အခန်း ၉၄၅
Vol. 46 Ch. 945
အခန်း(၉၄၅) စစ်ပွဲအပြီး
ဝမ်ယွန်းသည် ချင်ယွမ်ဖုန်းတစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး “နင် ဒဏ်ရာရထားတာလား၊ ငါ့ကို ပြပါဦး” ဟု ဆိုလေသည်။
ကျိရှန့်က ချင်ယွမ်ဖုန်းအား အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြုံးလိုက်၏။
“ကျွန်တော် ဘာမှမဖြစ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက အလျင်အမြန် ပြောလိုက်ပြီး “နင်က ဘာလို့ ဒီကို ရောက်နေတာလဲ” ဟု မေးလိုက်သည်။
“အဲဒီ စီနီယာတွေ ဒဏ်ရာရသွားလို့ ငါ့အဘိုးကိုလည်း ပင့်ဖိတ်ထားကြတာ၊ ဒါပေမဲ့ သူတို့လည်း ဘာမှ မတတ်နိုင်ကြဘူး ထင်တယ်” ဟု ဝမ်ယွန်းက သက်ပြင်းချရင်း ပြောလေသည်။
“အော်... အဲလိုလား” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ငါ အထဲဝင်ကြည့်လိုက်ဦးမယ်၊ ပြီးမှ နင်နဲ့ ပြန်ပြောကြတာပေါ့” ဟု ဆို၏။
ဝမ်ယွန်းက ခေါင်းညိတ်ပြရင်း ကျိရှန့်အား တစ်ချက် လှမ်းကြည့်လိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ကာ “ဒါက ကျွန်တော့်အဖေပါ” ဟု မိတ်ဆက်ပေးလိုက်၏။
“အဖေ...” ဝမ်ယွန်း၏ မျက်လုံးများ ကျယ်သွားပြီး မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းကာ နီမြန်းသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်နိုင်သည်။
“ဦးလေး... နှုတ်ဆက်ပါတယ်ရှင်”
“အားမနာပါနဲ့ မိန်းကလေး” ဟု ကျိရှန့်က ပြုံးရွှင်စွာ ပြောလိုက်၏။
ချင်ယွမ်ဖုန်းမှာ ဘာတတ်နိုင်မည်နည်း၊ သမားတော်များရှိရာ ဘေးဘက်သို့သာ အလျင်အမြန် လျှောက်သွားလိုက်တော့သည်။ သမားတော်များက ချင်ယွမ်ဖုန်းကို မြင်သည်နှင့် အလွန် ရိုရိုသေသေ ဆက်ဆံကြပေသည်၊ အကြောင်းမူကား ဤတိုက်ပွဲတွင် ချင်ယွမ်ဖုန်းက အင်အားအများဆုံး စွမ်းဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်၏။
မကြာမီပင် သူသည် အခန်းထဲသို့ ဝင်သွားရာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသက်အန္တရာယ် လွန်စွာ စိုးရိမ်နေရသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး လေးဦးကို တွေ့လိုက်ရသည်။
ထိုနတ်ဘုရားတစ်ပိုင်းအဆင့် လေးဦးမှာ သွေးကြောများ ပြတ်တောက်နေပြီး ဝိညာဉ်စွမ်းအင်ပင်လယ် ပျက်စီးကာ နတ်ဘုရားဝိညာဉ်ပင် အက်ကွဲနေသဖြင့် ပြန်လည်ကုသရန် လွန်စွာ ခက်ခဲလှပေသည်။ သို့မဟုတ်ပါက အပြင်က သမားတော်များလည်း ဤမျှလောက်အထိ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြမည် မဟုတ်ပေ။
ချင်ယွမ်ဖုန်းက အကဲခတ်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ပြန်ထွက်လာခဲ့၏။
သမားတော်အချို့က ချင်ယွမ်ဖုန်းကို ကြည့်လိုက်ကြသည်။ ချင်ယွမ်ဖုန်းလည်း ဘာမှတတ်နိုင်မည်မဟုတ်ကြောင်း သိကြသော်လည်းပဲ “မိတ်ဆွေလေး ယွမ်ဖုန်း... မင်းမှာ ဘာအကြံဉာဏ်များ ရှိလဲ” ဟု မေးမြန်းလိုက်ကြသေးသည်။
ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် “စမ်းကြည့်လို့ရမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်” ဟု ပြောလိုက်၏။
“အို...” သမားတော်များမှာ အံ့အားသင့်ကာ မျက်လုံးများ ကျယ်သွားကြသည်။ ချင်ယွမ်ဖုန်းတွင် ဤမျှလောက်အထိ ဆေးပညာကျွမ်းကျင်မှု ရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားမိကြပေ။ “အဲဒါ ဘာနည်းလမ်းလဲ”
