အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) ပွဲတော် စတင်ခြင်း
ချန်ဖုန်း နေ့လယ် ၂ နာရီတွင် ကျောင်းသို့ ရောက်ရှိလာခဲ့သည်။
ဆောင်းဦးရာသီပွဲတော်က ညနေ ၆ နာရီမှ စတင်မည်ဖြစ်ရာ လေးနာရီခန့် အချိန်လိုသေးပေ၏။
သူ ကားပါကင်ထိုးပြီးနောက်။
ကြိုတင်ခန့်မှန်းဗီဒီယို တစ်ခု ချက်ချင်း ပေါ်လာခဲ့လေသည်။
"ဟင်..."
ဗီဒီယိုကို ကြည့်ရှုပြီးနောက် ချန်ဖုန်း၏ နှုတ်ခမ်းများက နောက်ပြောင်လိုသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့၏။
ယနေ့၏ ဗီဒီယိုမှာ အမှန်တကယ်ပင် သူ့အတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေခဲ့ပေသည်။
ထိုအချိန်၌ နည်းပြဆရာမ ကျင်းထျန် သည်လည်း အလျင်အမြန် လျှောက်လာခဲ့ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေပုံရပေ၏။
သူမက ချန်ဖုန်းအား ဒေါသတကြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။ "ချန်ဖုန်း... ငါ နင့်ကို မနက် ကိုးနာရီကတည်းက ဖုန်းဆက်ထားတာ... ဘာလို့ အခုမှ ရောက်လာရတာလဲ..."
"နင်... နင် သေးပေါက်ဖို့ ငါးနာရီတောင် အချိန်လိုလို့လား... နင့်မှာ ဆီးမထိန်းနိုင်တဲ့ ရောဂါ ဒါမှမဟုတ် ဆီးပြွန်ရောင်တဲ့ ရောဂါများ ရှိနေတာလား..."
ဖွီး...
ချန်ဖုန်းမှာ သွေးများပင် ပန်းထွက်လုမတတ် ဖြစ်သွားရလေ၏။
‘လခွမ်း…ဆရာမရယ်… အဲ့လောက်ကြီး ပြောတာကျ မလွန်လွန်းဘူးလား’
နည်းပြဆရာမ ကျင်းထျန်က စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူ့ကို စာသင်ခန်းဆီသို့ ဆွဲခေါ်သွားရင်း ပြောဆိုလိုက်သည်။ "တကယ်လို့ နင် မနက်ကတည်းက ရောက်လာခဲ့ရင် စာရင်းဖျက်ဖို့ အခွင့်အရေး ရှိဦးမယ်... အခုတော့ နာမည်စာရင်း တစ်ခုလုံးကို ကြေညာပြီးသွားပြီ...အခုချိန်မှာ နုတ်ထွက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး…”
သူမက စကားပြောနေရင်း စိတ်အေးသွားဟန်ဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ အဆင်ပြေပါတယ်... ပါဝင်မယ့်သူ စာရင်းပဲ ထွက်သေးတာ... အစီအစဉ်ကို အတည်မပြုရသေးဘူး... ဒါကြောင့် ဒီည သီချင်းတစ်ပုဒ်လောက်ပဲ ဆိုလိုက်ပါ..."
"နင့်မှာ လေးနာရီ အချိန်ရသေးတယ်... စာသင်ခန်းထဲမှာ သေချာ လေ့ကျင့်ထား... နင့်ကို ထူးထူးခြားခြား ကောင်းကောင်း ဆိုနိုင်ဖို့ ငါ မမျှော်လင့်ပါဘူး...အနည်းဆုံးတော့ ငါတို့ အတန်းကို အရှက်မကွဲစေနဲ့ပေါ့..."
ထို့နောက် သူမက ရုတ်တရက် လှည့်ကာ မေးလိုက်သည်။ "နင် သီချင်းတော့ ဆိုတတ်တယ် မဟုတ်လား..."
