← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) ဖျော်ဖြေမှု စတင်ခြင်းနှင့် အကျပ်အတည်း ပေါ်ပေါက်လာခြင်း

"ဟီးဟီး... ဒီည ပွဲတော်ကို တက်ရောက်မယ့် ဆရာမတွေထဲမှာ အနုပညာဌာနက ဆရာမကု ပါတယ်ဆိုတာ ချန်ဖုန်း မသိဘူးလား... သူမကို ဂူကျန်းဘုရင်မ လို့တောင် ခေါ်ကြတာကို..."

"ဒါ့အပြင် သူမရဲ့ နာမည်ကြီး တေးသွားက 'တောင်မြင့်ရေအေး' တေးသွားလေ... ချန်ဖုန်း က တကယ်ကို မကြောက်မရွံ့ဘဲ ဆရာမကု ရှေ့မှာ ဂူကျန်း ကို ဖျော်ဖြေရဲတာပဲ..."

"ဟားဟားဟား... ဒီတစ်ခါတော့ သူ နောက်ဆုံးနှစ် ကျောင်းသားတွေ အကုန်လုံးရဲ့ ရှေ့မှာ အရှက်ကွဲတော့မှာပဲ..."

လူတစ်စုက ချန်ဖုန်းကို အရူးတစ်ယောက်အဖြစ် ရယ်မောနေကြပေ၏။

အခြား လူတစ်စုကမူ ကွဲပြားသော အမြင်ရှိကြလေသည်။

"ချန်ဖုန်း က လူယုတ်မာ တစ်ယောက် ဖြစ်နိုင်ပေမဲ့ သူက အရူးတော့ မဟုတ်ဘူးလေ... သူ ဂူကျန်း ကို မတီးနိုင်ဘူးဆိုတာ ရှင်းနေတာကို ဘာလို့ ဖျော်ဖြေဖို့ အတင်းလုပ်နေရတာလဲ... အထူးသဖြင့် အရမ်းခက်ခဲတဲ့ 'တောင်မြင့်ရေအေး' ကိုလေ..."

"ဟုတ်တယ်... တကယ်လို့ ငါတို့ အစီအစဉ်ကို ပြောင်းရမယ်ဆိုရင်တောင် ပွဲမစခင် တစ်မိနစ်အလိုမှာ ပြောင်းလို့ရတာပဲ... အဲဒီကောင်လေးမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်..."

"ဟုတ်တယ် ဟုတ်တယ်... ချန်ဖုန်း က လူယုတ်မာ ဖြစ်ရုံတင်မကဘဲ အရမ်းလည်း ကောက်ကျစ်သေးတယ်...ငါ ထင်တာကတော့ သူက ဂူကျန်း အကြောင်း နည်းနည်းပါးပါး သိထားတာ သေချာတယ်... 'တောင်မြင့်ရေအေး' ကိုတောင် နည်းနည်း သိထားနိုင်တယ်... ဒီတစ်ခါ ဖျော်ဖြေဖို့ သူ တောင်းဆိုတာက ဆရာမကု ကို ညှို့ယူဖို့ လှည့်ကွက်တစ်ခု သက်သက်ပဲ ဖြစ်နိုင်တယ်…”

ဤသတိပေးချက်က အခြားသူများကို ချက်ချင်း သဘောပေါက်သွားစေခဲ့၏။

အားလုံး၏ အကြည့်များသည် ရှေ့ဆုံးတန်းရှိ ဆရာမကုထံသို့ ရုတ်တရက် ကျရောက်သွားလေသည်။

သူမသည် သူတို့ထက် အသက်သိပ်မကြီးလှဘဲ ရှေးဟောင်းအလှကို ပိုင်ဆိုင်ထားကာ အလွန် လှပပေသည်။

သူမတွင် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ရှည်လျားကာ လေထဲတွင် လွင့်ပျံနေသော ဆံပင်များ ရှိလေ၏။

သူမသည် အဆွဲဆောင်နိုင်ဆုံး အမျိုးသမီး ဆရာမများအနက်မှ တစ်ဦး ဖြစ်ပေသည်။

"ကြည့်စမ်း... ချန်ဖုန်း လက်ထဲက ဂူကျန်း က ဆရာမကု ရဲ့ဟာနဲ့ တူတယ်နော်..."

