← Chapters

အခန်း ၉၄၆

Vol. 46 Ch. 946

အခန်း ၉၄၆

Vol. 46 Ch. 946

အခန်း(၉၄၆) ပူးပေါင်းဆောင်ရွက်ခြင်း

"ဒါပေါ့... မဟုတ်ဘူးလေ။ မင်းတို့ထင်တာတော့ သူတို့တွေ ဒီအစီအရင်ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ"

နတ်ဆိုးဘုရင်က အသာအယာ ပြုံးလိုက်ရင်း ဆက်ပြောလေသည်။

"ဒါ့အပြင် အပြင်ဘက်မှာလည်း လူသားတွေ ရှိနေတာပဲ မဟုတ်လား"

"အစ်ကို... မင်းပြောတာ ကမ္ဘာသစ်မဟာမိတ်အဖွဲ့ကို ဆိုလိုတာလား"

"မှန်တယ်"

နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြကာ ဆို၏။

"ကမ္ဘာသစ်မဟာမိတ်အဖွဲ့က ဘာမှ အသုံးမဝင်တော့တဲ့အတွက် သူတို့ကို အပြတ်ရှင်းပစ်ကြတာပေါ့"

ထိုစကားကို ကြားလျှင် သွေးဆာမိစ္ဆာမင်းသားနှင့် အခြားသူများက ပြုံးလိုက်ကြသည်။ သူတို့သည် ကမ္ဘာသစ်မဟာမိတ်အဖွဲ့ကို အရေးယူရန် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုသူတို့က အသုံးဝင်သေးသည့်အတွက် အောင့်အီးထားခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က တံခါးပိတ်အောင်းနေပြီး အပြင်ဘက်တွင် ကမ္ဘာသစ်မဟာမိတ်အဖွဲ့သာ ကျန်ရှိတော့သဖြင့် သူတို့၏ ပစ်မှတ်က ထိုအဖွဲ့ ဖြစ်လာတော့သည်။

နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ကိုမူ အပြင်ဘက်မှ ဝန်းရံပိတ်ဆို့ထားရုံဖြင့် တံဆိပ်ခတ်နှိပ်မှုက အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်ရာ သူတို့သည် အိုးထဲက လိပ်ကဲ့သို့ ပိတ်မိနေမည်သာ ဖြစ်သည်။

သို့သော် မိစ္ဆာစစ်တပ်က စစ်ဆင်ရေးမစတင်မီမှာပင် ထန်ဂူဒေသဘက်မှ အရိပ်တစ်ခုက အစီအရင်ကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

ထန်ဂူဒေသသည် ခံစစ်ကြောင်းလေးခုအနက် တစ်ခုတည်းသော အောင်ပွဲရခဲ့သည့်ဘက် ဖြစ်သဖြင့် မိစ္ဆာစစ်တပ်မှာ အထိနာခဲ့ရပြီး လူသားများ ခံစစ်ပြင်ဆင်နိုင်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကြောင့် ကျိုတိုနှင့် တစ်ပါးကျွန်းသား မိစ္ဆာများကြားတွင် အက်ကြောင်းထင်ခဲ့ရသည်။ ထို့ကြောင့် မဟာအကြီးအကဲတို့၏ ညွှန်ကြားချက်အရ သူက ကမ္ဘာသစ်မဟာမိတ်အဖွဲ့ကို ထန်ဂူဒေသဘက်သို့ စတင်ရွှေ့ပြောင်းစေခဲ့သည်။

သူတို့၏ အစီအစဉ်အရ မိစ္ဆာများက စိတ်ပြောင်းသွားလျှင်ပင် ထန်ဂူဒေသကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် ဖြစ်သည်။

ယခုအခါ အစီအရင်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာသူမှာ မြူနှင်းဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုတိုပင် ဖြစ်သည်။

သို့သော် ကျိုတိုသည် ယခင်ကဲ့သို့ တက်ကြွထက်မြက်နေသည့် အမျိုးသမီး မဟုတ်တော့ဘဲ မိစ္ဆာများနှင့် နှစ်ရှည်လများ ပူးပေါင်းခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသည့် ပုံစံ ပေါက်နေသည်။

ကမ္ဘာသစ်မဟာမိတ်အဖွဲ့အတွင်း၌လည်း သဘောထားကွဲလွဲသံများ ထွက်ပေါ်နေသည်။ မြူနှင်းဂိုဏ်းက ကတိပေးထားသည့် အကျိုးအမြတ်များကို ကြားသိရပြီးနောက် ထိုလူများက မနာလိုဝန်တိုစိတ်ဖြင့် မျက်စိများ နီမြန်းနေကြကာ နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်နေကြသည်။

