← Chapters

အခန်း ၉၄၄

Vol. 46 Ch. 944

အခန်း ၉၄၄

Vol. 46 Ch. 944

အခန်း(၉၄၄) ဧရာမအစီအရင်ကြီး

ချင်ယွမ်ဖုန်းသည် မြေပြင်မှ ထိုးတက်သွားကာ မိုးကောင်းကင်အလယ်ဗဟို၌ စုစည်းသွားသော အလင်းတန်းကြီးကို မျက်တောင်မခတ်တမ်း ငေးမောကြည့်ရှုနေမိချေသည်။

အဆုံးသတ်၌ လုယွဲ့အင်ပါယာ၊ ချင်ယွမ်အင်ပါယာနှင့် ရှီးရန်အင်ပါယာ ဟူသော သုံးနိုင်ငံ၏ နယ်စပ်ကာကွယ်ရေးတပ်များဆီမှ ဧရာမအလင်းတံတိုင်းကြီးတစ်ခု ထိုးထွက်လာပြီး နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့၏ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံကာကွယ်သွားချေသည်။ ယင်းအလင်းတံတိုင်းကြီးသည် ကျယ်ပြောလှသော မိုးကောင်းကင်အလယ်တွင် ကွက်လပ်မကျန် စုဆုံသွားရာ သောင်းဟန်လောကတစ်ခုလုံးကို အုပ်မှောက်ထားသည့် ဖလားကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် ကျောင်းအုပ်ကြီး ကျွမ်ယွမ် ပြင်ဆင်ထားသော လျှို့ဝှက်အစီအစဉ်ကို သဘောပေါက်သွားတော့သည်။ ယင်းက လူသားအားလုံးကို အတွင်း၌ ထည့်သွင်းကာကွယ်နိုင်သည့် ဧရာမအလင်းတံတိုင်းကြီးပင် ဖြစ်ပေရာသည်။

အရှိန်လွန်ကာ ရှေ့သို့ ရောက်နှင့်နေသော တစ်ပါးကျွန်းသား မိစ္ဆာများသည် ယခုအခါ အလင်းတံတိုင်းအတွင်း၌ ပိတ်မိသွားကြချေပြီ။ လူသားသိုင်းပညာရှင်များသည် ညှာတာထောက်ထားခြင်း အလျင်းမရှိဘဲ ရှေ့သို့ အလုံးအရင်းနှင့် တိုးဝင်ကာ ၎င်းတို့ကို ဝိုင်းဝန်းသုတ်သင်ကြတော့သည်။

အလင်းတံတိုင်းအပြင်ဘက်ရှိ မိစ္ဆာများသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေကြသော်လည်း အလင်းတံတိုင်းကို တိုက်ခိုက်ကြည့်သောအခါ အလွန်ခိုင်ခံ့နေသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦးပင်လျှင် ဖောက်ထွင်းနိုင်ခြင်း မရှိသည်ကို တွေ့လိုက်ရချေသည်။ ၎င်းတို့သည် အမျက်ဒေါသထွက်သော်လည်း တတ်နိုင်ခြင်းမရှိဘဲ အပြင်ဘက်၌ ရပ်တန့်ကာ အမိန့်အသစ်ကိုသာ စောင့်ဆိုင်းနေရတော့သည်။

လူသားသိုင်းပညာရှင်များသည် သက်ပြင်းချနိုင်ကာ မြေပြင်ပေါ်သို့ ပုံလဲကျသွားကြချေသည်။ အားလုံးတွင် ဒဏ်ရာအနည်းနှင့်အများ ရရှိထားကြပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေကြချေပြီ။ ချင်ယွမ်ဖုန်းသည်လည်း ထိုနည်းတူပင် ဖြစ်ပေရာ မိမိသွေး သို့မဟုတ် တစ်ပါးကျွန်းသား မိစ္ဆာတို့၏ သွေးဖြစ်သည်ကို ခွဲခြား၍မရအောင်ပင် တစ်ကိုယ်လုံး သွေးစွန်းနေချေသည်။

သို့သော် ယင်းက မြန်ဆန်စွာ ရှာဖွေမှုများပြုလုပ်ပြီးနောက် မုန့်ချီလော့နှင့် အခြားသူများ ဘေးကင်းစွာ စုဝေးနေကြသည်ကို တွေ့ရှိသွားသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။

"ယွမ်ဖုန်း... နင် အဆင်ပြေရဲ့လား" မုန့်ချီလော့က အပြေးအလွှား ရောက်လာပြီး မေးမြန်းချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သည်။ "အဆင်ပြေပါတယ်။ ကျောင်းအုပ်ကြီး ဒီလို ဧရာမအစီအရင်ကြီးကို ခင်းကျင်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ လောလောဆယ်တော့ ငါတို့ စိုးရိမ်စရာမလိုတော့ဘူးပေါ့"

