← Chapters

အခန်း ၉၄၃

Vol. 46 Ch. 943

အခန်း ၉၄၃

Vol. 46 Ch. 943

အခန်း(၉၄၃) ကျရှုံးခြင်း

“နတ်ဆိုးဘုရင်အရှင်မြတ်”

နေရာပြောင်းအစီအရင်အား စောင့်ကြပ်နေကြကုန်သော တစ်ပါးကျွန်းသားမိစ္ဆာတို့သည် နတ်ဆိုးဘုရင်အား မြင်သည်တွင် မြေ၌ ဝပ်စင်း၍ အရိုအသေပြုကြချေသည်။

နတ်ဆိုးဘုရင်က ဦးခေါင်းကို အသာအယာ ညိတ်ပြလျက် “ဒီနေရာမှာ ထူးခြားမှုတစ်စုံတစ်ရာ ရှိလ” ဟု မေးမြန်းတော်မူ၏။

စစ်သည်တစ်ဦးက အလေးအနက်ပြု၍ “မရှိပါဘူး” ဟု လျှောက်တင်ချေသည်။

ထိုသို့သော အချိန်၌ပင် ဝေးကွာသော အရပ်ဆီမှ လင်းလက်သော အလင်းတန်းများစွာ ကောင်းကင်ထက်၌ ဖျတ်ခနဲ လက်သွားသည်ဖြစ်ရာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများအကြား တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်းကို ပြသနေပေရာအံ့။

“ဟက်ဟက် နောက်ဆုံးတော့ သူတို့ ဒီကို ရောက်လာကြပြီပဲ” နတ်ဆိုးဘုရင်က သရော်ပြုံး ပြုံးလျက် “အားလုံးပဲ သွားပြီးတော့ သူတို့ကို ဒီနေရာမှာတင် အပြတ်သတ်လိုက်ကြ၊ အခုဆိုရင် လူသားတွေဘက်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားရှင်တွေ မရှိတော့တဲ့အတွက် ငါတို့ကို ခုခံနိုင်စွမ်း လုံးဝရှိမှာ မဟုတ်တော့ဘူး” ဟု မိန့်တော်မူချေသည်။

ယင်း၏နောက်ကွယ်ရှိ မသေမျိုးဘုရင်နှင့် အခြားသော မိစ္ဆာနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တို့သည်လည်း တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြပြီ ဖြစ်သဖြင့် မဟူရာအလင်းတန်းများအသွင် ပြောင်းလဲကာ တိုက်ပွဲဖြစ်ပွားရာ ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။

---

အိမ်တော်အတွင်းရှိ လူသားတို့သည်လည်း ထိုပြင်းထန်လှသော အရှိန်အဝါများကို သိရှိခံစားမိကြသဖြင့် ၎င်းတို့၏ မျက်နှာအမူအရာများသည် ချက်ချင်းပင် ပျက်ယွင်းသွားကြချေသည်။

“မကောင်းတော့ဘူး၊ သူတို့ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး”

“ဆုတ်ခွာကြစို့၊ ပြေးကြ၊ ငါတို့ဘက်က အမှားအယွင်း တစ်စုံတစ်ရာ အဖြစ်ခံလို့ မရဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က နောက်ဆုံး မျှော်လင့်ချက် ဖြစ်နေလို့ပဲ”

အိမ်တော်ဘက်မှ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ဆုတ်ခွာရန် အမိန့်ထုတ်ပြန်လိုက်ချေသည်။

ကိစ္စရပ်များ ဤမျှအထိ လျင်မြန်စွာ ပေါက်ကြားသွားလိမ့်မည်ဟု အိမ်တော်က လုံးဝတွေးထင်မထားခဲ့သဖြင့် ၎င်းတို့၏ ဝင်ရောက်စီးနင်း တိုက်ခိုက်မည့် အစီအစဉ်သည် ပျက်ပြားသွားရချေတော့သည်။

သို့သော်လည်း ယခုအချိန်တွင် ၎င်းတို့ ထွက်ပြေးလွတ်မြောက်ရန်မှာ မလွယ်ကူတော့ပေ၊ ၎င်းတို့အား ဝိုင်းရံပိတ်ဆို့ထားသည့် မိစ္ဆာနတ်ဘုရားသုံးဦးသည် စစ်ကူများ ရောက်ရှိလာသည်ကို မြင်သောအခါ ၎င်းတို့ လွတ်မြောက်မသွားနိုင်စေရန် အသက်နှင့်လဲ၍ ဆွဲထားကြချေသည်။

