာ လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာတော့သည်။
ဝမ်ချောင်၏ ကိုးဆယ်ရာခိုင်နှုန်းကျော်ခန့်ရှိသော စွမ်းအားကြီးကို အပြင်းအထန် ခံယူလိုက်ရသည် ဆိုသော်ငြားလည်း ဧရာမ အနက်ရောင် နတ်ဘုရားရုပ်တုကြီးမှာ အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်းမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့် ထင်ရှားသော ဒဏ်ရာမျိုးကိုမျှ လုံးဝတွေ့ရှိရခြင်း မရှိပါချေ။ ပြင်းထန်သော ဒဏ်ရာကြီးများ ရရှိသွားရန် ဆိုလျှင်တော့ ဆက်လက် ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်။
ထိုတိုက်ခိုက်မှု၏ စွမ်းအားကို သူ အလွန်အမင်း ကောင်းကောင်း သိရှိပေသည်။ သို့သော် ထို့ကြောင့်ပင်လျှင် ဝမ်ချောင်မှာ ပို၍အံ့ဩမှင်တက်သွားရခြင်းပင်ဖြစ်သည်။
ဤဧရာမ နတ်ဘုရားရုပ်တုကြီး၏ ကာကွယ်နိုင်စွမ်းမှာ သူ တွေးတောမှန်းဆထားသည်ထက် အဆပေါင်းများစွာ ပိုကြောက်မက်ဖွယ်ကောင်းနေသည်မှာ သေချာလှပေသည်။
"အလဟဿ ကြိုးစားမနေပါနဲ့တော့။ ဒီဧရာမ နတ်ဘုရားရုပ်တုကြီးကို ‘ထျန်း’ က ကမ္ဘာလောကကြီး အပြင်ဘက်ကနေ ရရှိထားခဲ့တဲ့ နှစ်သောင်းချီ သန့်စင်ထားတဲ့ သံမဏိနဲ့ တည်ဆောက်ထားတာပဲ"
"ဒါ့အပြင် သူ့ရဲ့အတွင်းမှာ ‘ထျန်း’ ကိုယ်တိုင် ရေးထွင်းထားခဲ့တဲ့ အသေးအကြီး ရောနေတဲ့ ကာကွယ်ရေး ဝင်္ကပါ တစ်သိန်း နှစ်သောင်း ရှစ်ထောင့် လေးရာ တိတိ ပါဝင်နေသေးတယ်။ ထိုက် မျိုးဆက်က အစွမ်းထက်သိုင်းပညာရှင်တွေ အားလုံး ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ အလွယ်တကူ အနိုင်ယူနိုင်ဖို့ လုံးဝမလွယ်ကူဘူး။ မင်းဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး"
ထိုအချိန်မှာပင် ဧရာမ နတ်ဘုရားရုပ်တုကြီး၏ ကိုယ်တွင်းမှနေ၍ ထိုက်ရှန်၏ အလွန်အမင်း အေးစက်လှသော အသံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဘယ်လိုပဲ ရုန်းကန်နေပါစေ အလဟဿပါပဲ။ လက်နက်ချပြီး အရှုံးပေးလိုက်တာက ပိုကောင်းလိမ့်မယ်။ အဲဒီလိုလုပ်ရင် မင်း နာကျင်ရတာ နည်းနည်းလျော့နည်းသွားနိုင်သေးတယ်"
"ဒါ့အပြင် ‘ထျန်း’ ချန်ရစ်ထားခဲ့တဲ့ နည်းလမ်းတွေက ဒီလောက်လေးပဲ လုံးဝမဟုတ်ဘူးဆိုတာကို မင်း သိထားသင့်တယ်..."
တစ်ချိန်တည်းလိုလိုပင် ထိုက်ချုံ၏အသံမှာလည်း ဧရာမ နတ်ဘုရားရုပ်တုကြီး၏ ကိုယ်တွင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဝုန်း…"
သူတို့နှစ်ယောက်၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဝမ်ချောင်၏တိုက်ခိုက်မှုက တစ်စုံတစ်ခုကို သွားရောက် ထိခိုက်မိလိုက်သည့်အလား၊ လေဟာနယ်များ ရုတ်တရက် မြည်ဟည်းသွားခဲ့ပြီး အနက်ရောင် ဧရာမနတ်ဘုရားရုပ်တုကြီး၏ အလွန်အမင်း အေးစက်ပြီး ရက်စက်လှသော ရွှေရောင်မျက်ဝန်းကြီးများ အတွင်း၌ ထူးဆန်းလှသော အလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။
******