ယခုအခါ တစ်ပါးကျွန်းသား မိစ္ဆာများ အင်အားကြီးမားလာသဖြင့် ၎င်းတို့က ကျောခိုင်းသွားမည်ကို ကြောက်လန့်နေကြပြီး မြူနှင်းဂိုဏ်းကို ရှင်းလင်းချက်ပေးရန် ဆူပူတောင်းဆိုနေကြသည်။ သူတို့က အကျိုးအမြတ်နောက်သာ လိုက်နေသည့် အောက်တန်းစား လူဖျင်းများသာ ဖြစ်ကြသည်။

ထို့အပြင် တစ်ပါးကျွန်းသား မိစ္ဆာများ၏ စိတ်အပြောင်းအလဲ မြန်ဆန်မှုကြောင့် မြူနှင်းဂိုဏ်းသည်လည်း ၎င်းတို့အပေါ် ယုံကြည်မှု လုံးဝ ကင်းမဲ့သွားခဲ့ရပြီ ဖြစ်သည်။ ယခု သူတို့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးထားသည့် မျိုးစေ့သာ ဖြစ်သည်။

ထိုမျိုးစေ့က အလွန်ထူးဆန်းပြီး မြူနှင်းဂိုဏ်းတွင် ရှေးအစဉ်အဆက်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်ရာ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်ပင်လျှင် ယင်း၏ တန်ပြန်ဒဏ်ခတ်မှုကို မခံနိုင်ပေ။

ကျိုတိုသည် နတ်ဆိုးဘုရင်အနေဖြင့် ထိုမျိုးစေ့ကို မဖယ်ရှားနိုင်ဟု ယုံကြည်မှု အပြည့်ရှိသည်။ သို့မဟုတ်ပါကလည်း မိစ္ဆာများနှင့် ပူးပေါင်းရန် ဤမျှ လွယ်လွယ်ကူကူ သဘောတူခဲ့မည် မဟုတ်ပေ။

သို့သော် အစီအရင်ကြီးထံသို့ ရောက်ရှိလာချိန်တွင် သူမ၏ စိတ်ထဲ၌ အခြားအကြံအစည်များလည်း ရှိနေသည်။

ကျိုတိုက ဖြည်းညှင်းစွာ ပျံသန်းလာစဉ် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့၏ ခံစစ်ကြောင်းအတွင်းမှ လူတစ်ယောက်ကလည်း ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာခဲ့သည်။

ခံစစ်ကြောင်းကို တာဝန်ယူထားသူမှာ ဘိုးဘေးနယ်ပယ် သိုင်းပညာရှင် မဟုတ်တော့ဘဲ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေသဖြင့် ကာကွယ်ရေးက ပိုမိုခိုင်မာနေသည်။

"မြူနှင်းဂိုဏ်းချုပ် ကျိုတို... မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ"

ထိုလူက ဖြည်းညှင်းစွာ မေးလိုက်သည်။ သူက အခြားသူမဟုတ်ဘဲ ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဒုန်ဖန်းရှန့်မင်ပင် ဖြစ်သည်။

"ဂိုဏ်းချုပ် ဒုန်ဖန်း ဖြစ်နေတာပဲ"

ကျိုတိုက တည်ငြိမ်စွာ ဆိုလိုက်သည်။ အစီအရင်ကြီးက အသံကိုပင် ပိတ်ဆို့ထားနိုင်စွမ်း မရှိသည်ကို သူမက သတိပြုမိလိုက်၏။

"ကျွန်တော်က ဂိုဏ်းချုပ် မဟုတ်တော့ပါဘူး... ဆေးနတ်ဘုရားဂိုဏ်းကလည်း မရှိတော့ဘူးလေ။ ကျွန်တော်က တကယ်ကို အရည်အချင်းမရှိတဲ့သူပါ"

ဒုန်ဖန်းရှန့်မင်က စိတ်မကောင်းစွာဖြင့် ဆိုလေသည်။

ကံကောင်းသည်မှာ ဆေးနတ်ဘုရားဂိုဏ်းကို ချင်ဝူယန်း ဖျက်ဆီးခဲ့စဉ်က လူအနည်းငယ် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ယာယီဂိုဏ်းချုပ် အိုင်ဖေးက ဆေးနတ်ဘုရားဂိုဏ်းဝင်များကို တက်ကြွစွာ ပြန်လည်စုစည်းနေသဖြင့် စိတ်သက်သာရာ ရရုံသာ ရှိတော့သည်။

"ဂိုဏ်းချုပ် ဒုန်ဖန်း... အဲလိုတွေးမနေပါနဲ့။ ဂိုဏ်းတစ်ခုရဲ့ အတက်အကျဆိုတာ ကံကြမ္မာအတိုင်းပဲလေ"