မိစ္ဆာနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ဆယ်ဦးနှင့် လူသားနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကိုးဦးတို့သည် ကောင်းကင်ထက်၌ သဲသဲမဲမဲ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

စစ်မြေပြင်တွင် ရှိနေသော ချင်ယွမ်ဖုန်းသည်ကား ထိုအချိန်၌ ဤအခြင်းအရာများကို သိရှိခြင်းမရှိပေ၊ သို့သော်လည်း နတ်ဆိုးဘုရင်သည် မထွက်ခွာမီ နောက်ဆုံးကျန်ရှိနေသော အထူးရွေးချယ်ထားသည့် တပ်ဖွဲ့ကို စစ်မြေပြင်သို့ စေလွှတ်လိုက်ရာ တိုက်ပွဲ၏ အလှည့်အပြောင်းကို လုံးဝပြောင်းလဲပစ်လိုက်ချေသည်။

ထိုအထူးတပ်ဖွဲ့ဝင် အားလုံးသည် ပဉ္စမအဆင့် ဘုရင်နယ်ပယ် သိုင်းပညာရှင်အဆင့်ရှိ တစ်ပါးကျွန်းသားမိစ္ဆာများ ဖြစ်ကြပြီး အရေအတွက်အားဖြင့် သုံးထောင်မျှ ရှိချေသည်၊ ၎င်းတို့သည် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ဝံပုလွေများကဲ့သို့ စစ်မြေပြင်အတွင်းသို့ တိုးဝင်ကာ မညှာမတာ သတ်ဖြတ်ကြတော့သည်။

နောက်ဆုံးတွင် အခြေအနေများသည် နတ်ဆိုးဘုရင် ခန့်မှန်းတွက်ချက်ထားသည့်အတိုင်း ဖြစ်ပျက်လာချေပြီ၊ လူသားတို့သည် ထိုရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာများကို မြင်သောအခါ တိုက်ခိုက်လိုစိတ်များ လုံးဝပျောက်ဆုံးကာ အဆက်မပြတ် ဆုတ်ခွာနေကြရတော့သည်။

“ငါတို့ ရှုံးပြီ၊ ဒီလောက် မြန်မြန်ကြီး ရှုံးသွားလိမ့်မယ်လို့...” ချင်ယွမ်ဖုန်း၏ စိတ်အစုံ၌ ခါးသီးမှုကို ခံစားလိုက်ရချေသည်၊ ဤသို့ ဆုတ်ခွာရခြင်းသည် လူသားတို့ လုံးဝရှုံးနိမ့်သွားခြင်းကို ဖော်ပြနေပေ၏။

ထို့ပြင် ဤသည်က တစ်ရက်မျှသာ ကြာမြင့်ခဲ့သေးသည်။

အကယ်၍ အိမ်တော်တွင် အရန်အစီအစဉ်များ မရှိခဲ့ပါက လူသားတို့၏ နယ်မြေများသည် တဖြည်းဖြည်းချင်း ဝါးမြိုခံရမည်ဖြစ်ပြီး နောက်ဆုံး၌ ၎င်းတို့ ခြေချစရာ နေရာပင် ကျန်ရှိတော့မည် မဟုတ်ချေ။

ကောင်းကင်ထက်၌ မဟူရာတိမ်တိုက်များ အုံ့မှိုင်းလာကာ သည်းထန်စွာ မိုးရွာသွန်းလာချေပြီ၊ ဤသည်က ကောင်းကင်ဘုံကိုယ်တိုင်ပင် လူသားတို့အတွက် ဝမ်းနည်းပူဆွေးနေသည့်နှယ် ရှိချေသည်။

မိုးရေများနှင့် သွေးများသည် ကမ္ဘာမြေထက်၌ ပေါင်းစပ်လျက် သွေးစီးကြောင်းကြီးများအသွင် စီးဆင်းနေပေရာအံ့။

