အခန်း ၉၅၈
Vol. 46 Ch. 958
အခန်း(၉၅၈) အပြင်းအထန် ဒဏ်ရာရရှိခြင်း
“အကိုကြီး... ကျွန်တော် ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ”
မသေမျိုးဘုရင်က ခက်ထန်ကြမ်းကြုတ်သော လေသံဖြင့် ပြောဆိုလိုက်ချေသည်။
နတ်ဆိုးဘုရင်သည် မသေမျိုးဘုရင်ကို တစ်ချက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီးလျှင် “မှော်အစီအရင်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ” ဟု မေးမြန်းလိုက်၏။
“... အခုက ဘယ်လိုအချိန် ရောက်နေပြီလဲ၊ အကိုကြီးက မှော်အစီအရင်တွေကိုပဲ တွေးတောနေတုန်းလား၊ ထ
မှော်အစီအရင်တွေက ဘာများ တတ်နိုင်မှာမို့လို့လဲ”
နတ်ဆိုးဘုရင်သည် မသေမျိုးဘုရင်ကို စူးစိုက်၍ ခက်ထန်စွာ စိုက်ကြည့်လိုက်ပေရာ မသေမျိုးဘုရင်သည် အပြစ်ရှိသကဲ့သို့ ခေါင်းကို အနည်းငယ် ငုံ့သွားရရှာသည်။
“ငါ ပြောခဲ့ပြီးပြီပဲ၊ ထိုမှော်အစီအရင်တွေဟာ ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ အနာဂတ်ပဲ”
မသေမျိုးဘုရင်သည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး နောက်ထပ် ဘာမျှ မပြောတော့ချေ၊ သို့သော် သူသည် နတ်ဆိုးဘုရင်အပေါ်၌ အလွန် မကျေမနပ် ဖြစ်နေဆဲပင်။
“မင်း ဒီလောက်တောင် ဝမ်းနည်းပူဆွေးနေမှတော့ မင်းရဲ့စိတ်ကို တည်ငြိမ်အောင် ငါ ကူညီပေးရတော့မှာပေါ့၊ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းဆီကို သွားပြီးတော့ စစ်ဆေးကြည့်လိုက်ဦး၊ သွေးပူဇော်ခြင်းတံဆိပ်တော်ကို ဖွင့်လှစ်လို့မရသေးဘူး ဆိုပေမဲ့လည်း ဘေးကင်းတာက အကောင်းဆုံးပဲပေါ့” ဟု နတ်ဆိုးဘုရင်က တည်ငြိမ်စွာ ပြောဆိုလိုက်ချေသည်။
မသေမျိုးဘုရင်သည် ခေါင်းညိတ်ပြကာ လှည့်ထွက်၍ ကောင်းကင်ယံသို့ ပျံတက်သွားပြီးလျှင် သွေးပူဇော်ခြင်းတံဆိပ်တော်ရှိရာဆီသို့ ပျံသန်းသွားတော့သည်။
---
နတ်ဘုရားဝိညာဉ်ဘုရင်၏ ကိုယ်တိုင်ဖျက်ဆီးခြင်း စွမ်းအားများ အပြီးတိုင် ပျောက်ကွယ်သွားရန်အတွက် သုံးရက်တိုင်တိုင် အချိန်ယူခဲ့ရပေရာ ပင်လယ်ပြင်သည် အေးချမ်းသာယာသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းများသည်လည်း ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လွင့်စင်သွားခဲ့သော ချင်ယွမ်ဖုန်းသည်ကား ပင်လယ်ပြင်ထဲသို့ ကျဆင်းသွားပြီး နောက်ခြေရာခံ၍မရအောင် ပျောက်ဆုံးသွားခဲ့ပေရာ သူသည် ထိုပေါက်ကွဲမှုအောက်၌ အသက်ရှင်နိုင်စွမ်း မရှိတော့ဟု ထင်မှတ်ရသည်။
ထိုအချိန်တွင် ပင်လယ်ရေအောက်နက်ပိုင်း၌ ခရမ်းရောင်အလင်းဒိုင်းကာတစ်ခုသည် မှိန်ဖျော့ဖျော့အလင်းတန်းကို ထုတ်လွှတ်နေပြီး ထိုအလင်းဒိုင်းကာအတွင်း၌ လူသားတစ်ယောက်၏ ခန္ဓာကိုယ် ရှိနေချေသည်။
ထိုလူသားသည် တစ်ကိုယ်လုံး ဗလာကျင်းနေပြီး ခန္ဓာကိုယ်အနှံ့အပြား၌ ကြောက်မက်ဖွယ်ရာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အသက်ရှူခြင်းလည်း ရှိမနေတော့သကဲ့သို့ ဖြစ်နေ၏။