“စီနီယာတို့... နတ်သက်ကြွေဆေးလုံးလို့ ခေါ်တဲ့ ဆေးလုံးအကြောင်း ကြားဖူးကြလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။
သမားတော်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ကာ ထောက်ခံကြသည်။ “အဲဒီလို အံ့ဖွယ်ဆေးလုံးအကြောင်းကို ငါတို့ အသေအချာ ကြားဖူးတာပေါ့၊ ဒါပေမဲ့ ဆေးဖော်စပ်နည်းက ပျောက်ဆုံးသွားခဲ့တာ ကြာပြီလေ၊ ဒါ့အပြင် ဒီလေးယောက်လုံးက နတ်ဘုရားတစ်ပိုင်းအဆင့်တွေဆိုတော့ အဆင့်ရှစ်ဆေးလုံး ဖြစ်ရင်တောင် အာနိသင် သိပ်ရှိမှာ မဟုတ်ဘူး”
“ဒါကို ကျွန်တော် သိတာပေါ့” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ကျွန်တော့်ဆီမှာ အဲဒီဆေးဖော်စပ်နည်း ရှိပါတယ်၊ ဆေးဖော်စပ်မယ့် ပစ္စည်းတွေလည်း အလုံအလောက် ရှိတယ်၊ အကယ်၍ ဆေးလုံးရဲ့ အဆင့်က မလုံလောက်ဘူးဆိုရင်... စမ်းကြည့်လို့ရမယ့် နည်းလမ်းတစ်ခု ရှိမယ် ထင်တယ်” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်း၏ စကားကို ကြားသောအခါ သမားတော်များမှာ လုံးဝ ဆွံ့အသွားကြတော့သည်။ ကောလာဟလများထဲကအတိုင်း ချင်ယွမ်ဖုန်းက တကယ်ပဲ အရာရာကို တတ်မြောက်ထားတာလား။
“ဒါက နတ်သက်ကြွေဆေးလုံးရဲ့ ဖော်စပ်နည်းပါ၊ စီနီယာတို့ စိတ်မရှိဘူးဆိုရင် လက်ခံပေးပါ၊ ဆေးလုံးရဲ့ အဆင့်က မလုံလောက်ဘူးဆိုပေမဲ့ အကယ်၍ နတ်သက်ကြွေဆေးလုံးပေါ်မှာ နတ်ဘုရားအမှတ်အသား ပါလာခဲ့ရင် ဆေးအာနိသင်က သုံးဆလောက် ပိုပြင်းထန်သွားလိမ့်မယ်၊ အဲဒါဆိုရင် အလုပ်ဖြစ်နိုင်မလား” ချင်ယွမ်ဖုန်းက ဆေးဖော်စပ်နည်းကို သမားတော်တစ်ဦးထံ တိုက်ရိုက် ကမ်းပေးလိုက်သည်။
ထိုသမားတော်သည် ချင်ယွမ်ဖုန်းက ဆေးညွှန်းကို ဤမျှလွယ်လွယ်ကူကူ ပေးအပ်လိုက်သဖြင့် လွန်စွာ ဝမ်းသာသွားပြီး တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းအပေါ် ပိုမို၍ ရိုသေလေးစားမိသွား၏။
“နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးတွေက အဆင့်ကိုးဆေးလုံးတွေနဲ့ တကယ်ပဲ ယှဉ်နိုင်ပါတယ်၊ ငါတို့ စမ်းကြည့်လို့ရတာပေါ့၊ ဒါဆိုရင် ဒီနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် လေးယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်၊ သူတို့ ပြန်လည်နာလန်ထူလာဖို့ကိုတော့ နောက်မှ ငါတို့ တာဝန်ယူ စောင့်ရှောက်ပေးပါ့မယ်” ဟု ဝမ်ရှူးကျူးက တည်ငြိမ်စွာ ပြောလိုက်လေသည်။
ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွား၏။ ယခု သူတို့ မကုသနိုင်ရခြင်း အကြောင်းရင်းမှာ ဤလေးဦး၏ အသက်ကို မြဲအောင် မထိန်းထားနိုင်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အဆင့်ကိုးဆေးလုံးနှင့် ညီမျှသော နတ်သက်ကြွေဆေးလုံး ရှိပါက အသေအချာပင် အသက်ကယ်နိုင်မည် ဖြစ်၏။
“ကောင်းပါပြီ၊ ဒါဆို ကျွန်တော် အခုပဲ ဆေးလုံး စတင်ဖော်စပ်ပါတော့မယ်” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
---
နဂါးဖမ်းဆေးမီးဖိုသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။ ချင်ယွမ်ဖုန်းက ဘေးပတ်ဝန်းကျင်တွင် လူများမရှိသကဲ့သို့ စိတ်အာရုံကို စုစည်းကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဆေးလုံးကို စတင်ဖော်စပ်လေတော့သည်။ နတ်သက်ကြွေဆေးလုံး ဖော်စပ်ရန်အတွက် ပစ္စည်းများကိုလည်း ချင်ယွမ်ဖုန်းက မြေပြင်ပေါ်တွင် ချထားလိုက်၏။
