အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) တစ်ယောက်တည်း သောင်းကျန်းခြင်း
ရုတ်တရက် စင်မြင့်အပေါ်မှ ပုံရိပ်တစ်ခု ခုန်ဆင်းလာခဲ့၏။ ထိုသူမှာ အရပ်ရှည်ရှည်နှင့် လက်ထဲတွင် ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထားပေသည်။ သူ၏မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်နေပြီး ချန်ဖုန်း၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးချလိုက်လေ၏။
ရုတ်တရက် အပြောင်းအလဲတစ်ခုပင်…
လူတိုင်း ချက်ချင်း ကြောင်အမ်းသွားကြတော့သည်။
ဘာတွေဖြစ်နေသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။ ဂူကျန်း တီးခတ်ရုံသက်သက်သာ ဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်သည့် ပြကွက်ကြီးတစ်ခု အဘယ်ကြောင့် ပါလာရသနည်းဟု တွေးတောနေမိကြပေသည်။
"လုံခြုံရေး လုံခြုံရေး..."
ကျောင်းအုပ်ဝူ ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေလေသည်။ ကျောင်းတွင် လုပ်ကြံသတ်ဖြတ်သူ ပေါ်လာလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့သလို အထူးသဖြင့် ချန်ဖုန်းကို လုပ်ကြံရန် လာသူဖြစ်နေခြင်းကြောင့်ပင်။
ဒါကြောင့်ကိုး...
စစ်ဘက်ဆိုင်ရာဌာနက ချန်ဖုန်းကို လျှို့ဝှက်ကာကွယ်ပေးနေတာ အံ့သြစရာ မရှိတော့ဘူးပဲ...
ဤသည်က ရှင်းလင်းစွာပင် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေ၏။
သူသည် ရှေ့သို့ ပြေးထွက်ကာ ချန်ဖုန်းအား လုပ်ကြံမှုမှ ကာကွယ်ပေးရန်ပင် စဉ်းစားလိုက်သေးသော်လည်း အကွာအဝေးမှာ ဝေးလွန်းလှပြီး အချိန်မီ ရောက်ရှိနိုင်မည် မဟုတ်ချေ။
လူအုပ်ထဲတွင် ရောနှောနေသော စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များမှာလည်း အချိန်မီ ရောက်မလာနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် အဖြစ်အပျက်မှာ အလွန် ရုတ်တရက်ဆန်လွန်းသောကြောင့် ဖြစ်၏။
လုပ်ကြံသတ်ဖြတ်သူနှင့် ချန်ဖုန်းတို့ အလွန် နီးကပ်နေပေသည်။ ခန်းမကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး ကျောင်းသားများမှာလည်း ထိတ်လန့်တကြား ဖြစ်ကုန်ကြလေသည်။
ထိုအချိန်၌ ကျောင်းအုပ်ဝူ၏ နောက်ကျောဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ကျောင်းအုပ်ဝူ မထိတ်လန့်ပါနဲ့ ခန်းမထဲမှာ လုပ်ကြံသတ်ဖြတ်သူ အနည်းဆုံး နှစ်ယောက် ရှိနေတယ်..."
"သူတို့ကို ငါတို့ ရှာရမယ် ဒါမှမဟုတ်ရင် တခြားကျောင်းသားတွေပါ ဒုက္ခရောက်ကုန်လိမ့်မယ်..."
"စိတ်မပူပါနဲ့ ချန်ဖုန်း အဆင်ပြေမှာပါ..."
စကားပြောနေစဉ်မှာပင် သူက ရှေ့ရှိ စင်မြင့်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူက ချန်ဖုန်း၏ အရှေ့သို့ ရောက်လာချိန်မှာပင် ချန်ဖုန်းက သူ့ကို ပေါ့ပေါ့ပါးပါး ကန်ထုတ်လိုက်ရာ ထိုသူမှာ နံရံနှင့် ပြင်းထန်စွာ သွားစောင့်မိလေ၏။
နံရံတစ်ခုလုံး အက်ကွဲသွားသည်အထိပင်။
ဟူး...
ကျောင်းအုပ်ဝူ အလန့်တကြား အသက်ရှိုက်သွားလေသည်။
ထိုကန်ချက်က လုံးဝကို ရက်စက်ကြမ်းကြုတ်လွန်းလှပေ၏။
ယခုလေးတင် စကားပြောခဲ့သူပင်လျှင် သူ၏ မျက်ခွံများ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
အတော်လေး အံ့အားသင့်သွားခဲ့ခြင်းပင်။
ချန်ဖုန်းက ဆူညံပွက်လောရိုက်နေသော ခန်းမကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဖျော့တော့သော အပြုံးဖြင့် ပြောလိုက်၏။
"အားလုံးပဲ မထိတ်လန့်ကြပါနဲ့ ဒါက ကျွန်တော် စီစဉ်ထားတဲ့ အစီအစဉ်လေး တစ်ခုပါ ဘယ်လိုလဲ မဆိုးဘူးမလား..."