"အမ်… ဒါပေါ့... သီချင်းဆိုတတ်ပါတယ်... မဆိုးဘူးလို့တော့ ထင်တာပဲ..." ချန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။
သူ့တွင် စနစ်ရှိနေသဖြင့် စွမ်းရည်တစ်ခုကို တိုက်ရိုက် ဝယ်ယူလိုက်ရုံသာ ဖြစ်ပေသည်။
နည်းပြဆရာမ ကျင်းထျန် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
သို့သော် ထိုအချိန်မှာပင် သူမထံသို့ မက်ဆေ့ခ်ျတစ်စောင် ရုတ်တရက် ဝင်လာခဲ့၏။
သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပေသည်။
"ဆရာမ... ဘာဖြစ်လို့လဲ..."
"နင် ပါဝင်ရမယ့် အစီအစဉ် အတည်ဖြစ်သွားပြီ..." နည်းပြဆရာမ ကျင်းထျန်က သူ့ကို ထူးဆန်းစွာ ကြည့်လျက် ပြောလိုက်၏။ "ဘယ်သူကများ နင့်ကို ဂူကျန်း ပြိုင်ပွဲအတွက် စာရင်းပေးလိုက်လဲ မသိဘူး... တီးခတ်ရမယ့် တေးသွားက 'တောင်မြင့်ရေအေး' တေးသွားတဲ့... အဲဒါကို ပြောင်းဖို့ ငါ နင့်ကို
ခေါ်သွားပေးရမလား..."
သီချင်းဆိုခြင်းသာဆိုလျှင် နောက်ဆုံးမိနစ်မှ အလွတ်ကျက်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်၍ ရနိုင်ပေသည်။
သို့သော် ဂူကျန်း ကမူ မတူညီချေ။
တေးသွားတစ်ပုဒ်ကို ဖျော်ဖြေရန်အတွက် ဂီတအခြေခံကောင်းတစ်ခု လိုအပ်ပေရာ အလွန်ခက်ခဲသော `တောင်မြင့်ရေအေး´ တေးသွားကို ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
"အဆင်ပြေပါတယ်... ဂူကျန်း ပဲ တီးလိုက်ပါ့မယ်..."
ချန်ဖုန်းက ယခင်ကအတိုင်း ဂရုမစိုက်ဟန်ဖြင့် နေနေဆဲပင်။
သူ့အတွက်တော့ စနစ်မှ လဲလှယ်၍ ရနိုင်သရွေ့ မည်သည့်အစီအစဉ်ဖြစ်စေ အရေးမကြီးချေ။
"နင်..."
အတိုင်ပင်ခံဆရာမ ကျင်းထျန် သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေ၏။
ချန်ဖုန်းက သူ့ကိုယ်သူ အရှုံးပေးလိုက်ပြီဟု သူမ ခံစားလိုက်ရသည်။
‘ဟုတ်တယ်...ဒီကောင် သေချာပေါက် အဲဒီလို တွေးနေတာပဲဖစ်မယ်’
"မရဘူး... နင့်ရဲ့ အစီအစဉ်ကို ငါ ပြောင်းပေးမှရမယ်... နင်က ငါတို့ တစ်တန်းလုံးကို ကိုယ်စားပြုတာ... တကယ်လို့ နင်သာ အမှားလုပ်မိရင် နင်တစ်ယောက်တည်း အရှက်ကွဲမှာ မဟုတ်ဘူး..."
ချန်ဖုန်းက ရယ်မောကာ ပြောဆိုလိုက်၏။ "တစ်ယောက်ယောက်က ကျွန်တော့်ကို သေချာပေါက် ပစ်မှတ်ထားနေတာပဲ... ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သတင်းပြန့်သွားလောက်ပြီ... ပြီးတော့ ကျွန်တော် ဂူကျန်း ဖျော်ဖြေမယ်ဆိုတာ လူတိုင်း သိနေလောက်ပြီ..."