"ဟုတ်တယ်... ငါလည်း ဒီလောက်ကြီးမားတဲ့ အစီအရင်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ" မုန့်ချီလော့က ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ဒီလို အစီအရင်ကြီးကို ထိန်းသိမ်းဖို့ဆိုရင် စွမ်းအင်တွေ အများကြီး ကုန်ဆုံးမှာပဲ။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ မသိဘူး"

ချင်ယွမ်ဖုန်းက အပြင်ဘက်ရှိ ကြိမ်းမောင်းနေသော မိစ္ဆာများကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အစီအရင်ကြီးကို မထိန်းသိမ်းနိုင်တော့သည့်နေ့သည် ထိုမိစ္ဆာများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်နေ့ပင် ဖြစ်တန်ရာသည်။

"ငါ အရင်ဆုံး ကျောင်းအုပ်ကြီးဆီသွားပြီး သူ ဘာပြောမလဲဆိုတာ သွားမေးလိုက်ဦးမယ်" ဟု ချင်ယွမ်ဖုန်းက ပြောလိုက်ချေသည်။

အားလုံးက ခေါင်းညိတ်ကြပြီး ချင်ယွမ်ဖုန်း ဖြည်းညှင်းစွာ ထွက်ခွာသွားသည်ကို လိုက်လံကြည့်ရှုနေကြတော့သည်။

---

ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ထိပ်ပေါ်ရှိ အဓိကခန်းမဆီသို့ ပျံသန်းလာခဲ့ချေသည်။ တံခါးစောင့်တပည့်များသည် ချင်ယွမ်ဖုန်းဖြစ်သည်ကို မြင်သောအခါ အလျင်အမြန်ပင် လမ်းဖယ်ပေးကြတော့သည်။

အဓိကခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရချေသည်။ အကြောင်းမူကား ခန်းမတစ်ခုလုံးတွင် မှိုင်းအုံ့သော အရှိန်အဝါများ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ကျောင်းအုပ်ကြီးနှင့် လူများက သောကရောက်နေသော မျက်နှာများ ရှိနေကြသောကြောင့် ဖြစ်ချေသည်။

ထို့ပြင် ချင်ယွမ်ဖုန်းသည် ခန်းမထဲ၌ ထိုင်နေသော မိမိဖခင် ကျိရှန့်ကိုပါ မြင်တွေ့လိုက်ရချေသည်။

"အဖေ... ကျောင်းအုပ်ကြီး... ဘာဖြစ်လို့လဲ။ အစီအစဉ် ပျက်စီးသွားတာလား" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်ချေသည်။

ကျောင်းအုပ်ကြီး က ခေါင်းမော့ကာ ချင်ယွမ်ဖုန်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ "ငါတို့ ထန်ဂူဒေသက နတ်ဘုရားတစ်ပိုင်းအဆင့် မိစ္ဆာသုံးကောင်ကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့ပေမဲ့ ရန်ချီနိုင်ငံမှာ သူတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်"

"ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ" ချင်ယွမ်ဖုန်း မျက်လုံးအစုံ ပြူးကျယ်သွားရချေသည်။

"ငါတို့လည်း အံ့ဩမိတယ်။ အစီအစဉ်က အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံခဲ့ပေမဲ့ နတ်ဆိုးဘုရင်က ငါတို့ ရန်ချီနိုင်ငံကို လာမယ်ဆိုတာ ကြိုတင်သိနေတဲ့ပုံပဲ။ သူက အခြား နတ်ဘုရားတစ်ပိုင်းအဆင့် မိစ္ဆာတွေကို ဦးဆောင်ပြီး ရောက်လာတာကြောင့် ငါတို့အားလုံး အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရတယ်" ဟု ကျောင်းအုပ်ကြီးက တုန်လှုပ်ခြောက်ခြားစွာ ပြောချေသည်။

ထိုမဟာတိုက်ပွဲအကြောင်းကို ပြောဆိုရာတွင် အားလုံး၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေဆဲပင် ဖြစ်ချေသည်။ ကံကောင်းထောက်မစွာဖြင့် ရန်ချီနိုင်ငံ၏ လူဦးရေတစ်ခုလုံးသည် ပင်လယ်ပြင်သို့ ကြိုတင်တိမ်းရှောင်သွားခဲ့ပြီး ဖြစ်ပေရာ မဟုတ်လျှင် သေကြေပျက်စီးမှု မည်မျှအထိ ရှိလာမည်ကို တွေးဝံ့စရာပင် မရှိချေ။