"ကျွန်တော့်ရဲ့ နောက်အစီအစဉ်က ကိုယ်ခံပညာ ဖျော်ဖြေမှုပါ လူနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်..."
ကျောင်းအုပ်ဝူသည်လည်း သူ၏ အကြောက်တရားမှ ပြန်လည်သက်သာလာခဲ့လေပြီ။
ယခုလေးတင် သူ ကြားခဲ့ရသော အသံက မိမိကိုယ်ကို စစ်ဘက်ဆိုင်ရာဌာနမှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူအဖြစ် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပေသည်။
လုပ်ကြံသတ်ဖြတ်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုစိုက်နေစရာ မလိုတော့ချေ။ မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ရှိနေပြီဆိုမှတော့ ဘာကြောက်စရာ ရှိဦးမည်နည်း။
သူက ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကို အလျင်အမြန် အော်ပြောလိုက်၏။
"ကျောင်းသားတို့ မထိတ်လန့်ကြပါနဲ့ ဒါက ဖျော်ဖြေမှုရဲ့ အစိတ်အပိုင်း တစ်ခုပါ စင်ပေါ်မှာ အလွင့်ခံလိုက်ရတဲ့သူက သရုပ်ဆောင်သက်သက်ပါပဲ..."
"သူ့လက်ထဲက ဓားက အစစ်မဟုတ်ပါဘူး အသုံးအဆောင် ပစ္စည်းတစ်ခုပါ..."
"ပွဲတော်ကို ဆက်လုပ်ပါမယ် အားလုံး ထိုင်ကြပါ..."
ဘေးတွင် ရပ်နေသော ညွှန်ကြားရေးမှူးဝမ်က ရုတ်တရက် မေးလိုက်သည်။
"ကျောင်းအုပ်ကြီး ဒီအစီအစဉ်က ဘယ်တုန်းက စသွားတာလဲ အရင်က ကျွန်တော် မတွေ့မိပါဘူး..."
ကျောင်းအုပ်ဝူက သူ့ကို ရုတ်တရက် မျက်စောင်းထိုး ကြည့်လိုက်လေ၏။
ထို့နောက် အခြားဆရာများကို သူက မျက်ရိပ်ပြလိုက်သည်။
ဆရာများ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြပေသည်။
သူတို့က ကျောင်းသားများကို အော်ပြောလိုက်ကြ၏။
"အားလုံး မထိတ်လန့်ကြပါနဲ့ ထိုင်ပြီး ပွဲကို ဆက်ကြည့်ကြပါ ဒါက ကျောင်းပါ လုံခြုံရေးကို အာမခံပါတယ်..."
အမှန်တကယ်တော့ ဤဆရာများသည်လည်း အသေးစိတ် အချက်အလက်များကို မသိကြချေ။
ကျောင်းအုပ်ကြီး ခိုင်းသည့်အတိုင်းသာ လုပ်ဆောင်ကြခြင်း ဖြစ်ပေသည်။
ဒါပေမဲ့...အဲဒီ ဖျော်ဖြေမှုက တကယ်ကို နည်းနည်း ကြောက်စရာကောင်းတာပဲ...
ကျောင်းအုပ်ကြီးနှင့် ဆရာများအားလုံး ငြိမ်ငြိမ်ထိုင်နေကြသည်ကို မြင်သောအခါ ကျောင်းသားများမှာလည်း တည်ငြိမ်သွားကြပြီး သူတို့၏ မူလနေရာများသို့ ပြန်သွားကြလေသည်။
လူအုပ်ထဲတွင် ကျောက်တုန်းလိုင်မှာမူ ပြင်းထန်စွာ မျက်မှောင်ကြုတ်နေခဲ့၏။
သူ၏ဘေးရှိ အတန်းဖော်တစ်ဦးက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ အစ်ကိုကျောက် မြန်မြန်ထိုင်ပါ ချန်ဖုန်း က ဘယ်လို ကိုယ်ခံပညာမျိုး တတ်လဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်..."
"ကိုယ်ခံပညာ မဟုတ်လောက်ပါဘူး..."