"တကယ်လို့ အစီအစဉ်ကို ထပ်ပြောင်းလိုက်ရင် လူတွေက ကျွန်တော့်ကို သတ္တိကြောင်တယ်လို့ ထင်သွားကြလိမ့်မယ်... စိတ်မပူပါနဲ့... ဂူကျန်း က ကျွန်တော့်အတွက် မုန့်စားသလို လွယ်လွယ်လေးပါ..."
"တကယ်လား..." နည်းပြဆရာမ ကျင်းထျန် မှာ သံသယဝင်နေခဲ့ပေသည်။
…
"မင်းတို့ ကြားပြီးကြပြီလား... ချန်ဖုန်း က ဂူကျန်း ဖျော်ဖြေမယ်တဲ့... ပြီးတော့ တီးမယ့် တေးသွားက အရမ်းခက်ခဲတဲ့ 'တောင်မြင့်ရေအေး' တေးသွားတဲ့..."
"မဖြစ်နိုင်တာ... ဂီတမေဂျာက လူတွေတောင် ဒီတေးသွားကို မစိန်ခေါ်ရဲဘူး... သူ တကယ်ကို အံ့သြဖို့ကောင်းတာပဲ..."
"ဟုတ်တယ်... မိန်းကလေးတွေကို လိုက်တဲ့ နေရာမှာဆိုရင်တော့ အဲဒီကောင်လေးကို ငါ တကယ် အထင်ကြီးတယ်... ဒါပေမဲ့ ဖျော်ဖြေရေးပိုင်း ကျတော့ သူက တကယ်ကို အသုံးမကျပါဘူး..."
"ထူးဆန်းတာပဲ... အဲဒီကောင်လေးက အရင်တုန်းက ပိုက်ဆံနဲ့ပဲ ဟန်ရေးပြလေ့ရှိတာ... ဒီတစ်ခါ ဘာလို့ အနုပညာဆန်တဲ့ ပုံစံကို ပြောင်းသွားတာလဲ... အဲဒါက သူ့ပုံစံနဲ့ လုံးဝ မတူဘူး..."
“ဘယ်သူသိမှာလဲ…”
လူအုပ်ကြီးက စတင်ဆွေးနွေးလာကြလေ၏။
ထိုအချိန်၌ ကျောက်တုန်းလိုင်က ရယ်မောလိုက်သည်။ "အဲ့တာ ဘာထူးဆန်းနေလို့လဲ... သူ့ရဲ့ အစီအစဉ်ကို ငါ ရေးပေးခဲ့တာလေ... ဂူကျန်း 'တောင်မြင့်ရေအေး' တေးသွား... ဒီတစ်ခါ သူ ဘယ်လို အရှက်ကွဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
"မဖြစ်နိုင်တာ... အစ်ကိုကျောက် ဟုတ်လို့လား..."
"ဘာလဲ... ငါက ဖြည့်ပေးလို့ မရဘူးလား..." ကျောက်တုန်းလိုင်က အေးစက်စွာ နှာမှုတ်လိုက်၏။ "ချန်ဖုန်း ကို ဘယ်သူ စာရင်းပေးလိုက်လဲတော့ ငါ မသိဘူး... ချန်ဖုန်း လိုလူမျိုးက ပိုက်ဆံနည်းနည်း ရှိတာကလွဲရင် ဘာစွမ်းရည်များ ရှိလို့လဲ..."
"ဘာပဲဖြစ်ဖြစ် သူ အရှက်ကွဲတော့မှာဆိုတော့ သူ့အတွက် ပိုခက်ခဲသွားအောင် ငါတို့ လုပ်လိုက်တာပေါ့... `ဂူကျန်း´ ဆိုတဲ့ အစီအစဉ်အတွက် ငါ အချိန်အကြာကြီး တွေးခဲ့ရတာ... ဟားဟား... ဒီည ဘာဖြစ်လာမလဲဆိုတာ စောင့်သာ ကြည့်နေကြ..."