ယင်းအပြင် ရန်ချီနိုင်ငံ၏ ကျွန်းတစ်ခုလုံးသည်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကာ ကျွန်းငယ် ဆယ်ခုကျော်အဖြစ် သို့ ပြန့်ကျဲသွားခဲ့ချေပြီ။

"ဒါဆို... အခြားနည်းလမ်း မရှိတော့ဘူးလား" ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်ချေသည်။

ကျောင်းအုပ်ကြီးက ခေါင်းခါလိုက်သည်။ "မင်းအဖေသာ အချိန်မီ ရောက်မလာခဲ့ရင် ငါတို့ထဲက တစ်ယောက်မှ ပြန်လာနိုင်မှာ မဟုတ်ဘူး"

ချင်ယွမ်ဖုန်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ဤနေရာ၌ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး ခြောက်ဦးသာ ရှိနေပြီး ကျန်လေးဦး၏ အရိပ်အယောင်ကို မတွေ့ရချေ။

"စီနီယာကြီးတွေဖြစ်တဲ့ ရှို့ဖျင်၊ လီမင်၊ ဟုန်ကျန်နဲ့ ပိုင်ယွဲ့ကန်တို့ကော။ သူတို့ ဘယ်မှာလဲ။ ဒါမှမဟုတ် သူတို့အားလုံး..." ချင်ယွမ်ဖုန်းသည် အဆိုးဆုံးအခြေအနေကို တွေးတောမိကာ မျက်လုံးများ ပြူးကျယ်သွားရချေသည်။

ကျောင်းအုပ်ကြီးက စိတ်ပျက်စွာဖြင့် ပြုံးလိုက်သည်။ "သူတို့ သေဆုံးမသွားပါဘူး။ ဒါပေမဲ့ အခြေအနေက သေတာနဲ့ မခြားတော့ဘူး။ အားလုံး ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး ငါတို့ရဲ့ အကောင်းဆုံး ဆေးလုံးတွေနဲ့တောင် မကုသနိုင်ဘူး ဖြစ်နေတယ်"

ချင်ယွမ်ဖုန်း တုန်လှုပ်သွားရချေသည်။ ဤအခြေအနေသည် သေဆုံးခြင်းနှင့် အတူတူပင် ဖြစ်ချေသည်။

"ကျောင်းအုပ်ကြီး... အဲဒီအစီအရင်ကြီးက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ" ချင်ယွမ်ဖုန်းက ရုတ်တရက် မေးလိုက်ချေသည်။

ကျောင်းအုပ်ကြီးက သက်ပြင်းချကာ "အခုရှိတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်အရ ဆိုရင်တော့ အလွန်ဆုံး နှစ်နှစ်ပဲ တောင့်ခံနိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်ပါးကျွန်းသား မိစ္ဆာတွေက အစီအရင်ကို တိုက်ခိုက်လာရင်တော့ ဒီအချိန်က ပိုပြီး တိုတောင်းသွားလိမ့်မယ်"

ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိချေသည်။ ၎င်းတို့သည် အစီအရင်အတွင်း၌ ပုန်းအောင်းကာ အသက်ဆက်နေရရုံသာ ရှိသေးချေသည်။ အလွန်ဆုံး နှစ်နှစ်အတွင်း၌ ထိုအခြေအနေနှင့် ထပ်မံရင်ဆိုင်ရဦးမည် ဖြစ်ချေသည်။

ထိုအချိန်တွင် ကျောင်းအုပ်ကြီးက တပ်မှူးများနှင့် အဖွဲ့ခေါင်းဆောင်များကို ဝိညာဉ်ကျောက်တုံး မြောက်မြားစွာ ပေးအပ်ကာ နယ်စပ်သို့ စေလွှတ်ခဲ့ခြင်းမှာ သူလျှိုများကို ဖော်ထုတ်ရန်သာမက ဤအစီအရင်ကြီးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်းကိုလည်း သိရှိသွားတော့သည်။

"ငါ သူတို့ကို သွားကြည့်လို့ရမလား" ချင်ယွမ်ဖုန်းက မေးလိုက်ချေသည်။

ထိုအခါ ကျိရှန့်က မတ်တတ်ရပ်လိုက်သည်။ သူသည်လည်း ဒဏ်ရာရရှိထားသော်လည်း ပြင်းထန်ပုံမရချေ။ "ငါ ငါ့သားကို ခေါ်သွားလိုက်မယ်"

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ကာ "ကောင်းပါပြီ... ဒါဆို ညီနောင်ကျိရှန့်ကိုပဲ အားကိုးရတော့မယ်" ဟု ဆိုချေသည်။