ကျောက်တုန်းလိုင်က တီးတိုးရေရွတ်လိုက်၏။
"ချန်ဖုန်း ရဲ့ မျက်နှာအမူအရာကို မင်း မတွေ့ဘူးလား အဲဒီကောင်လေး ပိုပျော်လေလေ သူ ဖုံးကွယ်ထားတဲ့ ကိစ္စက ပိုကြီးလေလေပဲ..."
"အခု သူ ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေလဲဆိုတာ ဘယ်သူသိမှာလဲ...ဘာ ကိုယ်ခံပညာ ဖျော်ဖြေမှုလဲ အဲဒါက သေချာပေါက် တစ်ခုခု မှားနေတာပဲ..."
"အစ်ကိုကျောက် မင်း အရမ်း အတွေးလွန်နေတာ နေမှာပါ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေတောင် အဲဒီမှာ မလှုပ်မယှက် ထိုင်နေကြတာပဲ ဘာပြဿနာ ရှိနိုင်မှာလဲ..."
ကျောင်းသားလေးက ရယ်မောလိုက်သည်။
သူ့အမှတ်ရမှုများအရ ကျောက်တုန်းလိုင်သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့လေ့ မရှိချေ။ ချန်ဖုန်း၏ နှိမ်နင်းခြင်းကို အကြိမ်အနည်းငယ် ခံရပြီးနောက် သူက ဘာလို့ ဒီလောက်တောင် သတ္တိကြောင်ပြီး ကြောက်တတ်သွားရတာလဲ…
"မင်း ဘာမှမသိပါဘူး..."
ကျောက်တုန်းလိုင်က ကျိန်ဆဲကာ ပြောလိုက်၏။
"တံခါးနားက နေရာတစ်ခု ရှာကြရအောင် နောက်ကျရင် တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ ထွက်ပြေးလို့ရအောင်လို့လေ..."
…
စင်အောက်တွင် ကျောင်းသားများအားလုံး တည်ငြိမ်သွားကြလေပြီ။
ချန်ဖုန်းက သူ၏ရှေ့ရှိ အမျိုးသားကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုလူ၏ ခွန်အားမှာ စစ်ဘက်ဆိုင်ရာဌာနမှ ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ဦးလောက်သာ ရှိပေ၏။ ဤသို့သော လူမျိုးက သူ့ကို လာလုပ်ကြံရဲသည်တဲ့လား။
[ပိုင်ရှင်၏ ခွန်အား ၁၀၀၀% တိုးမြှင့်ခြင်း၊ သာမန်လူ ၁၀၀%]
[ပိုင်ရှင်၏ အမြန်နှုန်း ၈၅၀% တိုးမြှင့်ခြင်း၊ သာမန်လူ ၁၀၀%]
[ပိုင်ရှင်၏ ထိခိုက်မှုခံနိုင်ရည် ၁၀၀၀%၊ သာမန်လူ ၁၀၀%]
တစ်ရက်လျှင် မိမိခန္ဓာကိုယ်ကို တစ်ကြိမ် အားဖြည့်နိုင်ပေရာ အလဟဿ အဖြစ်မခံသင့်ချေ။ စွမ်းအားများ တစ်ဖန် တိုးမြင့်လာသည်ကို ခံစားလိုက်ရပြီးနောက် သူ၏ လက်သီးကို ဆုပ်ထားလိုက်၏။
သူ့ဆီသို့ ပြန်လည်ပြေးဝင်လာသော လူကို သူ ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်လေသည်။
ဘယ်ချိတ်လက်သီး၊ ညာချိတ်လက်သီး၊
လက်သီးတွဲလုံးများပင်။
"သောက်… ငါက ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ယောက်လေ မင်းရဲ့ အင်္ကျီစကိုတောင် မထိနိုင်ဘူးလား..."
လုပ်ကြံသတ်ဖြတ်သူမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့၏။
တစ်ချိန်တည်းမှာပင် အလွန် စိတ်အနှောင့်အယှက်လည်း ဖြစ်နေခဲ့သည်။
‘ဘယ်အရူးက ငါ့ကို ဒီသတင်းအချက်အလက်တွေ ပေးလိုက်တာလဲ ဘာ နောက်ဆုံးနှစ် ကျောင်းသားလဲ ဒါက ကျောင်းသားတစ်ယောက်ဆီမှာ ရှိသင့်တဲ့ စွမ်းရည်မျိုးလား…’
"ဘန်း..."