ချင်ယွမ်ဖုန်းသည် မိမိ၏ ခွန်အားများကို စုစည်းလျက် တစ်ကိုယ်တော်တည်းဖြင့် အစွမ်းထက်လှသော တစ်ပါးကျွန်းသားမိစ္ဆာ အများအပြားကို ခုခံကာကွယ်နေပြီး မိမိ၏နောက်ကွယ်မှ လူသားစစ်သည်များ ဆုတ်ခွာနိုင်ရန် လမ်းဖွင့်ပေးနေချေသည်။

ယန်ရုအင်ပါယာဘက်တွင်လည်း အခြေအနေမှာ အတူတူပင်ဖြစ်ရာ လူသားတို့သည် လုံးဝပြိုလဲ ပျက်စီးကာ အထိနာလှစွာ ရှုံးနိမ့်သွားခဲ့ရချေပြီ။

ထန်ဂူဒေသ တစ်နေရာ၌သာ အိမ်တော်က တစ်ပါးကျွန်းသား မိစ္ဆာနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်သုံးဦးကို သုတ်သင်နိုင်ခဲ့သဖြင့် ထိုနေရာရှိ လူသားတို့သည် လွန်စွာ စိတ်ဓာတ်တက်ကြွကာ အစွမ်းထက်လှသော တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ပြီး တိုက်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ချေသည်။

ခေါင်းဆောင်မဲ့သွားသော တစ်ပါးကျွန်းသား မိစ္ဆာတို့သည် အရေးနိမ့်ကာ ဆုတ်ခွာနေကြရပြီ ဖြစ်သည်။

---

နောက်ထပ် တစ်နာရီခန့် ကြာမြင့်သောအခါ ချင်ယွမ်ဖုန်းသည် အားအင်ကုန်ခမ်း လုနီးပါး ဖြစ်နေပြီဖြစ်ပြီး ယခုအခါ ယင်းအား ဘုရင်နယ်ပယ် သိုင်းပညာရှင် ဆယ်ဂဏန်းကျော်က ဝိုင်းရံထားကြချေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝမှောင်မိုက်သွားပြီ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် အခြားသော လူသားသိုင်းပညာရှင်တို့၏ အခြေအနေကို မမြင်တွေ့ရတော့ဘဲ စိတ်ထဲ၌ ခါးသီးမှုကိုသာ ခံစားနေရတော့သည်၊ ပြီးခဲ့သော တိုက်ပွဲအတွင်း၌ ဘုရင်နယ်ပယ်အဆင့်ရှိ မိစ္ဆာတစ်ရာကျော်သည် ယင်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ဖြစ်ချေသည်။

ထိုသို့သော အချိန်၌ပင် ကောင်းကင်နှင့် မြေကမ္ဘာအကြား၌ ရှည်လျားပြီး အက်ကွဲလှသော တံပိုးမှုတ်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသဖြင့် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရချေသည်။

အဘယ်ကြောင့်ဆိုသော် ဤအသံသည် လူသားတို့ ဆုတ်ခွာရန် ထုတ်ပြန်သည့် အချက်ပြအသံ ဖြစ်သောကြောင့်ပင်။

အရေးနိမ့်နေသော စစ်တပ်သည် ဤအသံကို အလွန်ပင် ကြားချင်နေကြပြီဖြစ်ရာ ချက်ချင်းပင် လှည့်ပြန်၍ ခံစစ်စည်းဆီသို့ ဦးတည်ပြေးကြတော့သည်။

ချင်ယွမ်ဖုန်း စိတ်သက်သာရာ ရသွားချေသည်၊ အိမ်တော်နှင့် အခြားသူများ နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်တန်ရာအံ့၊ အခြေအနေကို သေသေချာချာ မသိရသေးသော်လည်း အနည်းဆုံးတော့ အိမ်တော် ပြန်ရောက်လာပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။

ယင်းသည် ဝိညာဉ်လင်းဓားကို ဝှေ့ယမ်းလျက် မိမိ၏နောက်ကွယ်ရှိ မိစ္ဆာတစ်ဦးဆီသို့ တိုက်ရိုက်ဦးတည်ကာ ဝိုင်းရံမှုကို ဖောက်ထွက်၍ ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ယခုအချိန်၌ အားအင်ကုန်ခမ်းနေပြီဖြစ်ရာ ဓားမကြီးကို ဝှေ့ယမ်းလိုက်သော်လည်း အားအင်ချိနဲ့နေသဖြင့် တစ်ပါးကျွန်းသားမိစ္ဆာ၏ တားဆီးခြင်းကို ခံလိုက်ရချေသည်။