"သောက်ကျိုးနည်း... တကယ်ကြီးပဲ..."

"သောက်ကျိုးနည်း... ဒီကောင်က တကယ်ကို ကောက်ကျစ်တာပဲ... သူက ဟန်ရေးပြပြီး ကြွားချင်ရုံ သက်သက်လို့ ငါ ထင်ထားခဲ့တာ... တကယ်တမ်းကျတော့ သူက မိန်းကလေးတွေကို စပြီး လိုက်နေပြီပဲ...မင်းတို့ပဲ ပြောကြည့်... တကယ်လို့ ငါတို့ ဂူကျန်း ငှားရင် တစ်ခါ တွေ့ရမယ်... ပြီးတော့ ဂူကျန်း ပြန်ပေးရင် နောက်တစ်ခါ ထပ်တွေ့ရဦးမယ်လေ…”

“စဥ်းစားကြည့်လေ တကယ်လို့ မင်း စင်ပေါ်မှာ ကောင်းကောင်း တီးနိုင်ရင် ဆရာမကု ရဲ့ မျက်နှာသာပေးမှုကို သေချာပေါက် ရလိမ့်မယ်... တကယ်လို့ ကောင်းကောင်း မတီးနိုင်ဘူးဆိုရင်တောင် ဆရာမကု နဲ့ ရင်းနှီးဖို့ ပိုတောင် အခွင့်အရေး ကောင်းသေးတယ်... ဆိုလိုတာက မင်းက သူ့ဆီကနေ အကြံဉာဏ်တောင်းပြီး သင်ယူလို့ ရတယ်လေ…”

“သောက်ကျိုးနည်း... တကယ်ကို ထက်မြက်တဲ့ အစီအစဉ်ပဲ... ချန်ဖုန်း က ကျောင်းရဲ့အလှလေးတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ ဘာလို့ ချိန်းတွေ့နိုင်ပြီး ငါတို့ကတော့ အဖတ်တောင် မတင်ရတာလဲဆိုတာ မဆန်းတော့ပါဘူး... ဒါက ကွာခြားချက်ပဲ…”

ထိုအချိန်၌ ဘေးရှိ ကျောက်တုန်းလိုင်ပင်လျှင် တစ်ဖက်လူ ပြောသည့်စကားမှာ မှန်ကန်သည်ဟု ထင်မြင်သွားခဲ့ပေ၏။

‘သောက်ကျိုးနည်း... ငါ သူ့အတွက် ဂူကျန်း လျှောက်မပေးခဲ့သင့်ဘူး’

တစ်ဖက်စင်မြင့်ပေါ်တွင်မူ…

ဂူကျန်း ကို ဆရာမကုထံမှ ငှားလာခဲ့ခြင်းဖြစ်ကြောင်းကို ချန်ဖုန်း မသိရှိခဲ့ချေ။

သူသည် ဂူကျန်း ကို အောက်ချလိုက်ပီး

ကြိုးတစ်ချောင်းကို ညင်သာစွာ တီးခတ်လိုက်၏။

"ချလွမ်..."

နားထောင်ရဆိုးသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

ပထမတန်းတွင် ထိုင်နေသော ဆရာမကုသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားလေ၏။

ဤနည်းစနစ်နှင့် အသံအနိမ့်အမြင့်က... ဂူကျန်း တီးတတ်တဲ့သူနဲ့ လုံးဝ မတူဘူးပဲ...

သူမသည် ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။

အကယ်၍ နည်းပြဆရာမ ကျင်းထျန်က သူမထံသို့ ဂူကျန်း လာမငှားခဲ့ပါက သူမ ဘယ်သောအခါမှ ငှားမည် မဟုတ်ချေ။

ပရိသတ်ကြီးမှာ အော်ဟစ်ရယ်မောသွားကြလေသည်။

"သောက်ကျိုးနည်း... ဒီကောင်က ရယ်ရအောင် လုပ်နေတာလား..."

