← Chapters

အခန်း ၉၆၄

Vol. 47 Ch. 964

အခန်း ၉၆၄

Vol. 47 Ch. 964

အခန်း(၉၆၄)

"ဒါက အပြစ်မဲ့တဲ့ အသက်ပေါင်းများစွာကို မရင်းနှီးသင့်ခဲ့ဘူး"

မေက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာအရှိန်အဝါများသည် ကောင်းကင်ယံထက်သို့ တဟုန်ထိုး တက်လှမ်းသွားကာ နေမင်းကိုပင် ကွယ်ဆို့သွားစေရာ လောကပျက်သုဉ်းမည့်နေ့ ရောက်လုနီးပါး ဖြစ်ချေသည်။

ထိုအချိန်တွင် ကျိရန်နှင့် အခြားသောသူများသည်လည်း ပျံသန်းရောက်ရှိလာကြပြီး မသေမျိုးဘုရင်ကို ဝိုင်းရံထားလိုက်ကြ၏။

မသေမျိုးဘုရင်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ရင်း "ကောင်းပြီလေ... ဒါဆိုရင် ဒီနေ့ ငါက နင်တို့အားလုံးကို သတ်ပစ်မယ်" ဟု ဟိန်းဟောက်လိုက်သည်။

ထို့နောက် မသေမျိုးဘုရင်သည် ဝုန်းဒိုင်းကြဲကာ ဝန်းရံထားသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများကို စတင်တိုက်ခိုက်ချေတော့သည်။

သို့ရာတွင် ယခုအချိန်၌ သူသည် လှောင်အိမ်ထဲမှ သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏လုပ်ရပ်များမှာ အချည်းနှီးသာဖြစ်သော အသည်းအသန် ရုန်းကန်မှုမျှသာ ဖြစ်ပေရာ လုံးဝအဓိပ္ပာယ် မရှိချေ။

ကျော်ကြားလှသော မသေမျိုးဘုရင်ပင် ဖြစ်လင့်ကစား မိစ္ဆာဘုရင်၏ ရှေ့မှောက်တွင် အရှုံးပေးရန်သာ ရှိချေသည်။

မကြာမီပင် တိုက်ပွဲက အဆုံးသတ်သွားခဲ့သည်။ မသေမျိုးဘုရင်၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး သံနှင်တံနှစ်ချောင်းက သူ၏ပခုံးနှစ်ဖက်ကို ဖောက်ထွင်းထားသဖြင့် သူသည် လေဟာနယ်ထဲ၌ တွဲလောင်းဆွဲခြင်း ခံထားရချေသည်။

သို့သော်လည်း သူ၏ဒဏ်ရာများသည် လျင်မြန်စွာ ပြန်လည်ကျန်းမာလာပြီး မျက်တောင်တစ်ခတ်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

မေသည် သူမ၏ရှေ့မှောက်၌ မဟူရာသင်္ကေတတစ်ခုကို ဖြည်းညှင်းစွာ ရေးဆွဲလိုက်ပြီးနောက် မသေမျိုးဘုရင်၏ ရင်ဘတ်ထဲသို့ လက်ဝါးဖြင့် ရိုက်သွင်းလိုက်ချေသည်။

ဆန်းကြယ်လှသည်မှာ ထိုသင်္ကေတသည် မသေမျိုးဘုရင်၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး နစ်မြုပ်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး မသေမျိုးဘုရင်၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် နွမ်းလျသွားချေသည်။

"ဟားဟားဟား... အစ်မ... ဒါ ငါ နင့်ကို အစ်မလို့ နောက်ဆုံးအကြိမ် ခေါ်တာပဲ။ သတ်ချင်ရင် သတ်လိုက်စမ်းပါ။ ဒါပေမဲ့ ငါ နင့်ကို ပြောလိုက်မယ်... နင် မိစ္ဆာနယ်မြေထဲက လူတွေအားလုံးကို ဘယ်တော့မှ အကုန်မသတ်နိုင်ဘူး။ မိစ္ဆာနယ်မြေရဲ့ နိယာမအရ မိစ္ဆာဘုရင်က သူ့ရဲ့ အနီးကပ်ဆုံးလူတွေကို ကိုယ်တိုင် သတ်ရမယ်လို့ သတ်မှတ်ထားတာကွ"

မသေမျိုးဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်သော်လည်း သူ ယခုလေးတင် ပြောလိုက်သော စကားလုံးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခု ဖြစ်ပေသည်။

"ငါက ငါ့ရဲ့ အနီးကပ်ဆုံးလူကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ခဲ့တာလား"

ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်ရင်း ရုတ်တရက် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

မေကမူ မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူမ၏မျက်ဝန်းများမှာ အေးစက်တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသော်လည်း မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာတွင်မူ တွန့်ဆုတ်မှုနှင့် တုံ့ဆိုင်းမှု အရိပ်အယောင် အနည်းငယ် ရှိနေဆဲ ဖြစ်ချေသည်။