“ဟွန့်... ချင်ယွမ်ဖုန်း မင်း ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့၊ ဒီနေ့တော့ မင်း သေရမှာပဲ” အစွမ်းထက်လှသော မိစ္ဆာတစ်ဦးက အေးစက်စွာ ပြောဆိုလိုက်ချေသည်။

သို့သော်လည်း ထိုခဏ၌ပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ လှုပ်ရှားသွားကာ ပျောက်ကွယ်သွားပြီး စကားပြောဆိုလိုက်သော မိစ္ဆာ၏ အနီးနားရှိ အခြားမိစ္ဆာတစ်ဦးနှင့် နေရာလဲလှယ်လိုက်ကာ ၎င်း၏ ဦးခေါင်းဆီသို့ လက်ညှိုးဖြင့် ထိုးနှက်လိုက်တော့သည်။

ထိုမိစ္ဆာ တုံ့ပြန်ရန် အချိန်မရမီမှာပင် ချင်ယွမ်ဖုန်း၏ လက်ညှိုးသည် ၎င်း၏ နဖူးအလယ် တည့်တည့်သို့ ရောက်ရှိသွားကာ ဝိညာဉ်ကို တုန်ရီစေလျက် ကြေမွပျက်စီးသွားစေချေသည်။

ချင်ယွမ်ဖုန်းက ထိုမိစ္ဆာ၏ လည်ပင်းကို ဆွဲကိုင်လိုက်ရာ လက်ဝါးထက်၌ ခရမ်းရောင်မီးလျှံများ ပေါ်ထွက်လာပြီး မိစ္ဆာ၏ ခန္ဓာကိုယ်အား ပြာအဖြစ်သို့ လောင်ကျွမ်းပြာချပစ်လိုက်တော့သည်။

အခြားသော မိစ္ဆာများသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားကြချေသည်၊ ချင်ယွမ်ဖုန်းသည် အားအင်ကုန်ခမ်းနေပြီဟု ထင်ရသော်လည်း ၎င်းတို့အား သတ်ဖြတ်နိုင်စွမ်း ရှိနေသေးသည် မဟုတ်လော။

“မင်းတို့က ငါ့ကို သတ်ဖို့ အရည်အချင်းမရှိသေးဘူး၊ ငါ့ကို ထွက်သွားခွင့်မပေးရင် မင်းတို့အားလုံးကို အရင်သတ်ပစ်မယ်” ချင်ယွမ်ဖုန်းက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြောဆိုလိုက်ချေသည်။

သို့သော်လည်း ယင်း၏ စိတ်ထဲ၌မူ ခါးသီးမှုများဖြင့် ပြည့်နှက်နေချေသည်၊ ထိုမိစ္ဆာများ ပြောသည်က မှန်ကန်ပေသည်၊ ချင်ယွမ်ဖုန်းသည် စစ်မြေပြင်တွင် ကူးချည်သန်းချည်ဖြင့် လူသားအများအပြားကို ကယ်ဆယ်ခဲ့ရသဖြင့် မိမိ၏ ကိုယ်တွင်းစွမ်းအင်အားလုံး ကုန်ခမ်းနေပြီ ဖြစ်ချေသည်၊ ယခုအခါ ၎င်းတို့အား ခြိမ်းခြောက်ရန်အတွက်သာ ဟန်ဆောင်နေရခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ မိစ္ဆာတို့သည် တုံ့ဆိုင်းသွားကြချေသည်၊ ၎င်းတို့သည် ချင်ယွမ်ဖုန်းကို ဖမ်းဆီးလိုသော်လည်း မိမိတို့၏ အသက်ကိုမူ အလဟဿ အဆုံးရှုံးမခံလိုကြပေ။

ချင်ယွမ်ဖုန်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့် အချိန်၌ပင် ကြီးမားလှသော မဟူရာအရိပ်ကြီးတစ်ခု ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာရာ ၎င်းသည် ခွေးနက်ကြီးတစ်ကောင် ဖြစ်နေချေတော့သည်။