ချန်ဖုန်းနှင့် သူ၏ ရန်ငြိုးများမှာ အချိန်အတော်ကြာပြီ ဖြစ်ပေသည်။
၎င်းတို့နှစ်ဦး ပထမဆုံး တွေ့ဆုံချိန်တွင် ချန်ဖုန်းက သူ၏ ဖွင့်ပြောမည့် အခွင့်အရေးကို ဖျက်ဆီးခဲ့ပြီး ရှန်ယန်းယန်းကို သူ့ထံမှ လုယူသွားခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်းတွင် သူသည် ဘတ်စကတ်ဘော ကစားခြင်းဖြင့် နာမည်ရလာအောင် နောက်ဆုံးတွင် ကြိုးစားနိုင်ခဲ့ပေသည်။
သို့သော် ချန်ဖုန်းက ထပ်မံ၍ ဖျက်ဆီးခဲ့ပြန်၏။ ဤတစ်ကြိမ်တွင်မူ ချန်ဖုန်းကို လက်စားချေဖို့ အခွင့်အရေး နောက်ဆုံးတော့ သူ ရခဲ့ပြီ…။
"အစ်ကိုကျောက် က တကယ် မိုက်တာပဲ... ငါလည်း ချန်ဖုန်း ကို သည်းခံနေရတာ ကြာပြီ... သူသာ ကျောင်းမှာ ဆက်ရှိနေမယ်ဆိုရင် ကျောင်းရဲ့အလှလေးတွေနဲ့ ချိန်းတွေ့ဖို့ မျှော်လင့်မနေနဲ့တော့..."
"သောက်ကျိုးနည်း... ချန်ဖုန်း က လူယုတ်မာပဲ..."
"ဒီတစ်ခါတော့ မိန်းကလေးတွေက သူ့ရဲ့ အသုံးမကျတဲ့ ပင်ကိုယ်စရိုက်အမှန်ကို မြင်တွေ့သွားဖို့ မျှော်လင့်ပါတယ်..."
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။
ကျောင်းတစ်ကျောင်းလုံးက ချန်ဖုန်းအကြောင်းကို ပြောဆိုနေကြပေသည်။
ရှန်ယန်းယန်းနှင့် ရှောင်မန်ချီတို့ကလည်း အခြေအနေကို မေးမြန်းရန် ချန်ဖုန်းထံ ဖုန်းခေါ်ဆိုခဲ့ကြသည်။
သို့သော် ကာယကံရှင်ဖြစ်သူ ချန်ဖုန်းကမူ တည်ငြိမ်နေဆဲပင် ဖြစ်လေ၏။
နောက်ဆုံးတွင် ညနေ ၆ နာရီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပေ့ဟူတက္ကသိုလ်၏ ခန်းမကြီးထဲတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပေ၏။
ကျောင်းတွင် ကျောင်းသားပေါင်း ၃၀,၀၀၀ ကျော် ရှိသော်လည်း ဤဆောင်းဦးရာသီပွဲတော်သို့ နောက်ဆုံးနှစ် ကျောင်းသားများသာ တက်ရောက်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မကြာမီ ဘွဲ့ရတော့မည် ဖြစ်သောကြောင့်ပင်။ ဤသည်မှာ နောက်ဆုံး ပွဲတော်လည်း ဖြစ်လေသည်။
ခန်းမကြီး၏ အရှေ့ဆုံးတန်းတွင် ကျောင်းခေါင်းဆောင်များက အများဆုံး နေရာယူထားကြ၏။
အလယ်ဗဟိုတည့်တည့်တွင် ထိုင်နေသူမှာ ကျောင်းအုပ်ဝူကန်း ပင် ဖြစ်ပေသည်။
ကျောင်းအုပ်ဝူက သူ၏နောက်ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး မကြာမီ သူ၏ အကြည့်များက လူတစ်ဦးအပေါ်၌ ရပ်တန့်သွားကာ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ထူးဆန်းသွားလေ၏။
အဘယ်ကြောင့်ဆိုသော် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်တစ်ဦးကို သူ ယခုလေးတင် မြင်တွေ့လိုက်ရသောကြောင့်ပင်။