အဓိက ဆေးဖက်ဝင်ပစ္စည်း ဖြစ်သော နတ်သက်ကြွေဆေးမြက်မှာ ချင်ယွမ်ဖုန်း၏ မြေနက်မြေထဲတွင် ရှိနေသဖြင့် ပြတ်လပ်သွားစရာ အကြောင်းမရှိပေ။ အခြားသော ပစ္စည်းများမှာလည်း မြေနက်မြေထဲတွင် အားလုံး ရှိနေသဖြင့် ပို၍ပင် စိုးရိမ်စရာ မလိုတော့ပေ။
ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို နှိုးဆွလိုက်ရင်း ချင်ယွမ်ဖုန်းက နတ်သက်ကြွေဆေးလုံးကို စတင်ဖော်စပ်လေသည်။ သူ၏ သွက်လက်ပြီး အနုပညာဆန်လှသော လှုပ်ရှားမှုများကြောင့် ဘေးပတ်ဝန်းကျင်ရှိ သမားတော်များမှာ အံ့အားသင့်ကုန်ကြ၏။
ကျိရှန့်ပင်လျှင် မိမိသားတွင် ဤမျှလောက်အထိ ဆေးဖော်စပ်ခြင်းပညာရပ် ရှိနေသည်ကို မသိထားသဖြင့် အတန်ငယ် အံ့သြသွားရသည်။
ဝမ်ယွန်းကမူ မနီးမဝေးမှ မြေပြင်ပေါ်တွင် ထိုင်နေသော ချင်ယွမ်ဖုန်းကို ကြည့်ကာ မျက်လုံးများထဲတွင် လေးစားအားကျရိပ်များ တောက်ပနေ၏။
ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်ရာတွင် လွန်စွာ မြန်ဆန်လှပေသည်။ အမွှေးတိုင်တစ်တိုင် ကုန်အောင် မထွန်းရသေးသော အချိန်အတွင်းမှာပင် မွှေးကြိုင်လှသော ဆေးလုံးလေးလုံးက သူ၏လက်ထဲတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် တစ်လုံးမကျန် အားလုံးပေါ်တွင် နတ်ဘုရားအမှတ်အသားများ ပါရှိနေ၏။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ဝိညာဉ်စွမ်းအားကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ထို့ပြင် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကိုလည်း ပိုမိုကျွမ်းကျင်လာသဖြင့် ဆေးဖော်စပ်ခြင်းက သူ့အတွက်တော့ အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်ပေသည်။
သို့သော်လည်း အခြားသမားတော်များ အမြင်တွင်မူ ထိုသို့ မဟုတ်ပေ။ ချင်ယွမ်ဖုန်း၏ ဆေးဖော်စပ်နိုင်စွမ်းက ဤမျှလောက်အထိ ထူးချွန်ပြောင်မြောက်လိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားကြသဖြင့် အံ့အားသင့်လွန်းကာ စကားပင် မဟနိုင်ကြတော့ပေ။
ချင်ယွမ်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး ဆေးလုံးလေးလုံးကို ဝမ်ရှူးကျူးထံ ကမ်းပေးရင်း “စီနီယာ... ကျန်တဲ့ ကိစ္စတွေကိုတော့ စီနီယာတို့ဆီပဲ အပ်ခဲ့ပါတော့မယ်” ဟု ပြောလိုက်၏။
သမားတော်များမှာ အံ့သြတုန်လှုပ်နေရာမှ သတိပြန်ဝင်လာကြပြီး အလျင်အမြန် ခေါင်းညိတ်ပြကြသည်။
“ဝါး... ဒါက တကယ် အံ့သြစရာပဲ၊ မင်းရဲ့ ဆေးဖော်စပ်ခြင်းပညာက တစ်လောကလုံးမှာ အတော်ဆုံးမဟုတ်ရင်တောင် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးမှာတော့ အနှိုင်းမဲ့ပဲ” ကျိရှန့်က ပြုံးစိစိဖြင့် ချင်ယွမ်ဖုန်းအနားသို့ လျှောက်လာ၏။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး “အဖေကလည်း ကျွန်တော့်ကို မနောက်ပါနဲ့၊ ဒါ့အပြင် အခုလို အခြေအနေမျိုးမှာ ဆေးဖော်စပ်တာ အတော်ဆုံးဖြစ်နေလည်း ဘာထူးမှာလဲ” ဟု ဆိုလေသည်။
ကျိရှန့်က ဘာမှပြန်မပြောတော့ဘဲ ဘေးတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေလိုက်သည်။
မကြာမီပင် သမားတော်များက အခန်းထဲမှ ပြန်ထွက်လာကြရာ အားလုံး၏ မျက်နှာထက်တွင် အပြုံးများ ပြည့်နှက်နေကြ၏။ “မိတ်ဆွေလေး... မင်းရဲ့ ဆေးလုံးက အသက်ကယ်နိုင်တဲ့ ကျေးဇူးတရားပါပဲ...”