သူ၏ ခန္ဓာကိုယ်မှာ နောက်ထပ်တစ်ကြိမ် လွင့်စင်သွားခဲ့ပြန်၏။
ချန်ဖုန်းက လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ပစ်သွင်းလိုက်ရာ သူ၏ ပြိုင်ဘက်ကို ပြန်လည်ခုခံရန် လုံးဝ အခွင့်အရေး မပေးတော့ချေ။
စင်အောက်ရှိ ပရိသတ်ကြီးမှာ ကြောင်အမ်းသွားကြလေသည်။
ဘာတွေ ဖြစ်နေတာလဲ...
ဒါက လူနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်တာ မဟုတ်ဘူးလား ဘယ်လိုလုပ် လူတစ်ယောက်တည်းက ပြိုင်ဘက်ကို ဘာလို့ လုံးဝ အသာစီးရနေတာလဲ...
လူတိုင်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားပေ၏။
သူတို့ မည်မျှပင် မိုက်မဲနေပါစေ ဤအစီအစဉ်တွင် တစ်ခုခု မှားယွင်းနေကြောင်းကို သူတို့ မြင်တွေ့နိုင်ကြလေသည်။
မဖြစ်နိုင်တာ...သူက တကယ်ပဲ လုပ်ကြံသတ်ဖြတ်သူလား...
သောက်ကျိုးနည်း...
လူတိုင်း လုံးလုံးလျားလျား အံ့အားသင့်သွားကြလေပြီ။
တစ်စုံတစ်ယောက်က ချန်ဖုန်းကို လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေးမည့်အစား ချန်ဖုန်းက သူ့ကို တိုက်ခိုက်သူများကိုပင် ပြန်လည်ရှုပ်ထွေးသွားစေခဲ့သည်။
သူတို့ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေကြရမည်မှာ သေချာလှပေ၏။
ထိုသို့မဟုတ်ပါက လုပ်ကြံသတ်ဖြတ်သူက ဘာလို့ ပြန်မခုခံရတာလဲ…
တစ်ချိန်တည်းမှာပင် ချန်ဖုန်းက ပရိသတ်ကို တစ်ချက်ကြည့်လိုက်ရာ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များသည် ပုန်းအောင်းနေသော ရန်သူအချို့ကို ရှာဖွေတွေ့ရှိသွားပြီး တိတ်တဆိတ် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရမှ သူ ချက်ချင်း သက်ပြင်းချလိုက်နိုင်၏။
သူက လုပ်ကြံသတ်ဖြတ်သူကို စင်နောက်ဘက်သို့ ခေါ်ဆောင်သွားပြီး စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များထံ လွှဲပြောင်းပေးလိုက်ကြသည်။
ထိုစစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များ ရှိနေသည်ကို သူ အမြဲတမ်း သိရှိထားခဲ့ပြီး ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူက သူ့ကို လျှို့ဝှက်ကာကွယ်ပေးနေသည်ကိုပင် သူ ခံစားသိရှိနိုင်ပေ၏။
‘ဒီတစ်ခေါက် ပေါ်လာတဲ့သူတွေက သိပ်မစွမ်းဘူး နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတွေက လာဦးမှာပဲ’
ချန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ရုတ်တရတ် ကျားနက်က ဖုန်းခေါ်လာခဲ့၏။
"မစ္စတာချန် ပေ့ဟူ ထဲကို သူစိမ်းလေးဖွဲ့ ဝင်လာတာကို ကျွန်တော်တို့ တွေ့ထားတယ် သူတို့ရဲ့ တည်နေရာတွေကို မစ္စတာချန်ရဲ့ ဖုန်းထဲ ပို့ထားလိုက်ပြီ..."
"ဒီလူတွေထဲမှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေ ပါဝင်လောက်တယ် ကျွန်တော်တို့ လူတွေ အနားမကပ်ရဲဘူး..."
"နားလည်ပြီ ဆက်ပြီး စုံစမ်းထား..."
ချန်ဖုန်း၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။
ကျောင်းမှ ဤအဖွဲ့အပါအဝင် ယခုဆိုလျှင် ပေ့ဟူမြို့သို့ ဝင်ရောက်လာသော လူငါးဖွဲ့ ရှိနေပြီ ဖြစ်သည်။
ဒီဘက်ကို လာမည့်သူများ သေချာပေါက် ပိုများလာဦးမည် ဖြစ်၏။
အဲဒီလိုဆိုမှတော့…
‘မင်းတို့တွေ အသက်ရှင်လျက် ပြန်မထွက်နိုင်အောင် ငါ သေချာလုပ်ပေးရမှာပေါ့…’
သူသည် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို ရှောင်ကွင်းကာ ကျောင်းမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။