ဝန်ကြီးကျန်းထျန်ရှန်း ကျောင်းသို့ နောက်ဆုံး လာရောက်လည်ပတ်စဉ်က ဤအဖွဲ့ဝင်သည် နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။
‘ဘာတွေ ဖြစ်နေတာလဲ... ဒီနေ့က သာမန် ဆောင်းဦးရာသီပွဲတော်လေး တစ်ခုပါပဲ... စစ်ဘက်ဆိုင်ရာဌာန က လူတစ်ယောက် ဘယ်လိုလုပ် ဒီကို ရောက်နေနိုင်တာလဲ’
ထိုအခိုက်အတန့်တွင်…
ကျောင်းအုပ်ဝူ၏ စိတ်ထဲ၌ ဖြစ်နိုင်ခြေများစွာ ဖြတ်ပြေးသွားခဲ့၏။
‘ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်တော့မယ်…’
သူ ရုတ်တရက် အလန့်တကြား ဖြစ်သွားခဲ့ပေသည်။
ထိုအချိန်၌…ပွဲတော် စတင်နေပြီ ဖြစ်လေ၏။
"နောက်အစီအစဉ် အနေနဲ့... ချန်ဖုန်း ရဲ့ ဂူကျန်း 'တောင်မြင့်ရေအေး' တေးသွား ဖျော်ဖြေမှုကို ကြိုဆိုပေးကြပါရှင်..."
လှပသော အစီအစဉ်တင်ဆက်သူက ပြုံးလျက် ပြောဆိုလိုက်သည်။
သူမသည် ချန်ဖုန်း၏ နာမည်ကျော်ကြားမှုကို ကြားဖူးထားလေ၏။
သူမကိုယ်တိုင်လည်း အလွန် သိချင်နေခဲ့ပေသည်။
တစ်ဖက်လူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလား ဒါမှမဟုတ် ပါရမီရှင် ဒုတိယမျိုးဆက်လား…
ချန်ဖုန်းမှာလည်း အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရသည်။
‘ငါ ဖျော်ဖြေရမယ့် အလှည့်ကို ဘာလို့ ပထမဆုံး နေရာမှာ ထားရတာလဲဟ…’
ထိုအချိန်၌ နည်းပြဆရာမ ကျင်းထျန်က သူ၏ဘေးသို့ အလျင်အမြန် ရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်၏။ "ချန်ဖုန်း... နင်သွားဖို့ အဆင်သင့်ဖြစ်ပြီလား...
မဖြစ်သေးဘူးလား…နောက်ပီး နင်က ဘာနဲ့ ဖျော်ဖြေမှာလဲ..."
ချန်ဖုန်းကမူ "ဒါကို ကျောင်းက ပြင်ဆင်ပေးထားတာ မဟုတ်ဘူးလား..."
"ငါ..." အတိုင်ပင်ခံဆရာမ ကျင်းထျန်မှာ သွေးတက်မတတ် ဒေါသထွက်သွားခဲ့ပေသည်။ "နင် မပြင်ဆင်ထားဘူးဆိုတာ ငါ သိသားပဲ... မြန်မြန် စင်ပေါ်တက်တော့... ငါ အနုပညာဌာန ကနေ ဂူကျန်း တစ်လက် သွားငှားလာခဲ့တယ်..."
"ဟွန့်... ဒီတစ်ခါ နင် ဘယ်လောက်ပဲ ကောင်းကောင်း တီးနိုင်ပါစေ ငါ့ကို ထမင်းတစ်နပ်တော့ ကျွေးရမယ်နော်..."
"ကောင်းပါပြီ..."
ဤအရာများကို ကိုယ်တိုင် ပြင်ဆင်ရမည်ဆိုသည်ကို ချန်ဖုန်း တကယ်ပင် မသိခဲ့ချေ။
မည်သို့ပင်ဖြစ်စေ သူသည် ယခင်က အစီအစဉ်တစ်ခုခုတွင် တစ်ကြိမ်တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ။
သူ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး လူတိုင်း၏ အကြည့်များအောက်တွင် သူ၏ရှေ့ရှိ စင်မြင့်ဆီသို့ လျှောက်သွားလေတော့၏။