"နှုတ်ဆက်ပါတယ်"

မေက အေးစက်စွာ ပြောလိုက်ပြီးနောက် သူမ၏လက်ကို မသေမျိုးဘုရင်၏ လည်ပင်းထက်သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ခေါင်းတစ်လုံး ပြတ်ကျကာ လိမ့်ဆင်းသွားတော့သည်။

သွေးထွက်သံယို ဖြစ်ပွားခြင်း သို့မဟုတ် အော်ဟစ်ငိုကြွေးခြင်းမျိုး လုံးဝမရှိခဲ့ဘဲ ထိုဦးခေါင်းသည် ကောင်းကင်ယံထက်မှ အရေးမပါသော ကျောက်ခဲတစ်လုံးကဲ့သို့ ပြုတ်ကျသွားကာ ပင်လယ်ပြင်ထဲသို့ ကျရောက်သွားချေသည်။

မသေမျိုးဘုရင်၏ ခန္ဓာကိုယ်အတွင်းမှ ဇီဝအသက်စွမ်းအားများသည် လျင်မြန်စွာ ချုပ်ငြိမ်းသွားခဲ့ပြီး လူတိုင်းမှာလည်း ခဏမျှ တိတ်ဆိတ်သွားကြသည်။

ခတ္တမျှကြာပြီးနောက် မေက လက်ဝှေ့ယမ်းကာ မသေမျိုးဘုရင်၏ ခန္ဓာကိုယ်ထဲမှ နှင်တံနှစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ချင်ယွမ်ဖုန်း၏ အနားသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

ထိုထူးဆန်းသော သင်္ကေတသည် မသေမျိုးဘုရင်၏ မသေနိုင်သော စွမ်းအားကို ချုပ်ထိန်းထားသည့် အင်အား ဖြစ်တန်ရာသည်ဟု ချင်ယွမ်ဖုန်းက စိတ်ထဲက တွေးလိုက်သည်။

"ဖုန်း... နင့်ရဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ အခြေအနေတွေ ဘယ်လိုရှိလဲ"

မေက မေးလိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ရင်း "အရမ်းဆိုးတယ်... ပြိုလဲလုနီးပါး ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။ ဒါကြောင့်လည်း ငါ ဒီလောက် အသည်းအသန်နဲ့ သွေးပူဇော်ခြင်းတံဆိပ်တော်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပေါ့"

ဟု ပြောလိုက်သည်။

စွမ်းအားသက်ရောက်မှုများ ကုန်ဆုံးသွားပြီးနောက် ရှောင်ဖေးသည် ကြေးညိုရောင် တံခါးကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ရာ လက်ရှိတွင် ချင်ယွမ်ဖုန်းသည် အားအင်ချိနဲ့နေပုံ ပေါ်ချေသည်။

ကံကောင်းသည်မှာ သူသည် နဝမအဆင့် ဘုရင်နယ်ပယ်သို့ တက်လှမ်းထားပြီး ဖြစ်ပေရာ သွေးပေါက်ကွဲခြင်းစွမ်းရည်ကို အသုံးပြုခဲ့လျှင်ပင် သူ၏ကျင့်စဉ်အဆင့် ကျဆင်းသွားမည်မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိသာ အားအင်ချိနဲ့နေမည် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေအား ပြောပြလိုက်သည်။ တစ်ပါးကျွန်းသား မိစ္ဆာများက ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ လူသားထု၏ ထက်ဝက်နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း သူက ပြောပြလိုက်သောအခါ လူတိုင်း စိတ်မကောင်း ဖြစ်သွားကြချေသည်။

ယင်းက မခံမရပ်နိုင်လောက်အောင် အလွန်တရာ များပြားလှသော အရေအတွက် ဖြစ်ပေသည်။

နေရာဒေသ အများအပြားမှာ ပြာပုံအတိ ဖြစ်ခဲ့ရပြီး ညစဉ်ညတိုင်းတွင်လည်း နာကျင်စွာ အော်ဟစ်ညည်းတွားသံများကို ကြားနေခဲ့ရချေသည်။

"ငါတို့ နောက်ကျသွားပြီပဲ"

ကျိရန်က ပူဆွေးသောမျက်နှာဖြင့် ပြောလိုက်သည်။

ကာကွယ်စောင့်ရှောက်သူ မိသားစုဝင်တစ်ဦးအနေဖြင့် သူသည် ထိုခေတ်ကာလတွင် လူသားမျိုးနွယ်ကို ကာကွယ်ရန် တာဝန်ရှိပေသည်။ ယခုအခါ သူကာကွယ်ထားသော လူသားထု၏ ထက်ဝက်ကျော် သတ်ဖြတ်ခြင်းခံရသည်ကို မြင်တွေ့ရသောအခါ သူ မည်ကဲ့သို့ နှလုံးကြေကွဲခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

"ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဒါက ငါတို့ မိစ္ဆာနယ်မြေရဲ့ အပြစ်ပဲ။ နတ်ဆိုးဘုရင်နဲ့ အခြားသူတွေကို မိစ္ဆာနယ်မြေဆီ ပြန်ခေါ်သွားဖို့ ငါတို့မှာ တာဝန်ရှိတယ်။ တကယ်လို့ သူတို့ကို အရှင်မဖမ်းနိုင်ရင်တောင် သူ့ရဲ့ အလောင်းကို ငါတို့ ပြန်ယူသွားမယ်"

မေက အေးစက်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်ရင်း "အခု နင်တို့ ရောက်လာပြီဆိုတော့ ငါ စိတ်အေးသွားပါပြီ။ ကျေးဇူးတင်ပါတယ်... ရှန်းဝူ စကြဝဠာ တိုက်ကြီးကလည်း နင်တို့ကို ဘယ်တော့မှ မခြေဖျက်ပါဘူး"

ဟု ဆိုလိုက်သည်။

မေက စကားမဆိုဘဲ သူမ၏နောက်ကွယ်မှ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းဆီသို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းအတွင်းမှ မိစ္ဆာစစ်သည်တော် အမြောက်အမြား တဟုန်ထိုး ထွက်ပေါ်လာကြရာ ထိုမိစ္ဆာစစ်သည်တော်များ အားလုံးမှာ အနည်းဆုံး မဟာဆရာနယ်ပယ်အဆင့် ရှိနေကြသဖြင့် ချင်ယွမ်ဖုန်း အလွန်အမင်း တုန်လှုပ်သွားခဲ့ရချေသည်။

ယင်းက စုစုပေါင်း အင်အား ငါးသိန်းရှိသော အီလစ်အထူးတပ်ဖွဲ့ ဖြစ်ပေသည်။

ထိုကဲ့သို့သော အင်အား ငါးသိန်းရှိသည့် စစ်တပ်ကြီးသည် နတ်ဆိုးဘုရင်၏ လက်အောက်ရှိ စစ်သည်တော် တစ်သန်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိချေသည်။

"အကူးအပြောင်း ကြားခံဟင်းလင်းပြင်ထဲက တံဆိပ်တော်ကို ဖျက်ဆီးဖို့ ဘယ်လောက်ကြာမလဲဆိုတာ မသိရလို့ ကျင့်စဉ်အဆင့်နိမ့်တဲ့ စစ်သည်တွေကို မိစ္ဆာနယ်မြေဆီ ပြန်လွှတ်လိုက်တာ"

မေက ရှင်းပြလိုက်သည်။

"ဒီလောက်ဆို လုံလောက်ပါပြီ"

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "တကယ်တော့ နင်တို့အားလုံး ရောက်လာတာနဲ့တင် လုံလောက်နေပါပြီ"

ဟု ဆိုလိုက်သည်။

လူတိုင်းက ပြုံးလိုက်ကြပြီးနောက် ချင်ယွမ်ဖုန်း နေရာချထားသော နေရာပြောင်းအစီအရင်ရှိရာသို့ သွားရောက်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ နေရာပြောင်းအစီအရင်ကို အသုံးပြု၍ တိုက်ကြီးဆီသို့ ပြန်သွားခြင်းက အချိန်ကို အသက်သာဆုံးသော နည်းလမ်းဖြစ်ပေသည်။

"မာလင်... ငါတို့ အရင်သွားနှင့်မယ်။ နင်က ကျန်တဲ့ မိစ္ဆာစစ်သည်တွေကို ဦးဆောင်ပြီး နေရာပြောင်းအစီအရင်ကို သုံးခဲ့ပါ"

မေက တည်ငြိမ်စွာ ပြောလိုက်သည်။

အစွမ်းထက်လှသော မိစ္ဆာနတ်ဘုရားမတစ်ဦးက ဖြည်းညှင်းစွာ ရှေ့သို့တက်လှမ်းလာပြီး ခေါင်းငြိမ့်ပြလိုက်ရင်း "နားလည်ပါပြီ မိစ္ဆာဘုရင်"

ဟု ပြန်လည်ဖြေကြားခဲ့သည်။

မေက စကားများကို ထပ်မံဖြုန်းတီးမနေတော့ဘဲ ချင်ယွမ်ဖုန်း၏ နောက်သို့လိုက်ကာ နေရာပြောင်းအစီအရင်ပေါ်သို့ တိုက်ရိုက် တက်လှမ်းသွားချေသည်။