"တကယ်လို့ ပထမဆုံး ဖျော်ဖြေမှုသာ လွဲသွားရင် ငါတို့ ကြည့်စရာ ပြဇာတ်ကောင်းကောင်း တစ်ပုဒ် ရပြီပေါ့..."

"သေချာတာပေါ့... ဒီနည်းစနစ်က လုံးဝ ကျွမ်းကျင်မှုမရှိတာ သိသာတယ်... ငါလို သာမန်လူတောင် ဂူကျန်း တီးတဲ့အခါ လက်သည်းစွပ်တွေ စွပ်ရမယ်ဆိုတာ သိတယ်... အဲဒါတွေက လက်ချောင်းတွေ ဒဏ်ရာမရအောင် ကာကွယ်ပေးတာလေ..."

"..."

ဘေးတွင် ရပ်နေသော ကျောက်တုန်းလိုင်သည် ချက်ချင်း သက်ပြင်းချလိုက်နိုင်၏။

‘တော်သေးတာပေါ့... ဒီကောင်လေး ဂူကျန်း မတီးတတ်လောက်ပါဘူး…’

ဆရာမကု၏ အတော်လေး ကြည့်ရဆိုးနေသော မျက်နှာအမူအရာကို မြင်ချိန်တွင် သူ အထူးသဖြင့် ကျေနပ်အားရနေခဲ့ပေသည်။

‘မင်းရဲ့အခုလို စွမ်းရည်မျိုးနဲ့ မိန်းကလေးတွေကို လိုက်နိုင်မယ်လို့ ထင်နေတာလား... ဖွီး…’

လူအုပ်ထဲတွင် ရပ်နေသော ရှန်ယန်းယန်းသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်နေခဲ့၏။

သူမ၏ လက်သေးသေးလေးများဖြင့် အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ဤဖျော်ဖြေမှုကြောင့် ကျောင်း၌ ချန်ဖုန်း၏ ဂုဏ်သတင်း လုံးလုံးလျားလျား ပျက်စီးသွားမည်ကို သူမ စိုးရိမ်နေခဲ့ပေသည်။

[ဒင်... ဆရာသခင်အဆင့် ဂူကျန်းစွမ်းရည် ကို လဲလှယ်လိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် -၄၀၀ နှုတ်ယူလိုက်ပါပြီ]

[ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော…

စနစ်ပွိုင့် - ၅၅၀၀]

ချန်ဖုန်းသည် လေဟာပြင်ကို ရိုးရိုးရှင်းရှင်းလေး နှိပ်လိုက်သည်။ ထို့နောက်

ဆရာသခင်အဆင့် ဂူကျန်းစွမ်းရည် ကို ချက်ချင်း ကျွမ်းကျင်သွားလေပြီ။

"ချလွမ်..."

ဤတစ်ကြိမ်တွင်မူ သူ၏ ကိုယ်ဟန်အနေအထားသည် သိသာထင်ရှားစွာ ပြောင်းလဲသွားပြီး သူ၏ အငွေ့အသက်မှာ ဂီတတူရိယာ၏ အသံနှင့်ပင် လိုက်ဖက်ညီသွားသကဲ့သို့ ဖြစ်နေပေ၏။

"ဒါက..." ရှေ့တွင် ရပ်နေသော ဆရာမကုသည် အနည်းငယ် တုန်ရီသွားခဲ့သည်။

အောက်ဘက်မှ ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားပြီး ခန်းမကြီး တစ်ခုလုံး ထိုအသံ တစ်သံတည်းဖြင့်သာ ပြည့်နှက်သွားလေ၏။

"ချလွမ်..."