“တကယ်ကို စွမ်းတာပဲ၊ ဆေးသောက်ပြီးတာနဲ့ ဒီနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် လေးယောက်ရဲ့ အသက်အန္တရာယ်က စိတ်ချသွားရပြီ၊ သူတို့ကို မူလအခြေအနေအတိုင်း ပြန်ဖြစ်လာအောင် ငါတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
“ဒါဆိုရင် သိသိသာသာ ကောင်းသွားတာပေါ့” ချင်ယွုန်းဖုန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ကျိရှန့်နှင့်အတူ ထွက်ခွာလာခဲ့တော့သည်။
---
နတ်ဘုရား လေးဦးကို ကယ်တင်နိုင်ခဲ့သည့် သတင်းက အိမ်တော်သို့ ပျံ့နှံ့သွားပြီးနောက် လူတိုင်း၏ လေးနက်တည်ကြည်နေသော မျက်နှာများထက်တွင် ဝမ်းသာရိပ်တစ်ခု နောက်ဆုံး၌ ပေါ်ပေါက်လာခဲ့တော့သည်။
“သိက်ကောင်းတယ်၊ ဒါဆိုရင် ငါတို့ရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် အရေအတွက်က လျော့မသွားတော့ဘူးပေါ့” တာဝန်ခံက တည်ငြိမ်စွာ ပြောလိုက်ပြီး “ငါ ကာကွယ်ရေးစနစ်ကို ဆက်ပြီး လည်ပတ်နေစေမယ်” ဟု ဆို၏။
လူတိုင်းတွင် မျှော်လင့်ချက်များ ပြန်လည်ရှိလာသည်ကို မြင်ရသောအခါ ချင်ယွမ်ဖုန်းလည်း စိတ်အေးသွားရတော့သည်။
အမိန့်များ ထုတ်ပြန်လိုက်သည်နှင့်အမျှ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် နောက်ဆုံးတွင် ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့သည်။ အစီအရင်ကြီး၏ အကာအကွယ်အတားအဆီးကြောင့် သူတို့ ခေတ္တမျှ စိတ်အပန်းဖြေနိုင်ခဲ့ကြ၏။
ယခုအချိန်တွင် ရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤလူများထဲမှ တစ်ဦးဦးက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန်သာ ဖြစ်သည်။
တစ်ဦးတစ်ယောက်တည်း ရှိလျှင်ပင် မိစ္ဆာများကို ခြိမ်းခြောက်နိုင်ရန် လုံလောက်ပေသည်။
သို့သော်လည်း နှစ်နှစ်ဆိုသည့် အချိန်က လွန်စွာ တိုတောင်းလှသဖြင့် အရာအားလုံးက မရေမရာ ဖြစ်နေဆဲပင်။
ဤအချိန်တွင် နတ်ဆိုးဘုရင်၏ မျက်နှာအမူအရာမှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေ၏။
“အစ်ကိုကြီး... တို့ ဘာဆက်လုပ်ကြမလဲ” နတ်ဘုရားဝိညာဉ် ဘုရင်နှင့် အခြားလူများ အားလုံး နတ်ဆိုးဘုရင်၏ ဘေးနားသို့ ပြန်ရောက်လာကြသည်။
နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က ၎င်းတို့ကိုယ်ကိုယ် ပိတ်ဆို့ထားသောကြောင့် အပြင်ကလူများက အထဲသို့ ဝင်မရသကဲ့သို့ အထဲကလူများလည်း အပြင်သို့ ထွက်မရချေ။
“ဟူး... သူတို့မှာ ဒီလို လှည့်ကွက်ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ ငါ အဲဒီအစီအရင်ကို စမ်းပြီး တိုက်ခိုက်ကြည့်ဖူးတယ်၊ ငါတို့အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင်တောင် အဲဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး” ဟု နတ်ဆိုးဘုရင်က တည်ငြိမ်စွာ ပြောလိုက်၏။
“ငါတို့က သူတို့ကို အစီအရင်ကြီးထဲမှာ စိတ်ကြိုက် လှုပ်ရှားနေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မှာလား” ဟု သွေးဆာမိစ္ဆာမင်းသားက အေးစက်စွာ မေးလိုက်လေတော့သည်။