ထိုသူသည် အခြားသူမဟုတ်ဘဲ လွန်ခဲ့သော သုံးရက်က နတ်ဘုရားဝိညာဉ်ဘုရင်၏ ကိုယ်တိုင်ဖျက်ဆီးခြင်း စွမ်းအားကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သော ချင်ယွမ်ဖုန်းပင် ဖြစ်ချေသည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် သေဆုံးသွားခဲ့ပြီဖြစ်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေရရှာသည်၊ အကယ်၍ သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော အလင်းဒိုင်းကာသာ မရှိခဲ့လျှင် သူသည် ပင်လယ်သားရဲများ၏ ဝါးမြိုခြင်းကို ခံရပြီး ဖြစ်တန်ရာ၏။
ပင်လယ်ရေအောက်နက်ပိုင်း၌ နေ့နှင့်ညဟူ၍ အကူးအပြောင်းမရှိပေရာ အချိန်များ ကုန်ဆုံးသွားခြင်းကိုလည်း မသိရှိနိုင်ချေ၊ ချင်ယွမ်ဖုန်းသည် ထိုအလင်းဒိုင်းကာအတွင်း၌ ထာဝရအိပ်မော်ကျသွားတော့မည့်အတိုင်း ဖြစ်နေသည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို လုံးဝငြိမ်သက်နေခဲ့သော ရင်ဘတ်သည် အနည်းငယ် တုန်ခါသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် သူ၏အားနည်းလှသော နှလုံးခုန်သံသည် ဖြည်းညှင်းစွာဖြင့် ပြန်လည်၍ အားကောင်းမောင်းသန် ဖြစ်လာခဲ့ကာ စစ်ဗုံတီးခတ်နေသည့်အလား “ဒုတ် ဒုတ် ဒုတ်” ဟူသော အသံများနှင့်အတူ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် အသက်ရှင်ခြင်းဆိုင်ရာ လက္ခဏာရပ်များ ပြန်လည်ရရှိလာခဲ့ချေပြီ။
ချင်ယွမ်ဖုန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏၊ နတ်ဘုရားဝိညာဉ်ဘုရင်၏ ကိုယ်တိုင်ဖျက်ဆီးခြင်း စွမ်းအားဖြင့် တိုက်ခိုက်ခံရပြီးနောက်တွင် သူသည် မိမိ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် အလင်းဒိုင်းကာကိုသာ အလျင်အမြန် ထုတ်လွှတ်နိုင်ခဲ့ပြီး ထို့နောက်ပိုင်း၌ ဘာမျှ မသိတော့ချေ။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပေရာ မိမိကိုယ်မိမိ ရေအောက်၌ ရောက်ရှိနေသည်ကို သိရှိသွားသဖြင့် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ယိမ်းထိုးသွားခဲ့ပြီး မတ်တတ်ရပ်ရန်ပင် အားအင်မရှိတော့ချေ၊ ချင်ယွမ်ဖုန်းသည် မိမိ၏ကျန်ရှိနေသော စွမ်းအင်များကို အလျင်အမြန် စုစည်း၍ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်၏။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ချင်ယွမ်ဖုန်းကိုယ်တိုင်ပင်လျှင် မဲ့ပြုံးတစ်ခုကို မပြုံးဘဲ မနေနိုင်တော့ချေ။
မိစ္ဆာမင်းသားသုံးပါးအနက် တစ်ပါးဖြစ်သော နတ်ဘုရားဝိညာဉ်ဘုရင် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ချေပြီ၊ ခန္ဓာကိုယ်ဒဏ်ရာများအပြင် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည်လည်း ယခုအကြိမ်တွင် အပြင်းအထန် ထိခိုက်ပျက်စီးသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားဝိညာဉ်ဘုရင်သည် နောက်ဆုံး၌ သူ၏အစွမ်းထက်လှသော ဝိညာဉ်ကို ကိုယ်တိုင်ဖျက်ဆီးခဲ့ခြင်းဖြစ်ပေရာ ထိုမှထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားသည် ချင်ယွမ်ဖုန်း၏ ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်သွားလုနီးပါး ဖြစ်စေခဲ့သောကြောင့်ပင်။
ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ အသက်ရှင်နေသေးသည့်အတွက်ပင် လွန်စွာ ကျေးဇူးတင်နေမိတော့သည်။
“ဒီတစ်ခါ ဒဏ်ရာက တော်တော်လေး ပြင်းထန်တာပဲ” ဟု ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းကာ ပြောဆိုလိုက်ပြီးလျှင် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိသွားတော့သည်။
သေးငယ်လှသော ပုတီးစေ့လေးတစ်စေ့သည် အလင်းဒိုင်းကာအတွင်းသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
---
ထိုအချိန်တွင် မြေနက်မြေရှိ ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများသည် လာမည့်တိုက်ပွဲကြီးအတွက် ပြင်ဆင်သည့်အနေဖြင့် ဆေးပင်များ အလျင်အမြန် ရင့်မှည့်လာစေရန်နှင့် ဆေးလုံးများ ဖော်စပ်ရန်အတွက် အလုပ်ရှုပ်နေကြချေသည်။
ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ယိုင်တိုင်တိုင်ဖြင့် မြေနက်မြေဆီသို့ လျှောက်လှမ်းသွား၏၊ ယခုအချိန်တွင် သူ၏ဝိညာဉ်သည် အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် ၎င်းကို ပြန်လည်ကုသရန်အတွက် ဆေးလုံးအချို့ကို ဖော်စပ်ရန် လိုအပ်နေချေပြီ။
သို့သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာတင် ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရရှာသည်။
ယခုလေးတင် ပြန်လည်ရောက်ရှိလာသော မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို တစ်ချက်တည်းဖြင့် မြင်တွေ့သွားခဲ့သည်၊ သူမသည် အလန့်တကြားဖြင့် အပြေးအလွှား ရောက်ရှိလာပြီးလျှင် စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် ချင်ယွမ်ဖုန်းကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်ဆောင်သွားတော့၏။
အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ ဝိညာဉ် အပြင်းအထန် ထိခိုက်ပျက်စီးနေသည်ကို သိရှိသွားသဖြင့် အခန်းပြင်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်း မရှိခဲ့သောအကြိမ်တွင် လင်ဇီအာကြောင့် မြေနက်မြေသည် အဖိုးတန်လှသော ဆေးပင်များစွာကို ရရှိခဲ့သည်၊ ၎င်းတို့၌ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အရာဝတ္ထုဖြစ်သည့် သန့်စင်သော နတ်ရေစင် ရှိနေသဖြင့် ဆေးပင်များကို ပိုမို၍ စိုက်ပျိုးနိုင်ခဲ့ကြချေသည်။
တစ်ပါးကျွန်းသား မိစ္ဆာများနှင့် တိုက်ပွဲကြီး စတင်ပြီးနောက်တွင် ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် အခြားသော သန့်ရှင်းသော နယ်မြေများနှင့်ပင် ပူးပေါင်းကာ အဆင့်ရှစ် ဆေးပင်အချို့ အပါအဝင် အဖိုးတန် ဆေးပင်များကို မြေနက်မြေသို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြသည်။