ချန်ဖုန်း၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

တီးခတ်လေ ပို၍ပို၍ ကျွမ်းကျင်လာပေ၏။

ဤတေးသွားကို သူ အကြိမ်တစ်ထောင်ခန့် တီးခတ်ဖူးသကဲ့သို့ ခံစားနေရပြီး အသံအနိမ့်အမြင့်တိုင်းက သူ၏ စိတ်ထဲတွင် ခိုင်မာစွာ စွဲထင်နေခဲ့လေသည်။

သူ၏ လှုပ်ရှားမှု အမြန်နှုန်းက တိုးလာခဲ့ကာ

သူ၏ လက်ချောင်းများသည် အရိပ်များသဖွယ် ဖြစ်လာတော့သည်။

အသံများမှာ တဖြည်းဖြည်း မြင့်တက်လာပြီး မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လာခဲ့ပေ၏။

သူ၏ ဂီတက လူတိုင်းကို မှော်ဆန်သော ရှုခင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသကဲ့သို့ ဖြစ်နေလေသည်။

သူတို့ရဲ့ရှေ့မှာ ခမ်းနားထည်ဝါတဲ့ တောင်တန်းတွေနဲ့ စီးဆင်းနေတဲ့ ရေတံခွန်တွေ ရှိနေသလိုပဲ…

ချန်ဖုန်းအပေါ် လှောင်ပြောင်ရယ်မောသံများ ရပ်တန့်သွားရုံသာမကဘဲ ခန်းမကြီး တစ်ခုလုံးရှိ စကားပြောသံများပင် တိတ်ဆိတ်သွားခဲ့လေပြီ။

လူတိုင်းမှာ ထိုမြင်ကွင်းတွင် ညှို့ယူဖမ်းစားခံထားရပေ၏။

အချိန်အတော်ကြာပြီးနောက်…

သီချင်းမှာ အဆုံးသတ်သွားခဲ့လေပြီ။ ထိုအခါမှ လူအုပ်ကြီးက ရုတ်တရက် သတိပြန်ဝင်လာကြသည်။

"ငါက သူ့လောက် မကောင်းဘူးပဲ..." ဆရာမကုမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။

သူမပင်လျှင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရရှိရန်မှာ မဖြစ်နိုင်ချေ။

သူမသည် ငယ်စဉ်ကတည်းက ဂူကျန်း ကို လေ့ကျင့်ခဲ့ပြီး အထူးသဖြင့် `တောင်မြင့်ရေအေး´ တေးသွားကိုပင်။

တစ်ရက်လျှင် အနည်းဆုံး ဆယ်ကြိမ် တီးခတ်ပြီး တစ်နှစ်လျှင် အကြိမ် ၃,၆၅၀ တောင်...

‘ငါ အဲဒါကို တီးလာတာ ဆယ်နှစ်တောင် ရှိပြီ...

ဒါပေမဲ့ အဲဒီအဆင့်ကို ငါ ဘယ်တော့မှ မရောက်နိုင်ဘူး...ချန်ဖုန်းကတော့ ဂီတပညာရှင်နဲ့ တူရိယာက တစ်သားတည်း ဖြစ်နေသလိုပဲ… ဟင်းး…’

အခြားသူများမှာလည်း ထပ်တူပင် ကြောင်အမ်းသွားခဲ့ကြပေ၏။

လုံးလုံးလျားလျား တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

၎င်းတို့က ဂူကျန်း အကြောင်း နားမလည်လျှင်ပင် မည်သူက ကောင်းကောင်း တီးနိုင်ပြီး မည်သူက ညံ့ဖျင်းကြောင်းကိုတော့ သိနိုင်ကြပေသည်။

ခန်းမကြီး တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားလေ၏။ လူတိုင်းက ချန်ဖုန်းအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဤအရာက နောက်ထပ်တစ်ကြိမ် ဆူညံပွက်လောရိုက်မှုများကို အစပျိုးပေးလိုက်ပြန်ပေ၏။

"သောက်ကျိုးနည်း... သောက်ကျိုးနည်း... ငါ့ရှေ့မှာ တောင်တန်းတွေ အစီအရီ တွေ့လိုက်ရသလိုပဲ... အဲဒါ တကယ် ထူးဆန်းတယ်..."