ကျိုတိုက အေးဆေးစွာ ပြောလိုက်သည်။ တစ်ချိန်က မောက်မာလှသော ကျိုတိုက ယခုအခါ ဒုန်ဖန်းရှန့်မင်နှင့် စကားစမြည် ပြောဆိုနေသည်မှာ အံ့ဩစရာပင်။

ဒုန်ဖန်းရှန့်မင်က ခေါင်းယမ်းလိုက်ရင်း မေး၏။

"ဂိုဏ်းချုပ် ကျိုတိုက ကျွန်တော်နဲ့ စကားလာပြောတာပဲ မဟုတ်လောက်ဘူး ထင်တယ်"

"ဒါပေါ့... မင်းတို့ရဲ့ မဟာမိတ်ခေါင်းဆောင်နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စအချို့ ရှိလို့ပါ"

ကျိုတို၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး ဘာကိုမျှ ဖုံးကွယ်မထားပေ။

သို့သော် ဒုန်ဖန်းရှန့်မင်က ခေါင်းယမ်းလိုက်ကာ ဆိုသည်။

"ဂိုဏ်းချုပ် ကျိုတို... မင်း အဲဒီအကြံကို လက်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... မဟာမိတ်ခေါင်းဆောင်ကလည်း ဒီကို လွယ်လွယ်နဲ့ လာမှာ မဟုတ်ဘူး"

ကျိုတို၏ မျက်နှာတွင် တုံ့ဆိုင်းသွားသည့် အရိပ်အယောင် ပေါ်လာပြီးမှ ဆက်ပြောသည်။

"ဂိုဏ်းချုပ် ဒုန်ဖန်း... ကျေးဇူးပြုပြီး သူတို့ကို အကြောင်းကြားပေးပါ။ ငါတို့ ကမ္ဘာသစ်မဟာမိတ်အဖွဲ့က နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့... ဒါမှမဟုတ် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ဖို့တောင် ဆန္ဒရှိပါတယ်"

ထိုစကားကို ကြားလျှင် ဒုန်ဖန်းရှန့်မင်က ကမ္ဘာသစ်မဟာမိတ်အဖွဲ့၏ လက်ရှိ အကျပ်အတည်းကို ချက်ချင်း ရိပ်မိလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

"ကောင်းပါပြီ... ကျွန်တော် သွားပြီး အကြောင်းကြားပေးပါ့မယ်။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင်က မင်းကို တွေ့ချင်၊ မတွေ့ချင်ဆိုတာကတော့ အခြားကိစ္စတစ်ခုပေါ့"

ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ဆိုသည်။

"ငါ အကြောင်းကြားရုံတင်ပဲ။ ဒါ့အပြင် ငါ နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးစေ့တစ်စေ့ စိုက်ပျိုးထားခဲ့တယ်။ ငါ ဒီလျှို့ဝှက်ပညာရပ်ကို သုံးလိုက်တာနဲ့ အဲဒီမျိုးစေ့က နတ်ဆိုးဘုရင်ကို ဝါးမြိုသွားလိမ့်မယ်... နတ်ဘုရားတစ်ပိုင်းအဆင့် ရှိရင်တောင် ဒါကို တားနိုင်မှာ မဟုတ်ဘူး"

ကျိုတိုက သူမ၏ ဝှက်ဖဲကို ထုတ်ပြလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဒုန်ဖန်းရှန့်မင်၏ စိတ်ထဲတွင် လှုပ်ခတ်သွားရသည်။ ဖြစ်နိုင်သည်မှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် တကယ်ပင် အခွင့်အရေး ရှိလာနိုင်ခြေပင်။

---

တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ အစီအရင်အတွင်းရှိ လူများကလည်း တဖြည်းဖြည်း တည်ငြိမ်လာကြသည်။ အစီအရင်ကြီးကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်သည့်အတွက် သူတို့အားလုံး စိတ်သက်သာရာ ရနေကြခြင်း ဖြစ်သည်။

ကျွမ်ယွမ်ကျောင်းအုပ်ကြီးက တိုက်ပွဲတွင် ပါဝင်ခဲ့သည့် သိုင်းပညာရှင်များကို အနားယူ အားဖြည့်စေရန်နှင့် ဆုလာဘ်များ တိုးမြှင့်ပေးရန် အမိန့်များစွာ ထုတ်ပြန်ခဲ့သည်။ လောလောဆယ်တွင် ထူးခြားသည့် ပြောင်းလဲမှု မရှိသေးပေ။

သို့သော် အပြင်သို့ ထွက်ခွာခွင့်မရှိခြင်းက ချင်ယွမ်ဖုန်းနှင့် သူ၏ လူစုကို ဘာမှလုပ်စရာမရှိဘဲ ပျင်းရိနေစေသည်။