ကျိရှန့်က လက်အုပ်ချီ နှုတ်ဆက်ကာ ချင်ယွမ်ဖုန်းကို ခေါ်ဆောင်၍ အဓိကခန်းမမှ ထွက်ခွာလာခဲ့တော့သည်။

---

လမ်းခရီးတွင် ကျိရှန့်က ရန်ချီနိုင်ငံ၌ ဖြစ်ပျက်ခဲ့သမျှကို ချင်ယွမ်ဖုန်းအား ပြောပြရာ ချင်ယွမ်ဖုန်းသည် ထိတ်လန့်တုန်လှုပ်မိချေသည်။

ကျောင်းအုပ်ကြီး အပါအဝင် ကိုးဦးသော ပညာရှင်ကြီးများသည် ရုန်းမထွက်နိုင်အောင် ပိတ်မိနေသဖြင့် အလွန်စိုးရိမ်ပူပန်ခဲ့ကြရချေသည်။ ထိုအချိန်တွင် လီမင်က ရုတ်တရက် ကျင့်စဉ်ဖောက်ပြန်ကာ သွေးရူးသံရူး ဖြစ်သွားခဲ့ချေသည်။

သို့သော် ယင်းက အဆိုးကြီးတော့ မဟုတ်ပေ။ အကြောင်းမူကား လီမင်သည် ကျင့်စဉ်ဖောက်ပြန်သွားသဖြင့် စွမ်းအားများ ပိုမိုမြင့်မားလာကာ နတ်ဘုရားတစ်ပိုင်းအဆင့် မိစ္ဆာတစ်ကောင်ကို တိုက်ရိုက် ဒဏ်ရာရရှိစေခဲ့သောကြောင့် ဖြစ်ချေသည်။

သို့သော် နတ်ဆိုးဘုရင်သည်လည်း ချက်ချင်းရောက်ရှိလာပြီး လီမင်ကို တိုက်ခိုက်ခဲ့ချေသည်။ လီမင်သည် စွမ်းအားများ မြင့်တက်နေသော်လည်း နတ်ဆိုးဘုရင်၏ ပြိုင်ဘက်မဟုတ်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရချေသည်။

ကံကောင်းစွာဖြင့် ကျိရှန့်က အချိန်မီ ရောက်ရှိလာပြီး မိမိ၏ စွမ်းရည်များဖြင့် အားလုံးကို ကူညီကာ ထွက်ပြေးစေခဲ့ခြင်း ဖြစ်ချေသည်။ သို့သော် ဂိုဏ်းချုပ်များသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သေလုနီးပါး ဖြစ်သွားခဲ့ရချေသည်။

၎င်းတို့တွင် ချင်ယွမ်ဖုန်း ပေးအပ်ထားသော နေရာပြောင်း အစီအရင် ပြား ရှိနေသဖြင့်သာ နောက်ဆုံးအချိန်၌ ပြန်လည်လွတ်မြောက်လာနိုင်ခြင်း ဖြစ်ပေရာ မဟုတ်လျှင် မည်မျှအထိ ပြန်လာနိုင်မည်ကို မသိနိုင်ချေ။

မကြာမီ ကျိရှန့်က ချင်ယွမ်ဖုန်းကို ဆေးနတ်ဘုရားဂိုဏ်း၏ ဧည့်သည်ဆောင်ဟောင်းဆီသို့ ခေါ်ဆောင်လာခဲ့ချေသည်။ ယင်းက ပျက်စီးသွားခဲ့သော်လည်း ရှန်းဝူအကယ်ဒမီ ရွှေ့ပြောင်းလာပြီးနောက် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်ချေသည်။

ထိုနေရာ၌ သမားတော် မြောက်မြားစွာ စုဝေးနေကြပြီး ချင်ယွမ်ဖုန်းသည် အဘိုးအို ဝမ်ရှူးကျူးကိုပါ တွေ့လိုက်ရချေသည်။ ဝမ်ယွန်းသည်လည်း မလှမ်းမကမ်းတွင် စိုးရိမ်ပူပန်သော မျက်နှာဖြင့် ရပ်နေချေသည်။

ထိုသမားတော်များသည် ဒေသအသီးသီးမှ ထူးချွန်သော သမားတော်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ သက်ပြင်းချသံများကို ကြည့်ခြင်းဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး လေးဦး၏ ဒဏ်ရာကို ကုသရန် မတတ်နိုင်ကြကြောင်း ချင်ယွမ်ဖုန်း သိလိုက်ရချေသည်။

"နင်... လူရှုပ်လေး... နင်ပါလား" ဝမ်ယွန်းက ချင်ယွမ်ဖုန်းကို မြင်သောအခါ အံ့ဩဝမ်းသာသော မျက်နှာဖြင့် လျှောက်လာပြီး ပြောလိုက်တော့သည်။

All Chapters