"ဟုတ်တယ်... စီးဆင်းနေတဲ့ ရေအသံကိုတောင် ငါ သဲ့သဲ့လေး ကြားလိုက်ရတယ်..."

"သောက်ကျိုးနည်း... မင်းတို့က ရိုင်းစိုင်းတဲ့ ဟာသတွေ လုပ်နေသလို ငါ ခံစားရတယ်..."

"..."

စင်အောက်ဘက်တွင်မူ

နည်းပြဆရာမ ကျင်းထျန် မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။

သူမသည် ချန်ဖုန်းအတွက် မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း သူက ဂူကျန်း ကို အမှန်တကယ် တီးခတ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို သူ၏ စွမ်းရည်မှာလည်း ထူးခြားလှပြီး ဆရာမကု ထက်ပင် သာလွန်နေသေးပေသည်။

ရှန်ယန်းယန်းမှာ ပို၍ပင် အံ့အားသင့်သွားရ၏။

ချန်ဖုန်းနှင့် အချိန်ကြာကြာ နေလေလေ သူ၏ ကောင်းကွက်များကို သူမ ပို၍ တွေ့ရှိလာရလေလေပင်။

လူအုပ်ထဲတွင် ကျောက်တုန်းလိုင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အထူးသဖြင့် သူ၏ပတ်ဝန်းကျင်ရှိ မိန်းကလေးများအားလုံး စင်ပေါ်ရှိ ပုံရိပ်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားလေ၏။

‘ခွေးကောင် ချန်ဖုန်း... သူက ဂူကျန်း တီးတတ်တာပဲ... အခုတော့ ကောင်းရော...

ပွဲလာတဲ့ မိန်းကလေးတွေ အကုန်လုံး သူ့ရဲ့ ညှို့ယူဖမ်းစားတာ ခံလိုက်ရရုံတင်မကဘူး... ဆရာမကု တောင် သူ့ကို ကြွေသွားလောက်ပြီ…’

ကျောက်တုန်းလိုင်သည် မူလက ချန်ဖုန်းကို အရှက်ခွဲချင်ခဲ့ခြင်း ဖြစ်ပေသည်။

ပြီးတော့ ဘာဖြစ်သွားလဲ...

တစ်ဖက်လူက လူတိုင်းရဲ့ အာရုံစိုက်မှုကို ထပ်ယူသွားပြန်ပြီ... အဲဒါကို တစ်ကျောင်းလုံးရဲ့ ရှေ့မှာ လုပ်ပြသွားတာပဲ... ဒါက အရမ်း လွန်လွန်းတယ်…

ပွဲခင်းတစ်ခုလုံးတွင် ကျောင်းအုပ်ဝူ တစ်ယောက်သာ အဆက်မပြတ် မျက်မှောင်ကြုတ်နေပုံရပေ၏။

အဘယ်ကြောင့်ဆိုသော် ချန်ဖုန်း စင်ပေါ်တက်သွားသည့် အချိန်မှစ၍ပင်

လူအုပ်ထဲတွင် ပုန်းအောင်းနေသော စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များမှာ အလွန် တင်းမာနေပုံရပြီး ချန်ဖုန်းကို လျှို့ဝှက်ကာကွယ်ပေးနေသည့်အလား ၎င်းတို့၏ မျက်လုံးများသည် စင်မြင့်ဆီသို့ စူးစိုက်နေကြသည်ကို သူ သတိပြုမိသွားသကဲ့သို့ ဖြစ်နေပေသည်။

အထူးသဖြင့် ကျောင်းအုပ်ဝူ၏ မျက်ခွံများက အဆက်မပြတ် တုန်လှုပ်နေခဲ့၏။၎င်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

တကယ်ပါပဲ...ချန်ဖုန်း စင်ပေါ်မှ ဆင်းတော့မည့် အချိန်မှာပင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့လေတော့သည်။

All Chapters