ကျွမ်ယွမ်ကျောင်းအုပ်ကြီး၏ ပြောကြားချက်အရ နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး အရှိဆုံးသူများသည် အစီအရင်ကြီး တည်ရှိနေဆဲ ကာလအတွင်း၌ တက်လှမ်းနိုင်ရန် ကြိုးစားသင့်သည်ဟု ဆိုသည်။

အခွင့်အရေး နည်းပါးလှသော်လည်း သူတို့က လက်မလျှော့ချင်ကြပေ။

ချင်ယွမ်ဖုန်းက ကမ္ဘာငယ်လေးကို မြေနက်မြေပေါ်သို့ ဆက်လက် ပုံရိပ်ထင်ဟပ်စေပြီး ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများကို မူလရင်းနှီးဈေး၏ ထက်ဝက်မျှဖြင့်သာ ရောင်းချပေးခဲ့သည်။

ဒါက သိုင်းပညာရှင် အများအပြားကို အဆင့်တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့သည်။

ဤလုပ်ဆောင်ချက်က ချင်ယွမ်ဖုန်း၏ အလိုကျဖြစ်ပြီး သိုင်းပညာရှင် အားလုံးက ၎င်း၏ အကျိုးကျေးဇူးကို ရရှိကြရာ တိုက်ပွဲကြီးအတွက် အထောက်အကူပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့မှ ဝါရင့်ဆေးဖော်စပ်သူ အချို့ပင်လျှင် ချင်ယွမ်ဖုန်းအတွက် အခမဲ့ ဆေးလုံးများ လာရောက်ဖော်စပ်ပေးကြသည်။

လောကဓာတ်၏ မူလအနှစ်သာရကို စုပ်ယူထားကြသည့် နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်များနှင့် ကိုးဆင့်မြောက် ဘုရင်နယ်ပယ် သိုင်းပညာရှင် အချို့မှာမူ တံခါးပိတ် ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ကံကောင်းသည်မှာ အဓိက သန့်ရှင်းသော နယ်မြေများတွင် အချိန်ကန့်သတ်ချက်ရှိသည့် လျှို့ဝှက်နယ်ပယ်များ ရှိနေသဖြင့် အချိန်ကို သုံးဆမှ ငါးဆအထိ ဆွဲဆန့်ပေးနိုင်သည်။

တစ်နည်းအားဖြင့် အစီအရင်ကြီးကို နှစ်နှစ်ခန့် ထိန်းထားနိုင်လျှင် သူတို့သည် လောကဓာတ်၏ မူလအနှစ်သာရကို သန့်စင်ရန် ခြောက်နှစ်မှ ဆယ်နှစ်အထိ အချိန်ရရှိမည်ဖြစ်ရာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို များစွာ တိုးတက်စေမည် ဖြစ်သည်။

ချင်ယွမ်ဖုန်းကမူ တံခါးပိတ် ကျင့်ကြံခြင်း မပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိတွင် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။ သူက တံခါးပိတ်ပြီး ကြိုးစားကျင့်ကြံလျှင်ပင် ဘုရင်နယ်ပယ်၏ နဝမအဆင့်သို့ ချိုးဖျက်နိုင်ပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ချေ။

သူက အခြားသူများကို ခေါ်ဆောင်ကာ နန်ဝူးမြို့သို့ သွားရောက်ခဲ့သည်။ ထိုရင်းနှီးလှသော မြို့ကလေးသည် ယခုအခါ ယခင်ကထက် လူဦးရေ နှစ်ဆခန့် ပိုမိုများပြားလာခဲ့ပြီ ဖြစ်သည်။

နန်ဝူးမြို့၏ အပြင်ဘက်တွင်ပင် လူသားများ နေထိုင်ရန်အတွက် အိမ်ခြေမြောက်မြားစွာကို အပြင်ဘက်သို့ တိုးချဲ့ဆောက်လုပ်ထားရသည်။

အဆုံးတွင်တော့ လုယွဲ့အင်ပါယာ၊ ချင်ယွမ်အင်ပါယာနှင့် ရှီးရန်အင်ပါယာတို့မှ လူသား အမြောက်အမြား စုဝေးရောက်ရှိလာကြသဖြင့် သူတို့၏ မူလနေရပ်များက မလုံလောက်တော့သည်မှာ သဘာဝပင် ဖြစ်သည်။

ဤမျှ များပြားလှသော လူစုကြီး ဝင်ရောက်လာခြင်းက အစီအရင်အတွင်းကို အနည်းငယ် ကျပ်ညပ်သွားစေသော်လည်း ကံကောင်းသည်မှာ အစားအစာ အလုံအလောက် ရှိနေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သဖြင့် ပြဿနာ မရှိလှပေ။

All Chapters