ခွေးနက်ကြီးသည် မိစ္ဆာတစ်ဦးကို ပါးစပ်ဖြင့် ကိုက်ခဲလိုက်ကာ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဝါးမြိုခြေမှုန်းပစ်လိုက်ချေသည်။

“ဝမ်ချိုင်” ချင်ယွမ်ဖုန်း ဝမ်းသာအားရ အော်ဟစ်လိုက်လျက် ဝမ်ချိုင်၏ ဦးခေါင်းထက်သို့ ပျံသန်းကာ ဆင်းသက်လိုက်တော့သည်။

ထိုအချိန်၌ ဝမ်ချိုင်၏ ခန္ဓာကိုယ်သည် အမြင့်ဆယ်ပေခန့်ရှိသော အရွယ်အစားအထိ ကြီးမားလာကာ ခန့်ညားထည်ဝါပြီး တားဆီး၍မရနိုင်သော အရှိန်အဝါမျိုး ရှိနေချေသည်။

မိစ္ဆာတို့သည် လန့်ဖျန့်သွားကြကာ အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားကြပြီး ၎င်းတို့၏ မျက်လုံးများထဲ၌ သံသယများနှင့် ပြည့်နှက်နေတော့သည်။

သို့သော်လည်း ဝမ်ချိုင်သည် ၎င်းတို့နှင့် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိပေ၊ ယင်းက ချင်ယွမ်ဖုန်းကို လာရောက်ခေါ်ဆောင်ရန်သာ ရည်ရွယ်သဖြင့် လေပြင်းတစ်ခုအသွင် ပြောင်းလဲကာ ခံစစ်စည်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်၏ ဦးခေါင်းထက်မှနေ၍ ပတ်ဝန်းကျင်၏ အခြေအနေကို သေသေချာချာ မြင်တွေ့လိုက်ရသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

စစ်မြေပြင်ထက်၌ ရေတွက်၍မရနိုင်သော အလောင်းကောင်များ ကျန်ရစ်ခဲ့ပြီ ဖြစ်ရာ ယင်းတို့တွင် လူသားများနှင့် မိစ္ဆာများ ပါဝင်ပြီး လူသားများ၏ အလောင်းကောင်က ပိုမိုများပြားချေသည်။

ချင်ယွမ်ဖုန်းသည် ၎င်းတို့ ရှုံးနိမ့်သွားနိုင်ကြောင်း တွေးဆခဲ့ဖူးသော်လည်း ဤမျှအထိ လျင်မြန်စွာနှင့် ဆိုးရွားစွာ ရှုံးနိမ့်လိမ့်မည်ဟု မထင်ထားခဲ့မိပေ၊ နာရီဝက်ခန့်အတွင်းမှာတင် လုံးဝပြိုလဲ ပျက်စီးသွားခဲ့ရချေပြီ။

ယခုအချိန်၌ တစ်ပါးကျွန်းသား မိစ္ဆာတို့သည် လူသားများကို ဆက်လက်လိုက်လံ သတ်ဖြတ်နေကြဆဲ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ခံစစ်စည်းထက်၌ ခုခံကာကွယ်ပေးနေသော လူသားသိုင်းပညာရှင်များ ရှိနေသဖြင့် လိုက်လံတိုက်ခိုက်နေသော မိစ္ဆာများကို တားဆီးထားနိုင်ချေသည်။

ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့ ခံစစ်စည်းအတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် လူသားအားလုံးနီးပါး ဆုတ်ခွာနိုင်ခဲ့ကြပြီ ဖြစ်သည်၊ မိစ္ဆာတို့သည် ဆက်လက်လိုက်လံ တိုက်ခိုက်လိုကြသော်လည်း ၎င်းတို့၏ ရှေ့မှောက်၌ ဝမ်တောင်တန်းကြီးက သဘာဝအတားအဆီးတစ်ခုအဖြစ် တည်ရှိနေချေသည်။

ချင်ယွမ်ဖုန်း သက်ပြင်းချလျက် ခံစစ်စည်းကို ထိန်းသိမ်းရန်အတွက် ဆက်လက်တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည့် အချိန်၌ပင် ခံစစ်စည်း၏ ရှေ့မှောက် မလှမ်းမကမ်းရှိ မြေပြင်ထက်မှ လင်းလက်လှသော အလင်းဒိုင်းကာကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာချေတော့သည်။

All Chapters