အလွန်သိပ်သည်းလှသော သန့်စင်သော နတ်ရေစင်ကြောင့် ထိုဆေးပင်များသည် မြေနက်မြေ၌ အမြစ်တွယ်ကာ အဖူးအပွင့်များ ဝေဆာလာခဲ့ပြီး ဆေးပင်များကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
မုန့်ချီလော့သည် ထိုဆေးပင်များအနက် အချို့မှာ ဝိညာဉ်ကို ပြန်လည်ကုသရာ၌ အံ့အားသင့်ဖွယ် အာနိသင်ရှိသည်ကို သတိရမိသဖြင့် ၎င်းတို့ကို ရှာဖွေရန်အတွက် အပြင်သို့ အလျင်အမြန် သွားရောက်ခဲ့ခြင်းပင်။
မကြာမီအချိန်အတွင်းမှာပင် မြေနက်မြေအတွင်းရှိ လူတိုင်းသည် ချင်ယွမ်ဖုန်း၏ အခြေအနေကို သိရှိသွားကြသဖြင့် အားလုံးက အပြေးအလွှား ရောက်ရှိလာကြသည်၊ သို့သော်လည်း အခန်းထဲသို့ ဝင်ရောက်သွားကြပြီးနောက်တွင်မူ သူတို့အားလုံးသည် ရှက်သွေးဖြာကာ မျက်နှာနီမြန်းလျက် အခန်းပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြရချေသည်။
အဘယ်ကြောင့်ဆိုသော် မုန့်ချီလော့သည် အလွန်အမင်း အလျင်စလို ဖြစ်နေခဲ့သဖြင့် ချင်ယွမ်ဖုန်းကို စောင်ဖြင့် ဖုံးအုပ်ပေးရန် မေ့လျော့နေခဲ့ပြီး ချင်ယွမ်ဖုန်းသည် တစ်ကိုယ်လုံး ဗလာကျင်းနေဆဲ ဖြစ်သောကြောင့်ပင်။
မုန့်ချီလော့သည် ဆေးပင်အမျိုးအစားများစွာကို ခူးဆွတ်ပြီးနောက် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ အကြီးအကဲများရှိရာ နေရာသို့ အပြေးအလွှား သွားရောက်ခဲ့ပြီး အဆင့်ရှစ် ဆေးလုံးတစ်လုံးကို ဖော်စပ်ပေးရန် တောင်းဆိုကာ အခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ အခန်းထဲသို့ ဝင်ရောက်လာသောအခါ မြောင်ယွီလန်သည် ချင်ယွမ်ဖုန်းကို စောင်ဖြင့် ညင်သာစွာ ဖုံးအုပ်ပေးထားပြီး သူ၏ဒဏ်ရာများပေါ်၌ ဆေးလိမ်းပေးနေသည်ကို မြင်တွေ့လိုက်ရ၏။
“ဘယ်လိုလဲ... အဆင်ပြေရဲ့လား” ဟု မြောင်ယွီလန်က မုန့်ချီလော့ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ အလျင်အမြန် မေးမြန်းလိုက်ချေသည်။
မုန့်ချီလော့က ခေါင်းညိတ်ပြကာ “ကျွန်မ ဆေးဖော်စပ်သူများအသင်းရဲ့ အကြီးအကဲတွေကို အဆင့်ရှစ် ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါက ယွမ်ဖုန်းရဲ့ ဝိညာဉ်အချို့ကို ပြန်လည်ကုသပေးနိုင်လိမ့်မယ်” ဟု ပြောဆိုလိုက်၏။
အမျိုးသမီးနှစ်ဦးစလုံးသည် ခေါင်းညိတ်လိုက်ကြပြီးလျှင် ဆေးလုံးကို ချင်ယွမ်ဖုန်း၏ ပါးစပ်ထဲသို့ အလျင်အမြန် တိုက်ကျွေးလိုက်ကြတော့သည်။
ဆေးအာနိသင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းညှင်းစွာ ပျော်ဝင်သွားခဲ့ပြီး ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ အရေပြားပေါ်၌ ဝေဝါးသောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
သတိမေ့မြောနေစဉ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ ရေပူစမ်းတစ်ခုထဲသို့ ရောက်ရှိနေသည့်အလား တစ်ကိုယ်လုံး လွန်စွာ သက်တောင့်သက်သာရှိလှသော ခံစားချက်ကို ရရှိခဲ့ပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်နိုင်ခဲ့ချေပြီ။