ကံကောင်းသည်မှာ ထိုနေရာပြောင်းအစီအရင်မှာ တစ်ကြိမ်လျှင် လူတစ်ဒါဇင်ကျော်ကို နေရာရွှေ့ပြောင်းပေးနိုင်လောက်အောင် ကြီးမားလှပေသည်။ စူးရှတောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် မေ၊ ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် နေရာပြောင်းအစီအရင်ပေါ်မှ ပျောက်ကွယ်သွားကြချေသည်။

---

ထိုအချိန်တွင် နတ်ဆိုးဘုရင်သည် နတ်ဘုရားသောင်းချီနယ်မြေ တည်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာထက်မှ တည်ငြိမ်မှုများမှာ ပျောက်ကွယ်သွားပြီး ဒေါသတကြီး ဖြစ်နေသော အမူအရာက အစားထိုး ဝင်ရောက်လာချေသည်။

"ငါ့ရဲ့ တတိယမြောက်ညီလည်း သေသွားပြီပဲ... ငါ့ရဲ့ ညီနှစ်ယောက်လုံးကို ဘယ်သူက သတ်နိုင်တာလဲ"

နတ်ဆိုးဘုရင်က တိုးတိုးလေး ရေရွတ်လိုက်ရင်း "သွေးပူဇော်ခြင်းတံဆိပ်တော်မှာ တကယ်ပဲ တစ်ခုခု မှားယွင်းသွားတာများလား"

ဟု တွေးတောနေမိသည်။

ခတ္တမျှအတွင်း နတ်ဆိုးဘုရင်ကိုယ်တိုင်ပင် သူကိုယ်တိုင် စီစဉ်ထားခဲ့သော သွေးပူဇော်ခြင်းတံဆိပ်တော်ကို သံသယဝင်လာခဲ့ချေသည်။

"ဒါပေမဲ့ နင်တို့အားလုံး ရောက်လာရင်တောင် ဘာထူးမှာလဲ... ငါတို့က နောက်ဆုံးအချိန်ကို ရောက်နေပြီဆိုတော့ နင်တို့တွေ မျက်မြင်တွေ့သွားဖို့အတွက် အကောင်းဆုံးပဲပေါ့"

နတ်ဆိုးဘုရင်က ဖွဖွလေး ရယ်မောလိုက်သည်။

ခဏအကြာတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး အချို့သည် နေရာပြောင်းအစီအရင်ကို အသုံးပြု၍ နတ်ဆိုးဘုရင်၏ အနားမှ ထွက်ခွာသွားကြပြီး အစီအရင်ကို တိုက်ခိုက်နေသော မိစ္ဆာစစ်တပ်ကြီးမှာလည်း ရပ်တန့်သွားခဲ့ချေသည်။

ကျွမ်ယွမ်သည် ထိုသတင်းကို ရရှိသောအခါ အလွန်အံ့အားသင့်သွားပြီး တံခါးပိတ်ကျင့်ကြံနေသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများကို ချက်ချင်း ဆင့်ခေါ်လိုက်ချေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုမျှတိုတောင်းသော အချိန်အတွင်း၌ မည်သူမျှ နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြချေ။ သို့သော်လည်း ကျွမ်ယွမ်သည် စိတ်ပျက်မသွားဘဲ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများ အားလုံးကို မဟာအစီအရင်၏ နောက်ကွယ်သို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

မိစ္ဆာများ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်းက ကောင်းသောလက္ခဏာ မဟုတ်ပေရာ နတ်ဆိုးဘုရင်သည် ထိုမဟာအစီအရင်ကို ဖျက်ဆီးမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခြင်းလည်း ဖြစ်တန်ရာသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်း၊ မေနှင့် အခြားသူများသည် တိုက်ကြီးနှင့် မနီးမဝေးရှိ ပင်လယ်ပြင်ထဲ၌ တိုက်ရိုက် ထွက်ပေါ်လာကြပြီးနောက် မရပ်မနားဘဲ တိုက်ကြီးဆီသို့ အပြေးအလွှား ဦးတည်သွားခဲ့ကြချေသည်။

ချင်ယွမ်ဖုန်းသည် မရေမရာသော မသက်မသာ ခံစားချက်တစ်ခုကို ခံစားနေရသော်လည်း သူ့အနားရှိ မေနှင့် အခြားသူများကို ကြည့်ရင်း သူ စိုးရိမ်လွန်နေခြင်းသာ ဖြစ်တန်ရာသည်ဟု တွေးလိုက်မိသည်။

မကြာမီပင် သူတို့သည် တိုက်ကြီးပေါ်ရှိ ယန်ရုအင်ပါယာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ သို့ရာတွင် ယခုအချိန်၌ ယန်ရုအင်ပါယာမှာ လုံးဝဆိတ်သုဉ်းနေပြီး တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ်ကြီးတစ်ခုလုံးမှာမူ မဟာအစီအရင်ကို ဝန်းရံထားကြချေပြီ ဖြစ်သည်။

All Chapters