သူ၏မျက်စိထဲ၌ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ မုန့်ချီလော့နှင့် မြောင်ယွီလန်တို့၏ စိုးရိမ်ပူပန်နေကြသော မျက်နှာအမူအရာများပင် ဖြစ်သည်။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် ပြုံးပြလိုက်မိတော့သည်။
“ယွမ်ဖုန်း... မင်း ဘယ်လိုနေသေးလဲ” ဟု မုန့်ချီလော့က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးလျှင် “အခုတော့ ငါ အဆင်ပြေပါတယ်၊ ဒါပေမဲ့ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်” ဟု ပြောဆိုလိုက်ချေသည်။
“နင်အဆင်ပြေတာကပဲ အကောင်းဆုံးပါပဲ” မြောင်ယွီလန်က သူမ၏ရင်ဘတ်ကို သက်ပြင်းချရင်း ပုတ်လိုက်ပြီး “ ဘယ်ခရီးကို သွားခဲ့လို့ ဒီလောက်တောင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရလာရတာလဲ” ဟု မေးမြန်းလိုက်ပြန်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ငါ့မှာ မင်းတို့အတွက် သတင်းကောင်းတစ်ခု ရှိတယ်... မိစ္ဆာမင်းသားတွေထဲက တစ်ပါးဖြစ်တဲ့ နတ်ဘုရားဝိညာဉ်ဘုရင် သေဆုံးသွားပြီ” ဟု ပြောကြားလိုက်တော့၏။
“သေဆုံးသွားပြီ ဟုတ်လား”
အမျိုးသမီးနှစ်ဦးစလုံးသည် ထိတ်လန့်အံ့အားသင့်သွားကြသဖြင့် သူတို့၏ပါးစပ်များကို လက်ဖြင့်အုပ်ကာ “နင်ပဲ သူ့ကို သတ်လိုက်တာလား” ဟု မေးမြန်းကြချေသည်။
“ငါ သူ့ကို အကျပ်အတည်းဖြစ်အောင် ဖိအားပေးလိုက်ပြီးတဲ့နောက်မှာ သူက ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာ၊ မဟုတ်ရင် ငါလည်း ဒီလောက်အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရလာမှာမဟုတ်ဘူး” ဟု ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။
ထိုကဲ့သို့ အန္တရာယ်ကြီးမားလှသော အဖြစ်အပျက်ကို ကြားသိလိုက်ရသောအခါ အမျိုးသမီးနှစ်ဦးစလုံးသည် ချင်ယွမ်ဖုန်း အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာနိုင်ခြင်းမှာပင် အလွန် ကံကောင်းလှပြီဟု ခံစားလိုက်ကြရတော့၏။
“ဒါနဲ့... မကြာသေးခင်က တစ်ပါးကျွန်းသား မိစ္ဆာတွေဘက်က ဘာများ လှုပ်ရှားမှု ရှိသေးလဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်ချေသည်။
မုန့်ချီလော့နှင့် မြောင်ယွီလန်တို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများသည် လွန်စွာ မကောင်းမွန်တော့ချေ။
“ဘာဖြစ်လို့လဲ” ဟု ချင်ယွမ်ဖုန်းက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သော်လည်း ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့၏အခြေအနေသည် အလွန် ဆိုးရွားနေရမည်ကို သူ သိရှိနိုင်ပေသည်။
“မိစ္ဆာစစ်တပ်ကြီးက အစီအရင်ကို အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ၊ ထိုအစီအရင်က အချိန်တိုအတွင်းမှာပဲ တောင့်ခံထားနိုင်တော့မှာ ဖြစ်နိုင်တယ်” ဟု မြောင်ယွီလန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်ချေတော့သည်။